ဟော့ဒီလို ပြောဆိုမှုမျိုးတွေကို ကြားဘူးကြလိမ့်မယ် ထင်ပါတယ်။
`ဟာ တိုင်းပြည် ဘာစနစ်နဲ့အုပ်ချုပ်သည်ဖြစ်စေပါကွာ၊ အရေးကြီးတာ တိုင်းပြည်ချမ်းသာဖို့ပဲ´
`ဘယ်သူ အုပ်ချုပ်အုပ်ချုပ် တိုင်းပြည်ကောင်းရင်ပြီးတာပဲ´
`အရေးကြီးတာ ပြည်သူတွေ စားဝတ်နေရေး ပြေလည်ဖို့ပဲ၊ ဒီမိုကရေစီ မဟုတ်ဘူး´
... စသဖြင့်ပေါ့လေ။
တိုင်းပြည် ချမ်းသာရင် ကောင်းသလား? တစ်ခွန်းတည်းမေးမယ်။
ဘယ်သူမှ ငြင်းမှာမဟုတ်ဘူး။ ဟာ ... ဘယ့်နှယ့်မေးပါလိမ့် လွှတ်ကောင်းပေါ့ဗျာလို့ မဆိုင်းမတွ ဖြေရလိမ့်မယ်။
ဒါဆို ပြန်မေးစရာရှိတယ်။ ကျနော်တို့ ခေါင်းဆောင်တွေကအစပြုလို့ ကျနော်တို့လို စာပဲ ရေးတတ်တဲ့ ပါမွှားလေးတွေအဆုံး ဘာလို့ ဒီမိုကရေစီကို တွင်တွင်တောင်းနေကြသလဲ?
ထပ်ပြီး ရှင်းအောင်ပြောရရင် ဒီမိုကရေစီရရှိရေး ဒို့အရေးဆိုပြီးသာ လမ်းပေါ်ထွက်အော်ခဲ့ကြပြီး
တိုင်းပြည်ချမ်းသာရေး တို့အရေးလို့ ဘာလို့ မအော်ကြသလဲ။
ထပ်ပြီး အသေးစိတ်ပြောပါဦးမယ်။
တစ်ပြည်လုံး လမ်းတွေ တံတားတွေ ကောင်းရေး၊ ဆည်တွေ တာတမံတွေ ကောင်းမွန်စွာ တည်ဆောက်နိုင်ရေး။
လူတစ်ဦးချင်း ၀င်ငွေတိုးတက်ရေး စတာတွေကို အဓိက မကြွေးကျော်ပဲ ဘာဖြစ်လို့ ဒီမိုကရေကိုသာ တွင်တွင်တောင်းနေကြသလဲ?
အရှင်းဆုံးနဲ့ အပြတ်သားဆုံး ဖြေရရင်တော့ ဗုဒ္ဓဘာသာမှာ အကြောင်းကြောင့် အကျိုးဖြစ်တယ်ဆိုတာလိုပါပဲ။
ကျနော်တို့ဟာ ဗုဒ္ဓဘာသာနဲ့ ပတ်သက်ရင် အမြင်သာဆုံးမို့လို့ တရားတော်လာ စကားနဲ့ရှင်းပါ့မယ်။
အ၀ိဇ္ဇာ ပစ္စယာ သင်္ခါရာ အစရှိတဲ့ ပဋိစ္စသမုဒ်ပါတ်လာ စကားကို လူတော်တော်များများ ကြားဖူးကြပါလိမ့်မယ်။
အမှန်တရားကို မသိမှုအ၀ိဇ္ဖာကြောင့် သံသရာလည် ဒုက္ခတွေ မဆုံးတမ်းဖြစ်နေကြရတာပါတဲ့။
သိပယ် ဆိုက်ပွားဆိုသလိုပဲ အမှန်ကို မြင်တဲ့နေ့မှာ အားလုံး ပြီးသွားမှာပါတဲ့။
အဓိက ချက်ဖြစ်တဲ့ အ၀ိဇ္ဇာတရားကို ပယ်နှုတ်ဖို့ ကြိုးစားကြရမယ်လို့ နားလည်ရပါတယ်။
ကျနော်တို့ ဒီမိုကရေစီ တောင်းကြတာလဲ အဲဒီလိုအတိုင်းပါပဲ။ သော့ချက်ကို ကိုင်ဖို့ ကြိုးစားတာပါ။
ဒီမိုကရေစီ ရှိရင် ဘာဖြစ်လဲဆိုတာ မပြောခင် ဒီမိုကရေစီ မရှိရင် ဘာဖြစ်လဲဆိုတာ နည်းနည်းလေးပြောခွင့်ပြုပါ။
အတိတ်ကို ပြန်မလှန်လိုပေမဲ့ ဥပမာနဲ့မှ ရှင်းမှာမို့ မဆလခေတ်ကအကြောင်းလေး နည်းနည်းပြောခွင့်ပြုပါ။
မဆလခေတ်ကလဲ တိုင်းပြည်ကောင်းအောင် (ဆိုပြီး) လုပ်ခဲ့ကြတာပါပဲ။
လမ်းတွေဖောက် တံတားတွေ ဆောက်၊ ဆည်တွေ ဘယ်နှစ်စင်း ဖော် ဆိုတာ ကျနော်တို့ ခေတ်အဆက်ဆက် စာရင်းပြနေကျ ကိစ္စလေ။
ဒါပေမဲ့ တကယ်တမ်းမှာ ဘာဖြစ်ပါသလဲ? တကယ့်တကယ်တမ်းမှာ ဘာဖြစ်ပါသလဲ?
လမ်းက ဖောက်တော့ဖောက်ပါရဲ့။ နိုင်လွန်ကတ္တရာလမ်းသာပြောတာ ပေါင်မုန့်ထောပတ်သုတ်သလို
နိုင်လွန်ကတ္တရာလမ်းဖြစ်နေတယ်။
အပေါ်ယံလေး ကတ္တရာလောင်းသွားတာ။ ပါးပါးကလေး။ တစ်မိုးလောက်ကျော်တာနဲ့ ပျက်ကရော။
ဆည်တွေဆိုတာလဲ စာရင်းတွေ တင်လို့ရအောင်သာ လျှောက်လုပ်။ တကယ့်တကယ်တမ်းကျတော့ မရောင်ရာဆီတွေလူး။ မလိုတဲ့နေရာတွေ လျှောက်လုပ်တော့ မြစ်ကြောင်းပျက်ကရော။
တံတားတွေမှာလည်း စာရင်းတွေသာ တိုးတိုးလာ။ ဒီ့အတွက်တာဝန်ယူရသူတွေက အိတ်တွေ ဖောင်းဖောင်းလာ။ အခြေအနေက ဒုံရင်းက ဒုံရင်း။
ဒါတွေ ဘာလို့ ဖြစ်ရတာပါလဲ။ ထိပ်ဆုံးက အကြီးအကဲက တကယ့်စေတနာနဲ့ တိုင်းပြည်ကောင်းအောင်ဆိုပြီး ဘက်ဂျက်တွေ ချပေးလိုက်တယ် ထားဦး။
အဆင့်ဆင့် အိတ်ထဲ ထည့်ကြတော့ နောက်ဆုံး ဘာဆိုဘာမှကိုမကျန်။
ဒီနေရာမှာ အလျဉ်းသင့်လို့ ဟာသလေးတစ်ခုပြောချင်ပါတယ်။ အရင်ခေတ်ကအကြောင်းလေးပါ။
အိမ်နီးချင်းနိုင်ငံတစ်ခုကို ကျနော်တို့ဆီက လမ်းတံတားဆိုင်ရာ အရာရှိကြီးတစ်ပါးသွားလည်သတဲ့။
အဲဒီက လမ်းတံတားဆိုင်ရာ အရာရှိကြီးကကြို။ သူ့အိမ်ကြီးကို လိုက်ပြတယ်။
ဟာ၊ စံအိမ်က ရဲတိုက်ကြီးတမျှပဲ။ တယ်ကောင်းပါလား တယ်ခမ်းနားပါကလားလို့
ကျနော်တို့အရာရှိကြီးစိတ်ထဲဖြစ်မိတော့ မနေနိုင်ဘူး ဖွင့်ထုတ်မေးမိရော။
`ခင်ဗျားဝင်ငွေနဲ့ ဘယ်လိုလုပ်ပြီး ဒီလောက်အိမ်ကြီးမဟာနဲ့ နေနိုင်သလဲ´ ဆိုတော့
ဟိုက ခပ်ပြုံးပြုံးလေးလုပ်နေတယ်။ မဖြေဘူး။
`လုပ်ပါ ကျနော်သိချင်လွန်းလို့ပါ။ ဒီကိစ္စဘာယ်သူမှ ပြန်မပြောဘဲ ၀မ်းထဲ ထားပါ့မယ်´ ဆိုမှ သူ့အိမ်ပြတင်းပေါက် အသာခေါ်သွားသတဲ့။
ဟိုက ပြတင်းပေါက်လိုက်ကာကို လှပ်လိုက်တော့ အရာရှိကြီး အံ့သြနေတာပေါ့။ ဘယ့်နှယ့် ငါမေးတာက တခြား ဒီငနဲဘာလုပ်ပြနေပါလိမ့်လို့ တွေးတုန်း
လိုက်ကာ ဖယ်သွားတဲ့အခါ အဲဒီနေရာနဲ့ မလှမ်းမကမ်းက တံတားကြီးတစ်စင်း အမြင်အာရုံထဲ ၀င်လာတယ်။ ဟိုလူက ခပ်ပြုံးပြုံးပဲ မေးတယ်။
`ခင်ဗျား၊ ဟိုးက တံတားကြီး မြင်လား´ တဲ့။ မြင်တာပေါ့ ဒီလောက်ကြီးတဲ့ဟာကြီး မမြင်ရအောင် ငါက ကန်းနေတာမှ မဟုတ်ဘဲ ငါမေးတာတော့ မဖြေပဲ ဘာတွေလာပြနေမှန်းမသိလို့
ကျနော်တို့ဆီက လူကြီး ကျွဲမြီးတိုသွားပေမဲ့ ယဉ်ကျေးမှုအရ ပြန်ဖြေပေးတယ်။
`ဟုတ် မြင်ပါတယ် ပေါ့´ ဆိုတော့ ဟိုက ချက်ချင်း ဆက်ပြောတယ်။
`အင်း ... ၂၀ရာခိုင်နှုန်း´ တဲ့။ အရာရှိကြီး ရုတ်တရက် နားမလည်ဘူး။ နောက်မှ သူမေးထားတာ သူပြန်သတိရလိုက်တယ်။ ဒီအိမ်ကြီး ဟိုလူ ဘယ်လိုလုပ်နေနိုင်သလဲလို့ မေးထားတာလေ။
သဘောပေါက်သွားချင်းပဲ သူပြုံးသွားတယ်။ နေနှင့် ဦးပေါ့ကွာလို့ စိတ်က တေးလိုက်တယ်။ ပါးစပ်ကတော့ ဘာမှ ပြန်မပြောလိုက်ဘူး။
ဒီလိုနဲ့ နောက်တစ်ကြိမ်မှာတော့ ကျနော်တို့ဆီက အရာရှိကြီးက ဟိုဘက်က အရာရှိကြီးကို ကိုယ့်ဆီ ဖိတ်ရတဲ့အလှည့်ပါ။ ၂နှစ်လောက် ကြာအပြီးမှာ ဆိုပါတော့။
ဟိုအရာရှိကြီးရောက်လာ။ ကျနော်တို့ အရာရှိကြီးက သူ့အိမ် တန်းခေါ်သွားတာပဲ။ ဘယ်ရမလဲ အငြှိုးကြီးတယ်လေ။
ဟိုအရာရှိကြီးခမျာ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် အရမ်းအံ့သြသွားရတယ်။ ဒီလူက သူနဲ့ အဆင့်တူတူလေ။
ဒါပေမဲ့ အခု သူမြင်နေရတဲ့အိမ်က နန်းတော်ကြီးတမျှပဲ။ သူ့အိမ်ဆိုတာက ဒီအိမ်နဲ့ ယှဉ်လိုက်ရင် တိုက်နဲ့ တဲပုတ်ကွာသလို ကွာသွားတယ်။
ကဲ ဘယ့်နှယ့်ရှိစဆိုတဲ့ အကြည့်မျိုးနဲ့ ပြုံးပြုံးကြီး ကြည့်နေတဲ့ ကျနော်တို့ဆီက အရာရှိကြီးကို သူ လှည့်မေးလိုက်တယ်။
`ခင်ဗျားလခနဲ့ ဘယ်လုပ်လုပ်ပြီး ဒီလောက် လမ်းပေါ်မှာ နန်းတော်ဆောက်နေနိုင်သလဲဗျာ´
ဆိုတော့ ကျနော်တို့ဆီက လူကြီးက တစ်နေရာကို လက်ညှိုးထိုးညွှန်ပြတယ်။
`ဟိုမှာတံတားကြီးတွေ့လား´
ဟိုလူလှည့်ကြည့်ပေမဲ့ ဘာမှ မမြင်ဘူး။ အဝေးမှာ မြစ်ကြီးက တငြိမ့်ငြိမ့် ညင်ညင်သာသာ စီးဆင်းနေဆဲ။
`ဘယ်မလဲ မတွေ့ပါဘူး´ ဆိုတော့ ... ကျနော်တို့ဆီက အရာရှိကြီးက ... ခေါင်းတဆတ်ဆတ်ညိတ်ရင်း ပြောချလိုက်တယ်။
`အင်း ၁၀၀ ရာခိုင်နှုန်း´ တဲ့။။
ဟာသကလေးပါ။ တကယ်ဖြစ်ခဲ့တာ ဟုတ်ချင်မှ ဟုတ်ပါလိမ့်မယ်။ ဟာသကို ဟာသလိုပဲ မှတ်လိုက်ပါ။ ဒါပေမဲ့ သင်ခန်းစာယူစရာတွေတော့ ရှိနေပါတယ်။
တကယ့်အပြင်မှာေ၇ာ ဒီလို ငါ့ဖို့ လုပ်တာတွေ ဘယ်လောက်များခဲ့ပါသလဲ။
သေချာတာတော့ မဆလခေတ်မတိုင်ခင်က ... မြန်မာဟာ ကမ္ဘာမှာ မဟုတ်တောင် အာရှမှာ လက်မတစ်ထောင်ထောင်နေခဲ့ရာက အခုတော့ ဘယ်လိုဖြစ်နေပြီလဲ လူတိုင်းသိပါလိမ့်မယ်။
ဒီတော့ ဆိုလိုချင်တာက တစ်တိုင်းပြည်လုံးနဲ့ဆိုင်တဲ့အရေးမှာ ဆန်စင်ရာ ကြည်ပွေ့လိုက်ဖို့ရာ မလွယ်လှပါ။
ကိစ္စတစ်ခုချင်းကို လိုက်ပြောနေရင် မောရုံသာရှိပါလိမ့်မယ်။
လမ်းတွေ ကောင်းအောင်လုပ်ပေးပါလို့တောင်းရင် ... လမ်းတွေ ကောင်းသွားမယ်ဆိုပါတော။ ဒါနဲ့ ပြီးပြီလား။
ဟင်အင်း မီးတွေ မှန်ဖို့လိုက်သေးတယ်လေ။ မီးတွေမှန်ရင်ရော ပြီးပြီလား။ ဘယ်ပြီးဦးမလဲ?
ကျန်းမာရေး ကိစ္စတွေ ရှိသေးတယ်လေ။ ဆေးရုံ ဆေးပေးခန်းတွေ အဆင့်မြင့်ဖို့။ အိုကေ ဆေးရုံတွေ ဆေးပေးခန်းတွေ အဆင်မြင့်ပြီဆိုပါတော့။ ပြီးပြီလား။
ဟင်အင်းလေ၊ ပညာရေး ... ပညာရေး။ စသဖြင့် ဆုံးနိုင်တော့မှာ မဟုတ်ပါဘူး။ လူ့အလို နတ်မလိုက်နိုင် ဆိုတယ် မဟုတ်လား။
ဒါပေမဲ့ ကျနော် တစ်ခုတော့ပြောကြည့်မယ်။
တိုင်းပြည် ဆင်းရဲတာ မှန်တယ်။ တိုင်းပြည်တိုးတက်အောင် ကျနော်တို့အားလုံး တူတူကြိုးစားကြမယ်။ အဲဒီလို ကြိုးစားနေဆဲကာလမှာ အားလုံး အခွင့်အရေးတန်းတူရှိကြမယ်။
ဟိုးထိပ်ဆုံးကနေစပြီး အောက်ဆုံးအထိ ဘယ်သူ့ကိုမှ မျက်နှာသာပိုမပေးဘူး။ ပိုလုပ်နိုင်ရင် ပိုရ၊ မင်း ပျင်းနေရင် မင်း ဘာမှမလုပ်ရင် မင်း မရနဲ့ အဲဒါမျိုးဆို မအိုကေဘူးလား။
ဆင်းရဲတောင် အတူတူဆင်းရဲကြမယ်လေဗျာ။ ဗီအိုင်ပီတွေ မရှိဘူး။ ဥပဒေအရ အခွင့်ထူးခံတွေ မရှိဘူး။
အတူတူအားလုံး ညီညာရုန်းကြမယ်ဆိုရင် မတွက်ကပ် မခိုကပ်ဘူးဆိုရင် တိုင်းပြည် မတိုးတက်ပေဘူးလား။ ကျနော်တို့လိုချင်တာတွေ မရပေဘူးလား။
အိုကေ ... အဲဒီလိုဖြစ်ဖို့ရာ ဒီမိုကရေစီလိုပါတယ်။
ဒီမိုကရေစီဆိုတာ အခွင့်အရေးတန်းတူရှိတာ လွတ်လပ်စွာ ပြောရေးဆိုခွင့်ရှိတာ၊ ပွင့်လင်းမြင်သာမှုရှိတာဖြစ်ပါတယ်။
ဟိုအပေါ်က ဟာသလေးထဲကလို ကိုယ့်အိတ်ထဲ ကိုယ်ထည့်တာမျိုးကို တားဆီးဖို့ဟာ တကယ်ဒီမိုကရေစီရှိရင် ဖြစ်ပါတယ်။
အဆိုအမိန့်တစ်ခုရှိတယ်။ အာဏာဆိုတာ ပျက်ဆီးစေတတ်တယ်။ အကြွင်းမဲ့ အာဏာဆိုတာ အကြွင်းမဲ့ ပျက်ဆီးစေတတ်တယ် ... တဲ့။
အခွင့်အာဏာရှိသူတွေ ဘာလုပ်နေလဲမသိရပဲ အပြန်အလှန် စစ်ဆေးထိန်းကွပ်မှု မရှိရင်၊ ပွင့်လင်းမြင်သာမှုမရှိရင် ... လူဆိုတာ အတ္တသမားမို့ အမှားတွေ ပြုမိတော့တာပါပဲ။
တခါတစ်လေမှာ စေတနာအမှားရှိတယ်။ စီမံခန့်ခွဲပုံညံ့ဖျင်းတာမျိုး။ စကားပမာ ဆည်မဆောက်ရမယ့်နေရာ ဆည်ဆောက်လို့ မြစ်ကြောင်းပြောင်းကုန်တာ ကောသွားတာမျိုး။
ပိုဆိုးတာက ဝေဒနာအမှားဖြစ်တယ်။ ကိုယ့်အိတ်ထဲ ကိုယ်ထည့်ဖို့ ကြိုးစားရင်းတိုင်ပြည်နာရတာမျိုးပါ။
ဒီ့အတွက်ကြောင့် ဒီမိုကရေစီကို ကျနော်တို့တောင်းပါတယ်။ လိုလားပါတယ်။ ရှေးရှုပါတယ်။
တိုင်းပြည်စီးပွားေ၇းတိုးတက်ဖို့ရာလုပ်ကြတဲ့နေရာမှာ ဦးဆောင်တဲ့သူတွေက အရေးကြီးလှပါတယ်။
တိုင်းပြည်ကို လှေတစ်စင်းနဲ့ ပမာထားကြည့်ပါ။ လှေကောင်းကောင်းထွက်ဖို့ အဓိက လှော်ခတ်နေသူတွေ ကောင်းဖို့လိုပါတယ်။ အဲဒီလို တကယ်လှော်နိုင်မဲ့သူတွေ ရွေးရအောင် ဒီမိုကရေစီက ပံ့ပိုးပေးနိုင်ပါလိမ့်မယ်။
လှော်ဖို့ ရွေးပြီးထားသူတွေက ကောင်းကောင်းမလှော်ရင်လဲ ဒီမိုကရေစီမှာ လွတ်လပ်စွာ အော်လို့ ရပါတယ်။
မတရားတာကို မတရားဘူးလို့ မှားတာကို မှားတယ်လို့ ပြောခွင့်ရရင် မှားတာတွေ မတရားတာတွေ အတော်နည်းသွားမှာ ဖြစ်ပါတယ်။
ဒီနေရာမှာ အလျဉ်းသင့်လို့ တစ်ချို့ရဲ့ အမြင်လွဲပုံလေးတွေကို ပြောချင်ပါတယ်။
ဟိုလူတော်တယ် ဟိုလူအုပ်ချုပ်ရင် ကောင်းမယ်ဆိုတာထက် ဘယ်သူက ပွင့်လင်းမြင်သာမှုရှိသလဲ။ ဘယ်သူက ပြောင်းသာပြင်သာရှိသလဲဆိုတာမျိုး ပိုအလေးထားသင့်ပါတယ်။
တိုင်းပြည်ကို အကြောက်တရားနဲ့ ထိန်းကွပ်ဖို့ ကြိုးစားခဲ့သူမျိုးဆိုရင်တော့ ဒီမိုကရေစီနဲ့ လားလားမှ မထိုက်တန်ပါ။
စကားလေးတစ်ခု ကိုးကားချင်ပါတယ်။ ပြည်သူတွေက အစိုးရကို ကြောက်နေရရင် အာဏာရှင်စနစ်တဲ့။ အစိုးရက ပြည်သူတွေကိုကြောက်နေရရင် ဒီမိုကရေစီတဲ့။
ဒီမိုကရေစီဆိုတာ အရှင်းဆုံးပြောရရင်တော့ ကိုယ့်တာဝန်ကိုယ်ယူတဲ့ လွတ်လပ်မှုပါပဲ။
လူဆိုတာက ကိုယ့်ကံကြောင့်ကိုယ် ဆင်းရဲတာမျိုး မပြည့်စုံတာမျိုး ဖြေသာပေမဲ့ ခံနိုင်ပေမဲ့ သူများက မတရားဖိနှိပ်ထားလို့ ဆင်းရဲနေရရင် ဒုက္ခတွေ့နေကြရင် ဆတ်ဆတ်ထိမခံ နာတတ်ကြတာ မဟုတ်လား။
သေချာတာကတော့ ကျနော်တို့နိုင်ငံဟာ ရေခံမြေခံမဆိုးလှပါ။ အခုပဲ ရွှေကြောကြီး တွေ့ပြန်ပြီတဲ့။ သယံဇာတတွေလည်း အရင်လို များများမရှိတော့ပေမဲ့ ကျန်သင့်သလောက်တော့ ကျန်ပါသေးရဲ့။
သူငါအားလုံးညီညာရုန်းကြရင် မုချ တိုးတက်နိုင်မယ် ထင်ပါတယ်။
ဒီလို ညီညာကြဖို့ရာမှာ ကိုယ်လုပ်သမျှ ကိုယ်ရမယ်။ အားလုံးတန်းတူ အခွင့်ရေးပေးထားတယ်ဆိုတဲ့ လူသားအခွင့်အရေးနဲ့တိုင်းပြည်ကောင်းအောင် အကောင်းဆုံးနည်းလမ်းကို အတူရွေးချယ်ဆုံးဖြတ်နိုင်ခွင့်ဆိုတဲ့ ဒီမိုကရေစီသာလျှင် တစ်ခုတည်းသော နည်းလမ်းလို့ ထင်မိပါတော့တယ်။
သွန်းနေစိုး Thorn Nay Soe
0 comments:
Post a Comment