စမ်းချောင်းမြို့နယ်၊ ဓမ္မစေတီလမ်း (ပြည်လမ်းနှင့် ဗားကရာလမ်းကြား) ကို တစ်လမ်းမောင်းအဖြစ် ၂၀၁၃ ဖေဖော်ဝါရီ ၂၂ ရက်မှ စတင်ပြောင်းလဲ သတ်မှတ်ပြီးနောက် ယာဉ်ကြောပိတ်ဆို့မှု ယခင်ထက် ပိုမို ဆိုးဝါးလာကြောင်း သိရသည်။ ထိုရက်မှစ၍ အဆိုပါ လမ်းကြောင်းတစ်လျှောက် ခရီးသွားလာမှုမှာ ယခင်ထက် အချိန်အားဖြင့် ပိုမိုကြာမြင့်ခဲ့ရကြောင်း ခရီးသွား ပြည်သူများက တစ်ညီတစ်ညွတ်တည်း ပြောကြသည်။
“ကျွန်တော်က ဒီနေ့ (ဖေဖော်ဝါရီ ၂၅ ရက်) နံနက် ၁၁ နာရီခွဲလောက်က ရွှေဂုံတိုင်မှတ်တိုင်ကနေ မြေနီကုန်းကို ဘတ်စ်ကားစီးသွားတာ ၁၂ နာရီခွဲလောက်မှ မြေနီကုန်းမှတ်တိုင် ရောက်တယ်။ ကားမှတ်တိုင် သုံးမှတ်တိုင်လောက် စီးရတဲ့ ဒီခရီးကို တစ်နာရီလောက် စီးခဲ့ရတယ်” ဟု ခရီးသွားတစ်ဦးက ပြောသည်။ ထိုသို့ ရွှေဂုံတိုင်မှ မြေနီကုန်းအထိ ယာဉ်ကြော ပိုမိုကျပ်တည်းနေသဖြင့် အဆိုပါ လမ်းကြောင်းများတွင် ပြေးဆွဲနေသော ခရီးသည်တင်ယာဉ်နှင့် အခြားအငှားယာဉ်များ အခက်အခဲများစွာ ကြုံတွေ့နေရကြောင်း သိရသည်။

ယခုလို ဓမ္မစေတီလမ်း (ပြည်လမ်းနှင့် ဗားကရာလမ်းကြား) ကို တစ်လမ်းမောင်းစနစ် သတ်မှတ်ပြီးနောက် ယာဉ်ကြောပိုမို ရှုပ်ထွေးလာမှုအပေါ် သုံးသပ်ကာ ပြန်လည်ပြင်ဆင် ဆောင်ရွက်ရန် သက်ဆိုင်ရာသို့ တင်ပြမည်ဟု ရန်ကုန်တိုင်း ဒေသကြီး ကြိုးမဲ့ကြေးနန်းနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး ဒုတိယရဲတပ်ဖွဲ့ခွဲမှူး ရဲမှူးသာဌေးက ပြောသည်။
၎င်းကပင် “အဲဒီ ဓမ္မစေတီလမ်း (ပြည်လမ်းနှင့် ဗားကရာ လမ်းကြား) က လမ်းလေးခု ဆုံတဲ့နေရာဖြစ်လို့ ကားတွေ ခေါင်းချင်းဆိုင်ပြီး အရမ်းကြပ်တဲ့အတွက် သက်ဆိုင်ရာ တာဝန်ရှိသူတွေက တစ်လမ်းမောင်း စနစ်အနေနဲ့ လုပ်ခဲ့တယ်။ ဒီစနစ်ကို ပြင်လိုက်ရတဲ့ အဓိက ရည်ရွယ်ချက်က ယာဉ်ကြော ရှင်းလင်းဖို့အတွက် လုပ်ခဲ့တာဖြစ်တယ်။ ဒါပေမယ့် ယာဉ်ကြောတွေက ပိုပြီးရှုပ်ထွေး နေတဲ့အတွက် ပြန်လည်သုံးသပ်ပြီး သက်ဆိုင်ရာကို ပြန်လည်တင်ပြ သွားပါ့မယ်” ဟု ပြောသည်။ အလားတူ ရန်ကုန်မြို့နေ ခရီးသွားပြည်သူများနှင့် သယ်ယူ ပို့ဆောင်ရေး အာဏာပိုင်အဖွဲ့မှ အတွင်းရေးမှူး ဦးလှအောင်ကလည်း ရန်ကုန်မြို့၏ အဓိက ခြောက်လမ်းသွားများဖြစ်သည့် ပြည်လမ်း၊ ကမ္ဘာအေး စေတီလမ်းနှင့် ဘုရင့်နောင် လမ်းမကြီးများပေါ် ခုံးကျော်တံတားများ တည်ဆောက်နေခြင်းသည် ယာဉ်ကြောပိတ်ဆို့မှုများ၏ အဓိက အကြောင်းရင်းများ ဖြစ်နေကြောင်း ဝေဖန်ထောက်ပြသည်။

(၃၈) ယာဉ်လိုင်းမှ ယာဉ် နောက်လိုက်တစ်ဦးက “အရင်ရက်တွေဆိုရင် မွန်းတည့် ၁၂ နာရီ ရောက်ရင် ပုံမှန်ခြောက်ခေါက်လောက် ပြေးဆွဲပြီးပြီ။ ခုဆိုလေးခေါက်ပဲ ပြေးဆွဲရသေးတယ်။ မြေနီကုန်းကနေ ရွှေဂုံတိုင် မှတ်တိုင်အထိ ယာဉ်ကြောတွေ ရှုပ်ထွေးနေပါတယ်။ ယာဉ်ပေါ်မှာ အကြာကြီး မစောင့်နိုင်တဲ့ ခရီးသည်တွေဆိုရင် လမ်းဆင်းလျှောက်တာတွေ နေ့တိုင်း တွေ့နေရတယ်” ဟု ပြောသည်။ ရန်ကုန်မြို့တွင် ၇၂ ပေ ရှိ အဓိက ခြောက်လမ်းသွား လမ်းမကြီးများအဖြစ် ပြည်လမ်း၊ ကမ္ဘာအေးစေတီလမ်း၊ ဘုရင့်နောင်လမ်း၊ ရန်ကုန်-အင်းစိန်လမ်း၊ ဗားကရာလမ်း၊ ကမ်းနားလမ်းတို့ ရှိပြီး ယင်းတို့အနက် ပြည်လမ်းမပေါ်တွင် လှည်းတန်းခုံးကျော်တံတား၊ ကမ္ဘာအေးစေတီ လမ်းပေါ်တွင် ရွှေဂုံတိုင် ခုံးကျော်တံတားနှင့် ဘုရင့်နောင် လမ်းပေါ်တွင် ဘုရင့်နောင် ခုံးကျော်တံတားတို့ကို တည်ဆောက်နေခြင်း တို့ကြောင့် လက်ရှိတွင် ယာဉ်ကြော ပိတ်ဆို့မှုများ ပိုမိုဖြစ်ပွားနေရသည်။
Eleven Media Group
0 comments:
Post a Comment