စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Saturday, December 3, 2011

နှစ် ၆၀ ကျော်ပြည်တွင်းစစ်ရပ်စဲရန် နှင့် နိုင်ငံရေးအရ ဆွေးနွေးရန် CRPP လိုလား



အနှစ် ၆၀ ကျော်စစ်ပွဲရပ်စဲသွားရန်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် နိုင်ငံရေးအရ ဆွေးနွေးရန်အတွက် အစိုးရအား တိုက်တွန်းပေးစေလိုကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ CRPP က အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်နှင့် ယမန်နေ့က တွေ့ဆုံစဉ် ပြောကြားခဲ့သည်ဟု မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ ယာယီ ဥက္ကဋ္ဌ နိုင်ငွေသိမ်းကYPI သို့ပြောသည်။

CRPP အဖွဲ့ဝင်များနှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟီလာရီကလင်တန်တို့ ယမန်နေ့နံနက် ဆယ်နာရီခွဲတွင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင် တွေ့ဆုံခဲ့သည်။

ထိုသို့ တွေ့ဆုံရာတွင် ဒေါ်အောင်စုကြည်အပါအ၀င် NLD (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်) အဖွဲ့ဝင်များလည်း ပါဝင်သည်ဟုဆိုသည်။

“ဒေါ်စုကတော့ စကားပြန်လုပ်ပေးတာပါ ၊ ကျွန်တော်တို့ကတော့ အနှစ်ခြောက်ဆယ် စစ်ပွဲကြီးရပ်တန့်သွားဖို့၊ တိုင်းရင်းသားလက်နက်ကိုင်တွေကို နိုင်ငံရေးအရ ဆွေးနွေးဖို့ အစိုးရကိုတိုက်တွန်းပေးပါလို့ ဟီလာရီကို ပြောတယ်။ သူ့ဘက်ကတော့ နားပဲထောင်သွားတယ်ဘာမှပြန်မပြောဘူး”ဟု၎င်းကပြောသည်။

တွေ့ဆုံမှုကို ကိုးနာရီဝန်းကျင် စတင်ရန်စီစဉ်ထားသော်လည်း ဆယ်နာရီကျော်မှ စတင်နိုင်သဖြင့် အချိန်နည်းသွားသောကြောင့် နာရီဝက်ခန့်သာ တွေ့ဆုံခဲ့ကြပြီး ဟီလာရီဘက်မှ လူမှုရေး၊ စီးပွားရေးကိစ္စများကို မေးမြန်းခဲ့သည်ဟုဆိုသည်။
CRPP ဘက်မှ အထက်ပါ အချက်များအပြင် ပင်လုံညီလာခံ ကျင်းပရန်အတွက်လည်း အစိုးရအား တိုက်တွန်းပေးရန် ဆိုသည့်အချက်ကိုလည်း ဟီလာရီကို တောင်းဆိုခဲ့သည်ဟု နိုင်ငွေသိမ်းက ဆိုသည်။



ဒီဇင်ဘာ ၂ ရက်နေ့ ဟီလာရီ ကလင်တန်နှင့်တွေ့ဆုံရန် တက္ကသိုလ်ရိပ်သာလမ်းသို့ ရောက်ရှိလာသည့် နိုင်ငွေသိမ်း

ထို့ပြင်NLD မှဦးတင်ဦးမှလည်း လက်ရှိမြန်မာနိုင်ငံမှာ ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသားများ မလွှတ်ပေးသေးခြင်း တိုင်းရင်းသားလက်ဒေသများ တိုက်ပွဲများဆက်လက်ဖြစ်ပေါ်နေခြင်း တို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် စစ်မှန်သောပြောင်းလဲမှု မဖြစ်ပေါ်သေးကြောင်း ဟီလာရီကို ပြောကြားခဲ့သည်ဟု နိုင်ငွေသိမ်း ကပြောသည်။

ယနေ့တွေ့ဆုံမှုတွင် CRPP ဘက်မှ ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးအေးသာအောင်၊ မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့မှ နိုင်ငွေသိမ်း၊ ဇိုမီးအမျိုးသားကွန်ဂရက်မှ ပူးကျင့်ရှင်းထန်တို့ ပါဝင်သည်။
CRPP ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီကို ၁၉၉၈ ခုနှစ် စက်တင်ဘာ ၁ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ နိုင်ငံရေးပါတီ ၁၁ ပါတီက ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ ကော်မတီဝင် ၁၀ ဦးအနက် ၉ ဦးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှဖြစ်သည်။

နှစ်ပေါင်း ၅၀ ကျော်အတွင်း မြန်မာနိုင်ငံသို့ ပထမဆုံး အကြိမ်လာရောက်သည့် အမေရိကန် အဆင့်မြင့်ဆုံး အစိုးရအဖွဲ့ဝင်ဖြစ်သည့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် ၏ ၃ရက်တာ ခရီးစဉ် အတွင်း အစိုးရအဖွဲ့ခေါင်းဆောင်များနှင့်သာမက ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အန်အယ်လ်ဒီ ခေါင်းဆောင်များ၊ တိုင်းရင်းသား ပါတီခေါင်းဆောင်များနှင့် လူမှုရေးနယ်ပယ်၊ နိုင်ငံရေးနယ်ပယ်မှ ထင်ရှားသူများနှင့်လည်း တွေ့ဆုံခဲ့သည်။

ဟီလာရီကလင်တန်က ၎င်း၏ ခရီးစဉ် အပြီးပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ နိုင်ငံရေး အကျဉ်းသားများ မလွတ်မြောက်သေးသည့်ကိစ္စ၊ တိုင်းရင်းသား လူမျိုးစုဒေသများအရေး၊ မြန်မာနိုင်ငံရှိ နေရာတိုင်းက နိုင်ငံသားတိုင်း ငြိမ်းချမ်းရေးနှင့် တရားမျှတရေးကို မခံစားနိုင်သမျှ ကာလပတ်လုံး တစ်ကယ်စစ်မှန်သည့် ငြိမ်းချမ်းရေးနှင့် တရားမျှတမှု မရရှိနိုင်ကြောင်း တို့ကိုပြောဆိုသွားသည်။ ။

Yangon Press International

0 comments: