စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Saturday, February 9, 2013

 State-sponsored attackers များက အီးမေးလ် Account သို့မဟုတ် ကွန်ပြူတာအတွင်း ၀င်ရောက်ရန် ကြိုးပမ်းနေသည်ဟု Gmail သုံးစွဲသူ ဂျာနယ်လစ်များထံသို့ Google မှ သတိပေးချက်များ ပေးပို့နေ

Google မှ ပေးပို့လာသော သတိပေးစာကို တွေ့ရစဉ်

State-sponsored attackers များက အီးမေးလ် Account သို့မဟုတ် ကွန်ပြူတာအတွင်း ၀င်ရောက်ရန် ကြိုးပမ်းနေသည်ဟု Gmail သုံးစွဲသူ ဂျာနယ်လစ်များထံသို့ ယခု ရက်ပိုင်းများ အတွင်း Google မှ သတိပေးချက်များ ပေးပို့နေကြောင်း သိရှိရပါသည်။ ပေးပို့လာခဲ့သော သတိပေးစာတွင် "Warning: We believe state-sponsored attackers may be attempting to compromise your account or computer" ဟု ဖော်ပြထားပြီး ဂျာနယ်လစ်များထံသို့ ကနဦးအနေဖြင့် ရောက်ရှိလာခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

Google မှ ပေးပို့လာသည့် သတိပေးစာကို ပြည်တွင်း ဂျာနယ်လစ်များ၏ အလုပ်နှင့် သက်ဆိုင်သော Gmail Account များထံ ရောက်ရှိခဲ့သည့် အပြင် သတင်းနှင့် ဆက်နွှယ်သော ကွန်ပြူတာ ပညာရှင်အချို့၊ Gmail သုံးစွဲသူ အချို့ထံသို့လည်း ရောက်ရှိခဲ့ကြောင်း သိရပြီး လက်ခံရရှိသူ အများဆုံးမှာ ဂျာနယ်လစ်များ ဖြစ်နေကြောင်း သိရှိရပါသည်။ ဖေဖော်ဝါရီလ ၅ ရက်နေ့ မွန်းလွဲပိုင်းနှင့် ညနေပိုင်းများတွင် Eleven Media Group ၏ အယ်ဒီတာချုပ် ကိုဝေဖြိုး အပါအ၀င် သတင်းအယ်ဒီတာများ၏ Gmail Account များထံသို့ State-sponsored attackers များက ၀င်ရောက် ကြိုးပမ်းနေသည်ဆိုသော သတိပေးချက်များ ရောက်ရှိခဲ့ပါသည်။

 မြန်မာ့အရေး ကျွမ်းကျင်သူ ဆွီဒင် ဂျာနယ်လစ် ဘာတေး လစ်တနာက သူ၏ Gmail Account သို့ ၀င်ရောက်ရန် ကြိုးပမ်း နေသူများ ရှိနေကြောင်း၊ ထိုကိစ္စနှင့် ပတ်သက်ပြီး ဆန်ဖရန်စစ္စကိုရှိ Google ရုံးသို့ အကြောင်း ကြားထားကြောင်း ဖေဖော်ဝါရီလ ၆ ရက်နေ့က အီးမေးလ်မှ တစ်ဆင့် ပြောကြားခဲ့သည်။ Gmail ၏ သတိပေးစာသည် The Voice Weekly ဂျာနယ်၏ အယ်ဒီတာ ကိုအောင်စိုး၊ AP သတင်းဌာန၏ မြန်မာနိုင်ငံဆိုင်ရာ သတင်းထောက် ဒေါ်အေးအေးဝင်းနှင့် ကျိုဒိုသတင်းဌာန၏ မြန်မာနိုင်ငံဆိုင်ရာ သတင်းထောက် ကိုမြတ်သူရ အစရှိသူတို့ထံလည်း ရောက်ရှိခဲ့ကြောင်း သိရပါသည်။

"ဖေဖော်ဝါရီ ၆ ရက်နေ့က ကျွန်မဆီကို သတိပေးစာ ရောက်လာပါတယ်။ State-sponsored attackers လို့ ပြောထားတော့ အရမ်းစိုးရိမ်သွားပြီး Password ကို ချက်ချင်း ပြောင်းလိုက်ရပါတယ်။ ကျွန်မတို့က အဆက်အသွယ် များတဲ့အတွက် Gmail ကို ၀င်ဖို့ ကြိုးစားပုံ ရပါတယ်။ Google ကတော့ ဘယ်အဖွဲ့အစည်းက လုပ်နေသလဲ ဆိုတာကို သိတဲ့အတွက် သတိပေးစာ ပို့ခဲ့တာပါ။ ဘယ်လို ရည်ရွယ်ချက်နဲ့ လုပ်နေတယ်ဆိုတာ မသိပေမဲ့ သူတို့ ၀င်ရောက်ဖို့ ကြိုးစားနေတဲ့ Gmail Account တွေက ဂျာနယ်လစ်တွေ ဖြစ်နေပါတယ်"ဟု AP သတင်းဌာနမှ ဒေါ်အေးအေးဝင်းက ပြောပါသည်။

 "ဒီလို သတိပေးစာ ရောက်လာတာဟာ မကောင်းဘူးလို့ ခံစားရပါတယ်။ လုံခြုံမှု မရှိဘူးလို့ ခံစားရပါတယ်။ တစ်ချိန် မဟုတ် တစ်ချိန်တော့ ဒီလို လုပ်လာမယ် ဆိုတာတော့ မှန်းထားပြီးသားပါ။ အဓိက ကတော့ သတိပေးစရာကို ကိုယ်တစ်ယောက်တည်းက ရတာဆိုရင် တစ်မျိုးပေါ့။ အခုက ဂျာနယ်လစ်တွေကို ရည်ရွယ်ချက် ရှိရှိ လုပ်သလို ဖြစ်နေတယ်။ The Voice ကို hacked တယ်။ Eleven ကို hacked တယ်။ Gmail က သတိပေးစာတွေ ပို့လာတယ်။ အားလုံးကို လိုက်လုပ်နေတဲ့ သဘောရှိတယ်။ ကျွန်တော့် အီးမေးလ်ကို ၀င်ဖတ်ချင်လို့ လုပ်တယ်ဆိုတာမျိုး မဟုတ်တော့ဘဲ ဖျက်လိုဖျက်ဆီး လုပ်လိုတဲ့ ရည်ရွယ်ချက်ပါ တွေ့လာရတော့ ဒါဟာ စိုးရိမ်စရာ ဖြစ်လာတယ်လို့ပဲ ပြောချင်ပါတယ်"ဟု ကျိုဒို သတင်းဌာနမှ ကိုမြတ်သူရ က ပြောပါသည်။

 ထို့အတူ ပြည်တွင်း မီဒီယာတစ်ခု ဖြစ်သော The Voice Weekly ဂျာနယ် ၀က်ဘ်ဆိုက်အတွက် တာဝန်ယူ လုပ်ဆောင် ပေးနေသော Myanmar's Net ၏ မန်းနေးဂျင်း ဒါရိုက်တာ ဖြစ်ပြီး Hacked ပြုလုပ်ခံရသည့် The Voice Weekly Facebook ကို ပြန်လည် ရရှိစေရန် ကြိုးပမ်း ကူညီ လုပ်ဆောင် ပေးနေသူ ဦးဇော်ထွဋ် ထံသို့လည်း Gmail မှ ပေးပို့သည့် သတိပေးစာ ရောက်ရှိလာခဲ့ကြောင်း သိရပါသည်။ "Gmail က ပို့လာတဲ့ သတိပေးစာကို ဖေဖော်ဝါရီလ ၅ ရက်နေ့ စပြီး တွေ့ပါတယ်။ အလုပ်နဲ့ ပတ်သက်ပြီး အသုံးပြုနေတဲ့ Gmail Account ကို ရောက်လာခဲ့တာပါ။ State-sponsored attackers ဆိုပြီး ပို့လာတာကို တစ်ခါမှ မကြုံဖူးပါဘူး။ ပိုပြီး ထူးခြားတာက အလုပ်နဲ့ ပတ်သက်ပြီး သုံးနေတဲ့ Account ကို ရောက်လာတာပါ။ Personal အတွက် သုံးတဲ့ Gmail Account မှာတော့ ဒီလို သတိပေးစာ ရောက်မလာပါဘူး။ စက်တစ်လုံးတည်းမှာ သုံးတာချင်းအတူတူ အလုပ် အတွက် သုံးနေတဲ့ Account ဆီကို ရောက်လာခဲ့တာပါ"ဟု Myanmar's Net မှ ဦးဇော်ထွဋ်က ပြောပါသည်။

Gmail မှ ပေးပို့ခဲ့သော သတိပေးစာတွင် State-sponsored attackers ဟု ဆိုထားသည့်အတွက် အစိုးရမှ ထောက်ပံ့ထားသော အဖွဲ့အစည်းမှ လုပ်ဆောင်ခြင်း ဖြစ်ပြီး မည်သည့် နိုင်ငံမှ အစိုးရ အထောက်အပံ့ခံ အဖွဲ့အစည်းက လုပ်ဆောင်သည် ဆိုသည်ကို Gmail မှ သတင်းထုတ်ပြန်ခြင်း မပြုဘဲ သတိပေးစာ အနေဖြင့်သာ ပေးပို့ခဲ့ခြင်း ဖြစ်ပါသည်။ ၂၀၁၂ခုနှစ် ဇွန်လအတွင်းကလည်း ယခုကဲ့သို့ သတိပေးစာများကို Google မှ ထုတ်ပြန်ခဲ့ဖူးကြောင်း အောက်တိုဘာလ အတွင်းက ဖော်ပြခဲ့သော နယူးယောက်တိုင်းမ် သတင်းတွင် ဖော်ပြခဲ့ဖူးသည်။ ထိုစဉ်ကလည်း အဆိုပါ သတိပေးစာကို အမေရိကန် ဂျာနယ်လစ်များ၊ နိုင်ငံခြား မူဝါဒရေးရာ ကျွမ်းကျင်သူနှင့် နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ များစွာက လက်ခံ ရရှိခဲ့ကြောင်း သိရသည်။ ထိုအချိန်က Google ၏ အချက်အလက် လုံခြုံရေး မန်နေဂျာ မိုက်ဝီယာဆက်က ပြောကြားခဲ့ရာတွင် Google သည် အစိုးရ ထောက်ပံ့သော အဖွဲ့အစည်းများ၏ ဆိုက်ဘာ တိုက်ခိုက်မှုများနှင့် ပတ်သက်၍ Gmail အသုံးပြုသူများကို သတိပေးခဲ့ကြောင်း၊ ထိုအချိန်မှ စတင်ပြီး တိုက်ခိုက်ပုံ နည်းလမ်းနှင့် ပတ်သက်သည့် အသိပညာ ဆိုင်ရာ အချက်အလက် အသစ်များကို စုဆောင်းခဲ့ကြောင်း၊ Google အနေဖြင့် အစိုးရက ထောက်ပံ့ထားပုံရသည့် အဖွဲ့အစည်းများမှ လုပ်ဆောင်သော ဆိုက်ဘာ တိုက်ခိုက်မှုများကို မျှော်လင့်ထားသည်ထက် ပိုမိုကြုံတွေ့ခဲ့ရကြောင်း နယူးယောက်တိုင်း(မ်) သတင်းစာသို့ ပြောကြားခဲ့သည်။

ဇွန်လအတွင်းက ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုများနှင့် စပ်လျဉ်းပြီး တိုက်ခိုက်မှုအတွက် ပစ်မှတ်ဖြစ်လာနိုင်သော Gmail အသုံးပြုသူများထံသို့ သတိပေးစာများ ပေးပို့ခဲ့ကြောင်း မိုက်ဝီယာဆက်က ပြောကြားခဲ့ပြီး အဆိုပါ သတိပေးစာကို အမေရိကန်ဂျာနယ်လစ်များနှင့် နိုင်ငံခြား မူဝါဒရေးရာ ကျွမ်းကျင်သူများစွာက လက်ခံ ရရှိခဲ့သည်ဟု ၎င်းတို့၏ Twitter စာမျက်နှာများတွင် ရေးသား ခဲ့ပါသည်။ ထိုသို့ တိုက်ခိုက်ရန် ကြိုးပမ်းမှုအား Wired အမျိုးသား လုံခြုံးရေး ဘလော့ဂ်၏ အယ်ဒီတာ နိုအာ ရှအက်မန်က "အန္တရာယ် သတိပေးချက်၊ အစိုးရက ထောက်ပံ့သော အဖွဲ့အစည်းများ၏ တိုက်ခိုက်မှုကို ခံရနိုင်သည့် သားကောင် ဖြစ်နိုင်ချေ သတိပေးချက်ကို Google ထံမှ ရရှိခဲ့သည်"ဟု ၎င်း၏ Twitter စာမျက်နှာတွင် ရေးသားခဲ့ပါသည်။

Google ၏ အချက်အလက် လုံခြုံရေး မန်နေဂျာ မိုက်ဝီယာဆက်၏ ပြောကြားချက်အရ အရှေ့အလယ်ပိုင်း ဒေသမှ ဖြစ်နိုင်ချေရှိသော အစိုးရ အထောက်အပံ့ခံ အဖွဲ့အစည်းများ၏ တိုက်ခိုက်မှုများ ပိုမိုများပြား လာသည်ကို သတိပြုမိကြောင်း ပြောကြားခဲ့သော်လည်း နိုင်ငံများ၏ အမည်ကို အတိအကျ ထုတ်ဖော် ပြောဆိုခဲ့ခြင်း မရှိကြောင်း သိရသည်။ ပြည်တွင်း သတင်းမီဒီယာများ၏ Website နှင့် Facebook များကို hacked ပြုလုပ် တိုက်ခိုက်ခြင်းများမှ ယခု လပိုင်း အတွင်း ပိုမို ဖြစ်ပွားလျက် ရှိပါသည်။ ဇန်န၀ါရီလ ၁၅ ရက်နေ့နှင့် ၁၆ ရက်နေ့များက Eleven Media Group ၏ ၀က်ဘ်ဆိုက်ကို Red-Army Team ဟု အမည်ပေးထား သော အဖွဲ့မှ တိုက်ခိုက်(hacked) မှုများ ပြုလုပ်ခဲ့ဖြင့် Eleven Media Group ၀က်ဘ်ဆိုက်ကို စာဖတ်ပရိသတ်များ အချိန် လေးနာရီခန့် ၀င်ရောက်ကြည့် ရှုနိုင်ခြင်းမရှိခဲ့ဘဲ ပြန်လည်ပြင်ဆင်မှုများ ပြုလုပ်ခဲ့ရပါသည်။

ထိုသို့ မတိုက်ခိုက်မီ အချိန်က Eleven Media Group ကို DDoS တိုက်ခိုက်မည်ဟု Myanmar Express ၀က်ဘ်ဆိုက်တွင် သတင်း ဖော်ပြခဲ့ပါသည်။ Myanmar Express ၀က်ဘ်ဆိုက်သည် တပ်မတော် အရာရှိအချို့နှင့် ဌာနအချို့မှ လုပ်ဆောင်နေဟု ယူဆချက်များ ထွက်ပေါ်နေသည့် ၀က်ဘ်ဆိုက် တစ်ခုဖြစ်ပါသည်။ ယင်းဝက်ဘ်ဆိုက်သည် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အတိုက်အခံ နိုင်ငံရေးသမားများ၊ မီဒီယာများ (အထူးသ ဖြင့် Eleven Media Groupနှင့် The Voice Weekly) ကို ပုဂ္ဂိုလ်ရေး အပုပ်ချတိုက်ခိုက်နေသည့် ၀က်ဘ်ဆိုက် တစ်ခုဖြစ်ပါသည်။

 ဖေဖော်ဝါရီလ ၄ ရက်နေ့က The Voice Weekly ဂျာနယ်၏ Facebook စာမျက်နှာ တိုက်ခိုက်ခံခဲ့ရပြီး MMCF နှင့် Anonymous Myanmar ဟု အမည်ပေးထားသော အဖွဲ့များက တိုက်ခိုက်(hacked) ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ထိုသို့ တိုက်ခိုက်ရာတွင် တိုက်ခိုက်ခဲ့သူများမှ The Voice Weekly Facebook စာမျက်နှာမှ Admin account အားလုံးကို ဖြုတ်ချလိုက် ပြီး ထိုစာမျက်နှာကို ထိန်းချုပ်မှုများ ပြုလုပ်ခဲ့ပါသည်။ ဖေဖော်ဝါရီလ ၅ ရက်နေ့ နံနက်ပိုင်းတွင် တိုက်ခိုက်ခံခဲ့ရသော The Voice Weekly ဂျာနယ် Facebook စာမျက်နှာ၌ Myanmar Express ၀က်ဘ်ဆိုက် စာမျက်နှာတွင် ဖော်ပြခဲ့သော အကြောင်းအရာများကို ၎င်းတို့ စိတ်ကြိုက် ပြန်လည်ဖော်ပြ ရေးသားခြင်းများ ဆက်တိုက် ပြုလုပ်ခဲ့ ပါသည်။

 ဖေဖော်ဝါရီလ ၅ ရက်နေ့ မွန်းလွဲပိုင်းအချိန်တွင် ပရိသတ် တစ်သိန်းကျော် ရရှိထား သည့် The Voice Weekly ၏ Facebook Page စာမျက်နှာမှာ Facebook လူမှုကွန်ယက်၌ ပျက်စီးသွားခဲ့ပါသည်။ ထို့အတူ ဖေဖော်ဝါရီလ ၆ ရက်နေ့ ညနေပိုင်းက Eleven Media Group ၏ Facebook စာမျက်နှာကို နည်းပညာသုံး တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး အဆိုပါ တိုက်ခိုက်မှုကို မိနစ်ပိုင်းအတွင်း Eleven Media Group IT Team မှ အချိန်မီ ပြန်ထိန်းနိုင်ခဲ့ကြောင်း သိရှိရပါသည်။

Myanmar Express ၀က်ဘ်ဆိုက်နှင့် ပတ်သက်၍ ဒီမိုကရေစီ ဖော်ဆောင်ရေးကို မလိုလားသော တပ်မတော် အရာရှိ အချို့နှင့် ဌာန အချို့မှ လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု ယူဆ သံသယ ဖြစ်ဖွယ် အချို့ တွေ့ရှိ နေသဖြင့် မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီက တစ်ဆင့် နိုင်ငံတော် သမ္မတနှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အစရှိသည့် အစိုးရ တာဝန်ရှိသူများထံသို့ မေတ္တာရပ်ခံ ညှိနှိုင်းဖြေရှင်းပေးရန် တိုင်ကြားစာကို Eleven Media Group က ပေးပို့ထားကြောင်း သိရှိရပါသည်။

Eleven Media Group 

0 comments: