စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်
Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Friday, September 21, 2012

အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့သို....

ငြိမ်းချမ်းရေးရဲ့ရေသောက်မြစ်
(အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့သို့)

 ငြိမ်းချမ်းရေး ငြိမ်းချမ်းရေး
 ကမ္ဘာ့ငြိမ်းချမ်းရေး
 ငြိမ်းချမ်းရေးကိုမှန်းမြော်ရည်
 ဒေါသတရားတွေလျှော့ရမည်
ချစ်ချစ်ကြည်ကြည် ဆက်ဆံသွား
 ဗြဟ္မစိုရ်တရားလေးပါး။

တက္ကသိုလ်ဘုန်းကြွယ်(၉-၂၁-၁၂)
 ဗြဟ္မစိုရ်တရားလေးပါးကား… မေတ္တာ၊ ကရုဏာ၊ မုတိတာ၊ဥပေက္ခာ။

Saturday, July 28, 2012

ကျမတို့မှာ ခေါင်းဆောင်မရှိဘူး .. ရှင်တို့မှာခေါင်းမရှိဘူး


ဒီကဗျာလေးကိုလည်း ရွက်သစ်ကလောင်နာမည်နဲ့ ၂၀၁၀ လှိုင်သာယာစက်မှုဇုံ ဆန္ဒပြပွဲတွေစလာတဲ့အချိန်တုန်းက အဲ ဒီနေရာအထိသွားပြီး သူတို့မျက်နှာလေးတွေကိုကြည့်ပြီး ပြန်ရောက်တော့ရေး ဖြစ်ခဲ့တာပါ။ ခုနောက်ပိုင်းမှ လှိုင်သာယာ ဆန္ဒပြပွဲတွေဆိုတာ လူတိုင်းသိလာတာပါ။ ဒီကဗျာကို သူငယ်ချင်းတယောက် ပြည်ပက ၀ဘ်ဆိုဒ်တခုကို ကျနော်မသိခင် လှမ်းပို့လိုက်ပြီး ပြည်ပမှာအခြေချနေတဲ့ ကဗျာဆရာမ (နိုင်ငံရေးကဗျာတွေ)တယောက်ကနည်းနည်းကို များများလှုံ့ဆော် ရေးတဲ့ ကဗျာဆိုပြီး ကဗျာအောက်မှာကွန်မန့်ပေးသွားခဲ့တာလေးကို စိတ်မကောင်းဖြစ်လွန်းလို့ သိမ်းထားခဲ့တာပါ။ ခုမှ ပြန်ရှယ်လိုက်ပါတယ်။ အဲဒါတွေဟာ အမှန်တရားတွေဟုတ် မဟုတ် အခု ကဗျာဖတ်သူဆီက သက်သေပြုပေးဖို့ အကူ အညီတောင်းပါရစေ….။

“ကျမတို့မှာခေါင်းဆောင်မရှိဘူး .. ရှင်တို့မှာခေါင်းမရှိဘူး”

ငယ်ငယ်က
ဥရောပကျွန် တော်လှန်ရေးသမိုင်းမှာ
အဖမ်းခံရတဲ့ ကျွန်သူရဲကောင်းတွေအကြား
ဘယ်ကောင်လဲ စပါတာကပ်လို့မေးတော့
အားလုံးမတ်မတ်ရပ်ပြီး
ငါပဲ၊ ကျုပ်ပဲ..၊ ဒီမှာပဲ .. ဆိုပြီး
တော်လှန်သူအားလုံးက သောင်းသောင်းဖျဖျ
ရင်ကော့ဖြေခဲ့ကြတယ်
ငါ့ငယ် အိမ်မက်ထဲကသူရဲကောင်းတွေလေ
ကြက်သီးတွေ ဖြန်းဖြန်းဝေ အားကျခဲ့ဖူးတယ်….။

အခု အရှင်လတ်လတ်ကြီး မြင်တွေ့ခဲ့ရပြီ
ဒါပေမယ့်
စပါတန်တွေလို့ ယောင်္ကျားတွေမဟုတ်ဘူး
စပါတန်တွေလို့ လက်နက်တွေကိုင်တိုက်ခဲ့သူတွေမဟုတ်ဘူး
သူတို့ ရင်ထဲမှာ ဒုက္ခသစ္စာဒိုင်းနဲ့
သူတို့နှုတ်ဖျားက သံမဏိသွားလိုလက်နက်က
“ကျမတို့မှာ ခေါင်းဆောင်မရှိဘူး….
ကျမတို့မှာ ခေါင်းဆောင်မရှိဘူး…..
ကျမတို့မှာ ခေါင်းဆောင်မရှိဘူး……
ကျမတို့မှာ ခေါင်းဆောင်မရှိဘူး……..
ကျမတို့မှာ ခေါင်းဆောင်မရှိဘူး……….”
ဟုတ်ပါရဲ့
ကျမတို့မှာခေါင်းဆောင်မရှိဘူး
ကျမတို့မှာ ကျမတို့ဘဲရှိတယ်…
ခေါင်းဆောင်မရှိတဲ့ ကျမတို့လေးတွေက
ခေါင်းမရှိတဲ့ လူတွေကိုအော်ပြောလိုက်တဲ့ အသံ
ကမ္ဘာကို ခါညံသွားခဲ့တယ်။

အော်လှိုင်သာယာ .. လှိုင်သာယာ
နာမည်ကလွဲပြီး
ဘာမှ မလှိုင်ခဲ့၊ မသာခဲ့ မယာခဲ့တဲ့နေရာ

လှိုင်သာယာဆိုတာ
ကျမတို့ကို ရှိရင်းစွဲနေရာတွေကနေ
ကန်ထုတ်ခံခဲ့ရတဲ့နေရာ
ကျမတို့ကို ကျူးကျော်ဆိုပြီး
ကျမတို့ဘဝတွေထဲကို
ခေါင်းမရှိသူတွေ ကျူးကျော်လာပြီး
လှိုင်သာယာဆီကို ပို့ပစ်ခဲ့တာလေ။

ဒါပေမယ့် ကျမတို့ရိုးသားခဲ့တယ်
ကျမတို့သစ္စာမြဲခဲ့တယ်။ ကျမတို့သီးခံခဲ့တယ်။
ကျမတို့နိုင်တဲ့ဝန်၊ ကျမတို့စွမ်းတဲ့အားနဲ့
ကျမတို့ဘဝကို အစွင့်ဆုံးကားချဲ့ခဲ့တယ်။

ကျမတို့အားလုံး
လှိုင်သာယာမှာပျော်အောင်နေခဲ့ပါတယ်။
ကျမတို့တတွေ ကျော်အောင်မနေခဲ့ဖူးသလို…
ကြွားအောင်နေဖို့လည်းဝေး.. ဝေးလွန်းခဲ့ပါတယ်။

အဖေရှာမလောက်တာကို အမေဝင်ကူထောက်ပြီး
မောင်နဲ့နှမတတွေ
တခွန်တအားစီ ဝင်ရုန်းခဲ့ရတဲ့နေရာဟာ
လှိုင်သာယာပါ။

တနေ့ ၅၀၀ – ၁၀၀၀ ကနေ
တလ ၂၅၀၀၀ – ၃၀၀၀၀ တွေ စုဝေးရာ
အောင်မြေဌာနေ လှိုင်သာယာမြေပါ။

ကျမတို့ရဲ့ ဒုက္ခသစ္စာဟာ
တော်လှန်ရေးဂါထာဖြစ်လာတဲ့တနေ့ကျတော့
တာဝန်ယူညှိနှိုင်းပေးတတ်ပုံများ
ကမ္ဘာမှာ ဘုရားတည်ကျောင်းဆောက်နေပါတယ်လို့ အူတတ်တဲ့
ခေါင်းမရှိ လူကြီးမင်းများခမျာ
ပြာပြာသလဲ ခေါဘဏီတပ်ကြီးချီလို့
ဒိုင်းလွှားသေနတ်တကားကားစီလို့
ကျမတို့ဆီရောက်လာပုံများ
သူတို့နဲ့ ကျမတို့အကြား ရန်၊ ငါစည်းများခြားထားသလိုလို။
ကျမတို့များ လက်နက်ဆွဲကိုင် နိုင်လှန်နိုင်သလိုလို။
ကျမတို့များ ဒေါင်းအလံလွှင့်လို့ သူတို့ကို တော်လှန်သတ်ဖြတ်တော့မလိုလို။
ကျမတို့များ သူတို့ကိုအကြောဆွဲစေတတ်တဲ့ ဒီမိုကရေစီ တောင်းနေသလိုလို။
ကျမတို့စုရုံးနေတယ်ဆိုတာ
ရှင်တို့ရှာခဲ့တဲ့ပြဿနာရဲ့နောက်ဆက်
ကုန်ဈေးနှုန်းတွေပျက်ကုန်လို့
လစာတိုးပေးရေးအတွက်
ကျမတို့အလုပ်ရှင်နဲ့ ဆွေးနွေးနေတာပါရှင်။

ခေါင်းမရှိတော့ ပြန်မစဉ်းစားနိုင်ထင်ပါ့
လှိုင်သာယာကို
ရှင်တို့ပို့ခဲ့တာ
အထည်ချုပ်တွေရှင်တို့တည်ခဲ့တာ
စက်မှုဇုံတွေရှင်တို့ဆောက်ခဲ့တာ
အရသာက ရှင်တို့လျှာပေါ်မှာ
ဘဝနာတာက ကျမတို့ပါရှင်။

အခုကြည့်
အိတ်ဂ်ျအိုင်ဗွီရောဂါသည်နဲ့ အဆင်းရဲဆုံးကလေးငယ်တွေကို
လှိုင်သာယာမှာမွေးတယ်
(ဒါရှင်တို့နဲ့ မဆိုင်ဘူးလား)
ဒုစရိုက်အထူပြောဆုံးနဲ့ ပျံကျတွေအပေါဆုံးကို
လှိုင်သာယာမှာ ဖွေးနေအောင်မြင်ရတယ်
(အဲဒါရှင်တို့နဲ့ တကယ်မဆိုင်ဘူးလား)
ကျမတို့တွေထဲကတချို့
ငတ်လာရင် ဖာခံစားခဲ့ရပေမယ့်
ရှင်တို့လိုတိုင်းပြည်ကို လည်ပင်းညှစ်ခိုးမစားခဲ့ဘူး။

ကျမတို့ရသမျှလစာငွေဟာ
ထမင်းနပ်မှန်ဖို့ပဲ တွေးနိုင်ခဲ့တာပါ
ရှင်တို့ခြစ်ကောက်နေတဲ့ အခွန်ဘဏ္ဍာတွေလို့
သားမြေးတီတွတ်ဝလင်ရေး၊
နိုင်ငံခြားမှာ ကျောင်းထားရေး၊
စိန်စီလမ်းကို လျောက်လှမ်းရေးနဲ့
လူသတ်လက်နက်ဝယ်ရေး တွေးတောင်မသိခဲ့ပါဘူး
တကယ့်တခုတည်းပါ
ထမင်းနပ်မှန်ဖို့ဆိုတဲ့ တခုတည်းပါရှင်။

လူစုစုမြင်ရင် နိုင်ငံရေးလုပ်မယ်ထင်တဲ့
ခေါင်းမရှိတဲ့ ရှင်တို့လိုလူတွေ အုပ်ချုပ်တဲ့တဲ့ တိုင်းပြည်မှာ
ကျမတို့ဆုံးဖြတ်ချက် ဘာမှမလွဲမှားခဲ့ပါဘူး
ကျမတို့ယုံတယ်
ရှင်တို့သာ ရူးနေတာပါ။

အဲဒီလိုအကျိုးဆက်ကြောင့်
အဲဒီ အသီးတွေသီးခဲ့တယ်။
အဲဒီလမ်းပေါ်မှာ အဲဒီသွေးတွေ မြေကျဖို့
ဘယ်နတ်သိကြားကများ နှစ်လိုပျော်ရွှင်ခဲ့ပါလိမ့်
ကျမတို့တွေးရင်း ကျောစိမ့်ဖူးပေမယ့်
တခါမှ အမှန်တရားနဲ့ မကင်းကွာခဲ့ပါဘူးရှင့်။

ဟုတ်မှာပါလေ…..
ကျမတို့မှာ ခေါင်းဆောင်မရှိဘူး
ရှင်တို့မှာခေါင်းမရှိဘူး….။
ကျမတို့မှာ ခေါင်းဆောင်မရှိဘူး
ရှင်တို့မှာခေါင်းမရှိဘူး….။
ကျမတို့မှာ ခေါင်းဆောင်မရှိဘူး
ရှင်တို့မှာခေါင်းမရှိဘူး….။
ကျမတို့မှာ ခေါင်းဆောင်မရှိဘူး
ရှင်တို့မှာခေါင်းမရှိဘူး….။
ကျမတို့မှာ ခေါင်းဆောင်မရှိဘူး
ကျမတို့အိပ်မက်ထဲမှာ
ကျမတို့ရင်ဘတ်ထဲမှာ
အဲဒီစကားသံတွေသာ သစ္စာတခုအဖြစ်
ဆူညံမြည်ဟီးနေကြတယ်ပါတယ် ရှင်….။ ။

စိမ်းခက်စိုး
၉.၂. ၂၀၁၀

by Sein Khat Soe on Saturday, July 28, 2012 at 2:10am

Monday, July 23, 2012

ငြိမ်းချမ်းရေးဖခင် ဆရာကြီး သခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း ၄၈ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနား ( ရုပ်သံ )


ငြိမ်းချမ်းရေးဖခင် ဆရာကြီး သခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း ၄၈ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားကို ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီစားသောက်ဆိုင် သီရိခန်းမမှာ ၂၀၁၂ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့ မနက် ၁၀ နာရီက စတင်ကျင်းပခဲ့ပါတယ်။
အဲ့ဒီ အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကအဖွဲ့ဝင်များ၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ၊ ဝါရင့်နိုင်ငံရေးသမားဟောင်းကြီးများ၊ စာပေ အနုပညာရှင်များနဲ့ ဆရာကြီးကို ချစ်ခင်လေးစားတဲ့ ပရိသတ် အယောက် ၈၀၀ ကျော် တက်ရောက်လာခဲ့ကြပါတယ်။
အခမ်းအနားမှာ အာဇာနည်ခေါင်းဆောင်များနဲ့ နယ်ချဲ့ဆန့်ကျင်ရေး၊ ဒီမိုကရေစီရေးအတွက် အသက်ပေးခဲ့ကြတဲ့ ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေ အတွက် တမိနစ်ငြိမ်သက် အလေးပြုခဲ့ကြပါတယ်။
အဲ့ဒီနောက် ခေတ္တရာတမာချိုအဖွဲ့မှ ငြိမ်းချမ်းရေးတေးသီချင်းနဲ့ ဖျော်ဖြေပြီး ဆရာကြီး သခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း ၄၈ နှစ်မြောက်အဖြစ် ပေးပို့တဲ့ သဝဏ်လွှာတွေအနက်မှ ဆရာဒဂုန်တာရာရဲ့ သဝဏ်လွှာကို ဆရာမကြီး ဒေါ်ခင်ဆွေဦးက ဖတ်ကြားခဲ့ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ပေးပို့တဲ့ သဝဏ်လွှာကိုတော့ ဆရာ ဖျာပုံနီလုံဦးမှ ဖတ်ကြားခဲ့ပြီးတဲ့နောက် အဲ့ဒီ အခမ်းအနားကို တက်ရောက်လာတဲ့သူတွေက ဆရာကြီးအတွက် အမှတ်တရစကားတွေကို အသီးသီး ပြောကြားခဲ့ကြပါတယ်။
ကွယ်လွန်ချိန်မှာ အသက် ၈၉ နှစ် ရှိပြီဖြစ်တဲ့ဆရာကြီး သခင်ကိုယ်တော်မှိုင်းဟာ ကလေးဘဝက သီပေါမင်း ပါတော်မူတာကို တွေ့မြင်ခဲ့ရပြီးတဲ့နောက် နယ်ချဲ့
ဆန့်ကျင်ရေးနဲ့ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့ကာ မြန်မာစာပေပညာရှင်၊ ကဗျာဆရာ၊ သမိုင်းဆရာ၊ သတင်းစာဆရာဘဝမှာ ဆောင်းပါး၊ ကဗျာ၊ လေးချိုး၊ ဋီကာပေါင်းများစွာကို ရေးသားခဲ့ပြီး ငြိမ်းချမ်းရေးနဲ့ လွတ်လပ်ရေးအတွက် အစဉ်တစိုက် တိုက်ပွဲဝင်ခဲ့ကာ ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့ ဖျက်သိမ်းလိုက်ပြီဆိုတဲ့ သတင်းစာအတိုလေး ဖတ်ရှုမိတဲ့ အချိန်ကစပြီး အိပ်ယာထဲလဲကာ ၁၉၆၄ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့ ကြာသပတေးနေ့မှာ ကွယ်လွန်အနိစ္စ ရောက်ခဲ့တာ အခုဆို ၄၈ နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။



by

Thursday, July 5, 2012

ဒေါင်းမိခင်သို့ ပန်ကြားချက်


၁။ ဖျက်စေဖျက်စေ၊ တက်လေပြီးမှ
သမဂ္ဂကို၊ မြစ်ကဖြိုလဲ
ကွဲအောင်ခွဲသည်
မိုက်မဲသူတို့ ကြံစည်တကား။
ပမာဆိုသော်
ပင်ပျိုရိပ်အောက်၊ ခိုပြီးနောက်မှ
ကိုင်းခြောက်ကိုချိုး၊ မီးဝယ်ထိုးသို့။

၂။ ရပ်စေရပ်စေ၊ သက်သေပြီးမှ၊
ဒို့ဘ၀ကို၊ သုညနှင့်ရေး၊
အအောင်ပေးသည်၊
စာမေးပွဲလည်း၊ မပီတကား။ ။
ပမာဆိုသော်၊
ရွှန်းစိုလှတင့်၊ မီးနှယ်ပွင့်သည်
ပေါက်ပွင့်ရဲရဲ၊ နံ့မစွဲသို့။

၃။ သိစေ သိစေ၊ ဖိချေပြီးမှ
ပရောဂဟု၊ ယုံကြစတမ်း
ချုပ်ကိုင်ဖမ်းသည်
ငြိမ်းချမ်းလွတ်ခွင့်၊ မမြင်တကား။
ပမာဆိုသော်၊ ရန်လိုမှုလုပ်၊
သင်မဟုတ်လျှင်၊ သင့်မိခင်ဟု
စားချင်ရဲရဲ၊ သူစွပ်စွဲသို့။

၎။ သားလှမျက်ရှင် ဒေါင်းမိခင်
သိမြင်ကြားလော့၊ ဆောင်ဦးလော့တည့်
လည်မော့ ခြေကြွ၊ ကနေ၍ချည်း
မပြီးသေးချေ။
အိုးဝေတစ်ခွန်း မာန်သစ်ထွန်း၍
နစ်မွန်းသည့်သား၊ ဒို့အများကို
ညွှန်ကြားခေါင်းဆောင်ပါလေဦး။ ။

၁၉၅၆-၅၇ (ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ) အိုးဝေမဂ္ဂဇင်း (စာမျက်နှာ ၁၇၈)

ဂုဏ်ဝင်း

Friday, June 29, 2012

"သူရဲကောင်းတွေ ပြန်လာကြပြီ"


ဓာတ်ပုံ- Dawnmanhon

ဥရောပ ခရီးစဉ်များ အောင်မြင်ပြီးနောက် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဟာ လေယာဉ် ခရီးစဉ်အမှတ် TG303 နဲ့ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဇွန်လ ၃၀ ရက် (စနေ) မနက် ၈ နာရီ ၃၀ ခန့်မှာ ဆိုက်ရောက်မှာဖြစ်ပါတယ်။

လေဆိပ်ကနေ ပြည်လမ်းတလျောက် ။ ပြည်လမ်းမှ အင်းလျားလမ်း၊ အင်းလျားလမ်းမှ တက္ကသိုလ် ရိပ်သာလမ်းကို ချိုးဝင်မယ်လို့ သိရှိရပါတယ်။

facebook မှ


ကြိုဆိုမယ့် သူများ မှ ဖြစ်နိုင်လျှင် အနီရောင် ပါသော အ၀တ်များ ၀တ်ဆင်ပြီး နိုင်ငံတော် အလံနှင့် ခွပ်ဒေါင်း အလံတို့ ကို အတူကိုင်ဆောင် ဝှေ့ယမ်းကာ မြန်မာ့ဂုဏ်ဆောင် လူထုခေါင်းဆောင်အား ကြည်သာ ရွှင်ပြ ငြိမ်း ချမ်းစွာ ကြိုဆိုနှုတ်ဆက်ကြပါမယ်လို့ ဆော်သြနေသူကတော့ ဗိုလ်ကြီးဟောင်း နေမျိုးဇင်လည်း တဦး အပါအ၀င်ဖြစ်ပါတယ်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပ ခရီးစဉ်ဟာ ဒီကနေ့ နောက်ဆုံးဖြစ်ပြီး မနက်ဖြန် မြန်မာ့မြေပေါ် ပြန်လည် ရောက်ရှိလာမှာကို ကြိုဆို ဂုဏ်ပြုနေကြတဲ့ သူတွေ အများကြီးရှိပါတယ်။ တချို့က ကဗျာတွေ စပ်ပြီ တိုက်တွန်း နှိုးဆော်တယ်။

တချို့က သီချင်းတွေနဲ့ ကြိုဖို့ ပြင်တယ်။

နိုင်ငံရေး အကျဉ်းသားဟောင်းလည်းဖြစ်တဲ့ ကို နေမျိုးဇင် ကတော့ ဒေါ်အောင်ဆန်းစုကြည် ဟာ မြန်မာနိုင်ငံ သားတွေအတွက် တကယ့် သံတမန်ကောင်းတာဝန် ထမ်းဆောင်ခဲ့ပြီး မြန်မာကို ကမ္ဘာက ပိုမို သိရှိလေး စားအောင် စွမ်းဆောင်ခဲ့သူမို့ ကြိုဆိုသူပေါင်း ၁ သန်းအထိ ရှိအောင် နှိုးဆော်သွားမယ်လို့ ဆိုပါတယ်။

မနက်ဖြန်အတွက် ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုဖို့ လှုံဆော်မှုတွေထဲက တခုကို ပေးပို့လာတဲ့ စာတွေထဲက ရွေးချယ်ဖော်ပြ လိုက်ပါတယ်။

"သူရဲကောင်းတွေ ပြန်လာပြီ"


သူတို့ပြန်လာပြီ။
သူတို့ဟာ
လေဆန်ကိုဖြတ်ပျံတဲ့ အမြင့်ပျံငှက်တွေပေါ့။
သူတို့ ဟာ ဥရောပတခွင်
မြန်မာဟေ့ လို့ ဇာတိမာန်ကို

ကမ္ဘာကသိအောင် မျိုးစေ့ချပေးခဲ့သူလည်းဖြစ်တယ်။
ခရီးရှည် ခရောင်းလမ်းက
ခက်ခဲကြမ်းတမ်းစွာ နင်းဖြတ်ခဲ့ကြပေမယ့်
မမောပန်း ခြေလှမ်းသစ် အားမာန်တွေကလည်း တ၀င့်ဝင့်နဲ့ပေါ့။

သံတိုင်လှောင်ချိုင့်ထဲက ထွက်လာပေမယ့်
သူတို့ဟာ သားကောင်တွေမဟုတ်ဘူး။
အောင်ပွဲဆင် ပန်းဝင်လာတဲ့
မော်ကွန်းဝင် စစ်သူကြီးတွေပေါ့..။

သူတို့ဟာ တိုက်ပွဲပျော်တွေ..
ဒါပေမယ့် သွေးဆာနေသူတွေမဟုတ်သလို
အဆိပ်တတ်နေသူတွေလည်း မဟုတ်တဲ့
ပေးဆပ်နေသူတွေပဲဖြစ်တယ်..။

သူတို့မှာ
စစ်လက်နက်တွေတော့ မပါလာဘူး။
ဒါပေမယ့်
ရိုးသားရဲရင့်တဲ့ နှလုံးသားလှတွေနဲ့
တည်ကြည်ထက်မြက်တဲ့ အတွေးအခေါ်တွေ ပါလာတယ်။

သမိုင်းကိုတည့်မတ်ဖို့
အိပ်မက်ဆိုးတွေက နှိုးထဖို့
ပန်းရောင်စုံတွေ ဖူးပွင့်ဖို့
ကလေးငယ်တို့ တေးချိုဖို့
သန်းခြောက်ဆယ်ရဲ့ မျှော်လင့်ချက်တွေကို ဖေါ်ဆောင်ဖို့
သူတို့ပြန်လာပြီ။

ကဲ.... ရဲဘော်
အနာဂတ်ကို သူတို့ ဖန်ဆင်းတော့မယ်။
ယုံကြည်မျှော်လင့်တယ်ဆိုရင်
အမိမြေကို ငြိမ်းချမ်းစေလိုတယ်ဆိုရင်......
လက်ခုပ်မြိုင်မြိုင်တီးလိုက်ကြစို့
လက်ချင်းခိုင်ခိုင် တွဲလိုက်ကြစို့
သစ္စာသွေးသောက် ရဲရဲတောက်ကြပါစို့......။

ဘေးပြောတာကို မယုံနဲ့ ...
သွေးပြောတာကို ပဲယုံ......
ဒို့သွေးသားမို့ ဒို့ယုံကြည်...အောင်ဆန်းသွေးမို့ ဒို့ယုံသည် .....။


ကိုထွန်းဝေ ( တိုကျို)

Wednesday, June 27, 2012

သွေးချင်းရင်းနှီးစေချင်သည်




သွေးချင်းရင်းနှီးစေချင်သည်

(ကိုအောင်ဆန်းဦးသို့)



အစ်ကို နှင့် နှမအရင်း
သွေးချင်းတူကြပေမယ့်
နှမကပြည်သူ့ဒုက္ခ အ၀၀ကို
နအဖ၀ဲသြဂမှ မုချလွတ်မြောက်အောင်
စွမ်းဆောင်နေခိုက်ဝယ်…..။

လူမိုက်အစ်ကိုမှာတော့
အကိုကြီး အဖအရာက မနေဘဲ
မြေနိမ့်ရာလှံစိုက်
နှမအကျယ်ချုပ်ခံနေခိုက်မှာ
အမိုက်မ မယားစကား
နားယောင်သွားပြီး
အမှားတထောင်မှားအောင်
ရန်အမျိုးမျိုးထောင် အိမ်တဆောင်
မီးတပြောင်နေတာကိုပင်မကြည့်ရက်
ရုံးတက်တရားစွဲ နှမအကျိုးနဲအောင်
လုပ်ဆောင်ရက်ပေတယ်…။

ဆဒ္ဒန်ဆင်မင်းဝတ္ထုလာ
အောင်ဆန်းဦးကြင်ရာခမျာ
မိဖုရားသုဘဒ္ဒါပမာ
သူ့လင်တော်မောင်ရင်ခွင်ကြား
ခေါင်းဝှက်ထားပြီး ဒီအိမ်မှမရလျှင်
သူ့ရင်တွေကွဲ သေပွဲဝင်ရပါတော့မယ်လို့
အတို့အထောင် အညှို့ဆောင်ပြီး
မောင်တော်ဘုရား အရည်ပျော်သွားအောင်
သွေးဆောင်ဖြားယောင်း
အမူကောင်းလေတော့
ဖယောင်းလိုပျော့ အကောင်းအဆိုး
အကြောင်းအကျိုးတွေမဝေဖန်နိုင်တော့
မယား(လဲ့လဲ့နွယ်သိန်း)ကြိုးကိုင်ရာ
ထကရှာပါတော့တယ်…။

ပြောပါများမယားစကားအောင်ဆိုပေငြားလည်း
ယောက်ျားရင့်မာကြီးတယောက်
သမိုင်းတလျှောက်မှာ ဂုဏ်ရောင်တောက်ခဲ့တဲ့
ဘေးတော် မင်းကြီးရွှေလရောင် အဆောင်အခန်းခန်း
အခေါင်မမြန်းခင်က အောင်ပန်းညှို့ရရှာတဲ့
လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း
ဤမျှဂုဏ်ရောင်ဝင့်လျှမ်း
တင့်ဆန်းသူတွေရဲ့မျက်နှာတော်ကိုမှမထောက်
မယားကြောက်အသွင်နဲ့
သမိုင်းမှာအမဲစက်အထင်ခံနိုင်တာကို အံ့ရော
အံ့သြကုန်နိုင်ဖွယ်ပါ…။

သွေးချင်းတူပါလျက်
ဘယ့်အတွက်ကြောင့်သတ္တိချင်းကွာရမှာလဲ
နောက်မကျသေးပါ
ဒေါ်စုနိုင်ငံခြားမှပြန်လာတဲ့အခါ
မကြည်သာတဲ့အမှုကိုရုပ်သိမ်း
စိမ်းကားတဲ့အမူရာတွေဖျောက်
ရွှင်မြောက်အားရတဲ့လက်နဲ့
နှမတော်ကိုဖက်ပြီး ရှေ့ဆက်ရမယ့်
ဒီမိုကရေစီခရီးလမ်းကို စိတ်တူညီတူစွာနဲ့
ကြည်ဖြူစွာလှမ်းကြရင် မကောင်းပေဘူးလားဗျာ…။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
တက္ကသိုလ်ဘုန်းကြွယ် (ဇွန် ၂၅ ၂၀၁၂)

Sunday, May 27, 2012

စောင်းသံခါးခါး

စောင်းသံခါးခါး
(ကဗျာရှင် နေပြည်တော်သား)

(ဖယောင်းတိုင် ထွန်းသူများသို့)
ဝန်ကြီး.......တဲ့
တိုင်းပြည်အတွက် ထမ်းဆောင်ရတဲ့
တာဝန်တွေ ကြီးလေးလွန်းလို့
ဝန်ကြီး လို့ခေါ်တာနေမှာ......

ဗူးပေါက်တာ မလိုချင်ဘူး
ရေပါတာပဲ လိုချင်တယ်ဆိုတဲ့
ကြီးမားတဲ့ ၀င်ငွေတွေနဲ့
ဝင်ကြီး ဖြစ်တဲ့ ခေတ် ဟာ
ဥာဏ်ပညာ သည် အရည်အချင်း မဟုတ်လေတော့ ....

ခုတ်တဲ့သူက ခုတ်.....
စိုက်တဲ့သူက စိုက်....
ရိုက်တဲ့သူက ရိုက်....
မိုက်တဲ့သူက မိုက်.....

ရသမျှအချိန်တိုတို အတွင်း ၀င်ကြီး ဘ၀ မှာ.......
တပည့်တပန်းများစွာ ....
အိမ် ခြံ မြေ များစွာ ....
စိန် ရွှေ ရတနာ များစွာ ...
စီမံကိန်း များစွာ ....
မီးဖိုချောင် ယဉ်ကျေးမှုရဲ့ တံစိုးလက်ဆောင်များစွာ ....
အကြံပေးသူများစွာ ........

ရှေးစကားပုံတစ်ခုရှိရဲ့
ကံမရှိ၊ ဥာဏ်ရှိတိုင်း မွဲ သတဲ့ ....

ဘုန်းရှင် ကံရှင် တွေ စိုးမိုးအုပ်ချုပ်
မင်းကြိုက်ရာ မင်း လုပ်သွားတော့
ကြည့်စမ်းပါအုံး....
ကျုပ်တို့ တိုင်းပြည်
ဥာဏ်မရှိဘဲ မွဲခဲ့ရတာနှစ်ပေါင်း အတော်ကြာ .......

ဒါ့ကြောင့် ရွှေပြည်ဝန်ကြီးကပြောတာ
အစ်မ နှစ်မ၊ သမီးက ကို
စ၍ ဆက်နှင်း၊ လက်ဆောင်နှင်း၍၊ စိုးမင်း ချစ်မြတ်
...........................................
တော်ဘီဗျာ......
ဒီကျွဲတွေရဲ့ နားမှာ
ကျုပ်စောင်းသံ ဟာ ခါးချင်ခါးနေလိမ့်မယ် .........

နေပြည်တော်သား


ဓာတ်ပုံ .... ၂၀၀၉ခုနှစ် ရွှေလီလျှပ်စစ်ဓာတ်အားပေး စက်ရုံဖွင့်ပွဲ အခမ်းအနားမှာ တွေ့ရတဲ့ ယနေ့ ပြည်သူတွေရဲ့ ဖယောင်းတိုင်မီးဒဏ်ကို မခံနိုင်တဲ့ ပိုးဖလံ အမှတ်(၁)လျှပ်စစ်ဝန်ကြီး ဦးဇော်မင်း (တရုတ်ကုမ္ပဏီနှင့် အပြန်အလှန် လက်ဆောင် ရယူစဉ်)

 ဒီမိုဝေယံ

Friday, May 25, 2012

ဤကဗျာကို ဖယောင်းတိုင်မီးဖြင့် ကျွန်ုပ်ရေးသည်.....


ဤကဗျာကို ဖယောင်းတိုင်မီးဖြင့် ကျွန်ုပ်ရေးသည်.....


“ဟိုရှေ့က ဆူဆူညံ
ဘာသံလို့မေး
မီးစက်သံ တဖုန်းဖုန်းနဲ့
မြို့ပြတဲ့လေး…”

အဲ့သည်လို စာချိုးမှ
ရတော့မယ့် မြို့ပြ
နဂိုကလို မလှပတော့
မျက်စိနှစ်လုံး ဖွင့်ချိန်ကစ
မျင်စိနှစ်လုံး ပိတ်ချိန်အထိ
ညှော်နံ့က တစီစီ
မီးစက်သံ တညံညံနဲ့
မီးခိုးငွေ့တွေ တွင်တွင်လွင့်ပါလို့
လေထုတွေလည်း
ပိတ်လှောင်လို့ နွမ်းညစ်ရပြီ။

ဟော… ကြည့်လိုက်
ပလက်ဖောင်းတလျှောက်
တရုပ် ယိုးဒယား၊ ကိုရီးယား ဂျပန်
ပြည်တွင်းဖြစ်ပါမကျန်
ဂျင်နရေတာမီးစက်
အကြီးသေးဆိုဒ်စုံ
မရှိရင်မဖြစ်
ခေတ်မမှီတော့မယ့်ပုံမျိုး

အပူခိုးတွေ လှိုင်လှိုင်ထုတ်လို့
ဒေါသတကြီး ဆူပွက်
အနေခက်ရပုံများ
“ မီးစက်နှိုးသံ တညံညံ
ရန်ကုန်ပလက်ဖောင်း ”
…လို့ ထပ်ပြီး စာချိုးရလောက်ရဲ့။

မီးမလာတဲ့ နေ့တွေ
မီးမလာတဲ့ ညတွေ
မီးမလာတဲ့ ရက်၊ လ၊ နှစ်တွေ
ဒါလားကွဲ့ မြို့ပြ
အစိုးမရတဲ့ သည်မီး
သည်းညည်း မခံနိုင်စရာ
သောမတ်အင်ဒီဆင်
သူမြင်ရင် ထိုင်ငိုလောက်ရဲ့။

ရေမရ မီးမလာ
မီးမလာ ရေမရ
ရေရ မီးကမလာ
တခဏမီးလာပြန် မီးအားကမပြည့်
အင်ဗက်တာချာဂျင်ဝေးလို့
ဒီသံသရာ အခါခါလည်ရင်းနဲ့
ချိုးရေမရှိ
သုံးရေမရှိ
သောက်ရေ ဗလာနတ္ထိနဲ့
အိုးထဲတောင်
ကျွမ်းထိုးကောင် မနေ၀ံ့တယ်
မှောက်လို့သာကြည့်။

နွေညကပူ
ရွှေလရောင် တိမ်အောက်လျိုးလို့
မှောင်ရိပ်နဲ့ မည်းမည်းမှာ
အဘွားလည်း မအိပ်နိုင်
ချွေးဖြိုင်ဖြိုင် တထိုင်ထိုင်နဲ့
စိတ်ဘ၀င် နင့်ကာညှိုး
သွေးတွေသာ ဆင့်ကာတိုး။

အဘိုးခမျာ
သနားစရာ အောက်စီဂျင်နဲ့
အသက်ကို ခဲယဉ်းရှူ
ကျန်းမာအောင် ကူနေရပါ့
မီးမလာ ကြာကြာပျက်တော့
နွမ်းလျှကာ အသက်ရှူခက်တယ်
မွန်းကြပ်လို့ ပူ။

သမီးလေးငယ်ငယ်
စကားကြွယ်ရှိသေး
ညအမှောင် ပူလှောင်အိုက်လို့
မအိပ်နိုင် ဆူညံပွက်တယ်
တက်ချက်မတတ် ဆူ၊
သူ့အမေ ပူကာ မငိုက်နိုင်ဘူး
စူးပစေ တဗျင်းဗျင်းကုတ်ဖဲ့လို့
မိတ်ဖုတွေ နီတာရဲနဲ့
ချော့ခြောက်ကာပူ။

အဖေဖြစ်သူ အလုပ်သွားဖို့
ကားခကိုယူ
အဲကွန်းဘတ်(စ)လေပူပူနဲ့
လူထူထူ ငပိသိပ်ကြောင့်
တမှိန်းပင် မယူလိုက်ရ
ဒေါသသာ ထူကာကြွရတယ်
စိတ်က ငြူစူ၊
အလုပ်ရောက်ချိန် မီးပျက်ပြန်တော့
ချွေးတဒီးဒီး သွန်ကာကျပြန်ပေါ့
ယပ်ကိုသာ တွင်တွင်ခပ်လို့ရယ်
မူးနောက်ကာပူ။

လေးရာကို တစ်ထုတ်
တစ်ထုတ်မှာ ငါးတိုင်
ခပ်ယိုင်ယိုင်သာ အထွန်းခံတဲ့
သည်ဖယောင်းတိုင် ဆီမီးတောင်
ခေတ်ကြပ်မှာ မြိုင်မြိုင်မထွန်းနိုင်ဘူး
ချွေးတစိုစို စိတ်တိုတိုနဲ့
လိုချင်တာကို လေးဖြူလို
ဟစ်အော်ကာ ဆိုလိုက်ချင်ရဲ့
“ အလင်းရောင်….
သန်းခေါင်ယံ ညနက်ထဲ….
ကြယ်စင်များလဲ မလင်းလက်…
အလင်းရောင်….” ။

မြို့လည်း မြို့အလျှောက်
ကျေးလက်လည်း ကျေးလက်အလျှောက်
မနက်ပျက်တယ်
နေ့လည်ပျက်တယ်
ညပျက်တယ်
နေ့လုံးပေါက် ပျက်တယ်
ညလုံးပေါက် ပျက်တယ်
အပျက်တရား နေ့စဉ်ရှု
အဲ့လိုသာ မှန်မှန်ပျက်တယ်
မီတာခက မပျက်မကွက်တက်
အချိန်မှန်မှန် ဘီလ်ကထွက်။

နွေအခါ ဧရာဟုဟော်တယ်မှာ
ဘီယာတွေ မသောက်နိုင်ပါဘူး
ပလီပလာနဲ့ စေတနာစကား
“ကျွန်တော်တို့ကလည်း မီးမှိတ်
ဖယောင်းတိုင်နဲ့ နေပါ” ဆိုပြီး
မလာတဲ့မီး အတင်းမှိတ်ခိုင်းနေပြန်တော့
အူထဲက ရုန်းကြွ
သန်းခြောက်ဆယ် အော်ရယ်သံ
ရုန်းရုန်းညံလို့။

ပိုလျှံမဂ္ဂါဝပ်တွေ
ပေါပေါလောလောပေးလှူ
အခုမှ ပြန်ဝယ်ယူမယ်ဆိုတာမျိုး
အခုတစ်မျိုး တော်ကြာတစ်မျိုး
မရိုးရတဲ့ ပုံပြင်တွေကို
အသားမကျနိုင်
သည်းညည်းပင် ခံမရတော့တာမို့
ဖယောင်းတိုင် ကိုယ်စီဆွဲ
မိုးနတ်မင်းကို တိုင်တည်တဲ့ပွဲ။

နွေနေအပူ
ဟိုး…အရင်လို
လွန်ဆွဲယူလို့ မရတော့
မိုးကခေါင် သီးမအောင်
မိုး…မိုး…ဘာလို့မရွာ
ဖား…ဖား…ဘာလို့မအော်
စဉ်းစားစရာမလို
ဆင်းရဲခြင်း လွတ်ကင်းအောင်
လမ်းပြမဆောင်ခင်
အင်ဗက်တာ ဂျင်နရေတာ
ချာဂျာ ဖယောင်းတိုင်
နှစ်ပါးသွား အိုက်စပ်ညများ
ကင်းဝေးအောင် အရင်မဆောင်ရင်ဖြင့်
အရည်မပျော်တဲ့ ဖယောင်းလူသားတွေ
အလျှံရှိသမျှ
တညီးညီးလောင်ကျွမ်းခံရင်း
အစွမ်းကုန်
တောက်ပပြနေယုံပေါ့။ ။

Posted on May 25, 2012 မြသွေးနီ

Monday, May 21, 2012

ကမ္ဘာမကြေဘူး




ကျွန်မအပျိုမ လှပါသည်....
ကျွန်မ.. တက္ကသိုလ်ကျောင်းသူ
... ဖြူသည်.. နုသည်
အခုအခံမပါ.. ကျွန်မခန္ဒာကိုယ်
ရှိုက်ကြီးဖိုငယ်.. အသွယ်သွယ်။

ကျွန်မအသက်
သပြေခက်ကျော်.. ရေတွက်သော်
တစ်ကိုးရှစ်ရှစ်.. တော်လှန်ခေတ်မှာ
တစ်တစ်ရစ်ရစ်.. တစ်ဆယ့်ရှစ်။

ကျွန်မတို့ တက္ကသိုလ်
အို ဘာကိုထောက်.. ကြောက်ရမှာလဲ
တိုက်ပွဲ.. တိုက်ပွဲ
ရဲရဲတောက်ပ.. ရဲတောက်မဟာ
ကျွန်မ.. ကျွန်မ.. လက်နက်မချ
ကျောင်းသားသမဂ္ဂဖွဲ့ ကြ။

(၂)။
၁၉၈၈ မတ်လ
ဖက်ဆစ်အစိုးရ.. ထောင်ထဲညမှာ
ကျွန်မ..အပျိုမ.. ကျဆုံးရသည်
ကျွန်မ..ခုခံ မတွန်းလှန်နိုင်
မတန်အားယုတ်.. ကြိုးနှင့်တုတ်ပြီး
လှုပ်မရ.. ရုံးမရ
မရ.. မရ.. အို.. မရတော့
ကျွန်မ..ရေတိမ်နစ်ခဲ့ရပြီ။

ကျွန်မနှုတ်ခမ်း..ဖက်ဆစ်နမ်းကြ
ကျွန်မရင်အုံ..ဖက်ဆစ် ငုံကြ
ကျွန်မ …တွင်း.. ဖက်ဆစ် ….ကြ
ဖက်ဆစ်မုဒိန်း.. လုံထိန်း လုံထိန်း
နတ်စိမ်းပူးဝင်.. အရှင်လတ်လတ်
ခေတ်သေနတ်နဲ့  အငတ်မပြေ
ကျွန်မအပျိုရည်..ကိုသောက်
တစ်ယောက် နှစ်ယောက် သုံးလေးယောက်မက
ကျွန်မသေလောက်ပါပြီရှင်ရဲ့ ။

(၃)။
ဒါပေမယ့်လေ
ကျွန်မ မသေ.. မျက်ရည်မကျ
ကျွန်မရေတိမ်နစ် ..သားအိမ်ညစ်လည်း
ကျွန်မချစ်သည့် တော်လှန်ရေး
ကျွန်မ မြတ်နိုးသည့် ဒီမိုကရေစီ။
ဟယ်… ဖက်ဆစ်အစိုးရ
ငါ့သွေးသားကို ..နင်ဝါးမြိုသည်
နင့်ကို ငါ ဘယ်တော့မကျေ
ဟယ်… အစိုးရ
ငါ့အပျိုရည်.. နင်ဖျက်ချွေသည်
ရာဇ၀င် မကျေ.. မကျေ.. မကျေ။
ဟေ့… အစိုးရအမွေ
နောက်လိုက်ခွေးတပ်..လုံထိန်းတပ်တို့ 
သတ္တိရှိရင် လာစမ်းပါစေ…
သေနတ်တစ်ကမ်း.. သွေးခင်းလမ်းမှာ
ငြိမ်းချမ်းရေး အပျိုမ
မြန်မာပန်းပွင့်.. မုဒိန်းကျင့်ခံရ
နင် အစိုးရ. အပြုတ်ချမယ်
လုံးဝ.. ငါတို့ ဒူးမထောက်
လုံးဝ.. ငါတို့ ဒူးမထောက်။

(၁၉၈၈ခုနှစ် မတ်လအရေးအခင်းတွင် မဆလ လုံထိန်းတပ်တို့ ၏ ဖမ်းဆီးခြင်းကို ခံရပြီး၊ ထောင်တွင်းတွင် အဓမ္မမုဒိန်းကျင့်ခံခဲ့ရသော ရန်ုကုန်စက်မှုတက္ကသိုလ်ကျောင်းသူတစ်ဦး၏ ရင်တွင်းခံစားချက်။)

 By: Lon Elys

Friday, May 11, 2012

ဘုန်းနှင့်ကံနှင့် သဇင်နီ (ကဗျာရှင် နေရဲနီ)


ဘုန်းနှင့်ကံနှင့် သဇင်နီ
(ကဗျာရှင် နေရဲနီ)

၁၉၈၉ခုနှစ်က ပုသိမ်ကို သူမ လာရင်
အိမ်ထဲက အိမ်ပြင် ဘယ်သူမှ မထွက်ရ။
ငါတိုင်းမှူးလုပ်တဲ့
ဟောဒီ ဧရာဝတီတိုင်းမှာ
NLD ဆိုတာ မရှိစေရ။
ဆီခမ်းလုမီးခွက်၏ အန္တိမ မီးတောက်သည်
ငြိမ်းလုဆဲဆဲကာလ၌ ဟုန်းကနဲ တချက်
ထ၍ တောက်လိုက်သကဲ့သို့
တိုင်းမှူးမှ လယ်စိုက် ဝန်ကြီး
ထိုမှတဖန် အသံကြောင့်သေရသောဖားကဲ့သို့
အနားပေးခံရပြီး မကြာခင်ပင်
ကမ္ဘာမြေအပြင်၌ သူမရှိတော့။
ဧရာဝတီတိုင်း၌ ခွပ်ဒေါင်းတို့
ရဲရဲတောက်နေသည်ကို သူ မမြင်သွားရရှာပေ။


ဒေါ်စုကြည်ဟာ...............
သူမဟာ အာဏာကို....................
အနောက်နိုင်ငံများ အားကိုး....................
ပြည်ပနိုင်ငံ.................................
အစရှိသော စကားလုံးများဖြင့်
အာဏာစင်ပေါ်မှ ချိုးချိုးဖဲ့ဖဲ့ ပြောခဲ့လေသော
မြွေပွေးမျက်နှာနဲ့လူ ခုတော့
အဆိပ်ထုတ် အစွယ်ချိုးခံခဲ့ရပြီး
နှုတ်ပါအပိတ်ခံနေရပြီ
ရှင်လျက်နဲ့ သေနေတဲ့လူ သူမှအစစ်။


ဧပြီလ(၁)ရက်နေ့က မဲပေးနေစဉ်..

သူမဟာ သာမန်လူတစ်ယောက်ပါ
ဥပဒေနဲ့အညီ နေထိုင်သွားလာမယ်ဆိုရင်
ဘေးရန်ကင်းပါတယ်လို့ ပြောခဲ့လေသူ
ပျောက်နေတာ အတော်ကြာပြီ
လည်ချောင်းမှာ ကင်ဆာအဖု အကြိတ်တွေ့လို့တဲ့
မျက်စေ့ကလည်း အမြင်မကြည်လင်တော့ဘူး
နှုတ်ထွက်စာတင်မယ့် သတင်း
မရေမရာနဲ့ အုတ်အော်သောင်းနင်း ဖြစ်နေပြီ။

တို့အမေ သဇင်နီကတော့
ဗေဒါပျံ အံကိုခဲ ပန်းပန်လျက်ဘဲ။

နေရဲနီ
ဓာတ်ပုံများ.. ညီငယ်ဇော်တူး၊ AP, Getty Images

Wednesday, April 25, 2012

မင်းတကိုယ်ထဲလျှောက်ပေတော့


မင်းတကိုယ်ထဲလျှောက်ပေတော့
+++++++++++

မင်းခေါ်လို့  သူတို့ မလိုက်ရင်
မင်း တကိုယ်ထဲ လျှောက်ပေတော့။

ကြောက်ဒူးတုန်လို့ 
နံရံဘက်လှည့်ပြီး သူတို့ နုတ်ဆိတ်နေရင်
မင်း ကံဆိုးတာပေါ့၊
စိတ်ရှင်းရှင်းနဲ့ တကိုယ်ထဲသာ
ပွင့်ပွင့်လင်းလင်းပြောပေတော့။

တောကြီးမျက်မဲထဲ ဖြတ်သန်းနေတုန်း
မင်းကို သူတို့ စွန့် ခွါသွားရင်
မင်း ကံဆိုးတာပေါ့၊

ဆူးငြောင့်ခလုတ်တွေ နင်းချေရင်း
သွေးစွန်းတဲ့လမ်းမှာ မင်းတကိုယ်ထဲ လျှောက်ပေတော့။

မုန်တိုင်းထန်တဲ့ညမှာ
မီးအိမ်ကို သူတို့ မကိုင်ရင်
မင်းကံဆိုးတာပေါ့၊

ဝေဒနာမီးလျှံနဲ့  မင့်နှလုံးသားကို ထွန်းညှိ
တကိုယ်တည်း တောက်လောင်ပါစေတော့။

တဂိုးရဲ့ ကဗျာ ဒေါ်အောင်ဆန်းစုကြည် ဘာသာပြန်ဆိုတယ်လို့ သိရပါတယ်။

Sunday, April 1, 2012

ဒေါင်းအလံ စိုက်တဲ့နေ့



ဒေါင်းအလံ စိုက်တဲ့နေ့
=============

အိုးဝေမြည်သံ မိုးလုံး ညံ
မြန်မာ ငါတို့ ဒေါင်းနိုင်ငံ။

ကောင်းကင်ယံဆီ ဦးချွန်မြောက်
ခွပ်ဒေါင်း တို့သွေး ရဲရဲတောက်။

ရှေ့နောက် ဘယ်ညာ ကြည့်လေရာ
ခွပ်ဒေါင်းခွပ်ဒေါင်း အသံသာ။

ပြည်သူ ကြည်ဖြူ ရွေးချယ်ပြု
ခွပ်ဒေါင်းသွေးတို့ ညီညွတ်မှု

စုနိုင်ခဲ့တဲ့ တို့တိုင်းပြည်
ကမ္ဘာလွှမ်းဖို့ လာတော့မည်

စုသို့ရည်ရွယ် မဲတပြား
မြန်ပြည်ကောင်းဖို့ အုပ်ချပ်များ။
တွဲလက်ယှက်ထား တို့လူများ
တို့တွေအားလုံး ခွပ်ဒေါင်းသား။ ။

[ဒေါ်စုနှင့်တကွ အနိုင်ရခဲ့သော NLD ကိုယ်စားလှယ်များအား ဂုဏ်ပြုလျက်]

Thorn Nay Soe သွန်းနေစိုး

Wednesday, March 14, 2012

(၂၄)ကြိမ်မြောက် မြန်မာနိုင်ငံလူ့အခွင့်ရေးနေ့(၁၃.၃.၂၀၁၂)


“မူအမြဲကောင်းဖို့ တောင်းဆိုပါသည် သူရဲကောင်းတို့ရဲ့ မြန်မာပြည်”

၁။ ဒူရေနိဒါန်း
ဗိုလ်အောင်ကျော်ရဲ့ သွေးစက်တွေဟာ
ပြည်သူတွေကို လမ်းပြနေဆဲ။
မောင်တင်အောင်ရဲ့ သွေးစက်တွေဟာ
ကျောင်းသားတွေကို လမ်းပြနေဆဲ။
ရဟန်းပျိုတို့ရဲ့ သွေးစက်တွေဟာ
သံဃာတွေကို လမ်းပြနေဆဲ။
ရဲဘော်သုံးကျိပ် သွေးစက်တွေဟာ
မြန်မာပြည်ကို လမ်းပြနေဆဲ။

၂။ အ၀ိဒူရေနိဒါန်း
ကိုဖုန်းမော်ရဲ့ သွေးစက်တွေဟာ
ပြည်သူတွေကို လမ်းပြနေဆဲ။
ရှစ်လေးလုံးရဲ့ သွေးစက်တွေဟာ
မြန်မာပြည်ကို လမ်းပြနေဆဲ။

၃။ သန္တိကေနိဒါန်း
ဒီပဲယင်းရဲ့ သွေးစက်တွေဟာ
ပြည်သူတွေကို လမ်းပြနေဆဲ။
ရွှေဝါရောင်ရဲ့ သွေးစက်တွေဟာ
မြန်မာပြည်ကို လမ်းပြနေဆဲ။

၎။ ပရိယောသာနနိဒါန်း

ဝေးသောကာလ သွေးမြေကျခဲ့သော
မဝေးသောကာလ သွေးမြေကျခဲ့သော
နီးသောကာလ သွေးမြေကျခဲ့သော
သူရဲကောင်းတို့ ၀ိညာဉ်တွေဟာ
ကျောင်းသားတွေကို စောင့်ရှောက်နေဆဲ။
လူငယ်တွေကို စောင့်ရှောက်နေဆဲ။
သံဃာတွေကို စောင့်ရှောက်နေဆဲ။
ပြည်သူတွေကို စောင့်ရှောက်နေဆဲ။
မြန်မာပြည်ကို စောင့်ရှောက်နေဆဲ။

၅။ နိဂုံး(တစ်)

တို့လိုချင်တာ ဒီမိုကရေစီ
တို့လိုအပ်တာ လူ့အခွင့်အရေး
တို့လိုလားတာ တရားဥပဒေစိုးမိုးမှု
တို့လိုနေတာက ငြိမ်းချမ်းရေး
တို့ရင်ဆိုင်ရမှာက
ဂျပန်မဟုတ်ဘူး၊ အင်္ဂလိပ်မဟုတ်ဘူး။

၆။ နိဂုံး(နှစ်)

လူ့အခွင့်အရေးဆိုတာ
တို့ဘုရားရဲ့ ဗြဟ္မစိုရ်တရားပဲ။
လူအချင်းချင်း မေတ္တာထားဖို့၊
အထက်လူတွေ ကြင်နာတတ်ဖို့၊
အောက်လူတွေ ကြည်ဖြူတတ်ဖို့၊
တရားမျှတစွာ ဆုံးမတတ်ဖို့၊
ဒါတွေကို ဘုရားပေးသနားတော်မူခဲ့။
ကုလားမပေးခဲ့တာကို ပြောမနေနဲ့
ဘုရားဒကာ ခများတို့သာ
ကြည်ဖြူစွာနဲ့ လှူပါလှည့်။ ။

ဝီရသူ(မစိုးရိမ်)
ဘဒ္ဒန္တ၀ိစိတ္တာဘိဝံသ
ဓမ္မသဟာယကျောင်း
မစိုးရိမ်တိုက်သစ်
မန္တလေးမြို့

Friday, March 2, 2012

ရန်ကုန် ဆိုတော့လည်း ရင်ခုန်တာပေါ့

ရန်ကုန် ဆိုတော့လည်း ရင်ခုန်တာပေါ့
ဒီမြို့မှာ ၀ိညာဉ်တွေ ကျပျောက်သွားတယ်
ဒီမြို့မှာ မျက်ရည်တွေ ပင်လယ်ဖြစ်သွားတယ်
ဒီမြို့မှာ အမှန်တရား ကခုန်ခဲ့တယ်
ဒီမြို့မှာ မိတ်ဆွေတွေ ရန်သူသွားဖြစ်သွားတယ်
ဒီမြို့မှာ ငါ မဖော်ပြနိုင်ခဲ့တာတွေ အများကြီး ရှိတယ်။

ရန်ကုန် ဆိုတော့လည်း ရင်ခုန်တာပေါ့
ဒီမြို့မှာ သားရဲတွင်းတွေ ရှိနေဆဲ
ဒီမြို့မှာ မြေခွေးတွေ ပျော်နေဆဲ
ဒီမြို့မှာ အပြုံးတွေရဲ့အောက် အစွယ်တွေက မြနေဆဲ
ဒီမြို့မှာ တယောက်ထဲ လမ်းထွက်ဖို့ ကြောက်နေဆဲ
ဒီမြို့မှာ ငါမသိတဲ့ ပဟေဠိတွေ လမ်းလျှောက်နေတုန်း ဖြစ်တယ်။

ရန်ကုန် ဆိုတော့လည်း ရင်ခုန်တာပေါ့
မသိခြင်းတွေကို ရူးချင်ယောင်ဆောင်ခြင်းနဲ့ ပေါင်းစပ်ဖို့
ရာဇ၀တ်မှုတွေကို မျက်လုံးကန်းနဲ့ ကြည့်တတ်ဖို့
ပုရွက်ဆိတ်တွင်းထဲက အလင်းရောင်ကို နေထင်ဖို့
ငါလေ
နွားဘ၀နဲ့ သာယာမှုမျိုး
ရန်ကုန်မှာ ပြန်မယူချင်တော့ဘူး။

မောင်ကြီးငြိမ်းချမ်း 

နေ့သစ်

Monday, February 20, 2012

တိုင်ရီစက်ရုံဟာ ငါတို့အားလုံးကို ကိုယ်စားပြုတယ်။





သနပ်ခါး ပါးကွက်ကြားလေးက တစ်ချို့
ကြည်လင်တောက်ပတဲ့ မျက်လုံးကလေးတွေနဲ့
လမ်းနံဘေးမှာ ငုတ်ကလေးတွေ ထိုင်နေကြတာ။

ဒါ ဆန္ဒပြတာတဲ့လား?
ဘာမှ လက်သီး လက်မောင်းမတန်း
ဘာ အသွေးအရောင်မှ မရှိ
ဘာ နောက်ခံအဖွဲ့အစည်းမှ မရှိ
သူတို့လိုချင်တာလေးတွေကို
မလွဲသာလွန်းလို့ တောင်းဆိုနေရရှာတာပါ။

လုံခြုံရေးကားတွေ တစ်စီးပြီး တစ်စီး ရောက်လာကြ
ဒိုင်းတွေ တုတ်တွေ လက်နက်တွေ
ပြီးတော့ တင်းမာလွန်းတဲ့ မျက်နှာတွေ ...

ကျမတို့မှာ ရေမရှိဘူး။
စကားသံလေးတစ်ခု ကြားမိတယ်။
သူတို့မပြောဖြစ်တာက အဲဒီထက် အများကြီးပိုပါလိမ့်မယ်။
ကျမတို့မှာ ဖူလုံမှုမရှိဘူး။
ကျမတို့မှာ ပျော်ရွှင်မှု မရှိဘူး။
ကျမတို့မှာ တောက်ပမှု မရှိဘူး။
ကျမတို့ အနာဂတ်ကရော .. ?
ရှိတယ်ဆိုပေမယ့် မသေချာလှပါဘူး။

ညီမလေးတို့ရေ
မင်းတို့ငါတို့အားလုံး မြန်မာ
ငါတို့အားလုံး ခေါင်းငုံ့ ခါးစီးခံနေကြရတာ။

ထီးကလေးတွေနဲ့ ...။
တချို့လည်း ထီးတောင်မဆောင်းနိုင်ပဲ
နေရောင်အောက်မှာ စောင့်ဆိုင်းနေကြတာ
မွန်းကြပ်လွန်းတဲ့ ဘ၀အမောကနေ
တခဏကလေး အသက်ရှုချောင်ခွင့်လေးပါ။

အများကြီး မတောင်းဆိုပါဘူး
စိန်တွေ ရွှေတွေ ကားတွေ တိုက်တွေ မတောင်းဆိုပါဘူး
ကျမတို့ကို အသက်ဆက်ခွင့်ပေးပါ
အသက်ရှင်ဖို့လုံလောက်တဲ့ လစာလေးပေးပါ
ကိုယ့်လုပ်အားနဲ့ ထိုက်တန်တဲ့ လစာလေးပေးပါ
အလုပ်ခွင်မှာ အခြေခံလိုအပ်ချက်ကလေးတွေ ဖြည့်ဆည်းပေးပါ။
လူသားတစ်ယောက်ရဲ့ အခွင့်အရေးဖြစ်တဲ့
ဂုဏ်သိက္ခာနဲ့ အဆင့်အတန်းကို ပေးပါ။

ဒီမြေပေါ်မှာလာလုပ် ဒီမြေပေါ်က ကြီးစွာသောအသီးအပွင့်တွေ ခံယူပြီး
ဒီလောက် သေးသေးဖွဲဖွဲကလေးတောင်
ဘာလို့ မဖြည့်ဆည်းပေးနိုင်ရတာလဲ
နားမလည်နိုင်တော့ ... ။
ငါတို့ဟာ မြန်မာ
မြန်မာတွေဖြစ်လျက် မြန်မာ့မြေပေါ်မှာ
တိုင်းတပါး မြောက်ဖျားပိုင်းကလာပြီး
ဘာလို့အနိုင်ကျင့် ခေါင်းပုံဖြတ်ခံနေရတာလဲ
နားမလည်နိုင်တော့ ... ။

တိုင်ရီစက်ရုံနားက လေးကန်စွာ လှမ်းထွက်ခဲ့
ကောင်းကင်ကို မော့ကြည့်မိတဲ့အခါ
ကောင်းကင်ကြီး ပိုမှောင်နေသလို ခံစားနေရတယ်။

သွန်းနေစိုး Thorn Nay Soe

Wednesday, February 15, 2012

ကိုမင်းကိုနိုင်ရဲ့ကဗျာ


၂၀၁၂ ဖေဖော်ဝါရီ ၁၃ ရက်စွဲတပ် ထားပါတယ်။
ခေါင်းစဉ် ပေးမထားပါ။

Sunday, December 18, 2011

Ko Myoe (Myanmar sar) – မြန်မြန်ပေး၊ မြန်မြန်ဆပ်

“မြန်မြန်ပေး၊ မြန်မြန်ဆပ်”

မျိုးဆက်အတွက်မငဲ့

နင့်ထိုက်၊ နင့်ကံ၊ နင်ခံအလှည့်

တစ်ဘ၀စံစိတ်နဲ့

တာ့တာ ဘိုင်းဘိုင်လုပ်ရင်တော့

သေရင်ပြီးတယ်။


- မျိုးဆက်သစ်အတွက်စဉ်းစား


(ကိုယ့်အလှည့်မှာများ)

ကောက်ရိုးပွေ့သွားမိခဲ့တယ်ဆိုရင်တောင်

ရောက်ခဲ့၊ လျှောက်ခဲ့ရာလမ်းတလျှောက်

အမှိုက်ပြန်ကောက်ရင်း လမ်းရှင်းပေးချင်စိတ်မွေး

မသေခင်၊ မသွားခင်လေး

သမိုင်းပေးတာဝန် ကျေခွင့်ရတာမဟုတ်လားဗျာ

(ကျွန်တော်တို့လည်း)

ဘာကြာတော့မှာမို့လို့လဲ…

အခါမလွန်မီလေး ပေးစရာရှိမြန်မြန်ပေး


ဆပ်စရာရှိ မြန်မြန်ဆပ်

မပေးမဆပ် တာဝန်မကျေမီများ

သေရွာသွားခဲ့ရင်

မြေကြီးကပြောလိမ့်မယ်

သားရေပေါ်အိပ် သားရေနားစားသူလို့။


နှောင်းလူတို့က ဆိုလိမ့်မယ်

တစ်ဘ၀စံစိတ်ထားနဲ့ လူ့ရွာမှာလာ၊ လမ်းသလားခဲ့သူကြီးလို့။


++++

မျိုးဆက်သစ်များကိုကြိုဆိုလျှက် ဦးကျော်သူအတွက် မှတ်မှတ်ရရ။


၁.၁.၂၀၁၂ ရက်နေ့တွင် ကျရောက်မည့် နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ (၁၁) နှစ်ပြည့်အား ကြိုဆိုလျှက် (၁၁) မီးငြိမ်းမယ့် (၁၁) နှစ် ပြည့်ပွဲအမှတ်တရ

Sunday, November 13, 2011

ကဗျာအပေါ်အမြင်ကို ကဗျာနဲ့  ဖေါ်ကျူးတဲ့ ပြည်သူ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့  ကဗျာများနဲ့ အတူ။



“ကျွန်မဟာ ကဗျာဆရာ မဟုတ်ပါဖူး။ ကဗျာလေးတစ်ပုဒ် ရေးပေးပါဆိုတော့ ကဗျာကို မြတ်နိုးတန်ဖိုးထားတဲ့သူတစ်ယောက်အနေနဲ့ ပဲ ကဗျာအပေါ်အမြင်ကို ကဗျာပုံစံမျိုးနဲ့  ရေးလိုက်ပါတယ်”။"ကဗျာဆိုတာ" - by Daw Aung San Su Kyi

ကဗျာဆိုတာ
လူ့စဉ်းစာဥာဏ်ရဲ့ ပဲ့တင်သံ၊
နှလုံးသားရဲ့ ခုန်လှူပ်သံ၊
လူ့စိတ်ဓာတ်ရဲ့ မြည်ဟီးသံ၊
လူ့မျှော်လင့်ချက်ရဲ့ သီကျူးသံ၊
ကဗျာဆိုတာ
ကျမတို့ရဲ့ ရုန်းကန်သံ ပါပဲ။

(အောင်ဆန်းစုကြည်)။

ကဗျာအပေါ်အမြင်ကို ယခုလို ကဗျာပုံစံနဲ့  ရေးပေးခဲ့တဲ့ ပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့  “သံကြိုးကွင်းသံ တညံညံ” ဆိုတဲ့ ကဗျာကို ဖတ်ကြည့်ရင် အင်မတန်အဓိပ္ပါယ် လေးနက်တဲ့ အားမာန်ပြည့်ဝတဲ့ ကဗျာလေးဆိုတာ ခံစားမိသူတိုင်း ပြည်သူ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့  ကဗျာကို အထူး နှစ်သက်ကြမှာပါ။

“သံကြိုးကွင်းသံ တညံညံ”

ဆံပင်တွေလည်း ဆွေးမြည့်လို့
လည်ပင်းတွေလည်း ဆန့်ထွက်လို့
အဲ့ဒီလို ထွက်ပြီးသား အသက်တွေလည်း ပြန်ပြန်ဝင်နေလို့
တောင့်တောင့်ကြီး ရပ်နေတာတောင်
ခြေထောက်တွေက လှမ်းနေလို့
ကျစ်ကျစ်ပါအောင် ဆုပ်ထားတဲ့ လက်သီးတွေထဲ
သွေးချင်းတိုက်မိလို့
ငါတို့ရုန်းကန်သံ
နည်းနည်းလှူပ်လိုက်တာနဲ့ မြည်တယ်၊

(အောင်ဆန်းစုကြည်)။

အင်္ဂလိပ်ဘာသာဖြင့် သီဖွဲ့ ထားတဲ့ “In the Quiet Land” ဆိုတဲ့ အသံတိတ် တိုင်းပြည်ထဲမှာ ဆိုတဲ့ ကဗျာလေးဟာလည်း ပြည်သူလူထု အထူး ကြိုက်နှစ်သက်ခဲ့တဲ့ ကဗျာ ဖြစ်ပါတယ်။

“In The Quiet Land”

In the Quiet Land, no one can tell
if there's someone who's listening
for secrets they can sell.

The informers are paid in the blood of the land
and no one dares speak what the tyrants won't stand.

In the quiet land of Burma,
no one laughs and no one thinks out loud.

In the quiet land of Burma,
you can hear it in the silence of the crowd

In the Quiet Land, no one can say
when the soldiers are coming
to carry them away.

The Chinese want a road; the French want the oil;
the Thais take the timber; and SLORC takes the spoils...

In the Quiet Land....
In the Quiet Land, no one can hear
what is silenced by murder
and covered up with fear.

But, despite what is forced, freedom's a sound
that liars can't fake and no shouting can drown.

"အသံတိတ် တိုင်းပြည်ထဲမှာ"

အသံတိတ် တိုင်းပြည်ထဲမှာ
တဦးတယောက်ကများ ချောင်းနားထောင်နေရင်ဘဲ
ဆက်မပြောရဲကြတော့ဘူးလေ။

သတင်းပေးဆိုသူတွေက လျှို့ဝှက်ချက်တွေကို ရောင်းစားကြတယ်လေ။
ပြည်သူတွေရဲ့ အသက်သွေးတွေကို ဖောက်သောက်နေကြတာလေ။

မင်းဆိုးမင်းယုတ်တွေ မကြိုက်တာဆို
ဘယ်သူကမှ မပြောရဲကြဘူးလေ။

အသံတိတ် ဗမာပြည်ထဲမှာ
ရယ်မောနေသူတွေ လည်းမရှိကြဘူး၊
ထုတ်ပြောနေသူတွေ လည်းမရှိကြဘူး။

အသံတိတ် ဗမာပြည်ထဲမှာ
လူထုတွေရဲ့ တိတ်ဆိတ်မှုတွေကြား
အဲဒီ အမှန်တရား ကို ကြားသိနိုင်တယ်လေ။

အသံတိတ် တိုင်းပြည်ထဲမှာ
မတရားဖမ်းဆီးဖို့ လာနေတဲ့
စစ်သားတွေ ကိုမြင်နေတာတောင်
ဘယ်သူကမှ မပြောရဲကြဘူးလေ။

တရုတ်တွေက လမ်းမကြီးကို လိုချင်နေကြတယ်။
ပြင်သစ်တွေက ရေနံကို လိုချင်နေကြတယ်။
ထိုင်းတွေက သစ်ကို လိုချင်နေကြတယ်။
နဝတကတော့ အရာရာကို ဖျက်စီးနေကြတယ်။

အသံတိတ် တိုင်းပြည်ထဲမှာ

အသံတိတ် တိုင်းပြည်ထဲမှာ
ဘာသံမှကြားရမယ် မဟုတ်ဘူး
လူသတ်သမားတွေက နှုတ်ပိတ်ထားလို့လေ။
အကြောက်တရားတွေက ဖုံးပိတ်ထားလို့လေ။

အင်အားသုံးပြီး ဖိနှိပ်ထားပါစေ၊
မုသားဝါဒီတွေ မတုပနိုင်တဲ့၊
ဖျောက်ဖျက် ဖုံးဖိမထားနိုင်တဲ့
အသံတသံ ကတော့ရှင်သန်နေမှာ
”လွတ်လပ်ခြင်း” တဲ့။ ။

(အောင်ဆန်းစုကြည်)။

(ဘာသာပြန်။ ။ ဘလော့ခ်ဂါ အလင်းဆက်)။

ပြည်သူလူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့  တိုင်းပြည်နဲ့  လူမျိုးအပေါ် အလေးထားမှုဟာ “ကဗျာဆိုတာ လူ့စဉ်းစာဥာဏ်ရဲ့ ပဲ့တင်သံ၊ နှလုံးသားရဲ့ ခုန်လှူပ်သံ၊ လူ့စိတ်ဓာတ်ရဲ့ မြည်ဟီးသံ၊ လူ့မျှော်လင့်ချက်ရဲ့ သီကျူးသံ၊ ကဗျာဆိုတာကျမတို့ရဲ့ ရုန်းကန်သံ ပါပဲ” ကဗျာအပေါ် အမြင်အတိုင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကဗျာတိုင်းမှာ ပေါ်လွင်နေကြောင်း ဖြစ်ပါတယ်။