စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်
Showing posts with label မလေးရှား -ပေးစာ. Show all posts
Showing posts with label မလေးရှား -ပေးစာ. Show all posts

Sunday, January 8, 2012

မလေးရှားရောက် မြန်မာမိန်းမပျိုလေး တဦး၏ အိတ်ဖွင့်ပေးစာ..


အစ်ကိုတို့ရေ အစ်ကိုတို့ကို ညီမအနေနဲ့ ဆက်သွယ်ပြောချင်တာလေးနည်းနည်း ရှိပေမဲ့ ဘယ်လိုဆက်သွယ်ရမှန်း မသိလို့ အင်တာနက်ပေါ်ကပဲ အိတ်ဖွင့်ပေးစာ အနေနဲ့ ပို့လိုက်ပါတယ်ရှင်။ ပြောချင်တာတွေများတော့ စာက နည်းနည်း ရှည်သွားလို့ သည်းခံပြီး အဆုံးထိ ဖတ်ပေးစေချင်ပါတယ်နော်။

ညီမက ပီနန်မှာ အလုပ်လုပ်နေတဲ့ မြန်မာမိန်းကလေးတစ်ယောက်ပါ။ အစ်ကိုတို့အကြောင်းကို ညီမစသိတာတော့ နည်းနည်းကြာပါပြီ။ ညီမသူငယ်ချင်း တစ်ယောက်က ညီမကိုပြောပြလို့ပါ။ သူပြောပြတာကတော့ မလေးရှားမှာ တခြားနိုင်ငံ သားတွေနဲ့တွဲပြီး အခြေအနေဆိုးနေတဲ့ မိန်းကလေးတွေ မရှိရအောင် ရည်ရွယ်ချက်တူတဲ့ လူတွေစုပြီး အဖွဲ့ဖွဲ့ပြီးလုပ် ဆောင်မယ်တဲ့။ သူပြောတာကြားတော့ ညီမလေးဝမ်းသာလိုက်တာ။ သူ့ကိုတောင် ပြောလိုက်သေးတယ်။

ဖြစ်သင့်တာ ကြာပြီလို့။ ဟုတ်ပါတယ်။ မလေးရှားမှာ မြန်မာမိန်းကလေးတချို့ဟာ တခြားနိုင်ငံသားတွေနဲ့ အပျော် သဘောတွဲပြီး အခြေအနေဆိုးနေတာ ကြာပါပြီ။ ညီမ မလေးရှားကို စရောက်တည်းက မြန်မာမိန်းကလေးတွေနဲ့ ပတ်သက်ပြီး အဆိုနှစ်ခုကြားရပါတယ်။ တစ်ခုကတော့ ဖုန်းတစ်လုံးဝယ်ပေးရင် မြန်မာမိန်းကလေးတစ်ယောက်ရပြီတဲ့။

နောက်တစ်ခုကတော့ မြန်မာယောက်ျားလေးတွေက ပြောတာပါ။ မြန်မာနိုင်ငံပြန်ရောက်လို့ မိန်းမယူမယ်ကြံရင် မလေးရှား ကိုရောက်ဖူးတဲ့မိန်းမဆိုရင်တော့ ဝေးဝေးရှောင်မယ်တဲ့။ ညီမလေ အဲ့စကားတွေကြားရတော့ တော်တော် စိတ်မကောင်း ပါဘူး။ အစ်ကိုတို့ သတင်းကို အဲ့ဒီနေ့မှာ ကြားလိုက်ရတော့ ညီမတော်တော်ပျော်မိတယ်။ ညီမကိုယ်တိုင်လဲ အပြင်တွေ ဘာတွေသွားရင် မြန်မာမိန်းကလေးတွေ လူမျိုးခြားယောက်ျားလေးတွေနဲ့ တွဲနေတာမြင်ရင် မချိအောင်နာမိသူပါ။ ဒါတောင် ညီမက အပြင်ကို သိပ်မထွက်ပါဘူး။ မထွက်မဖြစ် လကုန်အိမ်ကို ပိုက်ဆံပို့တဲ့အချိန်ရယ် ချက်ဖို့ပြုတ်ဖို့ ဈေးမသွားမဖြစ် ကိုယ်တိုင်သွားရမယ့် အချိန်ရယ်။ ဒီနှစ်ချိန်လောက်ပဲ အပြင်ထွက်တာပါ။ ဒါတောင်ညီမထွက်တိုင်း မိန်းကလေးတွေကို တခြား လူမျိုးတွေနဲ့တွဲပြီး မကြာမကြာမြင်နေရပါတယ်။ အဲ့တော့ အစ်ကိုတို့ သတင်းလေးကြားတော့ ညီမအရမ်းဝမ်းသာတယ်။ အစ်ကိုတို့ သူတို့ကို ဘယ်လိုကူညီမလဲ။ ဘယ်လိုလုပ်ဆောင်မလဲ။

ညီမအမြဲနားစွင့်နေပါတယ်။ ဒါပေမဲ့ ညီမကိုယ်တိုင်ကလဲ အပြင်သိပ်မထွက်လို့လားတော့ မသိ။ အစ်ကိုတို့အဖွဲ့ရဲ့သတင်း ကို မျက်ခြည်ပျက်သွားခဲ့တာ ကြာရောပေါ့။ ဟိုရက်ပိုင်းကလေးကမှ အစ်ကိုတို့ အင်တာနက်ပေါ်ကိုတင်လိုက်တဲ့ ဗီဒီယို လေးကြောင့် အစ်ကိုတို့လုပ်ဆောင်နေတာတွေကို ညီမသေချာသိခဲ့ရပါတယ်။

ဒီနေရာမှာ အစ်ကိုတို့ကို ရှင်းပြချင်တာလေးနှစ်ခုရှိပါတယ် အစ်ကိုရေ။ပထမ ရှင်းပြချင်တာကတော့ မလေးရှားက မြန်မာမိန်းကလေးတိုင်းမပျက်စီးပါဘူးဆိုတဲ့ အချက်ပါပဲ။ အစ်ကိုတို့ရေ ညီမဖတ်မိဘူးတာလေး တစ်ခုရှိပါတယ်။ မန္တလေးမြို့က မစိုးရိမ်ကျောင်းတိုက်ကြီးကို လှူခဲ့တဲ့ဒကါအကြောင်းပါ။

တစ်နေ့ အဲ့ဒီဒကာအိမ်ကို သူ့မိတ်ဆွေတစ်ယောက်က ရောက်လာပြီး“ဟေ့ကောင် မင်းကတော့ မစားရက်မသောက်ရက် နဲ့စုပြီး ကျောင်းတိုက်ကြီးလှူထားတာကွာ။ အခုပဲ မင်းလှူထားတဲ့ ကျောင်းကို ငါရောက်ခဲ့တော့ ဘုန်းကြီးတွေ သင်္ကန်းခါး တောင်းကျိုက်ပြီး ခြင်းခတ်နေတယ်။ ဘယ်မြင်လို့မှ မကောင်းကွာ”ဆိုပြီး လာပြောသတဲ့။ အဲ့ဒါနဲ့ အဲ့ဒီဒကါကလည်း “ဟုတ် လား လာကျောင်းသွားရအောင်ကွာ” ဆိုပြီး သူ့သူငယ်ချင်းနဲ့အတူ နှစ်ယောက်ကျောင်းကိုသွားကြသတဲ့။ ကျောင်းရောက် တော့ သူ့သူငယ်ချင်းပြောတဲ့အတိုင်းပေါ့လေ။ ကျောင်းဝင်းထဲမှာ ဘုန်းကြီးတွေ ခြင်းခတ်နေတာကို တွေ့သတဲ့။ အဲ့ဒါနဲ့ပဲ ဒကါလည်း သူ့သူငယ်ချင်းကို “လာ ကျောင်းတိုက်ပေါ်ခဏတက်ဦး”ဆိုပြီး ကျောင်းပေါ် ခေါ်သွားတယ်။ ကျောင်းပေါ် ရောက်တော့ ကျောင်းပေါ်မှာ စာအံတဲ့ကိုရင်တွေ စာသင်တဲ့ဘုန်းတော်ကြီးတွေ တရားထိုင်နေတဲ့ ဘုန်းတော်ကြီးတွေ အစရှိသဖြင့်ပေါ့။ ဘုန်းကြီးတွေ ကိုရင်တွေကိုတွေ့သတဲ့။ အဲ့ဒီအခါ ဒကါက သူ့သူငယ်ချင်းဖက်ကို လှည့်ပြီး “ခြင်းခတ်နေ တဲ့ဘုန်းကြီး ဘယ်နှစ်ပါးရှိသလဲလို့”မေးလိုက်ပါတယ်။ သူ့သူငယ်ချင်းကလဲ “မင်းမတွေ့ဘူးလား ဘုန်းကြီးငါးပါးခြင်းခတ် နေတာ။” ဒကါက ထပ်ပြီးတော့“ဟော့ဒီကျောင်းပေါ်မှာ စာအံစာချနေတဲ့ ဘုန်းကြီးတွေ ကိုရင်တွေ ဘယ်နှစ်ပါးရှိမယ်ထင် သလဲ ”လို့ ထပ်မေးလိုက်ပါတယ်။ သူ့သူငယ်ချင်းလဲ “ဟာ ဒါကတော့ အများကြီးပဲပေါ့။” အဲ့ဒီအခါ ဒကါက “အေးဟုတ် တယ် မင်းအပြင်မှာခြင်းခတ်နေတာကိုပဲ မြင်တာကိုးကွ။ အထဲလည်း ဝင်ကြည့်ပါဦး” လို့ပြောသတဲ့။

အစ်ကိုတို့ရေ အဲ့လိုပါပဲ။ မလေးရှားမှာ အစ်ကိုတို့တွေ အပြင်မှာတွေ့နေရတဲ့ မိန်းကလေးတွေရဲ့ အရိပ်အကဲကိုကြည့်ပြီး တော့ မလေးရှားက မြန်မာမတွေ မကောင်းဘူး။ ယောက်ျားတွေနဲ့ ပလူးနေလိုက်တာ။ မြင်လို့မှမကောင်း။ -ါလုံးလုံးဖြစ်နေ ပြီလို့ ဝါးလုံးရှည်ကြီးနဲ့ သိမ်းမရမ်းကြပါနဲ့။ စက်ရုံတွေ အလုပ်ရုံတွေထဲမှာ ရိုးရိုးသားသားနေပြီး ကြိုးကြိုးစားစားနဲ့ မိဘတွေ ကို လုပ်ကျွေးနေကြတဲ့ မိန်းမကောင်းလေးတွေ တစ်ပုံကြီးရှိပါတယ်။


(ဓါတ်ပုံ - အင်တာနက်)

ဒုတိယ ရှင်းပြချင်တာကတော့ မလေးရှားကိုရောက်နေတဲ့ မြန်မာမိန်းကလေးတော်တော်များများရဲ့ ဘဝပေးအခြေ အနေပါ။ မလေးရှားကို လာပြီး အလုပ်လုပ်နေတဲ့မြန်မာ မိန်းကလေးတော်တော်များများဟာ မြန်မာနိုင်ငံရဲ့ အခြေခံ လူတန်းစား တစ်နေ့လုပ်တစ်နေ့စား အသိုင်းအဝိုင်းတွေက လာတာများပါတယ်။ မြန်မာနိုင်ငံမှာ ပိုက်ဆံအလယ် အလတ်အဆင့်ရှိတဲ့ လူတွေတောင် မလေးရှားကို မလာပါဘူး။ သူတို့တွေနိုင်ငံခြားကို ထွက်ရင် စင်္ကာပူလောက်ကို အနိမ့်ဆုံး ထွက်တတ်ပါတယ်။ ပြီးတော့ မလေးရှားကိုလာတဲ့ မိန်းကလေးတွေရဲ့ ရှစ်ဆယ်ရာခိုင်နှုန်းလောက်ဟာ ပိုက်ဆံချေးပြီး လာတာကများပါတယ်။ အဲ့ဒီလိုပဲ လာတဲ့မိန်းကလေးတွေရဲ့ငါးဆယ်ရာခိုင်နှုန်းလောက်ဟာ လက်မထပ်ရသေးတဲ့ မိဘအုပ် ထိန်းမှု့အောက်မှာ ရှိနေသေးတဲ့ မိန်းမပျိုလေးတွေ များပါတယ်။ လာတဲ့အချိန်မှာတော့ မျှော်လင့်ချက်တွေ တစ်နင့်တစ်ပိုးကြီးနဲ့ပေါ့။ ပွဲစားတွေရဲ့မစားရဝမခန်းပြောလုံးတွေကြောင့်လည်း ပါတာပေါ့လေ။

အဲ တကယ်ရောက်ပြီဆိုတဲ့ အချိန်မှာတော့ ………………….။
မလေးရှားမှာ အလုပ်လုပ်တဲ့မြန်မာမိန်းကလေးတော်တော်များများရဲ့ အခြေခံလစာကို တွက်ရင် မလေးငွေ ရင်းဂစ် ၇၅၀ ပေါ့။ တချို့တွေဆို တစ်နေ့ကို ရင်းဂစ် ၂၀ကျော်လောက်နဲ့ တစ်လမှ ၆၀၀ကျော်လောက်ပဲ ရကြပါတယ်။ အမျိုးမျိုးပေါ့လေ။ ဒါပေမဲ့ ပျမ်းမျှတွက်လိုက်မယ် ၇၅၀ ပဲထား။ (တစ်ထောင်ကျော်ထွက်နေတဲ့လူတွေလည်း ရှိပါတယ်။ ဒါကရောက်ပြီး သုံးနှစ်လောက်ကြာ လုပ်ငန်းအတွေ့အကြုံရှိ စကားပြောလေးတက်လာတဲ့အချိန်မှပါ။ ) ရောက်စ၂လ လောက်မှာ ဘယ်လိုမှ ပိုက်ဆံမပို့နိုင်ပါဘူး။ ဒီမှာ စားဖို့ အိုးလေးခွက်လေးတွေ လိုတဲ့ ပစ္စည်းလေးတွေ ဝယ်ရတာကို။

ကဲ ပိုက်ဆံပို့ပြီဆိုတော့ ။ ရတဲ့လခက ၇၅၀။ ထမင်းဖိုးက ၁၅၀ ထား။ အိမ်ကိုဖုန်းဆက်ဖို့နဲ့ ဆပ်ပြာ သွားတိုက်တံ တခြား ဝယ်စရာတိုလီမှုတ်စလေးတွေက ၁၀၀ ပဲထားဦး။ ဒါအနည်းဆုံးနှုန်းကို တွက်ပြနေတာပါနော်။ အဲ့ဒီမှာတင် ၂၅၀ ကုန်ပြီ။ အိမ်အတွက် ၅၀၀ ပေါ့။ ငွေဈေးက ၂၅၀ ဈေး။ အဲ့တော့ အိမ်ကိုပို့တဲ့ပိုက်ဆံက တစ်လကို မြန်မာငွေ ၁၂၅၀၀၀။ အဲ့ဒီမှာ အရေးကြီးတာက နောက်မှာကျန်ခဲ့တဲ့ မြန်မာနိုင်ငံက လူတွေရဲ့အခြေအနေပဲ။ ချေးထားတဲ့ပိုက်ဆံကလည်း အတိုးက တက်နေ။ ဒါလေးကိုကျေဖို့အမြန်ဆပ်နေတဲ့ အချိန်မှာ အိမ်ကလူတွေက တစ်ခြားပိုက်ဆံဝင်ငွေရှိရဲ့လား။

ကိုယ့်တစ်ယောက်တည်းဆီကပဲ မျှော်ကိုးနေရတဲ့လူတွေလား။ အဲ့ဒီအခြေအနေတွေပေါ် မူတည်ပြီး မိန်းကလေးတွေခမျာ အဆင်ပြေသလို လှုပ်ရှားနေရတာတွေ ညီမတွေ့နေရတယ်။ ညီမလေ သူတို့ကို အရမ်းသနားပါတယ်။ သူတို့လုပ်ချင်လို့ လုပ်နေကြတာမဟုတ်ပါဘူး။ တခါတလေကျရင် ဘယ်လိုမှလွန်ဆန်လို့မရတဲ့ ဘဝတွေရှိတတ်ကြတယ် အစ်ကိုရေ။ မလုပ်ချင်ပေမဲ့လည်း မဖြစ်ချင်ပေမဲ့လည်း ကိုယ့်မိဘအတွက် ကိုယ့်ညီအစ်ကိုမောင်နှမတွေအတွက် ……………………… …………………………..။

အစ်ကိုတို့ရေ တော်တော်များများကပြောပါတယ်။ မြန်မာနိုင်ငံမှာ ထမင်းငတ်လို့သေတဲ့မသာ မရှိဘူးတဲ့။ ဟုတ်ပါတယ် ထောက်ခံပါတယ်။ ဒါပေမဲ့ ဆင်းရဲလို့ ဆေးကုဖို့ ပိုက်ဆံငါးသောင်းလောက် မရှိလို့ သေတဲ့မသာတွေ ရှိပါတယ် အစ်ကိုတို့ရေ။ ပိုက်ဆံငါးသောင်းဆိုတော့ မလေးငွေ ၂၀၀ ပေါ့နော်။အစ်ကိုတို့ရေ အစ်ကိုတို့ အင်တာနက်ပေါ်မှာတင်ထားတဲ့ အခွေမှာ မိန်းကလေးကို အစ်ကိုတို့ပြောဆိုဆုံးမနေတဲ့စကားတွေ ညီမကြားခဲ့ရပါတယ်။ အဲ့ဒီအထဲမှာတစ်ခုက နင်တို့ရုပ်ရည် လေးနဲ့ ဆို မြန်မာနိုင်ငံမှာ လင်ကောင်းကောင်းရှာယူလို့ရပါတယ်တဲ့။ ဟုတ်ပါတယ် အစ်ကိုရေ။ မိန်းကလေးတွေအတွက်က ယောက်ျားကောင်းကောင်း တစ်ယောက်ရှာယူလိုက်ရင် သူ့အတွက် ပူစရာမလိုပါဘူး။ ယောက်ျားက ရှာကျွေးမှာပေါ့နော့။ ဒါပေမဲ့ အဲ့ဒီယောက်ျားက သူ့မိန်းမကိုပဲ ရှာကျွေးမှာလေ။ သူ့မိန်းမနောက်က မိဘတွေကိုတော့ ရှာကျွေးဖို့ သထာမယ်မထင်ပါဘူး အစ်ကိုတို့ရေ။ ဒါက ညီမပြောပြချင်တဲ့ မလေးရှားက မိန်းကလေးတော်တော်များများရဲ့ ဘဝပေး အခြေအနေပါ။

အစ်ကိုတို့ရေ သိတတ်နားလည်တဲ့ လူကြီးမပြောနဲ့ ငယ်ရွယ်စဉ်ကလေးဘဝမှာတောင် မိဘတွေက သားလေးကြီးလာရင် လူကောင်းလုပ်မှာလား လူဆိုးလုပ်မှာလားဆိုရင် လူကောင်းလုပ်မယ်လို့ ဖြေခဲ့ကြ လူကောင်းလုပ်ချင်ခဲ့ကြတာချည်းပါပဲ။ တခါတရံမှာ ရှင်းပြလို့မရနိုင်တဲ့ အခြေအနေတွေကြောင့် လူတော်တော်များများဟာ လူဆိုးတွေဖြစ်ကြရတယ်။ အစ်ကို တို့ ရေ အစ်ကိုတို့ရော ဘဝမှာ မလုပ်ချင်ပေမဲ့ မတတ်သာလို့ မဖြစ်သာလို့ ကြိတ်မှိတ်လုပ်နေရတဲ့အဖြစ်မျိုးတွေ မကြုံခဲ့ဖူးဘူး လားဟင်။ မကြုံခဲ့ဖူးဆိုရင်တော့ အစ်ကိုတို့ဟာ တော်တော်ကံကောင်းတဲ့ လူတွေပါပဲ။

ညီမတောင် အခုဖြစ်နိုင်ရင် မလေးရှားမှာ အလုပ်မလုပ်ချင်ပါဘူး။ မြန်မာပြည်ပြန်ပြီး ကိုယ့်မိဘတွေနဲ့ပဲ ပျော်ပျော် ရွှင်ရွှင် လွတ်လွတ်လပ်လပ် နေချင်ပါတယ် အစ်ကိုတို့ရေ။ မလေးရှားမှာ အလုပ်လုပ်ရတာ အနည်းနဲ့အများ အခက်အခဲတွေ ရှိနေတာ ဖိနှိပ်မှု့တွေရှိနေတာကို အစ်ကိုတို့လဲ မလေးရှားမှာ နေနေတဲ့လူတွေပဲဆိုတော့ သိမှာပါအစ်ကိုရေ။ ဒါတောင် ညီမက တချို့သော မိန်းကလေးတွေလို မိသားစုမှာတစ်ဦးတည်း ပိုက်ဆံရှာသူ မဟုတ်ခဲ့ပါဘူး အစ်ကိုရေ။ မြန်မာပြည်ကနေ မလေးရှားကိုလာဖို့ပြင်ရတည်းက သတင်းတွေကလည်း ကြားနေတော့ ငါကံဆိုးလိုက်တာ မသွားချင်ပေမယ့်လည်း သွားရဦးမယ် ငါတော်တော်ကံဆိုးတာပဲလို့ ထင်နေခဲ့သမျှ ဒီက တချို့သော မြန်မာမိန်းကလေးတွေရဲ့ ဘဝကို အသိမှာ ငါတော်တော်ကံ ကောင်းသေးတာပဲလို့ ကိုယ့်ကိုယ်ကို အားပေးမိပါတယ်။

အခုချိန်ထိလည်း ညီမက ပိုက်ဆံကို ရိုးရိုးသားသားနည်းနဲ့ပဲ ကိုယ့်လုပ်အားနဲ့ကိုယ် ရှာဖွေနေနိုင်ခဲ့ပါတယ်။ဒါပေမဲ့ ပျက်စီး နေပါတယ်ဆိုတဲ့ မြန်မာမိန်းကလေးတွေရဲ့ဘဝကိုလည်း ညီမ စာနာနားလည်ပေးနိုင်ပါတယ်။ နင်တို့တွေကြောင့် ငါတို့ တွေပါ ရောပြီးနာမည်ပျက်နေရတာလို့ လက်ညှိုးမထိုးရက်ခဲ့ပါဘူး။ သူတို့နေရာမှာ ငါသာဆိုရင်ရောဆိုတဲ့ အတွေးနဲ့တင် ညီမအပြစ်တင်ဖို့ မဝံ့ရဲခဲ့ပါဘူး။ အစ်ကိုတို့ရေ အစ်ကိုတို့ရဲ့ မွန်မြတ်တဲ့ စိတ်ဓါတ်နဲ့ ရည်ရွယ်ချက်ကို ညီမ လေးစားမိပါတယ်။ ဒါပေမဲ့ အစ်ကိုတို့ရေ လုပ်ရပ်တွေက မှားနေလားလို့။ အစ်ကိုတို့တင်ထားတဲ့ အခွေထဲက မိန်းကလေးတွေရော ဘယ်လိုဖြစ်သွားလဲဟင်။ သူတို့တွေရှက်ပြီး မြန်မာပြည်ပြန်ကုန်ကြပြီလား။ ဒါဆိုရင် တော်သေးတာပေါ့။ မဟုတ်ဘဲနဲ့ ပေါက်တဲ့နဖူးမထူးပါဘူး အခုဆိုရင် ငါတို့အကြောင်းတွေ အကုန်သိကုန်ပြီဆိုပြီး အဲ့ဒီနီပေါတွေဆီ အပြီးလိုက်သွားတာမျိုး ဘဝကိုဖြစ်သလို ရေစုန်မျှောလိုက်တာမျိုး ဒါမှမဟုတ်ရှက်ပြီး ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားတာမျိုးဆိုရင်တော့ …………………………………..။


(ဓါတ်ပုံ - အင်တာနက်)

အစ်ကိုတို့ရေ မလုပ်ကြပါနဲ့။ သနားပါတယ်။ ဝဋ်ဆိုတာလည်တက်တယ်လေ။ တစ်ချိန်မှာ အစ်ကိုတို့မှာ သမီးလေးများ ရလာခဲ့လို့ အဲ့လိုများဖြစ်သွားကြရင်……………။ အစ်ကိုတို့ရေ စိတ်မဆိုးဘူးဆိုရင် မေးခွန်းတစ်ခုလောက်မေးချင်ပါတယ်။ အစ်ကိုတို့ ညီမအရင်းလေးတွေ ဆိုရင်ရော အဲ့လိုလုပ်မှာပဲလားဟင်။ အစ်ကိုတို့က ဖြေရင်ဖြေလိမ့်မယ်။

ညီမအရင်းဆိုရင်လည်း ရိုက်နှက်ဆုံးမသင့်ရင်ဆုံးမရမှာပဲ။ ဒါမှမဟုတ် ငါ့ညီမသာဆို အစောထဲက ငါကိုယ်တိုင်သတ်ပစ်လိုက်ပြီ အစရှိသဖြင့်ပေါ့။ ညီမသိချင်တာက အဲ့ဒါတွေ မဟုတ်ပါဘူး။ အစ်ကိုတို့ ညီမအရင်းလေးတွေ ဆိုရင်ရော အဲ့လိုဖြစ်ခဲ့လို့ ရိုက်နှက်ဆုံးမမယ်ဆိုရင် အဲ့လိုပဲ တစိမ်းယောက်ျားလေးအပေါင်းအသင်းတွေ ခေါ်ပြီးတော့ တစ်ယောက် တစ်ချက်စီ ချောင်ပိတ်ပြီး ဝိုင်းရိုက်ကြမှာလား။ ရိုက်ရက်ကြမှာလား။ ညီမလေ မနေ့က အစ်ကိုတို့ တင်ထားတာကိုကြည့် ပြီးတော့ မျက်ရည်တောင်ကျပါတယ်။ ငါ့ညီမလေးသာ ဆိုရင် ဆိုတဲ့ အတွေးနဲ့လေ။ အစ်ကိုတို့ရေ ဖတ်ခဲ့ဖူးတာလေးတစ်ခု ထပ်ပြောပြချင်ပါတယ်။ စာကလည်း ရှည်နေပြီဆိုတော့ အတိုချုံးလေးပဲ ပြောလိုက်တော့မယ်နော်။

တစ်ခါက ရွာတစ်ရွာမှာ ပြည့်တန်ဆာ အလုပ်လုပ်တဲ့ မိန်းမတစ်ယောက်ကို ရွာသူရွာသားတွေက ခဲနဲ့ဝိုင်းပေါက်ကြသတဲ့။ အဲ့ဒီအချိန်မှာ ဂျီးဇက်ရောက်လာပြီး ဘာဖြစ်တာလဲလို့မေးတော့ ဒီမိန်းမက ပြည့်တန်ဆာ အလုပ်လုပ်တဲ့အတွက် ဝိုင်းအပြစ် ပေးနေကြတာပေါ့။ ဂျီးဇက်က မလုပ်ပါနဲ့လို့ တားပေမယ့်မရပါဘူး။ အပြစ်ရှိရင်တော့ အပြစ်ပေးရမှာပဲလို့ ပြောပြီး ခဲနဲ့ထပ် ပေါက်ကြသတဲ့။ အဲ့ဒါနဲ့ ဂျီးဇက်က စကားတစ်ခွန်းထပ်ပြောလိုက်ပါတယ်။ အဲ့ဒီစကားအဆုံးမှာတော့ အဲ့ဒီအမျိုးသမီးဆီကို ခဲတစ်လုံးမှ မရောက်လာတော့ဘူးတဲ့။

ဂျီးဇက်ဘာပြောလိုက်လဲဆိုတော့သင်တို့ ကိုယ့်ကိုယ်ကိုပြန်သုံးသပ်ကြပါဦး။ သင်တို့ဟာ ဘဝမှာ အပြစ်ကင်းခဲ့တဲ့လူတွေ အပြစ်မလုပ်ခဲ့ဖူးတဲ့လူတွေ ဆိုတာသေချာရင်တော့ ဒီမိန်းကလေးကို ခဲနဲ့ဆက်ပေါက်ကြပါတဲ့။

အစ်ကိုတို့ရေ အစ်ကိုတို့လည်း ကိုယ့်ကိုယ်ကို ပြန်သုံးသပ်ကြပါဦး။ စာကလည်း ရှည်သွားပြီဖြစ်တဲ့အတွက် ဒီမှာပဲအဆုံး သတ်လိုက်ပါတော့မယ်။ အစ်ကိုတို့ရဲ့ မွန်မြတ်တဲ့ စိတ်ဓါတ်နဲ့ ရည်ရွယ်ချက်ကို မှန်ကန်တဲ့ လုပ်ရပ်နဲ့ အကောင်အထည် ဖေါ်နိုင်ပါစေလို့ ညီမက ဆန္ဒပြုလိုက်ပါတယ်။

Written by -မငယ်လေး(ခေတ္တမလေးရှား)


ရွှေဟင်္သာ သတင်း ဌာန