ကချင်ပြည်နယ် မလိခမြစ်အထက်ပိုင်းမှာရှိတဲ့ ပူတာအိုခရိုင် မချမ်းဘောမြို့နယ်နားမှာ ပြုလုပ်မယ့် မချမ်းဘော ရေကာတာ စီမံကိန်းကို အကြောင်းပြုပြီး တရားမဝင် တရုတ်လူမျိုးတွေက ရွှေတူးဖော်ရေးလုပ်ငန်းတွေကို လာရောက်လုပ်ကိုင်နေကြပါတယ် ။
တရားမဝင် တရုတ်လူမျိုးတွေဟာ အထက်က သူတို့လူကြီးတွေနဲ့ ဒေသခံ အာဏာပိုင်တွေပေါင်းပြီး မချမ်းဘော ရေကာတာ စီမံကိန်းကို စတင်အကောင်အထည်ဖော်တာ တလ မပြည့်သေးပေမယ့် နဂိုကတည်းက လာရောက်ပြီး ရွှေတွေကို တူးဖော်နေတာက နှစ်နှစ်လောက်ရှိနေပြီ ဖြစ်ပါတယ် ။
အခုရွှေတူးဖော်ရေး လုပ်ငန်းဟာ ဒေသခံတိုင်းရင်းသားတွေ မပါဝင်ပဲ တရုတ်ပြည်မှ တရားမဝင် တရုတ်လုပ်ငန်းရှင်တွေကသာ လာရောက်တူးဖော်နေကြတာ ဖြစ်ပါတယ် ။ဒေသခံ ကချင်ပြည်သူတွေ မလိခမြစ်အတွင်း သွားလာတဲ့အခါ တရုတ်တွေရဲ့ ရွှေဖောင်တွေနဲ့ ထိခိုက်မိ၍ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေ ရှိနေပါတယ် ။ဒေသခံတွေက တရုတ်တွေကို သွားရောက်ပြောကြားတဲ့အခါမှာတော့ မောက်မောက်မာမာပြောဆိုခဲ့ပါတယ် ။ ဒေသခံတွေက မကျေနပ်၍ နယ်မြေ ဒေသခံအာဏာပိုင် (န.အ.ဖ နှင့် KIA )တွေကို တိုင်တဲ့အခါကျတော့လဲ တရုတ်လူမျိုးတွေက နှစ်ဖက် အာဏာပိုင် အဖွဲ့အစည်းတွေကို ငွေပေးထားတဲ့အတွက်ကြောင့် နှစ်ဖက် အာဏာပိုင်အဖွဲ့အစည်းတွေက အရေးယူမှုတွေ မလုပ်ပေးခဲ့ပါဘူး ။
ဒေသခံတိုင်းရင်းသားတွေက ရေလမ်းသွားတဲ့ နေရာမှာလဲ အခက်အခဲတွေ တွေ့တယ် ။ နဂိုတုန်း သူ့ကျောက်ဆောင်နဲ့သူ ဆိုတော့ မြစ်ဘေးနားက နမ်ခမ် အစရှိတဲ့ ရွာတွေကို စက်လှေတွေ လွယ်လင့်တကူ သွားလို့ အဆင်ပြေတယ် ။ အခုအခါ ရွှေတူးဖော်ရာမှ ထွက်ရှိလာတဲ့ ကျောက်တုံးတွေကို ပုံထားတာတို့ ရွှေဖောင်တွေ ချထားတာကြောင့် သွားလို့ အဆင်မပြေဖြစ်နေပါတယ် ။ဒါ့အပြင် ရွှေဖောင်က တူးဖော်ပြီး တင်ထားတဲ့ ကျောက်ခဲတွေကြောင့် မိုးတွင်းဘက်မှာ ရေကြီးရေလျှံ ဖြစ်မှာလဲ စိုးရိမ်နေရတယ် ။ သူတို့က ဖောင်လုပ်တဲ့နေရာမှာ ရွှေဖမ်းတဲ့ ပြဒါးတွေကို ရေထဲမှာ စည်းကမ်းမဲ့ စွန့်ပစ်တဲ့အတွက် ရေနေသတ္တဝါတွေလဲ သေဆုံးပျက်စီးခဲ့ကြတယ် ။ ဒေသခံတွေက သူတို့ဘက်ကို သွားပြီး ပြဒါးတွေကို သောက်သုံးရေထဲကို မပစ်ချဖို့သွားရောက်ပြောတဲ့အခါမှာ ရွှေတူးဖော်ရေးလုပ်ငန်းတွေ ပြုလုပ်နေတဲ့ တရုတ်လူမျိုးတွေက နစ်နစ်နာနာ ပြန်လည်ပြောဆိုတာမျိုးကို ကြုံတွေ့ခဲ့ရပါတယ် ။ အထက်ကို တိုင်မယ်ဆိုတော့လဲ ကျနော်တို့ တိုင်းရင်းသားတွေက ဒါမျိုး တိုင်ကြားတာမျိုး မတတ်တဲ့အခါကျတော့ အထက်ထိ မရောက်နိုင်ဘူး ။ လို့ ဒေသခံတွေက ပြောပါတယ် ။
“ဒေသခံတိုင်းရင်းသားတွေအတွက် ဘာမှအကျိုးခံစားခွင့် မရှိတဲ့အပြင် ရေထဲကို ပြဒါးတွေပါ ပစ်တဲ့အခါကျတော့ ကျနော်တို့က အဲဒီရေကိုပဲ သောက်ရတာလေ ။ အဲဒီရေကို ချိုး ၊ အဲဒီရေကို သောက်တဲ့အခါကျတော့ ငါးတွေအပြင် ကျနော်တို့လူတွေ အသက်အန္တရာယ် ရှိလာနိုင်ခြေ ရှိပါတယ် ။ ပြီးတော့ ကျနော်တို့ဆီက ကျနော်တို့လို လည်လည်ဝယ်ဝယ် ပြောတတ်သူ အရမ်းရှားတဲ့အတွက်ကြောင့် ဘာမှ ထိထိရောက်ရောက် မပြောတတ်ကြဘူး ။ ကျနော်တို့ အနေနဲ့ ဒီနှစ်ထဲမှာ ကျနော်တို့ နိုင်ငံကို တခြားနိုင်ငံက လာလုပ်စားတဲ့လူတွေ မရှိဖို့နဲ့ ဒီလူတွေ ပြန်သွားစေချင်ပါတယ် ။” ဟု မချမ်းဘောဒေသရှိ စက်လှေလုပ်ငန်းလုပ်ကိုင်သူ ဒေသခံ တဦးက ဘားမားဗီဂျေကို ပြောပါတယ် ။
By ဇာဏီ (Burma VJ Media Network)
0 comments:
Post a Comment