စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Saturday, June 2, 2012

ကမ္ဘာ့စီးပွားရေး ဖိုရမ်ရောက် မြန်မာ ၀န်ကြီး တယောက်


မြန်မာအစိုးရ စွမ်းအင် ၀န်ကြီး ဦးသန်းဌေး ကမ္ဘာ့ စီးပွားရေး ဖိုရမ်တွင် ဆွေးနွေး ပြောကြားစဉ်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပတဲ့ ကမ္ဘာ့ စီးပွားရေး ဖိုရမ်ကို မြန်မာနိုင်ငံက စွမ်းအင်ဝန်ကြီး ဦးသန်းဌေး လည်း တက်ရောက်ခဲ့ပါတယ်။
သူ့အနေနဲ့ ဖိုရမ်မှာ ယမန်နေ့က ပြောသွားတာကတော့ သမ္မတ ဦးသိန်းစိန်က နှုတ်ခွန်းဆက်စကားပြောကြား လိုက်တဲ့ အကြောင်းပြောကြားပြီး မြန်မာနိုင်ငံမှာ သယံဇာတ အားနည်းလာလို့ စွမ်းအင် လုံလောက်မှု မရှိတဲ့ အကြောင်း၊ တဖက်ကလည်း သဘာဝ ဓာတ်ငွေ့တွေလည်း ထုတ်လုပ်နေပြီး စွမ်းအင်အတွက် လုံလောက် အောင် ကြိုးစားနေတယ်ဆိုတာလည်း ပြောသွားပါတယ်။

သဘာဝ ဓာတ်ငွေ့ အများအပြား မြန်မာပြည်က ထုတ်လုပ် ရောင်းချနေတာကြောင့် နိုင်ငံခြား ၀င်ငွေ များများ ရလာနေပြီး စွမ်းအင် အခက်အခဲတွေကို ပြေလည်အောင် ဖြေရှင်းသွားနိုင်မှာဖြစ်ကြောင်းလည်း သတင်းထောက်တွေရဲ့ အမေးကို ၀န်ကြီး ဦးသန်းဌေးက ဖြေကြားသွားတာ သိရပါတယ်။

ဧရာဝတီ

Friday, June 1, 2012

အကျဉ်းထောင်အသီးသီးက ပြန်လည်လွတ်မြောက်လာတဲ့ နိုင်ငံရေး လှုပ်ရှားသူကျောင်းသားတွေကို သက်ဆိုင်ရာ တက္ကသိုလ်တွေမှာ ပြန်လည် တက်ခွင့်ရဖို့ သမ္မတ ဦးသိန်းစိန်က ညွှန်ကြားထားကြောင်း သတင်းရရှိ


အကျဉ်းထောင်အသီးသီးက ပြန်လည်လွတ်မြောက်လာတဲ့ နိုင်ငံရေး လှုပ်ရှားသူကျောင်းသားတွေကို သက်ဆိုင်ရာ တက္ကသိုလ်တွေမှာ
ပြန်လည် တက်ခွင့်ရဖို့ သမ္မတ ဦးသိန်းစိန်က ညွှန်ကြားထားကြောင်း
သတင်းရရှိပါတယ်။

၂၀၀၇ ဗကသ ကျောင်းသား သမဂ္ဂမှာ လှုပ်ရှားခဲ့ကြတဲ့ ကျောင်းသားတွေ ထဲက ကိုဒီငြိမ်းလင်း၊ ကိုရဲမြတ်ဟိန်းနဲ့ ကိုရဲမျိုးတို့ကို သက်ဆိုင်ရာ တက္ကသိုလ် မော်ကွန်းထိမ်းတွေကဆက်သွယ် အကြောင်းကြားလာတယ်လို့
ဆိုပါတယ်။

ရန်ကုန်စီးပွါးရေး တက္ကသိုလ်မှာ မဟာ(ဘွဲ့လွန်) ပထမနှစ် သင်တန်း တက်ရောက်ရင်း ထောင်ဒဏ် ချခံလိုက်ရတဲ့ ကိုရဲမျိုးက သူ့ကို
မော်ကွန်းထိမ်းက ဒီကနေ့ အကြောင်းကြားလာကြောင်း ပြောပါတယ်။

"နိုင်ငံတော် သမ္မတရုံးကနေ ညွှန်ကြားစာ ပညာရေးဝန်ကြီးဌာန ညွှန်ချုပ်ရုံးကို ရောက်ပြီး ညွှန်ချုပ်ရုံးကနေ တဆင့် သက်ဆိုင်ရာ
မော်ကွန်းထိမ်းများဆီကို ညွှန်ကြားစာ ဒီနေ့ ရောက်ပါတယ်။ ကျွန်တော်တို့ ရန်ကုန် စီးပွားရေး တက္ကသိုလ်ကို ညွှန်ကြားစာ ရောက်တာပါ။ ကျွန်တော့်ထံကို မော်ကွန်ထိန်း ဆရာကြီး ဦးတင်အောင်ကနေ လှမ်းပြီးတော့ ဖုန်းဆက် အကြောင်းကြားပါတယ်။ သမ္မတ ကနေ ပြန်လည်လွတ်မြောက် လာတဲ့ ကျောင်းသားကျောင်းသူတွေကို ကျောင်းပြန်လည်တက်ရောက်ခွင့် ရရှိစေရေးအတွက် ကျောင်းနဲ့ပတ်သက်ပြီးတော့ လုပ်ဆောင်စရာတွေ လုပ်ဆောင်နိုင်ဖို့ဆိုတဲ့ ညွှန်ကြားစာပါ အဓိက ကတော့။ တက်ရဖို့ များတယ်လို့ တော့ ဆရာက ပြောပါတယ်။"

အခုလို ဆင့်ခေါ်ခံရတဲ့ ကျောင်းသားတွေနဲ့ ကျောင်းအာဏာပိုင်တွေရဲ့
ဆွေးနွေးချက်တွေကို သမ္မတထံ ပြန်လည် တင်ပြပြီး ကျောင်းပြန်တက်ရမယ့် ရက်ကိုနောက်ပိုင်းမှာ အကြောင်းပြန်ကြားမယ်လို့ ဆိုပါတယ်။

ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် ဘူမိဗေဒ (နောက်ဆုံးနှစ်) ကျောင်းသား
ကိုဒီငြိမ်းလင်းကိုရော ၊ အနောက်ပိုင်း တက္ကသိုလ် သချာင်္ (ဒုတိယနှစ်)
ကျောင်းသား ကိုရဲမြတ်ဟိန်းကိုပါ ပါမောက္ခချုပ်က ခေါ်ယူတွေ့ဆုံခဲ့ပြီး
ကျောင်းစည်းကမ်း တွေ လိုက်နာပါမယ်ဆိုတဲ့ ကတိခံဝန်ချက်
ထိုးခဲ့ရကြောင်း သူတို့ကပြောပါတယ်။ ဒါပေမယ့်ကျောင်းပြန်တက်ရမယ့် ရက် အတိအကျကိုတော့ မသိရသေးဘူးလို့ ပြောပါတယ်။

RFA Burmese

မန္တလေးMGS ကုမ္ပဏီဝန်ထမ်းများ တန်းတူအခွင့်အရေးရရှိ...


မင်းမင်းလတ်-မန္တလေး(မြစ်မခ)


မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ၊ စက်မှုဇုန်(၂)တွင်ရှိသော MGS ကုမ္ပဏီမှဝန်ထမ်းများအား ရန်ကုန် ၀န်ထမ်းများနည်းတူ လစာတောင်းဆိုမှုအတိုင်း လိုက်လျှောခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရှိရသည်။

မန္တလေးတိုင်းဒေသကြီး အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူများက စက်ရုံမန်နေဂျာနှင့် အလုပ်သမားများ ကြားတွင် ကြား ၀င်ဖြန်ဖြေပေး မှုကြောင့် MGS မန္တလေးစက်ရုံမှုးက လစာတိုးပေးပါမည်ဆိုသည့်အကြောင်းအား အလုပ်သမားဝန်ကြီးဌာန တာဝန်ရှိသူများရှေ့တွင် စာချုပ်ချုပ် လက်မှတ်ရေးထိုးကာ ကတိပေးခဲ့ခြင်းဖြစ်သည်။

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ၊ စက်မှုဇုန်(၂)တွင်ရှိသော MGS ကုမ္ပဏီမှဝန်ထမ်းများ လစာတန်းတူ ရလိုမှုဖြင့် စက်ရုံပြင်ပတွင် အလုပ်မဆင်းပဲ ဆန္ဒထုတ်ဖေါ်ခဲ့ကြသည်။

အဆိုပါကုမ္ပဏီသည် စတားအချိုရည်ကုမ္ပဏီဖြစ်ပြီး ၀န်ထမ်းများကိုလစာတိုးပေးရာတွင် ရန်ကုန်နှင့် တန်းတူ မပေးပဲ လျှော့ပေးခဲ့သဖြင့် အလုပ်သမားများက အလုပ်မဆင်းပဲ ကန့်ကွက်ဆန္ဒထုတ်ဖေါ်ပြသခဲ့ခြင်းဖြစ်သည် ဟု ဆန္ဒ ထုတ်ဖေါ်သည့်ဝန်ထမ်းများက ဆိုသည်။

‘’ခုဖြစ်နေတဲ့ပြသနာက ၀န်ထမ်းတွေကို လစာတန်းတူ တိုးမပေးလို့ဖြစ်တာပါ၊ ရန်ကုန်မှာတော့ အဆင့်တစ်ရော နှစ်ရောကို နှစ်သောင်း တိုးပေးပြီး မန္တလေးမှာကြတော့ အဆင့်တစ်ကို တစ်သောင်းနှစ်ထောင့်ငါးရာနဲ့ အဆင့်နှစ်ကို တစ်သောင်းခွဲပဲ တိုးပေးတယ် “ဟု စက်ရုံရှေ့တွင် ဆန္ဒထုတ်ဖေါ်နေသူ အမျိုးသားဝန်ထမ်း တစ်ဦးက ပြောသည်။

ယနေ့ဖြစ်ပေါ်ခဲ့သော ဆန္ဒထုတ်ဖေါ်မှုတွင် ၀န်ထမ်းအင်အား တစ်ရာကျော်ပါဝင်ခဲ့ပြီး ထုတ်လုပ်မှုနှင့် အရောင်းဌာန နှစ်ခုစလုံးမှ ၀န်ထမ်းများပါဝင်သည်။

“ကျွန်တော်တို့ဒီစက်ရုံက သူဌေးက ရန်ကုန်ကစက်ရုံကသူဌေးနဲ့ အတူတူပဲ ၊ ရန်ကုန်က အဆင့်တစ်ဝန်ထမ်း တွေကျ နှစ်သောင်းပေးပြီး ကျွန်တော်တို့ကျတော့ သောင်းနှစ်ထောင့်ငါးရာပဲတိုးပေးလို့ တန်းတူရအောင် ဆန္ဒ ထုတ်ဖေါ်တာပါ”ဟု လုပ်သက် တစ်ဆယ့်သုံးနှစ် ရှိပြီဖြစ်သော မစုစုထွေးက မြစ်မခသို့ ရှင်းပြသည်။

တန်းတူအခွင့်အရေးအတွက် ငြိမ်းချမ်းစွာတောင်းဆိုခဲ့သော အလုပ်သမားများအား မန္တလေးMGS မှ တာဝန်ရှိ သူတစ်ဦးက ၀န်ထမ်းများအား မချေမငံပြောဆိုခဲ့ကြောင်းကိုလည်း သိရှိရသည်။

‘’ခုလိုမျိုးတန်းတူအခွင့်အရေးရဖို့တောင်းတဲ့အချိန်မှာ ကျွန်တော်တို့ကို ထမင်းငတ်ရင် အထဲဝင်ပြီး ထမင်းစားမှာပါကွာဆိုပြီးပြော တယ်ဆိုတာ ပြန်ကြားရတယ် ၊ အမှန်တော့ လူကြီးဖြစ်ပြီး အဲလိုမျိုးမပြောသင့် ပါဘူး၊ လစာတိုးရင် သူတို့လည်း ခံစားရမှာပါပဲ ´´ ဟု MGS ၀န်ထမ်းတစ်ဦးကပြောသည်။

Shwe Myitmakha Media Group

အဓမ္မကျင့် လူသတ်သူများ သေဒဏ်ပေးရန် ဒေသခံများ တောင်းဆို


အခင်းဖြစ်ပွားသည့် ရမ်းဗြဲမြို့နယ်အတွင်းရှိ ရွာတရွာ မြင်ကွင်း (ဓာတ်ပုံ - နိရဉ္စရာ)

ရခိုင်ပြည်နယ် အတွင်း အမျိုးသမီးတဦးအား အဓမ္မ ပြုကျင့် သတ်ဖြတ်ခဲ့သည့် တရားခံများကို သေဒဏ်ပေးရန် ဒေသခံများက တောင်းဆိုထားကြောင်း သိရသည်။

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော်ဒေသ၌ အသက် ၂၆ နှစ်အရွယ်ရှိ မသီတာထွေးသည် မေလ ၂၈ ရက် ညနေ ၅ နာရီအချိန်က ကျောက်နီမော်ကျေးရွာမှ ၎င်း၏ ဇာတိရွာဖြစ်သည့် သပြေချောင်ရွာသို့ အပြန်လမ်း၌ အစ္စလမ် ဘာသာဝင် ၃ ဦးက အဓမ္မပြုကျင့်ခြင်း၊ လက်ဝတ်ရတနာ တချို့ကို လုယူခြင်း၊ သတ်ဖြတ်ခြင်းတို့ လုပ်ဆောင်ခဲ့မှုနှင့် ပတ်သက်၍ ယခုကဲ့သို့ ဒေသခံများက တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

တရားခံများအား သေဒဏ်ပေးမည်ဟု ပြည်နယ်အစိုးရက ကတိပေးထား၍ သေဒဏ်ပေး၊ မပေးကို စောင့်ကြည့်ရန် ဒေသခံ ရပ်မိ ရပ်ဘများ၊ သံဃာတော်များ၊ ကျောင်းသား လူငယ်များ၊ အမျိုးသမီးများ ပါသည့် စောင်ကြည့်ရေး ကော်မတီ တရပ်ကို ယခု ရက်ပိုင်းတွင် ဖွဲ့စည်းသွားမည်ဟု ဒေသခံများက ပြောသည်။

မသီတာထွေး၏ ဈာပန အခမ်းအနားကို သေနတ် ၃ ချက်ဖောက်၍ ကျောက်နီမော် သုဿာန်၌ ယမန်နေ့က ကျင်းပ ခဲ့ကြောင်း၊ အခမ်းအနားသို့ ဒေသတ၀ိုက် ကျေးရွာအများအပြားမှ ကျောင်းသားလူငယ်များ၊ အမျိုးသမီးများပါဝင်သည့် ထောင်ချီသော လူအုပ်ကြီးသည် မသီတာထွေး၏ ဓာတ်ပုံများနှင့် “တာဝန်ကျ စခန်းမှူး ချက်ချင်း ဖြုတ်၊ တရားခံများ အား သေဒဏ်ပေး” ဟူသော ပိုစတာများ ကိုင်ဆောင်၍ ကြွေးကြော်ခဲ့ကြောင်း သိရသည်။

ဈာပန အခမ်းအနားသို့ ပြည်နယ် အစိုးရအဖွဲ့၏ နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီး ထိန်လင်းနှင့် အစိုးရ အဖွဲ့ဝင် တချို့ တက်ရောက်ခဲ့ကြောင်း၊ တရားခံများအား သေဒဏ်ပေးမည်ဟု ပြည်နယ်အစိုးရအဖွဲ့မှ ပြည်သူလူထုကို ကတိပေးခဲ့ကြောင်း၊ တရားခံအား သေဒဏ်ပေးရေးနှင့် စခန်းမှူး ဖယ်ရှားပေးရေးကို ပြည်ထောင်စု အစိုးရထံလည်း တောင်းဆိုထားကြောင်း ဒေသ ခံများက ပြောသည်။

ထိုဒေသရှိ ဗုဒ္ဓဘာသာဝင်များနှင့် အစ္စလမ်ဘာသာဝင်များအကြား မကြာခဏ ပဋိပက္ခ ဖြစ်လေ့ရှိ၍ ဒေသခံ ရဲတပ်ဖွဲ့နှင့် အာဏာပိုင်များထံ တိုင်ကြားသော်လည်း အာဏာပိုင်များက လာဘ်ပေး၊ လာဘ်ယူမှုများ ပြုလုပ်ကာ အလေးထားခြင်း၊ တာဝန်ယူဖြေရှင်းပေးခြင်း မရှိဟု သိရသည်။

“ရဲအုပ် သန်းလွင်ဆိုတဲ့ စခန်းမှူးကို တနယ်လုံးက သဘောမကျကြဘူး။ အမှုတခု တိုင်မယ်ဆိုရင်တောင် ငွေကိုအရင်တောင်း တယ်၊ ဟိုဘက်က ငွေပုံပေးရင် အမှုကိုဖျောက်ဖျက်တယ်။ ဒီလုပ်ရပ်တွေဟာ အခုလိုမျိုး အဖြစ်ဆိုးကြီး ဖြစ်ပေါ်ဖို့ လမ်းစတွေလိုဖြစ်သွားတာပေါ့” ဟု ဒေသခံ တဦးဖြစ်သည့် ဦးအောင်ဇံဝေက ဆိုသည်။

မသီတာထွေးသည် ကျောက်နီမော်၌ စက်ချုပ်သင်တန်း တက်နေသည့် အိမ်မှ မိမိရွာသို့ ပြန်ခြင်း ဖြစ်ကြောင်း၊ ပုံမှန် အိမ်ပြန် ရောက်ချိန် ရောက်မလာသည့်အတွက် မိဘဆွေမျိုးများက ကျောက်နီမော် ရဲစခန်းသို့ တိုင်ကြားခဲ့သော်လည်း အလေးထားမှု မရှိခဲ့ကြောင်း သိရသည်။

“အိမ်ကိုအပြန် လူခြေပြတ်တဲ့ နေရာတခုမှာ ဖြစ်တာပါ။ အဓမ္မကျင့်ပြီးတော့ လည်ပင်းကို ဓားနဲ့လှီးထားတာ၊ တကိုယ်လုံးကို ဓားနဲ့ မွှန်းထားတာတွေ တွေ့ရပါတယ်” ဟု မျက်မြင် ဒေသခံ တဦးက ပြောသည်။

မသီတာထွေးသည် ယခင်က အဖော်များနှင့်သာ အိမ်ပြန်လေ့ရှိသော်လည်း ထိုနေ့က တယောက်တည်း ပြန်ခဲ့၍ ယခုကဲ့သို့ အသတ်ခံခဲ့ရကြောင်း သိရသည်။

ကျောက်နီမော်သည် ရမ်းဗြဲမြို့နယ်၏ မြို့နယ်ခွဲ ကျေးရွာကြီး တခုဖြစ်ပြီး တိုက်နယ်ဆေးရုံ၊ ရဲစခန်း၊ အစိုးရ စစ်တပ်တချို့တည် ရှိသည့် ဒေသ ဖြစ်သည်။ ကျောက်နီမော်၊ စံပြရပ်ကွက်၊ ကျောက်ထရံ၊ ရွာသာယာ စသည့်ကျေးရွာများ၌ အစ္စလမ် ဘာသာဝင် အများအပြား နေထိုင်ကြသည်။

ထိုဒေသ၌ တာဝန်ယူထားသည့် အာဏာပိုင်များသည် ပြစ်မှုကျူးလွန်သည့် တရားခံများအား တိုင်ကြားပါက လာဘ်ငွေယူကာ တရားခံ မဟုတ်သည့် ဒေသခံများကို ဖမ်းဆီးခြင်း၊ ထောင်ချခြင်းတို့ လုပ်ဆောင်လေ့ရှိကြောင်းလည်း ဒေသခံများက ပြောသည်။

တရားခံ အစစ်များကို ပြည်သူ့ ရှေ့မှောက် ထုတ်ပြပေးရန် အတွက် ဒေသခံ ၇၀၀ ခန့်သည် ကျောက်နီမော် ရဲစခန်းအား ၀ိုင်းဝန်း၍ဆန္ဒပြခြင်း၊ ရမ်းဗြဲမြို့ အုပ်ချုပ်ရေးမှူးရုံးသို့ ချီတက် ဆန္ဒပြခြင်းတို့အား မေလ ၃၀ ရက်နေ့က လုပ်ဆောင်ခဲ့ပြီး ကျေနပ်မှု မရှိသေးသည့် ဒေသခံ ရာချီသော လူအုပ်ကြီးသည်လည်း ကျောက်နီမော် ဆေးရုံ၊ ရဲစခန်း တ၀ိုက်၌ ယနေ့ နံနက်ပိုင်းအထိ နေရာယူထားဆဲ ဖြစ်ကြောင်း သိရသည်။

မသီတာထွေးအား အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့သည့် ကိစ္စနှင့်ပတ်သက်၍ ဖမ်းဆီထားသည့် တရားခံများသည် အစစ်အမှန် များဖြစ်ကြောင်း၊ ၎င်းတို့ ထံမှ မသီတာထွေး၏ လက်ဝတ်ရတနာ တချို့ကို သိမ်းဆည်းရမိထားကြောင်း၊ ၎င်းတို့အား ယခုအခါ ကျောက်ဖြူမြို့နယ် ရဲစခန်းတွင် ဖမ်းဆီးထားကြောင်း ဒေသခံများက ပြောသည်။

တရားများခံဟု ဖမ်းဆီးခံထားရသူများမှာ ကျောက်ထရံ ကျေးရွာမှ ရော်ဖိ (၁၈ နှစ်)၊ ထက်ထက် (၂၃ နှစ်) နှင့် လူယု (၂၁ နှစ်) တို့ဖြစ်ကြောင်း သိရသည်။

ဧရာဝတီ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ " အမေ့ဥယျာဉ် " ပညာဒါနကျောင်းနှင့် ပညာရေးကွန်ယက်၊ မုံရွာမြို့နယ်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ " အမေ့ဥယျာဉ် " ပညာဒါနကျောင်းနှင့် ပညာရေးကွန်ယက်၊ မုံရွာမြို့နယ်

(၁၀)တန်းအောင်မြင်ပြီးသူများအတွက် ....
အင်္ဂလိပ်ဘာသာစကားကျွမ်းကျင်မှုသင်တန်း
Speaking, Listening, Reading, Writing & Grammer

၇၊ ၆၊ ၂၀၁၂ ရက်နေ့တွင် စတင်ဖွင့်လှစ်ပါမည်။ သင်တန်းကာလ (၃)လ။
လူဦးရေ ကန့်သတ်ထားပါသည်။

သင်ကြားမည့်နေရာ - ဦးသန့်အောင် (Mega Talents)
Bachelor in Information Technology
B.A (English)

မုံရွာမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် လာရောက်လျှောက်ထားနိုင်ပါသည်။
သင်တန်းကြေး - အခမဲ့။
ဆက်သွယ်ရန် - ၀၉ - ၆၈၁၈၀၅၀
(မုံရွာမြို့နယ်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးဖုန်း)


အေးမြမြလွင်
သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
မုံရွာမြို့နယ်

လှိုင်သာယာစက်မှုဇုန် (၄) မှာရှိတဲ့ အာရှဖူဂျီ အထည်ချုပ်စက်ရုံက အလုပ်သမားတွေ စက်ရုံတွင်းမှာ လုပ်ခလစာတိုးပေးဖို့ အပါအ၀င် ကျန်းမာရေးကြောင့် အလုပ်မဆင်းနိုင်တာကို ပိုက်ဆံမဖြတ်ဖို့ စတဲ့အချက်တွေကို တောင်းဆိုခဲ့တာကို စက်ရုံတာဝန်ရှိသူတွေဘက်က ဆွေးနွေး ညှိနှိုင်းတာမျိုး မလုပ်ဘဲ ရဲနဲ့ဖမ်းမယ်လို့ ခြိမ်းခြောက်ပြောဆို

လှိုင်သာယာစက်မှုဇုန် (၄) မှာရှိတဲ့ အာရှဖူဂျီ အထည်ချုပ်စက်ရုံက အလုပ်သမားတွေ စက်ရုံတွင်းမှာ လုပ်ခလစာတိုးပေးဖို့ အပါအ၀င် ကျန်းမာရေးကြောင့် အလုပ်မဆင်းနိုင်တာကို ပိုက်ဆံမဖြတ်ဖို့ စတဲ့အချက်တွေကို တောင်းဆိုခဲ့တာကို စက်ရုံတာဝန်ရှိသူတွေဘက်က
ဆွေးနွေး ညှိနှိုင်းတာမျိုး မလုပ်ဘဲ ရဲနဲ့ဖမ်းမယ်လို့ ခြိမ်းခြောက်ပြောဆို
လာလို့ အလုပ်သမား (၂၀၀) လောက်က မနေ့ ညနေပိုင်းကစလို့ အလုပ်မဆင်းဘဲ စက်ရုံရှေ့ထွက်ပြီး ဆန္ဒပြနေတယ်လို့ သိရပါတယ်။

စက်ရုံတွင်းမှာ ငြိမ်းချမ်းစွာ တောင်းဆိုခဲ့တဲ့ အလုပ်သမား (၄၀)လောက်ကို စက်ရုံ တာဝန်ရှိသူတွေဘက်က ခြိမ်းခြောက် ပြောဆိုလို့ အခုလို ဆန္ဒပြခဲ့တဲ့ အခြေအနေကို ဆန္ဒပြ အလုပ်သမ တဦးက ပြောပါတယ်။

"လစာကို သူများစက်ရုံတွေမျိုးပဲ သုံးသောင်းတိုးချင်တယ်။ အထဲမှာ တောင်းဆိုတာကို သူတို့ဘက်က လုံးဝမလက်မခံဘူးလေ။ လက်မခံတဲ့အတွက်ကြောင့်မို့ သမီးတို့ အပြင်ကိုထွက်ပြီးတောင်းဆိုတယ်။ ဒီနေ့ဆိုရင် (၄)ရက်ရှိသွားပြီ။ ပထမပိုင်းက လူနည်းတယ်။ အခုဟာက လူများတယ်။ နှစ်ရာလောက်ရှိတယ်။ အပြင်ထွက်တယ် ဆိုတာကလည်း ပထမ ထွက်နေတဲ့သူတွေကို ထုတ်မယ်လို့ ရဲခေါ်ပြီး အဖမ်းခိုင်းမယ်တို့ အရေးယူခိုင်းမယ်လို့ အဲလိုမျိုးတွေကြားတဲ့အခါကြတော့ မနေ့က နေ့ခင်းလောက်ကစပြီး လူအများကြီးနဲ့ထွက်တာ။"

အာရှဖူဂျီစက်ရုံမှာ အလုပ်သမား (၃၀၀) ကျော်လောက်ရှိပြီး အဲဒီစက်ရုံတွင်းမှာ အလုပ်ချိန် မနက်ရှစ်နာရီကနေ ညနေ (၆)နာရီခွဲအထိ အလုပ်လုပ်ကြရပြီး အချိန်ပိုကြေးလည်းမရရှိဘူး လို့သိရပါတယ်။

အနိမ့်ဆုံးလုပ်အားခ (၆၀၀၀၀) ခြောက်သောင်းကနေ အမြင့်ဆုံး ရှစ်သောင်းကျော်ရရှိပေမယ့် ကျန်းမာရေးကြောင့် အလုပ်တရက်
နားခဲ့မယ်ဆိုရင် ကျပ်ငွေ (၁၂၀၀၀)ထိ ဖြတ်တောက်တာကြောင့် တချို့ ကျန်းမာရေးမကောင်းတဲ့ အလုပ်သမားတွေ လုပ်ခလစာ ထုတ်တဲ့အခါ တပြားမှ မကျန်တဲ့ အခြေအနေတွေထိ ဆိုးဝါးကြောင်း စောစောက အလုပ်သမက ဆက်ပြောပါတယ်။

အလားတူ လှိုင်သာယာစက်မှုဇုန်(၃)ထဲမှာရှိတဲ့ ပေါ်ပြူလာနဲ့ ဂရင်းဂယ်လိုရီ အထည်ချုပ်စက်ရုံ (၂)ရုံမှာလည်း အလုပ်သမား နှစ်ထောင်လောက် အခြေခံလုပ်ခလစာတိုးပေးဖို့ တောင်းဆို ဆန္ဒပြနေတယ်လို့ အလုပ်သမား
သမဂ္ဂဖြစ်မြောက်ရေးကော်မတီအဖွဲ့ဝင် ကိုထွန်းထွန်းနိုင်က အခုလိုပြောပါတယ်။

"ဒီကနေ့လှိုင်သာယာစက်မှုဇုန်ထဲက ပေါ်ပြူလာဆိုတဲ့ အထည်ချုပ်
စက်ရုံရယ်နောက်တခါ ဂရင်းဂယ် လိုရီ ဆို တဲ့စက်ရုံရယ်
နှစ်ရုံပေါင်းဆိုရင်တော့ လူအင်အား နှစ်ထောင်ဝန်းကျင် လောက်ရှိမှာပေါ့ ဆန္ဒပြနေတယ်။ အကုန်လုံးက အခု သုံးသောင်းဆိုပြီးတော့ အားလုံး တည်ပြီးတော့ တောင်းဆိုကြပါတယ်။ နောက်တခါ သူတို့ ရက်မှန်ကြေးတို့ အိုတီဆုကြေး တို့ အဲဒီထဲမှာထည့်ပြီးတော့ ပေါင်းမပေးဘဲ သီးခြားပိုက်ဆံပေးဖို့ကို သူတို့ကတောင်းဆိုနေကြတာ သူတို့အထဲမှာ ရှိတဲ့ အခက်အခဲလေးတွေပေါ့ ။ အဲဒါလေးတွေ တောင်းဆိုကြတာ အဓိက က သူတို့က လစာသုံးသောင်း ထပ်ပြီးတိုးပေးဖို့ တောင်းတာပဲ။"

အခုဆန္ဒပြနေတဲ့ အာရှဖူဂျီ၊ ပေါ်ပြူလာ၊ ဂရင်းဂယ်လိုရီ အထည်ချုပ်စက်ရုံတွေမှာ အလုပ်သမားတွေတောင်းဆို ဆန္ဒပြနေတဲ့ အချက်တွေနဲ့ပတ်သက်လို့ လုပ်ငန်းရှင်တွေဘက်က တစုံတရာ ညှိနှိုင်းဆွေးနွေးတာမျိုး ဒီကနေ့ ညနေအထိ မရှိသေးဘူးလို သိရပါတယ်။

RFA Burmese

မျိုးဆက်သစ် လူငယ်များ အစည်းအရုံး Generation Wave အဖွဲ့က ဦးဆောင်တဲ့ “ထာဝရ ငြိမ်းချမ်းရေး 67” အမည်နဲ့ လက်မှတ်ရေးထိုး လှုပ်ရှားမှု မနေ့က စပြီး လက်မှတ်တွေ ကောက်ခံနေ




မျိုးဆက်သစ် လူငယ်များ အစည်းအရုံး Generation Wave အဖွဲ့က ဦးဆောင်တဲ့ “ထာဝရ ငြိမ်းချမ်းရေး 67” အမည်နဲ့ လက်မှတ်ရေးထိုး လှုပ်ရှားမှု အဖြစ် ရန်ကုန်မြို့ နေရာအနှံ့မှာ မနေ့က စပြီး လက်မှတ်တွေ ကောက်ခံနေပါတယ်။

တိုင်းရင်းသား ဒေသတွေက လက်နက်ကိုင် တိုက်ခိုက်မှုတွေ အမြန်ဆုံးရပ်တန့်ပြီး ပြည်တွင်း ငြိမ်းချမ်းရေး ရရှိဖို့အတွက် ရည်ရွယ်ပြီး ဒီလှုပ်ရှားမှုကို စတင်ခဲ့တာပါ။

လာမယ့် ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်မယ့် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၇ နှစ်မြောက် မွေးနေ့ကို ရည်ရွယ်ပြီး လူ ၆ သိန်း၊ ၇ သောင်း၊ ၆ ထောင် ၇ ရာ၊ ၆ ဆယ့် ၇ ဦးရဲ့ လက်မှတ်တွေကို စုစည်းနေတာ ဖြစ်ပါတယ်။

ကောက်ခံရရှိတဲ့ လက်မှတ်တွေကို နိုင်ငံတော်သမ္မတ၊ အစိုးရအဖွဲ့နဲ့
ဒေါ်အောင်ဆန်း စုကြည် အပါအဝင် တိုင်းရင်းသား အဖွဲ့အစည်းတွေ နဲ့ ကုလသမဂ္ဂ အထိ ပေးပို့ပြီး မြန်မာနိုင်ငံ ထာဝရ ငြိမ်းချမ်းရေး အတွက်
တောင်းဆို ဆန္ဒပြု သွားမယ်လို့ သိရပါတယ်။

RFA Burmese

ရန်ကုန် သွားရေး လာရေး အဆင်မပြေသေး …

မှတ်တိုင်တွင် ချောင်သည့်ကားကို စောင့်မျှော်နေသူတချို့ (ဓာတ်ပုံ - blogcatalog.com)



ယခုလက်ရှိ မြန်မာနိုင်ငံတွင် တန်ဖိုးပိုမိုသက်သာသည့် မိုဘိုင်းဖုန်းများကို ချထားပေးခြင်း၊ အသစ်ပြင်ဆင်လိုက်သည့် မော်တော် ယာဉ် တင်သွင်းခွင့် မူဝါဒသစ်များ သတ်မှတ်ပေးခြင်း၊ အခွန်ကဏ္ဍတွင် လျှော့ပေါ့ပေးခြင်းများသည် လူတန်းစားတချို့အတွက် အဆင်ပြေလာစေသော်လည်း အခြေခံလူတန်းစား အများဆုံး အားထားနေရသည့် မြို့တွင်း သယ်ယူပို့ဆောင်ရေးကဏ္ဍတွင်မူ သိသာသည့်ပြောင်းလဲမှု တစုံတရာ ပေါ်ထွက်လာခြင်း မရှိသေးပေ။

နေ့စဉ် ယာဉ်လိုင်းပေါင်း ၅၀ ကျော်က ပြေးဆွဲနေသည့် ယာဉ်အစီးရေမှာ ၁၅၀၀ နှင့် ၁၆၀၀ ကြားတွင်ရှိနေသည်။ ယင်းပမာဏ၏ သုံးပုံတပုံမှာ အနည်းဆုံး ယာဉ်စီးခ၂၀၀ ကျပ်မှ အများဆုံး ၃၀၀ အထိရှိသော အထူးမဟုတ်တော့သည့် သီးသန့် ယာဉ်လိုင်း အမည် ခံ လိုင်းများပင်ဖြစ်သည်။

နိုင်ငံတခု၏ အဓိကကျသော စီးပွားရေးလုပ်ငန်း တိုးတက်ကောင်းမွန်ရန်အတွက် နောက်ထပ် အဓိကကျသည့် အခြေခံလုပ်သား အများဆုံး အသုံးပြုနေကြသည့် ယာဉ်လိုင်းများ၏ အခန်းကဏ္ဍသည် လက်ရှိအချိန်တွင် ပိုမိုအရေးပါလာပြီဖြစ်ကြောင်း ပြည်တွင်းရှိ စီးပွားရေး လုပ်ငန်းရှင်များက ပြောဆိုကြသည်။

“ဒီမှာသယ်ယူပို့ဆောင်ရေးနဲ့ ပတ်သတ်ပြီး အဓိကလုပ်သင့်တာက အများကြီးပဲ။ ပထမ လမ်းတွေပြင်ရမယ်။ အပေါ်ယံမရဘူး။ နောက် ယာဉ်လိုင်းတွေ ထပ်တိုးရမယ်။ အများကြီးပေါ့။ နောက် ခရီးသည်တွေကို သက်သောင့်သက်သာဖြစ်စေမယ့် ဝန်ဆောင်မှုမျိုးပေးဖို့ တော်တော်ကို လိုအပ်နေပြီ။ ဒီအချက်က တော်တော်အရေးကြီးတယ် လေ”ဟု ယာဉ်မောင်းလုပ်သက် ၁၀ နှစ်ကျော်ရှိပြီဖြစ် သည့် အသက် ၅၀ အရွယ်ရှိ မထသ ယာဉ်မောင်းတဦးက ပြောသည်။

ရန်ကုန်မြို့တွင်း နေ့စဉ်နှင့်အမျှ ယာဉ်လိုင်းများကို စီးနင်းအသုံးပြုနေကြသည့် ခရီးသွားအများစု အဓိက ကြုံတွေ့နေကြရသည့် ပြ ဿနာ များမှာ ယာဉ်တစီး၏ အင်္ဂါရပ် ပြည့်စုံမှုမရှိတော့သည့် ယာဉ်အိုများကို စီးနင်းရခြင်း၊ ခရီးသည်များ၏ အသက်အန္တရာယ်လုံခြုံ ရေးထက် ဝင်ငွေပိုမိုရရှိရေးကိုသာ ဦးစားပေးသည့် ယာဉ်လိုင်းအရေအတွက်က များပြားနေခြင်း၊ အထူး အမည်ခံ သီးသန့်ကားများသည် ရိုးရိုးယာဉ်လိုင်းများထက် ခရီးသည်ပိုမိုတင်ဆောင်ခြင်းနှင့် အမျိုးသမီးများ၏ ကာအိနြေ္ဒ လုံခြုံမှုကို မပေးနိုင်ခြင်းတို့ဖြစ်သည် ဟု ခရီးသည်တချို့က ပြောကြသည်။

“ဟိုအရင်ကတည်းကလည်း ယာဉ်လိုင်းတွေ ကျပ်ခဲ့တာ အခုထိပဲ။ ဘာမှ ပြောင်းလဲလာတာ မရှိဘူး။ တနေ့တနေ့ လိုင်းကားစီးရတဲ့ ဒုက္ခက မနည်းလှဘူး။ အမျိုးသမီးတွေအတွက်ဆို ပိုဆိုးပါတယ်။ အမျိုးသမီးတွေလည်း အမျိုးသားများနည်းတူ ခိုစီး၊ တွယ်စီး နေရ တာတွေက အများအမြင် မကောင်းတော့ဘူး။ ဒီ သယ်ယူပို့ ဆောင်ရေးကဏ္ဍကို သိသိသာသာတော့ ပြောင်းလဲပေးဖို့ လိုနေပါပြီ” ဟု အသက် ၃၅ နှစ်ခန့်ရှိ နေ့စဉ် လိုင်းကားအသုံးပြုရသူ ကုမ္ပဏီ မန်နေဂျာတဦးက ဆိုသည်။

မထသနှင့် ပါရမီ ယာဉ်လိုင်းတို့မှ တာဝန်ရှိသူများ၏ အဆိုအရ နောက်ထပ် ထပ်မံဖြည့်တင်းမည့် ယာဉ်လိုင်း အရေအတွက် ငါးခု အထိ ရှိနေပြီး လတ်တလောတွင် စီအင်န်ဂျီ ဓာတ်ငွေ့ လုံလောက်စွာ မရရှိသောကြောင့် မပြေးဆွဲနိုင်သေးခြင်းဖြစ်သည်ဟု သိရ သည်။

အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ထိုင်းနှင့် စင်္ကာပူ ကဲ့သို့သော နိုင်ငံများတွင် အခြေခံလူတန်းစား အများဆုံး အသုံးပြုကြသည့် သယ်ယူ ပို့ဆောင်ရေး ကဏ္ဍများကို နိုင်ငံခြားသားများပါ အသုံးပြုနိုင်ကြသည့်တချိန်တည်း၌ မြန်မာနိုင်ငံတွင် နိုင်ငံခြားသားများနှင့် ကမ္ဘာလှည့် ခရီးသွားများမှာ သီးသန့် အငှားယာဉ်များကိုသာ အများဆုံးအသုံးပြုနေကြရသည်ဟု ပြည်ပရောက် မြန်မာနိုင်ငံသား တချို့က ပြောသည်။

“လက်ရှိပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတဲ့ နိုင်ငံတနိုင်ငံကို နိုင်ငံတကာက ကြည့်မယ်ဆိုရင် ဒီလိုမြို့တွင်း သယ်ယူပို့ဆောင်ရေး က အစ ကြည့်တော့မှာ။ ဒါကိုချန်ထားလို့ မရဘူး။ ဥပမာ ထိုင်းမှာ ကြည့်မလား၊ စင်္ကာပူမှာ ကြည့်မလား။ အများပြည်သူ အတွက် ဈေးနှုန်းသင့်တင့်တဲ့ သယ်ယူပို့ဆောင်ရေး ကဏ္ဍ တခု အောင်မြင်ဖို့ တော်တော် အရေးကြီးတယ်။ လက်ရှိ မြို့တွင်း ပြေးဆွဲနေတဲ့ သယ် ယူပို့ဆောင်ရေးစနစ်ကိုပါ အခုကစပြီး လုံးဝအသစ်ဖြစ်အောင် ပြောင်းလဲပစ်ဖို့ လိုနေပြီ။ အခြေခံလူတန်းစားတွေ အတွက်လည်းကြည့် ရမယ်။ နိုင်ငံတကာက ဝင်လာမယ့်ရင်းနှီးမြှုပ်နှံသူတွေအတွက်လည်း ကြည့်ရမယ်”ဟု နိုင်ငံတကာအတွေ့အကြုံရှိသည့် ပြည် တွင်း စီးပွားရေး လုပ်ငန်းရှင် တဦးက ပြောဆိုသည်။

အထက်ပါပြဿနာများအပြင် ခရီးသည် ဝန်ဆောင်မှု ကောင်းစွာပေးနိုင်မည့် ကျွမ်းကျင်ယာဉ်လုပ်သား လိုအပ်မှုသည်လည်း တဆက်တည်းဖြစ်နေသည့် အကြောင်းအရင်းတခု ဖြစ်သည်။

“ဥပမာ ခရီးသည်နဲ့ အဓိကဆက်ဆံရတဲ့ ယာဉ်နောက်လိုက်ပေါ့။ သူတို့ရဲ့ ခရီးသည်ကိုဆက်ဆံတဲ့ဝန်ဆောင်မှုက အရမ်းအရေးကြီး တယ်။ အခုလက်ရှိ ယာဉ်နောက်လိုက်အများစုရဲ့ ခရီးသည် ဝန်ဆောင်မှုက အခြေအနေဆိုးနေတယ်။ ဒါက အစိုးရရဲ့လိုအပ်ချက်ပါပါတယ်။ သူတို့ ကောင်းကောင်း သင်ကြားပေးဖို့ လိုတယ်”ဟု ရန်ကုန်မြို့တွင်း နေထိုင်သူ အငြိမ်းစား ကျောင်းအုပ် ဆရာတဦးက လည်း ပြောကြားသည်။

လက်ရှိကြုံတွေ့နေရသည့် မြို့တွင်းယာဉ်လိုင်းများ၏ ပြဿနာကို ဖြေရှင်းရာတွင် အစိုးရအနေဖြင့် ပြည်သူနှင့်တသားတည်းကျမည့် ပုဂ္ဂလိက ယာဉ်လိုင်းများကိုလည်း အများအပြားခွင့်ပြုသင့်ကြောင်း ပြည်ပရောက် မြန်မာနိုင်ငံသားစီးပွားရေးလုပ်ငန်းရှင်တချို့က အကြံပြု ကြသည်။

အစိုးရအနေဖြင့် မြို့တွင်း သယ်ယူပို့ဆောင်ရေး ကဏ္ဍတွင် ခရီးသည်နှင့် ယာဉ်လိုင်းမျှတရန် ယာဉ်လိုင်းများ ထပ်မံဖြည့်တင်းပေး မည် ဆိုလျှင်လည်း လက်ရှိ ရန်ကုန်မြို့၏ လမ်း စနစ်များနှင့် အံဝင်ခွင်ကျဖြစ်မည်မဟုတ်ဘဲ သွားလာရေး ပိုမိုခက်ခဲလာစေမည်ဖြစ် သည်။

မေရီကို

မြန်မာနိုင်ငံ ရှေ့နေကွန်ရက် အဖွဲ့ရဲ့ စာတမ်းဖတ်ကြား ဆွေးနွေးပွဲကို ဒီကနေ့ ညနေပိုင်းက ရန်ကုန်မြို့ တော်ဝင်နှင်းဆီ ခန်းမမှာ ကျင်းပ




မြန်မာနိုင်ငံ ရှေ့နေများကောင်စီ ကို လွတ်လပ်စွာ ဖွဲ့စည်းခွင့်ရရေး နဲ့ နိုင်ငံရေးအကျဉ်းကျ ရှေ့နေများ လိုင်စင် ပြန်လည်ရရှိရေး နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ ရှေ့နေကွန်ရက် အဖွဲ့ရဲ့ စာတမ်းဖတ်ကြား
ဆွေးနွေးပွဲကို ဒီကနေ့ ညနေပိုင်းက ရန်ကုန်မြို့ တော်ဝင်နှင်းဆီ ခန်းမမှာ ကျင်းပခဲ့ပါတယ်။

ဒီဆွေးနွေးပွဲကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဦးတင်ဦး၊ ဦးဝင်းတင် နဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေလည်း တက်ရောက်ခဲ့ကြ ပါတယ်။

စာတမ်းဖတ်ပွဲမှာ.. အခွန်ဥပဒေ တိုးမြှင့်ခြင်းနဲ့ ပတ်သက်တဲ့ ဝေဖန်ချက်
စာတမ်း၊ တရားရုံး အဆောက်အဦးကို တခြားဌာနတွေကို ချထားတဲ့
ကိစ္စ၊ မြန်မာနိုင်ငံ ရှေ့နေများကောင်စီ လွတ်လပ်စွာ ဖွဲ့စည်းခွင့် ရရေး
အတွက် “ဘားကောင်စီ ဥပဒေ” ကို ဝေဖန်ချက် စာတမ်း နဲ့ နိုင်ငံရေး
အမှုကြောင့် အကျဉ်းကျ ခံရပြီး လိုင်စင် ရုတ်သိမ်းခံထားရတဲ့ ရှေ့နေများရဲ့ ကိစ္စ၊ စတဲ့ စာတမ်း ၄ စောင်ကို ဥပေဒပညာရှင် ဦးအောင်သိန်း၊ ဦးကြီးမြင့်၊ ဦးသိန်းသန်းဦးနဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီး တို့က အသီးသီး ဖတ်ကြား ဆွေးနွေးခဲ့ကြပါတယ်။

ဒီအခမ်းအနားကို နိုင်ငံရေးပါတီ ခေါင်းဆောင်တွေ၊ ဥပဒေ ပညာရှင်တွေ၊ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ နဲ့ အရပ်ဘက် လူမှု အဖွဲ့အစည်း အသီးသီးက ပုဂ္ဂိုလ် စုစုပေါင်း ၁ ရာကျော် တက်ရောက်ခဲ့ကြပါတယ်။

RFA Burmese

ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဖြစ်မြောက်ရေးကော်မတီကို ကျောင်းသားအလုပ်အမှုဆောင်(၁၉)ဦးနဲ့ ဒီကနေ့ စတင်ဖွဲ့စည်း




ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဖြစ်မြောက်ရေးကော်မတီကို
ကျောင်းသားအလုပ်အမှုဆောင်(၁၉)ဦးနဲ့ ဒီကနေ့ စတင်ဖွဲ့စည်း လိုက်ကြောင်းသိရပါတယ်။

ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေမှာ အခုလိုဖွဲ့စည်းလိုက်တာနဲ့ ပတ်သက်ပြီး
ရန်ကုန်မြို့က HOME မီဒီယာစန်တာမှာ သတင်းစာ ရှင်းလင်းပွဲပြုလုပ်
ခဲ့ကြောင်း အခုဖွဲ့စည်းလိုက်တဲ့ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်
ဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌ ကိုဒီငြိမ်းလင်းက ပြောပါတယ်။

ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဖြစ်မြောက်ရေးကော်မတီမှာ ကိုဒီငြိမ်းလင်း က ဥက္ကဋ္ဌ ၊ ကိုစည်သူမောင် ဒုဥက္ကဌနဲ့ အထွေထွေ အတွင်းရေးမှူး
အဖြစ် တို့ကဆောင်ရွက်သွားမှာဖြစ်ပြီး အနယ်နယ် အရပ်ရပ်မှာ ဖွဲ့စည်းထားတဲ့ကျောင်းသားသမဂ္ဂတွေနဲ့ ချိတ်ဆက်ဆောင်ရွက်
သွားမယ်လို့ ပြောပါတယ်။

သင့်တော်တဲ့ မကြာခင်ကာလမှာ ကျောင်းသားညီလာခံတရပ်
ခေါ်ယူကျင်းပဖို့ရှိပြီးကျောင်းသားသမဂ္ဂအဆောက်အဦ ပြန်လည်ဆောက်
လုပ်ခွင့်ရရေးအတွက် သမ္မတထံတောင်းဆိုသွားမယ်လို့လည်း သိရပါတယ်။


World Economic Forum မှာ ပြောကြားခဲ့တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဆွေးနွေးချက် (ရုပ်သံ/ဓာတ်ပုံ)


East Asia 2012 - A Conversation with Daw Aung San Suu Kyi



One-on-One Conversation with a Leader
A conversation with Daw Aung San Suu Kyi

Interviewed by
• Klaus Schwab, Founder and Executive Chairman, World Economic Forum

With
• Aung San Suu Kyi, Chairman of the National League for Democracy (NLD); Member of Parliament of Kawhmu Constituent, Myanmar

အလုပ်လက်မဲ့ပြဿနာ အရေးကြီးပုံ ဒေါ်စု ထောက်ပြ


ထိုင်းနိုင်ငံတွင် ကျင်းပနေသော ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောနေစဉ်။ (ဂျွန်လ ၁ ရက်၊ ၂၀၁၂။)

မြန်မာနိုင်ငံက လူငယ်တွေအကြား အလုပ်လက်မဲ့အရေအတွက် အလွန်အမင်း များနေတဲ့ ပြဿနာဟာ ချိန်ကိုက်ဗုံးတလုံးလို ဖြစ်လာနေပြီလို့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်က ပြောလိုက်ပါတယ်။ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာကျင်းပနေတဲ့ ၂၀၁၂ ခုနှစ် အရှေ့အာရှ ဒေသဆိုင်ရာ ကမ္ဘာ့စီးပွားရေးဖိုရမ် WEF ရဲ့ ဇွန်လ ၁ ရက်နေ့ အစီအစဉ်တခု အတွင်း ဒေါ်အောင်ဆန်းစုကြည်က အဲဒီလို ပြောခဲ့တာပါ။ အဲဒီလူငယ်တွေအတွက် အသက်မွေး ၀မ်းကျောင်း ဘာသာရပ် ဆိုင်ရာ သင်တန်းတွေဖွင့်ပေးပြီး အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးဖို့ ကိစ္စကို သူက အထူး မီးမောင်းထိုးပြီး ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ပိုပြီး ၀င်လာတာဟာ အကျင့်ပျက် ခြစားမှုတွေ ပိုများလာစေမယ့် အခြေအနေမျိုး ဖြစ်လာမှာကို မလိုချင်ပါဘူး လို့လည်း ဆိုပါတယ်။ အပြည့်အစုံကို WEF ကျင်းပရာ ဘန်ကောက်မြို့ ရှန်ဂရီလာ ဟိုတယ်မှာ ကိုယ်တိုင် သတင်းသွားယူခဲ့တဲ့ ကိုကျော်ကျော်သိန်းက သတင်းပေးပို့ထားပါတယ်။

WEF ရဲ့ ဇွန်လ ၁ ရက်နေ့ အစီအစဉ်တခုကတော့ “ဒေါ်အောင်ဆန်းစုကြည်နဲ့ စကားစမြည်ပြောဆိုခြင်း” လို့ အမည်ပေးထားတဲ့ အစီအစဉ်ပါ။ နာရီဝက်ကြာ အဲဒီအစီအစဉ်အဖွင့်မှာ ဒေါ်အောင်ဆန်းစုကြည် က ပြုပြင်ပြောင်းလဲရေး၊ အလုပ်လက်မဲ့ ပြဿနာ၊ ပညာရေး၊ တရားရေးစနစ် ပြုပြင် ပြောင်းလဲရေး၊ တရားဥပဒေစိုးမိုးရေး၊ စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှု၊ အကျင့်ပျက်ခြစားမှု စတဲ့ အကြောင်းအရာမျိုးစုံ ကို ပြောဆိုခဲ့သလို WEF အမှုဆောင် ဥက္ကဋ္ဌ ကလော့စ် ရှဝတ်ဘ် (Klaus Schwab) ရဲ့ မေးခွန်းတွေကို လည်း ဖြေဆိုခဲ့ပါတယ်။ ဒါဟာဖြင့် ရာစုနှစ်လေးပုံတပုံနီးပါးအတွင်း ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နိုင်ငံ တကာစင်မြင့်တခု ပေါ်မှာ၊ အပြည်ပြည်ဆိုင်ရာပရိသတ်ရှေ့မှောက်မှာ ပထမဆုံးအကြိမ် စကားပြောခဲ့တာပဲ ဖြစ်ပါတယ်။

အကြောင်းအရာမျိုးစုံထဲမှာ သူအလေးထားပြောဆိုခဲ့တဲ့ အကြောင်းအရာကတော့ လူငယ်ထုကြားမှာ အလုပ်လက်မဲ့ အရေအတွက် အင်မတန် များနေတဲ့ပြဿနာပါပဲ။

“မြန်မာနိုင်ငံမှာ အလုပ်လက်မဲ့ဖြစ်နေတဲ့ လူငယ်အချိုးအစားဟာ အလွန်အမင်းကို မြင့်မားနေပါတယ်။ ကျမ ထပ်ထပ်ပြောနေတာက အဲဒီအခြေအနေဟာ ချိန်ကိုက်ဗုံးတလုံးဖြစ်နေပြီဆိုတာပါပဲ။ သူတို့တွေ အလုပ်လက်မဲ့ဖြစ်နေတာကြောင့် သူတို့လုပ်နေသလို မိဘတွေအပေါ်မှာ ဘယ်လောက်ကြာကြာ ဆက်ပြီး မှီခိုနေနိုင်ကြမှာပါလဲ …” လို့ ဒေါ်အောင်ဆန်းစုကြည်က မေးခွန်းထုတ်ခဲ့ပါတယ်။

မြန်မာနိုင်ငံလူထုအနေနဲ့ ကောင်းမွန်တဲ့ အသက်မွေးဝမ်းကျောင်းတွေ လုပ်ကိုင်နိုင်စေမယ့် အခြေခံ ပညာရေးမျိုး လိုအပ်ပါတယ်လို့ သူက ပြောသလို လူငယ်တွေ အသက်မွေးဝမ်းကျောင်းပညာတွေကို သင်ယူနိုင်အောင် လုပ်ပေးရမယ်လို့လည်း ဆိုပါတယ်။ “အလုပ်အကိုင်တွေ ဖန်တီးရေးဟာ မြန်မာနိုင်ငံမှာ အင်မတန်ကို အရေးကြီးနေပါတယ်။ အလုပ်အကိုင်ဖန်တီးရေးနဲ့ သင်တန်းတွေ ပေးဖို့ကိစ္စနှစ်ခုကို အတူ တကွ လုပ်ဆောင်ရပါမယ်။ ကျမတို့ရဲ့ အလုပ်လက်မဲ့လူငယ်တွေ အလုပ်ရစေမယ့် သင်တန်း အမျိုးအစားတွေ ဖြစ်ရပါမယ်။ ဒေါက်တာဘွဲ့ပေးတဲ့အစီအစဉ်တွေထက် အသက် မွေးဝမ်းကျောင်း သင်တန်းတွေ နဲ့ စာသင်ခန်းပြင်ပ ပညာရေးမျိုးတွေ ပိုပြီး လိုအပ်ပါတယ်။” - လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

မိမိတို့မှာ စွမ်းရည်လိုအပ်နေပေမဲ့ တချို့အဖွဲ့အစည်းတွေက မြင်သလိုမျိုး စွမ်းရည်တော့ မဟုတ်ပါဘူးလို့ ဆိုပါတယ်။ အောက်ခြေကနေပြီး အပေါ်ထိ တည်ဆောက်နိုင်မယ့် စွမ်းရည်မျိုးကို လိုအပ်တာပါလို့ပြောပြီး အဲဒီကိစ္စအတွက် နိုင်ငံတကာရဲ့ အကူအညီကို လိုအပ်ပါတယ်လို့ ပန်ကြားခဲ့ပါတယ်။

ကမ္ဘာ့စီးပွားရေးဖိုရမ် လာတက်တဲ့ထဲမှာ နိုင်ငံတကာ စီးပွားရေးလုပ်ငန်းကြီးတွေက အကြီးအကဲတွေလည်း အများအပြားပါဝင်နေပါတယ်။ သူတို့တွေထဲက အတော်များများဟာ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားနေကြတာလည်းဖြစ်ပါတယ်။ မြန်မာနိုင်ငံ မှာ ပြည်ပရင်းနှီးမြှုပ်နှံမှုနဲ့ အကောင်အထည်ဖော်တဲ့ စီမံကိန်းတိုင်းဟာ ပွင့်လင်းမြင်သာမှုရှိရမယ်လို့ ဆိုပါတယ်။

အလုပ်အကိုင်ဖန်တီးရေးနဲ့ ပြည်ပရင်းနှီးမြှုပ်နှံမှုကိစ္စဟာ တိုက်ရိုက်ဆက်စပ်နေတာမို့ အဲဒီ ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်ပြီးတော့လည်း ဒေါ်အောင်ဆန်းစုကြည်က အကျယ်တ၀ံ့ပြောခဲ့သလို အကျင့်ပျက်ခြစားမှုနဲ့ ပတ်သက်ပြီးတော့ပါ တွဲဖက် ပြောဆိုခဲ့ပါ တယ်။ ဒါ့အပြင် မိမိတို့လိုချင်တဲ့ ပြည်ပရင်းနှီးမြှုပ်နှံမှုဟာ ဘယ်လိုပုံစံမျိုး ဆိုတာကိုလည်း ရှင်းရှင်းလင်းလင်းပဲ ဖွင့်ဆိုပြခဲ့ပါတယ်။“ရင်းနှီးမြှုပ်နှံမှုတွေ ပိုရလာအောင် ဆက်ပြီး လုပ်ဆောင်သွားတာနဲ့အမျှ အကျင့်ပျခြစားမှုနဲ့ တန်းတူညီမျှမရှိမှုကို ကြိုးစား တိုက်ဖျက်သွားရ ပါမယ်။ အကျင့်ပျက် ခြစားတာတွေ ပိုဖြစ်လာနိုင်ခြေရှိတဲ့ ရင်းနှီးမြှုပ်နှံမှုမျိုးကို ကျမတို့ မလိုချင်ပါဘူး၊ ပိုကြီးမား တဲ့ တန်းတူညီမျှမရှိမှုကို ဖြစ်စေမယ့် ရင်းနှီးမြှုပ်နှံမှုမျိုးကို ကျမတို့ မလိုချင်ပါဘူး။ အကျင့်ပျက် ခြစားမှုဟာ အခုကို အခွင့်ထူးတွေ ခံစားနေရသူတွေအတွက် ပိုကြီးမားတဲ့ အခွင့်ထူးတွေ ခံစားရမယ့်အခြေအနေမျိုး ကျမတို့ မလိုချင်ပါဘူး။”-လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်နေတဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က အထူးအလေးထား ပြောဆိုခဲ့ပါသေးတယ်။

ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ် နောက်ကြောင်း ပြန်လှည့်သွားနိုင်သေးသလားဆိုတဲ့ မေးခွန်းရဲ့အဖြေဟာ စစ်ဘက်က ဒီ လုပ်ငန်းစဉ်ပေါ်မှာ ဘယ်လောက်ထိ အခိုင်အမာသန္နိဋ္ဌာန်ရှိတယ်ဆိုတာပေါ် မူတည်နေ တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ထပ်မံ ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် တရားရေးစနစ် ပြုပြင်ပြောင်းလဲရေး ခုထိ မဖြစ်သေးတာနဲ့ သူ အမြဲလို ထောက်ပြပြောဆိုနေကျ တရားဥပဒေစိုးမိုးရေး အရေးကြီးပုံတွေကိုပါ ထည့်သွင်းပြောဆိုပါတယ်။

“တရားရေးဘက်မှာ ပြုပြင်ပြောင်းလဲရေး တခုခုလုပ်နေတာကို ခုချိန်ထိတော့ ကျမတို့ မတွေ့ရသေးပါဘူး။ တရားရေးစနစ်ကို ပြုပြင်ပြောင်းလဲဖို့ လိုတယ်လို့ ကျမတို့က ဆက်ပြောနေပေမဲ့ အစိုးရနဲ့ အုပ်ချုပ်ရေး ပိုင်းမှာ ဒါကို သဘောတူတဲ့လူ သိပ်များများ မရှိလှဘူးဆိုတာ ကျမ၀န်ခံရပါမယ်။ တရားရေး စံနစ် ပြုပြင်ပြောင်းလဲဖို့ လိုအပ်တယ်လို့ သူတို့က မထင်ကြပါဘူး။ ဒါမှမဟုတ်လည်း အရေးတကြီး လိုအပ်နေတယ်လို့ မထင်ကြပါဘူး။ ဒါပေမဲ့ အဲဒီ ပြုပြင် ပြောင်းလဲရေးဟာ အလွန်အမင်းကို အရေးတကြီးလုပ်ဖို့ လိုနေတယ်လို့ ကျမကတော့ ယူဆပါတယ်။ ရင်းနှီးမြှုပ်နှံမှုဥပဒေကို ဘယ်လို ပြဌာန်း မယ်ဆိုတာ မစခင် တရားဥပဒေစိုးမိုးမှုရှိအောင် အရင် စလုပ်ကြရအောင်ပါ။” -လို့ ပြောခဲ့ပါတယ်။

ဇွန်လ ၁ ရက်နေ့ ညနေပိုင်းမှာ ပြီးဆုံးသွားပြီဖြစ်တဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်ဆွေးနွေးပွဲတွေပြီးတဲ့နောက် ဇွန်လ ၂ ရက် စနေနေ့မှာတော့ ထိုင်း-မြန်မာနယ်စပ်က မယ်လ ဒုက္ခသည်စခန်းနဲ့ မဲဆောက်မြို့တို့ ဆီ ဒေါ်အောင်ဆန်းစုကြည် သွားရောက်ပါလိမ့်မယ်။ ဇွန်လ ၃ ရက် တနင်္ဂနွေနေ့ မနက်ပိုင်းမှာ မြန်မာနိုင်ငံ ဆီပြန်ရောက်မှာဖြစ်ပြီး သီတင်းတပတ်ကျော်ကြာပြီးတဲ့နောက်မှာတော့ ဥရောပခရီးစဉ် စတင်မှာဖြစ်ပါတယ်ခင်ဗျား။

VOA

လမ်းမတော် ၇ လမ်း၌ လုယက်လူသတ်မီးရှို့မှု ကျူးလွန်သူ အား ပျော်ဘွယ်မြို့၌ ယနေ့ ဖမ်းဆီးရမိ....


လမ်းမတော် ၇ လမ်း၊ အမှတ် (၇၆)၊ ၄ လွှာ(ယာ)ခန်း၌ မေလ ၃၀ ရက်နေ့ က ဖြစ်ပွားခဲ့သော လုယက်လူသတ် မီးရှို့မှု ကျူးလွန်သူအား ပျော်ဘွယ်မြို့၌ ယနေ့နံနက်တွင် ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။
လူသတ်မှုကျူးလွန်သူမှာ သေဆုံးသူ၏ မိခင်ဖြစ်သူ နောက်အိမ်ထောင် ဘက်မှ ပါလာသော သားဖြစ်ပြီး အမွေ ကိစ္စနှင့်ပတ်သက်၍ မကျေနပ်ရာမှ အဆိုပါနေအိမ်သို့ လာရောက်စဉ် နေအိမ်ရှိ ဗီဒိုအတွင်းမှ ရွှေထည်ပစ္စည်း များအား ယူဆောင်စဉ် သေဆုံးသူမှ တားမြစ်ခဲ့သည့်အတွက် ၄င်းအား သတ်ဖြတ်ကာ အလောင်းဖျောက်ရန် အတွက် မီးရှို့ခဲ့ခြင်းဖြစ်သည်။

ရဲတပ်ဖွဲ့မှ ထိုပြစ်မှုကျူးလွန်သူအား (၂) ရက်အတွင်း ဖမ်းဆီးနိုင်ခဲ့ခြင်းမှာ အခင်းဖြစ်ပွားရာအိမ်၌ သေဆုံးသူအနီး ရွှေပုဇွန်မုန့်တိုက်မှ ထုတ်လုပ်ရောင်း ချသော မုန့်အချို့အား သက်သေခံပစ္စည်း အဖြစ် တွေ့ရှိရသည့် အတွက် ရွှေပုဇွန်မုန့်တိုက်အား သွားရောက်စုံစမ်းခဲ့ရာ ရွှေပုဇွန်မုန့်တိုက်ရှိ CCTV ကင်မရာမှ တစ်ဆင့် ပြစ်မှုကျူးလွန်သူအား တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။

ထို့နောက် ရဲတပ်ဖွဲ့ဝင်များမှ သေဆုံးသူ၏ မိသားစုဝင်များအား CCTV ကင်မရာတွင် မသင်္ကာဖွယ်ရာ တွေ့ရှိသူနှင့် ပတ်သက်၍ မေးမြန်းခဲ့ရာ ၄င်းမှာ သေဆုံးသူ၏ မိခင်ဖြစ်သူနောက်အိမ်ထောင်ဘက်မှ ပါလာသော သားဖြစ်ပြီး မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့တွင် နေထိုင်သူ တစ်ဦး ဖြစ်ကြောင်းသိရသည်။

၎င်းနောက် ပျော်ဘွယ်မြို့နယ် ရဲစခန်းနှင့် ရန်ကုန်တိုင်းဒေသကြီး မှုခင်းနှင့် ဒုစရိုက်အထူးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းကာ ပြစ်မှုကျူးလွန်သူအား ယနေ့ နံနက်တွင် ပျော်ဘွယ်မြို့၌ ဖမ်းဆီးရမိခဲ့ပြီး ရန်ကုန်သို့ လေယာဉ်ဖြင့် ယနေ့နေ့လည်တွင် ခေါ်ဆောင် လာကာ ဆက်လက် စစ်ဆေးလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။
ထိုအမှုနှင့် ပတ်သက်၍ လမ်းမတော်ရဲစခန်းမှ (ပ)၁၃၀/၁၂ (ပုဒ်မ) ၃၀၂/၄၃၆/၂၀၁/၃၉၂ ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သိရသည်။

သူရထွန်း-Popular Myanmar News Journal

"ပုဂ္ဂလိက လျှပ်စစ်မီး ထုတ်လုပ်ဖြန့်ဖြူးခြင်းအား ဖိတ်ခေါ်ခြင်း" တဲ့။


ဒီနေ့ထုတ် မြန်မာ့အလင်း မှာပါလာပါတယ်။ သဘောကျလို့ပါ။ ဘာသာပြန်ပြီး တခြားနိုင်ငံတွေကို ပြကြည့်ချင်တယ်။

ပြည်မြို့က လျှပ်စစ်မီးရရှိရေး ဆန္ဒပြလို့ အရိုက်ခံရသူများ အာဏာပိုင်တွေကို တရားစွဲ

(ဓာတ်ပုံ-RFA/Citizen Journalist Zambu Tun-၂၀၁၂ ခုနှစ် မေလ ၂၄ ရက်နေ့က ပြည်မြို့မှာ လျှပ်စစ်မီး ရရှိရေးအတွက် ဆန္ဒပြသူတွေကို လမ်းမတော်လမ်းနဲ့ ထွန်းသီရိ လမ်းထောင့်အနီးမှာ မြို့နယ်အုပ်ချုပ်ရေး တာဝန်ရှိသူတွေနဲ့ ရဲတပ်ဖွဲ့ဝင်များက ရိုက်နှက် ဖမ်းဆီးနေစဉ်။)

ပြည်မြို့က လျှပ်စစ်မီးရရှိရေး ဆန္ဒပြရာမှာ ပါဝင်ခဲ့သူ တချို့ကို အကြမ်းဖက် ရိုက်နှက်ခဲ့တဲ့ ရဲနဲ့ မြို့နယ်တာဝန်ရှိသူတွေကို အရိုက်ခံရသူတွေက ဒီကနေ့ တရားစွဲဆို လိုက်ပါတယ်။

အရိုက်အနှက်ခံခဲ့ရသူ ၄ ဦးက ဒီကနေ့ ပြည်မြို့နယ် တရားရုံးမှာ သွားရောက် ဦးတိုက်လျှောက်ထားပြီး အမှုကို တင်သွင်းခဲ့ပါတယ်။

အမှုကို မနက်ဖြန်မနက် ၁၀ နာရီမှာ လာရောက်တင်သွင်းဖို့ တရားသူကြီး ဦးမြင့်ဆွေက ပြန်လည်ချိန်းဆိုလိုက်တယ်လို့ တရားစွဲဆိုရာမှာ ပါဝင်တဲ့ ကိုဇော်ထွန်းက အခုလိုပြောပြပါတယ်။

“တရားစွဲရတာ ခရိုင်ရဲမှူး ဦးသောင်းဝင်း၊ နောက်မြို့နယ်အုပ်ချုပ်ရေးမှူး ကိုအောင်ကျော်ထက်၊ နောက်နယ်ထိန်း အင်ချပ် ဇော်မင်းနိုင် အဓိက ကတော့ သူတို့သုံးယောက်ပေါ့။ တရားရုံးတင်တဲ့ အခါကျတော့ တရားရုံးက ၂ နာရီမှ လက်ခံတယ်ဆိုပြီးတော့ ပြောတယ်။ နှစ်နာရီခွဲ လို့သူတို့ လက်မခံဘူးပေါ့။ အဲဒီသဘောပါ။ တရားသူကြီး ဦးမြင့်ဆွေကပြောတာ။ မနက်ဖြန် ပြန်ချိန်းတယ် ၁၀ နာရီပေါ့။ ဦးတိုက်လျှောက်မှာ
လေးယောက်ပေါ့။ ကျွန်တော် အပါအဝင်ပေါ့”

တရားရုံးကို နေ့လည် ၂ နာရီကျော်မှ ရောက်ရှိတဲ့အတွက် အခုလို ပြန်လည်ချိန်းဆိုတာ ဖြစ်တယ်လို့ ကိုဇော်ထွန်းက ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၄ ရက်နေ့က လျှပ်စစ်မီး ရရှိရေးအတွက် ဆန္ဒပြသူတွေကို လမ်းမတော်လမ်းနဲ့ ထွန်းသီရီ လမ်းထောင့်အနီးမှာ မြို့နယ်အုပ်ချုပ်ရေး တာဝန်ရှိသူတွေနဲ့ ရဲ တပ်ဖွဲ့ဝင်တွေက တားဆီးခဲ့ပြီး ဆန္ဒပြသူတွေကို ရိုက်နှက် ဖမ်းဆီးတာတွေ ပြုလုပ်ခဲ့ပါတယ်။

By/RFA Burmese

မြစ်ဆုံစီမံကိန်းပြန်စရန် CPI ကြိုးစား


ဆိုင်းငံ့ထားတဲ့ မြစ်ဆုံရေကာတာ စီမံကိန်း ပြန်စနိုင်ဖို့ CPI က ကြိုးစားနေတယ်လို့
မြစ်ဆုံအရေး စောင့်ကြည့်နေသူတွေက ဆိုလိုက်ပါတယ်။
ဒီကနေ့ သူတို့ ထုတ်ပြန်တဲ့ ကြေညာချက်ကို ဖော်ပြပေးလိုက်ပါတယ်။



ထုတ်ပြန်ကြေညာချက်
ကချင်လူမှုဖွံ့ဖြိုးရေးကွန်ယက်အဖွဲ့
ဇွန်လ၊ ၁၊ ၂၀၁၂

တရုတ်နိုင်ငံ လျှပ်စစ်ဓါတ်အား ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း (CPI) သည် ဇွဲနပဲကြီးစွာဖြင့် မြစ်ဆုံရေကာတာ စီမံကိန်းကို ရှေ့ဆက်ပြန်လည်လုပ်ဆောင်နိုင်ရေးအတွက် စိုင်းပြင်းနေသည်ဟု နိုင်ငံတကာရေကာတာအဖွဲ့မှ အတည်ပြုပြောဆိုလိုက်သည်။

မြန်မာနိုင်ငံရှိ ဧရာဝတီမြစ်ဆုံရေကာတာ အဓိကဆောက်လုပ်သူ(CPI)မှ စီမံကိန်းအပေါ် လေ့လာသုံးသပ်ချက်များပြုလုပ်ပေးရန် နိုင်ငံတကာ ရေကာတာကျွမ်းကျင်မှုအဖွဲ့ကို တိုက်ရိုက်တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြောင်းကို နိုင်ငံတကာ အကြီးစား ရေကာတာစီမံကိန်းကော်မရှင်အဖွဲ့ (ICOLD) မှ မေလ ၃၀ရက်နေ့က အတည်ပြု ထုတ်ပြန်ကြေညာလိုက်သည်။

နိုင်ငံတကာ အကြီးစား ရေကာတာစီမံကိန်းကော်မရှင်အဖွဲ့(ICOLD) အနေဖြင့် ဤမြစ်ဆုံရေကာတာ စီမံကိန်းသည် လုံးဝ လုံခြုံစိတ်ချမှုရှိသည့်အပြင် အကျိုးရလာဒ်များစွာ ရှိကြောင်း သက်သေပြရန်အတွက် ပြန်လည်သုံးသပ်မှုလုပ်ငန်းတွင် ပါဝင်လုပ်ဆောင်နေသည့်အကြောင်းကို တရုတ်သင်းဌာနတခုမှ အစောပိုင်းတွင်ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။ ရေကာတာကြောင့် ဖြစ်ပေါ်လာမည့် စီးပွားရေး၊ လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင် ဆိုးကျိုးများအပေါ် မြန်မာပြည်သူလူထု၏ စိုးရိမ်ပူပန်မှုများ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာသောကြောင့် မြန်မာနိုင်ငံ အစိုးမှ "ပြည်သူလူထုဆန္ဒ" ကြောင့်ဟုဆိုကာ လွန်ခဲ့သည့်နှစ် စက်တင်ဘာလတွင် မြစ်ဆုံရေကာတာကို ဆိုင်းငံ့လိုက်ကြောင်း ကြေညာခဲ့သည်။

နိုင်ငံတကာ အကြီးစား ရေကာတာစီမံကိန်းကော်မရှင်အဖွဲ့(ICOLD) ၏ ထုတ်ပြန်ကြေညာချက်တွင် ၄င်းတို့အနေဖြင့် ဤမြစ်ဆုံစီမံကိန်း ပြန်သုံသပ်လေ့လာမှုလုပ်ငန်းတွင် တိုက်ရိုက်ပါဝင်လုပ်ဆောင်မှုမရှိကြောင်း ငြင်းဆိုထားသော်လည်း မြစ်ဆုံရေကာတာကို အဓိကဆောက်လုပ်သူဖြစ်သည့် တရုတ်နိုင်ငံ လျှပ်စစ်ဓါတ်အား ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း (CPI) မှ မြစ်ဆုံရေကာတာအပေါ် လေ့လာသုံးသပ်မှုလုပ်ငန်းစဉ်များကို ဆက်လျှက်လုပ်ဆောင်နေသည်ဟု ဆိုထားသည်။

မြစ်ဆုံရေကာတာစီမံကိန်း ဆိုင်းငံထားသော်လည်း တရုတ်နိုင်ငံ လျှပ်စစ်ဓါတ်အား ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း (CPI)က စီမံကိန်းအတွက်စည်းရုံးလှုံ့ဆော်မူလုပ်ငန်းများကို ဆက်လျှက်လုပ်ဆောင်နေပြီး၊ စီမံကိန်းဧရိယာမှ စက်ယန္တရားများ နှင့် ၀န်ထမ်းများကို ပြန်လည်ခေါ်ယူ ရုတ်သိမ်းခြင်းမရှိသေးချေ။ မြန်မာအစိုးရသည် ရေကာတာစီမံကိန်းကြောင့် ပြောင်းရွှေ့ခံရသော ရွာသူရွာသားများကို ၄င်းတို့၏နေရပ်သို့ ပြန်လည်နေထိုင်ခွင့်မပြုသေးသည့်အပြင် ထိုရွာသူရွာသားများမှာလည်း ဤစီမံကိန်းအခြေအနေမှာ မသေချာမရေရာသည့်အတွက် သံသယစိတ်များ ကြီးထွားနေဆဲပင်ဖြစ်သည်။

“တရုတ်နိုင်ငံ လျှပ်စစ်ဓါတ်အား ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း (CPI)က ရေကာတာစီမံကိန်းဆိုင်းငံ့ထားသည့် အပေါ်မှာ မထီမဲ့မြင်လုပ်တာပဲ” ဟု ကချင်လူမှုဖွံဖြိုးရေးကွန်ယက်အဖွဲ့မှ ဆိုင်းမိုင်က ပြောသည်။ “သူတို့က ရေကာတာစီမံကိန်းဧရိယာကနေ ဆုတ်ခွာဖို့ ငြင်းနေသည်၊ အခုလည်း သူတို့က ဒီဆိုင်းငံ့ထားမှုကို စောဒကတက်ပြီး ကမ္ဘာလုံးဆိုင်ရာ ရေကာတာ ကျွမ်းကျင်ပညာရှင်များကို ခေါ်လာနေပြီ”

တရုတ်နိုင်ငံ လျှပ်စစ်ဓါတ်အား ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း (CPI) သည် တရုတ်ပြည်သို့ လျှပ်စစ်ဓာတ်အား ရောင်းချရန်အတွက် ပြည်တွင်းစစ်ပွဲများ ဖြစ်ပွားလျှက်ရှိသော ကချင်ပြည်နယ်အတွင်းရှိ ဧရာဝတီမြစ်နှင့် ယင်းမြစ်လက်တက်များပေါ်တွင် ရေကာတာပေါင်း ၇ ခုကို အဓိကလုပ်ဆောင်နေသည့် ကုမ္ပဏီတခုဖြစ်သည်။

နိုင်ငံတကာ အကြီးစားရေကာတာစီမံကိန်းကောမရှင်အဖွဲ့ (ICOLD) အဖွဲ့က အဖွဲ့ဝင်နိုင်ငံပေါင်း ၉၅ နိုင်ငံဖြင့်ဖွဲ့စည်းထားပြီး၊ ရေအားလျှပ်စစ်ကုမ္ပဏီများလည်းပါဝင်သည်။ လက်ရှိတွင် မြန်မာနိုင်ငံကလည်း နိုင်ငံတကာ အကြီးစားရေကာတာစီမံကိန်းကောမရှင်အဖွဲ့ (ICOLD) အဖွဲ့ဝင်ဖြစ်ရန် လျှောက်ထားသည်။ လက်ရှိ နိုင်ငံတကာ အကြီးစားရေကာတာစီမံကိန်းကောမရှင်အဖွဲ့ (ICOLD) ဥက္ကဌမှာ ဒေါက်တာ ဂျင်ရှင်း ( Dr. Jinsheng JIA) ဖြစ်ပြီး ၄င်းသည် တရုတ်နိုင်ငံ အကြီးစာရေကာတာစီမံကိန်း ကောမရှင် (CHINCOLD) ၏ ဒုတိယ ဥက္ကဌ အနေဖြင့်လည်း တာဝန်ထမ်းဆောင်နေသူ တဦးဖြစ်သည်။ တရုတ်နိုင်ငံ လျှပ်စစ်ဓါတ်အတား ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း (CPI) သည် တရုတ်နိုင်ငံ အကြီးစာရေကာတာစီမံကိန်း ကောမရှင် (CHINCOLD)၏ အဖွဲ့ဝင်လည်း ဖြစ်နေပြန်သည်။ (CPI)ကုမ္ပဏီ၏ ဒုတိယမန်နေဂျာ မစ္စတာယုန်တိန်( Mr. Young Tian) မှာလည်း (CHINCOLD) ၏ ဘုတ်အဖွဲ့တွင် ဒုတိယ ဥက္ကဌ ဖြစ်ပြီး အခြား (CPI) ၀န်ထမ်းနှစ်ဦးဖြစ်သော မစ္စတာခွန်ဝမ်၊ မစ္စတာဒုန်လိုင် ဂျင်( Mr. Qi Wang and Mr.Donglai Jin) မှာလည်း CHINCOLD ဘုတ်အဖွဲ့တွင် တာဝန်ထမ်းဆောင်နေကြသည်။


ဆက်သွယ်ရန်။ ။ ဆိုင်းမိုင် (+၆၆ ၈၂၃၉၁၃၃၂၅)
အီးမေလ် ။ ။ kdngchn@gmail.com / www.kdng.org

ဒေါ်အောင်ဆန်းစုကြည်၏ သတင်းစာရှင်းလင်းပွဲကို ဇွန်လ ၁ ရက်နေ့ နံနက်ကိုးနာရီအချိန်က ရှန်ဂရီလာဟိုတယ်ရှိ မလေးရှားခန်းမတွင် ပြုလုပ်




ဒေါ်အောင်ဆန်းစုကြည်၏ သတင်းစာရှင်းလင်းပွဲကို ဇွန်လ ၁ ရက်နေ့ နံနက်ကိုးနာရီအချိန်က ရှန်ဂရီလာဟိုတယ်ရှိ မလေးရှားခန်းမတွင် ပြုလုပ်ခဲ့ပါသည်။ ထိုသို့ပြုလုပ်ရာတွင် ထိုင်းနိုင်ငံသို့ လာရောက်ရသည့် အကြောင်းအရင်း၊ ဒေသတွင်းနိုင်ငံများနှင့် မြန်မာနိုင်ငံ၏ အခြေအနေ၊ မြန်မာရွေ့ပြောင်းအလုပ်သမားများ၏ အနေအထား အစရှိသည်တို့ကို သတင်းထောက်များ၏ မေးမြန်းမှုအပေါ် မူတည်၍ ပြန်လည်ဖြေကြားသွားခဲ့ပါသည်။ သတင်းစာရှင်လင်းပွဲမှာ အချိန် ၂၅ မိနစ်ခန့် ကြာမြင့်ခဲ့ပါသည်။


By/Eleven Media Group

ငွေလဲနိုင်တဲ့နေရာ တိုးချဲ့ဦးမယ်



မြို့ကြီးတွေမှာ နိုင်ငံခြားငွေလဲတဲ့ ကောင်တာပေါင်း ၆၂ ခု ဖွင့်ထားတယ်၊ နောင်လည်း ထပ်ဖွင့်ဖို့ အစီအစဉ် ရှိတယ်လို့ ဒီကနေ့ သတင်းစာမှာ ကြေညာချက် ဖော်ပြထားပါတယ်။

ဗဟိုဘဏ်ရဲ့ ကြေညာချက်ပါ။

အဲဒီနေရာတွေမှာ ငွေလဲကြဖို့ တိုက်တွန်းထားပါတယ်။


ဧရာဝတီ

ရန်ကုန်ဆိပ်ကမ်း ကားခိုးသွင်းမှု ဆက်လက်ဖြစ်ပွား

ရန်ကုန်မြို့ ဆိပ်ကမ်းတခု (ဓာတ်ပုံ - ပေါ်ပြူလာဂျာနယ် - http://popularmyanmar.com)

လိုင်စင်မဲ့ကား တင်သွင်းမှုများတွင် ပါဝင်ပတ်သက်သူ ရန်ကုန်ဆိပ်ကမ်း အကောက်ခွန်ဦးစီးဌာန တာဝန်ရှိသူများ အရေးယူခံရခြင်း မရှိသေးဘဲ တရားမ၀င် ကားတင်သွင်းမှု ဆက်လက် ပေါ်ပေါက်နေဆဲဖြစ်ကြောင်း သတင်းရရှိသည်။

လိုင်စင်မဲ့ကား ထောင်နှင့်ချီ တင်သွင်းမှုများအတွက် အကောက်ခွန် ဦးစီးဌာန အပါအ၀င် ဆိပ်ကမ်း တာဝန်ကျ အစိုးရ ၀န်ထမ်းများအကြား အချင်းချင်း အဝေမတည့်ဖြစ်ပွားပြီး အပြန်အလှန် တိုင်ကြားမှုရှိခဲ့ကြောင်း၊
ထိုကြောင့် ယမန်နှစ် ဇူလိုင်လနောက်ပိုင်း လိုင်စင်မဲ့ကားတင်သွင်းမှု မကြာခဏ ဖမ်းဆီးမိခဲ့ကြောင်း၊
မီဒီယာများက ဖော်ထုတ်ရေးသားခဲ့ပြီး နောက်ပိုင်း အကောက်ခွန်ဝန်ထမ်း ၆၀ ကျော် စစ်ဆေးခဲ့ရကြောင်း သိရှိရသည်။

“လိုင်စင်မဲ့ကား ဆိပ်ကမ်းက တင်သွင်းမှုနဲ့ပတ်သက်လို့ အထူး စုံစမ်း စစ်ဆေးရေးဦးစီးဌာနက စစ်ဆေးခံခဲ့ရ တဲ့အရာရှိတွေအားလုံးက ဘာမှ အရေးမယူခံရတဲ့အပြင် အရေးပါတဲ့ဌာနတွေမှာ နဂိုပုံစံအတိုင်း တရားမ၀င် ကားတင်သွင်းမှုတွေကို ဆက်လက် ကျူးလွန်နေကြတယ်။ ပိုင်တဲ့သူတွေက ကွန်တိန်နာလိုက်ကို လိုင်စင်မဲ့ကားတွေ သွင်းတယ်၊ထုတ်သွားကြတယ်” ဟု နေပြည်တော်ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနမှ အမည်မဖော်လိုသော ဒုတိယညွှန်ကြားရေးမှူးတစ်ဦးက ပြောသည်။

ယခင်က ဆိပ်ကမ်းမှ လိုင်စင်မဲ့ကားများ တင်သွင်းခဲ့ကြရာတွင် လိုင်စင်မဲ့Super Custom ကားများ တင်သွင်းခဲ့ကြခြင်း ဖြစ်ပြီး ယခုအခါတွင်မူ လိုင်စင်မဲ့Light Truck ကုန်တင်ယာဉ်ငယ်များကို တင်သွင်းကြခြင်းဖြစ်ကြောင်း၊ ယင်းကုန်တင်ယာဉ်ငယ်များကို စက်မှုဇုန်ထုတ် ကားကုမ္ပဏီများအတွက် တရားမ၀င် တင်သွင်းကြခြင်း ဖြစ်ကြောင်း သိရှိရသည်။

“တရားမ၀င်Super Custom ကားတွေက ပြသနာတွေ တအားတက်သွားတော့ ဘယ်သူမှ မသွင်းကြဘူး။ အခု စက်မှုဝန်ကြီးဌာနက စက်မှုဇုန်တွေကို Light Truck ကားထုတ်လုပ်ခွင့်တွေ ရာနဲ့ချီထပ်ပေးတယ်။ အဲဒီတော့ဇုန်တွေက Light Truck ကားတွေကိုပဲ ဆိပ်ကမ်းတွေကနေ ကွန်တိန်နာလိုက်တရားမ၀င် သွင်းကြတာ” ဟု ရန်ကုန်အကောက်ခွန်ဦးစီးဌာနမှ အမည်မဖော်လိုသော အရာရှိတစ်ဦးက ရှင်းပြသည်။

လတ်တလော အေးရှားဝေါလ်ဆိပ်ကမ်းတွင် တရားမ၀င် တင်သွင်းလာသော မော်တော်ကားအစိတ်အပိုင်းများ တင်ဆောင်ထားသည့် ကွန်တိန်နာ များစွာကို အကောက်ခွန်ဦးစီးဌာနမှ အရာရှိအချို့နှင့် သက်ဆိုင်ရာ တင်သွင်းလာသည့် ကုမ္ပဏီအချို့က ထုတ်ယူရန် ကြိုးပမ်းလျက်ရှိကြောင်း သိရှိရသည်။

“အစစ်အဆေးတွေက အခုအချိန်မှာ နည်းနည်းပြန်ပျော့သွားပြီ။ ဟိုတလောက အွန်လိုင်းမှာ တောက်လျှောက် လိုင်စင်မဲ့ကားတွေမိတဲ့သတင်းပါတော့ တရားမ၀င် ပစ္စည်းသွင်းထားတဲ့သူတွေက ကွန်တိန်နာတွေ မထုတ်ဘဲနဲ့ ပြေးနေကြတာ။ အခု နည်းနည်းပြန်ငြိမ်တော့ ပြန်ပြီး ထုတ်ဖို့ လုပ်ကြတာ။ အချို့လုပ်ငန်းရှင် တွေက သူတို့ တရားမ၀င်သွင်းတာတွေတော့ သက်ဆိုင်ရာက ဖမ်းပြီး အခုကျမှ မဖမ်းဘဲ ဌာနဆိုင်ရာနဲ့ပေါင်းပြီး ထုတ်မယ်ဆိုတာမျိုး သတင်းထွက်လာတော့ သက်ဆိုင်ရာတိုင်မယ်၊ တောမယ်ဖြစ် ကုန်ကြတယ်။ လောလောဆယ်သိထားတဲ့အချက်အလက်တွေအရ “စံချိန်” ကုမ္ပဏီက တင်လာတဲ့ ကွန်တိန်နာတွေမှာ သွင်းကုန်လိုင်စင်ထဲမှာ မဖော်ပြထားတဲ့ ကားတွေ၊ ကားအစိတ်အပိုင်းတွေ ပါနေတယ်။ အဲဒီကွန်တိနာတွေကို ထုတ်ဖို့ လုပ်နေကြတယ်” ဟု အကောက်ခွန်ဦးစီးဌာနရုံးနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

အကောက်ခွန်ဦးစီးဌာနတွင် ညွှန်ကြားရေးမှူးချုပ်အပါအ၀င် အရာရှိအများစုမှာ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၀န်ကြီး ဦးလှထွန်း၏ တပည့်ရင်းများဖြစ်ပြီး လိုင်စင်မဲ့ ကားတင်သွင်းမှုများ ထပ်မံမဖြစ်ပွားစေရန် လုပ်ဆောင်မည်ဟု ၀န်ကြီးဦးလှထွန်းက အစိုးရအကြီးအကဲများ ထံ ကတိပြုတင်ပြခဲ့သည့်အတွက် အကောက်ခွန်အရာရှိ အများစု အရေးယူမှု မခံရဘဲ လွတ်မြောက်ခဲ့ခြင်းဖြစ်သည်ဟု အကောက်ခွန် အေးဂျင့်အသိုင်းအ၀ိုင်းထံမှ သိရှိရသည်။




ဒေါ်အောင်ဆန်းစုကြည်ရဲ့ထင်ရှားတဲ့ဂုဏ်သတင်းကြောင့် မေလ(၃၁)ရက် ဘန်ကောက်ကမ္ဘာ့စီးပွားရေး ဖိုရမ်တက်ရောက်လာတဲ့ ကမ္ဘာ့ခေါင်းဆောင်တွေရဲ့အလည်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ကြယ်တစ်ပွင့် လိုတောက်ပနေကြောင်း ဘန်ကောက်ကပေးပို့တဲ့ The Canadian Press သတင်းမှာ ရေးသားထား ပါတယ်။ အစည်းအဝေးတက်ရောက်လာတဲ့ သံတမာန်တွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေဟာ သူတိုရဲ့လက် ကိုင်ဖုန်းတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဓါတ်ပုံရိုက်ယူနိုင်ဖို့အတွက် ၀ရုန်းသုန်းကားတိုးဝှေ့နေခဲ့ကြ ပါတယ်။ အခမ်းအနားတက်ရောက်လာတဲ့ အာဆီယံအတွင်းရေးမှုးချုပ် ဆူရင်း-ပစ်ဆူဝမ်က အစည်း အဝေးခန်းမတစ်ခုလုံး လူတွေပြည့်နေတာပါဘဲ၊ ကျနော်တို့လို မိန့်ခွန်းပြောမဲ့လူတွေကြောင့်လား၊ ဒါမှမဟုတ် ဂုဏ်သရေရှိတဲ့အမျိုးသမီးကြောင့်လားဆိုတာတော့ ကျနော်လည်းမသိပါဘူးလို့ ဒေါ်အောင် ဆန်းစုကြည်ကို ရည်ညွှန်းပြောဆိုသွားပါတယ်။ .

By/ DVB TV News

ဒေါ်အောင်ဆန်းစုကြည် နဲ့ ဒေါ်ယဉ်လတ်

ကာတွန်း - Stephff

ကမ္ဘာ့စီးပွားရေးညီလာခံရောက် ဒေါ်အောင်ဆန်းစုကြည် နဲ့ ထိုင်းဝန်ကြီးချုပ်ပုံတွေပါ။

ထိုင်းဝန်ကြီးချုပ်က တွေးနေတာက ဘယ်လိုဖြစ်တာလဲ??? သူက ငါ့ထက်လည်း အသက်ကြီးသေးတယ်၊ အိုင်းရှဲဒိုးလည်း မဆွဲဘူး တဲ့။

ကာတွန်းဆရာက ASSK stealing the spotlight at World Economic Forum on East Asia (စီးပွားရေးညီလာခံမှာ အားလုံးက ဒေါ်အောင်ဆန်းစုကြည်ကိုပဲ အာရုံစိုက်နေကြတယ်) လို့ သူ့ဖေ့စ်ဘုတ်မှာ ရေးထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် မေလ ၃၁ ရက်နေ့ မဟာချိုင်ကို ဒုတိယ အကြိမ် ရောက်ရှိလာပြီး နိုင်ငံသားစိစစ်ရေးရုံးမှာ ထိုင်း၊မြန်မာတာဝန် ရှိသူတွေနဲ့ တွေ့ဆုံ




"ကျွန်မတို့ နိုင်ငံရဲ့ ဂုဏ်သိက္ခာဟာ တကယ်တော့ ကျွန်မတို့ပြည်သူပြည်သားတွေ နိုင်ငံသူနိုင်ငံသားတွေရဲ့ ဂုဏ်သိက္ခာပေါ်မှာတည်ပါတယ်။ ကျွန်မတို့ရဲ့ နိုင်ငံသားတွေဟာ ကမ္ဘာ ဘယ်အရပ်မှာမဆို သိက္ခာရှိရှိ မနေနိုင်လို့ ရှိရင်တော့ ကျွန်မတို့ နိုင်ငံဟာ သိက္ခာရှိတယ်လို့ ဘယ်လိုမှ ပြောနိုင်မှာ မဟုတ်ပါဘူး။ "

"တကယ်တော့ သံရုံးမှာရှိတဲ့ အရာရှိတွေသာ ကျွန်မတို့ရဲ့သံတမန်မဟုတ်ဘူး။ ကျွန်မတို့ နိုင်ငံသားအားလုံးဟာ ကျွန်မတို့ရဲ့ သံတမန်တွေ ဖြစ်တယ်။ ဒီတော့ ကိုယ့်နိုင်ငံ ရဲ့ ဂုဏ်သိက္ခာကိုထိန်းသိမ်းဖို့ အတွက် ကိုယ်ကလည်း သိက္ခာရှိရှိ နေရမယ်။"

မေလ ၃၁ ရက်နေ့ မဟာချိုင်ကို ဒုတိယအကြိမ် လာရောက်ပြီး နိုင်ငံသား
စိစစ်ရေးရုံးမှာ ထိုင်း၊ မြန်မာ တာဝန် ရှိသူတွေနဲ့ တွေ့ဆုံ ဆွေးနွေးပြီး တဲ့နောက် အလုပ်သမားတွေကို ခနတာ စကား ပြောခဲ့တဲ့အထဲကကောက်နှုတ်ချက် (RFA)

မဟာချိုင်၌ ပြောကြားခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းအပြည့်အစုံ (မေလ ၃၁ရက်)

Photo..(Bangkok Post)

ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ညနေပိုင်းအချိန်က မဟာချိုင်ရှိ National Verification Center for Myanmar Migrate Workers သို့ ရောက်ရှိခဲ့ပြီး ပြောကြားခဲ့သော မိန့်ခွန်းအပြည့် အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

ဒီရုံးကိုလာတဲ့ အကြောင်းကို နည်းနည်းလေး ရှင်းပြပါရစေ။ အဓိက ကတော့ ကျွန်မတို့ရဲ့ ရွေ့ပြောင်းအလုပ်သမားတွေ အနေနဲ့ ယာယီပတ်စ်ပို့ ရဖို့အတွက် ဘယ်လို သွားရတယ်၊ ဘယ်လိုလုပ်ရတယ်။ ဘယ်လောက်ကြာ တယ်၊ ဘယ်လောက်ကျသလဲ၊ ဘယ်လိုအခက်အခဲတွေ ရှိနိုင်သလဲဆိုတာ ဒါကိုလာပြီးတော့ လေ့လာဖို့ ဖြစ်ပါတယ်။

ခုနက (ထိုင်းနိုင်ငံ) ဒုတိယဝန်ကြီးချုပ်နဲ့လည်း တွေ့ခဲ့ပါတယ်။ တွေ့ ရတဲ့ အကြောင်းအရင်းကလည်း ကျွန်မတို့ ရွေ့ပြောင်းအလုပ်သမားတွေရဲ့ အခြေအနေကို ကောင်းအောင်လို့ ဘယ်လို လုပ်ပေးနိုင်မလဲဆိုတာ ဆွေးနွေး တာပါ။ အဲဒီဆွေးနွေးချက်အရတော့ အတတ်နိုင်ဆုံး ကျွန်မတို့ ရွေ့ပြောင်း အလုပ်သမားတွေအတွက် ပြေလည်ရေးပေါ့။ ဥပမာအားဖြင့်ဆိုရင် သားသမီး တွေကို အမျိုးသားပိုင်ထိုင်းကျောင်းတွေမှာ စာသင်နိုင်ရေး စသဖြင့်ပေါ့နော်။ ဒီဟာ ပြေလည်နိုင်မယ့်ကိစ္စတွေကို လုပ်ပေးပါမယ်လို့ ကျွန်မကို ပြောပါ တယ်။

ကျွန်မအနေနဲ့ အခုချိန်မှာ စိတ်ပူတာက ဘာလဲဆိုတော့ မှတ်ပုံမတင် ထားရတဲ့ ကျွန်မတို့ရဲ့ ရွေ့ပြောင်းအလုပ်သမားတွေ ကိစ္စပဲ ဖြစ်ပါတယ်။ မှတ်ပုံတင်ပြီးသား အလုပ်သမားတွေကတော့ ဒီမှာလာပြီးတော့ ပတ်စ်ပို့လုပ် လို့ရတယ်။ ဒါပေမဲ့လည်း ဒီပတ်စ်ပို့လုပ်တဲ့အခါမှာ ဒီကြားကနေပြီးတော့ ကြားပွဲစားတွေ၊ ကြားလူတွေကြောင့်မလို့ မကုန်သင့်တာတွေ မကုန်အောင်လို့ ဒါတွေကိုလည်း ကျွန်မတို့ ဂရုပြုထားပါလို့ ပြောပါရစေ။ နောက်ပြီးတော့ မှတ်ပုံမတင်ရသေးတဲ့ ကျွန်မတို့ရဲ့ အလုပ်သမားတွေ မှတ်ပုံတင်ရေး ကိစ္စ အဲတာတွေကိုလည်း ဆက်လက်ပြီးတော့ ကျွန်မတို့ ထိုင်းအာဏာပိုင်တွေနဲ့ ညှိပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ မှတ်ပုံမတင်ရသေး သရွေ့ဆိုလို့ရှိရင် ကျွန်မတို့ရဲ့ အလုပ်သမားတွေရဲ့ ဘဝဟာ အင်မတန်မှ ခက်ခဲတယ်လို့ ကျွန်မနားလည်ပါတယ်။ ဒါကြောင့် မှတ်ပုံတင်ရေး ကိစ္စတွေ ကို ဘယ်လိုအမြန်ဆုံး လုပ်နိုင်မလဲ၊ ဘယ်လိုအပြေလည်ဆုံး လုပ်နိုင်မလဲဆို တာ ကျွန်မတို့ သက်ဆိုင်ရာတာဝန်ခံတွေနဲ့ ဆက်လက်ပြီးတော့ ဆွေးနွေးပါ့ မယ်။ ဒါပေမဲ့ အဓိက ကျွန်မပြောချင်တာကတော့ ကျွန်မတို့ရဲ့ တာဝန်ဟာ ဘာလဲဆိုတာ ကျွန်မတို့ သိပါတယ်။

ကျွန်မတို့ရဲ့ တာဝန်ဟာ ကျွန်မတို့ရဲ့ အလုပ်သမားတွေဟာ ကိုယ့်နိုင်ငံကို ပြန်လာချင်တဲ့ အခါကျလို့ရှိရင် လုံလုံ ခြုံခြုံ စိတ်ချချနဲ့ ပြန်လာနိုင်အောင်လို့ လုပ်ပေးရမယ်ဆိုတာ ကျွန်မတို့ နား လည်ပါတယ်။ လုံလုံခြုံခြုံဆိုတာဟာ ပြန်လာတဲ့အခါကျလို့ရှိရင် မိမိတို့ရဲ့ အသက်မွေး ဝမ်းကျောင်းအတွက် အလုပ်ရရှိနိုင်ရမယ်ဆိုတာကို ဆိုလိုတာပါ။ ကျွန်မက လွယ်လွယ်ကတိတွေ မပေးချင်ပါဘူး။ ကျွန်မတို့က လုပ်ပေးမယ်လို့ လွယ် လွယ်နဲ့ မပြောပါဘူး။ ကျွန်မပြောချင်တာက ဒီကိစ္စကို မျက်ခြေမပြတ် အမြဲ ရှိခဲ့ပါတယ်။ ဆက်ပြီးတော့လည်း ဒီကိစ္စကို အောင်မြင်အောင်လုပ်ပေးသွား မှာပါ။ ဘာဖြစ်လို့လဲဆိုရင် ကျွန်မတို့နိုင်ငံရဲ့ ဂုဏ်သိက္ခာဟာ တစ်ကယ်တော့ ကျွန်မတို့ ပြည်သူတွေ၊ နိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ ဂုဏ်သိက္ခာပေါ်မှာ တည် ပါတယ်။ ကျွန်မတို့ရဲ့ နိုင်ငံသားတွေဟာ ကမ္ဘာဘယ်အရပ်မှာမဆို သိက္ခာ ရှိရှိ မနေနိုင်သရွေ့ ကျွန်မတို့နိုင်ငံဟာ သိက္ခာရှိတယ်လို့ ဘယ်လိုမှ မပြော နိုင်ပါဘူး။

ကျွန်မတို့ ကြိုးစားရမယ်။ ကြိုးစားရမယ်ဆိုတာ တစ်ချိန်လုံး ကြိုးစား နေမှ အမြန်ဆုံးဖြစ်မြောက်အောင် ကြိုးစားရမယ်။ ဒါပေမဲ့ ကျွန်မတို့ရဲ့ အ ခြားနိုင်ငံတွေမှာ ရောက်နေတဲ့ ပြန်လာပြီးတော့ အလုပ်ရနိုင်အောင် လုပ်ဖို့ ဆိုတာဟာ မြန်မြန်ဆန်ဆန်ကြီးတော့ မဖြစ်နိုင်သေးပါဘူး။ မဖြစ်နိုင်သေးတဲ့ အချိန်ကာလမှာ ဒီနိုင်ငံမှာ ရှိနေသေးသရွေ့ကတော့ အတတ်နိုင်ဆုံး အဆင် ပြေအောင်လို့ ကြိုးစားပါ့မယ်လို့ ကျွန်မပြောပါရစေ။ မနေ့ကလည်း မဟာချိုင်ကို လာပြီးတော့ ပြောသွားတယ်နော်။ ကျွန်မ တို့ဟာ ဘာပဲပြောပြော ဧည့်သည်တွေပဲ။ ဧည့်သည်တွေဆိုတော့ ကိုယ်ဟာ ဧည့်သည်ရဲ့ ကျင့်ဝတ်နဲ့ ညီအောင်လို့ နေကြရမယ်။ အဲတာတော့ ကျွန်မက ပြန်ပြီးတော့ သတိပေးပါရစေ။ ကျွန်မတို့ရဲ့ နိုင်ငံသူ၊ နိုင်ငံသားဟာ ကမ္ဘာ ဘယ်အရပ်ရပ်မှာ ရောက်နေ၊ ရောက်နေ ကျွန်မတို့နိုင်ငံရဲ့ သံတမန်တွေပဲ။ တကယ်တော့ သံရုံးမှာရှိနေတဲ့ ကျွန်မတို့ရဲ့ အရာရှိတွေကပဲ သံတမန်တွေ မဟုတ်ဘူး။ ကျွန်မတို့နိုင်ငံသားအားလုံးဟာ ကျွန်မတို့နိုင်ငံရဲ့ သံတမန်တွေ ဖြစ်တယ်။ အဲဒီတော့ ကိုယ့်ရဲ့ နိုင်ငံရဲ့သိက္ခာကို ထိန်းသိမ်းသောအားဖြင့် ကိုယ်တိုင်ကလည်း သိက္ခာရှိရှိ နေရမယ်။ ကျွန်မတို့အနေနဲ့လည်း ကျွန်မတို့ နိုင်ငံရဲ့ သိက္ခာကို ထိန်းသိမ်းသောအားဖြင့် ကျွန်မတို့နိုင်ငံသားတွေရဲ့ အခွင့် အရေးတွေကို တတ်နိုင်သမျှ ကျွန်မတို့ ကာကွယ်ပေးရမယ်။အဲဒီဟာကိုလည်း ကျွန်မတို့ ကြိုးစားပြီးတော့ လုပ်ဆောင်သွားပါမယ်လို့ ကျွန်မ ပြောပါရစေ။

ကျွန်မအနေနဲ့ (ထိုင်းနိုင်ငံ) ဒုတိယဝန်ကြီးချုပ်ကို ပြောတဲ့အခါမှာ ကျွန် မတို့နိုင်ငံသားတွေ ဒီမှာ အလုပ်လုပ် နေ တဲ့ ရွေ့ပြောင်းအလုပ်သမားတွေဟာ မိမိတို့ရဲ့ ရပိုင်ခွင့်တွေဟာ ဘာလဲဆိုတာ သိအောင်လို့ ကျယ်ကျယ်ပြန့်ပြန့် သိအောင်လို့ လုပ်ပေးပါလို့ ကျွန်မမေတ္တာရပ်ခံခဲ့ပါတယ်။ ဒါမှ ကိုယ့်ရဲ့လုပ် ပိုင်ခွင့်တွေ ကိုယ်သိမှ ဥပဒေအရ ကိုယ့်ကိုကိုယ်ဘယ်လို ကာကွယ်နိုင်မလဲ ဆိုတာကို နားလည်လာမှာပါ။ နောက်တစ်ခုကတော့ ကျွန်မ သတိပေးချင်တာကတော့ ကျွန်မတို့ မြန် မာနိုင်ငံကရောက်လာတဲ့ ရွေ့ပြောင်းအလုပ်သမားတွေနဲ့ တခြား မြန်မာနိုင် ငံသူ၊ နိုင်ငံသားတွေဟာ အချင်းချင်းညီညီညွတ်ညွတ်နေဖို့ ကြိုးစားကြပါ။ အချင်းချင်းညီညွတ်မှ ကျွန်မတို့ အောင်မြင်နိုင်မှာပါ။ တစ်ဦးအပေါ် တစ်ဦး စာနာပါ။ နားလည်မှုပေးပါ။ ကိုယ်ရဲ့ နိုင်ငံနဲ့ပတ်သက်လို့ ကိုယ်ဂုဏ်ယူနိုင် တဲ့ အခြေအနေဖြစ်အောင် ကျွန်မတို့က ကြိုးစားသလို နိုင်ငံကလည်း ကျွန် မတို့ ပြည်သူတွေအတွက် ဂုဏ်ယူနိုင်အောင်လို့ ကျွန်မတို့ ပြည်သူပြည်သား တွေကလည်း ကြိုးစားပေးပါလို့ ကျွန်မမေတ္တာရပ်ခံချင်ပါတယ်။ အခုကျွန်မ ထိုင်းနိုင်ငံကို လာတာကတော့ အစည်းအဝေးတက်ဖို့ လာ တာပေါ့နော်။ အစည်းအဝေးတက်ဖို့လာတာဆိုပေမဲ့ အမှန်ပြောရမယ်ဆိုလို့ ရှိရင် ကျွန်မတို့အတွက် ပိုပြီးတော့ အရေးကြီးတဲ့ ကိစ္စတွေကတော့ ကျွန်မ တို့ရဲ့ ရွေ့ပြောင်းအလုပ်သမားတွေနဲ့ ကျွန်မတို့ရဲ့ ဒုက္ခသည်တွေရဲ့ ဘဝ အခြေအနေတွေကို ကျွန်မအနေနဲ့ သုံးသပ်ပြီးတော့ ဘယ်လိုနည်းနဲ့ သက် သာအောင် ဘယ်လိုလုပ်ပေးနိုင်မလဲဆိုတာကို လေ့လာဖို့ ကျွန်မလာတာဖြစ် ပါတယ်။

နှစ်ရက်သုံးရက်အတွင်းမှာတင် အခြေအနေတွေနဲ့ ပတ်သက်လို့ ကျွန် မသိလာတာတွေ ရှိပါတယ်။ ဒီနိုင်ငံက ကျွန်မတို့ ရွေ့ပြောင်းအလုပ်သမား တွေနဲ့ သက်ဆိုင်တဲ့ ဌာနတွေ၊ ဝန်ကြီးဌာနတွေ ကျွန်မတို့ဆက်ပြီးတော့ လုပ် ပါမယ်။ ကျွန်မတို့နိုင်ငံဘက်ကလည်း တတ်နိုင်သမျှ ကျွန်မတို့ရဲ့ ရွေ့ပြောင်း အလုပ်သမားတွေနဲ့ ဒုက္ခသည်တွေရဲ့ ဘဝကို လုံခြုံမှုပေးနိုင်အောင်လို့ ကျွန် မတို့ဆက်ပြီးတော့ ကြိုးစားပါ့မယ်လို့ ပြောပါရစေ။

ကြိုးစားပါ့မယ်လို့ ပြော လို့ တစ်ချို့တွေက အားရချင်မှ အားရမှာ။ အခုချက်ချင်းလက်ငင်း လုပ်ပေး စေချင်တဲ့သူတွေ ရှိမှာပဲ။ ဒါပေမဲ့လည်း ကျွန်မက ကတိတွေပေးပြီးတော့ ကျွန်မတို့ ပြည်သူတွေကို မလှည့်ဖျားချင်ပါဘူး။ အဲတာကြောင့်မို့လို့ အိမ် ပြန်ချင်တယ်လို့ ပြောတဲ့သူတိုင်းကို ပြောပါရစေ။ ကျွန်မတို့ ပြည်သူတွေရဲ့ အိမ်ဟာ ဘယ်တော့မှ ပြောင်းရွေ့သွားမှာ မဟုတ်ပါဘူး။ အဲဒီအိမ်ဟာ ကျွန်မ တို့ ပြည်သူတွေ နေထိုက်တဲ့အိမ်ဖြစ်အောင်လို့ အမြန်ဆုံးကြိုးစားပါ့မယ်လို့ ပြောပါရစေ။ အားလုံးကျန်းမာချမ်းသာကြပါစေ။

Eleven media group