ပြောပြန်ရင်လည်း လွန်တော့မယ် (၁)။
မြန်မာနိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲများစွာ ဖြစ်ပေါ်ခဲ့တဲ့ အခုအခြေအနေဟာ အရင်အခြေအနေတွေနဲ့ နှိုင်းယှဉ်ကြည့်ရင်တော့ အကောင်းဆုံးလို့ ပြောစမှတ်ပြုရမယ့် အနေအထားပါလို့ တစ်ထစ်ချ ယုံရခက်တယ်ဆိုရင် စာရေးတဲ့ကျွန်တော့်ကို သို့လောသို့လော မေးချင်ပြောချင်ကြမယ်ထင်ပါတယ်။
ကျွန်တော် စစ်သားဟောင်းတစ်ဦးပါ။ တိတိပပပြောရရင်တော့ ကျွန်တော် မြန်မာ့နိုင်ငံရေးသမိုင်းတချို့ကို ထိတွေ့ခွင့်ရသူတစ်ဦးပေါ့လေ။ အခုတော့ သတင်းလေးတွေဖတ်ရင်း စဉ်းစားမိတာလေး မြင်မိတာလေးတွေ ချရေးမိတယ်။ ပြည်ထောင်စုအစိုးရအဖွဲ့ထဲမှာ ပြောင်းလဲမှုတွေလုပ်တဲ့အချိန် ကျွန်တော် ရင်တဖိုဖိုနဲ့စောင့်ကြည့်ဖူးပါတယ်။ ဒါပေမယ့် ရင်ဖိုရတာ အမောသားဖြစ်သွားစေတဲ့ အကြောင်းက အရင်ဝန်ကြီး (၆) ဦးကို မဖြုတ်ဘဲ သမ္မတက သူ့အနားကို ခေါ်ထာလိုက်ခြင်းပါပဲ။
တခြားသူတွေ ဘေးချိတ်လို့ အရင် စက်မှု (၁) ဝန်ကြီးဟောင်း ဦးစိုးသိန်း ပါလာတာကိုက တိုင်းပြည်နေ ပြည်သူလူထုအတွက် ရတက်မအေးစရာပါပဲ။ သူဟာ နေရာတကာ နေရာရလိုတဲ့အတွက် သူ့ကိုယ်သူ lobby လုပ်နေသူ တစ်ဦးလည်းဖြစ်တဲ့အပြင် မြန်မာ့ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဆိုတဲ့ ဥက္ကဌထိုင်ခုံမှာ အမြိုင့်သားထိုင်ရင်း တိုင်းပြည်ကို ရောင်းစားနေသူတစ်ဦးလည်းဖြစ်ပါတယ်။ ဦးစိုးသိန်းဆိုတာက တပ်မတော်ရေတပ်စခန်းမှုး အဆင့်လောက်ကနေ ရေတပ်ဦးစီးချုပ်၊ နောက်တော့ စက်မှုဝန်ကြီးအဆင့်ထိတက်ဖြစ်၊ အခု သမ္မတရုံး ဝန်ကြီးအဆင့်ထိ ရောက်နေတဲ့ ဒုသမ္မတတွေ နေရာပျောက်လောက်အောင်ကို သမ္မတကို အိပ်ထောင်ထဲ ထည့်ထားသူလို့ သူ့ကိုယ်သူကြုံးဝါးတတ်သူ တစ်ဦးဖြစ်ပါတယ်။ ဒါကိုလည်း သူအရင်လုပ်ခဲ့တဲ့ ဌာနတွေထဲမှာ ကြိုက်သလို စုံစမ်းလို့ရပါတယ်။ သူလုပ်ခဲ့တာတွေထဲက တိုင်းပြည်ရဲ့ဘဏ္ဍာငွေတွေ ဖြုန်းတီးပြစ်ခဲ့တဲ့ ဖြစ်စဉ်တွေထဲမှာ စက်မှု (၁/၂) ဝန်ကြီး၊ MIC ဥက္ကဌဘဝမှာတုန်းက ပြည်ပကနေ ပစ္စည်းဝယ်ရင် Board အဖွဲ့ဖွဲ့ပြီး အဲဒီအဖွဲ့ရဲ့ သဘောတူညီချက်၊ မဲခွဲဆုံးဖြတ်ချက်တွေ အမြင်တွေနဲ့ဝယ်ဖို့ သူ့ကို အထက်လူကြီးတွေအနေနဲ့ ညွှန်ကြားထားပါတယ်။
ဒီမိုကရေစီနိုင်ငံဖြစ်တဲ့အတွက် တစ်ဦးတစ်ယောက်တည်း သဘောနဲ့ဘဏ္ဍာဖြုန်းတီးမှု မဖြစ်အောင် ဆိုတာကို ဒီစာဖတ်မိတဲ့ ကလေးကအစ နားလည်မယ်ထင်ပါတယ်။ ဒါပေမယ့်ပေါ့လေ။ ဦးစိုးသိန်းဆိုတာ ခေသူမဟုတ်ဘူးပဲ။ Board အဖွဲ့မဖွဲ့ဘဲ ဝန်ကြီးဌာနပိုင်တဲ့ ငွေတွေကို သူ့ခြေသူ့လက် သူ့စိတ်တိုင်းကျကုမ္ပဏီတွေနဲ့ ညှိနှိုင်းပြီး သူကိုယ်တိုင်ဝယ်ပါတယ်။ ပြီးတော့ ဝန်ကြီးဌာနအတွင်းမှာ စာရင်းတွေကို လိမ်လည်ပြခိုင်းပါတယ်။
ဝန်ကြီးဘဝတုန်းကတင်မဟုတ်ပါဘူး။ ရေတပ်ဦးစီးချုပ်ဘဝတုန်းက ရေတပ်အတွက် ပစ္စည်းတွေ ဝယ်တာမှာ သူကိုယ်တိုင် ကုမ္ပဏီတွေနဲ့ ညှိနှိုင်းပြီး ဝယ်ပါတယ်။ စီးပွားရေးလာဘ်မြင်တာ နိုင်ငံအတွက်လား သူ့အတွက်လားတော့ မသိပေမယ့် သေချာတာတော့ ရေတပ်မှာသုံးရတဲ့ 108 m freegate ၂ စီးကတော့ သုံးစားလို့မရဘူးဆိုတာ ရေတပ်အရာရှိတွေအသိပဲဖြစ်ပါတယ်။ လုပ်ချင်သလိုလုပ်တဲ့ ဥပဒေလွတ်လုပ်ရပ်တွေလည်း ရှိပါတယ်။ ကျွန်တော်အထက်မှာ ပြောခဲ့သလို အထက်လူကြီးတွေက သိပ်တော်သိပ်တတ်တယ်လို့ ချီးကျူးခံချင်တဲ့ သူတော်ယောင်စိုးသိန်းဟာ သူ့ကိုယ်သူ လည်း Lobby သိပ်လုပ်ပါတယ်ဆိုတာ တခြားကြောင့်မဟုတ်ပါဘူး။
၂၀၀၉-၂၀၁၀ လောက်တုန်းက မြန်မာ့မော်တော်ယာဉ်နဲ့ ဒီဇယ်အင်ဂျင်ထုတ်လုပ်မှုလုပ်ငန်းကနေ အမြတ်ငွေကို ၂ ဆကျော်လောက် စာရင်းလိမ်ပြခိုင်းတဲ့ကိစ္စတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။ ဒီကိစ္စမျိုးတွေရဲ့ ထုံးစံအတိုင်း ဇာတ်လမ်းပျောက်လုပ်ခဲ့ ပါတယ်။ သူလုပ်ခဲ့တဲ့နည်းလမ်းကတော့ ဘဏ္ဍာရေး ညွှန်ကြားရေးမှုးဖြစ်တဲ့ အမျိုးသမီးကို အငြိမ်းစားပေး လိုက်တာပါပဲ။ သူ့လုပ်ရပ်ကို အဲဒီတုန်းက ဘဏ္ဍာရေးညွှန်ကြားရေးမှုးဖြစ်သူလည်း ကောင်းကောင်း သိပါတယ်။ ပြည်သူ့ဘဏ္ဍာကို ဖောက်ထုတ်ရင်း အိပ်ထောင်ထဲထည့်ဖို့ကြိုးစားတဲ့ လုပ်ရပ်တွေထဲမှာ လုပ်ရပ် တစ်ခုဖြစ်တဲ့ အိန္ဒိယနိုင်ငံက တာတာကုမ္ပဏီကိစ္စလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။
တာတာကုမ္ပဏီနဲ့ ပူးပေါင်းပြီးတော့ ၁၀ ဘီးကားတွေ တစ်နှစ်ကို အစီးရေ (၁၀၀)ထုတ်ဖို့အကြောင်းကို လွန်ခဲ့တဲ့ နှစ်တွေမှာ ဂျာနယ်တွေ မီဒီယာတွေထဲမှာ ပါခဲ့ဖူးတာကို မှတ်မိကောင်း မှတ်မိနိုင်မယ့်သူတွေ ရှိပါတယ်။ မကွေးမှာ စက်ရုံတည်တော့ ကားပစ္စည်းအစိတ်အပိုင်းတွေကို ဆေးစိမ်တဲ့စက်ဝယ်ဖို့ပြင်ပါတယ်။ အဲဒီစက်တန်ဘိုးက အမေရိကန်ဒေါ်လာ (၇)သန်းလောက် တန်ပါတယ်။ ကာလတန်ဘိုးနဲ့သင့်ရင် မြန်မာငွေကျပ်သိန်းပေါင်း ခြောက်သောင်းသုံးထောင်ကျော်ရှိပါတယ်။ ဒီငွေတွေဟာ စက်ရုံနေ့စားအလုပ်သမားပေါင်း ၁၀၀၀ အတွက် (၇)နှစ်စာ ရှိပါတယ်။ သေးသေးလေးမဟုတ်ပါဘူး။ အဲဒီစက်ကို ဒုတိယဝန်ကြီးအပါအဝင် အခြားသောပြောရေးဆိုခွင့် ရှိတဲ့သသူတွေက မလိုအပ်တဲ့ အတွက်မဝယ်ဖို့ ကန့်ကွက်ပေမယ့်လည်း တစ်ဦးတည်းသဘောနဲ့ ရအောင်ဝယ်ခဲ့ပါတယ်။ အဲသလို လုပ်ချင်သလို အာဏာကိုအသုံးချ၊ ပြည့်သူ့ဘဏ္ဍာကို စီရင်ချင်သလို စီရင်လိုက်လို့လည်း အကောင်းဖြစ် လာသလားဆိုတော့လည်း မဖြစ်လာပါဘူး။
စက်ရုံကြီးတော့ ကုန်ချင်သလောက်ကုန် ဆောက်ချင် သလိုဆောက်၊ ဝယ်ချင်တာတွေ စိတ်တိုင်းကျ ဝယ်လိုက်ပြီးတဲ့နောက်၊ ပွဲစားခတွေ အိပ်ထဲမြိုးမြိုးမြတ်မြတ် ထည့်လို့ အိန္ဒိယကနေ ၁၀ ဘီးကား အစီး (၈၀)လောက် သွင်းပြီး လုပ်ငန်းကိုရုတ်သိမ်းလိုက်ပါတယ်။ ဒါပေမယ့် စောစောကပြောခဲ့တဲ့ ဆေးစိမ်တဲ့စက်ဆိုတာ သုံးတောင်မသုံးလိုက်ရပါဘူး။ အဲဒီ သုံးမရတဲ့ စက်ကို ဒေါ်လာသန်းပေါင်းများစွာနဲ့ ဝယ်လိုက်ပြီး ဘဏ္ဍာကိုဖြုန်းတီးလိုက်တဲ့အတွက် အလုပ်သမား လူတန်းစားနဲ့ ပြည်သူလူထု နစ်နာခဲ့ပါတယ်။
(အပိုင်း ၂ မှာဆက်လက်ရှုစားပါခင်ဗျာ။)။
ပေးပို့ သူ - ဇူရီ။
0 comments:
Post a Comment