ဇူလိုင် ၉ ၊ ၂၀၁၂၊ YPI
ယနေ့ ပြည်သူ့လွှတ်တော်တွင် အဆို ၂ ခုဆွေးနွေးခဲ့ကြရာ တစ်ခုမှာ လွှတ်တော် ကိုယ်စားလှယ်များအား ပြည်ထောင်စု အဆင့်မဟုတ်ကြောင်း အခြေခံဥပဒေခုံရုံးမှ ဆုံးဖြတ်ချက်ကို ပြန်လည်ပြင်ဆင်ရန် တင်ပြသည့် အဆိုဖြစ်၍ ကျားဖြူပါတီမှ ကိုယ်စားလှယ်က ဆွေးနွေး ခဲ့သည်။
ဒုတိယဆွေးနွေးသည့် အဆိုမှာ စာရင်းစစ်ချုပ်ရုံးမှ ၀န်ကြီးဋ္ဌာနများအား စစ်ဆေးတွေ့ရှိချက်များကို နိုင်ငံတော် သမ္မတထံသာတိုက်ရိုက် တင်ပြပြီး လွှတ်တော် ဘဏ္ဍာရေးရာ ကော်မတီသို့ အသိပေးခြင်းမပြုတော့ရန် ဆုံးဖြတ်ခဲ့သည့်အချက်ကို ဥပဒေကြမ်းတင်ပြီး ပြင်ဆင်မည့်အဆိုဖြစ်သည်ဟု မလှိုင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအေးမောက်က ပြောသည်။
ဝန်ကြီးဋ္ဌာနများမှ သုံးစွဲသည့် ငွေကြေးများသည့် ပြည်သူ့ဘဏ္ဍာငွေများ ဖြစ်သည့်အလျှောက် ပြည်သူကိုယ်စားပြုသည့် လွှတ်တော် ကိုယ်စားလှယ်များ သိရှိခွင့်ရှိကြောင်း တင်ပြဆွေးနွေးခဲ့ကြသည်ဟု ၎င်းက ပြောသည်။
ယခုနှစ်ဆန်းပိုင်းက စာရင်းစစ်ချုပ်ရုံး၏ တွေ့ရှိချက်များကို လွှတ်တော် သို့ တင်ပြရာတွင် ၀န်ကြီးဋ္ဌာနအချို့တွင် ငွေသိန်းထောင်ချီကွာဟနေမှုများ သိရှိရပြီးနောက် ရေးသားဖေါ်ပြသည့် The Voice Weekly သတင်းဂျာနယ်အား သတ္တုတွင်းဝန်ကြီးဋ္ဌာနမှ တရားစွဲဆိုခဲ့သည်။
ယင်းစွဲဆိုမှုကို ယခုလက်ရှိအချိန်ထိ ရင်ဆိုင်နေရဆဲဖြစ်သည်။ ယင်းအဖြစ်အပျက်ဖြစ်ပွားပြီးနောက်တွင် စာရင်းစစ်ချုပ်ရုံး အစီရင်ခံစာများကို လွှတ်တော်ကော်မတီသို့ တင်ပြခြင်း မပြုရန် ဆုံးဖြတ်ခဲ့သည်ဟု လည်းသိရှိရသည်။
နက်ဖြန်လွှတ်တော်တွင် လစ်လပ်လျှက်ရှိသည့် နိုင်ငံတော် ဒုသမ္မတနေရာအတွက် တပ်မတော်သား ကိုယ်စားလှယ်များမှ နာမည်စာရင်း တင်ပြရန်ရှိသည်ဟု သိရှိရသည်။ တပ်မတော်သားကိုယ်စားလှယ်များမှ တင်သွင်းမည့် ဒုသမ္မတ အဆိုပြုခံရသူသည် စစ်ရေး အတွေ့အကြုံရှိသူသာ ဖြစ်မည်ဖြစ်သဖြင့် လက်ရှိ သို့မဟုတ် အငြိမ်းစား ဗိုလ်ချုပ်ကြီး ၊ ဒုဗိုလ်ချုပ်ကြီး များဖြစ်မည်ဟု နိုင်ငံရေး အကဲခတ်သူများက ခန့်မှန်းတွက်ဆထားကြသည်။
0 comments:
Post a Comment