အာဖဂန်နိုင်ငံဆိုင်ရာ နိုင်ငံတကာကွန်ဖရင့်ကို လာမည့်လတွင် ပြုလုပ်ရန်စီစဉ်ထားရာ တက်ရောက်မည်မဟုတ်ဟု ပါကစ္စတန်နိုင်ငံက နိုဝင်ဘာလ ၂၉ ရက်တွင် ကြေညာခဲ့သည်။ ယင်းမှာ နေတိုးအဖွဲ့ပစ်ခတ်မှုအတွင်း ပါကစ္စတန်စစ်သားများ သေဆုံးခဲ့မှုအပေါ် ဆန့်ကျင်ကန့်ကွက်မှု ကျယ်ပြန့်လာခြင်းနှင့် အမေရိကန်နှင့်ဆက်ဆံရေး ဆိုးရွားလာခြင်းတို့ကို ဖော်ပြနေသည်။
ဒီဇင်ဘာလ ၅ ရက်တွင် ဂျာမနီနိုင်ငံ၊ ဘွန်းမြို့၌ အာဖဂန်ဆိုင်ရာ ကွန်ဖရင့်ပြုလုပ်မည်ဖြစ်ပြီး မတက်ရောက်ရန် ပါကစ္စတန်အစိုးရက ဆုံး ဖြတ်ခဲ့ခြင်းဖြစ်သည်။ နေတိုးအဖွဲ့၏ ပစ်ခတ်မှုနှင့် မေလ ၂ ရက်က အိုစမာဘင်လာဒင်ကို စီးနင်းသတ်ဖြတ်မှုတို့မှာ လက်ခံနိုင်စရာမရှိကြောင်း ပါကစ္စတန်ဝန်ကြီးချုပ်ရုံးက ထုတ်ပြန်ခဲ့သည်။ ပါကစ္စတန် ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ ပြန်စဉ်းစားရန် အာဖဂန်သမ္မတ ဟာမစ်ကာဇိုင်းအစိုးရက တိုက်တွန်းခဲ့သည်။ အမေရိကန်၊ ဂျာ မနီနိုင်ငံတို့ကလည်း ပါကစ္စတန်ဆုံးဖြတ်ချက်ကို စိတ်ပျက်ခဲ့သည်။
အာဖဂန်မှ နေတိုးတပ်များကို ၂၀၁၄ ခုနှစ်တွင် ရုပ်သိမ်းအပြီး လုပ်ဆောင်ရမည့်အရာများအား နိုင်ငံ ၁၀၀ ခန့်မှ နိုင်ငံခြားရေးဝန်ကြီးများက တက်ရောက်ဆွေးနွေးမည်ဖြစ်သည်။ အာဖဂန်နှင့် ဆက်ဆံရေးမပြေလည်မှုရှိခဲ့သော ပါကစ္စတန်သည် ယင်းကွန်ဖရင့်တွင် အဓိကနေရာမှ ပါဝင်နိုင်ကြောင်း ကာဇိုင်းအစိုးရက ထုတ်ပြန်ခဲ့သည်။ နိုဝင်ဘာလ ၂၆ ရက်က နေတိုးအဖွဲ့၏ ပစ်ခတ်မှုများအတွင်း ပါကစ္စတန်စစ်သားများ သေဆုံးခဲ့မှုကြောင့် ပါကစ္စတန်သည် နေတိုးထောက်ပံ့ပို့ ဆောင်ရေးလမ်းကြောင်းနှစ်ခုကို ပိတ်ပစ်ခဲ့သလို အမေရိကန်လူမဲ့ယာဉ်များအသုံးပြုသည့် ပါကစ္စတန်ရှိ အမေရိကန်အခြေစိုက်စခန်းတစ်ခုမှ အ မေရိကန်တပ်များ ထွက်ခွာသွားရန်လည်း တောင်းဆိုခဲ့သည်။
Ref: AFP
0 comments:
Post a Comment