စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Monday, January 2, 2012

အမျိုးသားလွှတ်တော်၏ ကော်မတီနှစ်ရပ်မှ မီဒီယာဥပဒေနှင့် ပတ်သက်သော အကြုံဥာဏ်တောင်းခံပွဲပြုလုပ်

အမျိုးသားလွှတ်တော်မှ ပြည်သူတို့၏ တိုင်ကြားစာ အသနားခံစာဆိုင်ရာ ကော်မတီမှ အတွင်းရေးမှူး ဦးရှုမောင် ရှင်းလင်းပြောကြားစဉ်


အမျိုးသားလွှတ်တော် ပြည်သူတို့၏ တိုင်ကြားစာ အသနားခံစာဆိုင်ရာ ကော်မတီနှင့် လွှတ်တော် အခွင့်အရေးကော်မတီတို့က မီဒီယာဥပဒေနှင့် ပတ်သက်သော အကြံဥာဏ်တောင်းခံပွဲကို ဇန်န၀ါရီလ ၂ရက်နေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့၊ ဆီဒိုးနားဟိုတယ်၌ ကျင်းပခဲ့ပါသည်။

အဆိုပါပွဲတွင် အမျိုးသားလွှတ်တော် ပြည်သူတို့၏ တိုင်ကြားစာနှင့် အသနားခံစာဆိုင်ရာ ကော်မတီဥက္ကဋ္ဌ/ လွှတ်တော် အခွင့်အရေးကော်မတီ အတွင်းရေးမှူး ဦးအောင်ငြိမ်းမှ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထိုသို့ရှင်းလင်းဆွေးနွေးရာတွင် မီဒီယာဥပဒေနှင့် ပတ်သက်သော အကြံတောင်းခံခြင်းကို အနည်းငယ်မျှသာ ပြောကြားခဲ့ပြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်ရွှေနှင့် ပတ်သက်သော အကြောင်းအရာများကို အများဆုံး ပြောဆိုခဲ့ပါသည်။ ပြောဆိုချက်များတွင် နိုဝင်ဘာလ ၁၁ရက်နေ့က ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ၌ ဇေကမ္ဘာဦးခင်ရွှေ ပြောကြားခဲ့သော စကားများမှ အစပြုကာ ထိုကိစ္စနှင့် စပ်လျဉ်းပြီး မီဒီယာသမား ၁၉၅ ဦး လက်မှတ်ရေးထိုးထားသော ကန့်ကွက်လွှာကို အမျိုးသားလွှတ်တော် ပြည်သူတို့၏ တိုင်ကြားစာ အသနားခံစာဆိုင်ရာ ကော်မတီမှ လက်ခံရရှိခဲ့ကြောင်း၊ ထို့အတွက်ကြောင်း ၄င်းတို့မှ ရှင်းလင်းရန် တာဝန်ရှိလာခဲ့ကြောင်း၊ အမှန်အားဖြင့်မူ ထိုကိစ္စရပ်မှာ အထင်အမြင်လွဲမှားခဲ့သော ကိစ္စရပ်သာ ဖြစ်ကြောင်း၊ ဦးခင်ရွှေဘက်မှလည်း မီဒီယာသမားများကို နစ်နာစေလိုသည့် ရည်ရွယ်ချက်ဖြင့် ပြောဆိုခြင်း မဟုတ်သည်ကို ပြောကြားထားကြောင်း၊ ဦးခင်ရွှေသည် စိတ်သဘောထားကောင်းသူ တစ်ဦးဖြစ်ကြောင်း အစရှိသဖြင့် ပြောဆိုခဲ့ပါသည်။

ထို့နောက် အမျိုးသားလွှတ်တော်မှ ပြည်သူတို့၏ တိုင်ကြားစာ အသနားခံစာဆိုင်ရာ ကော်မတီမှ အတွင်းရေးမှူး ဦးရှုမောင်က ၂၀၁၁ခုနှစ် နိုဝင်ဘာလ ၁၁ရက်နေ့က ပြုလုပ်ခဲ့သော ဦးခင်ရွှေ၏ သတင်းစာရှင်းလင်းပွဲနှင့် ပတ်သက်၍ ပြန်လည်ရှင်းလင်း ပြောဆိုခြင်းကို သီးခြားအနေဖြင့် ဆက်လက်ပြောကြားခဲ့ပါသည်။

ထိုပြောကြားမှုများအပြီးတွင် ပြည်တွင်းမီဒီယာများမှာ အကြံပြုဆွေးနွေးခြင်းကို ပြုလုပ်ခဲ့ရာ မီဒီယာသမားများက မိမိတို့အနေဖြင့် မီဒီယာဥပဒေနှင့် ပတ်သက်သော အကြုံဥာဏ်တောင်းခံပွဲဟု အမည်တပ်ထားသဖြင့် ထိုကိစ္စရပ်ကိုသာ ပြောဆိုမည်ထင်၍ လာရောက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ယခုလာရောက်ချိန်တွင် မူလခေါင်းစဉ်နှင့် သွေဖယ်ပြီး ဦးခင်ရွှေအကြောင်းများသာ ဖြစ်နေခဲ့ကြောင်း၊ ဟိုတယ်အ၀င်ဝတွင်လည်း ယခုပြုလုပ်မည့် အခမ်းအနားကို ဇေကမ္ဘာကုမဏီ၏ အစည်းအဝေးဟု အမည်တပ်ထားသည်ကို တွေ့ခဲ့ရကြောင်း၊ မိမိတို့ အနေဖြင့် ဦးခင်ရွှေအကြောင်း ရှင်းလင်းမည်ဟု မထင်မိဘဲ ယခုပွဲကို ဦးခင်ရွှေက စပွန်ဆာပေးသည်ဟုသာ ယူဆခဲ့ကြောင်း၊ လက်တွေ့တွင်မူ ဖိတ်ကြားထားသည့် ခေါင်းစဉ်နှင့် သွေဖယ်နေကြောင်း၊ လွှတ်တော်လူကြီးမင်းများအနေဖြင့် ဦးခင်ရွှေကိုယ်စား ရှင်းလင်းပေးသည်ဟု ဆိုသော်လည်း ယခုကိစ္စကို ဦးခင်ရွှေကိုယ်တိုင် ရှင်းလင်းတင်ပြပါက ပိုမိုသင့်လျော်မည်ဖြစ်ကြောင်း အစရှိသော ကိစ္စရပ်များနှင့် မူလခေါင်းစဉ်ဖြစ်သည့် မီဒီယာဥပဒေနှင့် ပတ်သက်ပြီး သဘောထား အမြင်များကို ကော်မတီဝင်များသို့ ပြောဆိုခဲ့ကြပါသည်။

မီဒီယာသမားများ ပြောဆိုခဲ့ပြီးနောက် အခမ်းအနားအတွက် နိဂုံးချုပ်စကားကို အမျိုးသားလွှတ်တော် ပြည်သူတို့၏ တိုင်ကြားစာနှင့် အသနားခံစာဆိုင်ရာ ကော်မတီဥက္ကဋ္ဌ/ လွှတ်တော် အခွင့်အရေးကော်မတီ အတွင်းရေးမှူး ဦးအောင်ငြိမ်းက ပြောကြားခဲ့ပါသည်။ ယင်းသို့ပြောကြားရာတွင် ၄င်းတို့ အနေဖြင့် မီဒီယာဥပဒေနှင့် ပတ်သက်သော အကြံဥာဏ်တောင်းခံခြင်းကို ပြုလုပ်လိုသည့်အတွက် ယခုပွဲကို ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ထိုအကြောင်းမှာ နည်းပါးသွားပြီး ဦးခင်ရွှေအကြောင်း များသွားသည့်အပေါ် အထင်လွဲမှုရှိခဲ့သည့် အပေါ် တောင်းပန်ပါကြောင်း၊ ယခုပွဲနှင့် ပတ်သက်၍ လည်းကောင်း၊ ဦးခင်ရွှေနှင့် ပတ်သက်၍ လည်းကောင်း နားလည်မှုလွဲမှားစရာများ ရှိခဲ့ပါက တောင်းပန်ပါကြောင်း အစရှိသဖြင့် ပြောဆိုခဲ့ပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။

နိုင်ငံတော်သမ္မတ၏ အမိန့်ဖြင့် ထောင်ဒဏ်များကို ၄ပုံ ၁ပုံ လျော့ကာ ဇန်န၀ါရီလ ၃ ရက်နေ့တွင် စတင်လွှတ်ပေးမည်

နိုင်ငံတော်သမ္မတ၏ အမိန့်ဖြင့် သေဒဏ်ပြစ်ဒဏ်များကို ထောင်ဒဏ်တစ်သက်တစ်ကျွန်း၊ နှစ် ၃၀ အထက် ထောင်ဒဏ်များကို နှစ် ၃၀ သို့လည်းကောင်း၊ နှစ်၂၀နှင့် ၃၀ကြားကို နှစ် ၂၀ အဖြစ်လည်းကောင်း၊ နှစ်၂၀ အောက်ထောင်ဒဏ်များကို ၄ပုံ၁ပုံလျှော့ကာ ဇန်န၀ါရီလ ၃ ရက်နေ့တွင် စတင်လွှတ်ပေးမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန အကျဉ်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဇန်န၀ါရီလ၂ရက်နေ့တွင် ပြောကြားခဲ့သည်။

''သက်ဆိုင်ရာက နိုင်ငံပိုင်မီဒီယာတွေကနေ အကျဉ်းသားတွေနဲ့ ပတ်သက်တဲ့ သတင်းကို ဇန်န၀ါရီလ ၂ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ကျွန်တော်တို့ အကျဉ်းဦးစီးဌာနက စာရင်းဇယားတွေလုပ်ပြီး ဇန်န၀ါရီလ ၃ရက်နေ့မှာ စတင်လွှတ်ပေးပါမယ်။အများစုကို အင်စိန်အကျဉ်း ထောင်မှာ လွှတ်ပါမယ်။ နိုင်ငံရေး အကျဉ်းသားတွေပါ၊မပါကိုတော့ မနက်ဖြန်မှ သိရပါမယ်''ဟု ပြည်ထဲရေးဝန်ကြီးဌာန အကျဉ်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဇန်န၀ါရီလ ၂ရက်နေ့ တွင် ပြောကြားခဲ့သည်။

နိုင်ငံတော်သမ္မတအမိန့်ဖြင့် လွှတ်ငြိမ်းချမ်းသာခွင့်ပြုခြင်းကို နောက်ဆုံးအကြိမ်အဖြစ် အောက်တိုဘာလ ၁၂ရက်နေ့က လွှတ်ပေးခဲ့ပြီး မြန်မာတစ်နိုင်ငံလုံးရှိ အကျဉ်းထောင် ၄၂ ခုနှင့် အလုပ်စခန်း ၁၀၉ ခု ရှိ အကျဉ်းသားဦးရေ ၄၀၀၀၀ ကျော်အနက်မှ နေသား ၅၀ ရာခိုင်နှုန်းမှ ၇၅ရာခိုင်နှုန်းရှိ အကျဉ်းသား ၆၃၅၉ ဦးကို စိစစ်ကာ လွှတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ခြင်းဖြစ်ပြီး ယင်အနက် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ အချို့နှင့် ဦးသူရ (ခေါ်) လူရွှင်တော် ဇာဂနာတို့ ပါဝင်ခဲ့သည်။ အောက်တိုဘာလ လွတ်ငြိမ်းချမ်းသာခွင့်အရ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရပြီး လွတ်မြောက်လာသူ ၂၀၀ ကျော်ထဲတွင် ဦးသူရ (ခေါ်) လူရွှင်တော် ဇာဂနာ၊ ဗိုလ်ချုပ်ဆေထင် (SSPC ဥက္ကဌ)၊ ကိုကိုကြီး (စမ်းချောင်း)၊ မစုစုနွေးတို့လည်း ပါဝင်ခဲ့သည်။

နိုင်ငံတော်သမ္မတ၏ ပထမဆုံး လွှတ်ငြိမ်းချမ်းသာခွင့်အဖြစ် မေလ ၁၇ရက်နေ့တွင် မြန်မာတစ်နိုင်ငံလုံးရှိ အကျဉ်းထောင်၄၂ ခုနှင့် အလုပ် စခန်း ၁၀၉ ခုတွင် အကျဉ်းသား ဦးရေ ၆၀၀၀၀ ၀န်းကျင်ရှိသည့် အနက်မှ ၁၄၆၀၀ ကျော်ကို လွှတ်ပေးခဲ့ပြီး ယုံကြည်ချက်ကြောင့်အကျဉ်းကျခံနေရသူ အချို့လည်း ပါဝင်ခဲ့သည်။

ညနေ ၄ နာရီအက်ဖ်အမ် ရေဒီယိုမှ လွတ်ငြိမ်းချမ်းသာခွင့် ကြေညာသွား

ညနေ ၄ နာရီသတင်းတွင် လွတ်ငြိမ်းချမ်းသာခွင့် ကြေညာခဲ့ခြင်းနှင့် ပတ်သက်ပြီး ထပ်မံသိရှိရသမျှ
ထောင်ဒဏ် နှစ် ၂၀ ကျခံနေရသူအား ၄ ပုံ၁ ပုံသို့လျော့ပေါ့လိုက်သည်ဟု သိရသည်။ ကိုနေဖုန်းလတ်မိခင်က ၎င်း၏ သားဖြစ်သူမှာ နှစ် ၂၀ ချမှတ်ခံထားရသဖြင့် လွတ်မြောက်နိုင်ကြောင်း ပြောသည်။

မသက်သက်အောင် ၏ မိခင်ဖြစ်သူ ဒေါ်စုစုကြည်က ၆၅ နှစ်ချမှတ်ခံထားရသည့် သမီးဖြစ်သူမှာ နှစ် ၃၀ သို့လျှော့ပေါ့မည့် အထဲပါဝင်မည်ဟု ယခုလက်ရှိ အချိန်ထိကြားသိရသည့် အချက်အလက်ပေါ် မူတည်ပြောဆိုသည်။

မင်းကိုနိုင် လွတ်မြောက်မည့် အထဲမပါဝင် ထင်ရှားသည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် လွှတ်ပေးမည့်အထဲ မပါဝင်သေးကြောင်း မိသားစုဝင် မမီမီလွင်က ပြောသည်။ “ မပါပါဘူးရှင် ၊ မပါပါဘူး၊ သူတို့ကြေညာချက်က မရှင်းမရှင်းတွေ၊ အဲဒီအတိုင်းဆို မင်းကိုနိုင်လွတ်မြောက်ရန် ၄၈ နှစ်နှင့် ၄ လခွဲကျန်ဟု ညီမဖြစ်သူ က့ ပြောသည်။

The Art of Freedom film festivalဖွင့်ပွဲ

The Art of Freedom film festivalဖွင့်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်တက်ရောက်ခဲ့ပါတယ်

ရုံအမှတ်(အေ)မှာ ဒါရိုက်တာဝိုင်းရဲ့ဇာတ်ကားနဲ့ဖွင့်ခဲ့ပါတယ်။

ရုံအမှတ်(ဘီ)ကိုတော့ဒါရိုက်တာ ပေါက်စီ(သန္တာခိုင်)ရဲ့ဇာတ်ကားနဲ့ဖွင့်ခဲ့ပါတယ်

ပရိသတ်တွေတန်းစီပြီးဝင်နေကြပါတယ်။


ဒါရိုက်တာ ဖြူဖြူစိုးကလဲ ရှင်းပါတယ်။


ဒါရိုက်တာဝဏကျော်ကသူ့ကားနဲ့ပတ်သက်လို့ပ၇ိသတ်သိလိုသမျှဖြေကြားပေးပါတယ်

လက်မှတ်ကိုအလုအယက်တောင်းကြပါတယ်

ဒါရိုက်တာ ကျော်သူမင်းနိုင် ကလဲ သိလိုသမျှ ဖြေပေးပါတယ်

ရုံအမှတ်(စီ)ကိုကျော်သူမင်းနိုင်ဇာတ်ကားနဲ့ဖွင့်ခဲ့ပါတယ်။

ပရိသတ်တွေကတအားများလွန်းတော့နောက်ရုံသစ်တစ်ရုံ(စီ)ကိုဖွင့်လိုက်ရပါတယ်

ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ လွတ်လပ်ခြင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်

ဒီဇင်ဘာလ ၃၁ ရက်နေ့ ညနေက လွတ်လပ်ခြင်း အနုပညာရုပ်ရှင်ပွဲတော် ဖွင့်ပွဲကို လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် အမှာစကား ပြောခဲ့သလို
ကိုဇာဂနာကလည်း ပွဲစဉ်အတွင်း နောက်ထပ် ဆုတွေကို ထပ်တိုးရတဲ့အကြောင်း ပြောဆိုခဲ့ပြီး မင်းထင်ကိုကိုကြီးက ပြည်ပကနေ ပေးပို့ယှဉ်ပြိုင်တဲ့ ရုပ်ရှင်ကားတွေ
အကြောင်း ရှင်းပြပြောဆိုခဲ့ပါတယ်။

လျှို့ဝှက်မြန်မာစစ်တပ်၏ ဓါတု လက်နက် စက်ရုံများ - ဖမ်းမိနိုင်ရိုးလား? (အပိုင်း - ၁)

ဆောင်းပါးရှင် - ဒေါက်တာဦးဝင်း


အယ်ဒီတာအဖွဲ့၊ ဆောင်းပါးရှင် ဒေါက်တာဦးဝင်းက မြန်မာစစ်တပ်ရဲ့ လျှို့ဝှက် သိပ်သည်းစွာ လုပ်ဆောင်နေတဲ့ လုပ်ရပ်များအနက် သင်္ကာမကင်းဖွယ် လုပ်ဆောင်နေတဲ့ ဓါတုလက်နက်စက်ရုံများ လုပ်ဆောင်နိုင်ဖွယ်ရှိနေကြောင်း အချိန်ယူ လေ့လာသုံးသပ်ထားတဲ့ ဆောင်းပါးကို စည်းလုံးခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ်သို့ ပေးပို့လာပါတယ်။ နိုင်ငံတကာမှ အင်္ဂလိပ်ဘာသာဖြင့် လေ့လာနိုင်ရေးအတွက် ဒေါက်တာဦးဝင်းရဲ့ (http://www.burmachemicalweapons.blogspot.com/) အား ဆက်စပ်ကြည့်ရှုနိုင်ပါကြောင်းနဲ့ ယခုလို ပေးပို့တဲ့အတွက် ဒေါက်တာဦးဝင်းအား အထူးကျေးဇူးတင်ရှိပါတယ်။

၁၉၉၃ နိုင်ငံတကာ ဓါတု စစ်လက်နက် ကန့်သတ်ရေး စာချုပ်တွင် ဓါတု ပစ္စည်းလက်နက်များ ထုတ်လုပ်ခြင်း၊ သုံးစွဲခြင်းကို တားမြစ်ထားပါသည်။(http://www.opcw.org/chemical-weapons-convention/) မြန်မာစစ်တပ်က MTA ခွန်စာ လက်နက်ကိုင် အဖွဲ့ကို ရက်ရက်စက်စက် ဓါတုလက်နက်ဖြင့် သုံးခဲ့ပြီးကြောင်း အများ အသိဖြစ်သည်။ ကရင် လက်နက်ကိုင်များနှင့် စစ်ပွဲအချို့၌ မြန်မာစစ်တပ်က ဓါတုလက်နက်ကို သုံးခဲ့သည်။ ဗိုလ်မှူးအောင်လင်းထွဋ် တကြိမ်ဆုံခဲ့ဖူး၏။ ထိုစဉ်က မြန်မာ စစ်တပ်များ အထိနာနေစဉ် - ယခု ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးက စီစဉ်ပေးသည့် ဓါတုဗုံး သုံးရေးကို ကိုယ်တိုင် သက်သေမြင်နိုင်ရန် ကြိုးပမ်းကြည့်သော်လည်း မအောင်မြင်ခဲ့ပါ။ အကြောင်းမှာ ဝင်လာသော ဗုံးများမှာ သာမန်ဗုံးကျည်များသာ မြင်နိုင်သည်။ ဓါတုဆေးထည့် ထားသော ဗုံးဟု မခွဲခြားထားပါ။ ဗုံးကျည် မော်တာကို ပစ်နေသော တပ်သားလည်း ဓါတုဗုံးကို ပစ်သည်ဟု မသိပါ။ စစ်မြေပြင် တာဝန်ခံ ဗိုလ်ကြီးများလဲမသိပါ။ မြန်မာ စစ်တပ်သည် ဓါတု လက်နက်သုံးသည့် အခါတွင် အထူးသတိထားလေ့ရှိသည်။ ဓါတုဆေးကို ခပ်ပြင်းပြင်း မသုံး။ ပစ်ခတ်မှုကြောင့် ခံရသူများ သေလောက်အောင် မလုပ်၊ သို့သော်ရန်သူကို အားအင် မရှိတော့အောင် လုပ်သည်။ ဓါတ်ငွေ့များကလည်း လေထဲတွင် မိနစ်ပိုင်း အတွင်း ပျောက်သွားသဖြင့် သက်သေအထောက်အထား အစအန မကျန်ခဲ့ပါ။

ယခု၂၀၁၁ ခုနှစ် နိုဝင်ဘာလကုန်တွင် K.I.A ကချင်တပ်များနှင့် မြန်မာအစိုးတပ်များ ဂါးရာယာန်၊ ရွှေညောင်ပင်၊ လွန်ဇက်ကုန်း ရွာများနှင့် K.I.A စခန်းချုပ်ရှိရာ လိုင်ဇာရွာ အနီး အင်းတပ်(ဘွမ်) တောင်ကုန်းတို့၌ အကြီးအကျယ် ဖြစ်ပွားခဲ့သည်။ အစိုးရတပ်မှာ အကျအဆုံးများလွန်းလာ၍ မသိ၊ ဓါတုလက်နက် Chemical Weapons များကို စတင်သုံးလာပုံပေါ်သည်။ မြန်မာစစ်တပ်မှ ပစ်ချလာသော စိန်ပြောင်းမော်တာ (Mortar) သုံး ဗုံးကွဲကျစဉ်အတွင်း ထွက်လာသော မီးခိုးငွေ့ကို ရှိုမိကြသည့် ကချင်တပ်သားများမှာ မူးမေ့၊ အော့အန်ကာ၊ ပျော့ခွေလှဲကျ သွားသည်ဟု K.I.A က ထုတ်ဖေါ်ပြောပြပါသည်။

K.I.A ၏ အဆိုအရ မြန်မာ အစိုးရပစ်လွှတ်သော ဒုံးပျံမော်တာကျည်ဗုံးများ အချို့ လေတွင် ပေါက်ကွဲ၍ အချို့မြေပေါ် ကျပြီးမှ ပေါက်သည်ဆို၏။ ဗိုလ်မှူးစိုင်းသိန်းဝင်း၏ အဆိုအရ လေတွင် ပေါက်ကွဲစေမည့် ဗုံးမျိုးမှာ ၈၄ မမ ဒုံးပျံ Rocket များ (အချက်ပြမီးခိုးထုတ်) မျိုးသာ ဖြစ်ဖွယ်ရှိသည်။ ၈၁ မမ မော်တာဗုံးမျိုးအတွင်းသို့ ဓါတု ပစ္စည်းကို ထည့်သွင်းထားရန် အလွန်ခက်ခဲလှ သော စနစ်မျိုးဖြစ်ပေမည်ဟု ဆို၏။ (http://burmese.dvb.no/archives/18626)

စစ်ရေးအကြောင်းလေ့လာသူများက ဤသို့သော ဓါတု အဆိပ်ဓါတ်ငွေ့သုံး ဗုံးအမျိုးအစားမှာ မြန်မာစစ်တပ်သုံး ၈၁ မမ နှင့် ၁၂၀ မမ မော်တာဗုံးများဖြစ်ဖွယ်ရာရှိသည်။ မြန်မာ ကပစ (DI) ထုတ် မော်တာများက ၁၀၅ မမ အမြောက်၊ ၁၂၀ မမ၊ ၈၁ မမ နှင့် ၆၀ မမ မော်တာစိန်ပြောင်းများကို ထုတ်လုပ်လျက်ရှိကြသည်။ ယင်းမြန်မာသံမှူးဟောင်း ဗိုလ်မှူး အောင်လင်းထွဋ်၏ အဆိုအရ မလွန်၊ အထက်မင်းလှ (မကွေးတိုင်း) ရှိ ကပစ (၂)၊ သရက်မြို့နယ် စခန်းကြီးရွာနားရှိ ကပစ (၁၂)၊ ပြည်မြို့မှ ဧရာဝတီမြစ် တဖက်ကမ်း ဆင်ထဲရွာရှိ ကပစ (၃) နှင့် ပန်းတောင်းမြို့နယ် (ပဲခူးတိုင်း) ရှိ ကပစ (၅) တို့တွင် ဤမော်တာများကို ထုတ်လုပ်ကြပါသည်။ (http://photayokeking.org/hot-news/109-19-january-hot-article)

အပိုင်း (၂) ကို ဆက်လက်ဖော်ပြသွားပါမည်..

Sunday, January 1, 2012

အလှမယ် လွတ်လပ်ခြင်းပွဲတော်

အလှမယ် စည်းကမ်း ပြောင်းလဲမှု
၁၉၅၉ ခုနှစ် မယ်စကြာဝဠာပြိုင်ပွဲက အလှမယ်များ ဖြစ်ပါတယ်။ ရှေ့ဆုံးတန်း ဂွာတီမာလာ နဲ့ ကိုရီးယားမယ်ကြားမှာ မယ်မြန်မာ သန်းသန်းအေးကို တွေ့ရမှာပါ။

အပြောင်းအလဲတွေ များတဲ့ မြန်မာနိုင်ငံတော်ကြီးမှာ ထပ်မံဖြစ်ထွန်းလာတဲ့ အပြောင်းအလဲ တခုကတော့ အလှမယ်ပြိုင်ပွဲဝင် စည်းကမ်းချက်များ ဖြစ်ပါတယ်။

မြန်မာ့အမျိုးသမီးများရဲ့ အလှအပ အားကစားတရပ်အနေဖြင့် ရပ်တည်လာခဲ့တဲ့ ခန္တာကိုယ် အချိုးအစား အလှ များကို ဖော်ထုတ်ပြသ ယှဉ်ပြိုင်ကြရသည့် ကာယအလှမယ် ရွေးချယ်ပြိုင်ပွဲများဟာလည်း ပြောင်းလဲလာတဲ့ ခေတ်ရေစီးကြောင်းထဲ မျောပါလာပြီလို့ ပြောရမလိုပါ။

ဟိုတုန်းကတော့ ခန္တာကိုယ်အလှကို ဖော်ထုတ် ပြသ ယှဉ်ပြိုင်ကြတာပါ ဆိုပေမယ့် အမျိုးသမီးများက လည်ပင်းပိတ်ရင်စေ့အင်္ကျီ နဲ့ လုံချည်ရှည် ၀မ်းဆက်ဝတ်ပြီး ယှဉ်ပြိုင်ခဲ့ကြရတာပါ။

လာမယ့် ဇွန်လမှာ ပြုလုပ်မယ့် အိုလံပစ်နေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများက စတင်ပြီး ဘောင်းဘီတို့နဲ့ ၀င်ရောက် ယှဉ်ပြိုင်နိုင်ပြီလို့ မြန်မာနိုင်ငံ ကာယဗလနဲ့ ကာယအလှ အဖွဲ့ချုပ်က ဆိုလာပါပြီ။

အ၀တ်အစားသာမက ဦးခေါင်းပိုင်း အပြင်အဆင်တွေနဲ့ ပတ်သက်တဲ့ စည်းကမ်းချက်ကိုလည်း လျှော့ချပေးထားပါတယ်။

အရင်က ဆံထုံး ထုံးဖွဲပြီး ယှဉ်ပြိုင်ကြရတဲ့ ကာယအလှမယ်တွေဟာ အခုတော့ နှစ်သက်ရာ ဆံပင်ပုံစံနဲ့ ယှဉ်ပြိုင်နိုင်တော့မှာပါ။

ဒီလိုပြောင်းလဲလိုက်ခြင်းဟာလည်း မြန်မာ့ ကာယအလှမယ်များ နိုင်ငံတကာကို ထိုးဖောက်ဝင်ရောက်နိုင်ဖို့ အတွက်လည်း ရည်ရွယ်ပါတယ်လို့ ရန်ကုန်မှာ ထုတ်ဝေတဲ့ ဂျာနယ်များမှာ ဖော်ပြထားကြပါတယ်။

“ခေတ်နဲ့အညီပြောင်းတဲ့သဘောပေါ့ … အခုကတော့ ပိုပြီးမြင်နိုင်တာပေါ့” လို့ မြန်မာ အမျိုးသမီး စွမ်းဆောင်ရှင်အသင်း အကြံပေး နာယက ဒေါ်ရီရီမြင့်က 7Day သတင်းဂျာနယ်ကို ပြောပါတယ်။

အပြောင်းအလဲများထဲကမှ ပျော့ပြောင်းတဲ့ ပြောင်းလဲသတ်မှတ်ချက် တခုလို့ မြင်မိတယ်၊ ကိုယ့်ယဉ်ကျေးမှု အနေအထား မပျောက်ပျက်ဘဲ ခေတ်နဲ့အညီ ပြောင်းလဲလာခြင်းဆိုရင် ကောင်းတယ်လို့ သူက ဆက်ပြောပါတယ်။

ဟိုခေတ်က ကာယအလှမယ်ရွေးချယ်ပြိုင်ပွဲတွေမှာ ဟိုခေတ် ရေကူးဝတ်စုံနဲ့ ယှဉ်ပြိုင်ခဲ့ကြပေမယ့် ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်နေ၀င်း နိုင်ငံကို ကယ်တင်လိုက်ပြီးနောက်ပိုင်းမှာ မယ်ရွေးပွဲတွေ ယာယီရပ်ဆိုင်းခဲ့ရပါတယ်။

ပြန်လည် ခွင့်ပြုချက် ရချိန်မှာ အကျီလက်ပြတ်၊ လုံချည် ၀တ်ဆင် ယှဉ်ပြိုင်တဲ့ ကာယအလှမယ်ရွေးပွဲများ ပြန်လည်ပေါ်ပေါက်လာတာပါ။

တချိန်က မြန်မာ့အလှမယ် ဆိုတာဟာ နိုင်ငံတကာပြိုင်ပွဲကို ရောက်ခဲ့ဖူးပါတယ်။ အခုလို စည်းကမ်းချက်တချို့ ဖြေလျှော့ပေးတဲ့အတွက် နိုင်ငံတကာကို ၀င်တိုးဖို့ လွယ်သွားပြီလို့ ဆိုနိုင်မှာပါ။

ကဲ .. အနည်းငယ် ပြောင်းလဲလာတဲ့ ခေတ်ကြီးမှာ မြန်မာ့ကာယအလှမယ်လေးများလည်း မိမိတို့ရဲ့ ဘော်ဒီအလှကို လွတ်လပ်စွာ ပြသ ယှဉ်ပြိုင်နိုင်ပါစေလို့ ဆန္ဒပြုရင်း..

လွတ်လပ်ခြင်းပွဲတော်
သိပ်မကြာခင်က ပရိသတ်အကြား ရေပန်းစားသွားခဲ့တဲ့ ဒါရိုက်တာ ၀ိုင်းရဲ့ ‘အဲဒီအခန်းဖြတ်’ ဇာတ်လမ်းတိုလေးဟာ စနေနေ့က အစပြုတဲ့ ‘လွတ်လပ်ခြင်းအနုပညာ’ ရုပ်ရှင်ပွဲတော်ကနေ အပယ်ခံရပါတယ်။ ပြိုင်ပွဲမကျင်းပမီ အပြင်မှာ ပျံ့နေတဲ့ဇာတ်လမ်းဖြစ်လို့ ပယ်ပါတယ် တဲ့။

အဲဒီအခန်းဖြတ်မှ ဇာတ်ဝင်ခန်းတခု

“စည်းမျဉ်းစည်းကမ်းနဲ့ ငြိတယ် ဆိုရင်တော့လည်း စည်းမျဉ်းစည်းကမ်းကို လေးစားရမှာပါ။ သို့ပေမယ့်လည်း ကျနော်ကိုယ်တိုင် လုပ်တာ မဟုတ်တဲ့အတွက် ကျနော့် အနေနဲ့ ချွင်းချက်တခုအနေနဲ့ ရှိနေပါတယ်။ အဲ့ဒါကိုလည်း သိအောင် တင်ပြထားပါတယ်” လို့ ဒါရိုက်တာ ၀ိုင်းက ဆိုပါတယ်။

သူက ‘အဲဒီအခန်းဖြတ်’ ကို ဒီပွဲတော်အတွက် ရည်ရွယ်ရိုက်ကူးခဲ့တာလို့ ဆိုပါတယ်။ ဒီဇာတ်ကားတိုဟာ ဘယ်သူရဲ့ လက်ချက်မှန်းမသိရဘဲ အင်တာနက်ပေါ် ရောက်ရှိသွားပြီး လူကြိုက်များလွန်းတဲ့အတွက် Facebook, Youtube တို့ကနေ လက်ဆင့်ကမ်း ကြည့်ရှုခဲ့ကြတာပါ။

“ကျနော်အလေးအနက်ပြောချင်တာကတော့ ဒီဇာတ်လမ်းတိုကို ကျနော် ကိုယ်တိုင် youtube မှာ မတင်ဘူး ဆိုတာကို ရဲရဲဝံ့ဝံ့ ပြောချင်ပါတယ်။ ဒီဇာတ်လမ်းထဲက သရုပ်ဆောင်တွေနဲ့ ကျနော့ရဲ့ ဇာတ်လမ်းပေါ်မှာ ထားတဲ့ စေတနာတွေကို နည်းနည်းလေး စဉ်းစားပေးစေချင်ပါတယ်။ ကမ္ဘာတ၀န်းလုံးမှာရှိတဲ့ ပရိသတ် အားလုံးကိုလည်း ကျနော် ကျေးဇူး အရမ်းတင်ပါတယ်”လို့ ဒါရိုက်တာ ၀ိုင်းက ဆိုပါတယ်။

အင်တာနက်ခေတ်လူထုကြားထဲကို ‘အဲဒီအခန်းဖြတ်’ ဘယ်လို ပေါက်ကြားသွားပါလိမ့် ဆိုပြီး အံ့အားသင့်နေတဲ့ ဒါရိုက်တာ ၀ိုင်းတယောက် ကံကောင်းပါစေလို့…။

မြန်မာအစိုးရ ဓာတ်ဆီဈေး ပြောင်းလဲသတ်မှတ်


မြန်မာနိုင်ငံ ရန်ကုန်မြို့မှာ ရောင်းချနေတဲ့ ဓာတ်ဆီဈေးနှုန်းကို နှစ်ဆန်း ၁ ရက်နေ့မှာပဲ ၃၀% ကျော် တိုးမြှင့်လိုက်ပါတယ်။ ဓာတ်ဆီ တစ်ဂါလံကို မူလက ၂,၅၀၀ ကျပ်နှုန်းနဲ့ ရောင်းချနေရာက တနင်္ဂနွေနေ့ကစလို့ ၃,၃၅၀ ကျပ်နှုန်းနဲ့ အစိုးရပိုင် ဆိုင်တွေမှာ စတင် ရောင်းချတာကို ယာဉ်ပိုင်ရှင်တွေ ရုတ်တရက် သိခဲ့ကြရတာပါ။ သဘာဝဓာတ်ငွေ့ (CNG) နဲ့ ဒီဇယ်ဈေးနှုန်းတွေကတော့ အပြောင်းအလဲ မရှိခဲ့ပါဘူး။

လွန်ခဲ့တဲ့ ၂ နှစ်ကစလို့ အစိုးရက ဓာတ်ဆီဆိုင်တွေကို ပုဂ္ဂလိက လုပ်ငန်းရှင်တွေကိုပါ စတင် လုပ်ကိုင်ခွင့် ပြုခဲ့ပေမဲ့ ဈေးနှုန်းနဲ့ ဖြန့်ဖြူးမှုတွေကိုတော့ ဆက်လက် ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။ ယာဉ်တစ်စင်းအတွက် တစ်နေ့ကို ဓာတ်ဆီ ၂ ဂါလံနှုန်းသာ ဖြည့်ခွင့် ပြုထားတာ ဖြစ်တဲ့အတွက် ပြင်ပမှောင်ခို ဓာတ်ဆီဈေးကွက်လည်း ဆက်လက်ရှိနေခဲ့တာပါ။

လောင်စာဆီဈေးနှုန်း ရုတ်တရက် တိုးမြှင့်တဲ့အတွက် ကုန်ဈေးနှုန်းတွေ တက်ခဲ့ရာက ဈေးနှုန်းတွေ ပြန်ချပေးဖို့ တောင်းဆိုဆန္ဒပြ လှုပ်ရှားမှုတွေလည်း ၂၀၀၇ ခုနှစ်မှာတုန်းက ပေါ်ပေါက်ခဲ့ဖူးပါတယ်။ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ် မတ်လကုန်ကစလို့ အစိုးရသစ် တက်လာပြီးတဲ့နောက် နိုင်ငံရေးနဲ့ စီးပွားရေး အပြောင်းအလဲတွေ လုပ်ဆောင်လာတာနဲ့အတူ အစိုးရက သတ်မှတ်ထားတဲ့ အခွန်အခတွေ၊ နှုန်းထားတွေကိုလည်း ပြင်ဆင်မှုတွေ လုပ်လာခဲ့တာပါ။

ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းမှာပဲ လျှပ်စစ်မီတာခတွေကို နှစ်ဆတိုး ကောက်ခံမယ်လို့ အစိုးရ တာဝန်ရှိသူတွေ ပြောခဲ့ကြတာဖြစ်ပေမဲ့ လူတွေရဲ့ မကျေမနပ်သံတွေ ထွက်ပေါ်လာပြီးတဲ့ နောက်မှာတော့ ဒီအစီအစဉ်ကို ချက်ချင်းလက်ငင်း စတင်မှာ မဟုတ်သေးဘူးလို့ နောက်ပိုင်းမှာ ပြောဆိုလာကြတာလည်း ဖြစ်ပါတယ်။

စီဒီအမ်အေဖုန်းများ သတ်မှတ်ချက်ပြည့်ပါက ရပ်နားမည်ဖြစ်ပြီး ဂျီအက်စ်အမ်ဖုန်းများသာ ဆက်လက်ချပေးသွားမည်

စီဒီအမ်အေဖုန်းများကို သတ်မှတ်အလုံးရေပြည့်ပါက ရပ်နားသွားမည်ဖြစ်ပြီး လာမည့်နှစ်များတွင် ဂျီအက်စ်အမ်ဖုန်းများကိုသာ ဆက်လက်ချပေးသွားမည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ သိရှိရသည်။

"စီဒီအမ်အေဖုန်းတွေ သတ်မှတ်အလုံးရေပြည့်ရင် ထပ်ချပေးဖို့ မရှိတော့ပါဘူး။ နောက်ပိုင်းမှာ ဂျီအက်စ်အမ်ဖုန်းတွေကိုပဲ ဆက်ချပေး သွားမှာပါ။ စီဒီအမ်အေ ၄၅၀ ဖုန်းဆိုရင် Voice Only ပဲရသွားမှာဖြစ်ပြီး Data ရဖို့မရှိပါဘူး။ ဒါကြောင့် စီဒီအမ်အေ ၄၅၀ မှာအင်တာနက်ရလာဖို့မရှိဘူး။ ဒါကလည်းစီဒီအမ်အေ၄၅၀ အတွက် စက်ပစ္စည်းတွေတပ်ဆင်ကတည်းက Voice Only ပဲတပ်ဆင်ခဲ့လို့ပါ" ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

"စီဒီအမ်အေဖုန်းတွေထက် ဂျီအက်စ်အမ်ဖုန်းတွေက နည်းပညာပိုင်းအရရော၊ ကျန်းမာရေးအရပါပိုကောင်းပါတယ်။ စီဒီအမ်အေဟန်းဆက်တွေက ဘက်ထရီအကုန်မြန်တာ၊ ပိုပူတာ၊ လိုင်းဆွဲအားပိုပြင်းတာ၊ လုပ်ဆောင်ချက်မစုံလင်တာစတဲ့ အားနည်းချက်တွေရှိပြီး အသုံးပြုသူကိုလည်း သက်ရောက်မှုတွေပိုများပါတယ်။ ဂျီအက်စ်အမ်ဟန်းဆက်တွေကတော့ လုပ်ဆောင်ချက်ပိုစုံပြီး လှိုင်း၊ ကြိမ်နှုန်းတွေအရလည်း အသုံးပြုသူကိုသက်ရောက်မှု နည်းတယ်။ ရေရှည်မှာ စီဒီအမ်အေဟန်းဆက်တွေက အသုံးပြုသူအပေါ် ကျန်းမာရေးထိခိုက်မှု ပိုဖြစ်စေပါတယ်။ နောက်ပြီး စီဒီအမ်အေဟန်းဆက်တွေက ချွတ်ယွင်းမှု ပိုဖြစ်လွယ်တယ်။ ဂျီအက်စ်အမ်က တစ်ကမ္ဘာလုံးက စံနှုန်းအနေနဲ့ သုံးနေတဲ့စနစ်တစ်ခုဖြစ်ပြီး 3G, 4G အဆင့်မြှင့်တင်ပေးသွားမယ်ဆိုရင် သုံးရတာ အရမ်းကောင်းလာမှာပါ" ဟု မိုဘိုင်းဖုန်းဆိုင်တစ်ခုမှ နည်းပညာကျွမ်းကျင်သူတစ်ဦးက ပြောကြားခဲ့သည်။

ဂျီအက်စ်အမ် မိုဘိုင်းဖုန်း သန်း၃၀ စီမံကိန်းအရ ပထမနှစ်တွင် ဖုန်းအလုံးရေလေးသန်း၊ ဒုတိယနှစ်တွင်ဖုန်းအလုံးရေ ငါးသန်း၊ တတိယနှစ်တွင်ခြောက်သန်း၊ စတုတ္ထနှစ်တွင်ခုနစ်သန်းနှင့် ပဉ္စမနှစ်တွင် ဖုန်းအလုံးရေ ရှစ်သန်းစသဖြင့် ချပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါ စီမံကိန်းကာလအတွင်း၌ပင် ဂျီအက်စ်အမ်စနစ်ကို 4G အထိ အဆင့်မြှင့်တင် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သမီးဘောင်းဘီ ဆရာကြီး ခိုးသွားတယ်


သမီးဘောင်းဘီ ဆရာကြီး ခိုးသွားတယ်
ဇော်ကြီး (ပေါက်တော)

လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ဆယ်ကျော်လောက်က “အားနွဲ့တဲ့ မိန်းမသားပါရှင့် ... ဒီလောက် ဓားတွေ လှံတွေ ကိုင်ပြီး မခြိမ်းခြောက်ပါနဲ့” လို့ တောင်းပန်နေတဲ့ အမေ့ရဲ့စကားကို ဓားပြတွေ ကြားတော့ “ဒီလိုဆို ဒေါ်ကြီးမှာ ရှိတဲ့ ပစ္စည်းတွေ အကုန်ပေး” လို့ ဓားပြဗိုလ်ကြီးက ပြောတယ်။ ဓားပြဗိုလ်ကြီးရဲ့စကားကြောင့် လူမသေရင် ငွေရှာလို့ ရတယ်။ ဥစ္စာပစ္စည်းဆိုတာ တခါတရံ အသက်ကိုပါ အန္တရာယ်ပြုတတ်တယ်ဆိုတာကို အမေ နားလည်လို့လား မသိ၊ အိမ်မှာရှိတဲ့ ရွှေ၊ ငွေ ပစ္စည်းတွေ တခုမကျန် အကုန်ပေးလိုက်တာကို တကျော့ပြန် သတိရမိတယ်။

အင်း ... ပြောရမှာတော့ ခက်ခက်ပဲ ရှင်းမနေချင်တော့ပါဘူး၊ ကြည့်တတ်ရင် မြင်မှာပါ။ ၀ါးလုံးရှည်နဲ့ မရမ်းဖို့လည်း စိတ်မှာ တွေးမိတယ်။

ဒီနှစ် နှစ်ကုန်ပိုင်းလောက်ကပေါ့။ ကျမတို့ ညီမနှစ်ယောက် ညနေစာအတွက် တို့စရာလေး ဘာလေး ရှာမယ်လို့ တောင်ပေါ်တက်သွားကြပြီး တောင်ယာက အပြန်မှာ အနောက်က လူသံကြားတယ်ဆိုပြီး လှည့်ကြည့်လိုက်တော့ ကတက်ဥတွေ တူးနေတဲ့ အသက် ၆၀ ကျော် အိမ်နားက အမိုး အားမူ။ အမိုးက အသက်ကြီးပေမယ့် ငြိမ်ငြိမ်နေတယ်လို့ မရှိဘူး။ တောင်ပေါ်တက်မယ်။ တို့စရာလေးတွေ ရှာမယ်။ အိမ်ပြန်ရောက်ရင် ငပိရည်ကျိုမယ်။ သူ့မြေးလေးတွေကို တို့စရာလေးတွေနဲ့ ငပိရည်ကျိုနဲ့ ထမင်းကျွေးမယ်။ ဒါက သူ့ရဲ့ နိစ္စဓူဝအလုပ်ပေါ့။

အသက်ကြီးတဲ့သူတွေက အဲဒီလိုလုပ်နေရတာကို သူတို့ဘ၀ သူတို့ ကျေနပ်နေကြတယ်။ မြို့ကြီးတွေမှာဆိုလည်း ဒီအတိုင်းပဲလေ။ အသက်ကြီးလာတဲ့ ဘိုးအေ၊ ဘွားအေတွေက မြေးလေးတွေ ချီကာ တတော့တော့ လုပ်နေကြတာတွေလည်း ရှုချင်စရာလေးတွေပေါ့။ ကျမတို့ အသက်အရွယ်တွေ ရလာပြီဆိုရင်လည်း ဒီအတိုင်းပဲနေမယ်။ သို့အတူ ရွာက အမိုး အားမူလည်း ဒီအတိုင်းပဲပေါ့။

“အမယ်လေး ... လန့်လိုက်တာ၊ ဟင် နင်တို့ ဘယ်က လာကြတာလဲ” ဆိုတဲ့ စကားကြောင့် ကျမတို့ လှမ်းကြည့်မိလိုက်တယ်။ ဒီအတွေ့အကြုံက အမိုးအတွက်က ရိုးနေပေမယ့် ကျမတို့အတွက်ကျတော့ ဆန်းလည်းဆန်း လန့်ဖြတ်တာတွေလည်း ဖြစ်လာပါတော့တယ်။ ပြေးစရာလမ်း ရွေးနေရပြီလေ။ “ဟာ ... ပယော် (မြန်မာစစ်သား) တွေပါလား။ ဟောဟိုမှာ စစ်ဗိုလ်ကြီးလည်း ပါတာပဲ။ စစ်တပ်က ဗိုလ်ကြီးဆိုတော့ သဘောထားကောင်းတာပေါ့၊ ဗိုလ်ကြီး နင် ဘယ်ကလာလဲ” အမိုးရဲ့ သံရေးတမန်ရေးစကားက စစ်ဗိုလ်ကြီးအဖို့ တော်တော့်ကို နားဝင်ချိုသွားတယ်ထင်တယ်။ “ဟာ ... အမိုးကလည်း မြှောက်နေပြန်ပြီ၊ ကျနော် အမြှောက်မကြိုက်ဘူး အမိုး၊ ဆနိုင်ဘာပဲကြိုက်တာ” လို့ စစ်တပ်က ဗိုလ်ကြီးက နောက်သလိုလိုနဲ့ အမိုးကို ပြန်ဖြေရင်း ရှေ့မတိုးသာ နောက်မဆုတ်သာ ဖြစ်နေကြတဲ့ ကျမတို့ နှစ်ယောက်ကလည်း အမိုးကိုပဲ အားကိုးတကြီး အပြေးအလွှား လာဖက်ထားကြတော့တယ်။

အမိုးက ဆိုသည်မှာတော့ “ငါရှိတယ် မုကနော် မကြောက်နဲ့၊ ဒီနေ့ခေတ်ကြီးမှာ လူအခွင့်အရေးတွေ အမျိုးသမီးအခွင့်အရေးတွေ တပုံကြီး၊ သူတို့ ငါတို့ကို ဗလက္ကာယ ပြုကျင့်ချင်တိုင်း ပြုကျင့်လို့မရဘူး၊ တကယ်လို့ ဒီလိုသာလုပ်လာခဲ့မယ် ဆိုလို့ရှိရင် တိုင်လို့ရတဲ့အဖွဲ့တွေ ရှိတယ်” လို့ အမိုးက ခွန်အားမျှပေးတဲ့အတွက် ကျမတို့ ကြောက်စိတ် အနည်းငယ် လျော့သွားကြပါတယ်။ အမှန်တော့ အမိုးက ကျမတို့ ကြောက်စိတ်ကို ထိန်းပေးတာပဲ ရှိပါတယ်။ ဟိုက စားမလို ၀ါးမလို ကြည့်နေတဲ့ ဗိုလ်ကြီးရဲ့ အကြည့်ကို မကြောက်ဖို့ပါပဲ။ လက်နက်အားကိုးနဲ့ စစ်မြေပြင်မှာ တစုံတခု လုပ်သွားရင်တော့ ဘာမှ မတတ်နိုင်။ ဒီလိုလုပ်လာတာတွေလည်း နေရာအနှံ့ဖြစ်နေတော့ ဆူးနဲ့ဖက်ကိုပဲ ဥပမာပြုကာ ရေတိမ်နစ်ရတဲ့ ကျမတို့ တောသူတောင်သား ဘ၀လေးတွေကို တွေးရင်း “အမိုး … ပြန်တော့မယ်လေ အိမ်မှာ လျှော်စရာတွေ တပုံကြီး ကျန်သေးတယ်။ မိုးမချုပ်ခင် အိမ်အလုပ်တွေပြီးမှ ဖယောင်းတိုင်ကုန် သက်သာမယ်လေ အမိုး” ဟု ကျမက စ ကာ စကားဆိုလိုက်သည်။ အမိုးကို လက်တို့ခေါ်နေလေတော့ အမိုးလည်း “သွားတော့မယ်နော် ဗိုလ်ကြီး၊ နင် အလုပ်အားရင် အိမ်ကို လာလည်” လို့တောင် အမိုးက ဧည့်ဝတ်ကျေနေသေးတယ်။ ကျမကတော့ အဲဒီလူကို မြင်ရတာ ကြက်သီးတွေတောင် ထလာနေပြီ။

“အမိုး အမိုး ဟိုမှာ ဖတီး ကချင်မဟုတ်လား သူ ဘယ်သွားလဲမသိ” ဟု ကျမက မေးလိုက်တော့ ဖတီး ကချင်က “ရွာမှာ အစိုးရစစ်တပ် ရောက်နေတယ်။ လူတွေအကုန်လုံး စာသင်ကျောင်းရှေ့ ဘောလုံးကွင်းမှာ လာရောက် စုရမယ်။ အိမ်ပေါ်မှာ ဘယ်သူမှ နေလို့မရဘူး ကြားလား” လို့ ပြောတဲ့အတွက် ကျမတို့လည်း စာသင်ကျောင်းရှေ့ ဘောလုံးကွင်းကို သွားကြရပါတော့တယ်။ အစိုးရစစ်တပ် ရွာကိုလာတော့ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ဆေးဝါးတွေ ဝေမယ်လို့ ကျမ ထင်ခဲ့တာ။ နောက်ကျတော့ ဘယ်ဟုတ်မလဲ။ ရွာသားတွေ အကုန်လုံး စာသင်ကျောင်းရှေ့ ဘောလုံးကွင်းထဲမှာ စုထားပြီး အနောက်ကနေ စစ်သားတွေက တအိမ်ဝင် တအိမ်ထွက် ပစ္စည်းတွေ ရှာကြတယ်။ ဆန်တွေ၊ ဆီတွေ၊ ကြက်သွန်၊ အချိုမှုန့်၊ ဆားပါမကျန် ယူကြတယ်။ နောက်ပြီး အကျီင်္တွေ ယူတယ်။ ထမီတွေ၊ အတွင်းခံဘောင်းဘီတွေ၊ ဖိနပ်တွေ ဘာတခုမှမကျန် ယူကြပြီးတော့မှ အားလုံး အိုကေပြီဆိုတာနဲ့ စစ်ဗိုလ်ကြီးက စာသင်ကျောင်းရှေ့ ဘောလုံးကွင်း မြက်ခင်းပေါ်ကနေ “မနက်ဖန် လပြည့်နေ့ဖြစ်တယ်။ အဲဒီအတွက် ဘုန်းကြီးကျောင်းမှာ ငါတို့ ကထိန်ကပ်မယ်။ မင်းတို့ရွာသားတွေ တအိမ်ထောင် ဆွမ်းတအုပ် လာပို့ရမယ်” လို့ အမိန်ချပြီးတော့ ရွာသားတွေကို ပြန်လွှတ်လိုက်တယ်။

မိုးချုပ်သွားပြီဆိုတော့ ကျမတို့လည်း အိမ်ပြန်သွားကြတော့ အိမ်တိုင်းလိုလိုက သေပါပြီကွာ။ ဘာမှ မကျန်တော့ဘူး။ ငါတို့ မနက်ဖန် ဘာဆန်နဲ့ ဆွမ်းချက်မလဲ။ ဘာဆီတွေ ဆားတွေ အချိုမှုန့်တွေနဲ့ ဟင်းချက်မလဲ။ အ၀တ်အစားဆိုလို့ ယာကည အင်္ကျီ (မြက်သတ်ဆေး ဖျန်းရာတွင် ၀တ်သည့် အင်္ကျီ) အစုတ်တထည်တည်း ကျန်ပြီ ဆိုတဲ့ အသံတွေ။ ဒီမှာ ဥနေတဲ့ ကြက်မကြီးလည်း မရှိတော့ဘူး၊ ကြက်ဥလည်း မတွေ့တော့ဘူး။ ဖရုံသီးလည်း ကုန်ပြီ ... စတဲ့ အသံတွေဖြင့် တရွာလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြတော့ ကျမလည်း စိတ်မကောင်းဖြစ်ကာ မျက်ရည်ကျမိတယ်။ လွမ်းစရာရှိတာကို နာစရာနဲ့ ဖြေသိမ့်ရမယ် ဆိုတဲ့ စကားအတိုင်း သောကတွေကို လျှော့ချလိုက်ပါတော့တယ်။

သူတောင်းစား ခွက်ပျောက်တာနဲ့ ဦးနာအောက် လှေနစ်တာ အတူတူပါပဲလား။ ငါ့ထက် အဆပေါင်းများစွာ ပါသွားတဲ့ လူတွေလည်း ရှိမယ်။ ငါ့လောက် မပါတဲ့ လူတွေလည်း ရှိမယ်။ အခိုးခံရတဲ့အရာချင်း အတူတူပါ။ သူ့ဟာ နည်းတယ်။ ငါ့ဟာ များတယ်လို့တော့ မပြောချင်တော့ဘူးလေ။ တညလုံးလည်း အိပ်မရ။ စစ်ဖိနပ်သံတွေကလည်း ခြံနားကို လာကပ်လိုက် စကားတွေ ပြောလိုက်၊ ငါတို့ ချောင်းစပ်မှာ တွေ့ခဲ့တဲ့ ကောင်မလေးက ဒီအိမ်ကပဲ ဆိုတဲ့ စကားကို ကျမ ကြားလိုက်တာနဲ့ ကြက်သီးတွေ ထောင်းခနဲ ထသွားတယ်။ အိပ်လို့ မပျော်တဲ့ ညတွေက ညတာရှည်တယ်။ အကြောက်တရားက ပိုသထက်ပိုလာတာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ကြိုးစားအိပ်မယ်လို့ တွေးလေ ပိုဆိုးလေ၊ တစ်၊ နှစ်၊ သုံးကနေ တရာအထိ ရေတွက်ရင် အိပ်ပျော်သွားမလားပေါ့၊ ကြိုးစား ရေတွက်ကြည့်တယ် ဖြစ်မလာဘူး။ ချွေးအိုင်ကြီးပေါ်မှာ တကိုယ်လုံး လူးလဲနေသလိုပါပဲ။ နောက်ကျတော့ ဘယ်လို အိပ်ပျော်သွားမှန်းမသိ အိမ်ရာက နိုးလာတဲ့အချိန်မှာတော့ တရွာလုံး တိတ်ဆိတ်ငြိမ်သက်လျက်။ လမ်းပေါ်မှာ စစ်သားတယောက် လဲကျ သေနေတာပဲ တွေ့ရတယ်။ ညီမလေး ဟိုလူဘာဖြစ်တာလဲ၊ သေနတ်လည်း ပါတယ်။ သူ့လူတွေ သွားမယူကြဘူးလား ... စတဲ့ အနိဌာရုံကြီးအကြောင်း မေးနေမိတယ်။

“အစ်မကလည်း ဘယ်သူသွားဆွဲရဲမှာလဲ ဟိုး … တောင်ပေါ်ကနေ ဆနိုင်ဘာနဲ့ လှမ်းပစ်တာ၊ တချက်ပဲ အစ်မ။ လူက တုတ်တုတ်မျှ မလုပ်ဘူး၊ ပွဲပြီးသွားတယ်။ သူ့လူတွေလည်း ဟိုနောက်က တောထဲမှာနေရာ ယူထားကြတယ်။ ဒီနေ့တော့ တိုက်ပွဲဖြစ်မယ်ထင်တယ်။ ဟို ဗိုလ်ကြီးကတော့ အမိုးတို့ ဗုံးခိုကျင်းထဲမှာ ကလေးတွေနဲ့အတူ ၀င်ပုန်းနေတယ်။ သူ့ရဲဘော်တွေကျတော့ တောထဲက နေရာ ယူခိုင်းထားတယ်။ အစ်မ အိပ်ရေးပျက်နေတယ် ဆိုတာကို သိလို့ ညီမလည်း မနှိုးဘဲထားတာ။ အစ်မ မျက်နှာသစ် ထမင်းစားပြီးရင် ဖတီး တောနော်ဖောတို့ ဗုံးခိုကျင်းကို ပြေးရအောင်။ တိုက်ပွဲဖြစ်မှာ သေချာတယ် အစ်မ” ဆိုတဲ့စကားကြောင့် “ဒါဆို ညီမလေး ထမင်းအိုးတွေ ယူပြီး ဗုံးခိုကျင်းနား ပြေးကြမယ်” ကျမတို့ ညီမနှစ်ယေက် အပြေးအလွှား သွားကြတော့ ဖတီး တောနော်ဖောက လာလာ ဒေးမူ ဒီမှာ ထမင်းစား ပြီးမှ ကျင်းထဲဝင်ကြဆိုတဲ့ ဖတီး တောနော်ရဲ့ စကားကြောင့် စိုးရိမ်စိတ်လေးကို ထိန်းချုပ်နိုင်လိုက်တယ်။

ထိုနေ့ မွန်းလွဲတနာရီလောက်ကတည်းက ညနေ ခြောက်နာရီခန့်အထိ တဘက်နဲ့တဘက် အပြန်အလှန် ပစ်သံတွေ လက်နက်ကြီးအသံတွေ၊ လက်နက်ငယ်အသံတွေ၊ မိုင်းကွဲသံတွေ ဆူညံနေတာပါပဲ။ ပုထုစဉ် လူသားတိုင်းဟာ မိမိတို့ အသက်အန္တရာယ်နဲ့ဆက်စပ်ပြီး ဖြစ်လာကြတဲ့အခါမှာ သေမင်းကို ရင်ဆိုင်ရမှာ အလွန်ကြောက်ကြတယ်။ ထိုနည်းတူ စစ်တပ်အရာရှိကြီး၊ အမြှောက်မကြိုက် ဆနိုင်ဘာမှ ကြိုက်တဲ့ စစ်ဗိုလ်ကြီးလည်း ကျမတို့နဲ့ မလှမ်းမကမ်း ဗုံးခိုကျင်းမှာ ဖိုးခွားငယ်များနဲ့အတူ ပြားပြားဝပ်နေလေတယ်။

အကြောက်တရားရဲ့ လွှမ်းမိုးမှုက အစစအရာရာကို မေ့မောနေတတ်တယ်ဆိုတာ ဖြစ်နိုင်တယ်။ ကျမရဲ့ကြောက်စိတ်ကြောင့် ကျမ ဘာကိုမှ မမှတ်မိခဲ့တဲ့ အချိန်တွေ ကြုံဖူးတယ်။ ထို့အတူ အစိုးရတပ်က စစ်ဗိုလ်ကြီးလည်း ဤသို့နှယ် ရှိလိမ့်မယ် ဆိုတာကို ကျမ သတိထားမိတယ်။

မုန်တိုင်းဘယ်လောက်ပြင်းပြင်း လေပြေလာတတ်စမြဲပေမို့ စစ်ရဲ့အနိဌာရုံတွေကြောင့် ဒေသခံလူထုအတွက် လွန်စွာအကျပ်အတည်း ခံရတာကို မြင်တွေကြတဲ့ နိုင်ငံခေါင်းဆောင်တွေနဲ့ အတိုက်အခံ လက်နက်ကိုင် ခေါင်းဆောင်များဟာ အပစ်အခတ် ရပ်စဲရန်အတွက် သဘောတူစာချုပ်တွေ ချုပ်ဆိုပြီးချိန်ဝယ် ရန်သူ မိတ်ဆွေ မခွဲခြားဘဲ တဦးအပေါ်တဦး လေးစားတန်ဖိုးထားစွာနဲ့ နှစ်ဘက်စလုံးမှ လက်နက်ကိုင်တပ်သားတွေ ချစ်ချစ်ခင်ခင်နဲ့ ချစ်ကြည်ရေးအားကစားတွေ လုပ်လာကြပါတော့တယ်။

အားကစားဆိုလို့ ရွာမှာလုပ်တဲ့ အားကစားအကြောင်း ပြောမယ်ဆိုရင် ကျမတို့ အိမ်ရှေ့က မြေကွက်လပ်လေး မပါမဖြစ်ဘူး။ ကာလသားတွေက ကျမတို့ အိမ်ရှေ့မှာ ခြင်းလုံးကွင်းလေး လုပ်ထားကြတော့ ၀ိုင်းခြင်း၊ ပိုက်ကျော်ခြင်းပွဲတွေက နေ့စဉ် ညနေတိုင်းလိုလို ဖြစ်နေတယ်။ အိမ်ရဲ့အရှေ့တည့်တည့်မှာ အားကစားကွင်းလေး ရှိနေတော့ ကျမလည်း အားကစားကို ယောင်္ကျားတွေနဲ့ တန်းတူ ရင်ပေါင်တန်း မလုပ်နိုင်ပေမယ့် ကျန်းမာရေးအတွက်တော့ နေ့တိုင်းလိုလို ကြိုးခုန်တယ်၊ ထိုင်ထလုပ်တယ် စသည်ဖြင့်ပေါ့။ ကိုယ်လက်ကြံ့ခိုင်မှုတွေ လုပ်လေ့ရှိတယ်။ တနေ့ ကိုယ်လက်ကြံ့ခိုင် လုပ်နေရုံပဲ ရှိသေးတယ်၊ ကျမညီမလေး အသာလေးလက်တို့ပြီး ကျမကို ခေါ်တယ်။ အစ်မ ဟိုလူကြီးကို သိလား ဆိုတော့ ကျမက သေသေချာချာ ကြည့်လိုက်ပြီး ပြန်ဖြေလိုက်တယ်။ သိတယ် ညီမလေး၊ သူက အစိုးစစ်ရတပ်က တပ်ကြပ်ကြီးလေ ဘာဖြစ်လို့လဲ ညီမလေးလို့ မေးလိုက်တော့ သူပြုံးနေတယ်။ အစ်မ သူ့ကို သေသေချာချာကြည့်၊ ခေါင်းကနေ ခြေအဆုံးထိ ကြည့်လို့ပြောတော့ ထူထူးဆန်းဆန်းလေးတခုတော့ စစ်တပ်က ဆရာကြီးမှာ ရှိကိုရှိလိမ့်မယ်လို့ အကြံရပြီး သေသေချာချာ စိုက်ကြည့်လိုက်မှ အော် ... ငါတို့ ဟိုတလောက မလျှော်ဘဲ အိမ်မှာ ကျန်နေခဲ့တဲ့ အတွင်းခံဘောင်းဘီကို ဒီဆရာကြီး လျှော်ဝတ်နေတာကိုး။

ကျန်းမာကြပါစေ ...

ဇော်ကြီး (ပေါက်တော)

၂၀၁၁ ထူးခြား ထင်ရှားသူများ (၂)

၂၀၁၁ ခုနှစ်အတွင်း မြန်မာနိုင်ငံသည် အစိုးရသစ် တက်လာခြင်း အပါအ၀င် အပြောင်းအလဲများစွာ ဖြစ်ပေါ်မှုနှင့်အတူ လူအများနှင့် သတင်း မီဒီယာများက အထူးအာရုံစိုက်ခံရသောထူးခြားထင်ရှားသူများကိုလည်း တွေ့မြင်ခဲ့ရပါသည်။ ထို့ကြောင့် ယခုနှစ်အတွက် မြန်မာနိုင်ငံနှင့် ပတ်သက်ပြီး ထူးခြားထင်ရှား သူများကို ဧရာဝတီ ပရိသတ်အတွက် စုစည်း ဖော်ပြလိုက်ပါသည်

“ဧရာဝတီ ကယ်တင်ရေး” လှုပ်ရှားမှု
Save the Irrawaddy

မတ်လနှောင်းပိုင်း အမည်ခံအရပ်သားအစိုးရသစ် ဖွဲ့စည်းပြီး လအတော်ကြာပြီးနောက် မြန်မာနိုင်ငံ၏ အခြေတည်စ ပြုပြင်ပြောင်းလဲမှုကို စိန်ခေါ်လိုက်သော စာတမ်းတစောင် လူထုအကြား ပေါက်ကြားခဲ့သည်။ ဧရာဝတီမြစ်ဆုံတွင် တည်ဆောက်မည့် ဧရာမ ရေကာတာကြီးအတွက် တရုတ်နိုင်ငံစွမ်းအင်နှင့် ရင်းနှီးမြုပ်နှံမှုကော်ပိုရေးရှင်းက ဆောင်ရွက်သော အဆိုပါ သဘာဝ ပတ်ဝန်းကျင် လေ့လာချက်စာတမ်းတွင် ရေကာတာစီမံကိန်းကြောင့် မြန်မာနိုင်ငံ၏ အရေးပါဆုံး မြစ်အတွက် အလွန်ကြီးမားသော အန္တရာယ်များရှိနေကြောင်း ဖော်ပြထားသည်။

မြန်မာ့မြစ်ချောင်းများ ကွန်ရက်နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ စသည့် အဖွဲ့အစည်းတချို့က မြစ်ဆုံနေရာတွင် တည်ဆောက် မည့် ၎င်းစီမံကိန်းကို အစဉ်တစိုက်ကန့်ကွက်ဆန့်ကျင် ပြောဆိုခဲ့သော်လည်း အဆိုပါ စာတမ်းမထွက်လာခင် အချိန်အထိ စီမံကိန်းနှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့်မသိကြသေးပေ။

“ဧရာဝတီ ကယ်တင်ရေး” လှုပ်ရှားမှု မွေးဖွားလာပြီး အချိန်တိုတခုအတွင်း ပညာတတ်များ၊ အနုပညာရှင်များ၊ လူထုအခြေပြုအဖွဲ့အစည်းများ ပါဝင်လာကြသည်။ ထိုအထဲတွင် ဒေါ်အောင်ဆန်းစုကြည်လည်း ပါဝင်သကဲ့သို့ တချို့အစိုးအရအဖွဲ့ဝင်များကပင် လှုပ်ရှားမှုအရေးနှင့် ပတ်သက်၍ စာနာထောက်ခံမှုများ ထုတ်ဖော်ပြောဆိုခဲ့သည်ကို အံ့အားသင့်ဖွယ်တွေ့ခဲ့ရသည်။

သို့သော် လပေါင်း များစွာကြာ ပွင့်ပွင့်လင်းလင်းဆန့်ကျင်ကန့်ကွက်မှုများ လုပ်ခဲ့ပြီးနောက် လှုပ်ရှားမှုငြိမ်သက်သွားခဲ့သည်။ ယခင်အချိန်များကလို ဖြိုခွဲခံခဲ့ရခြင်းကြောင့် မဟုတ်ပါ။

“မြန်မာပြည်သူများ၏ ဆန္ဒသဘောထား”ကို မြန်မာအစိုးရခေါင်းဆောင်များက ရှားရှားပါးပါး လိုက်လျောသည့်အနေဖြင့် ရေ ကာတာ စီမံကိန်းအား ယာယီရပ်ဆိုင်းသည်ဟု ဆုံးဖြတ်ခဲ့ခြင်းကြောင့် ဖြစ်သည်။

ဦးအောင်လင်းထွဋ်
တန်ပြန်ထောက်လှမ်းရေး အရာရှိ နှင့် ဗိုလ်မှူး ဟောင်း

၂၀၀၄ ခုနှစ် မြန်မာစစ်အစိုးရ ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ကြီး ခင်ညွှန့်ကို ဖြုတ်လိုက်ပြီး သူ၏ စစ်ထောက်လှမ်းရေး ဌာနမှ နောက်လိုက် အရာရှိအရာခံ ရဲဘော်များကို ရှင်းထုတ်ခဲ့စဉ်က တန်ပြန်ထောက်လှမ်းရေး အရာရှိဟောင်း ဗိုလ်မှူး အောင်လင်းထွဋ်သည် ၀ါရှင်တန် အခြေစိုက် မြန်မာသံရုံး ဒုတိယ တာဝန်ခံအဖြစ် တာဝန်ထမ်း ဆောင်ခဲ့သည်။ နေရပ်ရင်း မြန်မာနိုင်ငံ အတွင်းဖြစ်ပေါ်နေသော နိုင်ငံရေး အကျပ်အတည်း များကြောင့် အမေရိကန်ပြည်ထောင်စုတွင် ခိုလှုံရန် ဆုံးဖြတ်ခဲ့သည်။ သူနှင့်အတူ အာဏာရှင်စစ်အစိုးရ ထိပ်တန်းခေါင်းဆောင်များ အကြောင်း လျှို့ဝှက် စာရွက်စာတမ်းများ၊ အတွင်းသတင်း အချက်အလက်များစွာ တပါတည်း ယူဆောင်လာခဲ့သည်။

ဧရာဝတီမဂ္ဂဇင်း အပါအ၀င် တခြားသတင်း ဌာနများတွင် သူရေးသားသော ဆောင်းပါးများမှ တဆင့် ပြင်ပမှ မသိနိုင်သော မြန်မာ နိုင်ငံနှင့် တရုတ်၊ အိန္ဒိယ ဆက်ဆံရေး၊ မြောက်ကိုရီးယားနှင့် လျှို့ဝှက်ဆက်ဆံရေးများ အပြင် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ယခင်တွေ့ဆုံဆွေးနွေးမှုများတွင် စစ်အစိုးရ၏ရပ်တည်ချက်များ အစရှိသည့် မြန်မာစစ်တပ်၏ လျှို့ဝှက်ချက်များကို ဖော်ထုတ်ခဲ့သည်။ စစ်အစိုးရ အတွင်းစည်းဝင်များနှင့် တချိန်က အဆက်အဆံရှိခဲ့သူ တဦးဖြစ်သည်နှင့်အညီ နိုင်ငံအကြီးအကဲဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ သမ္မတ ဦးသိန်းစိန်နှင့် ဒု သမ္မတ ဦးတင်အောင်မြင့်ဦးတို့အကြောင်းကို ကွက် ကွက်ကွင်းကွင်း ဖော်ပြနိုင်သူလည်း ဖြစ်သည်။

ဦးဇော်မင်း
အမှတ်(၁) လျှပ်စစ်စွမ်းအား ၀န်ကြီး

အမှတ်(၁) လျှပ်စစ်စွမ်းအား ၀န်ကြီး ဦးဇော်မင်းအား မြန်မာအစိုးရသစ်အတွင်း သဘောထားတင်းမာသူများအနက် တဦးအဖြစ် လူသိများသည်။ စစ်အစိုးရလက်ထက် အမှတ်(၁) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနကို တာဝန်ယူခဲ့ပြီး အစိုးရသစ်၌ အဆိုပါ တာဝန်ကို ဆက်ယူရန်အတွက် စစ်တပ် ဗိုလ်မှူးကြီး ရာထူးမှ အနားယူခဲ့သည်။ အမှတ်(၁) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနသည် ကချင်ပြည်နယ် မြစ်ဆုံဒေသတွင် တရုတ်နိုင်ငံအကူအညီနှင့်တည်ဆောက်မည့် ဧရာမ ရေအားလျှပ်စစ်ထုတ်ရေကာတာ တည်ဆောက်မှုတွင် အဓိက တာဝန်ရှိသော ၀န်ကြီးဌာနတခုဖြစ်ခဲ့သည်။

ရေကာတာတည်ဆောက်ခြင်းနှင့်ပတ်သက်၍ ဆန့်ကျင်ကန့်ကွက်မှု တိုးများလာသည်ကို တုံ့ပြန်ပြောဆိုရာတွင် ၀န်ကြီး ဦး ဇော်မင်းက ရေကာတာ တည်ဆောက်ရေး ရပ်တန့်မှု လှုပ်ရှားမှုအား ရောဂါတခုအဖြစ် သူက ပြစ်တင်ပြောဆိုလိုက်ပြီး မည်သည့် အကြောင်းပြချက်နှင့်မှ စီမံကိန်းအား ရပ်တန့်သွားမည် မဟုတ်ဟု အခိုင်အမာပြောဆိုခဲ့သည်။

“ရေကာတာတည်ဆောက်ရေးစီမံကိန်းကို ကျနော်တို့ ဆက်လုပ်သွားမှာပဲ။ ဘယ်တော့မှ နောက်ဆုတ်မှာမဟုတ်ပါဘူး”ဟု စက်တင်ဘာ ၁၀ ရက်နေ့က နေပြည်တော်တွင် သတင်းထောက်များကို ပြောဆိုခဲ့သည်။ ထိုသို့ ပြောဆိုခဲ့သော်လည်း သမ္မတ ဦးသိန်းစိန်က မြစ်ဆုံစီမံကိန်းအား ယာယီရပ်ဆိုင်းခဲ့ကြောင်း စက်တင်ဘာလကုန်တွင် ဆုံးဖြတ်ခဲ့သဖြင့် မြန်မာလူထု နှင့် နိုင်ငံ တကာ အသိုင်းအ၀န်း၏ ထောမနာပြုမှုကို ရရှိခဲ့သည်။

ဝန်ကြီး ဦးဇော်မင်းကို လူကြိုက်နည်းရခြင်း၊ နာမည်ဆိုးဖြင့် ကျော်ကြားရခြင်းသည် အငြင်းပွားဖွယ် ရေကာတာ စီမံကိန်းကို ထောက်ခံခြင်းကြောင့် တခုတည်းသာမဟုတ်ပါ။ တန်ပြန်ထောက်လှမ်းရေး အရာရှိဟောင်း ဗိုလ်မှူး အောင်လင်းထွဋ် က ၀န်ကြီး ဦးဇော်မင်းအား ၁၉၉၈ ခုနှစ် မြန်မာနိုင်ငံ တောင်ဘက်စွန်း ခရစ္စတင်း ကမ်းလွန် ကျွန်းပေါ်တွင် အမျိုးသမီးနှင့် ကလေးများ အပါအ၀င် အပြစ်မဲ့ပြည်သူ ၈၀ ကျော်ကို အကျဉ်းရုံးသတ်ဖြတ်မှုတွင် အဓိကတာဝန်ရှိသူ တဦးဟုလည်း စွပ်စွဲထားမှုများလည်း ပါဝင် သည်။

ကိုနေမျိုးဇင်
ဗိုလ်ကြီးဟောင်း


ယခုနှစ်အတွင်း တက်လာသော အရပ်သားအစိုးရက ပထမဆုံး ထိန်းသိမ်းခဲ့သည့် နိုင်ငံရေးလှုပ်ရှားသူမှာ ကိုနေမျိုးဇင် ဖြစ်သည်။

မြန်မာ့တပ်မတော်၌ ၁ဝ နှစ်ခန့် တာဝန် ထမ်းဆောင်ခဲ့ပြီး ၂ဝဝ၅ ခုနှစ်အတွင်း တပ်မှ ထွက်ခဲ့သူ ကိုနေမျိုးဇင်သည် ရန်ကုန်မြို့တွင် အင်တာနက် ကဖေးဆိုင် တဆိုင်ဖွင့်ခဲ့သည်။ နောက်ပိုင်းတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အား ဆက်သွယ်ရာ NLD က သူ့ကို သွေးအကူအညီပေးရေး အဖွဲ့တွင် တာဝန်ပေးလိုက်သည်။ သွေးလှူဒါန်းရေး လုပ်ငန်းများတွင် သူ၏ မော်တော်ယာဉ်ဖြင့် လိုက်လံ ကူညီပေးခဲ့သည်မှာ ဧပြီလ ၂ ရက်နေ့ သူ အဖမ်းခံရချိန်အထိ ဖြစ်သည်။

သူ၏ မော်တော်ကားကို ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေး တာဝန်ကျ NLD လူငယ်များ အသုံးပြုချိန်မှစပြီး အာဏာပိုင်တို့က သူ့အား ပိုမို အာရုံစိုက်မိသွားခြင်းဖြစ်သည်။

အာဏာပိုင်တို့က သူ့အား စစ်ကြောရေးစခန်းတွင် နှိပ်စက်ညှဉ်းပန်းပြီးနောက် နာမည်ကျော် အီလက်ထရွန်နစ် ဥပဒေ ပုဒ်မ ၃၃/ က နှင့် တရားစွဲဆိုလိုက်သည်။ စစ်ကြောရေးစခန်းတွင် ရှိနေစဉ် အာဏာပိုင်တို့က သူ၏ အီးမေးလ်ကို ဖတ်ရှု စစ်ဆေးနိုင်ရေးအတွက် သူ့ထံမှ User Name, Password တို့ကို ရရှိအောင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့နောက် ကုလသမဂ္ဂ လူ့အခွင့်အရေးစုံစမ်းစစ်ဆေးသူ မစ္စတာ သောမတ်စ် အိုဟေး ကင်တာနာ ရန်ကုန်မှ ပြန်လည်ထွက်ခွာပြီး နောက်တရက်တွင် အင်းစိန်ထောင်အတွင်း တရားရုံးက သူ့ကို ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်သည်။

ယခုအခါ အသက် ၃၆ နှစ်အရွယ် ဗိုလ်ကြီးဟောင်း ကိုနေမျိုးဇင်သည် အင်းစိန်ထောင်တွင် ရှိနေပြီး ခါးရိုးနှင့် ဆိုင်သော ဝေဒနာ ခံစားနေရသည်။ ၂ ပတ်တကြိမ် ထောင်ဝင်စာတွေ့စဉ် ၁၅ မိနစ်တာ ကာလအတွင်း လူနာတင်ထမ်းစင်တွင် လှဲအိပ်ပြီး တွေ့နေရ သော သူ့အတွက် ထိရောက်သည့် ကုသမှု အမြန်ဆုံးရရန် မိသားစုက လိုလားနေသည်။

ဒေါက်တာဇာနည်
မြန်မာပြည် လွတ်မြောက်ရေးညွန့်ပေါင်းအဖွဲ့ တည်ထောင်သူ

လွန်ခဲ့သည့် ၁၆ နှစ်က မြန်မာပြည် လွတ်မြောက်ရေးညွန့်ပေါင်းအဖွဲ့ (Free Burma Coalition) ကို တည်ထောင်ပြီး မြန်မာ့အရေး ကို ကျယ်ကျယ်လောင်လောင်ပြောဆိုခဲ့သူ ဒေါက်တာဇာနည်သည် ယနေ့အချိန်တွင်လည်း မြန်မာ့အရေးကို ပွင့်ပွင့်လင်းလင်း၊ ဒိုးဒိုး ဒေါက်ဒေါက်၊ ဆွဲဆောင်မှုရှိရှိ ပြောနေသူဖြစ်သည်။

ယခုအခါ ဒေါက်တာဇာနည်သည် London School of Economics ခေါ် နိုင်ငံရေးသိပံ္ပနှင့်စီးပွားရေးဆိုင်ရာ လန်ဒန်တက္ကသိုလ်တွင် သုတေသီ ပညာရှင် အဖြစ် ဆောင်ရွက်နေသည်။

မြန်မာ့အရေးနှင့် ပတ်သက်သည့် သုံးသပ်ချက်များ ရလိုသည့် သတင်းသမားများက သူ့အား ချဉ်းကပ်ကြသကဲ့သို့ သူကလည်း မြန်မာပြည်အရေး သုံးသပ်ချက်များကို စာနယ်ဇင်း မီဒီယာများတွင် မကြာခဏဆိုသလို ၀င်ရောက် ရေးသားနေသည်။

ပညာရှင်အများအပြားနှင့် သတင်းစာဆရာများက မြန်မာပြည်အကြောင်း ပြောဆိုရာတွင် မြန်မာပြည်၏ လူဦးရေအများဆုံးသော လယ်သမားထုကြီးအကြောင်း ပါဝင်လေ့ မရှိပေ။ သို့သော်လည်း ဒေါက်တာဇာနည်က ထို အမေ့အလျော့ခံ လူများစုတို့၏အရေးကို ဧရာဝတီတွင်ရေးသားသော သူ၏ အာဘော်ဆောင်းပါးအတွင်း ထည့်သွင်း ရေးသားခဲ့သည်။ အစိုးရအဆက်ဆက်က လယ်သမား များကို ဟန်ပြ အကျိုးဆောင်ခဲ့သည်ဟု သူက ဆိုသည်။

ယခင်ဗိုလ်ချုပ်ကြီးများကို ဝေဖန်စဉ်“စစ်အစိုးရဟာ ဘာနဲ့တူသလဲဆိုရင် ငါးမျှားချိတ်လွတ်အောင် ငါးစာကို လှည့်ပတ်စားနိုင်တဲ့ ငါးလည်တကောင်နဲ့ တူလာတယ်”ဟု ဆိုခဲ့သူ ဒေါက်တာဇာနည်က ဗိုလ်ချုပ်ဟောင်းများဖြင့် စနစ်တကျ အချိန်ယူ ရွေးချယ် ဖွဲ့စည်း ထားသော လက်ရှိ အရပ်သားအစိုးရ၏ “ပြဇာတ်ဆန်သော” ပြုပြင်ပြောင်းလဲရေး အစီအစဉ်များကို သံသယကြီးလွန်းသူဖြစ်သည်။

မြန်မာအစိုးရအဖွဲ့အတွင်း ပြုပြင်ပြောင်းလဲရေးမလုပ်လိုသူများ ရှိနေသည်၊ ဖိအားပေးပါက ၎င်းတို့က အစိုးရအဖွဲ့အတွင်း အထက်စီး ရောက်သွားပြီး ဒီမိုကရေစီဖော်ဆောင်ရေးကို ထိခိုက်မည်ဟူသော အယူအဆ ယခုနှစ်ကုန်ပိုင်းတွင် ထွက်ပေါ်လာသည်၊ ထိုအယူအဆ မှားသည်ဟု ယူဆသူများထဲတွင် ဒေါက်တာဇာနည်က ထိပ်ဆုံးတွင် ရှိနေသည်။

ပက်ပစီကိုလာ ကုမ္မဏီ မြန်မာပြည်မှထွက်ရန် လှုံ့ဆော်ခြင်းဖြင့် စတင် ထင်ရှားလာပြီး စီးပွားရေးပိတ်ဆို့မှုက အလုပ်မဖြစ်ဟု မကြာသေးခင်နှစ်များအတွင်း ပြောဆိုရာမှ အငြင်းပွားဖွယ်ရာပုဂ္ဂိုလ်ဖြစ်လာသည့် ဒေါက်တာဇာနည်သည် ယခုအခါ ပညာရှင်အဖြစ် ရပ်တည်နေသော်လည်း တချို့က သူ့ကို ဒီမိုကရေစီအရေး လှုပ်ရှားသူအဖြစ် ယူဆနေကြဆဲဖြစ်သည်။

သတင်းစာဆရာ မောင်ဝံသ

မြန်မာ့နိုင်ငံရေး လောကတွင် အနှစ် ၂၀ နီးပါး လုပ်ကိုင်ခဲ့ပြီး ယခု ပါတီနိုင်ငံရေး အပြင်ဘက် လွတ်လပ်သည့် သတင်းစာဆရာ ဘ၀တွင် ပျော်ပိုက်နေသူမှာ ဆရာ မောင်ဝံသ ဖြစ်သည်။

ယခုနှစ်အတွင်း အစိုးရသစ်၏ စာပေစိစစ်ရေးဌာနက ကန့်သတ်ပိတ်ပင်မှုများ လျှော့ချပေးလာသည်နှင့်အမျှ မောင်ဝံသ၏ နိုင်ငံရေးဆိုင်ရာ သုံးသပ်ချက်များကို ဂျာနယ်စာမျက်နှာထက်တွင် ပိုမို တွေ့နေရသည်။

ဦးသိန်းစိန်၏ ပထမ ၆ လ အတွင်း ပြောဆို လှုပ်ရှားမှု၊ အငြင်းပွားဖွယ် မြစ်ဆုံဆည် စီမံကိန်း ဆိုင်းငံ့မှုတို့ကို နှစ်သက်ကြောင်း သူက ရေးသားခဲ့သည်။ တိုင်းရင်းသားဒေသ တိုက်ပွဲများ ရပ်တန့်ရေး၊ ထိန်းသိမ်းထားသည့် နိုင်ငံရေး လှုပ်ရှားသူများအား လွှတ်ပေးရေးတို့ကလည်း နိုင်ငံအတွက် အရေးကြီးကြောင်း ထောက်ပြသည့် ရန်ကုန်အခြေစိုက် စာနယ်ဇင်းသမား အနည်းငယ်တွင် သူလည်း ပါဝင်သည်။

အပတ်စဉ်ထုတ် ဂျာနယ်တချို့တွင် ပုံမှန်ရေးနေသော သူ၏ ဆောင်းပါးများ၊ အတွေးအမြင်များကို နိုင်ငံရေးသမားများ၊ နိုင်ငံရေး စိတ်ဝင်စားသူများ စောင့်ဖတ်နေကြသည်။ အသက် ၆၆ နှစ် ရှိပြီဖြစ်သည့် ဆရာ မောင်ဝံသ သည် နိုင်ငံရေးဦးစားပေး အပတ်စဉ် ထုတ်ဂျာနယ်ဖြစ်သော “ပြည်သူ့ခေတ်”တွင် အတိုင်ပင်ခံ အယ်ဒီတာအဖြစ် တာဝန်ယူနေသည်။

သူနှင့်ခေတ်ပြိုင် သတင်းစာဆရာတို့နှင့် မတူသောအချက်မှာ အင်တာနက်ကို ကောင်းစွာ အသုံးချနိုင်ခြင်း ဖြစ်သည်။ သူ၏ သုံးသပ်ချက်များကို ပိုမိုပွင့်လင်းစွာ ဖော်ပြရန်၊ နိုင်ငံတကာရောက် မြန်မာပြည်သားများသိရှိစေရန်အတွက် Facebook ကို အသုံးပြု နေသည်။ မီဒီယာနှင့် တရင်းတနှီးရှိသောသူ့ကို မီဒီယာသမားများက ရှင်းလင်း ပြတ်သားသည့် သုံးသပ်ချက်များ ရရှိရန် ချဉ်းကပ်ကြ သည်။

ယခုနှစ်အတွင်း အမေရိကန်ပြည်ထောင်စု၊ ထိုင်း စသည့် နိုင်ငံများသို့ ခရီးထွက်ခဲ့သည့် မောင်ဝံသသည် နိုင်ငံတကာအရေးများကို အဆက်မပြတ် လေ့လာနေသူဖြစ်ပြီး ယခုနှစ်အတွင်း ရေးသားခဲ့သော ဆောင်းပါးများတွင် ကမ္ဘာအရပ်ရပ်ရှိ ထူးခြားဖြစ်စဉ်တချို့ ပါဝင်နေသည်။

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ရွေးကောက်ခံခဲ့ရသော၊ နှစ်အတန်ကြာ ထိန်းသိမ်းခံရပြီးနောက်ပိုင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) မှ အနားယူပြီး စာနယ်ဇင်းလုပ်ငန်းတွင် အချိန်ပြည့် ပြန်လည် လုပ်ကိုင်နေသော၊ စာနယ်ဇင်းသမား အခွင့်အရေး အကြောင်း မကြာခဏ ရေးသားပြောဆိုလေ့ရှိသော ဦးစိုးသိန်း ခေါ် မောင်ဝံသက မြန်မာ့နိုင်ငံရေး ဖြစ်ထွန်းမှုကို အနီးကပ် စောင့်ကြည့် နေလေသည်။

သောမတ်စ် အိုဟေး ကင်တာနာ
ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်

မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တာနာသည် တိုင်းရင်းသား ဒေသ များအတွင်း စစ်တပ်၏ကျူးလွန်မှုများအား ဖော်ထုတ်ရာတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်လာခဲ့သည်။ ၂၀၁၀ ပြည့်နှစ် ဧပြီ လ တွင် စစ်အစိုးရတပ်ဖွဲ့များက တိုင်းရင်းသားပြည်သူများအပေါ် ကျူးလွန်သော စစ်ရာဇ၀တ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇ၀တ်မှုများအတွက် စုံစမ်းစစ်ဆေးရေး ကော်မရှင် (CoI) တခုတည်ထောင်ရန် ကင်တာနာက တောင်းဆို ခဲ့သည်။

သြဂုတ်လ မြန်မာနိုင်ငံခရီးစဉ်အတွင်း ကင်တာနာသည် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အစိုးရခေါင်းဆောင်များအပြင် အတိုက် အခံ ခေါင်းဆောင်များနှင့်ပါ တွေ့ဆုံခဲ့သည်။ ကင်တာနာ တင်ပြတောင်းဆိုထားသော စုံစမ်းစစ်ဆေးရေးကော်မရှင် (CoI) အား ယခုအချိန်တွင် အမေရိကန်ပြည်ထောင်စု၊ ကနေဒါ၊ သြစတြေးလျ၊ နယူးဇီလန်နှင့် ဥရောပတိုင်းပြည်အများအပြားက ထောက်ခံသည်။

မစ္စတာ မာတီ နာတာလီဂါဝါ
အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး

မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းများ အပေါ် စိုးရိမ်ချက်များ ရှိခဲ့ခြင်းကြောင့် ပြီးခဲ့သော မေလကတည်းက မြန်မာနိုင်ငံကို သွားရောက်ရမည့် ခရီးစဉ်ကို ရွှေ့ဆိုင်းလိုက်ရပြီး သည့်နောက် နိုဝင်ဘာလတွင် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီ နာတာလီဂါဝါ ၏ မြန်မာနိုင်ငံခရီးစဉ် ဖြစ်မြောက်ခဲ့သည်။ နိုင်ငံခြားရေး ၀န်ကြီးသည် သမ္မတ ဦးသိန်းစိန်၊ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တခြားနိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များနှင့်ပါ တွေ့ဆုံခဲ့သည်။ မြန်မာနိုင်ငံ၌ တိုးတက်မှုများရှိနေ သည်ကို သူမြင်တွေ့ခဲ့ရကြောင်း ပြောဆိုခဲ့သည်။ ၂၀၁၄ ခုနှစ် အာဆီယံ အဖွဲ့ကြီး၏ ဥက္ကဌ တာဝန်ကို နေပြည်တော်အား ထမ်းဆောင်ခွင့်ပြုသည့်အကြောင်း ပြီးခဲ့သည့် နိုဝင်ဘာလ ဘာလီမြို့တွင် ကျင်းပခဲ့သည့် အာဆီယံ ထိပ်သီး အစည်းအဝေးတွင် အဖွဲ့ဝင်နိုင်ငံများ၏ အပြည့်အ၀ထောက်ခံမှုနှင့်အတူ နိုင်ငံခြားရေးဝန်ကြီးက ကြေညာခဲ့သည်။

သို့သော် လှုပ်ရှားတက်ကြွသူများနှင့် ဒေသတွင်း ပါလီမန်အမတ်များက မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ နှင့် တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခ အရေးအား အာဆီယံ အဖွဲ့ကြီး၏ ဆွေးနွေးသည့် အကြောင်းအရာများတွင် ဆက်လက် ထည့်သွင်းထားရန် အကြံပြုခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံသည် အာဆီယံ အဖွဲ့ကြီး၏ လက်ရှိ ဥက္ကဌတာဝန် ယူထားသည်။

ဗိုလ်ချုပ် စောလားပွယ်
အပစ်ရပ် DKBA ခေါင်းဆောင်

စစ်မြေပြင်တွင် အစိုးရတပ်ဖွဲ့များကို တနှစ်ကြာ ခုခံတိုက်ခိုက်လာပြီးနောက် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ် မတော်(DKBA) တပ်မဟာ ၅ ခေါင်းဆောင် ဗိုလ်ချုပ်စောလားပွယ် (ခေါ်) ဗိုလ်နှုတ်ခမ်းမွေးသည် နိုဝင်ဘာ ၇ ရက်နေ့တွင် ကရင်ပြည်နယ်မြို့တော် ဘားအံတွင် မြန်မာအာဏာပိုင်များနှင့် အပစ်ရပ်သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့သည်။

ထိုင်း-မြန်မာနယ်စပ်မြို့ မြ၀တီတွင် ခြေကုတ်ယူထားသော မြန်မာစစ်တပ်အား ဗြောင်ကျကျ ၀င်ရောက်တိုက်ခိုက်ခဲ့သည့် တိုက်ပွဲ တနှစ်ပြည့်လုနီး အချိန်တွင် သဘောတူစာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။ မြ၀တီတိုက်ပွဲကြောင့် ထိုင်းနိုင်ငံဘက်ရှိ မဲဆောက်မြို့သို့ မြန်မာနိုင်ငံသား ၂၀၀၀၀ ကျော် ယာယီထွက်ပြေးခိုလှုံခဲ့ရသည်။

တပ်မဟာ ၅ သည် နေပြည်တော်အစိုးရ၏ နယ်ခြားစောင့်တပ် ဖွဲ့စည်းအရေး အစီအစဉ်ကို သဘောတူရန် ငြင်းဆန်သည့် တခု တည်းသော DKBA တပ်ဖွဲ့ဖြစ်သည်။ နယ်ခြားစောင့်တပ် ဖွဲ့စည်းခြင်းကို လက်ခံလိုက်ခြင်းသည် လက်နက်တခုတည်းသာမဟုတ်၊ တပ်ဖွဲ့တခုလုံးပါ လက်နက်ချလိုက်ခြင်းနှင့် အတူတူပင်ဖြစ်သည်ဟု တပ်အင်အား တထောင်နီးပါးကို အုပ်ချုပ်နေသော ဗိုလ်ချုပ် စောလားပွယ်က ပြောဆိုခဲ့သည်။

လုပ်ငန်းရှင်ကြီး ဦးတေဇ

ဆင်းရဲသည့် မြန်မာနိုင်ငံ၌ လက်နက်ကုန်သည်တဦးအဖြစ် ထင်မှတ်ခံရသည်အထိ ချမ်းသာကြွယ်ဝနေသော စီးပွားရေးလုပ်ငန်းရှင်
ကြီး တဦးမှာ ထူး ကုမ္ပဏီ လုပ်ငန်းစုကြီးကို တည်ထောင်ပိုင်ဆိုင်ထားသည့် ဦးတေဇ ပဲ ဖြစ်သည်။ လွန်ခဲ့သည့် စက်တင်ဘာလ အတွင်းက အမေရိကန်နိုင်ငံ နယူးယောက်မြို့ အခြေစိုက် Forbes မဂ္ဂဇင်းနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ဦးတေဇက သူသည် လက်နက် မှောင်ခို ရောင်းဝယ်သောအလုပ်နှင့် ချမ်းသာလာသူ မဟုတ်ကြောင်း ငြင်းဆိုခဲ့ရသည့် အဖြစ်အပျက်ကို ကြုံခဲ့ရပါသည်။ သို့သော် မြန်မာ စစ်တပ်ကို ရဟတ်ယာဉ် ရောင်းခဲ့သည်ဟု ကြယ်ငါးပွင့် အဆင့်ရှိ စင်္ကာပူနိုင်ငံ မရီနာဘေးလ် ဟိုတယ်၌ ယင်း Forbes မဂ္ဂဇင်း သတင်းထောက်နှင့် တွေ့ဆုံစဉ်က ၀န်ခံခဲ့သည်။

သူ့ကို အချိန်တိုအတွင်း ချမ်းသာလာစေခဲ့သည်ကတော့ ယခင်စစ်အစိုးရအတွက် လက်နက်ပွဲစားလုပ်ခဲ့သည် ဆိုသော သတင်းများ ရရှိခဲ့ပါသည်။ တိုက်ခိုက်ရေး ရဟတ်ယာဉ်များ၊ ရုရှားလုပ် ဂျက်တိုက်လေယာဉ်များနှင့် စစ်လက်နက် ပစ္စည်းများကို ရရှိရန် ဆောင် ကျဉ်း ပေးခဲ့ပြီး သူသည် စစ်ဗိုလ်ချုပ်များ၏ အားထားယုံကြည်မှုကို ရယူခဲ့သည်ဟု ဆိုကြပါသည်။

စက်တင်ဘာလအတွင်းကပင် အရှေ့တောင်အာရှ အချမ်းသာဆုံး ပုဂ္ဂိုလ် ၃၀ ၌ ဦးတေဇ သည် အဆင့် ၁၂ တွင်ရှိကြောင်း The Wall Street ဂျာနယ်၏ အင်တာနက် စာမျက်နှာတွင် ထုတ်ပြန်ခဲ့သေးသည်။

ပြီးခဲ့သည့် ဧပြီလအတွင်းက ရန်ကုန်မြို့တွင် အီတလီသတင်းထောက် တဦးက တွေဆုံမေးမြန်းရာ၌ ထူး ကုမ္ပဏီသည် တနှစ်လျှင် အမေရိကန် ဒေါ်လာ သန်း ၅၀၀ ခန့် ၀င်ငွေရှိကြောင်းလည်း ဦးတေဇက ပြောခဲ့ဖူးပါသည်။

ဦးတေဇသည် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် နီးစပ်သူဟု လူသိများခဲ့သူဖြစ်ပြီး ၂၀၀၅ ခုနှစ် ခန့်ကတည်းက အမေရိကန်နိုင်ငံထုတ် Hummer အမျိုးအစား ကားကို ၀ယ်စီးနိုင်နေသူပါ။ ယခုကာလတွင်တော့ ကမ္ဘာ့ တန်ဖိုး အကြီးဆုံး Lamborghini, Bentley, Ferrari, Mercedes, Lexus စသည့် ကားများကို ရန်ကုန်မြို့က လူချမ်းသာများသာ နေနိုင်သော အင်းလျား လမ်းက သူ့အိမ်၌ တန်းစီထည်လဲသုံး နေခဲ့ပါပြီ။

ဘဏ်လုပ်ငန်း၊ ကျောက်စိမ်းနှင့် ရွှေတူးဖော်ရေးလုပ်ငန်း၊ ကျွန်းသစ်နှင့် သစ်လုပ်ငန်း၊ ဟိုတယ်၊ အပန်းဖြေစခန်း၊ ပထမဆုံး ပုဂ္ဂလိ ကပိုင် လေကြောင်းလိုင်း၊ သယ်ယူပို့ဆောင်ရေး၊ အကြီးစားစက်ယန္တရား ငှားရမ်းသည့်လုပ်ငန်း၊ ဓာတ်ဆီနှင့် ဒီဇယ်အရောင်းဆိုင်၊ ဆောက်လုပ်ရေး လုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ FM ရေဒီယို အသံလွှင့်လုပ်ငန်း စတာသည်တို့ကို ရင်းနှီးလုပ်ကိုင်နေသည့်အပြင် ရန်ကုန် ယူနိုက်တက် အမည်ရှိ ဘောလုံးအသင်း တသင်းကိုလည်း တည်ထောင်ထားသူပါ။

ယခု ဦးသိန်းစိန် အစိုးရသစ်လက်ထက်တွင် ဦးတေဇ သည် ယခင်ကကဲ့သို့ စီးပွားရေး လုပ်ပိုင်ခွင့်နှင့် အကျိုးအမြတ်များ မရရှိ
တော့ပါ။

ဦးတေဇ သည် မြန်မာနိုင်ငံ၏ အချမ်းသာဆုံး ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင် တဦးဖြစ်ကြောင်း နိုင်ငံတကာအထိ သိနေသူဖြစ်ပြီး အမေရိကန် အပါအ၀င် အနောက်နိုင်ငံများ၏ ပိတ်ဆို့ဒဏ်ခတ်ခံထားရသူ စာရင်းထဲတွင်လည်း ထိပ်ဆုံးကပါဝင်သူတဦး ဖြစ်သည်။

မက်စ် မြန်မာ ဦးဇော်ဇော်

အင်ဒိုနီးရှားနိုင်ငံ၌ နိုဝင်ဘာလအတွင်း ကျင်းပခဲ့သော၂၆ ကြိမ်မြောက် ဆီးဂိမ်း၂၃ နှစ်အောက် ဘောလုံးပြိုင်ပွဲတွင် တတိယ နေရာ ရပြီး ခြေစွမ်းပြနိုင်ခဲ့၍ မျက်နှာပန်းလှခဲ့သည့် မြန်မာဘောလုံးအသင်း၏ အကြီးအကဲ၊ ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော် သည် မက်စ် မြန်မာ ဦးဇော်ဇော်ဟု ထင်ရှားနေသော မြန်မာနိုင်ငံ၏ ထိပ်တန်း စီးပွားရေးလုပ်ငန်းရှင်ကြီး တဦးလည်း ဖြစ်သည်။

ဦးဇော်ဇော်သည် မက်စ်မြန်မာ ကုမ္ပဏီစုအနေနှင့် လွန်ခဲ့သည့် မေလခန့်က ရန်ကုန် အဲဝေး(Yangon Airways) လေကြောင်း လိုင်း ကို ၀ယ်ယူခဲ့သေးသည်။ ရန်ကုန် အဲဝေးသည် ယခင်က ၀ပြည် သွေးစည်းညီညွတ်ရေး တပ်မတော်(UWSA) ခေါင်းဆောင် ဦးပေါက် ယူချမ်း ၏ သားမက် ဦးအိုက်ဟော့ ခေါ် စိုင်းဟော့ ပိုင်ဖြစ်သည်။ ဦးအိုက်ဟော့သည် ၂၀၀၃ ခုနှစ်က တရားမ၀င်ငွေကြေး ခ၀ါချမှု လုပ်သည်ဟူသော စွပ်စွဲချက်နှင့် ဖျက်သိမ်းခံခဲ့ရသော မြန်မာ မေဖလားဝါး ဘဏ်ကိုလည်း ပိုင်ဆိုင်ခဲ့သူ ဖြစ်သည်။

ယခုလက်ရှိ ဒု သမ္မတ သီဟ သူရ ဦးတင်အောင်မြင့်ဦးနှင့်လည်း ရင်းနှီးသူတဦးဖြစ်ပြီး ပြည်ပမှ ကားတင်သွင်းခြင်း၊ ဧရာဝတီ ဘဏ် လုပ်ငန်း၊ ထားဝယ် ရေနက်ဆိပ်ကမ်း တည်ဆောက်ရေး၊ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပမည့် ၂၀၁၃ ခုနှစ် ဆီးဂိမ်း အား ကစား ပွဲအတွက် နေပြည်တော်၌ တည်ဆောက်နေသော အဆင့်မြင့် အားကစားကွင်း တည်ဆောက်ရေး၊ ရန်ကုန်မြို့ ရန်ကင်း မြို့နယ်ရှိ သတ္တုတွင်းဝန်ကြီးဌာန ရုံးချုပ်ဟောင်းကို ကလေးဆေးရုံအဖြစ် တည်ဆောက်ရေး၊ လောင်စာဆီ ဖြန့်ဖြူးရေး၊ ကျောက်မျက် တူးဖော်ရေး စသည့်လုပ်ငန်းများကိုလည်း လုပ်ကိုင်သူဖြစ်သည်။

ထို့အပြင် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း၊ အဖျော်ယမကာ ပုလင်းသွပ်လုပ်ငန်း၊ ဘိလပ်မြေစက်ရုံ၊ ကူးသန်းရောင်းဝယ်ရေး၊ ရာဘာခြံ လုပ်ငန်း များလည်း ရှိသည်။

ဦးဇော်ဇော်သည် နိုင်ငံခြား သဘောင်္လိုင်းလိုက်သော သဘောင်္သားတဦး ဖြစ်ခဲ့ပြီးနောက် စက်ယန္တရားများ ရောင်းဝယ်ရေး လုပ်ငန်းနှင့် စီးပွားရေးကို ချဲ့ထွင်ခဲ့ပြီး အစိုးရနှင့် နီးစပ်သည့် ထိပ်တန်း စီးပွားရေးလုပ်ငန်းရှင်တဦးအဖြစ် ရောက်ရှိလာသူ ဖြစ်သည်။

ဘိက္ခူမာတာ ဒေါ်ရှု

သံဃာတော်များက “ဘိက္ခူမာတာ” ဟု မိခင်တဦးအဖြစ် သတ်မှတ် ခေါ်ဝေါ်ခြင်းခံခဲ့ရသော အသက် ၆၂ နှစ်ရှိ ဧရာဝတီတိုင်း ဘိုကလေး သူ ဒေါ်ရှု သည် ပြီးခဲ့သည့် မေလအတွင်းက ပြည်သူ့ ဂုဏ်ရည်ဆုကို ရရှိခဲ့ပါသည်။

နိုင်ငံရေး လှုပ်ရှားမှုနှင့်ဆက်နွှယ်ပြီး အကျဉ်းချခံထားရသော သံဃာတော် အပါး ၁၀၀ ကျော်အတွက် အစားအသောက် ဆေးဝါး၊
ဆွမ်းကွမ်း၊ ဝေယျာဝစ္စများကို ကူညီ ထောက်ပံ့ပြီး ၄ နှစ် နီးပါး ထောင်ဝင်စာ ပို့ခဲ့သူဖြစ်သည်။

ဒေါ်ရှု ထောင်ဝင်စာထောက်ပံ့သော အကျဉ်းထောင်များမှာ ရန်ကုန် အင်းစိန်ထောင်အပါအ၀င် ကျိုင်းတုံ၊ ဗန်းမော်၊ မြိတ်၊ မြင်းခြံ၊ ကလေး၊ ပြည်၊ သာယာဝတီ အစရှိသော နိုင်ငံတ၀န်းက ထောင်များဖြစ်သည်။

ဒေါ်ရှုသည် သံဃာတော်များသာမက ထောင်ဝင်စာ အခက်အခဲဖြစ်နေသည့် နိုင်ငံရေး အကျဉ်းသား တချို့အတွက်လည်း ထောင် ၀င်စာ ပေးပို့နေသူ ဖြစ်သည်။ ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် ဝေဠုဝန် မြောက် ရပ်ကွက်တွင်ရှိသော နှစ်ထပ်အိမ်လေးထဲကနေ ဒေါ်ရှု သည် ထောင်ဝင်စာ ပေးပို့နေရခြင်း ဖြစ်ပါသည်။

ဒေါ်ရှုကို ပေးသည့် ပြည်သူ့ ဂုဏ်ရည်ဆုကို အမေရိကန်နိုင်ငံ အခြေစိုက် ဆုရွေးချယ်ရေး အဖွဲ့က ဆန္ဒမဲကောက်ယူသော စနစ်ဖြင့်
ရွေးချယ်ခဲ့ပြီး ဆုအဖြစ် ငွေသား အမေရိကန်ဒေါ်လာ ၁ သောင်းနှင့်အတူ ပြည်သူ့ဂုဏ်ရည် ဆုတံဆိပ်ကို ချီးမြှင့်ခြင်း ဖြစ်သည်။

ထိုဆုကို မြန်မာနိုင်ငံအတွင်း လူထုအကျိုးပြုလုပ်ငန်းများ လုပ်ကိုင်နေသော စေတနာ့ဝန်ထမ်းများအတွက် ရည်ရွယ် ချီးမြှင့်ခြင်း ဖြစ်သည်။

ယခုရရှိသော ဆုငွေကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) အဖွဲ့ဝင်တဦးလည်း ဖြစ်သည့် ဒေါ်ရှုက သံဃာတော်များ အတွက် ဆက်လက် သုံးစွဲသွားမည်ဟု ပြောဆိုပါသည်။

ကိုရဲလွင်

မဇ္ဈိမလှိုင်း တေးဂီတ၏ ဘေ့စ်အတီးသမား ကိုရဲလွင်သည် ယခုနှစ်အတွင်း နေ့ချင်းညချင်း လူသိများရေပန်းစားလာခဲ့သည်။

၂၀၀၇ ခုနှစ်သံဃာတော်များ ဦးဆောင်သော ရွှေဝါရောင်တော်လှန်ရေးတွင် ပါဝင်ခဲ့မှုကြောင့် ထောင် ၂ နှစ်ကျပြီး ပြန်လွတ် လာခဲ့သော အသက် ၆၄ နှစ်အရွယ် ကိုရဲလွင်သည် သူ၏ သီချင်းရေးဖက် ဂီတရောင်းရင်းကိုနေ၀င်း၊ သားထွေးတို့နှင့် လက်တွဲ၍ Vertical Vibration အမည်ရသော တီးဝိုင်းတဖွဲ့ကို ထူထောင်ခဲ့သည်။

၁၉၈၀ နှင့် ၉၀ ခုနှစ်များအတွင်း သူတို့တတွေကြားမှာ ရေပန်းစားနှစ်ခြိုက်ခဲ့ကြသော သီချင်းများကို ပြန်လည်ဖော်ထုတ်ရန် အဆိုပါ တီးဝိုင်းအသစ်ကို တည်ထောင်ခဲ့ခြင်းဖြစ်သည်။ နိုင်ငံရေး အကျဉ်းသားဟောင်းများအပါအ၀င် ကိုရဲလွင်၏ ဂီတကို နှစ်ခြိုက်သူများက တချိန်က သူတို့မြတ်နိုးခဲ့ရသော သီချင်းတချို့ ပြန်နားထောင်ခွင့်ရသည့်အတွက် ၀မ်းသာအားရ ကြိုဆိုခဲ့ကြသည်။

တကယ်တမ်းတွင် ထိုသီချင်းများက နားထောင်သူများအတွက် ချစ်ခြင်း၊ ခွန်အားနှင့် ဘ၀ အဘိဓမ္မာများကို ပေးစွမ်းနိုင်သည်။ သို့သော် မြန်မာနိုင်ငံ၏ အာဏာရှင်များအတွက်မူ ကိုရဲလွင်၏ ဂီတသံသည် ခါးသည်းလွန်းလှသည်။ ကိုရဲလွင်၏ ဂီတခရီး စဉ် အစပိုင်းတွင် စစ်အာဏာပိုင်များနှင့် ပဋိပက္ခဖြစ်ခဲ့ဖူးသည်။

၁၉၇၀ ကာလ အင်လျားလိတ်ဟိုတယ်တွင် ကိုရဲလွင်သည် တီဝိုင်းနှင့် ဖျော်ဖြေနေစဉ် ကွယ်လွန်သူအာဏာရှင် ဦးနေ၀င်း
ဒေါသတကြီးနှင့် ၀ုန်းဒိုင်းကျဲတော့သည်။ ဧည့်ခန်းမတွင် သီဆိုနေသော သီချင်းကြောင့် ဒေါသပေါက်ကွဲသော စစ်အာဏာရှင်ကြီး က ဒရမ်များကို ကန်ကြောက်ပြီး သီးချင်းအရသာကို ခံစားနေသော ဧည့်ပရိသတ်ကိုပါ အော်ဟစ်ဆူပူခဲ့သည်။

“ကျနော်တို့ တီးနေတဲ့သီချင်းကို သူသဘောပေါက်လွဲသွားပုံရတယ်လို့ ကျနော်ထင်တယ်”ဟု ကိုရဲလွင်ကပြောဆိုခဲ့သည်။

ကိုရဲလွင်တို့ တီးဝိုင်းသီဆိုနေသော သီချင်းမှာ “Killing Me Softly with His Song” (သူ့သီချင်းနဲ့ ငါ့ကို ဖြည်းဖြည်းချင်း သတ်နေတယ်) ဖြစ်သည်။ ဦးနေ၀င်းတယောက် သီချင်း၏ ဆိုလိုရင်းကို သဘောပေါက်သွားပုံ ရသည်။

ဦးဟန်ညောင်ဝေ
မြန်မာနိုင်ငံ ပထမဆုံး သမ္မတ ၏ သား

မြန်မာနိုင်ငံသို့ ပြီးခဲ့သည့် အောက်တိုဘာလ အတွင်း ရောက်ရှိချိန်က အလည်အပတ်သက်သက်သာ ဖြစ်ပြီး ဇာတိရပ်ရွာရှိ ဆွေမျိုး သားချင်းများ မည်သို့ နေထိုင်စားသောက်နေသည်ဆိုသော အခြေအနေများလည်း သိချင်၍ ဖြစ်ကြောင်း ပြောဆိုခဲ့သော ဦးဟန် ညောင်ဝေ ကို နိုဝင်ဘာ ၁၉ ရက်က ထိုင်း-မြန်မာ နယ်စပ် တနေရာ၌ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တဖွဲ့ဖြစ်သော ရှမ်းပြည် တပ်မတော် တောင်ပိုင်းအဖွဲ့နှင့် အစိုးရ ရထားဝန်ကြီး ဦးအောင်မင်းတို့ ငြိမ်းချမ်းရေး အတွက် ပဏာမ တွေ့ဆုံဆွေးနွေးပွဲ၌ ပါဝင် လာသည်ကို တွေ့လိုက်ရသည်။

ထို့အပြင် ကရင် အမျိုးသား အစည်းအရုံး(KNU)နှင့် ဦးအောင်မင်း တို့ တွေ့ဆုံသည့် မှတ်တမ်းဓာတ်ပုံထဲတွင်လည်း ဦးဟန်ညောင် ဝေ ကို တွေ့ရသေးသည်။

တိုင်းပြည်မှ ၁၉၆၃ ခုနှစ် ၀န်းကျင်ကတည်းက ထွက်ခွာခဲ့သည့် ဦးဟန်ညောင်ဝေသည် နှစ် ၅၀ ခန့်အတွင်း မြန်မာနိုင်ငံသို့ ပထမ ဆုံး အကြိမ် အောက်တိုဘာ၂၁ ရက်က လာရောက်ခဲ့ပြီးနောက် ထိုသို့ ငြိမ်းချမ်းရေးဆိုင်ရာ ဆွေးနွေးပွဲ၌တွေ့လာရခြင်းဖြစ်သည်။

ဦးဟန်ညောင်ဝေသည် ၁၉၉၉ ခုနှစ် ၀န်းကျင်ကပင် ကနေဒါ နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ဟောင်း ဒေါက်တာ ကျော်ဝင်းမှတဆင့် နအဖ စစ်အစိုးရနှင့် ဆက်သွယ် ဆွေးနွေးမှုများရှိခဲ့သည်။ ၎င်းသည် ထိုအချိန်ကတည်းက အပြောင်းအလဲများအတွက် မြန်မာပြည် သို့ ပြန်ရန် အစီအစဉ် ရှိခဲ့သူဖြစ်ကြောင်း ဧရာဝတီနှင့် အင်တာဗျူးတွင်လည်း ပြောဆိုထားသည်။

မြန်မာနိုင်ငံ၏ ပထမဆုံးသော သမ္မတ စပ်ရွှေသိုက်၏ အငယ်ဆုံးသား ဦးဟန်ညောင်ဝေသည် ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်မြို့အခြေစိုက် ဥရောပ-မြန်မာ ရုံး(EBO)၏ အမှုဆောင်ဒါရိုက်တာ နှင့် ပြည်ပရောက် အမျိုးသား ညွန့်ပေါင်းအစိုးရအဖွဲ့(NCGUB)၏ အကြံ ပေး တာဝန် ယူခဲ့သူဖြစ်သည်။

ယခုနှစ်တွင် နော်ဝေ အခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံ(DVB)သတင်းဌာန အတွင်း အမေရိကန်ဒေါ်လာ ၃ သိန်း ခြစားမှုဖြစ် ပေါ်ခဲ့ရာမှ စက်တင်ဘာ ၃၀ ရက်နေ့က အများသိစေရန် ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။ ဒါရိုက်တာ ဦးအေးချမ်းနိုင်နှင့် တွဲဖက် ဒါရိုက်တာ ဦးခင်မောင်ဝင်းတို့က ခြစားမှုကို တာဝန်ယူသည့်အနေဖြင့် အုပ်ချုပ်မှု အပိုင်း မှ ခေတ္တ နုတ်ထွက်ခဲ့ရာ ဦးဟန်ညောင်ဝေ က ယာယီ ညွှန်ကြားရေးမှူး အဖြစ် DVB အုပ်ချုပ်မှုအပိုင်းကို တာဝန်ယူခဲ့သည်။

မစ္စတာ ရော့စ်ဒန်ကလေ
Myanmar Times တည်ထောင်သူ

မြန်မာတိုင်းမ်စ် သတင်းစာ (Myanmar Times) တည်ထောင်သူနှင့် အယ်ဒီတာဖြစ်သူ အသက် ၅၅ နှစ်အရွယ် ရော့စ်ဒန်ကလေ သည် သတင်းစာများ၏ ရေးသားချက်အရ လိင်လုပ်ငန်း လုပ်ဆောင်သူ မြန်မာအမျိုးသမီး တဦးအား ရိုက်နှက်ခြင်း၊ အလိုမတူ ဆွဲယူခေါ်ဆောင်သွားခြင်း နှင့် ဖမ်းဆီးထားခြင်း ပြစ်မှုများနှင့် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် အဖမ်းခံခဲ့ရသည်။

စွပ်စွဲချက်အားလုံးကို ဒန်ကလေက ပယ်ချခဲ့သည်။ နောက်ပိုင်းတွင် တရားလိုအမျိုးသမီးကလည်း စွပ်စွဲချက်အားလုံးကို ပြန် လည် ရုပ်သိမ်းလိုသော်လည်း ဒန်ကလေးအား နံမည်ဆိုးဖြင့်ကျော်ကြားသော ရန်ကုန်အင်းစိန်ထောင်တွင် မြန်မာ ကျပ်ငွေ သိန်း ၅၀ (အမေရိကန်ဒေါ်လာ ၆၅၀၀ ခန့်) အာမခံဖြင့် ပြန်လွှတ်ပေးသော မတ်လအထိ ထိန်းသိမ်းထားခဲ့သည်။

ဇွန်လ ၃၀ ရက်နေ့တွင် ဒန်ကလေအား ပထမစွဲချက်တွင် ပြစ်မှုထင်ရှားသဖြင့် ထောင်ဒဏ် တလ ချမှတ်ခဲ့သော်လည်း ယခင် ကျခံပြီးအချိန်နှင့်ပြစ်ဒဏ်မှ ကင်းလွတ်ခွင့်ပေးခဲ့သည်။ ထိန်းသိမ်းခံရစဉ်အတွင်း သူ့သတင်းစာက တခါမှ အလေးထား အာရုံစိုက်ခဲ့ခြင်းမရှိသော မြန်မာနိုင်ငံ၏ ဘ၀တစိတ်တဒေသကို ဒန်ကလေ ကိုယ်တွေ့ကြုံခဲ့ရသည်။

“ထောင်ထဲမှာ ဘယ်လိုမှ မရှိသင့်တဲ့ ထောင်ကျ တော်တော်များများကို ကျနော်ထောင်ထဲမှာ တွေ့ခဲ့ရတယ်။ မဖြစ်စလောက် မူးယစ်ဆေးဝါး အမှုလေးတွေကြောင့် ထောင်ထဲမှာ ၅ နှစ်ကနေ ၁၀ နှစ်အထိ ပြစ်ဒဏ်ကျနေတဲ့ ကလေးသာသာ အရွယ်တွေ၊ အသက်တော်တော် ငယ်သေးတဲ့ လူငယ်တွေ ကျနော်တွေ့ခဲ့ရတယ်။ ထောင်ထဲမှာ ချိနဲ့ပြီး နာမကျန်းတဲ့ထောင်သားတွေလည်း အများကြီးပဲ။ ဒါပေမယ့် အခြေအနေတခုလုံးကိုတော့ ကျနော့် ဘာမှ ပြောလို့မရဘူး”ဟု သြစတြေးလျ ရေဒီယိုနှင့် တွေ့ဆုံခန်းတွင် သူကပြောဆိုခဲ့သည်။

ဒန်ကလေ၏ ကိုယ့်တွေ့ဖြစ်ရပ်က မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ရခြင်း၏ အန္တရာယ်ကို မီးမောင်းထိုးပြခဲ့သည်။ မြန်မာတိုင်းမ် စာစောင် ထုတ်ဝေမှု၏ အနာဂတ် စီမံခန့်ခွဲမှု၊ မဟာဗျူဟာ၊ ပိုင်ဆိုင်မှုနှင့်ပတ်သက်ပြီး ဒန်ကလေနှင့် အစိုးရ ကျောထောက် နောက်ခံ မြန်မာနိုင်ငံသားများ စီးပွားဖက်အကြား ပြင်းပြင်းထန်ထန် တွေ့ဆုံဆွေးနွေးမှုများ လုပ်နေသည့်အချိန်နှင့် ဒန်ကလေ အဖမ်းခံရသည့် အချိန် တိုက်တိုက် ဆိုင်ဆိုင်ကို ကြုံကြိုက်ခဲ့သည်။ ဒန်ကလေ အဖမ်းခံရပြီး ရက်ပိုင်းအတွင်း ဒေသခံစီပွားဖက် ဒေါက်တာ တင်ထွန်းဦးက ဒန်ကလေ၏ နိုင်ငံခြားဖက်စပ်လုပ်ငန်း အမှုဆောင်အရာရှိချုပ် ရာထူးကို သိမ်းယူခဲ့သည်။

မီရှဲလ်ယိုး
ကမ္ဘာကျော် ဟောလိဝုဒ် သရုပ်ဆောင်

“ပြီးခဲ့တဲ့ လေးနှစ်လုံး ကျမ သူ့အကြောင်းကို အရမ်းစိတ်ဝင်စားခဲ့ပါတယ်”ဟု အသက် ၄၉ နှစ်အရွယ် အက်ရှင် ရုပ်ရှင် မင်းသမီး အဖြစ် လူသိများသော မလေးရှားလူမျိုး မီရှဲလ်ယိုးက သူပါဝင်သရုပ်ဆောင် ရသော ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နေရာအတွက် ပြင်ဆင်ခဲ့ရပုံကို ပြန်ပြောင်းပြောဆိုခဲ့သည်။

The Lady အမည်ရသော ထိုရုပ်ရှင်ကားကို ပြင်သစ်ဒါရိုက်တာ လူ့ဘက်စန်(Luc Besson) က ရိုက်ကူးထားသည်။

Tomorrow Never Dies တွင် ဂျိမ်းစ်ဘွန်း မင်းသမီး အဖြစ်လည်းကောင်း၊ Crouching Tiger, Hidden Dragon တွင် မာရှယ် အတ် သိုင်းပညာရှင်တဦး အဖြစ်လည်းကောင်း သရုပ်ဆောင်ခဲ့သူ မီရှဲလ်ယိုးသည် ဒေါ်အောင်ဆန်းစုကြည်အဖြစ် သရုပ် ဆောင်ရန် မသိမသာ ခပ်လျှိုလျှို နေလာခဲ့သည်။

သို့သော် ဇွန်လတွင် သူ့ကို မြန်မာအစိုးရက ပြည်ဝင်ခွင့်ငြင်းဆန်ခဲ့ခြင်းကြောင့် ဟိုးလေးတကျော်ဖြစ်သွားခဲ့သည်။ ၂၀၁၀ ဒီဇင်ဘာ တွင် ရုပ်ရှင်အတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်၊ အတူတူနေခွင့်ရခဲ့သည့် ယခင်ခရီးစဉ် ကြောင့်လည်း ထိုကဲ့သို့ ငြင်းဆန်ခံရခြင်း ဖြစ်ကောင်းလည်း ဖြစ်နိုင်သည်။

ရန်ကုန်လေဆိပ်တွင် မီရှဲလ်ယိုးအား လူဝင်မှုကြီးကြပ်ရေး လ၀က အရာရှိများက ပြည်ဝင်ခွင့်မပေးဘဲ ပထမဦးဆုံးပြည်ပထွက်သည့် လေယဉ်နှင့် သူ့ကို ပြန်ပို့ခဲ့သည်။

“ယခုကဲ့သို့ လုပ်ရပ်ကြောင့် ကျမအနေဖြင့် အလွန်အမင်း ထိတ်လန့် ၀မ်းနည်းရပါသည်”ဟု မီရှဲလ်ယိုးက ထိုသို့ ပြန်ပို့ခံရခြင်းအပေါ် ပထမဦးဆုံးထုတ်ပြန်သည့် တုံ့ပြန်ချက်တွင် အထက်ပါအတိုင်းပြောဆိုခဲ့သည်။

“ဒီတိုင်းပြည်အနေနဲ့ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီအရေးဆီသို့ ဆက်လက်လျှောက်လှမ်း နိုင်စေကြောင်းနှင့် ကျမအနေဖြင့်လည်း တိုင်းပြည်အတွင်း မကြာခင် ပြန်လည်ဝင်ရောက်ခွင့်ရပါစေဟု ဆက်လက် မျှော်လင့်နေပါသည်”ဟုလည်း မီရှဲလ်ယိုးက ထုတ်ဖော်ပြောဆိုခဲ့သည်။

အဆိုတော် ရသ

ရော့ကာ ဇော်ဝင်းထွဋ်၊ မြန်မာသံအဆိုတော် သန်းဖေလေးတို့၏ သီချင်းများဖြင့် ကြီးပြင်းလာသူ ရဲမင်းသိန်းသည် ယနေ့ မြန်မာပြည် ဟစ်ပ်ဟော့ပ် လောကတွင် အဆိုတော် ရသ အဖြစ် ထင်ရှားနေသည်။

ဟစ်ပ်ဟော့ပ်ကို သရုပ်ပျက် ဂီတဟု သတ်မှတ်သူ အများအပြား ရှိနေချိန်တွင် အဆိုတော် ရသ က ယခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရာ ရွှေတံဆိပ်ရသူတဦး ဖြစ်လာသည်။

ထိုပြိုင်ပွဲနှင့် ပတ်သက်ပြီး နောက်ပိုင်းတွင် သူက သတင်းသမားများကို ရှင်းပြရာ “ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲမှာ ကျနော့်နာမည် ကြေညာလိုက်တော့ ဒိုင်လူကြီးတွေ လန့်ဖျပ်သွားကြတယ်”ဟု ဆို၏။

အဆိုတော်ဘ၀ ၁၀ နှစ် အကြာတွင် နိုင်ငံရေးလောကထဲ ခြေတဖက် လှမ်းလိုက်သော ရသက ယခုနှစ်အတွင်း ဂီတလုပ်ငန်းများ လျှော့ချပြီး နိုင်ငံရေးလုပ်ငန်းများအတွက် အချိန် ပိုပေးလျက်ရှိသည်။

ရသ၏ နိုင်ငံရေး ခြေလှမ်းများက၂၀၁၀ ရွေးကောက်ပွဲတွင် ထင်ရှားသည့် နိုင်ငံရေးသမားတဦးဖြစ်သော ဦးသိန်းညွန့်၏ မဲဆွယ်ပွဲ
များတွင် ပါဝင် ကူညီမှုဖြင့် အစပြုခဲ့ခြင်းဖြစ်သည်။

လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် အဆိုတော် ရသ ကိုယ်တိုင် ပါဝင် ယှဉ်ပြိုင်ရန် အသင့်ပြင်နေသည်။ မကြာသေးမီက ဦးသိန်းညွန့် တည်ထောင်လိုက်သည့် အမျိုးသား ဒီမိုကရေစီ ပါတီသစ်ကို ကိုယ်စားပြုပြီး ယှဉ်ပြိုင်မည်ဟု ဆိုသည်။

မြန်မာပြည်တွင် နိုင်ငံရေးလောက ဟူသည်မှာ စွန့်လွှတ်စွန့်စားမှုများနှင့်လည်း ရင်ဆိုင်ရလေ့ရှိပြီး နိုင်ငံရေးနယ်ပယ်တွင် ဂီတလော က သားများကို တွေ့ရလေ့မရှိသော်လည်း ယခုနှစ်ကုန်ပိုင်းတွင် နိုင်ငံရေးနယ်ပယ်ကို စိတ်ဝင်စားလာသူ ဂီတလောကသား အများအပြားကို တွေ့လာရသည်။ ထိုအထဲတွင် ရသက ရှေ့သို့ပြေးသည်ဟု ဆိုရမည်။“အားလုံးနဲ့ သက်ဆိုင်တဲ့ ကိစ္စမှာ အရမ်း ကြောက် နေရင်တော့ မဖြစ်ဘူး”ဟု ရသက ဧရာဝတီနှင့် ဆက်သွယ်မေးမြန်းခန်းတခုတွင် ပြောဆိုခဲ့သည်။

ရွေးကောက်ခံရပြီး ဦးရဲမင်းသိန်း အဖြစ် လွှတ်တော်အတွင်း ရောက်မည် ဆိုပါက မြန်မာပြည်ပညာရေး အသုံးစရိတ် မြှင့်တင်ရေး အတွက် ဦးစားပေး ဆောင်ရွက်မည်ဟု အဆိုတော်ရသက ဆုံးဖြတ်ထားသည်။

ရှေ့နေ ကိုဖိုးဖြူ

ရပိုင်ခွင့်တောင်းဆိုသည့် အလုပ်သမားများ၊ လယ်သိမ်းခံရသူ လယ်သမားများကိုကူညီစဉ် ခြိမ်းခြောက်ခြင်း၊ ရိုက်နှက်ခြင်း၊ အကျဉ်း ချခြင်းတို့ကို ခံခဲ့ရသည့် ရှေ့နေကိုဖိုးဖြူသည် ထောင်မှ ပြန်လွတ်လာပြီးနောက်တွင်လည်း မူလလုပ်ငန်းများကို ပြန်လည် လုပ်ကိုင် လျက်ရှိသည်။

၂၀၁၁ ကို ပြန်ကြည့်လျှင် နှစ်ဆန်းပိုင်းမှာသာမက နှစ်ကုန်ပိုင်းတွင်ပါ ကိုဖိုးဖြူက လယ်သမားတို့၏အခွင့်အရေးတောင်းဆိုမှု ဆန္ဒပြ ပွဲများကို ရန်ကုန်မြို့တွင် ဦးဆောင် စီစဉ်ခဲ့ကြောင်း တွေ့ရမည် ဖြစ်သည်။

နေရာအနှံ့ ဖြစ်ပွားနေသော မတရားမှုများကို လိုက်လံကူညီစဉ် တရားရုံးချိန်းတချို့ပျက်ကွက်သဖြင့် ကိုဖိုးဖြူ ဖမ်းဝရမ်း ထုတ်ခံရပြီး စက်တင်ဘာလ အတွင်း ယာယီ အထိန်းသိမ်းခံရသည်။ လယ်သမားတချို့၏ အာမခံပေးမှုဖြင့် ရဲစခန်းတွင် တညအိပ်ပြီး ပြန်လည် လွတ်မြောက်လာသည်။

အဘယ့်ကြောင့် အပင်ပန်း အဆင်းရဲခံပြီး လယ်သမားများကို ကူညီနေရသနည်း။

“လယ်သမားတွေ ကျနော့် မျက်စိရှေ့မှာပဲ ငတ်နေပါတယ်။ ဒါကြောင့် ဆောင်ရွက်ပေးနေတာပါ။ သူတို့ကို ပေးတာ ကမ်းတာ လှူတာ တန်းတာ ဝေတာ ငှတာ နဲ့တော့ သူတို့ တရက် ထမင်းစားရုံအပြင် ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး”ဟု ကိုဖိုးဖြူက ဧရာဝတီကို ရှင်းပြသည်။

ဧရာမကုမ္ပဏီကြီးများ၊ လုပ်ငန်းရှင်ကြီးများ၊ နယ်ဘက်မှ စစ်တပ်များနှင့်ထိပ်တိုက်တွေ့နေသည့် လယ်သိမ်းခံ လယ်သမားတို့၏ ရှေ့မှ ရပ်နေသော ကိုဖိုးဖြူက လူများစုအခွင့်အရေးဆုံးရှုံးနေမှုအတွက် လယ်ယာမြေဥပဒေ ပြင်ဆင်ရမည်ဟု ဆိုသည်။ ပြင်ဆင် ပြောင်းလဲမှုများ ပေါ်ပေါက်လာရေးအတွက်လည်း သူတတ်ကျွမ်းသည့် ဥပဒေဘာသာရပ်ကို အသုံးပြုပြီး လယ်သမားများနှင့် ပူးပေါင်းဆောင်ရွက်နေသည်။

ယခုနှစ်အတွင်း ရှေ့နေ ကိုဖိုးဖြူ ခေါ် ကိုရန်နိုင်အောင်သည် ကလေးစစ်သား၊ ပင်လယ်ပြင်မုန်တိုင်းမိ ရေလုပ်သားတို့၏နစ်နာမှုများအတွက်လည်း ကူညီဆောင်ရွက်ခဲ့သူဖြစ်ကြောင်း တွေ့ရသည်။

အပိုင်း (၁) သို့

ပညာရေးရန်ပုံငွေ ဂီတဖျော်ဖြေပွဲ


ဒေါ်အောင်ဆန်းစုကြည် မှ ဖွင့်လှစ်ပေး



ပညာရေးရန်ပုံငွေ



ပညာရေး ရန်ပုံငွေပွဲ ၂



ရာဇဝင်များရဲ့ သတို့သမီး

အောက်ခြေက လူတွေအတွက် သံတော်ဆင့်


အခုလေးတင် ကုန်ဆုံးလွန်မြောက်သွားတဲ့ ၂၀၁၁ ခုနှစ်ဟာ မယုံနိုင်လောက်အောင်ကို ထူးခြားတဲ့ဖြစ်စဉ်တွေ တစ်ခုပြီးတစ်ခု ဆက်တိုက်ပေါ်ပေါက်ခဲ့တဲ့ နှစ်တစ်နှစ်အဖြစ် မှတ်တမ်းတင်ရလိမ့်မယ်။

ဧည့်ဝတ်ပျူငှာကြိုဆို

ပထမဦးဆုံး ထူးခြားဖြစ်စဉ်ကတော့ ၁၉၆၂ ခုနှစ်ကတည်းက အာဏာသိမ်းပြီး အာဏာရှင်စနစ်နဲ့အုပ်ချုပ်လာတဲ့ စစ်အစိုးရကို ဖျက်သိမ်းပြီး အရပ်သားအစိုးရအသွင် ပြောင်းလိုက်တာဖြစ် တယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ သူ့အလိုအလျောက် အာဏာစွန့်ပြီး အနားယူသွားလိမ့်မယ်ဆိုတာ ဘယ်သူမှ မယုံနိုင်ကြဘူး။ အလားတူပဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အာဏာလွှဲပေးခဲ့တဲ့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည်ကို ဧည့်ဝတ်ပျူငှာကြိုဆိုပြီး လက်ဆွဲနှုတ်ဆက်လိမ့်မယ်ဆိုတာလည်း ဘယ်သူမှ မယုံနိုင်ဘူး။

ခေါင်းဆောင်နှစ်ယောက် လက်ဆွဲနှုတ်ဆက်နေတဲ့နောက်က ချိတ်ဆွဲထားတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဓာတ်ပုံကြီးကို ရုပ်မြင်သံကြားမှာ ဖျတ်ကနဲ မြင်တွေ့လိုက်ကြရချိန်မှာ
ကြည့်နေသူတိုင်း ပါးစပ်ဟောင်းလောင်း ဖြစ်သွားကြတယ်။ ဒီမြင်ကွင်းမျိုး မြင်တွေ့ရလိမ့်မယ်လို့ ဘယ်သူမှ မျှော်လင့်မထားခဲ့ကြဘူးကိုး။

ထောင်တန်တဲ့ စကား

အဲဒီနောက်တော့ "ထောင်" တန်တဲ့ စကားတွေဖြစ်တဲ့ ဒီမိုကရေစီတို့ လူ့အခွင့်အရေးတို့၊ သမဂ္ဂဖွဲ့စည်းရေးတို့ဆိုတဲ့ စကားတွေကို အစိုးရဘက်ကရော ဒေါ်အောင်ဆန်းစုကြည်တို့ ဘက်ကပါ နေ့စဉ်ရက်ဆက် ရက်ရက်ရောရော ဖောဖောသီသီကြီး ပြောဆိုလာခဲ့ကြတယ်။ အစိုးရရဲ့ အာဏာရပါတီက ခေါင်းဆောင်ကြီးတွေတစ်ယောက်ပြီး တစ်ယောက်၊ အတိုက်အခံအဖြစ် သတ်မှတ်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်တော်ထဲမှာ လက်ခံတွေ့ဆုံကြပြီး၊ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲ ၀င်ရောက်လာမှာကို ကြို
ဆိုကြောင်း ပြောကြတယ်။ ဦးဆောင်နိုင်တဲ့ အရည်အချင်းပြည့်ဝသူ ဖြစ်ကြောင်း ချီးကျူးထောပနာပြုကြတယ်။

ယုံကြည်တာပဲပြောတော့တယ်

ဒေါ်အောင်ဆန်းစုကြည်ကလည်း နှစ်ဆယ့်သုံးနှစ်လုံးလုံး အခိုင်အမာကိုင်စွဲထားတဲ့ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ် အကောင်အထည်ဖော်ရေး၊ နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေး၊ သုံးပွင့်ဆိုင်ဆွေးနွေးပွဲ ပြုလုပ်ရေးဆိုတဲ့ အချက်တွေကို မပြောတော့ဘူး။ ၂၀၁၀ ပြည့်နှစ်အထိ ပြောနေသေးတဲ့ ရွှေဂုံတိုင် ကြေညာစာတမ်းတို့၊ ဒုတိယပင်လုံညီလာ
ခံတို့ဆိုတဲ့ စကားတွေလည်း မပြောတော့ဘူး။ အဲဒီအစား ဒီမိုကရေစီလမ်း စမြင်တွေ့နေရပြီတို့၊ သမ္မတကြီးဦးသိန်းစိန်ကို ယုံကြည်တယ်တို့ဆိုတဲ့ စကားတွေပဲပြောတော့တယ်။ တစ်ဖက်က အထင်အမြင်လွဲမှားစရာဖြစ်နိုင်တဲ့ ထောင်သောင်းချီတဲ့ လူစုလူဝေးကြီးတွေလည်း မလုပ်တော့ဘဲ ရုပ်ရှင်မင်းသားမင်းသမီးတွေ၊ အဆိုတော်တွေကို သီးခြားတွေ့ဆုံတာ မျိုးတွေပဲ လုပ်တော့တယ်။

သာမန်ပြည်သူတွေအဖို့က ဒီမိုကရေစီရဲ့ အရသာကို ဘာတစ်ခုမှ မခံစားကြရသေးဘဲ စနစ်ဟောင်းကအတိုင်း ဟိန်းဟောက်ခြိမ်းခြောက်ခံရ၊ လယ်မြေတွေ အသိမ်းခံရ၊ အမျိုးမျိုးလှည်ွပတ်ပြီး ပိုက်ဆံတောင်းတာခံရဆိုတာမျိုးတွေပဲ ကြုံတွေ့နေရလေတော့ . . .


မျက်လုံးဒေါက်ထောက်ကြည့်တာတွေ

သတင်းစာတွေ ဂျာနယ်တွေဖတ်ပြီး သိရသမျှကတော့ ၀မ်းသာစရာ၊ အားတက်စရာတွေချည်းပဲ။ ဒါပေမယ့် စိတ်မကောင်းစရာ သတင်းတွေကလည်း ကြားမြဲကြားနေရသေးတယ်။ နိုင်ငံရေးအကျဉ်းသားတွေ ကိစ္စ၊ ပြည်တွင်းစစ်ရပ်စဲရေးကိစ္စတွေလို ကိစ္စကြီးတွေက ပေါ်လစီရေးရာမို့ ချက်ချင်းအဖြေမထွက်နိုင်သေးတာကို နားလည်လို့ရတယ်။ ပေါ်လစီကိစ္စ၊ နိုင်ငံရေးကိစ္စမဟုတ်တဲ့ ကိစ္စရပ်တွေမှာ ယခင်က ပုံစံအတိုင်း ဆက်လက်ဖြစ်ပွားနေတာတွေကတော့ မသင့်တော်ဘူး။ အစိုးရသစ်အပေါ်မှာ ယုံရနိုးနိုးနဲ့ မျက်လုံးဒေါက်ထောက် ကြည့်နေသူများရဲ့ သံသယတွေ ပိုပြီးတိုးလာစေတယ်။

သိက္ခာကျစရာဖြစ်ရ

အထူးသဖြင့် အခုတလောကြားနေရတဲ့ တောင်သူတွေရဲ့ လယ်ယာမြေတွေကို အတင်းအကြပ်သိမ်းယူတဲ့ ကိစ္စမျိုးဟာ လုံးဝမဖြစ်သင့်တဲ့ ကိစ္စမျိုးဖြစ်တယ်။ ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ ၀န်ကြီးတွေက စိုက်ပျိုးလုပ်ကိုင်နေတဲ့ လယ်မြေများကိုမသိမ်းဖို့ ညွှန်ကြားထားတယ်လို့ ပြောနေပေမယ့် အောက်ခြေမှာတော့ သိမ်းယူမှုတွေ ရှိနေသေးတယ်။ သမ္မတနဲ့ ဒုသမ္မတများ၊ လွှတ်တော်ဥက္ကဋ္ဌများက ပြည်သူများစိတ်ချမ်းသာအောင် ဆောင်ရွက်ကြရမယ်။ ဥပဒေအထက်မှာ ဘယ်သူမှမရှိအောင် လုပ်ဆောင်ရမယ်လို့ ထပ်ခါတလဲလဲ ပြောနေကြပေမယ့် အချို့အောက်ခြေဌာနအသီးသီးရဲ့ ၀န်ထမ်းတွေကအရင် ခေတ်ကအတိုင်း အာဏာပါဝါပြမြဲ၊ နိုင်ထက်စီးနင်းပြုမြဲ၊ လာဘ်ပေးလာဘ်ယူတွေ လုပ်မြဲဖြစ်နေကြတဲ့အတွက် အစိုးရ သိက္ခာကျစရာဖြစ်ရတယ်။

အောက်ခြေကလူတွေအတွက်

သာမန်ပြည်သူတွေအဖို့က ဒီမိုကရေစီရဲ့ အရသာကို ဘာတစ်ခုမှ မခံစားကြရသေးဘဲ စနစ်ဟောင်းကအတိုင်း ဟိန်းဟောက်ခြိမ်းခြောက်ခံရ၊ လယ်မြေတွေ အသိမ်းခံရ၊ အမျိုးမျိုး လှည့်ပတ်ပြီး ပိုက်ဆံတောင်းတာခံရဆိုတာမျိုးတွေပဲ ကြုံတွေ့နေရလေတော့ အပြောင်းအလဲဆိုတာကို မယုံနိုင်အောင်ဖြစ်နေကြတယ်။

ဒီလို သိက္ခာကျစရာတွေနဲ့ သံသယဖြစ်စရာတွေ ပပျောက်သွားအောင် အမြန်ဆုံး လုပ်ဆောင်ဖို့လိုတယ်။ အောက်ခြေက လူတွေရဲ့ဘ၀တွေပါ ပြောင်းလဲမှ ပြည်သူတွေက ယုံကြည်လာမှာပါ။ အဲဒီလိုဖြစ်ဖို့ အောက်ခြေဌာနဆိုင်ရာတွေက စပြီးပြုပြင်ဖို့ လိုပါတယ်။ အရေးယူ သင့်တာတွေကို ထိထိရောက်ရောက် လူသိရှင်ကြားအရေးယူဖို့ လိုပါတယ်။

ပြည်သူ့သံတော်ဆင့်

အထက်က တာဝန်ရှိလူကြီးတွေအနေနဲ့ မြို့တကာနယ်တကာက အသေးအဖွဲကိစ္စမှန်သမျှကို သိမနေနိုင်ဘူး။ အသေးအဖွဲဆိုပေမယ့် သက်ဆိုင်သူပြည်သူများအဖို့တော့ သေရေးရှင်ရေး ကိစ္စဖြစ်ချင်ဖြစ်နိုင်တယ်။

လူကြီးတွေအထိ သိသင့်တဲ့ကိစ္စတွေကို ရေးသားဖော်ပြပေးတဲ့တာဝန်ကို သတင်းစာနဲ့ဂျာနယ်၊မဂ္ဂဇင်းတွေက ယူကြရတယ်။ အထူးသဖြင့် အခုလို အတိုက်အခံ နိုင်ငံရေးပါတီရယ်လို့ မရှိတဲ့အချိန်မှာသတင်းမီဒီယာတွေက ပြည်သူလူထုရဲ့အသံတွေကို လွှင့်ထုတ်ပေးတဲ့သံတော်ဆင့်အဖြစ်ဆောင်ရွက်ရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီက အခုအခါ အတိုက်အခံပါတီ မဟုတ်တော့ဘဲ၊ အာဏာရ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ မောင်နှမပါတီလိုဖြစ်နေပြီဆိုတော့ သာမန်ပြည်သူများမှာ သတင်းမီဒီယာတွေပဲ အားကိုး အားထားပြုပါတော့တယ်။

သတင်းသမားဆိုတာကတော့ဘယ်အစိုးရတက်တက် ပြည်သူ့မျက်နှာကိုသာ ကြည့်ရမှာဖြစ်လေတော့ ဟိုဘက်က ငြိုငြင်မှာ ဒီဘက်က ငြိုငြင်မှာကို ကြည့်မနေနိုင်ပါဘူး။ ဒါမှ စတုတ္ထမဏ္ဍိုင်လို့ အခေါ်ခံထိုက်မှာ ဖြစ်ကြောင်းပါ။


လူထုစိန်ဝင်း

ထိုင်းနိုင်ငံမှ ဘဏ္ဍာရေး၊ ပို့ဆောင်ရေး၊ စွမ်းအင်ဝန်ကြီးများ ထားဝယ်စီမံကိန်းသို့ လေ့လာရန် ၂၀၁၂ ခုနှစ်နှစ်ဦးပိုင်း၌ လာရောက်မည်

ထိုင်းနိုင်ငံမှ ဘဏ္ဍာရေး၊ ပို့ဆောင်ရေးနှင့် စွမ်းအင်ဝန်ကြီးများ ထားဝယ်စီမံကိန်းသို့ လေ့လာရန်၂၀၁၂ ခုနှစ် နှစ်ဦးပိုင်းတွင် မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

ထိုင်းနိုင်ငံမှ ဘဏ္ဍာရေး၊ ပို့ဆောင်ရေး၊ စွမ်းအင်ဆိုင်ရာ ၀န်ကြီးများသည် မြန်မာနိုင်ငံတွင် ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသော Thai Development Public Co.,Ltd ၏ စီမံကိန်းလုပ်ဆောင်နေမှု အခြေအနေများအား လေ့လာဆွေးနွေးရန် လာရောက်မည်ဖြစ်သည်ဟု ထိုင်းနိုင်ငံထုတ် BangkokPost သတင်းစာက ဖော်ပြထားသည်။

ထားဝယ်အထူးစီးပွားရေးဇုန်သည် မြန်မာအထူးစီးပွားရေးဇုန် ဥပဒေအမှတ်(၈/၂၀၁၁)၊ ပုဒ်မ (၄)အရ အစိုးရအဖွဲ့က သတ်မှတ်ထားသော ဇုန်ဖြစ်သည်။ ဇုန်ဧရိယာအတွင်း တနင်္သာရီတိုင်း ဒေသကြီး ရေဖြူမြို့နယ်အတွင်းရှိ ကျေးရွာနှင့် ရပ်ကွက်ပေါင်း ၂၀ ကျော်ပါဝင်သည်။ မြောက်ဘက်တွင် ရေဖြူမြို့နယ်၊အရှေ့ဘက်တွင် ထားဝယ်မြစ်၊ရေဖြူမြို့နယ်၊ တောင်ဘက်တွင် လောင်းလုံမြို့နယ်နှင့် အနောက်ဘက်တွင် ကပ္ပလီပင်လယ်နှင့် ထိစပ်လျက်ရှိပြီး ဧရိယာ အကျယ်အ၀န်းမှာ ၂၅၀ စတုရန်းမီတာ (၉၇ စတုရန်းမိုင်)ဖြစ်သည်။

စီမံကိန်းတွင် အဓိကဇုန်ငါးခုပါဝင်ပြီး ဇုန် A တွင် ရေနက်ဆိပ်ကမ်း၊ သံမဏိစက်ရုံ၊ ဓာတ်မြေသြဇာစက်ရုံ၊ ကျောက်မီးသွေးသုံးဓာတ်အားပေးစက်ရုံ စသည့် အကြီးစားစက်မှုလုပ်ငန်းများ၊ ဇုန် B တွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ဆိုင်ရာ စက်မှုလုပ်ငန်းများ၊ ဇုန် C တွင် ရေနံဓာတုအခြေပြု စက်မှုလုပ်ငန်းများ၊ ဇုန် D တွင် ရော်ဘာလုပ်ငန်းများအပါအ၀င် အလတ်စား စက်မှုလုပ်ငန်းများ၊ ဇုန် E တွင် ဆေးဝါးထုတ်လုပ်ရေး၊ အလှကုန်ထုတ်လုပ်ရေး၊ ကွန်ပျူတာဆက်စပ်ပစ္စည်းများ ထုတ်လုပ်ရေးအပါအ၀င် အသေးစားစက်မှုလုပ်ငန်းများ စသည်တို့ ပါဝင်မည်ဖြစ်ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံ၌ ကျောက်မီးသွေးအဓိကထွက်ရှိရာ ၁၆ နေရာရှိပြီး တန်ချိန်သန်းပေါင်း ၂၇၀ ကျော်တည်ရှိနေ

ထိုင်းနိုင်ငံ ရယောင်ပြည်နယ် မက်တဖွတ်စက်မှုဇုန်ရှိ ကျောက်မီးသွေးသုံးဓာတ်အားပေးစက်ရုံကို တွေ့ရစဉ်


မြန်မာနိုင်ငံ၌ ကျောက်မီးသွေးအဓိက ထွက်ရှိရာ နေရာ ၁၆နေရာရှိပြီး တန်ချိန်သန်းပေါင်း ၂၇၀ကျော် တည်ရှိနေကြောင်း သတင်းရရှိပါသည်။ မြန်မာနိုင်ငံတွင် ကျောက်မီးသွေးအဓိက ထွက်ရှိရာနေရာများသည် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးတို့ဖြစ်ပြီး အဓိကအားဖြင့် မြန်မာနိုင်ငံ အထက်ပိုင်း ဒေသတွင် တည်ရှိနေသည်။

စစ်ကိုင်းတိုင်း ဒေသကြီးကလေးဝ - မော်လိုက်ရှိ ပလူဇာဝါ/ချောင်းဆုံတွင်တည်ရှိမှု တန်သန်းပေါင်း ၈၉ သန်း၊ ကလေးဝတွင် ၈၇ဒသမ ၇၈ သန်း၊ တမူးရှိ ဓားသွေးကျောက်တွင် ၃၃ ဒသမ ၉၁ သန်း၊ကန္နီရှိ မဟူတောင်တွင် ၀ ဒသမ ၈၀သန်း၊ မကွေးတိုင်းဒေသကြီး နတ်မောက်ရှိ ကျောက်တံခါးတွင် ၀ဒသမ ၅၄ သန်း၊ ပေါင်မြို့ရှိ မြန်နီတွင် ၀ ဒသမ ၂၅ သန်း၊ စစ်ကိုင်းတိုင်း ဒေသကြီး ခင်ဦးရှိ သင်းပေါင်တွင် ၀ ဒသမ ၀၈ သန်း၊ ကောလင်းရှိ ကြို့ပင်တွင် ၀ ဒသမ ၀၃ သန်း၊ရှမ်းပြည်နယ် ပင်လောင်းရှိ တီကျစ်တွင် ၂၀ ဒသမ ၂၀ သန်း၊ ကျေးသီးမံစံတွင် ၃၇ ဒသမ ၀၀ သန်း၊ လားရှိုးရှိ နမ္မတွင် ၂ ဒသမ ၈၀ သန်း၊သီပေါရှိ ဆန်လောင်တွင် ၁ ဒသမ၆၀ သန်း၊ ကလောရှိ အင်းပင်တွင် ၀ ဒသမ ၂၂ သန်း၊ တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီရှိ မော့တောင်တွင် ၃ ဒသမ ၆၀ သန်း၊ သိမ်တောတွင် ၂ ဒသမ ၀၀ သန်းနှင့် ကချင်ပြည်နယ် မိုးမောက်ရှိလွယ်ဂျယ်တွင်တန်သန်းပေါင်း အမြောက်အမြားတည်ရှိနေသည်ဟု သိရှိရသည်။ ကျောက်မီးသွေး သတ္တုတွင်း စီမံကိန်းများကို သတ္တုတွင်းဝန်ကြီးဌာနလက်အောက်ရှိ အမှတ်(၃)သတ္တုတွင်း လုပ်ငန်းဌာနက လုပ်ကိုင်နေပြီး ပြည်တွင်း၊ ပြည်ပကုမ္ပဏီများနှင့် ဖက်စပ်လုပ်ကိုင်သည်ဟု သိရှိရသည်။

၂၀၁၁ ခုနှစ်တွင် ကျောက်မီးသွေးသတ္တုတွင်းလုပ်ငန်းများကိုနိုင်ငံတော်ပိုင်အနေဖြင့် ၂ ဒသမ ၈ရာ ခိုင်နှုန်း၊ ဖက်စပ်လုပ်ငန်းများဖြင့်၄၃ ဒသမ ၈၇ ရာခိုင်နှုန်း၊ ပြည်တွင်းကုမ္ပဏီများက ၅၃ ဒသမ ၃၂ ရာခိုင်နှုန်းကိုထုတ်လုပ်မည်ဟုသတ္တုတွင်းဝန်ကြီးဌာနကဖော်ပြခဲ့ကြောင်း လေ့လာသိရှိထားသူတစ်ဦးကပြောကြားခဲ့သည်။

နိုင်ငံခြားကုမ္ပဏီများနှင့် ဖက်စပ်လုပ်ကိုင်သည့် လုပ်ငန်းများတွင်အိမ်နီးချင်းနိုင်ငံများသို့ ကျောက်မီးသွေးတင်ပို့ခြင်း ပါဝင်နေပြီး ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံမှ ကျောက်မီးသွေးအများဆုံး တင်သွင်းနေသောနိုင်ငံဖြစ်သည်ဟုသိရသည်။

အလုပ်သမား အခွင့်အရေးများအား ကာကွယ်ရန် အလုပ်သမား အဖွဲ့အစည်း ဥပဒေပြဋ္ဌာန်းပြီးဖြစ်၍ ၂၀၁၂ ခုနှစ်အတွင်း အာဏာတည်ကာ အတည်ပြုမည်

အလုပ်သမား အဖွဲ့အစည်းများ လွတ်လပ်စွာဖွဲ့စည်းနိုင်မှုနှင့် အလုပ်သမား အခွင့်အရေးများ ကာကွယ်ရန် အလုပ်သမား အဖွဲ့အစည်း ဥပဒေအား ပြဋ္ဌာန်းပြီးဖြစ်၍ ၂၀၁၂ ခုနှစ်အတွင်း အာဏာတည်ကာ အတည်ပြုမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမား ညွှန်ကြားရေး ဦးစီး ဌာနမှ သတင်းရရှိပါသည်။

အလုပ်သမား အဖွဲ့အစည်း ဥပဒေအား ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၄ နှင့်အညီ အလုပ်သမားများ၏ အခွင့်အရေးများအား ကာကွယ်စောင့်ရှောက်ရန်နှင့် အလုပ်သမားအချင်းချင်း အကြား၊ အလုပ်ရှင်နှင့် အလုပ်သမား အကြား ဆက်ဆံရေးကောင်းမွန်စေ ရန်၊ အလုပ်သမား အဖွဲ့အစည်းများ စနစ်တကျနှင့် လွတ်လပ်စွာဖွဲ့စည်း ဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းလိုက်ခြင်း ဖြစ်ပြီး ယင်းဥပဒေအား ILO ၏ ပြဋ္ဌာန်းချက်နှင့်အညီ ILOမှ ဥပဒေ အကြံပေးအဖွဲ့များနှင့်ပေါင်းစပ်ညှိနှိုင်း ကာ အတည်ပြုပြဋ္ဌာန်းထားခြင်းဖြစ် ကြောင်းသိရသည်။ သို့ရာတွင် ယခု လက်ရှိတွင် ယင်းဥပဒေအားပြဋ္ဌာန်း ပြီးဖြစ်သော်လည်းယင်းဥပဒေသည် ၎င်းဥပဒေ၏အခန်း(၁)ပုဒ်မ၁(ခ)တွင် ပါ ရှိချက်အရ နိုင်ငံတော်သမ္မတ၏ အမိန့်ကြော်ငြာစာဖြင့်သတ်မှတ်သည့် နေ့ရက်တွင်စတင်အာဏာတည်ရမည် ဟု ပါရှိသောကြောင့်သမ္မတ၏ အမိန့် ကြော်ငြာစာထွက်ရှိလာမှသာ စတင် အာဏာတည်မည်ဟု သိရှိရသည်။

အလုပ်သမား အဖွဲ့အစည်းဥပဒေ ပြဋ္ဌာန်းမှုနှင့်ပတ်သက်၍အလုပ်သမား ၀န်ကြီးဌာနမှ ပြည်ထောင်စု ဒုတိယ၀န်ကြီးဦးမြင့်သိန်းက “တိုင်း ပြည်ရဲ့အစိုးရသစ် အပြောင်းအလဲမှာ အလုပ်သမားအဖွဲ့အစည်းဥပဒေ အသစ်ကို ရေးဆွဲပြီးပြဋ္ဌာန်းလိုက်ပါ တယ်။ အဲဒီဥပဒေကို အလုပ်သမားတွေ အားလုံး နားလည်သဘောပေါက် ပြီး မှန်မှန်ကန်ကန် ကျင့်သုံးမယ် ဆိုရင် လုပ်သားတွေရဲ့ အခွင့်အရေး အပြည့်အ၀ရရှိအောင် ဆောင်ရွက် နိုင်မှာဖြစ်ပါတယ်။ အလုပ်သမား အဖွဲ့အစည်းဥပဒေဟောင်းက ၁၉၂၆ ခုနှစ်မှာ The Trade Unions Act ဆိုပြီးရှိခဲ့ပြီး အဲဒီဥပဒေမှာသံဃာတော် များပါဝင်တဲ့ပုဒ်မပါတယ်။ ၁၉၅၅ ခုနှစ်မှာILO ရဲ့ ပြဋ္ဌာန်းချက်ဖြစ်တဲ့ အသင်းအဖွဲ့များ လွတ်လပ်စွာဖွဲ့စည်းခွင့်ဆိုတဲ့ ပြဋ္ဌာန်းချက်ထဲကပြဋ္ဌာန်း ချက် ၈၇ ကိုလက်ခံခဲ့ပြီး အဲဒီပြဋ္ဌာန်း ချက်က The Trade Unions Act နဲ့ မညီညွတ်လို့ The Trade Unions Act ကို တော်လှန်ရေးအစိုးရ လက်ထက်ကတည်းက မကျင့်သုံးတော့တဲ့ အတွက် အဲဒီဥပဒေက သူ့အလိုလို ပျက်ပြယ်တဲ့ အနေအထားကို ရောက်နေပါပြီ။ အဲဒါကြောင့် ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၄ နဲ့ အညီ အသင်းအဖွဲ့များ လွတ်လပ်စွာ ဖွဲ့စည်းဆောင်ရွက်နိုင်ဖို့ အခန်း ၁၄ ခန်းနဲ့ပုဒ်မ ၅၈ ခုပါတဲ့ အလုပ်သမား အဖွဲ့အစည်းဥပဒေကို ပြဋ္ဌာန်းခဲ့ပါတယ်။ အဲဒီဥပဒေမှာ ထူးခြားချက်က ဥပဒေနဲ့အညီ စနစ်တကျအလုပ်ပိတ်တာ၊ သပိတ်မှောက်တာ လုပ်လို့ရတယ်။ ဘာလို့လည်းဆိုတော့ ဒီဥပဒေ ကို ILO ရဲ့ပြဋ္ဌာန်းချက်များနဲ့အညီ ILO ကနေ ဥပဒေ အကြံပေးတဲ့အဖွဲ့ ကိုခေါ်ပြီး ပူးပေါင်းရေးဆွဲတာပါ။ကျွမ်းကျင်တဲ့ ကိုယ်စားလှယ်တွေပါတဲ့ တကယ့်ကို နိုင်ငံတကာစံနှုန်းနဲ့ညီတဲ့ အလုပ်သမား အဖွဲ့အစည်းဥပဒေကို ကျွန်တော်ဦးဆောင်ပြီး ပေါင်းစပ်ညှိနှိုင်းပြီးမှ အတည်ပြုခဲ့တာပါ”ဟု လှိုင်သာယာစက်မှုမြို့တွင် ပြုလုပ်ခဲ့သည့် အလုပ်သမားအဖွဲ့အစည်း ဥပဒေနှင့်ပတ်သက်၍ အသိအမြင် တိုးမြှင့်ရေးဆွေးနွေးပွဲတွင် ရှင်းလင်း ပြောပြခဲ့သည်။

အဆိုပါဥပဒေ ပြဋ္ဌာန်းထားမှုတွင် အလုပ်သမား အဖွဲ့အစည်းအား အဆင့်ဆင့်ဖွဲ့စည်းရာတွင် အခြေခံ အလုပ်သမား အဖွဲ့အစည်းများကို လုပ်ငန်း (သို့) လုပ်ဆောင်မှုအမျိုး အစားအလိုက် သက်ဆိုင်ရာလုပ်ငန်း တွင် အလုပ်လုပ်ကိုင်နေသည့် အလုပ်သမား အနည်းဆုံးဦးရေ ၃၀ ဖြင့် ဖွဲ့စည်းနိုင်ပြီး မြို့နယ်အလုပ်သမား အဖွဲ့အစည်းကိုလုပ်ငန်း(သို့) လုပ်ဆောင်မှု အမျိုးအစားအလိုက် သက်ဆိုင်ရာမြို့နယ်အတွင်းရှိ အခြေခံ အလုပ်သမား အဖွဲ့အစည်း၏ ၁၀ ရာခိုင်နှုန်းအောက် မနည်းသော အဖွဲ့အစည်းကထောက်ခံလျှင် ဖွဲ့စည်းနိုင်ကြောင်း ပါရှိသည်။ တိုင်းဒေသကြီး (သို့)ပြည်နယ် အလုပ်သမားအဖွဲ့ အစည်းကိုလည်း လုပ်ငန်း(သို့)လုပ်ဆောင်မှု အမျိုးအစားအလိုက် သက်ဆိုင်ရာတိုင်းဒေသကြီး(သို့) ပြည်နယ် အတွင်းရှိ မြို့နယ်အလုပ်သမား အဖွဲ့အစည်း၏ ၁၀ ရာခိုင်နှုန်းအောက် မနည်းသော အလုပ်သမားအဖွဲ့အစည်း ကထောက်ခံလျှင်ဖွဲ့စည်းနိုင်ပြီး အလုပ်သမားအဖွဲ့ချုပ်ကိုလည်း လုပ်ငန်း(သို့) လုပ်ဆောင်မှု အမျိုးအစား အလိုက်တိုင်းဒေသကြီး (သို့) ပြည် နယ်အလုပ်သမား အဖွဲ့အစည်း၏ ၁၀ ရာခိုင်နှုန်းအောက်မနည်းသော အလုပ်သမားအဖွဲ့အစည်းများက ထောက်ခံလျှင် ဖွဲ့စည်းနိုင်ကြောင်း သိရသည်။

အလားတူ မြန်မာနိုင်ငံလုံးဆိုင် ရာအလုပ်သမားရေးရာအဖွဲ့ကိုအလုပ် သမားအဖွဲ့ချုပ်၏ ၂၀ ရာခိုင်နှုန်း အောက် မနည်းသောအလုပ်သမား အဖွဲ့ချုပ်များကထောက်ခံလျှင်ဖွဲ့စည်း နိုင်ပြီး အခန်း(၂)၊ ပုဒ်မ ၅ ၌ ပါရှိ ချက်အရ အလုပ်သမားအဖွဲ့အစည်း များသည် ကိုယ်ပိုင်အမည်၊ အမှတ် တံဆိပ်တို့ဖြင့် ဆောင်ရွက်ပိုင်ခွင့်၊ စဉ်ဆက်မပြတ် ဆောင်ရွက်ပိုင်ခွင့်၊ တရားစွဲဆိုခွင့်နှင့် တရားစွဲဆိုခံနိုင်ခွင့် ရှိစေကြောင်းသိရကာ အခန်း(၂)၊ ပုဒ်မ ၈ အရအလုပ်ရှင်များသည်လည်း အလုပ်ရှင်အဖွဲ့အစည်းများကို ထိုဥပဒေအရ အပြိုင်ဖွဲ့စည်းနိုင်ကြောင်း သိရှိရပါသည်။

ထို့ကြောင့် ယင်းဥပဒေအခန်း (၃) အရ မှတ်ပုံတင်ခြင်း ဆောင်ရွက်သည့်အခါပုဒ်မ ၉ တွင်ပါရှိသည့် အတိုင်းမှတ်ပုံတင်အရာရှိချုပ်သည် နိုင်ငံတော်သမ္မတက တာဝန်ပေးအပ်သူဖြစ်ရမည်ဖြစ်သည်။ အလုပ်သမား အဖွဲ့အစည်းအခန်း(၅) ပုဒ်မ(၁၈) တွင်လည်း အလုပ်ရှင်မှအလုပ်သမား တစ်ဦးအားအလုပ်မှထုတ်ပယ်ရာတွင် အကြောင်းအရင်းသည် အလုပ်သမား အဖွဲ့အစည်းဝင်ဖြစ်မှု၊ လုပ်ဆောင်မှု နှင့်သက်ဆိုင်လျှင်ဖြစ်စေ၊ ဥပဒေများ နှင့်ညီညွတ်မှုမရှိဟု ယုံကြည်ရန် အကြောင်းရှိလျှင်ဖြစ်စေ အလုပ်သမား အဖွဲ့အစည်းသည် ယင်းအလုပ်သမားအားပြန် အလုပ်ခန့်ရန် အလုပ်ရှင်အား တောင်းဆိုခွင့်ရှိကြောင်း သိရသည်။
အလုပ်သမားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဦးချစ်ရှိန်က “ဒီဥပဒေမှာအလုပ်ပိတ်လိုတဲ့ အလုပ်ရှင်က အလုပ်စပိတ်မယ့် နေ့ရက်နဲ့ ကာလကိုသတ်မှတ်ချက်နဲ့အညီအနည်း ဆုံး ၁၄ ရက် ကြိုတင်အကြောင်း ကြားပြီး ခွင့်ပြုချက်ရမှပိတ်ခွင့်ရှိပါ တယ်။ အများပြည်သူဆိုင်ရာဝန် ဆောင်မှုလုပ်ငန်းမှာ သပိတ်မှောက် လိုတဲ့အလုပ်သမား အဖွဲ့အစည်းဟာ အဖွဲ့ဝင်အများစုရဲ့ဆန္ဒပြုချက်အရ သက်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်ရဲ့ ညွှန်ကြားချက်နဲ့ သပိတ်မှောက်မယ့် နေ့ရက်၊ နေရာ၊ ဦးရေ၊ နည်းလမ်းနဲ့ အချိန်ကာလကို ဖော်ပြပြီး အဲဒီရက် မတိုင်ခင်အနည်းဆုံး ၁၄ ရက်ကြိုတင် အကြောင်းကြားရပါမယ်။ ဒါပေ မယ့် အလုပ်ပိတ်တာပဲဖြစ်ဖြစ်၊ သပိတ် မှောက်တာပဲဖြစ်ဖြစ် ရေပေးဝေရေး၊ လျှပ်စစ်ဓာတ်အား၊ မီးသတ်၊ ကျန်းမာရေးဝန်ဆောင်မှု၊ တယ်လီကွန်း ဆက်သွယ်ရေး လုပ်ငန်းတွေမှာ လုပ်မယ်ဆိုရင်တော့ ဥပဒေနဲ့ဆန့်ကျင်တဲ့ကိစ္စလို့ သတ်မှတ်ပါတယ်”ဟုရှင်းပြပါသည်။

The Voice Weekly ၏ CEO ဒေါက်တာနေ၀င်းမောင် (ခ) အောင်ထွဋ် ကွယ်လွန်


(ဓါတ်ပုံ - ဧရာဝတီ)

ဒုတိယဗိုလ်မှုကြီးသန်းမောင် (ငြိမ်း)နှင့် ဒေါ်ယဉ်ယဉ်တို့၏ သားဖြစ်သူ The Voice Weekly ၏ CEO နှင့် Myanmar Egress ၏ အထွေထွေအတွင်းရေးမှုး ဒေါက်တာနေ၀င်းမောင်သည် ဇန်န၀ါရီလ (၁)ရက်နေ့ နံနက် ၁ နာရီ ၁၀ မိနစ်အချိန်တွင် နှလုံးရောဂါဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ရုတ်တရက် ကွယ်လွန်သွားကြောင်း သတင်းရရှိပါသည်။



"ကျွန်တော်တို့က ငယ်သူငယ်ချင်းတွေပါ။ အခုအချိန်မှာ အမြင်တွေ အကုန်လုံးမတူကြပေမယ့် ကျွန်တော့်အတွက် သူငယ်ချင်းကောင်းတစ်ယောက် တိုင်းပြည်အတွက် လူတော်တစ်ယောက် ဆုံးရှုံးသွားတာပါ။" ဟု Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်မှ ပြောကြားခဲ့ပါသည်။

ဒေါက်တာနေ၀င်းမောင်သည် ၁၉၆၂ ခုနှစ် ဇွန်လ ၃၀ ရက်တွင် မွေးဖွားသူဖြစ်ပြီး ကွယ်လွန်ချိန်တွင် အသက် (၅၀)နှစ် ရှိပြီ ဖြစ်ကာ ဇနီးနှင့် သမီးလေးဦး ကျန်ရစ်ကြောင်း သိရပါသည်။

ဥပဒေနှင့် မညီညွတ်ဘဲ အဂတိလိုက်စားပြီး စီရင်ချက်ချမှတ်သည့် တရားသူကြီးများကို အရေးယူနိုင်မည့် ဥပဒေကို ပြည်သူ့လွှတ်တော်သို့ တင်ပြ ပြဋ္ဌာန်းနိုင်ရန် စီစဉ်နြေေ

တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီ ဥက္ကဋ္ဌ သူရဦးအောင်ကိုက ရှင်းလင်းပြောကြားစဉ်


ဥပဒေနှင့် မညီညွတ်ဘဲ အဂတိ လိုက်စားပြီး စီရင်ချက်များကို ချမှတ်သည့် တရားသူကြီးများကို အရေးယူနိုင်မည့်ဥပဒေမျိုး ပြည်သူ့လွှတ်တော် သို့ တင်ပြပြဋ္ဌာန်းနိုင်ရန် စီစဉ်နေကြောင်း ဒီဇင်ဘာလ ၂၉ ရက်နေ့က မီဒီယာများနှင့်တွေ့ဆုံပွဲတွင် တရား စီရင်ရေးနှင့်ဥပဒေရေးရာ ကော်မတီ ဥက္ကဋ္ဌ သူရဦးအောင်ကိုက ပြော ကြားခဲ့သည်။

လက်ရှိကာလတွင် တည်ဆဲဥပဒေများ၌ ဥပဒေနှင့် မညီညွတ်သော အဂတိလိုက်စားပြီး စီရင်ချက်များကို ချမှတ်သည့် တရားသူကြီးများကို အရေးယူနိုင်မည့် ဥပဒေမျိုး သတ်သတ် မှတ်မှတ် ပြဋ္ဌာန်းထားခြင်း မရှိသေးသည့် အတွက် ထိုဥပဒေမျိုး ပြည်သူ့ လွှတ်တော်သို့ တင်ပြ ပြဋ္ဌာန်းနိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
'တရားရေးမဏ္ဍိုင် တိမ်းစောင်း ယိမ်းယိုင်နေမှုတွေမှာ တရားသူကြီး များမှာသာ တာဝန်ရှိတာမဟုတ်ပါ ဘူး။ တရားရေးအ၀န်းအ၀ိုင်းမှာပါ ၀င်နေကြတဲ့ ဥပဒေ၀န်ထမ်းများ၊ ရှေ့နေများ၊ တရားလို၊ တရားပြိုင်၊ တရားခံများ တရားရုံးဝန်ထမ်းများနဲ့ အမှုပွဲစားများအားလုံးမှာ တာဝန်ရှိ ပါတယ်။ တရားရေးမဏ္ဍိုင် တည့် မတ်ခိုင်မာနေဖို့ ပြည်သူလူထုကို တရားဥပဒေစိုးမိုးမှုဖြင့် ကာကွယ် ပေးနိုင်ဖို့အတွက် မီဒီယာတွေက တရားစီရင်ရေးနှင့်ဥပဒေရေးရာကော် မတီကို ပူးပေါင်းကူညီဖို့ လိုအပ်ပါတယ်။ အရင်က ငွေများတရားနိုင် ဖြစ်ခဲ့တဲ့ ဖြစ်စဉ်တွေရှိခဲ့ပါတယ်။ ပြည်သူတွေက သနားဖို့ကောင်းပါ တယ်။ အဲဒီအတွက် ဥပဒေနဲ့ မကိုက်ညီဘဲ အဂတိလိုက်စားတယ်လို့ယူဆ လို့ရရင်တရားသူကြီးတွေကိုတရားစွဲ အရေးယူနိုင်မယ့် ဥပဒေပေါ်ပေါက်လာဖို့ လွှတ်တော်မှာ အောင်မြင်အောင် တင်ပြဆွေးနွေးသွားပါမယ်

''တရားရေးမဏ္ဍိုင် တိမ်းစောင်း ယိမ်းယိုင်နေမှုတွေမှာ တရားသူကြီး များမှာသာ တာဝန်ရှိတာမဟုတ်ပါ ဘူး။ တရားရေးအ၀န်းအ၀ိုင်းမှာပါ ၀င်နေကြတဲ့ ဥပဒေ၀န်ထမ်းများ၊ ရှေ့နေများ၊ တရားလို၊ တရားပြိုင်၊ တရားခံများ တရားရုံးဝန်ထမ်းများနဲ့ အမှုပွဲစားများအားလုံးမှာ တာဝန်ရှိ ပါတယ်။ တရားရေးမဏ္ဍိုင် တည့် မတ်ခိုင်မာနေဖို့ ပြည်သူလူထုကို တရားဥပဒေစိုးမိုးမှုဖြင့် ကာကွယ် ပေးနိုင်ဖို့အတွက် မီဒီယာတွေက တရားစီရင်ရေးနှင့်ဥပဒေရေးရာကော် မတီကို ပူးပေါင်းကူညီဖို့ လိုအပ်ပါတယ်။ အရင်က ငွေများတရားနိုင် ဖြစ်ခဲ့တဲ့ ဖြစ်စဉ်တွေရှိခဲ့ပါတယ်။ ပြည်သူတွေက သနားဖို့ကောင်းပါ တယ်။ အဲဒီအတွက် ဥပဒေနဲ့ မကိုက်ညီဘဲ အဂတိလိုက်စားတယ်လို့ယူဆ လို့ရရင်တရားသူကြီးတွေကိုတရားစွဲ အရေးယူနိုင်မယ့် ဥပဒေပေါ်ပေါက်လာဖို့ လွှတ်တော်မှာ အောင်မြင်အောင် တင်ပြဆွေးနွေးသွားပါမယ်'' ဟု ဆက်လက်ပြောကြားခဲ့သည်။


မဏ္ဍိုင်သုံးရပ်ဖြစ်တဲ့ ဥပဒေပြု ရေးမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်တို့ တိမ်းစောင်းယိမ်းယိုင်မှု မရှိစေရန်အတွက် စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ မီဒီယာတွေက စောင့်ကြည့်ထောက်မပေးနိုင်ဖို့ လိုအပ်ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံပွဲတွင် ပြည် ထောင်စုတရားသူကြီးချုပ် သက်တမ်း ကို လွှတ်တော်သက်တမ်း၊ သမ္မတ သက်တမ်းတို့အတိုင်း ပြုပြင်ဖို့ရှိပါ သလားဟု ပြည်တွင်းမီဒီယာမှ မေးမြန်းချက်ကို ''လက်ရှိအခြေခံဥပဒေ မှာတော့ ပြည်ထောင်စုတရားသူကြီး ချုပ်ရဲ့သက်တမ်းကို အသက် ၇၀ အထိ သတ်မှတ်ထားပါတယ်။ အဲဒီလို အခွင့်ထူးခံမဖြစ်သင့်ဘူးလို့ ဝေဖန် အကြံပြုတဲ့စာတွေ လွှတ်တော်ကို ရောက်နေပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ဖြေကြားရရင်တော့ သင့်လျော်တဲ့အချိန်မှာ ဥပဒေရေးဆွဲပြီး ပြင်ဆင်နိုင်ဖို့အတွက် လွှတ်တော်ကို တင်ပြသွားဖို့ရှိပါတယ်''ဟု ပြောကြားခဲ့ သည်။

အကျဉ်းထောင်အတွင်း အစာငတ်ခံ ဆန္ဒပြခဲ့သော အကျဉ်းသားများနှင့် မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်တွေ့ဆုံ

အကျဉ်းထောင်အတွင်း အစာ ငတ်ခံဆန္ဒပြခဲ့သောအကျဉ်းသားများ နှင့် မြန်မာနိုင်ငံလူ့အခွင့်အရေး ကော်မရှင်တို့ ဒီဇင်ဘာ၂၇ရက်နှင့်၂၈ရက် တို့တွင် တွေ့ဆုံခဲ့ပြီး နိုင်ငံတော်တည်ငြိမ်ရေးနှင့် အများပြည်သူအေးချမ်း သာယာရေးကိုထိပါးခြင်း မရှိနိုင်သည့် အကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် ကော်မရှင်က နိုင်ငံတော် သမ္မတထံ ထပ်လောင်းတင်ပြခဲ့ ကြောင်း သိရသည်။

မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌခေါင်းဆောင်ပြီး စုစုပေါင်းရှစ်ဦးပါ ကိုယ်စားလှယ် အဖွဲ့သည် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် အင်းစိန်အကျဉ်း ထောင်သို့လည်းကောင်း၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် လှည်းကူးမြို့နယ်ရှိ လှေလှော်အင်းရဲဘက်စခန်းသို့ လည်း ကောင်း၊ ဒီဇင်ဘာလ ၉ ရက်နေ့ တွင် အဖွဲ့ဝင်လေးဦးပါ ကိုယ်စားလှယ် အဖွဲ့သည် မြစ်ကြီးနား အကျဉ်းထောင်သို့ လည်းကောင်း သွားရောက်ခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့သွားရောက်ခြင်းဖြင့် အကျဉ်းသားများ၏ နေ့စဉ်နေထိုင် စားသောက်မှုနှင့် ပြစ်ဒဏ်အသီးသီး ကျခံနေသည့် အကျဉ်းသားများ၏ အခြေအနေကို မျက်မြင်ကိုယ်တွေ့ သိရှိလေ့လာခဲ့ကြောင်း သိရသည်။

အကျဉ်းထောင်အတွင်း၌ မကြာ သေးမီက အစာအငတ်ခံဆန္ဒပြခဲ့ကြ သောအကျဉ်းသားများကိုခွေးတိုက်၌ ထားကြောင်း၊ နှိပ်စက်မှုပြုကြောင်း၊ သောက်ရေကိုပင် မပေးကြောင်းဖြင့် နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့၏ စွပ်စွဲချက်များကို ကော်မရှင် တွင်လက်ခံရရှိခဲ့သည်ဟု သိရသည်။

ထို့ကြောင့် အကျဉ်းထောင်သို့ သွားရောက်စဉ်တွင်မကြာသေးမီက အစာငတ်ခံဆန္ဒပြခဲ့သော အကျဉ်းသားများအနက် သုံးဦးကို ကိုယ်စား လှယ်အဖွဲ့က တွေ့ဆုံမေးမြန်းခဲ့ကြောင်း သိရသည်။

တွေ့ဆုံမေးမြန်းခဲ့သောအကျဉ်း သားများက ၄င်းတို့အား သောက်ရေမပေးခြင်းမှာ မဟုတ်မှန်ကြောင်း၊ ဆန္ဒပြနေစဉ်နှင့် ဆန္ဒပြပြီးကာလ နှစ်ရပ်စလုံးတွင်ဆေးဝါးပြုစုစောင့်ရှောက်မှုကို စီစဉ်ပေးကြောင်း၊ ခွေးတိုက်၌ ထားခြင်းမှာမဟုတ်မှန်ကြောင်း အကျဉ်းသားများက ပြောကြားခဲ့သည်ဟု ကော်မရှင်၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

လှေလှော်အင်းရဲဘက်စခန်းသို့ သွားရောက်စဉ်တွင် ကိုယ်စားလှယ် အဖွဲ့အနေဖြင့် စခန်း၌ ဆောင်ရွက် ပေးထားမှုများကို လေ့လာ၍ ရဲဘက် အချို့ကို တွေ့ဆုံမေးမြန်းခဲ့ကြောင်း၊ ရဲဘက်များက ၄င်းတို့၏အမြင်နှင့် စိုးရိမ်ပူပန်မှုတို့ကို ပွင့်လင်းစွာပြောကြား ကြကြောင်း၊ ရဲဘက်စခန်းမှ တာဝန်ရှိသူများကလည်း ရဲဘက်များ ၏တင်ပြချက်များကို ဆောင်ရွက်ပေး နိုင်ရန် မှတ်သားခဲ့ကြကြောင်း ကော်မရှင်က တရားဝင်သတင်းထုတ်ပြန် ခဲ့ပါသည်။

ထို့အတူအင်းစိန်အကျဉ်းထောင် ၌ထားရှိသည့် အကျဉ်းသားအရေ အတွက်သည် အများဆုံးထားရှိနိုင်သည့် အရေအတွက်ထက်များစွာ ကျော်လွန်လျက်ရှိကြောင်း၊ အကျဉ်းထောင် အတွင်း ကျပ်တည်းစွာနေထိုင်ရမှု သည် အကျဉ်းသားများ အဆင်မပြေမှုများ၏ အခြေခံ အကြောင်းတရား ဖြစ်သဖြင့် အဆိုပါ အခြေအနေကို အချိန်မီ အရေးယူဆောင်ရွက်သင့် ကြောင်း ကော်မရှင်ကသုံးသပ်အကြံ ပြုခဲ့သည်ဟု သိရသည်။

တွေ့ဆုံမေးမြန်းခဲ့သောအကျဉ်းသားများ အနေဖြင့် နိုင်ငံတော်သမ္မတ က ထပ်မံ၍ လွတ်ငြိမ်းချမ်းသာခွင့် ပေးလိမ့်မည်ဟု စိတ်အားထက်သန်စွာ မျော်လင့်နေကြကြောင်း၊ ယင်းကိစ္စ နှင့် ပတ်သက်၍ကော်မရှင်သည် ကျန်ရှိနေသော အကျဉ်းသားများအနက် နိုင်ငံတော်တည်ငြိမ်ရေးနှင့်အများ ပြည်သူအေးချမ်းသာယာရေးကို ထိပါးခြင်းမရှိနိုင်သည့် အကျဉ်းသားများ ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်နေ့ က နိုင်ငံတော်သမ္မတထံ တင်ပြမေတ္တာ ရပ်ခံခဲ့ကြောင်း၊ အဆိုပါမေတ္တာရပ်ခံချက်ကို ကော်မရှင်ကလေးနက်စွာ ထပ်လောင်းတင်ပြကြောင်း သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။