စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Tuesday, March 6, 2012

ကေအဲန်ပီပီနှင့် အစိုးရတို့ လာမည့် ၇ ရက်တွင် အပစ်ရပ်ရေး တွေ့ဆုံဆွေးနွေးကြမည်

ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (ကေအဲန်ပီပီ)နှင့် အစိုးရတို့သည် လာမည့် ၇ ရက်နေ့တွင် ကရင်နီပြည်၏ မြို့တော် လွိုင်ကော်၌ အပစ်အခတ်ရပ်စဲရေး တွေ့ဆုံဆွေးနွေးကြမည် ဖြစ်သည်။

ကေအဲန်ပီပီ အတွင်းရေးမှူး ၁ ခူဦးရယ် ဦးဆောင်သော ကေအဲန်ပီပီ ငြိမ်းချမ်းရေး ကော်မီတီသည် ရထား ပို့ဆောင်ရေး ၀န်ကြီး ဦးအောင်မင်း ဦးဆောင်သော အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကိုယ်စားလှယ် အဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေး တွေ့ဆုံနွေးနွေးရန်အတွက် ယနေ့ နံနက်က ထွက်ခွာသွားစဉ် ယခုလို ပြောကြားခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၆ ရက်နေ့က ကေအဲန်ပီပီနှင့် အစိုးရတို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် တွေ့ဆုံခဲ့ကြစဉ် (ဓါတ်ပုံ ကေအဲန်ပီပီ)

“ဦးအောင်မင်းတို့ အဖွဲ့နဲ့ လာမယ့် မတ်လ ၇ ရက်နေ့မှာ တွေ့ဆုံဖို့ သဘောတူထားတယ်။ အဲဒီတွေ့ဆုံပွဲမှာ အပစ်အခတ်ရပ်စဲရေးအတွက် သဘောတူညီမှု ရရှိနိုင်ဖို့၊ ညှိနှိုင်းဆောင်ရွက်ဖို့ ရှိတယ်” ဟု ခူဦးရယ်က ပြောသည်။

ယင်းတွေ့ဆုံဆွေးနွေးပွဲတွင် ကေအဲန်ပီပီဘက်မှ ခူဦးရယ် ဦးဆောင်သော ငြိမ်းချမ်းရေး ကော်မီတီ အဖွဲ့ဝင် ၁၁ ဦးနှင့် မှတ်တမ်း အဖွဲ့ဝင် အပါအ၀င် အားလုံး ၁၅ ဦး ပါဝင်ပြီး အစိုးရဘက်က ဦးအောင်မင်း ဦးဆောင်သော အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကိုယ်စားလှယ် အဖွဲ့မှ တက်ရောက်မည် ဖြစ်သည်။

“တရားဝင် အပစ်အခတ်ရပ်စဲဖို့၊ ဆက်ဆံရေးရုံး ထားရှိဖို့ ကိစ္စ အဓိကထားပြီး ဆွေးနွေးမယ်။ အဲဒီအခြေခံအပေါ်မှာပဲ အပြန်အလှန် ညှိနှိုင်းဆောင်ရွက်လို့ သဘောတူကြမယ်ဆိုရင် လက်မှတ်ထိုးဖို့ ရှိတယ်။ အဲဒီအပစ်အခတ်ရပ်စဲဖို့အတွက် တခုပဲ လက်မှတ်ထိုးဖို့ ရှိတယ်။ ကျန်တဲ့ နိုင်ငံရေး ကိစ္စတွေကတော့ နောက်လာမယ့် တွေ့ဆုံပွဲတွေမှာပဲ တွေ့ဆုံဖို့ ရှိတယ်။ သဘောက နောက် နိုင်ငံရေး ကိစ္စ၀ိစ္စတွေကိုတော့ ပြည်ထောင်စု အဆင့်တွေ့ဆုံ ဆွေးနွေးတဲ့ အချိန်ကျမှပဲ တွေ့ဆုံဆွေးနွေးဖို့ ရှိတယ်” ဟု ခူဦးရယ်က ဆက်ပြောသည်။

ကေအဲန်ပီပီနှင့် အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကိုယ်စားလှယ် အဖွဲ့တို့သည် ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့၌ ပထမအကြိမ် ပဏာမလည်းကောင်း၊ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ဒုတိယအကြိမ် ပဏာမလည်းကောင်း တွေ့ဆုံခဲ့ကြပြီး ဖြစ်သည်။

ယင်းတွေ့ဆုံပွဲများတွင် အစိုးရဘက်က အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲ ပြုလုပ်ရန်၊ အပြန်အလှန် ဆက်ဆံရေး အဖွဲ့ ထားရှိပြီး ဆက်သွယ်ရေးရုံး ဖွင့်လှစ်ထားရှိရန်၊ လက်နက် မပါဘဲ နယ်မြေ ဖြတ်ကျော်ခွင့်အပြင် ဗဟို အစိုးရနှင့် ဆွေးနွေးရန်နှင့် တွေ့ဆုံကြမည့် အချိန်နှင့် နေရာ သတ်မှတ်ရန် စသည့် အချက် ၄ ချက်ကို တင်ပြခဲ့သည်။

ကေအဲန်ပီပီနှင့် ယခင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့ (န၀တ) အစိုးရသည် ပြီးခဲ့သည့် ၁၉၉၅ ခုနှစ် မတ်လတွင် အချက် ၁၆ ချက်ဖြင့် အပစ်အခတ်ရပ်စဲရေး သဘောတူခဲ့ကြသော်လည်း ၃ လ အကြာတွင် ပြန်လည်ပျက်ပြယ်ခဲ့ကြသည်။

ကန္တရ၀တီတိုင်း(မ်)

0 comments: