စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Sunday, March 4, 2012

၈၈မျိုးဆက်ကျောင်းသားများ၏ သတင်းထုတ်ပြန်မှု၌ ကိုမင်းကိုနိုင် ပြောကြားခဲ့သော စကား




ကျွန်တော်တို့အားလုံး အကျဉ်းထောင်အသီးသီးက ပြန်ထွက်လာပြီးတဲ့နောက်မှာ ရက်ပိုင်းအတွင်းမှာပဲ သတင်းစာရှင်းပွဲ လုပ်ခဲ့ပါတယ်။ အခုထပ်ပြီးတော့ သတင်းထုတ်ပြန်မှု ထုတ်ရတာကတော့ ဒီရက်ပိုင်းထဲမှာ ကျွန်တော်တို့ လှုပ်ရှားခဲ့သမျှ အထူးသဖြင့် နယ်ခရီးစဉ် တွေပေါ့။ အဲခရီးစဉ်တွေနဲ့ ပတ်သက်ပြီးတော့ အတွေ့အကြုံရယ်၊ ကျွန်တော်တို့ ရည်ရွယ်ချက်တွေရယ်၊ ရလဒ်ရယ်ဆိုပြီးတော့ သုံးမျိုး ကျွန်တော်တို့ ထုတ်ပြန်ပေးဖို့ ဖြစ်ပါတယ်။


အရင်ဆုံး ရည်ရွယ်ချက်ကို ပြောပါမယ်။ ပွင့်လင်းသော လူ့အဖွဲ့အစည်းဆိုပြီးတော့ ခေါင်းစဉ်နဲ့ ကျွန်တော်တို့ရဲ့ ခြေလှမ်းကို စတင်ဖို့ ကြိုးပမ်းပါတယ်။ ပွင့်လင်းသော လူ့အဖွဲ့အစည်းဆိုတာ အမှောင်ခေတ်ကလို ပိန်းပိတ်နေတဲ့ အပိတ်ခံ လူ့အဖွဲ့အစည်း မဟုတ်ဘဲနဲ့ နယ်ပယ်အသီးသီးမှာ လွတ်လပ် ပွင့်လင်းပြီး ပြည်သူလူထုရဲ့ အခန်းကဏ္ဍဟာ ယခင်ထက် ပိုပြီးတော့ မြင့်မား လာတယ်။ အရေးပါ လာတယ်ဆိုတဲ့ ရည်ရွယ်ချက်ကို ကျွန်တော်တို့က အခြေခံပါတယ်။ အဲဒီတော့ ပွင့်လင်းတဲ့ လူ့အဖွဲ့အစည်းလို့ ပြောကြတဲ့အခါမှာ နံပါတ်တစ်က ပြည်သူလူထုရဲ့ နစ်နာဆုံးရှုံးချက်တွေကို ထုတ်ဖော်ပြောဆိုခြင်း၊ ပြည်သူလူထုရဲ့ ရပိုင်ခွင့်၊ အခွင့်အရေးတွေကို အားလုံး ဖော်ထုတ်ပြော ဆိုခြင်းတွေက စပါတယ်။ အဲဒီအတွက် အဲဒီရည်ရွယ်ချက်ကို စပြီးတော့ အကောင်အထည်ဖော်တဲ့ အနေနဲ့ ဟင်္သာတမြို့ ခရီးစဉ်မှာ ကျွန်တော်တို့ ၈၈ မျိုးဆက် ကျောင်းသားများနဲ့ ဟင်္သာတမြို့ခံလူထုနဲ့ ပွင့်လင်းသော လူ့အဖွဲ့အစည်းဆိုပြီးတော့ စပြီးတော့ ကျွန်တော်တို့ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ခဲ့ပါတယ်။ အဲဒီမှာ ရလဒ်ကို ပြောပါဆိုရင် မြို့ခံလူထုရယ်၊ အဲဒီမှာ ရှိနေတဲ့ အရပ်ဘက် လူ့အဖွဲ့အစည်းတွေရယ်၊ မျိုးဆက်အသစ်ဖြစ်တဲ့ လက်ရှိ ကျောင်းသားတွေရယ် အင်အားကောင်းစွာနဲ့ လာရောက်ပြီးတော့ ပူးပေါင်း တာကို တွေ့ရပါတယ်။ မြို့ခံလူထုထဲမှာ လက်ရှိ နိုင်ငံရေးပါတီတွေထဲမှာ တာဝန် ထမ်းဆောင်နေတဲ့ ပုဂ္ဂိုလ်တွေလည်း ပါပါတယ်။ အဲလိုပဲ အရပ်ဘက် အဖွဲ့အစည်းဖြစ်တဲ့ ပရဟိတလုပ်ငန်းတွေမှာ လုပ်ဆောင်နေတဲ့ သူတွေလည်း ပါပါတယ်။ အားလုံးဟာ လူမှု ကွန်ယက်ကြီး တစ်ခုအနေနဲ့ ပူးပေါင်းမိကြတာပါ။ အဲတာက ဘယ်ခေါင်းစဉ်အောက်မှာလဲဆိုတော့ ပွင့်လင်းသော လူ့အဖွဲ့အစည်း ဆိုတဲ့ ခေါင်းစဉ်အောက်မှာ လာရောက်ပြီးတော့ စုစည်းကြတာပါ။ ဟင်္သာတရဲ့ နောက်ဆုံးရလဒ်ကို ပြောပါဆိုရင် ပရိသတ် သောင်းဂဏန်း လောက်ပေါ့၊ အထဲမှာရော၊ အပြင်မှာရော၊ နောက်ထပ်ဆွေးနွေးကြတဲ့ ဆွေးနွေးပွဲတွေမှာရော ပေါင်းလိုက်ရင်ပေါ့၊ အဲလောက်နဲ့ ရခဲ့ပြီးတော့ အောင်အောင်မြင်မြင် ပြီးခဲ့ပါတယ်။


အဲဒီရဲ့ အကျိုးဆက်တွေအဖြစ် အဲဒီဒေသတစ်ဝိုက်မှာရှိတဲ့ ပြည်သူတွေ လှုပ်ရှားတက်ကြွသူတွေ အနာဂတ်လူ့အဖွဲ့အစည်းကို ပိုကောင်းအောင် ပြုပြင်ပြောင်းလဲချင်သူတွေဟာ ကျွန်တော်တို့နဲ့ ထပ်ပြီးတော့ ဆက်သွယ်ပြီးတော့ ရှေ့ဆက်ကြမယ့်ခရီးအတွက် လက်တွဲပြီးတော့ ကျွန်တော်တို့ တိုင်ပင်ပြီးပါပြီ။ အဲဒီကနေဆက်ပြီးတော့ အကျိုးဆက်ကို ပြောပါဆိုရင် နောက်ထပ် ထပ်ပြီးတော့ ကျွန်တော်တို့ ကချင်ပြည်နယ် ခရီးစဉ်၊ မန္တလေးတိုင်းခရီးစဉ် စသည်ဖြင့် ကျွန်တော်တို့ သွားနိုင်ခဲ့ပါတယ်။ ထပ်ပြီးတော့ ကျွန်တော်တို့ တက်လာတဲ့ ကဏ္ဍတစ်ခု၊ နောက်ထပ် ပေါင်းစည်းလာတဲ့ ကဏ္ဍကတော့ ငြိမ်းချမ်းရေး ကဏ္ဍပါ။


ပြည်တွင်းစစ်ဒဏ်ခံနေရတဲ့ မြောက်ပိုင်း ကချင်ပြည်နယ်မှာ တောင်ယာတွေ မီးရှို့ခံရပြီးတော့ မိတစ်ကွဲ ဖတစ်ကွဲပြေးနေရတဲ့ ကလေးတွေဆီ ဒုက္ခသည် စခန်းတွေအရောက် ကျွန်တော်တို့ သွားခဲ့ပါတယ်။ သူတို့ဘ၀တွေကို ကျွန်တော်တို့ကိုယ်တိုင် နှလုံးသားချင်း နီးစပ်အောင် ခံစားပြီးတော့ သူတို့ခံစားချက်တွေ၊ သူတို့မျှော်လင့်ချက်တွေကို ကျွန်တော်တို့ သယ်ဆောင်နိုင်ခဲ့ပါတယ်။ ရန်ကုန်မြို့ ကနေပြီးတော့ ပရိဟိတစိတ်ဓာတ်ရှိသူ၊ အသင်းအဖွဲ့များ တစ်ဦးချင်းအလိုက် ဖြစ်စေ၊ လက်ရှိအများအကျိုး ဆောင်ရွက်နေတဲ့ လွတ်လပ်တဲ့ အဖွဲ့အစည်းတွေဆီက ကူငွေများကိုလည်း ကျွန်တော်တို့ သယ်ဆောင်သွားနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ ကြားကနေပြီးတော့ သယ်ဆောင်သွားနိုင်ခဲ့တဲ့ ငွေက သိန်း ၁၀၀ ကျော်ပါတယ်။ စာရင်းအရဆိုရင်တော့ သိန်း ၁၁၀ ရှိပါတယ်။ ကျန်တဲ့ လက်ဆောင်ပစ္စည်းတွေကတော့ သပ်သပ်ပါခင်ဗျ။


အဓိကကတော့ ကျွန်တော်တို့ ငွေကူခြင်းက အဓိက မဟုတ်ဘဲနဲ့ ကျွန်တော်တို့ကိုယ်တိုင် ကျွန်တော်တို့ ပြည်ထောင်စုဖွား သွေးချင်း တွေရဲ့ လက်တွေ့ဘ၀တွေ ဒုက္ခသုက္ခတွေကို အတူမျှဝေ ခံစားဖို့ သွားခဲ့ကြတာပါ။ ပြီးတော့မှ သူတို့ရဲ့ အသံတွေ၊ သူတို့ရဲ့ ဖြစ်ချင်မှုတွေ ကို ကျွန်တော်တို့ နားထောင်နိုင်ခဲ့ပါတယ်။ ဒီတော့ ကျွန်တော်တို့ရဲ့ လုပ်ငန်းစဉ်မှာ ဘာထပ်ပြီးတော့ ပေါင်းမိသွားပြီ လဲဆိုတော့ ငြိမ်းချမ်းရေး ဖြစ်သွားပါတယ်။ ဒါကြောင့်မို့ နောက်နောင်ကို ကျွန်တော်တို့ရဲ့ ရှေ့လုပ်ငန်းစဉ်တွေမှာ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းသော လူ့အဖွဲ့အစည်း ဖြစ်ပါတယ်။ အဲဒီအတွက် နောက်နောင်ကို ကျွန်တော်တို့ရဲ့ ခရီးစဉ်တွေမှာ ငြိမ်းချမ်းသော ပွင့်လင်းလူ့အဖွဲ့အစည်း ဖြစ်အောင် ကျွန်တော်တို့ ခြေလှမ်းတွေကို ဆက်ကြဦးမှာ ဖြစ်ပါတယ်။


ကျွန်တော်တို့ အခြေခံဖြစ်တဲ့ ပြီးခဲ့တဲ့ ခရီးစဉ်တွေမှာ အားလုံးပေါင်းလိုက်ရင် ငြိမ်းချမ်းရေး၊ ပွင့်လင်းသော လူ့အဖွဲ့အစည်း ဖြစ်ရေး၊ ဒီနှစ်ခုကို ပေါင်းစည်းလိုက်ပြီ ဖြစ်ပါတယ်။ အဲဒီတော့ အဓိက ကတော့ မန္တလေး ခရီးစဉ်မှာ ကျွန်တော်တို့ ရရှိခဲ့တာက သာမန် မန္တလေးမြို့ခံတွေရဲ့ ကြိုဆိုခြင်းမျှ မဟုတ်ပါဘူး။ ခေတ်အဆက်ဆက်မှာ နိုင်ငံရေး၊ ဒီမိုကရေစီရေးကို လှုပ်ရှားနေခဲ့ကြတဲ့ မျိုးဆက် ဟောင်း၊ မျိုးဆက်သစ်တွေအားလုံး ပြန်လည်နိုးကြားလာပြီးတော့ ကျွန်တော်တို့နဲ့ လက်တွဲလာတာကို တန်ဖိုးရှိရှိ ကျွန်တော်တို့ ရလိုက်ပါတယ်။ မန္တလေးဆိုတာက စံအဖြစ် ကျွန်တော်တို့ ပြောတာပါ။ တခြားမြို့တွေမှာလည်း အလားတူပါပဲ။ ကာလအတန်ကြာ တိမ်မြုပ်သလို ဖုံးကွယ်သလို ဖြစ်နေရတဲ့ မျိုးဆက်ဟောင်းတွေရဲ့ နိုးကြွးတက်ကြွမှုနဲ့အတူ အားမာန်အသစ်တွေ ကျွန်တော်တို့ ပြန်ရတယ်။ ဥပမာတစ်ခု ပေးရမယ်ဆိုရင် ကျွန်တော်တို့ ပွင့်လင်းတဲ့ လူ့အဖွဲ့အစည်းမှာ ပညာရေးဆိုင်ရာ ဆောင်ရွက်နေတဲ့ ပုဂ္ဂိုလ်တွေရှိတယ်။ ကျန်းမာရေးတွေ လုပ်နေတဲ့ ပုဂ္ဂိုလ်တွေရှိတယ်။ နောက်တစ်ခါ သွေးလှူရှင်တို့လိုပေါ့။ အလှူဒါန ပြုနေသူတွေ ရှိတယ်။ နောက်တစ်ခါ စာကြည့်အသင်းတွေ ရှိတယ်။ အဲတာတွေအားလုံးကို ပေါင်းစည်းလိုက်တဲ့ အခါမှာ လူ့အဖွဲ့အစည်း တစ်ခုဖြစ်သွားတယ်။ ဒါဟာ အရပ်ဘက် လူ့အဖွဲ့အစည်း ဖြစ်ပါတယ်။ နိုင်ငံရေးပါတီထောင်ပြီး လှုပ်ရှားနေကြတဲ့ လွှတ်တော်တွင်း နိုင်ငံရေးရယ်၊ ပြင်ပဖြစ်တဲ့ လွှတ်တော်ပြင်ပ တနည်းပြောမယ်ဆိုရင် လူထုနိုင်ငံရေးဖြစ်ပါတယ်။ အဲဒီအသင်းအဖွဲ့ ပရဟိတတွေ အားလုံးထဲမှာ အရေးတကြီး လိုအပ်နေတာက တရားမျှတရေးပါ။

တရားမျှတရေးကို ဗဟိုပြုပြီးတော့မှ အခွင့်အရေးအကြောင်းကို ပြောလို့ရမယ်။ ပညာရေး၊ ကျန်းမာရေး စသဖြင့် လှုပ်ရှားဆောင်ရွက် တဲ့အခါမှာ တရားမျတမှု မရှိရင်၊ တရားမျတရေးနဲ့ မခုခံနိုင်ရင် ဖိနှိပ်ခံရမယ်၊ ဖျက်ဆီးခံရမယ်၊ ခြိမ်းခြောက်ခံရမယ်။ တရားမျှတရေး အတွက် ကျွန်တော်တို့ မေတ္တာရပ်ခံတဲ့ အခါမှာ ကျွန်တော်တို့ ရောက်တဲ့ မြို့တွေ ရွာတွေအသီးသီးမှာ ဥပဒေပညာနဲ့ ဘွဲ့ရထားတဲ့ ဥပဒေပညာရှင်တွေက အင်နဲ့ အားနဲ့ လာရောက် ပေါင်းတာကို တွေ့ရပါတယ်။ ဥပမာ မန္တလေးမြို့မှာ ဆိုရင်လည်း မန္တလေးမြို့ခံဖြစ်တဲ့ အထက်တန်းရှေ့နေတွေ၊ အခုဆိုရင် တရားရုံးချုပ် ရှေ့နေတွေ၊ မျိုးဆက်ဟောင်းတွေရော အားလုံးပေါင်းပြီးတော့ ကျွန်တော်တို့နဲ့ တစ်စုတစ်ဝေးထဲ လာတွေ့တယ်။ အင်နဲ့ အားနဲ့ပါ။ သူတို့ဆီက ကတိစကားတစ်ခုကို ရလိုက်တယ်။ နောက်နောင်ကို မန္တလေးတစ်ဝိုက် မန္တလေးဒေသမှာ တရားမဲ့စွာ အပြုအကျင့်လေးတွေရှိခဲ့ရင် အဲဒီဥပဒေပညာရှင်တွေက ကြံ့ကြံ့ခံပြီးတော့ ပြည်သူလူထုရှေ့က ရပ်တည် ပေးပါမယ်။ အထူးသဖြင့် အရပ်ဘက်လူ့အဖွဲ့အစည်းတွေ ဖြစ်ပေါ်အောင် ကြိုးစားနေတဲ့ အဖွဲ့အစည်းတွေ၊ ပုဂ္ဂိုလ်တွေ အားလုံးနဲ့အတူ အဲဒီ ဥပဒေပညာရှင်တွေက အတူရပ်ပေးမယ်။ ရပ်တည်တယ်ဆိုတဲ့ နေရာမှာ ခုနပြောတဲ့ ပွင့်လင်းသော လူ့အဖွဲ့အစည်း၊ ငြိမ်းချမ်းသော လူ့အဖွဲ့အစည်းလို့ ဆောင်ရွက်တဲ့နေရာမှာ လွှတ်တော်ပြင်ပ နိုင်ငံရေးဟာ ဥပဒေပြင် နိုင်ငံရေး မဟုတ်ကြောင်း သိသာထင်ရှားအောင် ဥပဒေပညာရှင်တွေ ကိုယ်တိုင်က လက်ခံပေးဖို့ပါပဲ။ ဒါဟာ ဥပဒေအတွင်းမှာပဲ လုပ်တယ်ဆိုတာ တစ်ချက်။ နောက်တစ်ခါ ငြိမ်းချမ်းစွာ ဆောင်ရွက်တယ်ဆိုတာက တစ်ချက်၊ နောက်ဆုံးတစ်ချက်ကတော့ တရားရုံးတွေမှာ ရင်ဆိုင်ရတဲ့အခါ ခုန ရှေ့နေ ရှေ့ရပ်တွေက မူလဖြစ်တဲ့ သက်မွေးဝမ်းကျောင်းတင် မဟုတ်တော့ဘဲ စေ တနာ့ဝန်ထမ်းသဘောနဲ့ ၀င်ပြီးတော့ ဥပဒေအတွင်း ရင်ဆိုင်မှုတွေကို တရားရုံးတွေမှာပါ သူတို့ဝင်ပြီးတော့ လက်ခံဆောင်ရွက်ပေးဖို့ ကတိစကား ကျွန်တော်တို့ ရခဲ့ပါတယ်။

အဲဒီတော့ မေးစရာ ရှိတယ်။ အဲဒီ တရားရုံး အဆုံးအဖြတ်တွေမှာ ခုနကလို စေတနာ့ဝန်ထမ်းစိတ်နဲ့ တရားမျှတရေးဘက်က ၀င်ရပ်ပေးလို့ အဲဒီ အမှုတွေမှာ နိုင်မှာလားဆိုတဲ့ မေးခွန်းရှိပါတယ်။ ကျွန်တော်တို့က နောက်ဆုံး ဆုံးဖြတ်ချက်ကို ပဓာန မထားနိုင်သေးပါဘူး။ အဓိကက ဥပဒေပညာရှင်တွေက ပြည်သူတွေဘက် ပူးပေါင်းပါဝင်ဆောင်ရွက်လာပြီ၊ ရဲရဲတင်းတင်း ၀င်ရပ်ပေးလာပြီ ဆိုတာကို ပထမတစ်ချက် ရပါပြီ။ ဒုတိယအချက်က အများအာရုံစိုက်ခြင်းခံရတဲ့ တရားရုံးတွေ ဖြစ်လာပါလိမ့်မယ်။ အခု ကျွန်တော်တစ်ဆက်တည်း မီဒီယာ စာနယ်ဇင်းလောကက သတင်းမီဒီယာသမားတွေကို မေတ္တာရပ်ခံချင်တာက ပိုပြီးတော့ ပွင့်လင်းလာတဲ့ အခြေအနေ၊ ဖန်တီး နိုင်စွမ်းတွေ ရှိလာတဲ့ အခြေအနေမှာ တရားမျှတရေးဘက်က ဘယ်သူ့မျက်နှာမှ မလိုက်ဘဲနဲ့ တရားမျှတရေးတစ်ခုတည်းကိုပဲ မျက်နှာကြည့်ပြီးတော့ ရေးသားဖော်ထုတ်ပေးကြပါ။ အားလုံး ကျွန်တော်တို့ အတူအလုပ်လုပ်ရမယ့် အချိန်ရောက်လာပါပြီ။ ကျွန်တော်တို့ မျက်နှာကအစ ထောက်စရာ မလိုပါဘူး။ ကျွန်တော်တို့ မှားယွင်းလည်း မှားယွင်းတဲ့အလျောက် မှန်တဲ့ဘက်ကသာ ရေးပေးကြပါ။ ရေးတယ်ဆိုတဲ့ နေရာမှာ ကျွန်တော်ပြောချင်တာက တရားရုံးတွေမှာ ထွက်ဆိုချက်တွေ၊ နှစ်ဖက်ရှေ့နေတွေရဲ့ လျှောက်လဲချက်တွေကအစ ဒါတွေကို့ highlight လုပ်ပြီးတော့ တင်ပေးနိုင်တဲ့ အခြေအနေကို ကြိုးစားကြည့်စေချင်တယ်။ ဒါမှသာလျင် ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ တရားမျှတရေး၊ တရားဥပဒေစိုးမိုးရေးဟာ၊ ဘယ်လောက်ရှိတယ်ဆိုတာကို မီဒီယာတွေက ပေတံနဲ့ တိုင်းပြသလိုပါပဲ။

ဒါမှသာလျှင် အုပ်ချုပ်ရေး အဆင့်ဆင့်မှာ မတရားလုပ်ချင်တဲ့သူတွေ အနည်းဆုံးတွန့်သွားအောင် မတရားလုပ်ခံရသူတွေ ပိုပြီး သတ္တရှိလာအောင် ကျွန်တော်တို့ ရည်ရွယ်ပါတယ်။ အဆုံးအဖြတ် အမိန့်စီရင်ချက်ချခြင်းဟာ ဒီကနေ့ ကျွန်တော်တို့ လတ်တလော အားလုံးဖြစ်နိုင်မယ်လို့ ကျွန်တော် မဆိုလိုပါဘူး။ တရားရုံးတွေမှာ ရင်ဆိုင်နေရတဲ့ အမှုသွား၊ အမှုလာတွေကို သတင်းမီဒီယာတွေ ကနေပြီးတော့ ပိုမိုပြီးတော့ အရင်ထက် အားစိုက်ပေးကြဖို့ပါ။ ဒါမှ နောက်နောင်ကို သတင်းမီဒီယာသမားများဟာလည်း တရားမျှတတဲ့ လူ့ဘောင်ထဲမှာ အများနည်းတူ အခွင့်အရေး မှန်ကန်စွာ ရမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ကျွန်တော်တို့ အပြန်အလှန် လက်တွဲ ကြဖို့၊ အပြန်အလှန် ထိန်းကျောင်းကြဖို့ အချိန်ရောက်နေပြီလို့လည်း ကျွန်တော် ယုံကြည်ပါတယ်။


ကျွန်တော် နားလည်ပါတယ်။ လက်ရှိ အခြေအနေမှာ နောက်ဆုံး အခြေအနေအရ ကျွန်တော်တို့ ပြောဆိုထားတဲ့ ပြည်တွင်း ငြိမ်းချမ်းရေး၊ အားလုံးပါဝင်နိုင်သော နိုင်ငံရေး ပြောင်းလဲမှု ဖြစ်စဉ်ဖြစ်ရေး၊ အစရှိသဖြင့် မျိုးဆက်သစ် မျိုးဆက်ဟောင်းများ အားလုံး ပေါင်းစည်းရေး၊ ပွင့်လင်းသော လူ့အဖွဲ့အစည်းဖြစ်ရေး၊ တရားဥပဒေစိုးမိုးရေး ဒီအချက်တွေ အားလုံးဟာ ကျွန်တော်တို့ ထွက်လာ ကတည်းက ကြိုးစားဆောင်ရွက်ခဲ့တယ်။ အခြား အခြားသော နိုင်ငံရေး အင်အားစုတွေလည်း များစွာဆောင်ရွက်ခဲ့တာ ရှိပါတယ်။ အဲဒီ အသီးအပွင့်တွေနဲ့ နောက်ဆုံးအခြေအနေတွေကိုလည်း အားလုံးနားလည်ပြီးသား ဖြစ်ပါတယ်။ လက်ရှိနိုင်ငံတော်သမ္မတအနေနဲ့ သူ့ရဲ့မိန့်ခွန်းမှာလည်း အားလုံးမြည်းစမ်းပြီးတော့ တွေးခေါ်မြော်မြင်နိုင်လိမ့်မယ် ထင်ပါတယ်။ အဲဒီအတွက်လည်း မေးခွန်းတွေရှိနေမယ်လို့ ကျွန်တော်တို့ ယုံကြည်ပြီးသားပါ။

 Eleven Media Group

0 comments: