စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Friday, May 25, 2012

ဤကဗျာကို ဖယောင်းတိုင်မီးဖြင့် ကျွန်ုပ်ရေးသည်.....


ဤကဗျာကို ဖယောင်းတိုင်မီးဖြင့် ကျွန်ုပ်ရေးသည်.....


“ဟိုရှေ့က ဆူဆူညံ
ဘာသံလို့မေး
မီးစက်သံ တဖုန်းဖုန်းနဲ့
မြို့ပြတဲ့လေး…”

အဲ့သည်လို စာချိုးမှ
ရတော့မယ့် မြို့ပြ
နဂိုကလို မလှပတော့
မျက်စိနှစ်လုံး ဖွင့်ချိန်ကစ
မျင်စိနှစ်လုံး ပိတ်ချိန်အထိ
ညှော်နံ့က တစီစီ
မီးစက်သံ တညံညံနဲ့
မီးခိုးငွေ့တွေ တွင်တွင်လွင့်ပါလို့
လေထုတွေလည်း
ပိတ်လှောင်လို့ နွမ်းညစ်ရပြီ။

ဟော… ကြည့်လိုက်
ပလက်ဖောင်းတလျှောက်
တရုပ် ယိုးဒယား၊ ကိုရီးယား ဂျပန်
ပြည်တွင်းဖြစ်ပါမကျန်
ဂျင်နရေတာမီးစက်
အကြီးသေးဆိုဒ်စုံ
မရှိရင်မဖြစ်
ခေတ်မမှီတော့မယ့်ပုံမျိုး

အပူခိုးတွေ လှိုင်လှိုင်ထုတ်လို့
ဒေါသတကြီး ဆူပွက်
အနေခက်ရပုံများ
“ မီးစက်နှိုးသံ တညံညံ
ရန်ကုန်ပလက်ဖောင်း ”
…လို့ ထပ်ပြီး စာချိုးရလောက်ရဲ့။

မီးမလာတဲ့ နေ့တွေ
မီးမလာတဲ့ ညတွေ
မီးမလာတဲ့ ရက်၊ လ၊ နှစ်တွေ
ဒါလားကွဲ့ မြို့ပြ
အစိုးမရတဲ့ သည်မီး
သည်းညည်း မခံနိုင်စရာ
သောမတ်အင်ဒီဆင်
သူမြင်ရင် ထိုင်ငိုလောက်ရဲ့။

ရေမရ မီးမလာ
မီးမလာ ရေမရ
ရေရ မီးကမလာ
တခဏမီးလာပြန် မီးအားကမပြည့်
အင်ဗက်တာချာဂျင်ဝေးလို့
ဒီသံသရာ အခါခါလည်ရင်းနဲ့
ချိုးရေမရှိ
သုံးရေမရှိ
သောက်ရေ ဗလာနတ္ထိနဲ့
အိုးထဲတောင်
ကျွမ်းထိုးကောင် မနေ၀ံ့တယ်
မှောက်လို့သာကြည့်။

နွေညကပူ
ရွှေလရောင် တိမ်အောက်လျိုးလို့
မှောင်ရိပ်နဲ့ မည်းမည်းမှာ
အဘွားလည်း မအိပ်နိုင်
ချွေးဖြိုင်ဖြိုင် တထိုင်ထိုင်နဲ့
စိတ်ဘ၀င် နင့်ကာညှိုး
သွေးတွေသာ ဆင့်ကာတိုး။

အဘိုးခမျာ
သနားစရာ အောက်စီဂျင်နဲ့
အသက်ကို ခဲယဉ်းရှူ
ကျန်းမာအောင် ကူနေရပါ့
မီးမလာ ကြာကြာပျက်တော့
နွမ်းလျှကာ အသက်ရှူခက်တယ်
မွန်းကြပ်လို့ ပူ။

သမီးလေးငယ်ငယ်
စကားကြွယ်ရှိသေး
ညအမှောင် ပူလှောင်အိုက်လို့
မအိပ်နိုင် ဆူညံပွက်တယ်
တက်ချက်မတတ် ဆူ၊
သူ့အမေ ပူကာ မငိုက်နိုင်ဘူး
စူးပစေ တဗျင်းဗျင်းကုတ်ဖဲ့လို့
မိတ်ဖုတွေ နီတာရဲနဲ့
ချော့ခြောက်ကာပူ။

အဖေဖြစ်သူ အလုပ်သွားဖို့
ကားခကိုယူ
အဲကွန်းဘတ်(စ)လေပူပူနဲ့
လူထူထူ ငပိသိပ်ကြောင့်
တမှိန်းပင် မယူလိုက်ရ
ဒေါသသာ ထူကာကြွရတယ်
စိတ်က ငြူစူ၊
အလုပ်ရောက်ချိန် မီးပျက်ပြန်တော့
ချွေးတဒီးဒီး သွန်ကာကျပြန်ပေါ့
ယပ်ကိုသာ တွင်တွင်ခပ်လို့ရယ်
မူးနောက်ကာပူ။

လေးရာကို တစ်ထုတ်
တစ်ထုတ်မှာ ငါးတိုင်
ခပ်ယိုင်ယိုင်သာ အထွန်းခံတဲ့
သည်ဖယောင်းတိုင် ဆီမီးတောင်
ခေတ်ကြပ်မှာ မြိုင်မြိုင်မထွန်းနိုင်ဘူး
ချွေးတစိုစို စိတ်တိုတိုနဲ့
လိုချင်တာကို လေးဖြူလို
ဟစ်အော်ကာ ဆိုလိုက်ချင်ရဲ့
“ အလင်းရောင်….
သန်းခေါင်ယံ ညနက်ထဲ….
ကြယ်စင်များလဲ မလင်းလက်…
အလင်းရောင်….” ။

မြို့လည်း မြို့အလျှောက်
ကျေးလက်လည်း ကျေးလက်အလျှောက်
မနက်ပျက်တယ်
နေ့လည်ပျက်တယ်
ညပျက်တယ်
နေ့လုံးပေါက် ပျက်တယ်
ညလုံးပေါက် ပျက်တယ်
အပျက်တရား နေ့စဉ်ရှု
အဲ့လိုသာ မှန်မှန်ပျက်တယ်
မီတာခက မပျက်မကွက်တက်
အချိန်မှန်မှန် ဘီလ်ကထွက်။

နွေအခါ ဧရာဟုဟော်တယ်မှာ
ဘီယာတွေ မသောက်နိုင်ပါဘူး
ပလီပလာနဲ့ စေတနာစကား
“ကျွန်တော်တို့ကလည်း မီးမှိတ်
ဖယောင်းတိုင်နဲ့ နေပါ” ဆိုပြီး
မလာတဲ့မီး အတင်းမှိတ်ခိုင်းနေပြန်တော့
အူထဲက ရုန်းကြွ
သန်းခြောက်ဆယ် အော်ရယ်သံ
ရုန်းရုန်းညံလို့။

ပိုလျှံမဂ္ဂါဝပ်တွေ
ပေါပေါလောလောပေးလှူ
အခုမှ ပြန်ဝယ်ယူမယ်ဆိုတာမျိုး
အခုတစ်မျိုး တော်ကြာတစ်မျိုး
မရိုးရတဲ့ ပုံပြင်တွေကို
အသားမကျနိုင်
သည်းညည်းပင် ခံမရတော့တာမို့
ဖယောင်းတိုင် ကိုယ်စီဆွဲ
မိုးနတ်မင်းကို တိုင်တည်တဲ့ပွဲ။

နွေနေအပူ
ဟိုး…အရင်လို
လွန်ဆွဲယူလို့ မရတော့
မိုးကခေါင် သီးမအောင်
မိုး…မိုး…ဘာလို့မရွာ
ဖား…ဖား…ဘာလို့မအော်
စဉ်းစားစရာမလို
ဆင်းရဲခြင်း လွတ်ကင်းအောင်
လမ်းပြမဆောင်ခင်
အင်ဗက်တာ ဂျင်နရေတာ
ချာဂျာ ဖယောင်းတိုင်
နှစ်ပါးသွား အိုက်စပ်ညများ
ကင်းဝေးအောင် အရင်မဆောင်ရင်ဖြင့်
အရည်မပျော်တဲ့ ဖယောင်းလူသားတွေ
အလျှံရှိသမျှ
တညီးညီးလောင်ကျွမ်းခံရင်း
အစွမ်းကုန်
တောက်ပပြနေယုံပေါ့။ ။

Posted on May 25, 2012 မြသွေးနီ

0 comments: