မြန်မာပြည်မှ အပြောင်းအလဲများကို ကမ္ဘာ့မီဒီယာက နေရာပေး ဖော်ပြလာချိန်၊ မြန်မာပြည်တွင်းမှာလည်း သတင်းလွတ်လပ်ခွင့်ပြုရေး မီဒီယာသမားများနှင့်တိုင်ပင်ကာ လွှတ်တော်သို့တင်ပြ၊ ဥပဒေပြဋ္ဌာန်း လုပ်ဆောင် သွားမည်ဟု တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက် အကောင် အထည်ပေါ်လာလျှင် မြန်မာ့မီဒီယာသည်လည်း ကမ္ဘာ့မီဒီယာမိသားစုတွင်း ၀င်လာနိုင်တော့မည်ဟူ၍ သုံးသပ်မိသည်။ မြန်မာ့မီဒီယာဆိုသည်မှာ ပုဂ္ဂလိက မီဒီယာကိုသာမက အစိုးရမီဒီယာကိုပါ ဆိုလိုပါသည်။ မြန်မာပြည်နှင့်ပတ်သက်သည့် သတင်းများ ဆိုလျှင် ယခင်က မကောင်းမြင်သတင်းဆိုးများအဖြစ်နှင့်သာ မထင်မရှားထည့်သွင်းခဲ့သော ကမ္ဘာ့မီဒီယာတွင် ယနေ့မြန်မာပြည်က ဖြစ်ထွန်းမှုအပြောင်းအလဲသတင်းများကို စောင့်ကြည့်အနေအထားသာမက ဝေဖန်ချက်များ၊ ပါရဂူတို့၏ ထင်မြင်ချက်များ၊ နောက်ခံသမိုင်းကိုးကား ချက်များနှင့်နေရာပေး ဖော်ပြလာကြလေပြီ။
ယနေ့ကမ္ဘာတွင် မြန်မာကျန်နေလို့မဖြစ်
မြန်မာပြည် ကမ္ဘာ့မိသားစုဝင် ဖြစ်ရေး၊ မြန်မာ့မီဒီယာသည်လည်း ကမ္ဘာ့မီဒီယာမိသားစုဝင်ဖြစ်ဖို့ လိုသည်။ တိုင်းပြည်တစ်ပြည်၏ ကြန်အင်လက္ခဏာများအနက် မီဒီယာတစ်နည်းဆိုရသော် သတင်းလွတ်လပ်ခွင့်သည်လည်း အရေးကြီးအခန်းကနေ ပါဝင်ကြောင်း ကမ္ဘာက အသိအမှတ်ပြုထားသည်ကို မမေ့အပ်ပါ။ ခေတ်မီနည်းပညာများ၏ ကျေးဇူးကြောင့် မြောက်ကိုရီးယားက Kim Jong-il ၏ ဈာပနကို ကမ္ဘာအရပ်ရပ်က ဧည့်ခန်းထဲထိုင်ရင်း အပြည့်အ၀ ကြည့်လို့ရနေသည့် အချိန်ကာလကို ရောက်နေလေပြီ။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Hillary Clinton ရန်ကုန်မြို့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် နှစ်ကိုယ်ကြားတွေ့ဆုံဆွေးနွေးအပြီး မိနစ်ပိုင်းအတွင်း ဘီဘီစီမှ မီဒီယာသမား မီရှဲလ်ဟူစိန်က ဒေါ်အောင်ဆန်းစုကြည်တစ်ယောက်တည်းနှင့် ဘာကြောင့်ခုလိုတွေ့ဆုံဆွေးနွေးရတာလဲ မေးခွန်းနှင့် အစချီသော ရုပ်သံလွှင့်အစီစဉ်ကို ကမ္ဘာအရပ်ရပ်ရှိ စိတ်ဝင်စားသူတိုင်း ကြည့်ရသော်လည်း မြန်မာလူထုသန်း ၆၀ အနက် ဘယ်နှယောက်ကြည့်ရသလဲ။ မြောက်ကိုရီးယားက ဈာပနကို မကြည့်ရလျှင်လည်း ကိစ္စ မရှိ၊ ဘီဘီစီ၏ အမေးကို Hillary Clinton ဘယ်လိုဖြေသလဲဆိုတာကို တော့မြန်မာတွေ သိချင်ကြပေလိမ့်မည်။ တကယ်တော့ သိလည်းသိခွင့်ရှိပါသည်။ ဘာ့ကြောင့်မသိကြရသနည်း။
မြန်မာတို့ခမျာ နီးလျက်ဝေး
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအား လန်ဒန်ကနေ ဗြိတိသျမီဒီယာက လှမ်းမေးလို့ရလျှင် ရန်ကုန်ရှိ မြန်မာမီဒီယာသမားတို့ ဘာဖြစ်လို့ မမေးနိုင်ရတာလဲ။ မမေးချင်ဘဲ ဘယ်နေပါ့မလဲ။ ကိုယ့်မြေပေါ်က သတင်း ကိုယ့်တိုင်းပြည်ကိစ္စ ကိုယ့်ပရိသတ်ရဲ့စိတ်ဝင်စားမှုမို့ မြန်မာမီဒီ ယာသမားတို့ ပိုလို့တောင် မေးချင်ကြမှာ မြေကြီးလက်ခတ်မလွဲတည်း။ မြန်မာမီဒီယာကမေးလာလျှင် ဧည့်သည်အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပိုလို့ပင် ဂရုတစိုက် ဖြေကြားရပါမည်။ ဖြေလည်း ဖြေချင်ပေလိမ့်မည်။ ဒီကနေ့ကမ္ဘာမှာ ဘယ်နိုင်ငံက ဘယ်အဆင့်ခေါင်းဆောင်မဆို မီဒီယာ သမားဆိုတာ မိမိတို့နှင့် တစ်လှေတည်းစီး တစ်ခရီးတည်းသွားဆိုတာ သိထား လက်ခံထားကြရသည်။ မြန်မာပရိသတ်မသိရ၊ မြန်မာမီဒီယာတို့ အပြည့်အ၀မမေးရသော ပြဿနာအဖြေရှာကြရတော့မည်။ မြန်မာပြည်တွင်းမှာလည်း သတင်းလွတ်လပ်ခွင့်ပြုရေး မီဒီယာသမားများနှင့်တိုင်ပင်ကာ လွှတ်တော်သို့ တင်ပြ၊ ဥပဒေပြဋ္ဌာန်း လုပ်ဆောင်သွားမည်ဟု တာဝန်ရှိသူတစ်ဦး ပြောကြားချက် အကောင်အထည်ပေါ်လာလျှင် အထက်ပါပြဿနာ အဖြေတန်းမရသေးသည့်တိုင် သတင်းရှိပါလျက်နှင့် သတင်းငတ်နေရ သည့် ပရိသတ်အတွက် အစိုးရနှင့်မီဒီယာတို့အတူတွဲကာ လုပ်ဆောင်ရေးလမ်းစ ဖော်ဆောင်ပေးနိုင်လိမ့်မည်ဟု မြန်မာ့မီဒီယာနှင့် ကမ္ဘာ့မီဒီယာတို့တွင် အနှစ်ငါးဆယ်ကျော် ပါဝင်ခဲ့ဖူးသူတစ်ဦးအနေနှင့် စာရေးသူ အပြည့်အ၀ ယုံကြည်မျှော်လင့်ပါသည်။
မြင်ပြီပြောပြီဆို လုပ်ဖို့လိုပြီ
သတင်းလွတ်လပ်ခွင့်မရှိလျှင် ဒီမိုကရေစီမရှိနိုင်ဟု သူထင်မြင်ကြောင်း အဆိုပါတာဝန်ရှိသူပြောကြားချက်ကလည်း နှစ်ထောင်းအားရစရာ ကောင်းလှပါ၏။ အလွန်မှန်သော စကား၊ အားတက်စရာကောင်းသော စကားဟု ကိုယ်တွေ့ပေါ်အခြေခံကာ ဆိုပါရစေ။ ဒီကနေ့ မြန်မာပြည်ကိုအုပ်ချုပ်နေသော အစိုးရသည် အရပ်သားအစိုးရအစစ်လား၊ ဒီမိုကရေစီအပြည့်အ၀ ကျင့်သုံးသလားဟု မေးလာပါလျှင် မေးခွန်းထုတ်သူလိုချင်သော အဖြေကိုကိုယ်တိုင်ပေးမှ သာရပါလိမ့်မည်။ အရပ်သားအစိုးရ ဖြစ်ချင်ကြောင်း၊ ဒီမိုကရေစီစနစ် ကျင့်သုံးမည့်အကြောင်း အနည်းဆုံး ကမ္ဘာသိတာဝန်ယူပြောထားပြီး သတင်းလွတ်လပ်ခွင့်ပေးဖို့ဆန္ဒ အစိုးရမှာရှိနိုင်သည်ကို သံသယဖြစ်စရာ မလိုပါ။ ဒီမိုကရေစီလမ်းကြောင်း ပေါ်လှမ်းတက်နေရဆဲလား၊ ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်နေပြီပဲထား သူတို့မှာ ခွန်အား ရာခိုင်နှုန်း အပြည့်မရှိသေးလို့ သတင်းလွတ်လပ်ခွင့်ပေးလိုက်ဖို့ မ၀ံ့မရဲဖြစ်နေသလား စသဖြင့် တွေးတောစဉ်းစားလျှင်မူ အစိုးရကို နားလည်နိုင်ပါမည်။ အစိုးရချည်းသက်သက် ဒီမိုကရေစီလမ်းကြောင်းပေါ်လှမ်းတက်ဖို့ ခက်လိမ့်မည်၊ အစိုးရချည်းသက်သက် ဒီမိုက ရေစီလမ်းကြောင်းပေါ် အဖော်မပါဘဲ လျှောက်နေပါလျှင် စမ်းတ၀ါးဝါးနှင့် အချိန်လည်းကြာ ခရီးလည်းမပေါက် ဖြစ်လိမ့်မည်ဟု ထောက်ပြပါရစေ။
မီဒီယာဟူသည်အစိုးရအဖို့ အဖော်ကောင်း
မြန်မာပြည်တွင် ဒီကနေ့အစိုးရအဖို့ လက်တွဲရမည့် အဖော်ကားအခြားမဟုတ်၊ မီဒီယာဖြစ်သည်။ တာဝန်သိမီဒီယာကောင်းဖြစ်ရေးအတွက် သတင်းလွတ်လပ်ခွင့် ရှိကိုရှိရပါမည်။ ပြည်သူလူထုအနေနှင့် သူတို့ကံကြမ္မာကို ဖန်တီးနေသည့် အစိုးရလုပ်ဆောင်နေသည်များမှာ ပါဝင်ခွင့်မရသေးသည့်တိုင် ဘာတွေလုပ်နေသလဲဆိုတာလောက်တော့ သိခွင့်ရှိသည်။ သိသင့်သိထိုက်သည်များကို သိခွင့်မရလျှင် ထင်ကြေးနှင့်ခန့်မှန်းပြောဆိုရာကနေ ကောလာဟလတွေ ပေါ်လာရသည်။ သတင်းလွတ်လပ်ခွင့်သာရှိပါက ကောလာဟလ ပေါ်လာစရာ အကြောင်းမရှိပါ။ ကောလာဟလသည် အစိုးရအတွက်ရော၊ မီဒီယာအတွက်ရော၊ နိုင်ငံအတွက်ရော အကျိုးမပြုပါ။ ထို့ကြောင့် သတင်းလွတ်လပ်ခွင့် မီဒီယာမှာရှိဖို့အတွက် အစိုးရက တာဝန်ယူ လုပ်ဆောင်ပေးရမည်။ ယနေ့မြန်မာမီဒီယာကို ယနေ့ မြန်မာအစိုးရက သတင်းလွတ်လပ်ခွင့်ပေးရေး အဘယ့်ကြောင့် လက်တွန့်နေရသနည်း။ စာရေးသူအနေနှင့် အစိုးရတာဝန်ရှိသူများထံ တွေ့ဆုံမေးမြန်းခွင့်မရ၍ အတိအကျမသိပါ။ သတင်းလွတ်လပ်ခွင့် ချက်ချင်းပေးလိုက်လျှင် ထိန်းမနိုင်သိမ်းမရ ကမောက်ကမ ဖြစ်ကုန်မလားဟု စိုးရိမ်နေသလားဆိုလျှင်တော့ အစိုးရကိုအပြစ်မတင်ဘဲ နားလည်ရပါမည်။ ပြောကြစတမ်းဆို ယနေ့ မြန်မာမီဒီယာကိုယ်၌ကလည်း ဖောင်းပွနေသည်။ မြေစမ်း ခရမ်းပျိုးနေကြရသည်။ အုတ်အရောရော ကျောက်အရောရော ဖြစ်နေသည်။ မီဒီယာ လမ်းကြောင်း ပီပီပြင်ပြင်မရှိ၍လည်း ဦးတည်ရာမဲ့နေကာ သွားရာခရီးမပေါက်ဘဲ တလွဲရောက်ချင် ရောက်နေမည်။ နှစ်ဖက်ညှိကာ ရဲရဲပြင်လို့ရပါသည်။
ဒီမိုကရေစီလမ်းကြောင်းပေါ် လှမ်းတက်နေရဆဲလား၊ ဒီမိုကရေစီ လမ်းကြောင်းပေါ် ရောက်နေပြီပဲထား သူတို့မှာ ခွန်အားရာခိုင်နှုန်း အပြည့်မရှိသေးလို့ သတင်းလွတ်လပ်ခွင့် ပေးလိုက်ဖို့ မ၀ံ့မရဲဖြစ်နေသလား စသဖြင့် တွေးတောစဉ်းစားလျှင်မူ အစိုးရကို နားလည်နိုင်ပါမည်။ အစိုးရချည်းသက်သက် ဒီမိုကရေစီလမ်းကြောင်းပေါ် လှမ်းတက်ဖို့ ခက်လိမ့်မည် . . .
ဒီမိုကရေစီရော သတင်းလွတ်လပ်ခွင့်ရောရှိခဲ့ဖူး
ယနေ့မြန်မာပြည်တွင် ဒီမိုကရေစီဆိုသည် အသစ်အဆန်းလို၊ သတင်းလွတ်လပ်ခွင့်ဆိုသည် ခဲရာ ခဲဆစ်ဖြစ်နေသည်ကို တွေးကြည့်သောအခါ၊ ဒီမိုကရေစီကျင့်သုံးသော သတင်းလွတ်လပ်ခွင့်ရှိသော မြန်မာပြည်တွင် မွေးဖွားကြီးပြင်းခဲ့ရ သည့်၊ ဒီမိုကရေစီကွယ်ပျောက်သွားသော သတင်းလွတ်လပ်ခွင့် ကင်းမဲ့သွားသောကာလ မြန်မာပြည်ကို ဖြတ်သန်းခဲ့ဖူးသည့် မီဒီယာသမားတစ်ဦးအနေနှင့် မကျေမနပ်လည်း မဖြစ်၊ ၀မ်းလည်း မနည်း၊ စိတ်မကောင်းတော့ ဖြစ်မိသည်။ အကြောင်းကသည်လိုပါ။ မြန်မာပြည် ဗြိတိသျတို့ လက်အောက်သို့ လုံးလုံးလျားလျား ရောက်မသွားမီကတည်းက မြန်မာတွေ ဒီမိုကရေစီ၏ အရသာကို မြည်းစမ်းခွင့်၊ သတင်း လွတ်လပ်ခွင့်ကို စားသုံးနေခဲ့ကြရသောကြောင့် ဖြစ်သည်။ အောက်မြန်မာပြည် ဗြိတိသျတို့ လက်အောက်သို့ ရောက်စမှာပင် တနင်္သာရီတိုင်းနှင့် ရခိုင်တိုင်းတွင် အင်္ဂလိပ်လို၊ ဗမာလို၊ ကရင်လို၊ ရခိုင်လိုသတင်းစာတွေ မြန်မာတို့ ဖတ်နေကြရပြီ။
သတင်းစာကိုမကြောက်သော ဘုရင်
ထိုအခါ မန္တလေးနန်းတွင်းတွင်လည်း ၁၈၇၅ ခု၊ မတ်လ ၃၀ ရက်နေ့က ရတနာပုံနေပြည်တော်သတင်းစာစထွက်သည်ဟု ဆိုသည်။ ၁၈၇၄ ခုနှစ်လောက်အထိ စောနိုင်ကြောင်းလည်း ခန်မှန်းကြသည်။ မင်းတုန်းမင်းတရားက ထုတ်ခိုင်းသလား၊ ဘိုး ၀ဇီရက သတင်းစာထုတ်ခွင့်လျှောက်သလား အတိအကျမသိနိုင်။ သေချာသည်ကတော့ မင်းတုန်းမင်းကြီး မီးစိမ်းမပြဘဲ ရတနာပုံနေပြည်တော်သတင်းစာ နန်းတွင်းသားတို့ ဖတ်ခွင့်ရကြမည် မဟုတ်ဆိုသော အချက်တည်း။ သက်ဦးဆံပိုင်ဘ၀ရှင် မင်းတုန်းမင်း တရားက ငါမကောင်းလျှင် ငါ့အကြောင်းရေး၊ မိဖုရားတွေမကောင်းလျှင် မိဖုရားတွေမကောင်းကြောင်းရေး၊ သားတော်သမီးတော်တွေ မကောင်းလျှင် သားတော်သမီးတော်တွေ မကောင်းကြောင်းရေး၊ သတင်းသမားများ နန်းတွင်းသို့ အတားအဆီးမရှိ ၀င်ခွင့်ထွက်ခွင့်ရှိစေရမည်ဟူ၍ သတင်းလွတ်လပ်ခွင့်ပေးခဲ့ကြောင်း မြန်မာသတင် စာဆရာတို့ ဂုဏ်ယူစွာ ပြော ဆိုလေ့ရှိကြသည်။ မြန်မာပြည်သားများ သတင်းစာဖတ်ချင်ကြ၊ သတင်းလွတ်လပ်ခွင့်ရချင်ကြမည်ကို အလွယ်တကူခန့်မှန်းလို့ ရနိုင်ပါသည်။ ယခုဤဆောင်းပါးရေးချိန်တွင် စာရေးသူ၏ ကလောင်သက် ၅၅ နှစ်ကျော် လာပါပြီ။ မြန်မာပြည်တွင်း အစိုးရမီဒီယာမှာရော ပုဂ္ဂလိကမီဒီယာမှာပါ ရေးခဲ့သည်။ အစိုးရစေလွှတ်၍ ဆိုဗီယက်ယူနီယန်တွင်လည်း ကွန်မြူနစ်မီဒီယာအတွက် ရေးခဲ့ဖူးသည်။ ထိုင်းနိုင်ငံရောက်သွားတော့လည်း ပြည်ပ အခြေစိုက် မြန်မာမီဒီယာအတွက် ရေးပေးရသည်။ အမေရိကန်ရောက်လာတော့လည်း အစိုးရသတင်းအေဂျင်စီအတွက် ရေးရပြန်သည်။ မည်သည့်အခါမှ ပြဿနာမတက်၊ အခက်မကြုံခဲ့ပါ။ တော်လွန်း တတ်လွန်း၍ မဟုတ်ပါ။ ကလောင် ကိုင်တတ်သည့် လက်ဖြင့်ရေးသောကြောင့်ဖြစ်သည်။ ကလောင်မည်သို့ ကိုင်ရမည်ကို ဆရာ့ဆရာများက သင်းပေးသောကြောင့် ကလောင်ကိုင်တတ်ခြင်းဖြစ်သည်။
ကလောင် ဘယ်လိုကိုင်မလဲ
ရတနာပုံနေပြည်တော်သတင်း စာအတွက် ရေးသားသောအခါ ဆရာကြီးဘိုးဝဇီရသည် မျက်စိတစ်ဖက်က ကလောင်ကိုကြည့်ရင်း ကျန်မျက်စိတစ်ဖက်က မင်းတုန်းမင်းကြီး လက်ထဲကိုင်ထားသည့် သန်လျက်ကို လှမ်းကြည့်ရသည်။ ထို့ကြောင့်လည်း ဘိုးဝဇီရ၏ သားစဉ်မြေးဆက် မြန်မာသတင်းစာတို့ မည်သည့်အခြေအနေမျိုးတွင်မဆို ကလောင်ကို ကိုင်တတ်၊ သတင်းလွတ်လပ်ခွင့်သုံး တတ်ကြခြင်းဖြစ်သည်။ကလောင်ကို စည်းနှင့်ကမ်းနှင့် ကိုင်ရပြီး မိမိရေး သားသည်များကိုလည်း တာဝန်ယူရဲရမည်။ ကလောင်ကိုင်ခွင့်ရသည်ကို အလွဲသုံးစားလုပ်လို့မရ။ သို့မှာသာ သတင်းစာဆရာသည် ကြောက်စိတ်ကင်းစွာ ကလောင်ကိုင်နိုင်မည်။ ကလောင်သွားသည် ဓားသွားထက် ပိုထက်သည်ဆိုသောစကားမှာ စာ-နယ်-ဇင်းသမားများက သူတို့ကိုယ် သူတို့အမွှန်းတင် ပြောဆိုခြင်းမဟုတ်၊ သုတေသီများ သမိုင်းဆရာများက မှတ်တမ်းတင်ကြခြင်းသာ ဖြစ်သည်။
စာ-နယ်-ဇင်းမှသည် မီဒီယာသို့ သိပ္ပံပညာတိုးတက်လာသောအခါ သတင်းစာများသာမက အသံလွှင့်လုပ်ငန်း ပေါ်လာသည်။ နောက်တစ်ခါ ရုပ်မြင်သံကြား ထွင်လာနိုင်သည်။ ခေတ်မီနည်းပညာ နေ့ချင်းညချင်း တိုးတက်လာနေသည့် ယနေ့ကမ္ဘာတွင် သတင်းစာ၊ ရေဒီယို၊ TV များသာမက ကွန်ပျူတာများသုံးကာ Internet , Online စသဖြင့် ရှိလာသည်။ ခဲစာလုံးများဖြင့် လူသုံးလေးယောက် စာစီစရာမလိုတော့သလို စာစီခုံများယူထားသည့်နေရာတွင် ကွန်ပျူတာတစ်လုံးနှင့် လူတစ်ယောက်ရှိရုံနှင့် အလုပ်ဖြစ်လာပြီ။ သတင်းယူသည့် နေရာသတင်းပို့သည့်နေရာတွင်လည်း လွယ်ကူမြန်ဆန်လာသည်။ ကလောင်ကိုသာမက မိုက်ကရိုဖုန်းများ၊ ကင်မရာများကိုပါ ကိုင်လာကြရသည်။
စာ-နယ်-ဇင်းမှသည် ခေတ်အခေါ် မီဒီယာရယ်လို့ ဖြစ်လာရသည်။ လျင်မြန်စွာ ပြောင်းလဲလာသည်။ မပြောင်းလဲသည်ကား ကျင့်ဝတ်နှင့် တာဝန်ယူရမှု ဖြစ်သည်။ ကလောင်ကိုင်သောလက်အတွက် ကျင့်ဝတ်ကို မိုက်ကရိုဖုန်းကိုင်သောလက် ကင်မရာကိုင်သောလက် ကွန်ပျူတာ ကိုင်သောလက်တို့လည်း လိုက်နာကြရသည်။ စာ-နယ်-ဇင်းတို့နည်းတူ မီဒီယာကလည်း တာဝန်ယူရသည်။ တစ်သဘောတည်းဖြစ်သည်။
လူထု၏အခန်းကဏ္ဍ
ဒီမိုကရေစီစနစ်ကျင့်သုံးသော နိုင်ငံတွင် လူထုသည် အရေးကြီး သောအခန်းကဏ္ဍကပါဝင်သည်။ လူထုဆိုသည်မှာ လူမျိုးမရွေး၊ ဘာသာမရွေး နိုင်ငံသားအားလုံးကို ဆိုလိုသည်။ တိုင်းတစ်ပါးကလာရောက် နေထိုင် လုပ်ကိုင်နေကြသည့် နိုင်ငံခြားသားများကိုပါ ထည့်သွင်းစဉ်းစားရသည်။ လူထုကိုပေါ့သေးသေး တွက်လို့မရကြောင်း အစိုးရကလည်း သိသည်။ မီဒီယာကလည်း သိသည်။ လူထုက ရွေးကောက်တင်မြှောက်မှ သာလျှင် အစိုးရဆိုတာ ဖြစ်လာနိုင်သည်။ လူထုက လက်မခံ နိုင်တော့ဘူးဆိုလျှင် နောက်ရွေးကောက်ပွဲအထိ စောင့်နေစရာမလိုဘဲ အစိုးရကို ဖယ်ရှားလို့ရသည်။ ထိုနည်းတူစွာ လူထုက လက်ခံမှာသာလျှင် မီဒီယာရှင်သန် လို့ရသည်။ စာ-နယ်-ဇင်းတွေ ဘယ်လောက်ထွက်ထွက် လူထုကမဖတ်လျှင် ရပ်သွားလိမ့် မည်။ အသံလွှင့်ဌာနတွေ ဘယ်လောက်များများ လူထုကနားမထောင်လျှင် အသံလှိုင်းတွေ နားထဲမ၀င်နိုင်ဘဲ လေထဲ တ၀ဲလည်လည် ဖြစ်နေမည်။ ရုပ်သံလွှင့်တွေ ဘယ်လောက်ကြိုးစားကြိုးစား လူထုက TV ပိတ်ထားလျှင် အလကားဖြစ်သွားမည်ကို သတိပြုသင့်သည်။ ထို့ကြောင့်လည်း လွတ်လပ်ပွင့်လင်းသည့် လူ့အဖွဲ့အစည်းတွင် လူတစ်ဦးတစ်ယောက်ချင်းကို အစိုးရကရော မီဒီယာကပါ လေးစားတန်ဖိုးထားကြရခြင်း ဖြစ်သည်။
ယနေ့ မြန်မာလူထုအစိုးရနှင့် မီဒီယာ
ယနေ့မြန်မာပြည်က အခြေအနေကိုသုံးသပ်လျှင် အစိုးရက နေရာယူထားသည်၊ မီဒီယာကလည်း နေရာရသလောက်တော့ ရနေသည်။ နေရာမရဘုံ ပျောက်နေသည်က ပြည်သူလူထု ဆိုနိုင်ပါသည်။ အစိုးရမှာ အာဏာရှိ၍ မီဒီယာသမားများအား အရေးယူနိုင်သည်၊ ဖမ်းဆီးနိုင်သည်၊ ထောင်ချနိုင်သည်။ မီဒီယာသမားများအနေနှင့်မူ ဒီမိုကရေစီနိုင်ငံများမှာလို အစိုးရကိုတရားစွဲနိုင်သော အဆင့်သို့မရောက်သေး။ ထိုအဆင့်သို့ရောက်ရေး လုပ်ဆောင်ပေးဖို့ အစိုးရ မှာ တာဝန်ရှိသည်။ မီဒီယာဆိုင်ရာ ဥပဒေတစ်ရပ် လိုအပ်လာသည်။ သတင်းလွတ်လပ်ခွင့်ပေးရဲလာအောင် တာဝန်သိပီပြင်သည့် မီဒီယာဖြစ်ရပါမည်။ အုတ်အရောရော ကျောက်အရောရောနှင့် ဖောင်းပွနေရာကနေ မီဒီယာအတုအယောင် များ လျော့နည်းကင်းစင်သွားသည့် တာဝန်သိမီဒီယာဖြစ်ရေး ခက်ခဲသည့်ကြား နှစ်ဖက်လက်တွဲကြိုးပမ်းကြပါလျှင် မရစရာအကြောင်းမရှိပါ။ ပြင်ပကမ္ဘာကိုလှမ်းကြည့်သလို ကိုယ့်မြန်မာပြည်တွင် တကယ်ရှိခဲ့ဖူးသည်များကို သမင်လည်ပြန် ကြည့်လိုက် ပါက ပိုမိုမြန်ဆန် အဆင်ပြေနိုင်ပါသည်။ ဘုံပျောက်နေသည့်လူထုလည်း သူ့နေရာသူပြန်ရောက်ကာ သူ့တာဝန်သူယူလာလိမ့်မည်။ ထို့ကြောင့် အစိုးရနှင့်မီဒီယာသမားတို့ကြား ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးကြပါ၊ အလေးထားညှိနှိုင်းကြပါ၊ မြန်မြန် ဆန်ဆန် အကောင်အထည်ဖော်လုပ်ဆောင်ကြပါဟု တိုက်တွန်းလိုပါသည်။
ဒီမိုကရေစီလိုချင်ကြသည်ဆိုပါက လက်နှေးမနေပါနှင့်။ တစ်ရက်စောပြီး ဒီမိုကရေစီမျိုးစေ့ချလျှင် တစ်ရက်စော အပင်ပေါက်မည်။ တစ်ရက်စောအပင်ပေါက်လျှင် တစ်ရက်စောသီးပွင့်မည်။ ထိုအခါတစ်ရက်စောပြီး ဒီမိုကရေစီ အသီးအပွင့်ကို စားသုံးကြရမည် မဟုတ်ပါလား။
Written by ၀င်းအောင်ကြီး
Eleven Media Group
0 comments:
Post a Comment