ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ် အတွင်းရှိ ရှမ်းလမ်းဈေးကို ဖျက်သိမ်း၍ အဆင့်မြင့် ဈေး အဖြစ် ပြန် လည်ဆောက်လုပ် သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာ ယာရေး ကော်မတီ၊ ဈေးများ ဌာနမှ သတင်းရရှိသည်။
ဈေးကို အဆင့်မြင့်အဖြစ် ပြန်လည်ဆောက်လုပ်ရာတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် ကုမ္ပဏီတစ်ခုမှ အကျိုး တူပူးပေါင်းပြုလုပ်မည်ဖြစ်ပြီး ဈေးကိုပြန်လည်ဆောက်လုပ်ရန် အတွက် ဆိုင်ခန်းပိုင်ရှင်များနှင့် ပထမအကြိမ် အစည်းအဝေး ခေါ်ယူညှိနှိုင်း အသိပေးခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။
“ရှမ်းလမ်းဈေးဟာ အခုလောလောဆယ်မှာ မြေစိုက်ဈေးတစ်ခုဖြစ်ပြီး ဟောင်းနွမ်းပျက်စီးနေတဲ့ အတွက် အဆင့်မြှင့်ပြီးပြန်ဆောက်ဖို့ အတွက် စီစဉ်နေပါတယ်။ ဆိုင်ခန်းပိုင်ရှင် တွေကို ပထမအကြိမ် အစည်းအဝေး ခေါ်ယူ အသိပေးခဲ့ပြီး ဖြစ်ပါတယ်။ ဈေးပြန်ဆောက်ပြီးရင် ဈေးဆိုင်ခန်းရှင်တွေကို မူလဆိုင်နေရာထိုင်ခင်း၊ အကျယ်အ၀န်းအတိုင်းကို ပြန်လည် နေရာချထားပေးမှာ ဖြစ်ပါတယ်။ ဆိုင်ခန်း စာရင်းဇယားနဲ့ ရောင်းကုန်တွေ မှန်ကန်မှုရှိစေဖို့အတွက် ဈေးများဌာနနဲ့ ဈေးဆိုင်ခန်းကိုယ်စား လှယ်တွေပါဝင်တဲ့အဖွဲ့က ပူးပေါင်းပြီး စာရင်းဇယားတွေ လုပ်နေပါတယ်။ ဈေးပြန်ဆောက်ပြီးလို့ ဆိုင်ခန်းတွေ နေရာပြန်ချရင် အဲဒီစာရင်းဇယား တွေအတိုင်း နေရာချပေးမယ်”ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ဈေးများဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။
ရှမ်းလမ်းဈေးကို အဆင့်မြင့် ဈေးသစ်ကြီးအဖြစ် လာမည့် ၂၀၁၂ ခုနှစ်နှစ်ဆန်းပိုင်းတွင် စတင် ဆောက်လုပ်သွားမည်ဖြစ်ပြီး ဈေးဆောက်လုပ်ချိန်မှာ တစ်နှစ်ခွဲခန့် ကြာမြင့်မည်ဟု ခန့်မှန်းထားကြောင်း သိရသည်။ ဈေးပြန်လည် ဆောက်လုပ်နေချိန်တွင် ဈေးဆိုင်ခန်းများအား မူလဈေးပတ်ဝန်းကျင်တွင် ယာယီ ဈေးဖွင့်လှစ်ကာ ဈေးရောင်းချနိုင်ရေး အတွက် ညှိနှိုင်းလျက်ရှိကြောင်း သိရှိရသည်။
လက်ရှိ ရှမ်းလမ်းဈေးမှာ ‘ခ’အဆင့် သတ်မှတ်ချက်ရှိသော ဈေးတစ်ခုဖြစ်ပြီး ဆိုင်ခန်းပေါင်း ၃၁၈ ခန်းရှိပြီး ဈေးအား ၁၉၅၈ ခုနှစ်ကတည်းက တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
0 comments:
Post a Comment