စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Sunday, March 4, 2012

ဒေါ်အောင်ဆန်းစုကြည် စကိုင်းမြို့ ခရီးစဉ် မြင်ကွင်း

စစ်ကိုင်းမြို့အနီး ဧရာဝတီသဲသောင်ပြင်ပေါ် တွင် မိန့်ခွန်းပြောနေကြားနေစဉ်။

(၄၈) နေရာလောက်နဲ့ ဘာလုပ်နိုင်မှာလဲလို့ တချို့ကစဉ်းစားကြပါလိမ့်မယ်။ လွှတ်တော်တစ်ရပ်ရဲ့အဓိကအလုပ်တစ်ခုက ဘာလဲဆိုတော့ ဥပဒေပြဌာန်းမှုတွေပါပဲ။ လွှတ်တော်အတွင်းကနေပြီးတော့ နိုင်ငံနဲ့ဆိုင်တဲ့ ဥပဒေတွေကို ပြဋ္ဌာန်းရတယ်။ ခေတ်မရှိတော့တဲ့ ဥပဒေတွေကိုလည်း ဖယ်ရှားပေးရတယ်။ လွှတ်တော်အတွင်းရောက်ရင် ကိုယ်စားလှယ်တွေ ဘာကြိုးစားမလဲဆိုတော့ဥပဒေလွှမ်းမိုးရေးအတွက်ဦးတည်ပြီး ပြည်သူတွေအတွက်အကျိုးမရှိတဲ့ဥပဒေတွေ တနည်းအားဖြင့်ပြောမယ်ဆိုရင် ပြည်သူတွေကို ချုပ်ချယ်ကန့်သတ်ထားတဲ့ ဥပဒေတွေကို ဖယ်ရှားပေးဖို့ ပထမဆုံးကြိုးစားရမယ်။ တချိန်တည်း မှာပဲ ပြည်သူတွေကို အကျိုးပြုမယ့် ဥပဒေတွေကို၊ ပြည်သူတွေရဲ့အခွင့် အရေးတွေ ၊ပြည်သူတွေရဲ့ လုပ်ပိုင်ခွင့်တွေကို အကျိုးပြုမယ့် ဥပဒေတွေကို ပြဋ္ဌာန်းပေးဖို့အတွက် ကြိုးစားပေးသွားမယ်။ လွှတ်တော် အတွင်းမှာကလည်း အများစုက သဘောတူမှ ဒီလိုလုပ်လို့ရတယ်။ အဲဒီတော့ ကျွန်မတို့ လူနည်းစုလေးက ဘာလုပ်နိုင်မှာလဲလို့မေးရင် လူများစုထဲက ပြည်သူ့အပေါ်မှာ ကြေညာထားတဲ့သူတွေနဲ့ စည်းလုံးညီညွတ်အောင်လုပ်ပြီးတော့ ပြည်သူ့အကျိုးကို ထမ်းဆောင်သွာမယ်လို့ ဆုံးဖြတ်ထားပါတယ်။

ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်နိုင်ဖို့ဆိုတာ လွှတ်တော်ထဲက ကိုယ်စားလှယ်တွေရဲ့ ၇၅ ရာခိုင်နှုန်းကျော်က သဘောတူမှဖြစ်မယ်။ အဲဒီထဲမှာ ၂၅ ရာခိုင်နှုန်းဟာ တပ်မတော်ကိုယ်စားလှယ်တွေ ဖြစ်နေတယ်ဆိုတော့ တပ်မတော်ဟာလည်း ပြည်သူအပေါ်မှာ တကယ်စေတနာ ရှိပြီးတော့ ပြည်သူအတွက် ကောင်းတဲ့အပြောင်းအလဲတွေလုပ်လာဖို့ ကျွန်မတို့က စည်းရုံးဆောင်ရွက်သွားမယ်လို့ ရိုးရိုးပဲ ပြောချင်ပါတယ်။ မြန်မာ့တပ်မတော်ကို လွတ်လပ်ရေးရဖို့အတွက် ထူထောင်ခဲ့စဉ်အခါတုန်းက ပြည်သူလူထုရဲ့ မေတ္တာစေတနာကို အားကိုးတဲ့၊ ပြည်သူက အင်မတန်မှချစ်ပြီး ပြည်သူအပေါ် အင်မတန် စေတနာကောင်းတဲ့ တပ်မတော်အနေနဲ့ အစဉ်အလာ ကောင်းရှိခဲ့ပါတယ်။ ဒီအစဉ်အလာကောင်းကို ကျွန်မတို့ ပြန်ထူထောင်ပြီးတော့ ပြည်သူ့ကောင်းကျိုးအတွက် လွှတ်တော် အတွင်းမှာ တပ်မတော်ကိုယ်စားလှယ်တွေ ၀ိုင်းဝန်းဆောင်ရွက်အောင်လို့ ကြိုးစားရင် ရနိုင်မယ်လို့ ယုံကြည်ပါတယ်။ အဲဒီလို ရည်မှန်းချက်တွေ နဲ့ ရွေးကောက်ပွဲကိုဝင်ဖို့ ဆုံးဖြတ်ထားပါတယ်။ ကျွန်မတို့ လုပ်ချင်တဲ့ အလုပ်တွေ အားလုံးဟာ ခဏလေးနဲ့ အောင်မြင်မယ်လို့ တော့ မပြောပါဘူး ။ ကြိုးစားရမှာပါ။ ဒါပေမယ့်လည်း တဆင့် ပြီး တဆင့် အောင်မြင်သွားမယ်လို့ ယုံကြည်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြည်သူလူထုရဲ့ အင်အားက ဒီအပြောင်းအလဲတွေကြားမှာ မားမားမတ်မတ် ရှိနေလို့ပါပဲ

နိုင်ငံသူနိုင်ငံသားတွေဟာ ကိုယ့်နိုင်ငံရဲ့ သမိုင်းကြောင်းကိုသိလို့ရှိရင် အခု ပစ္စုပ္ပန်မှာ ဖြစ်ပျက်နေတာတွေက ဘာကြောင့်ဒီလို ဖြစ်နေတာလဲ ဆိုတာ နားလည်နိုင်မှာ ဖြစ်ပါတယ်။ အတိတ်ဆိုတာ ပစ္စုပ္ပန်အတွက် သင်ခန်းစာယူ စရာ ဖြစ်ရမယ်။ အနာဂါတ် အတွက်လည်း ရည်မှန်းချက် ယူစရာအချက်အလက်တွေ ပါတဲ့ ကိစ္စဖြစ်ပါတယ်။ ဒါ့ကြောင့် ပစ္စုပ္ပန်နဲ့ အနာဂတ်ကို ရင်ဆိုင်ဖို့အတွက် အတိတ်ကို နားလည်ဖို့လိုပါတယ်

ခုချိန်မှာ နိုင်ငံခြားကနေလာပြီးတော့ ဒီနိုင်ငံမှာရင်နှီးမြုပ်နှံချင်ကြတယ်။ ဖွံ့ဖြိုးရေး အကူအညီတွေ ပေးနေကြတယ်။ လူမှုရေးအကူအညီတွေ ပေးနေကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီနိုင်ငံဟာ ဒီမိုကရေစီ လမ်းကြောင်းပေါ်ကို တက်တော့မယ်လို့ထင်လို့ပဲ၊ ဒါကထင်ကြေးနဲ့ လာလုပ်နေကြတာ။ တကယ်ကို တက်ပြီဆိုတာ မြင်မှ တကယ့်အကူအညီတွေရမှာဆိုတာ မှတ်ထားဖို့လိုပါတယ်။ ဒါ့ကြောင့် ဒီမိုကရေစီ လမ်းကြောင်းပေါ်အစစ်အမှန် ရောက်သွားနိုင်ဖို့ဆိုတာ ပြည်သူ အပေါ်မှာပဲ မူတည်ပါတယ်။ ပြည်သူတွေရဲ့ လုပ်ဆောင်မှုကသာ ဒီလမ်းကြောင်းကို ပို့ဆောင်နိုင်မှာ ဖြစ်ပါတယ်။

(ဒေါ်အောင်ဆန်းစုကြည်၏ စစ်ကိုင်းမြို့သူမြို့သားများအား ပြောကြားသော အမှာစကားမှ ကောက်နှုတ်ချက်)

0 comments: