ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် နတ်တလင်းမြို့နယ်မှာရှိတဲ့ ရွှေဆိုင်တွေကို အခွန်ရုံးကနေ အခွန်တွေကို မနှစ်ကထက် ပိုမိုတိုးမြှင့်ကောက်ခံနေတာဖြစ်ပါတယ် ။
” တောင်သူတွေကလဲ အလုပ်မကောင်းဘူး စပါးဈေးတွေ ကျတယ် ။အခုဈေးတွေက အရင်ဈေးတွေနဲ့ အရမ်းကွာတယ် ။
၃ သိန်းအောက်လောက် ရောင်းရတာတောင် အကြွေးရောင်းရတယ် ။ အမြတ်တော်ခွန်ကို မနှစ်က ၉ သိန်း လောက်ပဲ ဆောင်ရတာကနေ ၁၃ သိန်း အထိ တိုးဆောင်ခဲ့ရတယ် ။ ဖြစ်သင့်ဖြစ်ထိုက်တာထက် များနေတယ် ။ ကျနော်တို့ အလုပ်မကောင်းဘူး ။ ကျနော်တို့ နိုင်ငံတော်ကိုလဲ အခွန်ထမ်းရတာ ပြဿန်ာမရှိဘူး ။ ကျနော်တို့ နှစ်တိုင်းလဲ အခွန်ဆောင်တယ် ။” လို့ နတ်တလင်းမြို့မှ ရွှေဆိုင်ပိုင်ရှင်တဦးက ပြောပါတယ် ။
နတ်တလင်းမြို့မှာ ရွှေဆိုင်ပေါင်း ၅၀ နီးပါး ဖွင့်လှစ်ရောင်းချနေကြပါတယ် ။ ပုံမှန်အားဖြင့် အခွန်ဌာနကနေ ရွှေဆိုင်ပိုင်ရှင်တွေကို တနှစ်တာ ကုန်သွယ်ရောင်းဝယ်ခွင့်အတွက် အခွန်ဆောင်ဖို့ လာရောက်အစစ်ခံရန်အတွက် ရုံးကို ဖိတ်ခေါ်ပါတယ် ။ ‘တနေ့ ဘယ်လောက်ရောင်းရလဲ ၊ အိမ်စားရိတ် ဘယ်လောက်ရှိလဲ’ အစရှိတာတွေကို စစ်ဆေးမေးမြန်းပြီး အဲအပေါ်မှာ တွက်ချက်၍ အခွန်ငွေကို ကောက်ခံပါတယ် ။ အခုလို အခွန်ဌာနကနေ အမှုခေါ်စစ်တဲ့အချိန်မှာ ဆိုင်ပိုင်ရှင်တွေက ဆိုင်တဆိုင်ကို ငါးသောင်း ကျပ်နှုန်းစီ ဌာနကို ပေးရပါတယ် ။ ဒါ့အပြင် အခွန်ဌာနက စာရေးမကို စာရွက်စာတမ်းကြေးအဖြစ် သုံးထောင်ကျပ်စီ ပေးရပါတယ်လို့ သိရပါတယ် ။
“ကျနော်တို့ အဲလိုပိုက်ဆံတွေပေးပြီးမှ အမှုစစ်လိုက်လို့ အခွန်နှုန်းထား လျော့သွားသလားဆိုတော့လဲ မလျော့သွားပဲ ပိုတိုးလာတယ် ။ အခု နတ်တလင်းမြို့နယ် အခွန်ဦးစီးဌာနကို တာဝန်ယူထားတဲ့ ဗိုလ်ကြီး အောင်ကြည်ဝင်းဟာ အခြားနေရာတခုကို ပြောင်းရွှေ့ရဖို့ အချိန် ၆ လလောက်ပဲ ကျန်တော့တယ် ။ အဲတာကို ဒီလိုတွေ အများကြီး အခွန်တွေ ထမ်းဆောင်ခိုင်းပြီး နောက်နေရာတနေရာမှာ နေရာကောင်းရချင်လို့လား ဆိုတဲ့ ပုံစံလား ၊ ကျနော်တို့က ထင်ကြည့်ပါတယ် ။ ကျနော်တို့ အခွန်ထမ်းနေရတာကို ထိုက်သင့်ထိုက်သလောက် ထမ်းဆောင်ရတာကို ကျနော်တို့က နိုင်ငံတော်ကို ပံ့ပိုးရာရောက်တယ် ။ ဒီလိုလဲ ကိုယ့်ဘက်က လုပ်နိုင်မယ့်ဟာလေးတွေ လုပ်ပေးတာပေါ့ဗျာ ။ သူများမြို့နယ်တွေနဲ့ အရမ်းကွာတယ် ဆိုတာက မဟုတ်သေးဘူး ။” လို့ နတ်တလင်းမြို့မှ ရွှေဆိုင်ပိုင်ရှင်တဦးက ပြောပါတယ် ။
“အခု ကျနော်တို့ရွှေဆိုင်တွေအားလုံး စုပြီးတော့ ညှိနှိုင်း နေကြပါတယ် ။ ဒီကိစ္စကို အထက်ကို စာတင်ရ ကောင်းမလား ။ စာတင်တာကလဲ တင်တာပဲ ရှိမယ် ။ သူတို့ အချင်းချင်းတွေ ဘာတွေညာတွေကျတော့ ဒီလိုပဲ ပြီးသွားမှာပဲ ဆိုတော့ လောလောဆယ် မတင်သေးပါဘူး ။ ကျနော်တို့ ဒီကိစ္စကို သတင်း မီဒီယာတွေကနေပြီးတော့ နိုင်ငံတော်အကြီးအကဲဆီကိုပဲ ဖြစ်ဖြစ် အခွန်ဌာနဆိုင်ရာ အကြီးအကဲတွေ သိသွားစေချင်ပါတယ် ။” နတ်တလင်းမြို့မှ ရွှေဆိုင်ပိုင်ရှင်တဦးက ပြောပါတယ် ။
နတ်တလင်းမြို့ အနီးတဝိုက်ရှိ ပေါင်းတည်မြို့ ၊ ဇီးကုန်းမြို့ ၊ ကြို့ပင်ကောက်မြို့နယ်တွေမှ ရွှေဆိုင်တွေကို အခွန်တိုးမြှင့်ကောက်ခံတာမျိုး မရှိပဲ ၆ သိန်း ၊ ၇ သိန်း ဝန်းကျင်လောက်ပဲ အခွန်ကောက်ခံခဲ့တာ ဖြစ်ပြီး နတ်တလင်း မြို့တခုတည်းသာ ၁၂ သိန်းကနေ သိန်း ၂၀ အထိ အခွန်နှုန်းတိုးမြင့် ပေးဆောင်ရတာ ဖြစ်ပါတယ် ။ နတ်တလင်းမြို့နယ် အပါအဝင် အနီးတဝိုက်မှ မြို့နယ်တွေမှာ ရွှေဆိုင်တွေရဲ့ ရောင်းဝယ်ဖောက်ကားမှုနှုန်းက တမြို့ နဲ့ တမြို့ သိပ်မကွာကြပဲ နတ်တလင်းမြို့တခုတည်းတွင်သာ တိုးမြှင့်ကောက်ခံခဲ့တာဖြစ်ပါတယ် ။BURMA VJ MEDIA NETWORK
How to Get Free Money on Pana365 Casino 2025?
21 hours ago
0 comments:
Post a Comment