စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Tuesday, December 6, 2011

ပြည်ခိုင်ဖြိုးနှင့် ဒီမိုဆယ်ပါတီတွေ့

( ဒီဇင်ဘာ ၄ရက်နေ) ညပိုင်းက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (ပြည်ခိုင်ဖြိုးပါတီ)နှင့် ဒီမိုဆယ်ပါတီတို့ တွေ့ဆုံခဲ့ကြကြောင်း တွေ့ဆုံပွဲ၌ ပါဝင်ခဲ့သည့် ဒီမို ပါတီဝင် အချို့က ပြောသည်။

တွေ့ဆုံပွဲတွင် ပြည်ခိုင်ဖြိုးပါတီမှ ရန်ကုန်မြို့တော်ဝန်ဟောင်း နှင့် တောင်ဥက္ကလာပ မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းလင်း တက်ရောက်ပြီး ဒီမိုဆယ်ပါတီမှ ပါတီဝင် နှစ်ယောက်စီဖြင့် မရမ်းကုန်းမြို့နယ် မြကျွှန်းသာ အတွင်းရှိ စားသောက်ဆိုင်တဆိုင်၌ တွေ့ဆုံကြကြောင်းနှင့် မိတ်ဖြစ်ဆွေဖြစ် သဘောတွေ့ဆုံကြခြင်းဖြစ်သည်ဟု ဒီမိုပါတီဝင်များကပြောသည်။

"တဦးနဲ့တဦးရန်သူလည်း မဟုတ်ကြဘူး ၊ အရင်က နားလည်မှု မတည်ဆောက်နိုင်တဲ့အတွက် ရှေ့ဆက်ပြေလည်သွားအောင် နားလည်မှု တည်ဆောင်တဲ့သဘောပါ ၊အစိုးရက နိုင်ငံရေး အကျဉ်းသားကိစ္စကို ကြိုးစားလုပ်ဆောင်ပေးနေတာ လက်ခံပါတယ်၊ တိုင်းရင်းသား အရေးကိစ္စလည်း ကျွန်တော်တို့ ဒီမိုဆယ်ပါတီဝင် တိုင်းရင်းသားတွေရဲ့ အကူအညီလိုအပ်ရင် ကူညီပေးလို့ရပါတယ်လို့ ဦးအောင်သိန်းလင်းနဲ့ ဆွေးနွေးခဲ့ပါတယ်" ဟု တွေ့ဆုံပွဲ တက်ရောက်သူ အမျိုးသားဒီမိုကရေစီ အင်အားစု(NDF )မှ ဒေါက်တာသန်းငြိမ်းက ပြောသည်။

ဦးအောင်သိန်းလင်းဘက် မှ ဒီမိုပါတီ၏ အတွေ့အကြုံများ အမြင်များကို အပြန်အလှန်ဖလှယ်ချင်သည့် အနေဖြင့် လည်းကောင်း နိုင်ငံအတွက် ၀ိုင်းပြီးဆောင်ရွက်နေကြသည့်သူများဖြစ်၍ အခက်အခဲများရှိပါက ညှိညှိနှိုင်းနှိုင်းဆောင်ရွက်ရန်အတွက် လည်းကောင်းတွေ့ဆုံခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု တက်ရောက်ခဲ့သူ တဦးဖြစ်သည့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ပါတီဝင်ဦးခင်မောင်က ပြောသည်။

၎င်း၏ ပြောကြားချက်အရ ဦးအောင်သိန်းလင်းမှ ဒီမိုပါတီများကို အဓိကမေတ္တာရပ်ခံသွားသည့်အချက်မှ “မြန်မာနိုင်ငံကိုသူတပါးသြဇာ ကျရောက်တာမျိုး မဖြစ်စေချင်ဘူး ” ဆိုသည့်အချက်ဖြစ်သည်ဟုဆိုသည်။

ယခုကဲ့သို့ ဒီမိုပါတီများအား အထက်ပါအချက် မေတ္တာရပ်ခံလိုက်ခြင်းသည် ဒီမိုပါတီဝင်များ မှာ နိုင်ငံကိုသူတပါးသြဇာလက်အောက် ကျရောက်အောင် လုပ်ဆောင်နေသူများဟု ထင်မြင်နေသည့်သဘောဖြစ်၍ ပါတီဝင်များမှာ တိုင်းပြည်အတွက် ကြိုးစားနေသူများသာဖြစ်ကြောင်း အမည်မဖော်လိုသည့် တက်ရောက်ခဲ့သူတဦး ကပြောသည်။

“လိုအပ်ရင်ဒီမိုပါတီဝင်တွေကို နေပြည်တော်က လူကြီးတွေနဲ့တွေ့ ဖို့လည်းစီစဉ်ပေးလို့ရတယ်လို့ ပြောသွားတယ်”ဟု ဦးခင်မောင်က ပြောသည်။

တွေ့ဆုံမှုတွင် ပြည်ခိုင်ဖြိုးပါတီဘက်မှဦးအောင်သိန်းလင်း တဦးတည်းသာတက်ရောက်ပြီး ပြည်ခိုဖြိုးပါတီ၏ ရန်ကုန်တိုင်း နိုင်ငံရေးတာဝန်ခံ အနေဖြင့်တွေ့ဆုံခြင်းဖြစ်၍ ဒီမိုပါတီအနက်မှ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီနှင့် ဖလုံစဝေါ် ဒီမိုကရက်တစ်ပါတီတို့မှာ တက်ရောက်ခြင်းမရှိဟု သိရှိရသည်။

ယခုတွေ့ဆုံမှုနှင့်ပတ်သက်၍ ဦးအောင်သိန်းလင်းအား YPI မှဖုန်းဖြင့်ဆက်သွယ်မေးမြန်းရာတွင် ဒီမိုပါတီနှင့်တွေ့ဆုံခဲ့ခြင်းမရှိဟု ၎င်းက တိုက်ရိုက်ငြင်းဆိုလိုက်သည်။

NLD(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်) အနေဖြင့် နိုဝင်ဘာ ၁၈ ရက်နေ့၌ တရားဝင်ပါတီအဖြစ် ပြန်လည် မှတ်ပုံတင်ရန် ဆုံးဖြတ်ပြီး မကြာမီ ဒီမိုဆယ်ပါတီမှ သဘောထားထုတ်ပြန်ချက် တရပ်ထုတ်ပြန်ခဲ့သည်။ ယင်းထုတ်ပြန်ချက်တွင် တရားဝင်မည်သည့်ပါတီမဆို နိုင်ငံနှင့်ဒီမိုကရေစီအတွက် လက်တွဲဆောင်ရွက်သွားမည်ဆိုလျင် ကြိုဆိုမည်ဖြစ်ကြောင်း ပါရှိသည်။ ယခုတွေ့ဆုံမှုမှာ အဆိုပါ အချက်အလက်ပေါ် ရပ်တည်ကာ တွေ့ဆုံခြင်းဖြစ်ကြောင်း ဒေါက်တာသန်းငြိမ်းက YPI သို့ပြောသည်။

အမျိုးသား ဒီမိုကရေစီအင်အားစု မှ ပါတီခေါင်းဆောင် ဒေါက်တာသန်းငြိမ်း (ဓါတ်ပုံ -www.myanmarinterest.blogspot.com)


ပြည်ခိုင်ဖြိုးပါတီမှ NLD တရားဝင်မှတ်ပုံတင်ရန်ဆုံးဖြတ်ပြီး နောက် ဆယ့်ခြောက်ရက်အကြာတွင် ယခုကဲ့သို့ ပထမဆုံးအကြိမ်ဒီမိုဆယ်ပါတီနှင့်တွေ့ဆုံရန် စတင်ကမ်းလှန်း တွေ့ဆုံခြင်းဖြစ်သည်။

“ပြည်ခိုင်ဖြိုးပါတီက အခုလိုတွေ့တာ လက်ဦးမှုယူတဲ့သဘောလားမသိဘူး၊ ဒီမိုပါတီက NLD နဲ့လည်းတွေ့ဆုံဖြိုးရှိတယ်” ဟု အမည်မဖော်လိုသူ တိုင်းရင်းသားပါတီဝင် တဦးက ပြောသည်။

ဒီမိုဆယ်ပါတီခေါ် ဒီမိုကရေစီ မိတ်ဆွေများပါတီတွင် ညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးပါတီ၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ၊ဖလုံစဝေါ်ဒီမိုကရက်တစ်ပါတီ၊ပြည်ထောင်စုဒီမို ကရေစီပါတီ၊ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ အမျိုးသားဒီမိုကရေစီအာင်အားစု၊ချင်းအမျိုးသားပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီတို့ ပါဝင်သည်။

0 comments: