စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Saturday, February 9, 2013

ဂျီဒီပီ တိုးတက်ရုံနဲ့ တနိုင်ငံလုံး တိုးတက်တယ်လို့ ပြောလို့မရဘူး

၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ဦးကိုကိုကြီးနဲ့ စာရေးဆရာ ကိုတာတို့ဟာ မကြာသေးခင်က ဘူတန်နိုင်ငံသို့ လေ့လာရေး ခရီးအဖြစ် သွားရောက်ခဲ့ကြပါတယ်။ ဘူတုန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ဖွံ့ဖြိုး တိုးတက်မှုနဲ့ တမျိုးသားလုံး အသားတင်ပျော်ရွှင်မှုဆိုင်ရာတွေ ဘယ်လိုချိတ်ဆက်သင့်သလဲ ဆိုတဲ့ အလုပ်ရုံဆွေးနွေးပွဲကို တက်ရောက်လာခဲ့တဲ့ ဦးကိုကိုကြီးကို အဆိုပါ ဆွေးနွေးပွဲ အပါအ၀င် ဘူတန် ခရီးအတွေ့အကြုံကို ဧရာဝတီ သတင်းထောက် လင်းသန့်က ဆက်သွယ်မေးမြန်းထားပါတယ်။

 မေး။ ။ ဦးကိုကိုကြီးခင်ဗျား၊ မကြာသေးခင်က ဘူတန်နိုင်ငံကို လေ့လာရေး ခရီးသွားဖြစ်ခဲ့တာလေး သိပါရစေ။

 ဖြေ။ ။ ကျနော် ဘူတန်ကို လေ့လာသူအဖြစ်နဲ့ တမျိုးသားလုံး အသားတင်ပျော်ရွှင်မှုတန်ဘိုးနဲ့ ပတ်သက်ပြီး တော့ ဖွံ့ဖြိုးမှု ဆိုင်ရာ ချည်းကပ်ရှု့မြင်ပုံ အသစ်။ နိုင်ငံတကာ ပညာရှင်တွေနဲ့ အလုပ်ရုံဆွေးနွေးပွဲ ကို လေ့လာသူအဖြစ်နဲ့ တက်ခဲ့တာပါ။ ဇန်န၀ါရီလ ၂၆ ရက်နေ့ ကနေ ၃၀ ရက်နေ့ထိပါ။

 မေး။ ။ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုနဲ့ တမျိုးသားလုံး အသားတင်ပျော်ရွှင်မှုဆိုတာ ဘယ်လိုဆက်နွယ်နေလို့လဲ။

 ဖြေ။ ။ နိုင်ငံတကာ စံနှုန်းတွေအရ နိုင်ငံတနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုကို တမျိုးသားလုံး အသားတင် ထွက်ကုန် တန် ဘိုး GDP နဲ့ တွက်ချက်ကြတာများတယ်။ တကယ့်တကယ်တော့ ဂျီဒီပီတိုးတက်နှုန်းကို ကြည့်ပြီး တော့ နိုင်ငံတနိုင်ငံ ဖွံ့ဖြိုးတိုးတက် တယ်လို့ ဆုံးဖြတ်လို့မရဘူး။ ဘာကြောင့်လည်းဆိုတော့ ဂျီဒီပီ တိုးတက် မှု ဆိုတဲ့ ထုတ်ကုန် အများစုက လက်တဆုပ်စာ လူတစုရဲ့ လက်ထဲမှာဘဲ ရှိနေပြီးတော့ အောက် ခြေ သာမန် ပြည်သူတွေ က လက်လုပ်လက်စား နွမ်း ပါးတဲ့ဘ၀က ရှိနေတဲ့ နိုင်ငံတွေက များတော့ ဂျီဒီပီ တိုးတက်ရုံနဲ့ တနိုင်ငံလုံး တိုးတက်တယ်လို့ ပြောလို့မရဘူး။

 မေး။ ။ ဒီအယူအဆက ဘယ်လိုဖြစ်ပေါ်လာတာလဲ။

 ဖြေ။ ။ ဘူတန်နိုင်ငံလို ဘုရင် အုပ်ချုပ်တဲ့ နိုင်ငံ သေးသေးလေးကနေပြီးတော့ Gross National Happiness အယူ အဆ ကို စတင် ဖော်ထုတ်လာတာ နှစ်ပေါင်း ၃၀ လောက်ရှိပြီ။ ကုလသမဂ္ဂနိုင်ငံများ အပါ အ၀င် နိုင်ငံပေါင်း ၆၈ နိုင်ငံမှာ ၂၀၁၁ မှာ Happiness (ပျော်ရွှင်မှု) နဲ့ပတ်သက်တဲ့ ဆွေးနွေးပွဲဆိုတာတွေ သူတို့ စတင်လုပ်ဖြစ်ခဲ့တယ်။ ဘူတန်နိုင်ငံကဘဲ ဦးဆောင်ပြီးတော့ တမျိုးသားလုံး အသားတင် ပျော်ရွှင်မှု တန်ဘိုးကို နိုင်ငံရဲ့ ဖွံ့ဖြိုးမှုမှာ ထည့်သွင်း စဉ်းစားသင့်တဲ့ အညွှန်းကိန်းတခုအဖြစ် ဖေါ်ထုတ်ဖို့ ကြိုးစားနေ တာတွေ့ခဲ့ရတယ်။

 မေး။ ။ အဲဒီ အလုပ်ရုံဆွေးနွေးပွဲလေးကို ပုံပေါ်အောင် ရှင်းပြပေးပါလား။

 ဖြေ။ ။ ဘူတန်မှာ နိုင်ငံတကာ ကျွမ်းကျင်ပညာရှင်များရဲ့ အလုပ်ရုံဆွေးနွေးပွဲမှာ စိတ်ဝင်စားဖို့ ကောင်းတာ က ပျော်ရွှင်မှုဆိုတာက တကယ်တော့ ဘာသာရေးနဲ့နွယ်တဲ့၊ ဗုဒ္ဓဘာသာကိုအခြေခံတဲ့ အယူအဆနဲ့ စီးပွားရေး စီမံကိန်း တွေ ရေးဆွဲတဲ့အခါမှာ ထည့်သွင်း တွက်ချက်လို့ရအောင် သိပ္ပံနည်းကျ ဘာသာရပ် ဆိုင်ရာ ရှု့ထောင့်ပေါင်းစုံကနေ စဉ်းစားကြတဲ့ အလုပ်ရုံဆွေးနွေးပွဲလည်းဖြစ်ပါတယ်။ လေ့လာသူအဖြစ် ကျနော်နဲ့ စာရေးဆရာ ကိုတာတို့ သွားရောက် ပြီး လေ့လာသူအဖြစ်နဲ့ တက်ခဲ့ကြပါတယ်။ အဲဒီပွဲမှာ လူမှု စိတ်ပညာရှင်တွေ၊ ဖွံ့ဖြိုးရေးဆိုင်ရာစီးပွားရေးပညာရှင်တွေ၊ ဒဿနိက ဗေဒ ပညာရှင်တွေ၊ ပညာရေး ဆိုင်ရာ ကျွမ်းကျင်သူတွေ စတဲ့ ပညာရှင်တွေ အားလုံးက တမျိုးသားလုံး ပျော်ရွှင်မှု တန်ဘိုးကို ဖွံ့ဖြိုးမှု ညွှန်းကိန်းမှာ ထည့်သွင်း တွက်ချက်ဖို့ စဉ်းစားတဲ့နေရာမှာ အခြေခံ အားဖြင့် ထောက်တိုင် မဏ္ဍိုင်ကြီး ၄ ခုရှိတယ်။

 မေး။ ။ ဟုတ်ကဲ့။ အဲဒီ ထောက်တိုင် ၄ ခုဆိုတာ ဘာတွေလဲ။

 ဖြေ။ ။ လူမှုဗေဒဆိုင်ရာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ နောက် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းမှု၊ ယဉ်ကျေးမှု မျိုးကွဲ များ ထိန်းသိမ်းမှု နဲ့ ကောင်မွန်တဲ့ အုပ်ချုပ်ရေးဆိုပြီး သူတို့က ထောက်တိုင် ၄ ခု အရေးကြီးတာ ကို ဆွေးနွေးကြတယ်။

 မေး။ ။ အဲဒီ ထောက်တိုင် ၄ ခုနဲ့ ပတ်သက်ပြီး ဦးကိုကိုကြီးလေ့လာမိသလောက် ရှင်းပြပေးပါ။

 ဖြေ။ ။ နိုင်ငံတနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးမှုကို သူတို့က Economic Development တခုတည်းနဲ့ တင်မဟုတ် ဘဲနဲ့ Socio-economic လူမှုရေးနဲ့ဆိုင်တဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဟာတည်တံ့ခိုင်မြဲတဲ့ ဖွံ့ဖြိုးတိုးတက် မှု ဖြစ်ရမယ်။ နောက် တယောက်နဲ့ တယောက် မျှတ ညီမျှတဲ့ ဖွံ့ဖြိုးတိုးတက်မှု ဖြစ်ရမယ်။ သူတို့က ဒီလို ရှု့မြင်ကြတယ်။ နောက် တချက်က ဘာလဲ ဆိုတော့ Conservation of Natural Enviroment သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းမှုကို လည်း အခြေခံ ထောက်တိုင်အဖြစ် ထည့်တွက်တယ်။ နောက် Cultural Diversity and Religions ယဉ်ကျေးမှု မျိုးကွဲ အစုံ တွေကို ထိန်းသိမ်းနိုင်မှု။ နိုင်ငံ တနိုင်ငံမှာ လူမျိုးငယ် လေးတွေ ရှိတယ်။ သူတို့ရဲ့ ယဉ်ကျေးမှု အဆောက်အအုံ ငယ် လေးတွေဟာ ဖွံ့ဖြိုးတိုးတက်မှု အတွက် ပေးဆပ်လိုက်ရတာမျိုး ပျောက်ပျက်သွားမယ့် ကိစ္စမျိုး၊ သူတို့မလိုလားဘူး၊ ဒါကို ဖွံ့ဖြိုးတိုးတက်တယ် လို့ ပြောလို့မရဘူး။ ဒါကို တတိယ ထောက်တိုင်အဖြစ်နဲ့ ယဉ်ကျေးမှု မျိုးကွဲတွေ အားလုံးထိန်းသိမ်း ရှင်သန်နိုင်ဖို့ ဆိုတာ အရေးကြီးတယ်လို့ သူတို့ သတ်မှတ်တယ်။ နောက်တခုက Good Governance ကောင်းမွန်တဲ့ အုပ်ချုပ်ရေး တည်ထောင်နိုင်မှု ပေါ့။ သူက ဒီဖွံ့ဖြိုးတိုးတက်မှုနဲ့ ပတ်သက်ပြီးတော့ 4 Pillers လို့ ခေါ်တဲ့ ထောက်တိုင် ၄ တိုင်နဲ့ အဖြေထုတ်တယ်။

 မေး။ ။ ဒီထောက်တိုင် ၄ ခုကို ဘယ်လို နယ်ပယ်တွေ ခွဲခြားပြီး ချည်းကပ်ကြတဲ့နေရာမှာ ဘယ်လို တိုင်းတာမှုတွေ လုပ်တာလဲ။

 ဖြေ။ ။ လေ့လာတဲ့ နယ်ပယ် ၉ ခု သတ်မှတ်တယ်။ နိုင်ငံတနိုင်ငံရဲ့ကျန်းမာရေးနဲ့ပတ်သတ်ပြီး Physical Health, Mental Health ကို တိုင်းတာတယ်။ Psycological Welding လို့ခေါ်တဲ့ စိတ်ပိုင်းဆိုင်ရာ သာယာ ၀ပြောမှု ကိုတိုင်းတာ တယ်။ Cultural Diversity, ယဉ်ကျေးမှု မျိုးကွဲများအားလုံး ထိန်းသိမ်းနိုင်မှု၊ Ecological ဂေဟဗေဒဆိုင်ရာ နောက် Time Use ဆိုတာကိုတိုင်းတာတယ်။ လူမျိုးတမျိုးက အိပ်ချိန် ပျမ်းမျှ ဘယ်လောက်ရှိတယ်။ အလုပ်ချိန် ဘယ်လောက် ရှိတယ် ဆိုတာလည်း တိုင်းတယ်။ ဒီလို တိုင်းတာမှုတွေကိုလည်း ထည့်သွင်းတွက်ချက်တယ်။ နောက်လူနေမှု အဆင့် အတန်း Standard of Living ကိုလည်း တိုင်းတယ်။ ပညာရေးအဆင့်အတန်းကို တိုင်းတယ်။ နောက်တခါ လူ့အဖွဲ့အ စည်းရဲ့ အရေးပါမှု၊ ဒါတွေကိုတိုင်းတယ်။

 မေး။ ။ နောက်ထပ် ဘာတွေ သိခဲ့ရသေးလဲ။ ကိုယ့်နိုင်ငံနဲ့ နှိုင်းယှဉ်ပြီး ဘယ်လို စဉ်းစားမိလဲ။

 ဖြေ။ ။ များသောအားဖြင့် နိုင်ငံတော်လို့ ဆိုတဲ့ဟာကို အာဏာရ အသိုင်းအ၀ိုင်းက သူတို့ကိုယ် သူ တို့ နိုင်ငံတော် လို့ ကိုယ်စားပြုပြီး သုံးနှုန်းနေတာဟာ တကယ့်တကယ်က ဖွံ့ဖြိုးတိုးတက်မှုကို စဉ်းစားတဲ့ အခါမှာ Community ရဲ့ အခန်း ကဏ္ဍ အရေးပါမှု မရှိရင် ဒါကို သူတို့က ဖွံ့ဖြိုးတိုးတက်မှုလို့ မသတ်မှတ် ဘူး။ 9 Domains ဆိုပြီး သူတို့က လေ့လာတဲ့ နယ်ပယ် ၉ ခု ရှိတယ်။ အဲဒီကနေ တိုင်းတာတဲ့ အသေးစိပ် အချက်အလက် အားလုံး ၃၃ မျိုး ဆင့်ပွား ခွဲခြား သတ်မှတ်ထားတယ်။ ဒါတွေကို အညွှန်းကိန်းတွေ လုပ်ပြီး မက်ထရစ်စနစ်နဲ့ တွက်ပုံတွက်နည်းတွေနဲ့ တိုင်းတာပြီးတော့မှ ဒီနိုင်ငံဟာ ဖွံ့ဖြိုး တိုးတက်မှု အလွန်အမင်း လား၊ ပျော်ရွှင်ချမ်းမြေ့မှု အမြင့်ဆုံး အခြေအနေမှာ ရှိသလား၊ အလယ်အလတ်မှာ ရှိသလား၊ ဒါမှ မဟုတ် ရင် သာမန်ထက်နိမ့်တဲ့ ပျော်ရွှင်ချမ်းမြေ့မှုတွေလား၊ လုံးဝ ပျော်ရွှင်ချမ်းမြေ့မှု မရှိတဲ့အခြေအနေမှာ ရှိသ လား၊ အစရှိသဖြင့် အုပ်စုတွေ ခွဲခြားတယ်။ အဲဒါတွေကို ကုလသမဂ္ဂရဲ့ ထောင်စုနှစ်ရည်မှန်းချက် မှာ ခေတ်သစ် ပါရာဒိုင်းအဖြစ်နဲ့ ထည့်သွင်း စဉ်းစားဖို့ ပေါ်လစီ Recommendation မူဝါဒဆိုင်ရာ အကြံပြု ချက်တွေအဖြစ်နဲ့ ထုတ်ပြန်နိုင်ဖို့ ကာလ သတ်မှတ်ချက်တွေနဲ့တကွ ဆွေး နွေးစဉ်းစားနေကြတာပါ။

 မေး။ ။ မြန်မာနိုင်ငံကလည်း GDP တွေ တက်လာတယ် ဆိုပြီး ကြွေးကြော်နေတာတွေ့ရတယ်။ ဒါကိုဖွံ့ဖြိုးတိုးတက် လာပြီလို့ ပြောလို့ရမလား၊ ဘယ်လိုထင်ပါသလဲ။

 ဖြေ။ ။ ကျနော်တို့ နိုင်ငံမှာ မူဝါဒ ချမှတ်သူတွေအနေနဲ့လည်း GDP ဂဏန်း ၂ လုံး တိုးတက်တယ်ဆိုတာကို ဂုဏ် ယူ ၀ံ့ကြွားပြီး ပြောနေမယ့် အစားတကယ်ဖွံ့ဖြိုးတိုးတက်မှုတွေ ဟုတ်ရဲ့လား ကျနော်တို့ အောက်ခြေ ပြည်သူတွေရဲ့ လူ နေမှု အဆင့်အတန်း၊ စိတ်ခံစားမှု အခြေအနေ၊ သူတို့ရဲ့ လူ့အဖွဲ့အစည်းမှာ ပါဝင်နိုင်တဲ့ အခန်းကဏ္ဍ စသဖြင့် အဲဒါတွေ ကိုပါ ထည့် သွင်း စဉ်းစားသင့်တယ်လို့ ထင်ပါတယ်။ ဒီ အခြေခံ အယူအဆ လောက်ကို သတိပြုမိတယ်ဆိုရင်တောင်မှ ကျနော်တို့ နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးက အဓိပ္ပါယ်ပြည့်ဝတဲ့ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွေဆီကို ဦးတည်နိုင်လိမ့်မယ်လို့ မျှော်လင့်တယ်။

 မေး။ ။ ဘူတန်နိုင်ငံကရော ဖွံ့ဖြိုးတိုးတက်မှုနဲ့ ပတ်သက်ရင် သူတို့က ဘယ်အဆင့်မှာ ဘယ်လို ညွှန်းကိန်း ရှိလဲ။ ဘူတန်နိုင်ငံကို ဘယ်လို မြင်မိလဲ။

 ဖြေ။ ။ ကျနော်တို့က ရက်ပိုင်းဘဲ လေ့လာခဲ့ရတာပါ။ ကျနော်ပြန်လာပြီးနောက်ပိုင်းလည်း နောက်ဆက်တွဲ ညီ လာခံ တွေ ရှိပါသေးတယ်။ အချိန်မရလို့ ပထမပိုင်း ၃ ရက်ဘဲ လေ့လာသူအဖြစ် တက်ခဲ့တာပါ။ အဓိက စိတ်ဝင်စားဖို့ ကောင်းတာက လူဦးရေအားဖြင့် ၆ သိန်းကျော် ၇ သိန်းလောက်ဘဲ ရှိတဲ့ ဘူတန်နိုင်ငံဟာ ရန်ကုန်မြို့ရဲ့ ၁၀ ပုံ ၁ ပုံ လောက်ရှိတဲ့ နိုင်ငံလေးက ပျော်ရွှင်မှုနဲ့ပတ်သက်တဲ့ အယူအဆကို ကမ္ဘာကို တင်ပို့နိုင်တယ်။ ဒါနဲ့ပတ်သက်ပြီး နမူနာပြ နိုင်တဲ့ နိုင်ငံလေးဖြစ်နေတာပေါ့။ နောက်တခုကလည်း ဘုရင် အုပ်ချုပ်တဲ့ နိုင်ငံလေးကနေ ပြီးတော့ ဒီမိုကရေစီပြုပြင် ပြောင်းလဲရေးကို လူထု အုံကြွမှုနဲ့ပြောင်းတာ မဟုတ်ဘဲနဲ့ အုပ်ချုပ်တဲ့ ဘုရင် ကိုယ်တိုင်က ပြောင်းပေးတာကလည်း ကျနော်တို့အတွက် အတုယူ စရာဖြစ် ပါတယ်။ သူတို့ နောက်ဆုံး ၂၀၀၈ ခုနှစ်မှာ လက်မှတ်ထိုး ပေးလိုက်တဲ့ ဖွဲ့စည်းပုံ အရဆိုရင် လွှတ်တော်ရဲ့ ၃ ပုံ ၂ ပုံ အများစုက အစိုးရကို အယုံအကြည်မရှိ အဆိုတင်သွင်းပြီး ဖြုတ်ချနိုင်တဲ့ အခန်း တွေဟာ ကျနော်တို့အတွက် လေ့လာစရာဘဲ။ အဲဒီ ၂၀၀၈ ခုနှစ်ကဘဲ ကျနော်တို့ဆီမှာလည်း ၂၀၀၈ ဖွဲ့စည်းပုံကို အ တည်ပြုခဲ့တာ။ ဟိုမှာလည်း ပဉ္စမမြောက် ဘူတန်ဘုရင်မင်း ဆက် ကနေပြီးတော့ ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေတာ တွေဟာ နှိုင်းယှဉ်ပြီးတော့လေ့လာစရာ သင်ခန်းစာတွေ အဖြစ် တွေ့ရတော့ ကျနော်တို့ နိုင်ငံ အတွက် အကျိုးရှိလိမ့် မယ်လို့ ထင်တယ်။

 မေး။ ။ ဘူတန်နိုင်ငံဟာ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းနဲ့ပတ်သက်ပြီး အတော် စည်းစနစ်ကျကျနဲ့ လုပ်ဆောင် ထားတာတွေ ရှိပါတယ်။ ဥပမာ ပြည်ဝင်ခွင့် ဗီဇာ ကန့်သတ်မှုများတာတွေပေါ့။ ဒါတွေနဲ့ ပတ်သက်လို့ရော ဘာတွေလေ့ လာခွင့် ရခဲ့ပါလဲ။

 ဖြေ။ ။ အဲဒါကလည်း သူတို့ ရဲ့ ယဉ်ကျေးမှု ထိန်းသိမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှု သဟဇာတဖြစ်အောင် စီမံတဲ့နေရာ မှာ ခရီးသွား လုပ်ငန်းကို သူတို့က Low Volume နည်းနဲ့ လုပ်တယ်။ အများကြီး ၀င်လာတာ ထက်ကို ၀င်လာတဲ့သူ နည်းနည်းလေး ကနေပြီးတော့ သူတို့ဆီမှာ လာရင် အနည်းဆုံး ငွေကြေး ဘယ်လောက် သုံးရမယ်ဆိုတ High Earn ကို သတ်မှတ် ထား ပြီးတော့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကို ထိန်းချုပ်ထားတာပေါ့။ ဆိုလိုတာကတော့ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း ကနေ ၀င်ငွေလည်း ရရ မယ်။ နောက်သူ့ရဲ့ပတ်ဝန်းကျင်နဲ့ ယဉ်ကျေးမှု အဆောက်အအုံတွေကိုလည်း ကာကွယ်စောင့်ရှောက် ရေးဆိုတဲ့ အယူအဆ၂ ခုကို သူတို့က ထိန်းပြီး လုပ်နေတာတွေ့ရတယ်။ ဘာဘဲ ပြောပြော အားသာချက် တွေ၊ အားနည်းချက်တွေတော့ ရှိနေတာအမှန်ပါဘဲ။ ကျနော်တို့ နိုင်ငံအနေနဲ့လည်း Tourism ဖွံ့ဖြိုးလာဖို့ လုပ်တဲ့နေရာမှာ Cutural Value တွေ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းမှုတွေ၊ ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းနဲ့ကို မျှ ပြီး လုပ်သွားရမှာပါ။

 မေး။ ။ ဘူတန်ရဲ့ အခြေခံ အဆောက်အအုံတိုးတက်မှုနဲ့ စိတ်ပိုင်းဆိုင်ရာ Happiness ဆိုတဲ့ ပျော်ရွှင် ချမ်းမြေ့မှု ဆိုင်ရာတွေဟာ ဟန်ချက်ညီတယ်လို့ ထင်ပါသလား။

 ဖြေ။ ။ သူကတော့ နိုင်ငံလည်း သေးတယ်။ လူဦးရေလည်း နည်းတယ်ဆိုတော့ အားလုံးကို ကျနော်တို့နဲ့ ထပ်တူ ပြုလို့ မရပါဘူး။ အချိန်ကလည်း သိပ်မရတော့ အသေးစိပ် လေ့လာချိန် များများ မရခဲ့ဘူး။ သူတို့ဆီမှာ လမ်း။ တံတား တည်ဆောက်ရေးတွေက အိန္ဒိယကနေ အကူအညီပေးတာတွေ များတယ်။ အိန္ဒိယနဲ့ ဆက်ဆံရေးလည်း များတယ်။ အထူးသဖြင့် နိုင်ငံကြီးတွေကြားမှာ တည်ရှိနေတဲ့ ကျနော်တို့ လို နိုင်ငံငယ်လေးတွေဖြစ်တာချင်းတူတယ်။ သူလည်း တရုတ်နဲ့ အိန္ဒိယကြားမှာ တည်ရှိတဲ့နိုင်ငံငယ်လေး တခုပါ။ ဒီလို နိုင်ငံကြီးတွေကြားထဲက နိုင်ငံငယ်လေးတွေ အနေနဲ့ ကိုယ့်ရဲ့ အမျိုးသား အမှတ်သရုပ် ( Identity) ကို ဘယ်လို ထိန်းသိမ်းရမလဲ ဆိုတာတွေနဲ့ပတ်သက်ပြီးတော့ ဒီထက် ပိုပြီး ကျယ်ပြန့် တဲ့ ဆွေးနွေးပွဲတွေ လူထုပါဝင်တဲ့ ဆွေးနွေးမှုတွေ သက်ဆိုင်ရာ ပညာရှင်တွေကိုယ်တိုင် တက်တက်ကြွ ကြွနဲ့ ပါဝင်ဆွေးနွေးတဲ့ပွဲမျိုးတွေ ကျနော်တို့ အများကြီး လုပ်ဖို့ လိုမယ်လို့ မြင်ပါတယ်။

 မေး။ ။ ဘူတန်နိုင်ငံရဲ့ လူထုအခြေပြု လူ့အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍနဲ့ပတ်သက်လို့ရော ဘာတွေ မြင် တွေ့ခဲ့ရလဲ။

 ဖြေ။ ။ ကျနော်တို့ သွားတဲ့ ကာလက တိုတောင်းတော့ အပြည့်အစုံတော့ မလေ့လာနိုင်ခဲ့ဘူး။ ကျနော်တို့ကို ဖိတ်တဲ့ အဖွဲ့ အစည်းကတော့ Center for Bhutan Study ဆိုတာပါ။ သူကတော့ အစိုးရကနေ ကမကထ ပြုပြီးဖွဲ့ထား တာဖြစ်ပေမယ့် သူတို့လည်း တော်တော်လေး လွတ်လွတ်လပ်လပ်လုပ်နိုင်ကိုင်နိုင်ရှိတာတွေ့ ရပါတယ်။

ကိုကိုကြီးရဲ့ ဘူတန်အတွေ့အကြုံ ပြန်လည် ရှင်းလင်းပွဲကို ယနေ့ စနေနေ့မှာ အောက်ပါ အစီအစဉ်အတိုင်း ကျင်းပမှာဖြစ်ပါတယ်။

ဧရာဝတီ

0 comments: