စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Monday, December 5, 2011

ကြားဖြတ် ရွေးကောက်ပွဲတွင် ၈၈ မျိုးဆက်မှ ကိုယ်စားလှယ် စေလွှတ်မည်မဟုတ်

ဒေါ်အောင်ဆန်းစုကြည်သည် တိုင်းပြည်အရေး အားထုတ်ကြိုးပမ်းနေသည်ကို ယုံကြည်နေဆဲဖြစ်သော်လည်း လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ကို ကိုယ်စားပြုသူတဦးတယောက်မျှ ရွေးကောက်ပွဲ ၀င်မည်မဟုတ်ကြောင်း ယနေ့နေ့စွဲဖြင့် ကြေညာချက်ထုတ်ပြန်လိုက်သည်။

အချက်ငါးချက်ပါ “လက်ရှိနိုင်ငံရေး အခင်းအကျင်းနှင့်ပတ်သက်၍ ၈၈ မျိုးဆက်ကျောင်းသားများ၏ သဘောထားထုတ်ပြန်ချက်” ဟု ခေါင်းစဉ်တပ်ထားသည့် ကြေညာချက်တွင် ဒေါ်အောင်ဆန်းစုကြည်သည် တိုင်းပြည်ကောင်းစားရေး၊ တပ်မတော်နှင့် ပြည်သူအကြား စိတ်ဝမ်းမကွဲ ချစ်ကြည်စေရေး အတွက် သဘောထားကြီးစွာ အားထုတ်ကြိုးပမ်းနေသည့် လူထုခေါင်းဆောင် ဖြစ်သည်ဟု ဖေါ်ပြထားသည်။

၈၈ မျိုးဆက် ကျောင်းသားများနှင့် မိသားစုဝင်များ၊ နိုဝင်ဘာ ၂၀၁၁


ကြေညာချက်အား လက်မှတ်ရေးထိုးသူ ၄ ဦးအနက်မှ တဦးဖြစ်သည့် ကိုကိုကြီး (စမ်းချောင်း)က ကြားဖြတ်ရွေးကောက်ပွဲ ၀င်မည့်ကိစ္စနှင့်ပတ်သက်၍ “ ၈၈ ကိုတည်ထောင်တဲ့ ကိုမင်းကိုနိုင်တို့ မပါတဲ့ ခရီးကို သွားမယ်ဆိုရင် ကြားဖြတ်ရွေးကောက်ပွဲ၊ လွတ်လပ်တဲ့ယှဉ်ပြိုင်မှုလည်းမရှိဘူး လို့ယူဆတဲ့သဘောရှိလို့ ကျွန်တော်တို့ တဖွဲ့ထည်းမ၀င်တာပါ၊ ၀င်ချင်ရင်လည်း ၈၈ နာမည်နဲ့မဟုတ်ပဲ ကိုယ့်ပါတီ ကိုယ်ဦးစီးနာမည်နဲ့ ၀င်လို့ရတယ်” ဟု YPI သို့ပြောသည်။

၎င်းတို့အနေဖြင့် ကျောင်းသားခေါင်းဆောင်အများအပြား မလွတ်မြောက်သေးခြင်း၊ ဆရာတော်သံဃာတော်များ အပါအ၀င် အကျဉ်းထောင်ထဲ၌ နိုင်ငံရေး အကျဉ်းသားအများအပြားရှိနေသေးခြင်းနှင့် တိုင်းရင်းသားခေါင်းဆောင်များ မလွတ်သေးသည့် အဖြစ်တို့ကြောင့်လည်း ယခုလာမည့် ရွေးကောက်ပွဲကို မ၀င်ခြင်းဖြစ်သည်ဟုလည်း ၎င်းကပြောသည်။

၈၈ အဖွဲ့အနေဖြင့်မဟုတ်ပဲ တဦးတယောက်ချင်း အနေဖြင့် ရွေးကောက်ပွဲဝင်ခြင်းအပေါ်တွင်မူ သဘောထား မှတ်ချက်တစုံတရာပေးရန် မရှိဟုလည်း ကြေညာချက်တွင်ဖေါ်ပြထားသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပါတီပြန်လည်မှတ်ပုံတင်လျှောက်ထားခြင်းနှင့် ကြားဖြတ်ရွေးကောက်ပွဲ တွင်ဝင်ရောက်ယှဉ်ပြိုင်မည်ဟု ဆုံးဖြတ်ခြင်းတို့မှာ ၎င်းတို့ပါတီဝင်အများစု၏ ဆန္ဒအရ သင့်တော်မည်ထင်သည့် လမ်းကိုရွေးချယ်လျှောက်လှမ်းခြင်းဖြစ်သည်ဟု လေးစားစွာ ရှုမြင်နားလည်သည်ဟု ဖေါ်ပြထားသည်။

ယခုကြေညာချက်နှင့်ပတ်သက်၍ အဖွဲ့ချုပ်၏ ပြောရေးဆိုခွင့်ရှိသူ ဦးအုန်းကြိုင်က ကြေညာချက်ကို၎င်း ကိုယ်တိုင် မဖတ်ရသေးသော်လည်း သိရသလောက် အချက်အလက်ဖြင့် ဆိုရလျင် “ ဒီမိုကရေစီမှာ မိမိဆန္ဒကိုမိမိ ဖေါ်ပြခွင့်ရှိပါတယ်၊ ကျွန်တော်တို့က မိမိတို့ အနေနဲ့ ဘာမှပြောစရာမရှိဘူး” ဟု YPI သို့ပြောသည်။

၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ အနေဖြင့် ဒေါ်အောင်ဆန်းစုကြည် ကိုမူ ဆက်လက်ဝန်းရံသွားမည် ဖြစ်သလို ၈၈ အဖွဲ့အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် ထောက်ခံမှုလည်း လျော့သွားမည်မဟုတ်ဟု လည်း ၈၈ မျိုးဆက်မှ ကိုစိုးထွန်းက ပြောဆိုသည်။

မင်းကိုနိုင်နှင့် အပေါင်းအပါ ၃၇ ယောက် ဟု ယခင်အစိုးရလက်ထက်က စွဲဆိုပြစ်ဒဏ်ချသည့် အမှုတွဲမှ ၁၀ ဦးသာလွတ်မြောက်သေးပြီး အကျဉ်းထောင်များထဲတွင် ၂၇ ဦးကျန်ရှိ နေသေးသည်။ ၃၇ ဦးပါ ၈၈ မျိုးဆက် နိုင်ငံရေးလှုပ်ရှားသူများကို ကုန်ဈေးနှုန်းကျဆင်းရေး လှုပ်ရှားမှုနှင့် ပတ်သက်ပြီး ၂၀၀၇ ခုနှစ် သြဂုတ်နှင့် အောက်တိုဘာလများတွင် ဖမ်းဆီးကာ ၂၀၀၈ ခုနှစ်ကုန်ပိုင်း၌ တရားစွဲဆိုပြီး ထောင်ဒဏ် ၆၅နှစ်ခွဲ၊ ၆၅ နှစ်နှင့် ၁၁ နှစ်အသီးသီး ပြစ်ဒဏ်ချမှတ်ခဲ့သည်။

ယခုနှစ်မေလနှင့် အောက်တိုဘာလများတွင် သမ္မတ ဦးသိန်းစိန် လက်မှတ်ထိုးထုတ်ပြန်သည့် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် နိုင်ငံရေး အကျဉ်းသား ၃၀၀ ကျော်လွှတ်ပေးခဲ့သော်လည်း အကျဉ်းထောင်တွင်း၌ နိုင်ငံရေး အကျဉ်းသားအနည်းဆုံး ၆၀၀ ထက်မနည်းကျန်ရှိနေသေးသည်ဟု အန်အယ်ဒီမှ စုဆောင်းထားသည့် စာရင်းအရ သိရှိရသည်။ မဲဆောက်အခြေစိုက် နိုင်ငံရေး အကျဉ်းသား ကူညီစောင့်ရှောက်ရေး အဖွဲ့ကပြုစုသည့် စာရင်းအရဆိုလျင် အနည်းဆုံး တထောင်ကျော် ကျန်ရှိနေသေးသည်ဟု သိရှိရသည်။ ။

Yangon Press International facebook

0 comments: