စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Wednesday, December 28, 2011

ဂျော့ဆိုးရော့စ် မြန်မာပြည်ရောက်နေ

ချင်းမိုင် (မဇ္ဈိမ) ။ ။ နိုင်ငံတကာတွင် ဒီမိုကရေစီရေးနှင့် လွတ်လပ်မှုအတွက် အကူအညီများ ပေးနေသည့် OSI ခေါ် Open Society Institute ကို စတင်ထူထောင်သူ ဂျော့ဆိုးရော့စ် George Soros သည် ဗုဒ္ဓဟူးနေ့တွင် အင်းလေးကန်သို့ အလည်အပတ်ရောက်နေသည်ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးဝင်းမြင့်က မဇ္ဈိမကို ပြောသည်။

“သူတည်းတဲ့ ခေါင်တိုင် ကျေးရွာမှာရှိတဲ့ ဟိုတယ်က တာဝန်ရှိတဲ့သူတွေကို သွားတွေ့ပြီး ကျနော် သိရတယ်” ဟု ဦးဝင်းမြင့်က ဆိုသည်။

ဂျော့ဆိုးရော့စ်နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်များ တွေ့ဆုံရန် ရှိမရှိကိုမူ “သူခေါ်မှပဲ ကျနော်တို့ သွားမယ်။ ရှမ်းပြည်နယ်အစိုးရကတော့ ဒီလိုမျိုးနိုင်ငံခြားသားနဲ့ တွေ့ဖို့မတွေ့ဖို့ အမိန့်ထုတ်ထားတာ မရှိပါဘူး” ဟု ပြောသည်။
Open Sociaty Foundations ကို စတင်ထူထောင်သူ ဂျော့ဆိုးရော့စ် George Soros (ဓါတ်ပုံ wikipedia.org)


ညောင်ရွှေမြို့နှင့် ၇ မိုင်ခန့်ကွာဝေးသည့် အင်းလေးကန်စပ်မှ ခေါင်တိုင်ကျေးရွာတွင် တည်းခိုနေ သည့် ဂျော့ဆိုးရော့စ်သည် အင်းလေးနှင့် ပုဂံဒေသရှိ ၎င်းလှူဒါန်းထားသည့် နေရာများသို့ အလည်အပတ် လာရောက်ခြင်းဖြစ်သည်ဟု သိရသည်။

ဒီဇင်ဘာ ၂၆ ရက်နေ့က ကိုယ်ပိုင်လေယာဉ်ဖြင့် ရောက်ရှိလာပြီး လာမည့် လဆန်းတွင် ပြန်မည့် ဂျော့ဆိုးရော့စ်အား အစိုးရတာဝန်ရှိသူများက တွေ့ဆုံရန် ပြင်ဆင်နေသည်ဟု စီးပွားရေးလုပ်ငန်း ရှင်ကြီးတဦးကလည်း ပြောသည်။

“၂၆၊ ၂၇ က သူ ရန်ကုန်မှာရှိပြီး ဒီနေ့တော့ အင်းလေးသွားတယ်ပြောတယ်။ သူ့သားနှစ်ယောက်လည်းပါတယ်။ သူ့ရဲ့ မိသားစု ဒီမှာ vacation visit ပေါ့ဗျာ” ဟု စီးပွားရေးလုပ်ငန်းရှင်တဦးက မဇ္ဈိမကို ပြောသည်။

အမေရိကန်အခြေစိုက် OSI ကို ဂျော့ဆိုးရော့စ်က ၁၉၉၃ ခုတွင် ထူထောင်ခဲ့သည်။ ယခုအခါ ဥရောပ၊ အာရှ၊ အာဖရိကနှင့် လက်တင်အမေရိကတို့ရှိ နိုင်ငံ ၇၀ ကျော်တွင် ရုံးခွဲများထားရှိပြီး လူ့အခွင့်အရေး၊ ပညာရေး၊ ကျန်းမာရေး၊ သတင်းလွတ်လပ်ခွင့် စသည်တို့အတွက် အမေရိကန် ဒေါ်လာ သန်း ၈၀၀၀ ကူညီခဲ့ပြီးဖြစ်ကြောင်း အဖွဲ့က ထုတ်ပြန်ထားသည်။

မြန်မာ့ဒီမိုကရေစီအရေးအတွက် တနှစ်လျှင် ဒေါ်လာ နှစ်သန်း သုံးစွဲလေ့ရှိသည်ဟု Zimbio နှင့် Forbes အင်တာနက်စာမျက်နှာများတွင် ရေးသားထားကြသည်။

ကုမ္ပဏီများထူထောင်ရန် ကန့်သတ်ချက်များ ပယ်ဖျက်

ချင်းမိုင် (မဇ္ဈိမ) ။ ။ ကုမ္ပဏီများ မှတ်ပုံတင် ဖွဲ့စည်း တည်ထောင်ရာတွင် လုပ်ငန်း အမျိုးအစား အလိုက်
ရွေးချယ်ရန် ထားရှိခဲ့သည့် ကန့်သတ်ချက်များကို ပယ်ဖျက်လိုက်ပြီ ဖြစ်ကြောင်း အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။

ယခင်က ကုမ္ပဏီ မှတ်ပုံတင်ရန် လျှောက်ထားရာ၌ လုပ်ငန်း ကဏ္ဍအသီးသီးတွင် လုပ်ငန်းရည်ရွယ်ချက် ကန့်သက်ချက် ၁၀ ခု ကျော်စီ သတ်မှတ်ထားသော်လည်း ယခု ထိုသို့ကန့်သတ်ထားချက်များ ပယ်ဖျက်ပေးလိုက်
ခြင်းဖြစ်ကြောင်း အဆိုပါဝန်ကြီးဌာန ထိပ်တန်း အရာရှိတဦးက ပြောသည်။

“ပြောင်းလဲလာတဲ့ ခေတ်အခြေအနေအရ စီးပွားရေး လုပ်ငန်းတွေက ပိုမိုပြီး လွတ်လွတ်လပ်လပ် လုပ်ဖို့ အခွင့်အလမ်း ရှိသင့်တယ်။ ဒီလိုလုပ်နိုင်မှလည်း ပုဂ္ဂလိက စီးပွားရေးကဏ္ဍ အခွင့်အလမ်းတွေ ပိုများလာပြီးတော့မှ တိုင်းပြည်ရဲ့ စီးပွားရေး တိုးတက်မှုကို အထောက်အကူဖြစ်စေဖို့ လုပ်ငန်းရှင်တွေပိုပြီး လွတ်လွတ်လပ်လပ် လုပ်ကိုင်လာနိုင်အောင် ကန့်သတ်ချက်တွေ ဖြေလျှော့ပေးလိုက်တာပါ” ဟု သူက မဇ္ဈိမကို ပြောသည်။

ထိုအကြောင်းအရာများကို ဝန်ကြီးဌာနက ဒီဇင်ဘာ ၁၄ ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်ခဲ့ပြီး သမ္မတ ဦးစီးရုံးအပါအဝင် သက်ဆိုင်အရာ အစိုးရဌာနရုံးအသီးသီးတို့ ဖြန့်ဝေပေးခဲ့သည်။

ကုမ္ပဏီလုပ်ငန်း ဆက်လက်လုပ်ကိုင်ခွင့် ယခင်က သက်တမ်း ၂ နှစ် သတ်မှတ်ထားပြီး ယခုအခါ ၃ နှစ် တကြိမ်သာ သက်တမ်းတိုးရတော့မည် ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ပါရှိသည်။

ယခင်က ကုမ္ပဏီ မှတ်ပုံတင်ရန် လျှောက်ထားသည့်အခါ ရောင်းဝယ်ရေးလုပ်ငန်းတွင် လုပ်ငန်းရည်ရွယ်ချက် ၁၈ ခု ရှိသည့် အနက် ၅ ခု ကိုသာ ရွေးချယ်လုပ်ပိုင်ခွင့် ပြုခဲ့သလို၊ ဝန်ဆောင်မှုလုပ်ငန်းတွင်လည်း လုပ်ငန်းရည်ရွယ်ချက် ၁၀ ချက်ထဲမှ နှစ်သက်ရာ ၄ ခုသာ ရွေးချယ်ခွင့်ရှိပြီး၊ စက်မှု/ထုတ်လုပ်မှု လုပ်ငန်းတွင် လုပ်ငန်းရည်ရွယ်ချက် ၁၄ ခု မနက် မှ ၄ ခုကိုသာ ကန့်သတ်ချက်များဖြင့် ရွေးချယ်ဆောင်ရွက်ခွင့်ပြုခဲ့သည်။

“ရောင်းဝယ်ရေး” ကုမ္ပဏီတခု အောက်တွင် လယ်ယာထွက်ပစ္စည်း၊ ရေထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်း၊ စက်ကရိယာပစ္စည်း နှင့် ဆေးဝါး ပစ္စည်းများအပါအဝင် ၁၈ မျိုးရှိပြီး ကန့်သတ်ထားချက်များကြောင့် ထိုအထဲမှ ၅ မျိုးကိုသာ လုပ်ဆောင်ခွင့်ရမှာ ဖြစ်သည်။

ထိုအမျိုးအမည်များ အပြင် ထပ်မံတိုးချဲ့၍ လုပ်ဆောင်လိုပါက ကုမ္ပဏီ အသစ်ထောင်ပြီး လုပ်ကိုင်ရသဖြင့် လုပ်ငန်း
ဖေါင်းပွမှုများ ဖြစ်သကဲ့သို့ ငွေကြေးအရလည်း ကုန်ကျမှု များပြားခဲ့ရကြောင်း ရန်ကုန်အခြေစိုက် ရောင်းဝယ်ရေး ကုမ္ပဏီတခုမှ မန်းနေဂျင်း ဒါရိုတ်တာ တဦးက ပြောသည်။

“အခြားလုပ်ငန်းတွေ ထပ်ပြီးတော့လုပ်ချင်ရင်တော့ နောက်ထပ်ကုမ္ပဏီ ထပ်ထောင်ရတော့ လုပ်ငန်းဖေါင်းပွမှုတွေ
ဖြစ်ပြီးတော့ မလိုအပ်တဲ့ ကုန်ကျမှုတွေ ဖြစ်တော့ပေါ့ဗျာ၊ ခုလို ကန့်သတ်ချက်တွေ ဖယ်လိုက်တော့ စရိတ်စက အကုန်အကျ သက်သာပြီး လွတ်လွတ်လပ်လပ် လုပ်ခွင့်ရတာပေါ့ဗျာ” ဟု သူက မဇ္ဈိမကိုပြောသည်။

ယခင်အစိုးရလက်ထက်က ကုမ္ပဏီများကို လုပ်ပိုင်ခွင့် အားလုံးဖွင့်ပေးခဲ့လျှင် ယင်းတို့၏ လုပ်ပိုင်ခွင့် စည်းကမ်းကို
ကျော်ကာ ချိုးဖောက် လုပ်ဆောင် မှုများ မရှိစေရန်ဟု အကြောင်းပြကာ စီးပွားရေးလုပ်ငန်းရှင်များ မနှစ်မျို့သော ယင်းကန့်သတ်ချက်များကို ချမှတ်လုပ်ဆောင်ခဲ့ကြောင်း ဝန်ကြီးဌာန အရာရှိကပြောသည်။

“အရင်တုန်းက လုပ်ငန်းရှင်တွေဘက်ကလည်း မမှန်မကန်လုပ်တဲ့ ကိစ္စမျိုးလေးတွေက ရှိတော့ ဒီလိုအများကြီး လွတ်လွတ်လပ်လပ် လုပ်ခွင့်ပေးလိုက်ရင် မမှန်မကန် လုပ်ဆောင်မှုတွေက များလာနိုင်တယ်ပေါ့နော်။ ဒါကြောင့်မလို့ ကျနော်တို့က ရည်ရွယ်ချက်တွေ ကန့်သတ်ပြီးတော့လုပ်မှ သင့်လျော်မယ်ဆိုပြီးတော့မှ ကန့်သတ်ခဲ့တာပေါ့” ဟု သူက ပြောသည်။

ဇာဂနာ ပါတီဝင်ရန် ဦးဝင်းတင် ဖိတ်ခေါ်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင် ဦးဝင်းတင်က နာမည်ကျော် လူရွှင်တော် ဇာဂနာအား NLD ပါတီဝင်ရန် ဖိတ်ခေါ်လိုက်သည်။

NLD တွင် ပညာတတ်လူငယ်ကင်းမဲ့နေကြောင်း မကြာသေးခင်က ပေါ်ပေါက်လာသည့် ဇာဂနာ၏ အငြင်းပွားဖွယ် ပြောဆိုချက်နှင့် ပတ်သက်ပြီး ဧရာဝတီက အင်္ဂါနေ့က ဆက်သွယ် မေးမြန်းစဉ် ဦးဝင်းတင်က ထိုသို့ တုန့်ပြန်လိုက်ခြင်း ဖြစ်သည်။

ဒီဇင်ဘာလ ၁၈ ရက်နေ့က ဘန်ကောက်မြို့ သတင်းစာ ရှင်းလင်းပွဲတွင် တွေ့ရသော လူရွှင်တော် ဇာဂနာ (ဓာတ်ပုံ - ဧရာဝတီ)

“ကိုဇာဂနာကို ဖိတ်ချင်တယ်။ လာပါ ကိုဇာဂနာ။ ကိုဇာဂနာတို့ ၀င်လုပ်ကြပါ။ NLD မှာ ၀င်လုပ်ပါ။ ဒီပွဲကြီးဟာ ကျနော်တို့ တမျိုးသားလုံးနဲ့ ဆိုင်တဲ့ပွဲ ဖြစ်ပါတယ်” ဟု ဦးဝင်းတင်က ဆိုသည်။

“နည်းတယ်၊ များတယ်ဆိုတာက အထင်အမြင်ကို ပြောတာပေါ့ဗျာ၊ ကျနော်က နည်းတယ်တို့၊ များတယ်တို့၊ အတိုင်းအတာတွေကို မပြောချင်ဘူး။ နည်းတယ် ပြောနေသူတွေ များများ ၀င်ပြီးဆောင်ရွက်ဖို့ လိုတယ်” ဟု ဦးဝင်းတင်က ဆက်ပြောသည်။

ဒီဇင်ဘာလ ၁၈ ရက်နေ့က ဘန်ကောက်မြို့ သတင်းစာ ရှင်းလင်းပွဲတွင် လူရွှင်တော် ဇာဂနာက မြန်မာလူငယ်များ အတွက် အလုပ် လုပ်မည်ဖြစ်ကြောင်း၊ မြန်မာ လူငယ်အများစုမှာ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုင်ရာ ဗဟုသုတ မရှိကြောင်း၊ NLD တွင်လည်း အသက် ၄၀ အောက် ပညာရှင်၊ ပညာတတ်များ မရှိကြောင်း ပြောဆိုခဲ့သည်။

ဇာဂနာ ထိုင်းနိုင်ငံသို့ ခေတ္တရောက်ရှိစဉ် ထိုသို့ မှတ်ချက်ချလိုက်ခြင်းကို အင်တာနက် လူမှု ကွန်ရက် စာမျက်နှာများ၊ မြန်မာ့နိုင်ငံရေး စိတ်ဝင်စားသူများကြားတွင် ငြင်းခုန် ဆွေးနွေးနေကြသည်။

NLD ခေါင်းဆောင် ဦးဝင်းတင်ကမူ ပါတီတွင် ပညာတတ်၊ ပညာရှိများ သာမက အလွှာ အသီးသီး ပါဝင်နေသည်ဟု ဆိုသည်။

“ဘွဲ့ ၂ ထပ်ကွမ်း၊ ၃ ထပ်ကွမ်း၊ ပါရဂူဘွဲ့ ရတဲ့လူတွေလည်း လိုတယ်။ အရေးကြီးတာက ဘွဲ့ရခြင်း၊ မရခြင်း၊ အင်္ဂလိပ်လို တတ်ခြင်း၊ မတတ်ခြင်း၊ ဒါကို ပြောတာ မဟုတ်ဘူး။ လိုတာက ပညာတတ်တွေ လိုတာ။ ပညာတတ်တယ် ဆိုတာက လူထုအကျိုးကိုပြုနိုင်တဲ့၊ ပညာတွေ အမျိုးစုံ တတ်တဲ့သူတွေ လိုတာ။ ဒါပေမယ့်လို့ အဲဒီ ပညာတတ်တွေနဲ့ချည်း လုပ်လို့ မပြီးပါဘူး”ဟု သူက ဆိုသည်။

နိုင်ငံခြားတွင် ပညာ သွားရောက် သင်ယူပြီး ပြန်မလာသူများရှိကြောင်း၊ ပညာတတ်များ ပါတီ ၀င်ရုံသာမက အမှန်တကယ် အလုပ်လုပ်ရန် လိုအပ်ကြောင်း ဦးဝင်းတင်က ပြောသည်။

NLD သည် သောကြာနေ့က ရွေးကောက်ပွဲ ကော်မရှင်တွင် ပါတီအဖြစ် မှတ်ပုံတင်ခဲ့ပြီး ပါတီ ၀င်လိုသူများကို ဖိတ်ခေါ်လျက်ရှိသည်။ NLD တွင် နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့သူများလည်း ပါတီဝင်ဖြစ်ရေးအတွက် ပြန်လည် လျှောက်လွှာတင်ရမည်ဟု NLD က ဆိုသည်။

အနာဂတ် NLD တွင် လူကြီးပိုင်းက နာယက နေရာများတွင်သာ တာဝန် ယူသွားမည်ဖြစ်သည်ဟု ဦးဝင်းတင်က ပြောသည်။

“လူငယ်ပိုင်းတွေကို တိုးတိုးပြီး နေရာပေးသွားဖို့ ကျနော်တို့ သဘောထားရှိတယ်။ လူငယ်ပိုင်းတွေ ၀င်ဦးဆောင်ကြတဲ့ အခါ လူကြီးပိုင်းတွေကလည်း ဖယ်ပေးသွားကြမှာဖြစ်တယ်” ဟု သူက ဆိုသည်။

ထိုသဘောထားသည် ပြီးခဲ့သည့်နှစ်ကုန်ပိုင်း ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်စဉ် ပထမဆုံး ပြုလုပ်သည့် NLD ထိပ်တန်း ခေါင်းဆောင်များ အစည်းအဝေးတွင် ပေါ်ပေါက်လာခြင်း ဖြစ်သည်ဟု ဆိုသည်။

ဤအတောအတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးသိန်းစိန် အစိုးရတို့၏ ဆက်ဆံရေး ကောင်းမွန်လာပြီး ပါတီအား ကော်မရှင်တွင် မှတ်ပုံတင်လိုက်သဖြင့် အလွှာအသီးသီးမှ လူထုက ကြောက်ရွံ့မှု မရှိကြတော့ဘဲ လာရောက် ထိတွေ့ ဆက်ဆံနေကြကြောင်း၊ NLD ပိုမို အားကောင်းစေရန် မည်သူ့ကို မဆို တံခါးဖွင့်ထားကြောင်း ဦးဝင်းတင်က ဆက်ရှင်းပြသည်။

ဝန်းရံလာသူများထဲတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဓာတ်ပုံတွဲရိုက်လိုသူများ၊ ကိုယ်ကျိုးရှာသူများ၊ အမတ်ဖြစ်လိုသူများလည်း ပါလာနိုင်ကြောင်း သူက ဆိုသည်။

“ကျနော်တို့ပါတီကို အပြင်လူတွေ ၀င်လာနိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည်က အလွန် အင်မတန်အားကောင်းတဲ့၊ ဆွဲဆောင်အား ရှိတော့ လူတွေလည်း ပိုပြီး ၀န်းရံလာကြတဲ့ အခါကျတော့ ဒီလို ၀န်းရံလာတဲ့သူတွေကို တွန်းဖယ်တာတို့ ကျောခိုင်းတာတို့ ကျနော်တို့ မလုပ်ချင်ဘူး” ဟု သူက ဆိုသည်။

NLD ပါတီကို ၀န်းရံသူ များလာခြင်းသည် နိုင်ငံအတွက်လည်း အကျိုးရှိစေသည်ဟု သူက ပြောသည်။

ဂျီအက်စ်အမ်ဖုန်းများ ငါးနှစ်အတွင်း 4G အထိ အဆင့်မြှင့်မည်

ရန်ကုန်မြို့တွင်းတစ်နေရာတွင် မိုဘိုင်းဖုန်းဖြင့် ဆက်သွယ်ပြောဆိုနေသူများအား တွေ့ရစဉ်

ဂျီအက်စ်အမ် ဖုန်းများအား ငါးနှစ်အတွင်း 4G အဆင့်ထိ မြှင့်တင်သွားမည်ဖြစ်ကြောင်း မြန်မာ-ကိုရီးယားနှစ်နိုင်ငံကြား ဆက်သွယ်ရေးဆိုင်ရာ ဆွေးနွေးပွဲမှ သတင်းရရှိပါသည်။

လက်ရှိ မြန်မာနိုင်ငံ၏ ဖုန်းသုံးစွဲနိုင်မှုမှာ တစ်နိုင်ငံလုံးလူဦးရေ၏ ငါးရာခိုင်နှုန်းသာ ဖုန်းသုံးစွဲနိုင်သေးကြောင်း၊ ငါးနှစ်အတွင်း ဖုန်းအလုံးရေ သန်း ၃၀ ချထားကာ နိုင်ငံ့လူဦးရေ၏ ၅၀ ရာခိုင်နှုန်းအထိ ဖုန်းသုံးစွဲနိုင်ရန် ချထားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယခု ၂၀၁၁-၂၀၁၂ဘဏ္ဍာရေး နှစ်တွင် ဖုန်းအလုံးရေ လေးသန်းအား ချထားပေးရန် စီစဉ်ထားကြောင်း၊ လာမည့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာ ရေးနှစ်တွင် ဖုန်းအလုံးရေ နောက်ထပ် ငါးသန်းအား ထပ်မံချထားပေးရန် စီစဉ် ထားကြောင်း သိရသည်။ 4G အဆင့်ထိ မြှင့်တင်သွား မည်ဆိုသည်မှာ ကောင်းမွန်ကြောင်း၊ သို့သော် လတ်တလောတွင် နိုင်ငံ့လူဦးရေ၏ ငါးရာခိုင်နှုန်းသာ ဖုန်းသုံးနေသည့်အချိန်၌ပင် ဖုန်းလိုင်းများ ပြတ်တောက်မှု၊ ခေါ်ဆိုရ ခက်မှုများ ရှိနေသေးသည့်အတွက် အဆိုပါ အခက်အခဲများကိုလည်း ဦးစားပေး ဖြေရှင်းပေးခြင်းဖြင့် သုံးစွဲသူများကို ပိုမိုအဆင်ပြေစေမည်ဖြစ်ကြောင်း ဖုန်းအသုံးပြုသူများက ပြောကြားခဲ့ပါသည်။

''4G ကတော့ လုပ်ပေးနိုင်ရင် ကောင်းတာပေါ့။ အခုက နိုင်ငံ့လူဦးရေရဲ့ ငါးရာခိုင်နှုန်းပဲ ဖုန်းအသုံးပြုနိုင်သေးတာလေ။ အဲဒီအချိန်မှာတောင် ဖုန်းလိုင်းက အရမ်းကောင်းနေရမှာ။ အိမ်ထဲမှာ၊ အဆောက်အအုံထဲမှာမို့လို့ ဖုန်းမမိလို့ အပြင်ထွက်ပြောရတာမျိုး၊ ဖုန်းပြောနေရင်း တိခနဲ ပြတ်ကျသွားတာမျိုးလေးတွေ ရှိနေသေးတာ။ ဒါတွေကို အရင်ဦးစားပေး ဖြေရှင်းမယ်၊ ပြီးမှ 4G ကို သွားမယ်ဆို ပိုကောင်းမယ် ထင်တာပဲ။ သုံးစွဲရတဲ့သူတွေ လည်း ပိုအဆင်ပြေတာပေါ့။ တစ်ခုရှိသေးတာက ကျွန်တော် ပြည်ပနိုင်ငံတွေမှာ အလုပ်သွားလုပ်တဲ့အခါ ကနဦး ဖုန်းငှားရမ်းခ၊ ဖုန်းတပ်ဆင်ခဆိုတာ မရှိဘူး။ ပြောချင်သလောက်ပြော ကျသလောက်ရှင်းနည်းနဲ့ သွားတဲ့အတွက် ဖုန်းသုံးနိုင်တဲ့သူပိုများသလို အခွန်လည်း ပိုရတယ်။ ပြီးတော့ Network နဲ့ ပတ်သက်လို့လည်း တခြားနိုင်ငံတွေမှာက Plan ကြီးချပြီး လုပ်ထားကြတဲ့အတွက် ဘာပြဿနာ မှမတွေ့ရဘူး'' ဟု ပြည်ပနိုင်ငံများတွင် သွားရောက်အလုပ်လုပ်ကိုင်ပြီး ပြန်လည်ရောက်ရှိလာသူတစ်ဦးက ပြောကြားခဲ့သည်။

မိုဘိုင်းဖုန်းအသုံးပြုသူတစ်ဦးလည်း ''ဒီနှစ်ပိုင်းမှာ ဖုန်းချထားပေးတာ များလာပေမယ့် အတိုင်းအတာတစ်ခုအထိပဲ ဖုန်းကိုင်နိုင်ပါသေးတယ်။ ပေးသွင်းရတဲ့ပမာဏကလည်း နိုင်ငံတကာနဲ့ယှဉ်ရင် ပိုမြင့်တယ်။ မြန်မာနိုင်ငံမှာ တခြားနိုင်ငံတွေထက်စာရင် ဖုန်းအမျိုးအစား ပိုများတယ်။ ဒါပေမယ့် သုံးစွဲသူက နည်းနေတယ်။ သုံးရတဲ့ အမျိုးအစားထက် သုံးစွဲသူက ၀န်ဆောင်မှုအပေါ် ကျေနပ်နှစ်သိမ့်မှုနဲ့ ပါဝင်အသုံးပြုနိုင်မှုကို ပိုလိုချင်ပါတယ်။ အခုချိန်မှာ ၀န်ဆောင်မှု တိုးမြှင့်ပေးမယ်ဆိုရင်လည်း ဖုန်းအလုံး ရေတိုး မြှင့်ချထားပေးဖို့နဲ့ ဖုန်းဆက်သွယ်မှုကောင်းမွန်ဖို့ကိုပဲ ပိုမျှော်လင့်ပါတယ်''ဟု ထင်မြင်ချက်ပေးပါသည်။

သံယာတော်များ နိုင်ငံကူးလက်မှတ် (Passport) ပြုလုပ်ကြရာတွင် အခက်အခဲအချို့နှင့်ကြုံတွေ့နေရ

သံဃာတော်များသည် နိုင်ငံကူးလက်မှတ် (Passport) ပြုလုပ်ကြရာတွင် သတ်မှတ်ထားသော ထောက်ခံစာများ ရှိနေမှသာ နိုင်ငံကူးလက်မှတ် အသစ်ပြုလုပ်ခြင်းနှင့် အဟောင်းများကို သက်တမ်းတိုးမှုများ ပြုလုပ်၍ရသောကြောင့် အချိန်ကြန့်ကြာမှု အခက်အခဲ များနှင့် ကြုံတွေ့နေရကြောင်း သတင်းရရှိသည်။

သံဃာတော်များ နိုင်ငံကူးလက်မှတ်အသစ်များ ပြုလုပ်ခြင်းနှင့် အဟောင်းများကို သက်တမ်းတိုးရာတွင် မိမိလက်ရှိ သီတင်းသုံးသော ကျောင်းထိုင်ဆရာတော်၏ ထောက်ခံစာ၊ မြို့နယ်သံဃနာယက ဆရာတော်၏ ထောက်ခံစာနှင့် မြို့နယ်ရဲစခန်း၏ ထောက်ခံစာ တို့ကိုယူဆောင်ပြီး အထက်သာသနာရေးဌာနရုံးကို တင်ပြရသည်။ ၎င်း သာသနာရေးဌာနရုံးမှ နိုင်ငံကူးလက်မှတ် ပြုလုပ်ခွင့်စာရရှိမှသာ နိုင်ငံကူးလက်မှတ် ပြုလုပ်ရေးဌာနသို့ သွားရောက်ပြုလုပ်နေရကြောင်းလည်း သိရသည်။

''နာဂစ် မဖြစ်ခင်တုန်းကဆိုရင် ဦးဇင်းတို့ Passport လုပ်ရတာ တော်တော်လေး အဆင်ပြေပါတယ်။ နိုင်ငံကူးလက်မှတ် ထုတ်ပေးတဲ့ ရုံးတစ်ခုထဲမှာတင် အပြီးလုပ်လို့ ရတယ်။ အခုဆိုရင် ကျောင်းထိုင်ဆရာတော်ရဲ့ ထောက်ခံစာ၊ မြို့နယ်သံဃာ့နာယက ဆရာတော်ရဲ့ထောက်ခံစာ၊ ရဲစခန်း ထောက်ခံစာတို့ကို အရင်သွားယူရတယ်။ ပြီးတော့မှ အဲဒါတွေကို အထက်သာသနာရေးရုံးကို တင်ပြရတယ်။ အထက်သာသနာရေးရုံးက ပြုလုပ်ခွင့်စာကျမှသာ နိုင်ငံကူးလက်မှတ် ထုတ်ပေးတဲ့ရုံးကို သွားပြီးတော့ ပြုလုပ်ခွင့်ရတာပါ။ အဲဒီလိုပြုလုပ်ရ တာတွေက ဦးဇင်းတို့အတွက်ရော၊ တခြားသံဃာတော်တွေအတွက်ရော အခက်အခဲတွေ ကြုံတွေ့နေရသလို အချိန်လည်း အကြာကြီး စောင့်ရပါတယ်။ အဲဒါတွေကို ပြန်လည်ပြုပြင် ပေးစေလိုပါတယ်''ဟု ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ပန်းပင်ကုန်း(၅)ရပ်ကွက်ရှိ ကမ္ဘာ့ဗုဒ္ဓ၀ိပဿနာ ဗိမာန်ကျောင်းတိုက်မှ ရဟန်းတစ်ပါးက မိန့်ကြားခဲ့သည်။

ချီဖွေ ရေအားလျှပ်စစ် စီမံကိန်း တည်ဆောက်ရေး လုပ်ငန်းများ စတင်

ချီဖွေ ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်ရေးလုပ်ငန်းများ စတင်နေပြီဖြစ်ကြောင်း သတင်းရရှိပါသည်။ မြစ်ဆုံအထက်မိုင် ၆၀ ခန့် အကွာ မေခမြစ်ပေါ်ရှိ ၃၄၀၀ မဂ္ဂါဝပ် ရှိသော ချီဖွေရေအား လျှပ်စစ်စီမံကိန်းအား ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် မြေသားလုပ်ငန်းများ လုပ်ကိုင်ခွင့် ရရှိ ခဲ့ပြီး တည်ဆောက်ရေးလုပ်ငန်းများ စတင်နေပြီဖြစ်ကြောင်း သိရှိရသည်။

''မေခမြစ်ပေါ်မှာ တည်ဆောက်မှာဖြစ်တဲ့ ချီဖွေ ရေအားလျှပ်စစ်စီမံကိန်းကို စတင်ဖို့ ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ သဘောတူညီမှု စာချုပ် ချုပ်ဆိုပြီး စီမံကိန်းလုပ်ငန်းတွေ စတင်နေပြီ။ လိုအပ်တဲ့ စက်ယန္တရားတွေလည်း ရောက်နေပါပြီ''ဟု ရေ အားလျှပ်စစ်စီမံကိန်း တည်ဆောက်ရေးလုပ်ငန်းများနှင့် နီးစပ်သည့်အသိုင်းအ၀ိုင်းမှ သိရှိရပါသည်။

သို့ဖြစ်၍ မြစ်ဆုံရေအားလျပ် စစ်စီမံကိန်းမှအပ ကျန်စီမံကိန်း ခြောက်ခုဖြစ်သော ချီဖွေ၊ ၀ူဆောက်၊ ခေါင်လန်ဖူး၊ ယီနန်၊ ဖီဇောနှင့် လိုင်ဇာတို့အား ဆက်လက်လုပ်ဆောင် သွားမည်ဖြစ်ကာ ယခုစတင်သည့် ချီဖွေရေအား လျှပ်စစ်စီမံကိန်းမှာ ပထမဆုံးလုပ်ဆောင်သည့် ရေအား လျှပ်စစ်စီမံကိန်းတစ်ခုဖြစ်သည်ဟု သိရှိရပါသည်။

နိုင်ငံခြားဘဏ် လုပ်ငန်းလုပ်ကိုင်သော မြန်မာဘဏ်များ နိုင်ငံတကာအဆင့် လည်ပတ်နိုင်ပြီးမှသာ

မြန်မာနိုင်ငံတွင် ကိုယ်စားလှယ်ရုံး ဖွင့်လှစ်ထားသော စင်ကာပူအခြေစိုက် UOB ဘဏ်၏ မလေးရှားနိုင်ငံရှိ ဘဏ်ခွဲတစ်ခုကို တွေ့ရစဉ်

မြန်မာနိုင်ငံမှ ပုဂ္ဂလိကဘဏ်များ၊ အစိုးရပုဂ္ဂလိက ဖက်စပ်ဘဏ် ၁၁ဘဏ်သည် နိုင်ငံခြားဘဏ် လုပ်ငန်းကို လုပ်ကိုင်ခွင့်ရရှိထားပြီး အဆိုပါလုပ်ငန်းကို နိုင်ငံတကာအဆင့်မီ လည်ပတ်နိုင်ပြီးမှသာ ကိုယ်စားလှယ် ရုံးအဖြစ် ဖွင့်လှစ်ထားသော နိုင်ငံခြား ဘဏ်များအနေဖြင့် ဘဏ်ခွဲအဖြစ် မြန်မာနိုင်ငံတွင် တည်ထောင်လုပ်ကိုင် ခွင့်ရမည်ဖြစ်ကြောင်း ဘဏ်လုပ်ငန်း အသိုင်းအ၀ိုင်းမှ သတင်းရရှိသည်။

“အခုပြည်တွင်းဘဏ်တွေ လုပ် ကိုင်ခွင့်တိုးပြီးရလာတယ်။ အရင်က ရခဲ့ဖူးတဲ့ နိုင်ငံခြားငွေ လွတ်လပ်စွာ ရောင်းဝယ်ဖောက်ကားခွင့်၊ နိုင်ငံခြားဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့်၊ အကြွေးဝယ်ကတ်တွေ ထုတ်ဝေခွင့်၊ ရွှေနဲ့စိန်အပေါင်လက်ခံပြီး ငွေထုတ်ချေးခွင့် စတာတွေကို လုပ်ကိုင်ခွင့်ရ လာပါပြီ။ မြန်မာနိုင်ငံအနေနဲ့လည်း ဘဏ်နဲ့ဘဏ်လုပ်ငန်းတွေ နိုင်ငံတကာ အဆင့်လုပ်နိုင်ဖို့ အရေးကြီးနေတာကြောင့် ဒီလိုလုပ်ကိုင်ခွင့်တွေပြန်ပေး တယ်လို့ယူဆတယ်။ နိုင်ငံခြားဘဏ် လုပ်ငန်းအနေနဲ့ ပြောရရင် အရင်လို အစိုးရဘဏ်နှစ်ခု၊ သုံးခုကလုပ်တာ မျိုးမဟုတ်တော့ဘဲ ပြည်တွင်းဘဏ်တွေ လုပ်ခွင့်ရလာတယ်။ ဒါပေမယ့် ၂၀၁၂ မတ်လလောက်မှ နိုင်ငံခြား ဘဏ်လုပ်ငန်းစလုပ်နိုင်မယ်လို့ ထင်တယ်။ ဥပမာ အယ်လ်စီ(ငွေလွှဲစာ တမ်း)ဖွင့်တာမျိုးပေါ့။ လောလောဆယ်ကတော့ ပြည်တွင်းစာရင်း အလွှဲအပြောင်းတွေနဲ့ အပ်ငွေလက်ခံတာလောက်ပဲ လုပ်နိုင်မယ်။ ပြည်တွင်းဘဏ်တွေ အဆင့်မီမီလည်ပတ် နိုင်ပြီဆိုရင်၊ ယှဉ်ပြိုင်နိုင်စွမ်း ပြည့်မီပြီဆိုရင် နိုင်ငံခြားဘဏ်ခွဲတွေ တည်ထောင်ခွင့်ပြုသွားမယ်လို့ သိရပါတယ်”ဟု နိုင်ငံခြားဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့်ရရှိသော ပုဂ္ဂလိကဘဏ် တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြော ကြားပါသည်။

နိုင်ငံခြားဘဏ်လုပ်ငန်း လုပ်ကိုင်မည့် ပြည်တွင်းဘဏ်များအနေဖြင့် အတွေ့အကြုံအားဖြင့်သော် လည်း ကောင်း၊ နည်းပညာအရ သော်လည်းကောင်း ယှဉ်ပြိုင်နိုင်စွမ်းလိုအပ်ချက် ဖြစ်ပေါ်နေသောကြောင့် နိုင်ငံခြား ဘဏ်များကို ကိုယ်စားလှယ်ရုံးအဖြစ်သာ ဖွင့်လှစ်ခွင့်ပေးနေခြင်းဖြစ်ကြောင်း၊ အဓိကအချက်မှာ နိုင်ငံတော်၏ စီးပွားရေး ဦးတည်ချက် တစ်ရပ်ဖြစ်သော ‘နိုင်ငံတော်၏ စီးပွားရေးတစ်ရပ်လုံးကို ဖန်တီးနိုင်မှုစွမ်းအားသည် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူတို့ လက်ဝယ်တွင်ရှိရေး’ ဆိုသည်နှင့်အညီ ပြည်တွင်းဘဏ်များ၏ လုပ်ရည်ကိုင်ရည်ပြည့်ဝမှသာ နိုင်ငံခြားဘဏ်များ အနေဖြင့် မြန်မာနိုင်ငံတွင် ဘဏ်ခွဲ တည်ထောင်ခွင့်ရမည် ဖြစ်ကြောင်း တာဝန်ရှိသူများ၏ ထုတ်ပြန် ပြောကြားမှုများအရ သိရပါသည်။

“ဘဏ်ကိုယ်စားလှယ်ရုံး ဖွင့်လှစ်ထားတာကြာပါပြီ။ ၁၉၉၀ ကျော် ကတည်းကပါ။ အခုထိလည်း ဖွင့်လှစ်ထားပါတယ်။ မြန်မာပြည်က အနာဂတ်အရ ဆက်ဖွင့်ထားဦး မှာပါ။ လောလောဆယ် ဘဏ်ကိုယ်စားလှယ်ရုံးတွေထက် အာမခံကိုယ်စားလှယ်ရုံးတွေက ပိုအလုပ်ဖြစ်လာတယ်။ လုပ်ငန်းလုပ်ကိုင်ခွင့် ရတဲ့အထိ စောင့်ရဦးမှာပေါ့”ဟု နိုင်ငံခြားဘဏ်လုပ်ငန်းတစ်ခု၏ တာဝန်ခံတစ်ဦးက ရှင်းပြပါသည်။

လက်ရှိလုပ်ကိုင်နေသော နိုင်ငံခြားဘဏ် ကိုယ်စားလှယ်ရုံးများ၏ လုပ်ငန်းတာဝန်များမှာ ဘဏ်လုပ်ငန်း နှင့် ငွေရေးကြေးရေးဆိုင်ရာ သတင်း အချက်အလက်များ ကောက်ယူ စုဆောင်းခြင်း၊ ဥပဒေ၊ စည်းမျဉ်း စည်းကမ်းထုတ်ပြန်ခြင်း၊ ပြောင်းလဲခြင်း၊ ပယ်ဖျက်ခြင်း၊ ပြဋ္ဌာန်းခြင်း များစသည်တို့နှင့် စပ်လျဉ်း၍ ရုံးချုပ်ထံ အစီရင်ခံတင်ပြခြင်း၊ ပင်ရင်းနိုင်ငံမှ လုပ်ငန်းများအတွက် ပံ့ပိုးပေးခြင်း၊ အစိုးရနှင့်လုပ်ငန်းအကြား ချိတ်ဆက် ညှိနှိုင်းပေးခြင်း စသည်တို့ ပါဝင်ကြောင်း သိရပါသည်။

မြန်မာနိုင်ငံတွင် နိုင်ငံခြားဘဏ် ကိုယ်စားလှယ်ရုံးခွဲ ဖွင့်လှစ်မှုမှာ ၁၉၉၇ ခုနှစ် အာရှစီးပွားရေးအကျပ် အတည်းမတိုင်မီအထိ ၄၉ ဘဏ် လာရောက်ဖွင့်လှစ်ခဲ့ပြီး အာရှစီးပွားရေး အကျပ်အတည်းပြီး နောက်ပိုင်း နှင့် ၂၀၀၃ ခုနှစ်ပိတ်ဆို့မှု ဖြစ်စဉ်များကြောင့် ဘဏ်အများအပြား ပြန်လည် ထွက်ခွာသွားကာ ၂၀၁၁ ခုနှစ် မတ်လ ၃၁ ရက်နေ့ စာရင်းအရ ဘဏ်ကိုယ်စားလှယ်ရုံး ၁၄ ရုံးသာ ကျန်ခဲ့သည်။ အခြားတစ်ဖက်တွင်လည်း ဘဏ်လုပ်ငန်းပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်နိုင်သည်ဟု နိုင်ငံခြားဘဏ်များက မျှော်မှန်းလျက် ရှိကြောင်း သိရပြီး ယခု ၂၀၁၁ ခုနှစ် နှစ်မကုန်ဆုံးမီတွင် ကိုယ်စားလှယ်ရုံး ဖွင့်လှစ်ထားသော နိုင်ငံခြားဘဏ်မှာ ၃၀ကျော် အထိရှိလာပြီဖြစ်ကြောင်း သိရသည်။

ELEVEN MEDIA GROUP

၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့မှစ၍ ဏ အက္ခရာ ကားဟောင်းများ အပ်နှံမှု စတင်လက်ခံမည်

၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့မှစ၍ ဏ အက္ခရာကား ဟောင်းများကို အပ်နှံမှုကို စတင် လက်ခံသွားမည်ဖြစ်ကြောင်း ရထား ပို့ဆောင်ရေး ၀န်ကြီးဌာန ပြောရေးဆို ခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့ပါ သည်။

ယခုအခါတွင် ည အက္ခရာ ကားဟောင်းများအပ်နှံမှုမှာ ပြီးစီးလု ပြီဖြစ်ကြောင်း၊ ည အက္ခရာကား ဟောင်းများအပ်နှံမှုပြီးစီးနှင့်သည် ဏ အက္ခရာကားဟောင်းများကိုအပ် နှံခွင့်ပြုသွားမည်ဖြစ်ကြောင်း၊ ဏ အက္ခရာကားဟောင်းများပြီးသည် နှင့် ထ အက္ခရာကားဟောင်းများကို ထပ်မံ၍ အပ်နှံမှုလက်ခံသွားမည်ဖြစ် ကြောင်း သတင်းရရှိပါသည်။

“လာမယ့် ဇန်န၀ါရီလ ၁ ရက် နေ့က စပြီး ဏ အက္ခရာကား ဟောင်းတွေကို အပ်နှံမှု စတင်လက် ခံပါမယ်။ ကျွန်တော်တို့ ရထားပို့ ဆောင်ရေးဝန်ကြီးဌာနအနေနဲ့ သတင်းအချက်အလက်တွေကို ဖြေကြားပေးနေတဲ့အတွက် ဆက်သွယ် ပြီးတော့လဲ တိကျတဲ့ သတင်းတွေကိုပဲ ရယူစေချင်ပါတယ်။ တစ်ချို့အပြင်က သတင်းတွေက ကွဲလွဲနေလို့ပါ။ ကျွန်တော်တို့ တောက်လျှောက် ဖြေကြားပေးနေပါတယ်” ဟု ရထား ပို့ဆောင်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။

ကားဟောင်းများ အပ်နှံထားမှုမှာ ဒီဇင်ဘာလ ၂၀ ရက်နေ့အထိ ၂၂၀၀၀ ကျော် အပ်နှံပြီးစီးပြီ ဖြစ်ကြောင်းနှင့် ယခုနောက်ပိုင်း ကားဟောင်း အပ်နှံမှုများမှာ ရက်အလိုက် ပျမ်းမျှအပ်နှံနိုင်မှုနှုန်းမှာ လျော့နည်း သွားကြောင်းလည်းသိရသည်။

ယခင်စတင်စဉ်က တစ်ရက် လျှင် အစီးရေ ပျမ်းမျှ ၄၀၀ ကျော် အပ်နှံခဲ့ရာမှ ယခုအခါ တစ်ရက်လျှင် ပျမ်းမျှအစီးရေ ၂၀၀ ကျော်သာ အပ်နှံမှုပြုလာကြောင်းလည်း သိရသည်။

ထိုင်းနိုင်ငံသို့ မြန်မာအပါအ၀င် ကမ္ဘာလှည့် ခရီးသွားများ ၀င်ရောက်လည်ပတ်မှု ပုံမှန်အနေအထားသို့ ပြန်လည်ရောက်ရှိ


ထိုင်းနိုင်ငံသို့ မြန်မာလူမျိုး များအပါအ၀င် ကမ္ဘာလှည့်ခရီးသွားများ ၀င်ရောက်မှု ပုံမှန်အနေအထား သို့ ပြန်လည်ရောက်ရှိလာပြီဖြစ်ကြောင်း သတင်းရရှိပါသည်။

ထိုင်းနိုင်ငံသည် နှစ်ပေါင်းများစွာ အတွင်း အဆိုးရွားဆုံးသော ရေကြီးမှုများကို ရင်ဆိုင်ခဲ့ရကာ စီးပွားရေးအရ ဆုံးရှုံးမှုများ၊ လူသေဆုံးမှု များကို ရင်ဆိုင်ခဲ့ရကြောင်း၊ ခရီးသွားလုပ်ငန်းကို အဓိကထားလုပ်ကိုင်ရာ ဘန်ကောက်မြို့သို့ ရေ၀င်ရောက်မှု များရှိလာသည့်အတွက် ခရီးသွား အ၀င်ကျဆင်းမှု ပုံမှန်ထက်လျော့ကျ ခဲ့ရကြောင်း သိရှိရသည်။

“အခုတော့ ပုံမှန်ပြန်ဖြစ်နေပါပြီ။ ဘန်ကောက်မြို့ပေါ်မှာလည်း ရေမရှိတော့ဘူး။ ပြည်နယ်တချို့ မှာတော့ ကျန်နေသေးတယ်။ အများစုကတော့ ရေကျပါပြီ။ ခရီးသွား အ၀င်က ပုံမှန်ပါပဲ။ ဘန်ကောက်က ခရီးသွားအလာများတဲ့ နေရာတွေမှာ ပုံမှန်ခရီးသွားရှိနေတာကို တွေ့ရပါတယ်”ဟု ထိုင်းနိုင်ငံ ဘန်ကောက်မြို့နေ မြန်မာလူမျိုးတစ်ဦးက ပြောပြသည်။

မြန်မာလူမျိုးများ ပြည်ပသို့ခရီးစဉ်များ စီစဉ်ထွက်ခွာမှုတွင် ထိုင်းနိုင်ငံသည် သွားရောက်မှု အများဆုံးဖြစ်ပြီး ဘန်ကောက်မြို့မှာ အဓိက ခရီးစဉ်ဒေသတစ်ခု ဖြစ်သည်။

၂၀၁၁ ခုနှစ် အောက်တိုဘာ လအတွင်းက ထိုင်းနိုင်ငံသို့ သွားရောက်ရန် စီစဉ်ထားသည့် မြန်မာလူမျိုး များ၏ ခရီးစဉ်များ နိုဝင်ဘာလသို့ ရွှေ့ဆိုင်းခဲ့ကြောင်း၊ တစ်ဖန် ဒီဇင်ဘာလအတွင်းသို့ ပြန်လည်ရွှေ့ ဆိုင်းခဲ့ပြီး ယခုအခါတွင် ခရီးသွား သွားရောက်မှု ပုံမှန်ရှိနေပြီဖြစ်ကြောင်း သိရှိရသည်။

“ဘန်ကောက်ခရီးစဉ်တွေက ပုံမှန်ဖြစ်နေပါပြီ။ စင်ကာပူကိုလည်း အသွားများတယ်။ အခေါက်ရေတိုးပြီး ပြေးဆွဲနေရပါတယ်” ဟု MAI မှ Marketing Manager မအေးမရသာ က ပြောပြသည်။

မြန်မာနိုင်ငံသားများ ပြည်ပ ခရီးစဉ်များ ထွက်ခွာလည်ပတ်မှုသည် ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းတွင် ပိုမို လာခဲ့ကာ ထိုင်း၊ စင်ကာပူ၊ မလေး ရှားနိုင်ငံများသို့ သွားရောက်မှု အများဆုံးဖြစ်သည်။ နောက်ပိုင်းတွင် ခရီးသွားကုမ္ပဏီများနှင့် လေကြောင်း လိုင်းများမှ Package Tour စီစဉ်မှု များ များပြားလာသည့်အတွက် ခရီး သွား သွားရောက်မှု ပိုမိုတိုးတက်လာခဲ့သည်ဟု သိရသည်။

ထိုင်းနိုင်ငံသို့ လက်ရှိတွင် ပြင်သစ်၊ ဂျာမန်၊ ရုရှား စသောခရီးသွားများ အပါအ၀င် အာရှနိုင်ငံများထဲမှ တရုတ်၊ ကိုရီးယား၊ ဂျပန် စသည့် ခရီးသွားများလည်း လာရောက်မှုရှိနေသည်။

၂၀၁၂ ခုနှစ်အတွင်း ကမ္ဘာနှင့်အနီးဆုံး ဆုံမှတ်သို့ အင်္ဂါဂြိုဟ် ရောက်ရှိ

၂၀၀၉ ခုနှစ်အတွင်းက နေကြတ်မှုဖြစ်ပေါ်စဉ်


နက္ခတ်သိပ္ပံရှုထောင့်အရ လာမည့် ၂၀၁၂ ခုနှစ်အတွင်းတွင် အင်္ဂါ ဂြိုဟ်သည် ကမ္ဘာနှင့်အနီးဆုံးဆုံမှတ် သို့ရောက်ရှိခြင်းနှင့် သောကြာဂြိုဟ် မှာ ကမ္ဘာနှင့်နေအကြားဖြတ်ပြီး နေ အ၀န်းအတွင်း အနက်စက်အသွင် ရောက်ရှိသည့်ထူးခြားဖြစ်စဉ်များ ဖြစ်ပေါ်ရန်ရှိကြောင်း နိုင်ငံတကာရေးရာ နက္ခတ်သိပ္ပံ သင်တန်းကျောင်း မှ သတင်းရရှိသည်။

၂၀၁၂ ခုနှစ်အတွင်း အင်္ဂါဂြိုဟ် ကမ္ဘာနှင့်အနီးဆုံးဆုံမှတ်သို့ ရောက် ရှိမှုသည် မတ်လ ၄ ရက်နေ့၌ အိန္ဒိ ယနိုင်ငံ၏ မွန်းတည့်ကောင်းကင်၌ ဖြစ်ပေါ်မည်ဖြစ်ကာ ပေါက်ကွဲမှုပိုင်း ဆိုင်ရာဖြစ်စဉ်များသတိပြုရန်လိုအပ် သော အင်္ဂါဂြိုဟ်သိဟ်ရာသီအတွင်း ရပ်တည်မှုမှာလည်း ဇွန်လ ၂၁ ရက် နေ့အထိ ရပ်တည်မည်ဖြစ်သည်။ အလားတူ သောကြာဂြိုဟ်သည်ကမ္ဘာ နှင့်နေအကြားဖြတ်ပြီး ကမ္ဘာနှင့်တစ်တန်းတည်းကျကာ နေ၏အ၀န်းအတွင်း သောကြာဂြိုဟ်အနက်စက်အသွင်သို့ ထူးခြားစွာရောက်ရှိမှုသည်လည်း အဆိုပါ ၂၀၁၂ ခုနှစ် ဇွန်လ ၆ ရက်နေ့တွင် ဖြစ်ပေါ်မည်ဖြစ်သည်။ ထိုကဲ့သို့ သောကြာဂြိုဟ်နေ အ၀န်းအတွင်း အနက်စက်အသွင်ဖြင့် ရောက်ရှိမှုသည် နှစ်ပေါင်းများစွာကြာမှ တစ်ကြိမ်ဖြစ်ပေါ်မှုကြောင့်ပြီးခဲ့သည့် ၂၀၀၄ ခုနှစ် ဇွန်လ ၈ ရက် နေ့ကဖြစ်ပေါ်ခဲ့ပြီးနောက် ယခု ၂၀၁၂ ခုနှစ် ဇွန်လ ၆ ရက်နေ့သို့ရောက် ရှိမှသာ နောက်ထပ်တစ်ကြိမ် ထပ်မံ ဖြစ်ပေါ်မည်ဖြစ်ပြီး ယင်းသို့ဖြစ်ပေါ်ပြီးပါက ၂၁၁၇ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့သို့ ရောက်ရှိမှသာ ထပ်မံဖြစ် ပေါ်မည်ဖြစ်ကြောင်း သိရသည်။

၂၀၀၉ ခုနှစ်အတွင်းက နေကြတ်မှုဖြစ်ပေါ်သည်ကို ကြည့်ရှုနေစဉ်

“လာမယ့် ၂၀၁၂ ခုနှစ်အတွင်း အင်္ဂါဂြိုဟ် ကမ္ဘာနဲ့အနီးဆုံးဆုံမှတ် ကိုရောက်ရှိမယ့်ဖြစ်စဉ်ကြောင့် ကမ္ဘာ မှာ ငလျင်နဲ့ပတ်သက်တဲ့အခြေအနေ မျိုးတွေဖြစ်ပေါ်နိုင်ပြီး အိန္ဒိယနိုင်ငံနဲ့ မြန်မာနိုင်ငံ အထက်ပိုင်းကို သတိပြု ဖို့ လိုအပ်ပါတယ်။ အင်္ဂါဂြိုဟ်သိဟ် ရာသီအတွင်း ရပ်တည်မှုကလည်း ဇွန် ၂၁ ရက်နေ့အထိ ဖြစ်တာကြောင့် အုပ်ချုပ်သူပိုင်းမှာ အရေးကြီးရာထူး တာဝန်တွေ ထမ်းဆောင်နေတဲ့ရာထူး ပြောင်းလဲမှုဖြစ်စဉ်တွေ ကြုံနိုင်ပါ တယ်။ အဲဒီအပြင်သောကြာဂြိုဟ်က ကမ္ဘာနဲ့နေအကြားဖြတ်ပြီး နေအ၀န်း အတွင်းအနက်စက်အသွင်ရောက်ရှိ မှုကြောင့်လည်း အရှေ့တောင်အာရှ နိုင်ငံတချို့မှာ ငလျင်ဖြစ်စဉ် ဖြစ်ပေါ် နိုင်ပါတယ်” ဟု နိုင်ငံတကာရေးရာ နက္ခတ်သိပ္ပံ သင်တန်းကျောင်းမှ ဦးဇေယျာကိုက ရှင်းပြသည်။

မတ်လ ၄ ရက်နေ့တွင်ဖြစ်ပေါ် မည့်အင်္ဂါဂြိုဟ်သည် ကမ္ဘာနှင့်အနီး ဆုံးဆုံမှတ်သို့ရောက်ရှိမှုကို မြန်မာ နိုင်ငံ၏ မိုးကောင်းကင်တွင်လေ့လာ ခွင့်ရရှိနိုင်ပြီး ဇွန်လ ၆ ရက်နေ့တွင် ဖြစ်ပေါ်မည့် သောကြာဂြိုဟ်သည် ကမ္ဘာနှင့်နေအကြားဖြတ်ပြီး ကမ္ဘာနှင့် တစ်တန်းတည်းကျကာ နေ၏အ၀န်း အတွင်း အနက်စက်အသွင်သို့ ထူးခြားစွာ ရောက်ရှိသည့်ဖြစ်စဉ်ကိုမူ ဖလင်ကော်ပြားခံပြီး ကြည့်ရှုမှသာနေ၏ အ၀န်းထဲတွင် သောကြာဂြိုဟ်ကို အနက် စက်အသွင်ဖြင့် မြင်တွေ့နိုင်ကြောင်း သိရှိရသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့်အင်ဒိုနီးရှား နိုင်ငံခြားရေး ၀န်ကြီး တွေ့ဆုံ


မြန်မာ-အင်ဒိုနီးရှား နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု ပူးတွဲကော်မရှင်၏ ဒုတိယအကြိမ်မြောက် အစည်းအဝေးကို ရန်ကုန်မြို့ရှိ ဆီဒိုးနား ဟိုတယ်၌ ဒီဇင်ဘာလ ၂၈ ရက်နေ့က ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

ထိုအစည်းအဝေးသို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာမာတီနာတာလီဂါဝါ တက်ရောက်ခဲ့ပြီး အဆိုပါနေ့ မွန်းလွဲ ၃ နာရီတွင် ဒေါ်အောင်ဆန်းစုကြည်နေအိမ်သို့ သွားရောက်ခဲ့ပြီး သီးခြားတွေ့ဆုံခဲ့ကာ ညနေ ၄ နာရီ ၃၀ မိနစ်တွင် ဆီဒိုးနားဟိုတယ်၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

''မြန်မာနိုင်ငံကို အောက်တိုဘာလအတွင်းက လာရောက်ခဲ့ပြီး အခုနောက်တစ်ကြိမ် လာရောက်တာပါ။ အောက်တိုဘာမှာလာခဲ့တုန်းက အာဆီယံဥက္ကဋ္ဌ တာဝန်အတွက် မြန်မာနိုင်ငံ အဆင်သင့်ဖြစ်၊ မဖြစ်ဆို တာကို လေ့လာဖို့ လာရောက်ခဲ့တာပါ။ ဒီတစ်ခါလာရောက်ချိန်မှာတော့ မြန်မာ-အင်ဒိုနီးရှား နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုပူးတွဲကော်မရှင် ရဲ့ ဒုတိယအကြိမ်မြောက် အစည်း အဝေးအတွက် လာခဲ့တာပါ။ ပထမ အစည်းအဝေး ကိုတော့ ၂၀၀၇ ခုနှစ် မှာ ပြုလုပ်ခဲ့ပါတယ်။ နှစ်နိုင်ငံကြား ဆက်ဆံရေးကို ပြန်လည်သုံးသပ်ရန် နဲ့ ဆက်ဆံရေး တိုးမြှင့်ဆောင်ရွက် နိုင်မှုအလားအလာတွေကို ခန့်မှန်းရန် ပြုလုပ်ခြင်း ဖြစ်ပါတယ်'' ဟု အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာမာတီနာတာလီဂါဝါက မီဒီယာများသို့ ပြောကြားခဲ့သည်။

မြန်မာ-အင်ဒိုနီးရှား နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု ပူးတွဲကော်မရှင်၏ ဒုတိယအကြိမ်မြောက် အစည်းအဝေး၌ မြန်မာနိုင်ငံနှင့် အင်ဒိုနီးရှား နှစ်နိုင်ငံကြား ကုန်သွယ်မှုကို ၂၀၁၅ ခုနှစ်အရောက်တွင် သန်း ၅၀၀ ပြည့်မီရေး အတွက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်ဟု သိရ သည်။ ထိုသို့ နှစ်နိုင်ငံကုန်သွယ်မှု မျှော်မှန်းချက်ပြည့်မီရေးနှင့်အတူ ၂၀၁၂ ခုနှစ်အတွင်းသစ်တော၊ လယ်ယာ၊ မွေးမြူရေး၊ သယ်ယူပို့ဆောင်ရေး၊ အိုင်စီတီနှင့် ဘဏ်လုပ်ငန်း ကဏ္ဍများတွင် အင်ဒိုနီးရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ လာရောက်ပြီး စွမ်းရည်မြှင့်တင်ရေး အစီအစဉ်များ ပြု လုပ်မည့် အကြောင်းအရာများကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့အပြင် ရန်ကုန်-ဂျကာတာ တိုက်ရိုက်လေကြောင်းလိုင်း ပျံသန်းရေးကိစ္စရပ်ကို ၂၀၁၂ ခုနှစ်အတွင်း စတင်သွားမည့် အစီအစဉ်လည်း ပါဝင်ကြောင်း သိရသည်။ ထို့ပြင် နှစ်နိုင်ငံကြား ခရီးသွားလာရေးကဏ္ဍကို မြှင့်တင် သည့်အနေဖြင့် ပုဂံနှင့် Borobudur ခရီးသွား လာရေး မြှင့်တင်မှုအစီအစဉ်များကို ပူးတွဲဆောင်ရွက်သွားရန် စီစဉ်ထားကြောင်းလည်း သိရသည်။ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာမာတီနာတာလီဂါဝါက မြန်မာနိုင်ငံရေးနှင့်ပတ်သက်ပြီး သီးခြားပြောဆိုခဲ့ရာတွင် ဒီမိုကရေစီ ဖွံ့ဖြိုးရေးအတွက် မြန်မာအစိုးရ၏ လုပ်ဆောင်မှုများမှာ အတိုင်းအတာတစ်ခုအထိ ရလဒ်ထွက်ပေါ်ခဲ့သော်လည်း ဆက်လက်လုပ်ဆောင်သွားရန်များ ရှိနေသေးကြောင်း၊ ဒီမိုကရေစီဖြစ်ထွန်းရေးဆိုသည်မှာ ဖြစ်ရပ်တစ်ခု မဟုတ်ဘဲ အစဉ်အဆက် ဆက်လက်လုပ်ဆောင်သွားရမည့် ဖြစ်စဉ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

၄၅ မိနစ်ခန့် ကြာမြင့်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရာတွင် အင်ဒိုနီးရှားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နေမှုများနှင့် ဒီမိုကရေစီဖြစ်ထွန်းရေး ဆောင်ရွက်နေမှုများကို ထောက်ခံ သွားမည်ဆိုသည့် အကြောင်း၊ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နေမှုများနှင့် ဒီမိုကရေစီ ဖြစ်ထွန်းရေးဆောင်ရွက်နေမှုများ ပိုမိုတိုးတက်လာစေရန် စွမ်းရည်မြှင့်တင်ရေး အစီအစဉ်များ ပူးပေါင်းဆောင်ရွက်ခြင်း၊ သိရှိနား လည်ခဲ့သော သင်ခန်းစာများနှင့် အတွေ့အကြုံများကို ဝေမျှခြင်းဖြင့် မြန်မာနိုင်ငံ၏ မိတ်ဖက်တစ်ဦးအဖြစ် ဆောင်ရွက်သွားမည့်အကြောင်းတို့ကို ဆွေးနွေးခဲ့ကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာမာတီနာတာလီဂါဝါက ပြောကြားခဲ့သည်။

မီးလောင်မှု ဖြစ်ပွား


အထက်ဗဟိုလမ်း မရမ်းကုန်း ၂ ရပ်ကွက် ၊ သာကူစေ့စက်ရုံ ၄နာရီ ၁၅ မိနစ်မှစ၍ မီးလောင်မှုဖြစ်ပွားရာ ၅ နာရီအချိန်တွင် မီးငြိမ်းသတ်နိုင်ပြီဖြစ်သည်။ အနီးရှိရပ်ကွက်မှာ လူနေအိမ်ခြေစိပ်သည့် လူနေရပ်ကွက်ဖြစ်သည်။ မီးသတ်ကား ၆ စီး ၇ စီး လာရောက်သည်ကိုတွေ့ရသည်။
ဆူပါကပ်စတန် ၁ စီး ဒိုင်နာ၁ စီး မီးလောင်ပျက်စီးခဲ့သည်။ စက်ရုံအ၀င်ဝတွင် အနားကပ်လျက်တိုက် ပြူတင်းပေါက်မှန်ကွဲ အပျက်အစီးများ တွေ့ရှိရသည်။

မီးလောင်မှု အကြောင်းရင်းမှာ ၆ နှစ်နှင့် ၈ နှစ်အရွယ် ကလေးနှစ်ဦး ဂက်စ်မီခြစ်ဆော့ရာမှ လောင်ကျွမ်းခြင်း ဖြစ်သည်ဟု မီးသတ်တာဝန်ရှိသူများက ပြောသည်။
မီးလောင်ခါစတွင် စက်ရုံအတွင်းမှ ပေါက်ကွဲသံများက ကြားရသည်ဟု အိမ်နီးချင်း မျက်မြင်သက်သေကပြောဆိုသည်။ ပိုင်ရှင်က မော်တော်ယာဉ် ဆုံးရှုံးမှု မပါဝင်သေးပဲ အတွင်းပစ္စည်း သိန်း ၁၃၀ ကျော်ဖိုး ဆုံးရှုံးသွားသည်ဟု ပြောဆိုသည်။ မီးလောင်သွားသည့် စက်ရုံမှာ နှစ်ထပ် အဆောက်အဦဖြစ်သည်။
မီးသတ်နှင့် ရဲများ မေးမြန်းစစ်ဆေးနေဆဲဖြစ်သည်။

Tuesday, December 27, 2011

မလေးရှားဆေးကျောင်းသား ၏ လိင်တူလက်ထပ်ပွဲ အား မလေးလူမျိုးများ မှ လက်မခံနိုင်ကြသေး


အိုင်ယာလန်နိုင်ငံတွင် ၄င်း၏ချစ်သူအမျိုးသားနှင့်လက်ထပ်ခဲ့သော မလေးရှားနိုင်ငံသားတဦး၏
လက်ထပ်ပွဲအား အွန်လိုင်းပေါ်တွင် ဒေါသတကြီးနှင့် တုန့်ပြန်မှုများရှိလာခဲ့ပြီး Facebook ပေါ်ရှိအဖွဲ့တခုမှ အဆိုပါမလေးရှားနိုင်ငံသားအား မလေးရှားနိုင်ငံသို့ပြန်လည်ခေါ်ဆောင်လာပြီး
ကယ်တင်ရန်တိုက်တွန်းခဲ့သည်။ မည်သို့မည်ပုံကယ်တင်မည်ကိုကား မသိရသေးပေ။

လွန်ခဲ့သောသုံးနှစ်ကတည်းက ပျောက်ဆုံးနေခဲ့သည်ဟု ၄င်း၏မိသားစုမှ သတင်းပို့ထားသော
မလေးရှားနိုင်ငံသားဖြစ်သူ ဒပ်ဘလင်ဆေးတက္ကသိုလ်ကျောင်းသား အာရစ်ဖ်အယ်လ်ဖီယန်ရိုစလီ
(Ariff Alfian Rosli) ၏ လိင်တူလက်ထပ်ပွဲမှ ဓါတ်ပုံများ ယခင်အပတ်က အင်တာနက်ပေါ်သို့
တက်လာခဲ့အပြီး အဆိုပါဖြစ်ရပ်ဖြစ်ပွားလာခဲ့ခြင်းဖြစ်သည်။

ဓါတ်ပုံများ၌ အနက်ရောင်ရိုးရာအင်္ကျီနှင့်မလေးအမျိုးသားဝတ်စုံအား ဝတ်ဆင်ထားသော အသက်
(၂၈) ပြီဖြစ်သော အာရစ်ဖ်အယ်လ်ဖီယန်ရိုစလီ အား အနက်ရောင်တပ်ခ်စီဒိုပွဲတက်ဝတ်စုံအား ဝတ်
ဆင်ထားသည့် ဂျိုနသန် (Jonathan) ဟုသာသိရသော ၄င်း၏သတို့သား/သမီး နှင့်အတူတွေ့ရသည်။

ဝန်ကြီးချုပ်နာဂျစ်ဘ်၏ဝန်ကြီးချုပ်ရုံးမှလည်း အဆိုပါမင်္ဂလာပွဲနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမည်
ဟုဆိုခဲ့သည်။ အမ်နိုပါတီအရာရှိတဦးလည်း အာရစ်ဖ်အယ်လ်ဖီယန်ရိုစလီ အား အိမ်ပြန်လာဖို့
သွေးဆောင်ရန် အိုင်ယာလန်နိုင်ငံ၊ ဒပ်ဘလင်မြို့သို့ယခုပတ်အတွင်း ရောက်ရှိမည်ဟု ခန့်မှန်းရသည်။

လွန်ခဲ့သော (၈) နှစ်ခန့်တွင် ပက်ထရိုနတ်စ်ပညာသင်ဆု (Petronas Scholarship) ဖြင့် ဆေးပ
ညာသင်ရန် ဒပ်ဘလင်မြို့သို့ ထွက်ခွာသွားသော အာရစ်ဖ်အယ်လ်ဖီယန်ရိုစလီမှ ၄င်း၏ကိစ္စမှာ
သာမန်လူမှုရေးလား၊ လိင်တူလက်ထပ်ခြင်းလား ဖြေဆိုရန်ငြင်းပယ်ခဲ့သည်။

မိမိအနေနှင့် မမျှော်လင့်ပဲ အများအာရုံစိုက်မှုကိုခံနေရသော်လည်း အခြားမည်သူ့ကိုမှ စိတ်
အနှောင့်အယှက်ဖြစ်စေခြင်း၊ ဒုက္ခပေးခြင်း မပြုလိုခဲ့ပါဟု အာရစ်ဖ်အယ်လ်ဖီယန်ရိုစလီမှ
ဆိုသည်။ ၄င်းအနေနှင့် ဘာသာပြောင်းသွားခဲ့ပြီဆိုသော သတင်းများနှင့်ပတ်သက်၍မူ ဘာ
သာပြောင်းလဲခြင်းမရှိဟု ဆိုသည်။

ထို့ပြင် မိမိသည်ပျောက်ဆုံးနေခြင်း မဟုတ်ပဲ မိမိအနေနှင့် အိုင်ယာလန်နိုင်ငံတွင် တရားဝင်
နေထိုင်နေခြင်းအား အိုင်ယာလန်အစိုးရနှင့် မလေးရှားအစိုးရတို့အနေနှင့် နှစ်အတန်ကြာက
တည်းက သိရှိထားကြပြီးဖြစ်သည်ဟု ၄င်းမှဆိုသည်။

၎င်းအနေနှင့် မိသားစုနှင့်လည်း ပုံမှန်ဆက်သွယ်မှုရှိနေခဲ့သော်လည်း အငြိမ်းစားရေတပ်အရာရှိ
တဦးဖြစ်သူ ဖခင်နှင့်မူ (၂၀၀၉) ခုနှစ်တွင် အချေအတင်ဖြစ်ထားခဲ့ချိန်မှစပြီး စကားပြောဆိုမှုမရှိ
ပါဟု အာရစ်ဖ်အယ်လ်ဖီယန်ရိုစလီမှဆိုသည်။ ပက်ထရိုနတ်စ်ရေနံကုမ္ပဏီမှ အာရစ်ဖ်အယ်လ်ဖီ
ယန်ရိုစလီအား ပညာသင်စရိတ်ထောက်ပံ့ခြင်းအား (၂၀၀၉) ခုနှစ်တွင် ရပ်ဆိုင်းခဲ့ပြီး ကုမ္ပဏီမှ
၎င်းအတွက်ထောက်ပံ့ခဲ့သော ပညာသင်စရိတ် ရင်းဂစ် (၈၉၀၀၀၀) အားပြန်လည်ပေးဆပ်ရန်
တောင်းဆိုခဲ့သည်။

source - Freedom News Group

Monday, December 26, 2011

ခလုတ်တစ်ချက် နှိပ်ရုံဖြင့် ရဲ ခေါ်နိုင်မည့် ဖုန်းဆော့ဖ်ဝဲ



Selangor ။ ။ သင် ဘေးအန္တရာယ် ကျရောက်ချိန် ရဲကို စကားတစ်ခွန်းမှ မပြော ဆိုရဘဲ ချက်ချင်းခေါ်နိုင်ဖို့ လိုအပ်နေပါ သလား၊ HELP! (SOS) ဟူသော ခလုတ်လေး တစ်ချက်နှိပ်လိုက်ရုံနှင့် သင်မည်သည့် နေရာ တွင် ရှိနေနေ ရဲမှ ချက်ချင်းရှာဖွေနိုင် မည် ဖြစ်သည်။ အဆိုပါ အသုံးချ ဖုန်းဆော့ဖ်ဝဲ လေးအား ဆီလန်ဂေါရဲဌါနမှ ဖန်တီးခဲ့ပြီဖြစ် သည်။

နေ့စဉ်နှင့်အမျှ မှုခင်းဖြစ်မှု များပြားလျှက်ရှိသော မလေးရှားနိုင်ငံအတွက် အသင့်တော်ဆုံး တီထွင်မှု တစ်ရပ်လည်း ဖြစ်သည်။ ၎င်းအသုံးချ ဆော့ဖ်ဝဲအမည်မှာ MyDistress ဖြစ်ပြီး (Sony စမတ်ဖုန်း) Android, Apple, Symbian နှင့် Java အစရှိသည့် OS များ ထည့်သွင်းထားသော စမတ်ဖုန်း အမျိုးအစားများတွင် ထည့်သွင်း အသုံးပြုနိုင်မည် ဖြစ်ပြီး ၎င်းဆော့ဖ်ဝဲ ရေးဆွဲရန်အတွက် ရဲဌါနမှပင် အခကြေးငွေ အကုန်အကျ ခံခဲ့ရသည်။

မိုးဘိုင်းဖုန်း ဆော့ဖ်ဝဲ ကုမ္မဏီတစ်ခုဖြစ်တဲ့ Convep Mobilogy Sdn Bhd ကို အစီအစဉ် ရေးဆွဲခိုင်းခဲ့ခြင်း ဖြစ်သည်။

အများပြည်သူအတွက် အထောက်အကူ ပြုနိုင်ရန် ရည်ရွယ်ပြီး ဓါးပြမှုများ၊ ယာဉ်မတော်တဆဖြစ်မှုများ၊ အဓ္ဓမခေါ်ယူ ပြန်ပေးဆွဲခံရမှုများ အစရှိသည့် အရေးပေါ် အခြေအနေများတွင် အသုံးပြုနိုင်မည် ဖြစ်ကြောင်းနှင့် အဆိုပါ ဆောဖ့်ဝဲ ရရှိနိုင်ဖို့အတွက် တစ်နှစ် အချိန်ယူ ဆောင်ရွက်ခဲ့ရကြောင်း ရဲအရာရှိမှ ပြောကြားခဲ့သည်။

ဖုန်းအတွင်းမှ အကူအညီ ခေါ်ယူရန် ခလုတ်နှိပ်လိုက်သည်နှင့် GPS မြေပုံညွှန်စံနစ်မှ ရဲကားအတွင်း တပ်ဆင်ထားသော GPS မြေပုံညွှန်ပြ LCD မြင်ကွင်းသို့ အချက်ပြ ထုတ်လွှင့်ပြီး ၎င်းစမတ်ဖုန်း ကိုင်ဆောင်သူ၏ တည်ရှိရာ နေရာသို့ လမ်းညွှန်ပေးမည်ဖြစ်သည်။

၎င်းဆော့ဖ်ဝဲအား ၂၀၁၂ ဇန်နဝါရီလအထိ ဆီလန်ဂေါ ပြည်နယ်အတွင်းရှိ ခရိုင် ၈ ခုတွင် အခမဲ့ အသုံးပြုခွင့်ရမည်ဖြစ်သည်။

ဇန်နဝါရီလ ကျော်သွားမည်ဆိုလျှင် ၎င်းဆော့ဖ်ဝဲအသုံးပြုသူများသည် ခန့်မှန်းခြေ လစဉ် ရင်းဂစ် ၂ ခန့် ပေးဆောင်ရမည် ဖြစ်ကြောင်း သိရှိရသည်။

၎င်းဆော့ဖ်ဝဲအား အင်တာနက်စာမျက်နှာ (mydistress.net) တွင်သွားရောက် Download ရယူနိုင်ပါသည်။

အမျိုးသား ပြန်လည်သင့်မြတ်ရေး တိုးလုပ်ဆောင်ဖို့ ပုပ်ရဟန်းမင်းကြီး ဆုတောင်း


Tadeusz Górny, via Wikimedia Commons

ရိုမန်ကက်သလစ် ခရစ်ယာန် သာသနာပိုင် ပုပ်ရဟန်းမင်းကြီး ဘင်နဒစ် (Benedict XVI)။


မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည် သင့်မြတ်ရေး တိုးမြင့်လုပ်ဆောင်ဖို့ အပါအဝင် ကမ္ဘာပေါ်မှာ ငြိမ်းချမ်းရေး တည်ဆောက်ကြဖို့ ပုပ်ရဟန်းမင်းကြီး က ခရစ္စမတ်နေ့ သဝဏ်လွှာမှာ တိုက်တွန်းပြောကြား လိုက်ပါတယ်။

မနေ့က ဘာတီကန်နန်းတော် စိန့်ပီတာရင်ပြင်မှာ ဟောပြောတဲ့ ခရစ္စမတ် သဝဏ်လွှာမှာ ပုပ်ရဟန်းမင်းကြီး ဘင်နဒစ် (Benedict XVI) က ဆီးရီးယားနိုင်ငံမှာ အကြမ်းဖက်မှုတွေ ပြီးဆုံးအောင် ဆုတောင်းခဲ့ သလို မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် တွေ့ဆုံ ဆွေးနွေးမှုတွေ ပိုဖြစ်ပေါ်လာဖို့၊ ထိုင်းနိုင်ငံက ရေဘေးသင့်ပြည်သူ တွေ၊ အာဖရိကဒေသက ဒုက္ခသည်တွေအရေးနဲ့ ပါလက်စတိုင်း-အစ္စရေး ဆွေးနွေးပွဲတွေ ပြန်လည် ကျင်းပနိုင်ရေးတွေကိုလည်း ထည့်သွင်း ဆုတောင်းခဲ့တယ်လို့ သိရပါတယ်။

သက်တော် ၈၄ နှစ်အရွယ် ပုပ်ရဟန်းမင်းကြီးဟာ ခရစ္စမတ် သဝဏ်လွှာကို စိန်ပီတာရင်ပြင်မှာ ကိုယ်တိုင် ဟောပြောအပြီး ပုပ်ရဟန်းမင်းကြီးရဲ့ ပြန်ကြားရေးဌာနက ဘာသာစကား ၆၅ မျိုးနဲ့ ပြန်လည် ဖြန့်ဝေခဲ့တယ်လို့ ဆိုပါတယ်။

ခရစ်တော် ဖွားမြင်တဲ့ အထိမ်းအမှတ် နေ့ရက် အခမ်းအနားတွေကနေ ကမ္ဘာတလွှား အခက်အခဲ ပေါင်းစုံ ခံစားနေရသူတွေကို ဆင်းရဲခြင်းက ကင်းလွတ်အောင်လည်း ဆုတောင်းခဲ့တယ်လို့ ဗာတီကန်က လာတဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

ပညာရေး ရန်ပုံငွေ ဂီတပွဲတော် ဒီဇင်ဘာလ ၃ဝ မှာ ကျင်းပမယ်

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ပညာရေး ရန်ပုံငွေအတွက် ပြုလုပ်မည့် ဂီတ ဖျော်ဖြေရေးနှင့် ဈေးရောင်းပွဲတော် မြေစိုက်ကြော်ငြာပုံ ဖြစ်ပါသည်။

တိုင်းရင်းသားဒေသတွေအတွက် ပညာရေး ရန်ပုံငွေ စင်တင်တေးဂီတပွဲတော်ကို လာမယ့် ဒီဇင်ဘာလ ၃၀ မှာ ကျင်းပမှာဖြစ်ပြီး မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဖွင့်လှစ် အမှာစကား ပြောကြားပါမယ်။

ဂီတပွဲတော်ကို မရမ်းကုန်းမြို့နယ် မင်းဓမ္မကုန်းမှာရှိတဲ့ Myanmar Convention Center (MCC) မှာ ကျင်းပပါမယ်။ မနက် ၁ဝ နာရီလောက်ကတည်းက ဈေးရောင်းပွဲတော်နဲ့ စတင်ဖွင့်လှစ်ပြီး ညဥ့်နက်ပိုင်းအထိ ကျင်းပမယ်လို့ ပွဲဖြစ်မြောက်ရေး တာဝန်ယူထားသူ တစ်ဦးဖြစ်တဲ့ ကိုဖြိုးမင်းသိန်းက ပြောပါတယ်။

ပညာရေး ရန်ပုံငွေ စင်တင်ဂီတပွဲတော် လက်မှတ်စုစုပေါင်း တစ်သောင်းလောက် ရောင်းဖို့ လျာထားပြီး တစ်စောင်ကို ၃ သောင်း၊ ၂ သောင်း၊ ၁ သောင်း၊ ၅ ထောင်နှုန်း အသီးသီး သတ်မှတ်ပြီး ရောင်းချနေတယ်လို့ ဆိုပါတယ်။ ရတဲ့ ရန်ပုံငွေအားလုံးကို တိုင်းရင်းသားနယ်မြေတွေက ကလေးတွေ ပညာရေးအတွက် တိုက်ရိုက် လှူဒါန်းသွားမယ်လို့ ကိုဖြိုးမင်းသိန်းက ပြောပါတယ်။

“တိုင်းရင်းသားတွေရဲ့ အရေးကိစ္စကို ဒေါ်အောင်ဆန်းစုကြည်က မေ့ပျောက်မထားဘူး၊ အစဉ်တစိုက် ကြိုးပမ်းနေတယ် ဆိုတာကို ဒီကိစ္စမှာလည်း တိုင်းရင်းသားတွေရဲ့ ရင်သွေး ကလေးငယ်တွေရဲ့ ပညာရေးအတွက် ဒီရန်ပုံငွေကို သုံးစွဲမှာ ဖြစ်ပါတယ်။ ဒါကြောင့် တိုင်းရင်းသားနယ်မြေတွေထဲက အခက်အခဲရှိတဲ့ နေရာတွေကို ကျနော်တို့ကိုယ်တိုင် ကွင်းဆင်းလေ့လာပြီး အဲဒီလူတွေရဲ့ လက်ထဲကို တိုက်ရိုက်လှူဒါန်းသွားမှာပါ”

ဒီဇင်ဘာလ ၃ဝ ဂီတဖျော်ဖြေပွဲမှာ Emperor၊ Metal Zone ၊ Big Bag စတဲ့ နာမည်ကြီး တီးဝိုင်း ၁၂ ခုက တီးခတ်ကြပြီး အဆိုတော် ၅ဝ နီးပါးလောက် ပါဝင် သီဆိုကြမှာပါ။ ဖျော်ဖြေပွဲကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေ၊ သံရုံးအသီးသီးက ဧည့်သည်တွေကိုလည်း ဖိတ်ကြားထားပါတယ်။ လုံခြုံရေးကို ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီ တစ်ခုက ဝန်ထမ်း ၅ဝ ကူညီမှာဖြစ်သလို သက်ဆိုင်ရာ အာဏာပိုင် အဆင့်ဆင့်ထံလည်း အကူအညီတောင်းဖို့ စီစဉ်နေတယ်လို့ ကိုဖြိုးမင်းသိန်းက ပြောပါတယ်။

ဂျပန် အထောက်အပံ့ မြန်မာ ပြန်ရဖွယ်ရှိ

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီး Koichiro Gemba တို့ ၂ဝ၁၁ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နေအိမ်တွင် တွေ့ဆုံဆွေးနွေးအပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်။

မြန်မာနိုင်ငံကို ရောက်နေတဲ့ ဂျပန် နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ကိုအီချီရို ဂမ်ဘာ Koichiro Gemba နဲ့ သမ္မတဦးသိန်းစိန်တို့ ဒီကနေ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။

ပြောင်းလဲလာတဲ့ မြန်မာ့နိုင်ငံရေး အခြေအနေကြောင့် နှစ်နိုင်ငံ ဆက်ဆံရေး ပိုမို တိုးမြှင့်နိုင်ဖို့ အခွင့်အလမ်းတွေကို လာရောက်လေ့လာ ဆွေးနွေးတယ်လို့ ထင်မြင်ကြောင်း သမ္မတရဲ့ နိုင်ငံရေး အကြံပေးအဖွဲ့ ခေါင်းဆောင် ဦးကိုကိုလှိုင်က အာရ်အက်ဖ်အေကို ပြောပါတယ်။

“ခုနောက်ပိုင်းမှာ မြန်မာနိုင်ငံကလေ နိုင်ငံခြားရေး မူဝါဒမှာ ပိုပြီးတော့ တံခါးဖွင့်ပြီးတော့မှ တခြားနိုင်ငံတွေနဲ့ ပိုပြီး နီးနီးစပ်စပ် ဆက်သွယ်ဖို့ အတွက် အခွင့်အလမ်းတွေ ပေါ်လာတဲ့အခါမှာ ဂျပန်နိုင်ငံ အနေနဲ့ ကလည်းပဲ မြန်မာနိုင်ငံရဲ့ ရှေ့ဆက်ပြီးတော့သွားမယ့် နိုင်ငံရေး၊ စီးပွားရေး အလားအလာတွေနဲ့ ပတ်သက်ပြီးတော့ လာပြီးတော့မှ ပိုပြီးတော့မှ ဆက်ဆံမှု တိုးမြင့်နိုင်ဖို့အတွက် အခွင့်အလမ်းတွေ လာပြီးတော့မှ ထိတွေ့လေ့လာ ဆွေးနွေးတဲ့ သဘောလို့ ထင်ပါတယ်”

၂ဝဝ၃ ခု ဒီပဲယင်းလုပ်ကြံမှု နောက်ပိုင်း ဂျပန်အစိုးရက မြန်မာနိုင်ငံကို ပေးနေတဲ့ နိုင်ငံရပ်ခြား အကူအညီ ODA အပါအဝင် တခြားထောက်ပံ့မှု အားလုံး ရပ်ဆိုင်းပြီးနောက် အခု ဂျပန် နိုင်ငံခြားရေးဝန်ကြီးရဲ့ ခရီးစဉ်မှာ အကူအညီအားလုံး ပြန်ပေးဖို့ကိစ္စတွေ ဆွေးနွေးကြပါမယ်။ ဒါ့အပြင် စီးပွားရေးအရ ရင်းနှီးမြှုပ်နှံမယ့် အစီအစဉ်တွေလည်း ပါဝင်မှာ ဖြစ်တယ်လို့ ဂျပန်နိုင်ငံအခြေစိုက် မြန်မာ့ရေးရာရုံး တာဝန်ခံ ဒေါက်တာမင်းညိုက အာရ်အက်ဖ်အေကို ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင် ကူးပြောင်းရေးမှာ ဂျပန်အနေနဲ့ အနီးကပ် ဆက်ဆံပြီး ကူညီပံ့ပိုးပေးဖို့ မျှော်လင့်ကြောင်းလည်း ဂျပန်အစိုးရက ပြောဆိုထားပါတယ်။

ဂျပန် နိုင်ငံခြားရေးဝန်ကြီးဟာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်မှာ ဒီကနေ့ ညနေပိုင်းက တွေ့ဆုံခဲ့ပါတယ်။ အဲဒီနောက် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအရာရှိ ဦးခွန်သာမြင့်က အာရ်အက်ဖ်အေကို ပြောပါတယ်။

“ဂျပန် နိုင်ငံခြားရေးဝန်ကြီးက ၅ နာရီ ၂ဝ မှာ ရောက်လာပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူတို့အဖွဲ့နဲ့ တွေ့ပြီးတော့ ဆွေးနွေးကြတယ်။ ပြီးတော့ ၆ နာရီ ၁ဝ မိနစ်လောက်မှာ ထွက်လာပါတယ်။ ထွက်လာပြီး တော့ မြက်ခင်းပြင်မှာ စောင့်နေတဲ့ သတင်းထောက်တွေကို နိုင်ငံခြားရေးဝန်ကြီးက စကားပြန်ကနေ တဆင့် ၁ဝ မိနစ်လောက် ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ၈ မိနစ်လောက် ပြောပါတယ်”

ဂျပန်နိုင်ငံကို လာရောက်ဖို့ ဂျပန် နိုင်ငံခြားရေးဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြားခဲ့ပါတယ်။ အလားတူပဲ သမ္မတ ဦးသိန်းစိန်ကိုလည်း ဖိတ်ကြားခဲ့တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ဂျပန် နိုင်ငံခြားရေးဝန်ကြီးက ပြောသွားပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံကို အကူအညီတွေပေးဖို့ ကြိုးစားသွားမှာ ဖြစ်ကြောင်း ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း ဂျပန်နိုင်ငံရဲ့ တိုးတက်ဖွံဖြိုးမှုတွေကို လေ့လာသင့်ကြောင်းနဲ့ မိမိလည်း သွားရောက်ဖို့ ကြိုးစားမှာဖြစ်ကြောင်း သတင်းထောက်တွေကိုပြောပါတယ်။ မြန်မာ့ ဒီမိုကရေစီရေးကို နှစ်ပေါင်း ၂ဝ ကျော် ထောက်ခံ အားပေးလာတဲ့အတွက်လည်း ဂျပန်နိုင်ငံကို ကျေးဇူးတင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။

ပါရမီ ယာဉ်မောင်းများ၏ တောင်းဆိုချက် ဦးပိုင်လိုက်လျော

ရန်ကုန်၊ ချင်းမိုင်(မဇ္ဈိမ) ။ ။ စစ်ဗိုလ်ချုပ်များ ဦးစီးထားသည့် မြန်မာ့စီးပွားရေး ဦးပိုင် လီမီတက်က ‘ပါရမီ’ တက္ကစီ အငှားယာဉ်မောင်းများအပေါ် တင်းကြပ်ထားသည့် စည်းမျဉ်းများကြောင့် ယာဉ်မောင်းများက ဆန္ဒပြ တောင်းဆိုတော့ မည် အရေးနှင့် ရင်ဆိုင်လိုက်ရပြီး အရေးပေါ် အစည်းအဝေးခေါ်ကာ ညှိနှိုင်း သဘောတူပေးခဲ့ရ သည်။

တင်းကြပ်မှုများကို မခံနိုင်ကြသဖြင့် ‘ဗန္ဓုလ’ သယ်ယူပို့ဆောင်ရေး အောက်ရှိ ပါရမီယာဉ်မောင်းများက စုဖွဲ့ကာ ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ဆန္ဒပြတောင်းဆိုရန် ပြင်ဆင်ခဲ့မှုမှာ သတင်းပေါက်ကြားခဲ့ပြီး ၁၃ ရက်နေ့တွင် ဦးပိုင် လီမိတက်က ယာဉ်မောင်းများကို အရေးပေါ် အစည်းအဝေးတရပ် ခေါ်ယူခဲ့သည်။ တောင်းဆိုချက်များကို ဦးပိုင် ဥက္ကဋ္ဌ ဗိုလ်ချုပ်ခင်ဇော်ဦးကို တင်ပြကာ ၂၃ ရက် နေ့က အစည်းအဝေးတွင် စည်းကမ်း ပြင်ဆင်ချက်ကို ထုတ်ပြန်ပေးခဲ့သည်။

ပါရမီယာဉ်မောင်းများအပေါ် ချမှတ်ထားသော ယခင်က လဆန်း ၃ ရက် နေ့နောက်ဆုံး ထားပေးသွင်းရမည့် လစာ ကို ၇ ရက်နေ့ထိ တိုးမြင့်ပေးခဲ့သလို ၃ ရက်နေ့ လစာ မပေးလျှင် ကားသော့သိမ်းခြင်းကို ၁၅ ရက်နေ့ထိ လျှော့ပေါ့
ပေးခဲ့သည်။ တရက်လျင် လက်ဗွေ သုံးကြိမ် နှိပ်ရမယ့်အစားကို နေ့လည်တကြိမ် လျှော့ချပေးခဲ့သလို ယခင်က မနက် ၆ နာရီ ယာဉ်ထုတ်ချိန်အစား တနာရီ စောထုတ်ယူခွင့်ပေးခဲ့ပြီး ယာဉ်သိမ်းချိန်ကိုလည်း တနာရီ နောက်ကျ သိမ်းခွင့် ထိ လျှော့ချပေးခဲ့သည်။

“တနေ့ကို သုံးကြိမ် ဘယ်နေရာကရောက်ရောက် ပါရမီကားဝင်းကို ပြန်လာပြီး လက်ဗွေနှိပ်ဖို့ ဆိုတာ မဖြစ်နိုင်ဘူး ဗျ။ နောက်ဆုံး အစည်းအဝေးက ဆုံးဖြတ်တာ တနေ့ သုံးကြိမ် မထိုးရတော့ဘူးဗျ၊ တနေ့ နှစ်ကြိမ်ပဲ အဝင်နဲ့ အထွက် ထိုးရမယ်။ နေ့လည် ပြန်လာထိုးပေးဖို့ မလိုတော့ဘူး” ဟု ပါရမီယာဉ်မောင်း ဦးစော က မဇ္ဈိမကို ပြောသည်။

ယာဉ်မောင်းများ၏ တောင်းဆိုချက်များထဲတွင် နယ်ကျော် မောင်းနှင်ကြေးအား လျှော့ချပေးရန်၊ အငှားယာဉ်၏ စပေါ်ငွေကို ကျပ် ၁၅ သိန်းမှ ၁၀ သိန်းသို့ လျှော့ပေါ့ပေးရန်၊ ဦးပိုင်သို့ လစဉ် ပေးသွင်းရနေရသည့် အငှားယာဉ်ကြေး ကျပ်လေးသိန်းကို သုံးသိန်းထိ လျှော့ချပေးရန်နှင့် ယာဉ်ပြေးဆွဲချိန်ကို ပြန်လည် ညှိနိုင်းပေးရန် ပါရှိသည်။

အဆိုပါ တောင်းဆိုချက်များထဲက စပေါ်ငွေများ လျှော့ချပေးရေးနှင့် လစဉ်ငွေ လျှော့ချရေးတို့ကို ဦးပိုင် လိုက်လျော ချက်များတွင် မပါရှိသေးပေ။ သို့သော်လည်း အခြေအနေအရ လျှော့ချပေးနိုင်ရန် စီစဉ်လျက်ရှိကြောင်း ဦးပိုင် လီမီတက် မှ ထိပ်ပိုင်းတာဝန်ရှိသူ တဦးက ပြောသည်။

လျှော့ချပေးချက်များထဲက တခုဖြစ်သည့် မူလက နယ်ကျော် မောင်းနှင်ကြေး ၁၀၀၀၀ ကျပ်ကို ၅၀၀၀ ကျပ်သို့
လျှော့ချပေးခဲ့သော်လည်း နယ်မြေအကန့်အသတ် ပိုကျဉ်းသွားကြောင်း ယာဉ်မောင်းများက ပြောသည်။

“အရင်တုန်းက ပြည်လမ်းဆိုရင် တိုက်ကြီး၊ မန္တလေးလမ်းဆိုရင် အင်းတကော်ပေါ့။ အဲဒီနေရာတွေကို ကျော်လို့ မရတော့ဘူး။ အရင်တုန်းက တသောင်းပေးတယ်ဆိုတာက ပဲခူးထိ ရတယ်လေ။ ဒီလို ကန့်လိုက်တဲ့ အခါကြတော့ ဒါဟာ ဖြေလျော့တာ မဟုတ်ပဲနဲ့ ပိုတင်းကြပ်လိုက်သလို ဖြစ်သွားတာကိုး။ အခု ပဲခူး၊ အင်းတကော် သွားချင်တယ်ဆို ချက်ချင်းလိုက်လို့ မရတော့ဘူး” ဟု ယာဉ်မောင်း တဦးက ပြောသည်။

ယခင်က နယ်ကျော် မောင်းနှင်မည်ဆိုပါက သက်ဆိုင်ရာ တာဝန်ခံကို ဖုန်းဖြင့် ဆက်သွယ်ပြောဆို၍ ရသော်လည်း ယခုအခါတွင်မူ လျှောက်လွှာ တရက် ကြိုတင်ရမှာဖြစ်ပြီး ခွင့်ပြုချက်ရမှ ခရီးသည် လိုက်ပါ ပို့ဆောင်ခွင့်ရမည်
ဖြစ်သည်။

စစ်အရာရှိများ ကြီးစိုးသော ပါရမီယာဉ်လိုင်းမှ တက္ကစီများသည် မြို့တွင်းရှိ အခြားသော ယာဉ်လိုင်းများထက် ခရီးသည် အကြိုက်၊ ယာဉ်မောင်းများ အကြိုက်တွေ့သဖြင့် အသုံးပြုလိုကြသော်လည်း ကားရရန်အတွက် တပ်အရာရှိ များကို အကပ် ယူရကြောင်း ပါရမီ ယာဉ်မောင်းတို့က ပြောသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အောက်ရှိ အငှားယာဉ်များသည် ပါရမီ ကားများကဲ့သို့
ကောင်းမွန်ခြင်း မရှိသော်လည်း နေ့စဉ် ပြန်ပို့စရာ မလိုဘဲ အိမ်၌ ယူထားကာ တလတကြိမ်သာ စစ်ဆေးရန် ပို့ဆောင်ရသလို စပေါ်ငွေ ၈ သိန်းနှင့် လစာ ၄ သိန်းခွဲသာ ပေးဆောင်ရကြောင်း အငှားယာဉ် အသိုင်းအဝိုင်းထံမှ သိရသည်။

ခိုးထားတဲ့ ဒေါ်လာ ၁ သန်းနဲ့ ကွန်ပြူတာ Hackers အုပ်စု အလှူပေး

Anonymous အမည်မသိသူများလို့ သူတို့ကိုယ်သူတို့ခေါ်တဲ့ အုပ်စုတစ်ခုက ပရဟိတအဖွဲ့အစည်းတွေကို ဒေါ်လာ တစ်သန်း လှူဒါန်းဖို့အတွက် အွန်လိုင်းလုံခြုံရေး ၀န်ဆောင်မှုပေးတဲ့ ကုမ္ပဏီတစ်ခုဆီကနေ အီးမေးလိပ်စာတွေနဲ့ အကြွေးဝယ်ကဒ်တွေရဲ့ သတင်းအချက်အလက် ထောင်ပေါင်းများစွာကို ခိုးယူခဲ့တယ်လို့ ပြောလိုက်ပါတယ်။

Stratfor ဆိုတဲ့ အွန်လိုင်းလုံခြုံရေးကုမ္ပဏီဟာ သူတို့ဆီမှာ အလုပ်အပ်ထားသူတွေရဲ့ သတင်းအချက်အလက် တွေကို တခြားလူ မသိနိုင်အောင် encrypt လို့ခေါ်တဲ့ ပုံဖျက်ဖုံးအုပ်တဲ့ နည်းပညာကိုသုံးပြီး လုံခြုံအောင် မလုပ်နိုင်ခဲ့တာကြောင့် ခိုးယူဖို့ လွယ်ကူသွားစေခဲ့တယ်လို့ မခံချိမခံသာဖြစ်အောင်ပြောပြီး ဒီကနေ့မှာ အွန်လိုင်းကနေ ထုတ်ပြန် ကြေညာထားပါတယ်။

Stratfor ကုမ္ပဏီမှာ အလုပ်အပ်ထားတဲ့သူတွေထဲမှာ ပင်တဂွန်စစ်ဌာနချုပ်၊ အမေရိကန်လေတပ်နဲ့ ကြည်းတပ်တို့ ပါဝင်ပါတယ်။ သူတို့အဖွဲ့ဟာ ခိုးယူထားတဲ့ သတင်းအချက်အလက်တွေကို သုံးပြီး ကြက်ခြေနီ၊ CARE နဲ့ Save the Children အဖွဲ့တွေကို အလှူငွေတွေ ပို့ခဲ့တယ်လို့ Anonymous အဖွဲ့က ဆိုပါတယ်။

ထင်ရှားကျော်ကြား သူတွေဆီကနေ ခိုးယူထားတဲ့ သတင်း အချက်အလက်တွေကို သုံးပြီး ရုတ်ရုတ်သဲသဲ ဖြစ်အောင် လုပ်ပစ်မယ်လို့လည်း အဲဒီအဖွဲ့က အခိုင်အမာ ပြောထားပါတယ်။

အရင်တုန်းကဖြစ်ခဲ့ဖူးတဲ့ ကွန်ပြူတာစနစ်တွေထဲကို ခိုးဝင် ထွင်းဖောက်ခဲ့တဲ့ ဖြစ်ရပ်တွေကိုလည်း သူတို့လုပ်တာလို့ Anonymous အဖွဲ့က ပြောပါတယ်။

မြောက်ကိုရီးယား ခေါင်းဆောင်သစ် အာဏာရပါတီ အကြီးအကဲတာဝန်ယူ

ကွယ်လွန်သူ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအီလ်ရဲ့ အရိုက်အရာကို ဆက်ခံခဲ့သူဟာ နောက်ထပ် ထိပ်တန်း ရာထူးတစ်ခုကိုလည်း လက်ခံယူခဲ့တယ်လို့ မြောက်ကိုရီးယား အစိုးရသတင်းစာမှာ ဒီကနေ့ ဖော်ပြပါတယ်။

နိုင်ငံအတွက် ဆုံးဖြတ်ချက်တွေ ချမှတ်ရာမှာ အမြင့်ဆုံး အာဏာပိုင်ဖြစ်တဲ့ အာဏာရ အလုပ်သမားပါတီရဲ့ ဗဟိုကော်မတီ ခေါင်းဆောင်အဖြစ် ကင်မ်ဂျုံအွန်းကို ခန့်အပ်လိုက်ကြောင်းကို ကွန်မြူနစ်ပါတီရဲ့ Rodong Sinmun သတင်းစာက ရည်ညွှန်းရေးသားတာ ဖြစ်ပါတယ်။

စနေနေ့နှောင်းပိုင်းက သတင်းတွေမှာ မြောက်ကိုရီးယားအစိုးရ ဗဟိုသတင်းဌာနက ဗိုလ်ချုပ်ကြီး ကင်မ်ကို တော်လှန်ရေးတပ်ဖွဲ့များရဲ့ ခေါင်းဆောင် အကြီးအကဲအဖြစ် ဖော်ပြခဲ့သလို စနေနေ့ အစောပိုင်းကလည်း မစ္စတာ ကင်မ်ကို သူ့ဖခင် ကင်မ်ဂျုံအီလ်တုန်းက သုံးခဲ့တဲ့ အသုံးအနှုန်းအတိုင်း စစ်ဦးစီးချုပ်အဖြစ် ပထမဆုံးအကြိမ် ဂုဏ်ပြုဖော်ပြခဲ့တာပါ။

အသက် ၃၀ နီးပါးရှိပြီဖြစ်တဲ့ ကင်မ်ဂျုံအွန်းဟာ စစ်ရေး အတွေ့အကြုံ နုနယ်သေးပေမဲ့ ကြယ်လေးပွင့် ဗိုလ်ချုပ်ကြီးရာထူးကို ရထားသူဖြစ်ပါတယ်။ မြောက်ကိုရီးယား ပြည်သူတွေရဲ့ ခေါင်းဆောင်၊ တော်လှန်ရေး တာဝန်တွေကို ထမ်းဆောင်ခဲ့တဲ့ မစ္စတာ ကင်မ်ဂျုံအီလ်ရဲ့ အရိုက်အရာကို ဆက်ခံသူ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအွန်းရဲ့ခေတ် စတင်ကြောင်း ပြီးခဲ့တဲ့ ကြာသပတေးနေ့ကစလို့ မြောက်ကိုရီးယားက ကြေညာခဲ့တာဖြစ်ပါတယ်။

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာတော့ မြောက်ကိုရီးယား ခေါင်းဆောင် အပြောင်းအလဲကနေ တောင်နဲ့ မြောက် ကိုရီးယား နှစ်နိုင်ငံကြား ဆက်ဆံရေး ပျော့ပြောင်းမှု တိုးလာနိုင်ဖွယ်ရှိတယ်လို့ တောင်ကိုရီးယား သမ္မတ လီမြောင်ဘက် က နိုင်ငံရေးခေါင်းဆောင်တွေကို ကြာသပတေးနေ့က ပြောဆိုခဲ့ပါတယ်။

ဘူးသီးတောင် ၁၉၉၀ အမတ် လွှတ်ပေးရန် NDPHR တောင်းဆို

ချင်းမိုင်(မဇ္စျိမ) ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်မှ ၁၉၉ဝ ရွေးကောက်ပွဲအနိုင်ရ ဦးကျော်မင်းနှင့် မိသားစုကို လွှတ်ပေးရန် ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့အခြေစိုက် အမျိုးသားလူ့အခွင့်အရေး ဒီမိုကရက်တစ်ပါတီ NDPHR (ပြည်ပ)မှ တနင်္လာနေ့က တောင်းဆိုလိုက်သည်။

၂ဝ၁၂ ခုနှစ် ဇန်နဝါရီလအတွင်း နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန် ရှိသည်ဟု သတင်းများ ထွက်ပေါ်လာ ပြီးနောက် မြင်းခြံထောင်မှ ဦးကျော်မင်းနှင့် အင်းစိန်ထောင်မှ ဇနီး ဒေါ်တီဇာ၊ သမီး မခင်ခင်နုနှင့် မဝါဝါခင်၊ သား ကိုအောင်နိုင်တို့ကိုလည်း လွှတ်ပေးရန် အစိုးရထံသို့ ကြေညာချက်ထုတ်၍တောင်းဆိုလိုက်ခြင်း ဖြစ်ကြောင်း NDPHR ဥက္ကဋ္ဌ ဦးလှအောင်က မဇ္ဈိမကို ပြောသည်။

“အခု အစိုးရ ဦးသိန်းစိန်ကနေ ပွင့်လင်းမှုတွေ လွတ်လပ်တဲ့ ဒီမိုကရေစီစနစ်ကို ဦးတည်ချင်တယ်ဆိုတဲ့ အချိန်ကာလ မှာ တိုးတက်ပြောင်းလဲမှုတွေလည်း အများကြီး လုပ်ခဲ့ပါပြီး အဲဒါကို ကြိုဆိုပါတယ်။ သူတို့ရဲ့ ဆောင်ရွက်မှုကို
ပြည်သူတွေ ယုံကြည်လေးစားလာအောင် နံပါတ်တစ်အနေနဲ့ အရင်အစိုးရသစ် လက်ထက်က ဖမ်းထားတဲ့ နိုင်ငံရေး အကျဉ်းသား အားလုံး ခြွင်းချက်မရှိ လွှတ်ပေးမှသာလျှင် လက်ခံ ယုံကြည်လောက်တဲ့ စေတနာမှန်နဲ့ အမြန်ဆုံး လွှတ်ပေးပါလို့ အထူးပန်ကြားချင်ပါတယ်”ဟု ဦးလှအောင်က ပြောသည်။

ဦးကျော်မင်းမှာ ပြည်သူ့ လွှတ်တော် ကိုယ်စားပြုကော်မတီ CRPP အဖွဲ့ဝင်ဖြစ်ပြီးနောက် အစည်းအဝေးများ တက်ရောက်ခြင်း အပါအဝင် နိုင်ငံရေး လှုပ်ရှားမှုနှင့် ဆက်စပ်၍ ဖမ်းဆီးခံရခြင်း ဖြစ်သည်ဟု ကြေညာချက်တွင် ပါရှိသည်။

ဦးကျော်မင်းမှာ ၂ဝဝ၅ ခုနှစ် မတ်လ ၂၅ ရက်နေ့က အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ် ILO မှ ကိုယ်စား လှယ်များနှင့် ရန်ကုန်မြို့တွင် တွေ့ဆုံအပြီး အာဏာပိုင်များ၏ ဖမ်းဆီးခံရပြီးနောက် မြန်မာနိုင်ငံသားဖြစ်မှုကို ရုပ်သိမ်း လိုက်ပြီး လဝက အက်ဥပဒေ ပုဒ်မ (၁၈) နှင့် နိုင်ငံတော်လုံခြုံရေး အက်ဥပဒေ ပုဒ်မတို့ဖြင့် ထောင်ဒဏ် ၄၇ နှစ်နှင့် ချမှတ်ခံခဲ့ရသည်။

၎င်း၏ ဇနီးသည် ဒေါ်တီဇာ၊ သမီးများဖြစ်ကြသည့် မခင်ခင်နု
ဘူးသီးတောင်မြို့နယ်မှ ၁၉၉ဝ ရွေးကောက်ပွဲအနိုင်ရ ဦးကျော်မင်း


နှင့် မဝေဝေနု၊ သား ကိုအောင်နိုင် တို့ကိုလည်း နိုင်ငံသား အဖြစ်မှ ပြန်လည် ရုပ်သိမ်းလိုက်ပြီး လဝက အက်ဥပဒေ ပုဒ်မ ထောင်ဒဏ် ၁၇ နှစ်စီ ချမှတ် ခံနေရသည်။

မခင်ခင်နုသည် အသည်းရောဂါနှင့် နှလုံးရောဂါ ခံစားနေရ သဖြင့် ပြီးခဲ့သည့် အောက်တိုဘာလက အင်းစိန်ထောင်
ဆေးရုံ တက်ခဲ့ရသည်။ လက်ရှိ ဆေးဝါးကုသမှု ခံနေရ
သည်ဟု ဆိုသည်။

ပြည်တွင်းအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ
အကျိုးဆောင် ကွန်ယက်ကလည်း အစိုးရအဆက်ဆက်
က မည်သည့် ရည်ရွယ်ချက်ကြောင့် ထောင်ဒဏ် ချမှတ် ခဲ့ခြင်းဆိုသည်သာ အဓိက ကျသဖြင့် ဦးကျော်မင်းနှင့်
မိသားစုကို လွှတ်ပေး သင့်ကြောင်း တာဝန်ခံ ကိုအောင်ဇော်ထွန်းက မဇ္ဈိမကို ပြောသည်။

“ဦးကျော်မင်းက အမတ်တယောက် ဖြစ်တယ်။ သူ့တမိသားစုလုံးကို လဝက တပ်ပြီးတော့ နိုင်ငံရေးအရ အကွက်ဆင် ပြီးတော့ ထည့်ထားတာဘဲ။ သူတို့ကို ဘာပုဒ်မပဲတပ်တပ် သူတို့ ဖမ်းဆီး အရေးယူထားတဲ့ ရည်ရွယ်ချက် ကိုယ်တိုင်
နိုင်ငံရေး အကြောင်းတရားပေါ်မှာ လုပ်ထားတဲ့ ကိစ္စဖြစ်တယ်။ ကျနော်တို့က နိုင်ငံရေးအကျဉ်းသား တယောက်ကို ပုဒ်မကို ကျနော်တို ကြည့်မှာ မဟုတ်ဘူး။ သူတို့ ဘယ်လို ပုံစံနဲ့ချထားတယ်။ ဘာရည်ရွယ်ချက်နဲ့ ချထားတယ် ဆိုတာ ကိုဘဲ ကြည့်မယ်”ဟု သူက မဇ္ဈိမကို ပြောသည်။

ဦးကျော်မင်းသည် ဘူးသီးတောင်ဇာတိဖြစ်ပြီး ရန်ကုန်တက္ကသိုလ်မှ စီးပွားရေးဘွဲ့ ရခဲ့ပြီးနောက် အစိုးရဝန်ထမ်း အဖြစ် ဘူးသီးတောင်မြို့နယ် အလယ်တန်း ကျောင်းအုပ်ဆရာမှ မြို့နယ် လက်ထောက် ပညာရေးမှူး အဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

NDPHR ပါတီမှာ ၉၀ ရွေးကောက်ပွဲ၌ ဘူးသီးတောင်မြို့နယ် မဲဆန္ဒနယ်အမှတ် ၁၊ ၂ နှင့် မောင်တော မဲဆန္ဒနယ်မြေ ၁ ၊၂ တို့ လေးနေရာမှ အနိုင်ရခဲ့သည်။ သို့သော် နအဖ အစိုးရက ရွေးကောက်ပွဲပြီးနောက် နိုင်ငံရေးပါတီ အချို့ကို ဖျက်သိမ်းလိုက်သည့် အထဲတွင် ထိုပါတီလည်း ပါဝင်ခဲ့သည်။

ပြီးခဲ့သည့် ရက်သတ္တအပတ်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် တွေ့ဆုံ ဆွေးနွေးပွဲတွင် ရထားဝန်ကြီး ဦးအောင်မင်းက နိုင်ငံရေး အကျဉ်းသားများ အပါအဝင် အကျဉ်းသားများကို ဇန်နဝါရီလ ၄ ရက်နေ့နှင့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့များတွင် လွှတ်ပေးမည်ဟု ပြောဆိုခဲ့သည်။

ဇင်းကျိုက်မီး ၁၂၄ အိမ် လောင်ကျွမ်း

ချင်းမိုင် (မဇ္ဈိမ) ။ ။ အိမ်ခြေပေါင်း ၁၂၄ အိမ် လောင်ကျွမ်းပြီး ခန့်မှန်း ကာလတန်ဖိုး ကျပ် ၉၃၀ သိန်းကျော် ဆုံးရှုံးကာ လူဦးရေ ၉၉၃ ဦး အိုးအိမ်မဲ့ရသည့် မီးလောင်မှုတခု မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့တွင် တနင်္ဂနွေနေ့ညက ဖြစ်ပွားခဲ့သည်ဟု ပေါင်မြို့နယ် ပြန်/ဆက်ဌာနက ပြောသည်။

“ရထားလမ်း အပေါ်ဘက်ခြမ်းကနေ စပြီး လောင်တယ်။ မီးက အဲဒီကနေ ခုန်ကူးပြီး ရထားလမ်း အနောက်ဘက် ကို ရောက်သွားတယ်။ အနောက်ဘက်ခြမ်း တိုးချဲ့ရပ်ကွက်က အကုန်လုံး ပါသွားတယ်” ဟု ပေါင်မြို့နယ် ပြန်ကြား
ရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနမှ အမျိုးသမီး ဝန်ထမ်း တဦးက ပြောသည်။

ဇင်းကျိုက်မြို့ တိုးချဲ့ရပ်ကွက်ရှိ ဦးစိန်ကျော် နေအိမ်မှ လျှပ်စစ်ဝါယာကြိုး ရှော့ဖြစ်ပြီး ည ၁၁ နာရီကျော်တွင် မီးစတင် လောင်ကျွမ်းခဲ့ကာ ဇင်းကျိုက်၊ ပေါင်၊ သထုံ၊ မုတ္တမနှင့် မော်လမြိုင်မြို့တို့မှ မီးသတ်ကား ၁၀ စီးကျော် လာရောက် ငြှိမ်းသတ်မှ တနင်္လာနေ့ နံနက် ၃ နာရီကျော်တွင် မီးညွန့်ကျိုးကာ နံနက် ၆ နာရီကျော်တွင် လုံးဝ မီးငြိမ်းသတ်နိုင်ခဲ့သည်ဟု ဆိုသည်။

မော်လမြိုင်-ရန်ကုန် မီးရထားလမ်းဘေးရှိ ဇင်းကျိုက်မြို့သည် ရန်ကုန်မှ ၂၅၅ မိုင်၊ မော်လမြိုင်မှ ၂၄ မိုင် ကွာဝေး သည်။ အိမ်ခြေ သုံးထောင်နီးပါးရှိ ဇင်းကျိုက်ရွာကြီးကို ယခင်အစိုးရလက်ထက် ၂၀၀၉ ခုနှစ်မှ စ၍ ဇင်းကျိုက်မြို့ အဖြစ်သို့ ပြောင်းလဲ သတ်မှတ်ခဲ့သည်။

ယာယီမီးဘေး ကယ်ဆယ်ရေးစခန်း အဖြစ် ဇင်းကျိုက်ရွာ အ.မ.က. ရွှေဒင်္ဂါးကျောင်းတွင် ဖွင့်လှစ်ထားကာ အိုးအိမ်မဲ့သူများကို အုပ်ချုပ်ရေးမှူးရုံးမှ တဆင့် ထမင်းထုပ်နှင့် အဝတ်အထည်များ ကူညီပေးနေကြောင်း ဇင်းကျိုက်သား တဦးက ပြောသည်။

“အဓိက လိုအပ်နေတာက စောင်၊ ဆောင်းတွင်းဆိုတော့ စောင်မရှိရင် မဖြစ်ဘူး” ဟု သူက ပြောသည်။

တနင်္လာနေ့ နံနက်ပိုင်းတွင် မွန်ပြည်နယ် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးထွန်းလှိုင်၊ ပေါင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြတ်အောင်ထွေးနဲ့ ဌာနဆိုင်ရာ အကြီးအကဲများ မီးလောင်ရာသို့ သွားရောက် ကြည့်ရှုခဲ့ကြောင်း ပြန်ကြားရေး ဌာနက ပြောသည်။

ရဲဘော်သုံးကျိပ် သွေးသစ္စာနေ့ အလှူ

ရန်ကုန် (မဇ္ဈိမ) ။ ။ ကွယ်လွန်လေပြီးသော ရဲဘော်သုံးကျိပ်ဝင်များကို ရည်စူးကာ မိသားစုဝင်များက ရေစက် သွန်းချ အမျှပေးဝေလှူဒါန်းပွဲကို တနင်္လာနေ့ နံနက် ၉ နာရီက ရန်ကုန်မြို့ ဇီဝိတဒါန သံဃာ့ဆေးရုံတွင် ပြုလုပ်ခဲ့ သည်။

ဒီဇင်ဘာ ၂၆ ရက်နေ့မှာ ၁၉၄၁ ခုနှစ်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ရဲဘော်သုံးကျိပ်ဝင်များ လွတ်လပ်ရေးအတွက် လက်မောင်းသွေးကို ဖောက်ကာ သွေးသစ္စာ ဆိုခဲ့ကြသည့်နေ့ ဖြစ်သည်။ ထို့ကြောင့် ဤနေ့ ရောက်တိုင်း ရဲဘော် သုံးကျိပ်ဝင် မိသားစုများက တွေ့ဆုံပွဲ လုပ်ခဲ့ကြသည်မှာ ၂၈ နှစ် ကြာပြီဖြစ်၍ ယခုနှစ်တွင် ဇီဝိတဒါန သံဃာ့ဆေးရုံမှ ပင့်သံဃာတော် ၂၈ ပါးကို အလှူအတမ်း ပေးဝေခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ပထမဆုံးသော ခေတ်မီ အမျိုးသား တပ်မတော်ဖြစ်သည့် ‘ဗမာ့ကာကွယ်ရေး တပ်မတော် BIA’ ကို ဖွဲ့စည်း တည်ထောင်ခဲ့ကြသည့် ရဲဘော်သုံးကျိပ်ဝင်များထဲမှ ၂၈ ဦးမှာ ကွယ်လွန်သွားကြပြီ ဖြစ်သည်။


ကွယ်လွန်လေပြီးသော ရဲဘော်သုံးကျိပ်ဝင်များကို ရည်စူးကာ မိသားစုဝင်များက ရေစက် သွန်းချ အမျှပေးဝေလှူဒါန်း (ဓါတ်ပုံ မဇ္ဈိမ)
သခင်ရွှေ (ခေါ်) ဗိုလ်ကျော်ဇောနှင့် ကိုအောင်သိန်း (ခေါ်) ဗိုလ်ရဲထွဋ်တို့ နှစ်ဦးသာ သက်ရှိထင်ရှား ရှိနေတော့ကြောင်း ရဲဘော်သုံးကျိပ်ထဲမှ မိသားစုဝင် တဦးက ပြောသည်။

“ကျနော်က နှစ်စဉ်နှစ်တိုင်း ရဲဘော်သုံးကျိပ်ဝင် မိသားစုတွေ တွေ့ဆုံပွဲကို တက်ဖြစ်ပါတယ်။ ဒီနှစ်
ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ထားတယ်လို့ သိရပါတယ်။ ဦးနေဝင်း မိသားစုတော့ မသိပါဘူး။ အယူအဆတွေ ဘယ်လိုပဲ ကွဲပြားနေစေကာ ရဲဘော်သုံးကျိပ်ဝင် မိသားစုတွေ တွေ့ဆုံနိုင်အောင် အရင်ကပဲ ရဲဘော် သုံးကျိပ်ဝင်တွေ ကိုယ်တိုင် လုပ်ခဲ့တာ။ အခုဆိုရင် သက်ရှိထင်ရှား နှစ်ယောက်ပဲ ကျန်တော့တယ်။ သခင်ရွှေ (ဗိုလ်ကျော်ဇော) ကတော့ ကူမင်းမှာ မိသားစုဝင်တွေနဲ့ နေတယ်လို့ ကြားတယ်။ ကိုအောင်သိန်းကတော့ လက်တွန်း ကုလားထိုင်နဲ့ ပဲ နေရတော့ တယ်။ မသွားနိုင်ဘူးလေ။ အသက်က ၉၀ ဆိုတော့လေ” ဟု သူက ပြောသည်။

‘ရဲဘော်သုံးကျိပ်ဝင် မိသားစုများ သာရေးနာရေးအဖွဲ့’ ကိုလည်း ၁၉၈၃ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်နေ့က ဖွဲ့စည်းထား သည်။

တရုတ်နိုင်ငံ ကူမင်းမြို့၌ နေထိုင်သည့် ဗိုလ်မှူးချုပ် (ဟောင်း) ကျော်ဇောက “ကျနော် ၉၂ နှစ် ပြည့်ပါပြီ။ ကျနော် ကျန်းမာပါတယ်။ အားလုံးပဲ ကျန်းမာပါစေ။ ဒီမိုကရေစီ အမြန်ရပါစေ။” ဟု ၂၀၁၁ ခု ဒီဇင်္ဘာ ၃ ရက်နေ့က ကျရောက်
သော မွေးနေ့ နှုတ်ခွန်းဆက်စကားတွင် ပါရှိသည်။

အီတာလျံ-ထိုင်း ကုမ္ပဏီကား ပြန်ပေးဆွဲအဖွဲ့ KNU အရေးယူမည်

အခန်းအနားတခုတွင် တွေ့ရသော KNU တပ်ဖွဲ့ဝင်များ(ဓာတ်ပုံ - globalchin.org)

ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်ဖွဲ့ဝင်တချို့ကို အီတာလျံ-ထိုင်း Italian-Thai Development (ITD) ကုမ္ပဏီမှ ကား ၁၆ စီးနှင့် ကားသမားများ ပြန်ပေးဆွဲသည့်အမှုနှင့် ပတ်သက်၍ အရေးယူရန် စီစဉ်နေကြောင်း KNUက ပြောသည်။

ဒီဇင်ဘာလ ၂၀ ရက်နေ့က ထိုင်းနိုင်ငံ ကန်ချနဘူရီ ခရိုင်နှင့် တနင်္သာရီတိုင်း ထားဝယ်မြို့ကို ဆက်သွယ်ထားသော ကားလမ်းပေါ် တွင် ITD ကုမ္ပဏီကားများ အလုပ်လုပ်နေစဉ် KNU တပ်ဖွဲ့ဝင်များက ၆ နာရီခန့် ပြန်ပေးဆွဲခဲ့ပြီး နေ့လယ် ၁၂ နာရီ တွင် ပြန်လွှတ် ပေးခဲ့သည်။

ထို ပြန်ပေးဆွဲ KNU တပ်ဖွဲ့ဝင်များက ၎င်းတို့၏ အမည်ကို BBK ဟု သုံးခဲ့သည်။

KNU ထားဝယ်ခရိုင် ဥက္ကဌ စောကွယ်ထူးဝင်းက“အဲဒီရှေ့တန်းမှာ ရောက်နေတဲ့ KNU တပ်ဖွဲ့ဝင် ၁၀ ယောက်ကျော်လောက်ရှိတယ်၊ သူတို့ရဲ့ တပ်ရင်းမှူးကို ပြန်ပြီးတော့ အရေးယူ ဆောင်ရွက်ဖို့ အထက်က တာဝန်ပေးထားတယ်”ဟု ဧရာဝတီသို့ ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ITD ကုမ္ပဏီကလည်း KNU အဖွဲ့ ကို အကြောင်းကြားထားသည်။

“တပ်ဘက်ဆိုင်ရာ ဘက်က သူတို့ကို အရေးယူဆောင်ရွက်မှုတွေ လုပ်ရမယ်၊ အခြေအနေအရ ကိုယ့်ရဲဘော်တွေက တောထဲမှာ နေနေရင်းနဲ့ သူတို့ကလည်း သူ့ခံစားချက်နဲ့ သူလုပ်လာတဲ့အပေါ်မှာ တဖက်ကို နားလည်မှုပေးရမယ်၊ ဒါပေမယ့် တဖက်မှာ စည်း ကမ်းပိုင်းအရ ကျနော်တို့ ဆောင်ရွက်ရမှာပေါ့”ဟု စောကွယ်ထူးဝင်းက ဆက်ပြောသည်။

ယင်းဒေသတွင် ကရင်အမျိုးသား အစည်းအရုံး(KNU) တပ်မဟာ ၄ တပ်ဖွဲ့ဝင်များ လှုပ်ရှားနေပြီး ITD ကုမ္ပဏီ က လမ်းဖောက်လုပ် နေခြင်း ဖြစ်ကြောင်း သိရသည်။ ITD ကုမ္ပဏီသည် ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းတွင် ရင်းနှီးမြုပ်နှံထားသော ကုမ္ပဏီ ဖြစ် သည်။

ပြီးခဲ့သည့် စက်တင်ဘာလတွင် ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် စီမံကိန်းကြောင့် ဒေသခံများ၏ လူမှုရေး၊ စီးပွား ရေး၊ ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများ ကြုံတွေ့ရဖွယ်ရှိပြီး ဆုံးရှုံးနစ်နာမှုများ ရှိလာမည်ကို စိုးရိမ်သောကြောင့် ITD ကုမ္ပဏီ ယာဉ်များ KNUထိန်းချုပ်ဒေသတွင် သွားလာနေခြင်း မပြုလုပ်ရန် တားမြစ်ခဲ့သည်။

သို့သော်လည်း စီမံကိန်းဒေသ အလုပ်သမားများ အတွက် ရိက္ခာသယ်ပို့ပေးသည့် မော်တော်ယာဉ်တချို့ သွားလာနေခြင်းကို KNU က ခွင့်ပြုထားသည်ဟု စောကွယ်ထူးဝင်းက ဆိုသည်။

ပြီးခဲ့သည့် ဇူလိုင်လကလည်း ITD ကုမ္ပဏီတွင် အလုပ်လုပ်နေသော အလုပ်သမား ၅၀ခန့်သည် အစိုးရတပ်နှင့် KNU တပ်ဖွဲ့ဝင်များ တိုက်ပွဲ ဖြစ်ပွားမှုကြောင့် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။

တနင်္သာရီတိုင်း ရေဖြူမြို့နယ်၊ မောင်းမကန် မြောက်ဘက်တွင်ရှိ ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းအတွက် ITD ကုမ္ပဏီက အမေရိကန် ဒေါ်လာ ၈. ၆ ဘီလီယံ ရင်းနှီးမြုပ်နှံထားပြီး လျှပ်စစ်ဓာတ်အားပေး စက်ရုံများ၊ သံမဏိစက်ရုံများ၊ ရေနံသန့်စင်ရေး စက်ရုံများ၊ ကားလမ်းနှင့် ရထားလမ်းများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာအစိုးရ သတင်းစာများတွင် ဖော်ပြထားချက်အရ ထားဝယ်ရေနက်ဆိပ်ကမ်းတွင် ကုန်တင် သင်္ဘောကြီး ၂၅ စင်းတပြိုင်တည်း ဆိုက်ကပ်နိုင်ပြီး တနှစ်လျှင် ကုန်ပစ္စည်း မက်ထရစ် တန်ချိန် သန်း ၁၀၀ နီးပါး အတင်အချ ပြုလုပ်နိုင်မည်ဟု သိရသည်။

ဥရောပနှင့် အင်ဒိုချိုင်းနားကို ဆက်သွယ်ရန် ဖြတ်လမ်းဖြစ်လာပြီး စင်ကာပူထက်သာမည်ဟု ဆိုထားသော ထားဝယ်ရေနက် ဆိပ် ကမ်း စီမံကိန်း၏အရေးပါပုံ၊ စီမံကိန်းကြောင့် နိုင်ငံ၏စီးပွားရေးတိုးတက်လာနိုင်ပုံတို့ကို မြန်မာစာနယ်ဇင်း များတွင်ဖော်ပြခဲ့ကြသည်။

ထိုင်းရှိ မြန်မာအလုပ်သမားများ အစိုးရ ကူညီမည်

ပြီးခဲ့သည့်နှစ်ကုန်ပိုင်းက ထိုင်းနိုင်ငံ မြောက်ပိုင်း Khon Kaen မြို့ရှိ ငါးဖမ်းပိုက်ကွန်စက်ရုံတွင် အလုပ်သမားအခွင့်အရေးအတွက် ဆန္ဒပြနေကြသော မြန်မာပြည်သား အလုပ်သမားများ (ဓာတ်ပုံ - ဧရာဝတီ)

ထိုင်း နိုင်ငံရောက် မြန်မာ အလုပ်သမားများ အရေးနှင့် ပတ်သက်ပြီး ယခုနှစ်ဆန်းပိုင်းမှ စတင်၍ ကူညီဆောင်ရွက်ရန် မြန်မာ အစိုးရ အလုပ်သမားဝန်ကြီးဌာနကစီစဉ်နေကြောင်း ပြောသည်။

“ကျနော်တို့ လာမယ့် ဇန်န၀ါရီလဆန်း ၅ ရက်နေ့လောက်က စပြီး လုပ်ငန်းလုပ်နိုင်အောင် စီစဉ်နေပါတယ်”ဟု နေပြည်တော် အလုပ်သမားဝန်ကြီးဌာနရုံးမှ တာဝန်ရှိသူတဦးက ဧရာဝတီကို ပြောပြသည်။

ထိုင်းနိုင်ငံသို့ အလုပ်သမားပြဿနာ ကူညီဖြေရှင်းရေး လုပ်ငန်းအဖွဲ့ ၅ ဖွဲ့ကသွားရောက်၍ မြန်မာ အလုပ်သမားများ အတွက် နိုင်ငံသား စိစစ်ရေး၊ ယာယီ နိုင်ငံကူးလက်မှတ်များ ထုတ်ပေးရေး၊ အလုပ်သမားများ၏ သားသမီးများကို မြန်မာနိုင်ငံသားအဖြစ် အသိအမှတ်ပြုနိုင်ရေး၊ တရားဝင် မှတ်ပုံတင်နိုင်ရေးနှင့် အခွင့်အရေးကာကွယ်ရေးများကို စီစဉ် နေခြင်းဖြစ်ကြောင်း သိရသည်။

ယမန်နေ့ကမှ ထိုင်းနိုင်ငံက ပြန်လည်ရောက်ရှိလာသော အလုပ်သမားဒု-၀န်ကြီး ကလည်း မြန်မာ အလုပ်သမားရေး ဆိုင်ရာများကို ထိုင်းအစိုးရ အာဏာပိုင်များနှင့် ဆွေးနွေးခဲ့ရာ အဆင်ပြေခဲ့ကြောင်း ဆိုသည်။

“အရင်နှစ်ပေါင်း ၂၀ ကျော်တုန်းက မြန်မာအလုပ်သမားတွေရှိနေတယ်ဆိုတာ မြန်မာအစိုးရက အသိအမှတ်မပြုခဲ့ဘူး။ အခုလို အစိုးရတရပ်က အသိအမှတ်ပြုလာပြီး အကျိုးဆောင်ပေးမယ်ဆိုတာကတော့ အပြုသဘောနဲ့ ကြိုဆိုတယ်။ ဒါ ပေ မယ့် အခု သူတို့ လုပ်နေတဲ့ အခင်းအကျင်းတွေက မလုံလောက်သေးဘူး”ဟု ထိုင်း နိုင်ငံရောက် မြန်မာ အလုပ်သမားများအရေး လှုပ်ရှားသူတဦးဖြစ်သည့် ကိုကျော်သောင်းက ဧရာဝတီကိုပြောသည်။

ကိုကျော်သောင်းနှင့် အလုပ်သမားအရေးလှုပ်ရှားသူများသည် ဒီဇင်ဘာ ၂၃ ရက်နေ့က မြန်မာ ဒု အလုပ်သမား ၀န်ကြီး ဦးဆောင်သော အဖွဲ့နှင့် အလုပ်သမားများအရေး ဆွေးနွေးခဲ့ကြသည်။

မြန်မာ အလုပ်သမားများစွာရှိသည့် ထိုင်းနိုင်ငံ ဘန်ကောက်၊ ချင်းမိုင်၊ မဟာချိုင်၊ စူရတ်ဌာနီ၊ စမွတ်ပရာကန် ၅ မြို့တွင် ရုံးထိုင် လုပ်ကိုင်မည့် အလုပ်သမားကူညီရေးတစ်ဖွဲ့တွင် အဖွဲ့ဝင် ၈ ဦးစီ ပါဝင်မည် ဖြစ်ကြောင်း ၄င်းတို့ကို နေပြည်တော် တွင် သင်တန်းများပေးနေကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် မြန်မာ အလုပ်သမား တရားဝင်နှင့် တရားမ၀င်သူ စုစုပေါင်း၂ သန်းမှ ၃ သန်းခန့် ရှိသည်ဟု အလုပ်သမား အရေး လှုပ်ရှားနေသူများက ခန့်မှန်းထားကြသည်။

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများမှာ ယာယီနိုင်ငံကူးလက်မှတ်ဖြင့် တရားဝင်နေထိုင်ခြင်း၊ ဘတ်ဟု ခေါ်သည့် အလုပ်လုပ်ခွင့်လက်မှတ်ဖြင့် တရားဝင်နေထိုင်ခြင်းနှင့် အဆိုပါ ၂ ခုလုံး မရှိဘဲ တရားမ၀င် အလုပ်လုပ်ကိုင်နေထိုင် သူများဟူ၍ ၃ မျိုးရှိကြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူများက ဆိုသည်။

ထိုင်းနိုင်ငံတွင် အလုပ်လုပ်မည့် မြန်မာအလုပ်သမားတဦးသည် ယာယီနိုင်ငံကူးလက်မှတ်လုပ်ရန် မြန်မာဘက်ခြမ်းတွင် ကျပ်ငွေ ၅၀၀ မှ ၁၀၀၀၀ ကျပ်အထိ မြန်မာအစိုးရက တိုးမြှင့်လိုက်ကြောင်း၊ ထိုင်းဘက်ခြမ်းတွင် ထိုင်းဘတ်ငွေ ၄၅၀၀ မှ ၆၅၀၀ အထိ ကုမ္ပဏီများက လုပ်ဆောင်ပေးကြောင်း၊ ကုန်ကျပြီး အလုပ်သမား လက်မှတ်အတွက် ဘတ်ငွေ ၃၉၀၀ ကုန်ကျသည်။

ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူသည် ထိုင်းနိုင်ငံတ၀န်း သွားလာ လုပ်ကိုင်ခွင့်ရှိပြီး ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံ ကို တရားဝင် ၀င်ထွက်ခွင့်လည်းရှိသည်။ အလုပ်သမားလက်မှတ် ကိုင်ဆောင်သူသည် အလုပ်ရှင်၏ ခွင့်ပြုချက်ဖြင့်သာ နေ ထိုင် သွားလာခွင့်ရှိပြီး အလုပ်အပြောင်းအလဲ လုပ်လိုပါကလည်း အလုပ်ရှင်၏ ခွင့်ပြုချက် လိုအပ်သည်။

ယင်း လက်မှတ်များ၏ အမှန်တကယ် ကုန်ကျစရိတ်သည် သတ်မှတ်ထားသည့် ပမာဏ ထက်ပိုမိုများပြားမှုရှိကြောင်း ကိုကျော်သောင်း က ပြောသည်။

ယခု မစ္စ ယင့်လပ် အစိုးရ က ထိုင်းနိုင်ငံရှိ မည်သည့် အလုပ်သမားမဆို တနေ့ အလုပ်လုပ်ခ အနည်းဆုံး ဘတ် ၃၀၀ ရစေရ မည်ဟု ဆိုသော်လည်း နေရာနှင့် လုပ်ငန်းပေါ် မူတည်၍ ကွဲပြားကြပြီး အများစုမှာ တနေ့ လုပ်အားခ ၆၀ ဘတ်မှ ၂၅၀ ဘတ် အထိသာ ရကြကြောင်း သိရသည်။

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများသည် ထိုင်းလုပ်ငန်းရှင်များက ယာယီ နိုင်ငံကူးလက်မှတ်ကို သိမ်းထားပြီး မိတ္တူကိုသာ လက်ဝယ်ကိုင်ခွင့်ပေးခြင်း၊ လုပ်အားခ ပုံမှန်မရရှိခြင်း၊ အပြည့်အ၀ မရရှိခြင်း၊ အချိန်ပိုကြေး မပေးခြင်းနှင့် လုပ်ငန်းခွင် ထိခိုက် ဒဏ်ရာရမှု နစ်နာကြေး မရခြင်း စသည့် ပြဿနာများကို အဓိက ရင်ဆိုင်နေကြရသည်ဟု သိရသည်။

မြန်မာအစိုးရ ဒု နိုင်ငံခြားရေး ၀န်ကြီး ဦးမောင်မြင့်က“ပြည်တွင်းမှာရှိတဲ့ အလုပ်သမားတွေ သာမက ပြည်ပမှာရှိတဲ့ တရားဝင် ကော တရားမဝင်ကော အလုပ်သမားတွေ အားလုံးကို စောင့်ရှောက်ပေးဖို့ကတော့ ကျနော်တို့ အစိုးရရဲ့ တာဝန် ဖြစ်ပါတယ်။ အားလုံးကို ပြေလည်အောင် ပြီးပြတ်အောင် အခွင့်အရေး အပြည့်အဝရစေအောင် ဆက်ပြီးတော့မှ ကြိုးစားသွားမှာ ဖြစ်ပါတယ်”ဟု ပြောဆိုထားသည်။

မြန်မာ-ထိုင်း၂ နိုင်ငံဆွေးနွေးပွဲများတွင် မြန်မာအလုပ်သမားများအား အကာအကွယ်ပေးရေး ကိစ္စများကို ဆွေးနွေးခဲ့ကြောင်း၊ မြန်မာအလုပ်သမားများ လက်ခံရေးကို ထိုင်း-မြန်မာ နှစ်နိုင်ငံ အလုပ်သမားဆိုင်ရာ သဘောတူညီချက်အရ အစီအစဉ်ရှိကြောင်း၊ မြန်မာနိုင်ငံဘက်က ထိုင်းနိုင်ငံသို့ အလုပ်သမား တသိန်း စေလွှတ်ရန် ရှိသော်လည်း ယခုနှစ်ကုန်ပိုင်းတွင် သုံးသောင်း ကျော်သာ စေလွှတ်ထားသေးကြောင်း ထိုင်းအစိုးရ အလုပ်သမား ၀န်ကြီးဌာနကလည်း ထုတ်ပြန်ထားသည်။

ထိုင်းအစိုးရက၂၀၁၁ ခုနှစ် ဇွန်လ ၁၅ ရက်ကနေ ဇူလိုင်လ ၁၄ ရက်နေ့အထိ အိမ်နီးချင်းနိုင်ငံများမှ လာရောက်သော အလုပ် သမားများကို တရားဝင် မှတ်ပုံတင် လုပ်ပေးခဲ့စဉ် မြန်မာ အလုပ်သမား ၇ သိန်းခန့် စာရင်းလာသွင်းခဲ့ကြောင်း ထိုင်း အလုပ် သမားရေး ၀န်ကြီးဌာနက ထုတ်ပြန်ချက်အရ သိရသည်။

ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမား အများစုသည် ဆောက်လုပ်ရေး ၊ ရေလုပ်ငန်း၊ စိုက်ပျိုးရေး၊ အထည်ချုပ် စက်ရုံ၊ အိမ်အကူ စသည့် လုပ်ငန်းများ၌ လုပ်ကိုင်ကြရသည်။