စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Sunday, November 13, 2011

အေပက် ထိပ်သီးဆွေးနွေးပွဲကို သမ္မတအိုဘားမား အိမ်ရှင်အဖြစ် တက်ရောက်ဆွေးနွေး

အေပက်အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများနှင့် ကုန်သွယ်ရေးဝန်ကြီးများ တွေ့ဆုံဆွေးနွေးနေစဉ်


အမေရိကန်သမ္မတ အိုဘားမားသည် ဟာဝိုင်ယီတွင်ကျင်းပသည့် အေပက်ထိပ်သီးဆွေးနွေးပွဲကို အိမ်ရှင်အဖြစ် လက်ခံဆွေးနွေးရန် နိုဝင်ဘာလ ၁၁ ရက်နေ့က တက်ရောက်ခဲ့သည်။ ပစိဖိတ်ရပ်ဝန်းနိုင်ငံများမှ ခေါင်းဆောင် များတက်ရောက်သည့် အေပက်ထိပ်သီးဆွေးနွေးပွဲကို တရုတ်နှင့် ဂျပန်တို့မှ ခေါင်းဆောင်များလည်း တက်ရောက်မည်ဖြစ်သည်။

အိုဘားမားသည် သူ၏ မွေးရပ် ဟာဝိုင်ယီသို့ သွားရောက်လည်ပတ်မှုနှင့် အတူ ကိုးရက်ကြာ ပစိဖိတ်ခရီးစဉ်ကိုလည်း စတင်ခဲ့သည်။ သမ္မတအိုဘားမားသည် နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ဟာဝိုင်ယီမှ ထွက်ခွာပြီး သြစတြေးလျသို့ သွားရောက်မည်ဖြစ်သည်။ သြစတြေးလျနှင့် နှစ် ၆၀ အကြာ လုံခြုံရေးပူးပေါင်းဆောင်ရွက်သည့် အထိမ်းအမှတ်ကို သမ္မတအိုဘားမားက ကျင်းပမည်ဖြစ်ပြီး ဘာလီတွင် ကျင်းပမည့် အရှေ့အာရှထိပ်သီး ဆွေးနွေးပွဲကိုလည်း အမေရိကန် သမ္မတတစ်ဦးအနေဖြင့် တက်ရောက်မည်ဖြစ်သည်။ အေပက်ထိပ်သီးဆွေးနွေးပွဲသို့ ပစိဖိတ်သမုဒ္ဒရာရပ်ဝန်းတွင် တည်ရှိသည့် နိုင်ငံပေါင်း ၂၁ နိုင်ငံမှ ခေါင်းဆောင်များတက်ရောက်ပြီး စီးပွားရေး တိုးတက်မှု၊ လွတ်လပ်စွာ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတို့ကို အဓိကဆွေးနွေးကြမည်ဖြစ်သည်။ ယခုနှစ် ထိပ်သီးဆွေးနွေးပွဲတွင် ယူရိုဇုန်အကျပ်အတည်းကို စိုးရိမ်မှုနှင့် အမေရိကန်ဦးဆောင်သော ပစိဖိတ် သမုဒ္ဒရာရပ်ဝန်းနိုင်ငံများအကြား လွတ်လပ်စွာကုန်သွယ်ရေး သဘောတူညီချက်တစ်ရပ်ရရှိရေးတို့ကို အဓိကထား ဆွေးနွေးကြမည်ဖြစ်သည်။ Trans-Pacific Partnership (TPP) သဘောတူညီချက်အတွက် မူဘောင် များကို ဟာဝိုင်ယီ အေပက်ဆွေးနွေးပွဲတွင် အိုဘားမားက ကြေညာမည်ဖြစ်သည်။

(TPP) သဘောတူညီချက်ကို ၂၀၀၅ ခုနှစ်တွင် ဘရူနိုင်း၊ ချီလီ၊ န ယူးဇီလန်၊ စင်ကာပူတို့အကြား ရရှိခဲ့ပြီး အမေရိကန်အတွက် လွတ်လပ်စွာ ကုန်သွယ်ရေးသဘောတူညီချက်များအတွက် အရေးပါသော မှတ်တိုင်တစ်ခုဖြစ်ခဲ့သည်။

၂၁ ရာစုတွင် ကမ္ဘာ့မဟာဗျူဟာမြောက်နှင့် စီးပွားရေးအချက်အချာမှာ အာရှ-ပစိဖိတ်ဒေသဖြစ်လာမည်ဖြစ်ကြောင်းကို ယုံမှားဖွယ်ရာမရှိကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ပြောကြားခဲ့သည်။

Ref:AFP

အီရန်အတွက် နျူကလီးယားဓာတ်ပေါင်းဖိုများ ဆောက်ပေးရန်အသင့် ရှိကြောင်း ရုရှားပြောကြား

အီရန်နိုင်ငံအနေဖြင့် နျူကလီးယားလက်နက် ထုတ်လုပ်ဖွယ်ရှိကြောင်း စိုးရိမ်မှုများရှိနေသော်လည်း မိမိတို့အနေဖြင့် ယင်းနိုင်ငံတွင် နျူကလီးယားဓာတ်ပေါင်းဖိုများ ထပ်မံဆောက်လုပ်ပေးရန် အသင့်ရှိနေကြောင်း ရုရှားနျူက လီးယားအကြီးအကဲ ရှယ်ဂေးကီရီယန်က နိုဝင်ဘာလ ၁၀ ရက်နေ့တွင် ပြောကြားခဲ့သည်။

''ကျွန်တော်တို့အခြေအနေကို ကြည့်နေပါတယ်။ အမှာစာတွေကို ရရှိထားပြီးဖြစ်ပါတယ်။ နျူကလီးယား ဓာတ်ပေါင်းဖိုတွေ တည်ဆောက်ခြင်းဟာနိုင်ငံတကာအတွက် သံသယဖြစ်စရာကိစ္စရပ်မဟုတ်တာကြောင့် ကျွန်တော်တို့ ဒါတွေကိုတည်ဆောက်ပေးဖို့ရှိပါတယ်'' ဟုပြောကြားခဲ့သည်။

ထို့ပြင်အီရန်နိုင်ငံအနေဖြင့်လည်း နျူကလီးယားဓာတ်ပေါင်းဖိုများကို ထပ်မံဆောက်လုပ်လိုကြောင်းကိုပြောကြားထားကြောင်း သိရသည်။

အီရန်အနေဖြင့်နျူကလီးယား ဒုံးကျည်ထိပ်ဖူးများပြုလုပ်နေသည့် အထောက်အထားများပါရှိသည့် အိုင်အေအီးအေအစီရင်ခံစာကြောင့် အနောက်နိုင်ငံများက အီရန်နိုင်ငံအပေါ် ဖိအားပေးမှုများ ထပ်မံလုပ်ဆောင်နေစဉ် ရုရှားနိုင်ငံက ယခုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အစီရင်ခံစာ ထွက်ပေါ်လာပြီးနောက် ဥရောပသမဂ္ဂကလည်း အီရန်နိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများ ထပ်မံပြုလုပ်ရန် ပြင်ဆင်လျှက်ရှိကြောင်း သိရသည်။

ရုရှားနိုင်ငံကမူ အိုင်အေအီးအေ၏ အစီရင်ခံစာသည် နိုင်ငံရေးအရ လုပ်ဆောင်မှုဖြစ်ကြောင်း ပြစ်တင်ဝေဖန်ခဲ့ပြီး အီရန်နိုင်ငံတွင်း အစိုးရအပြောင်းအလဲ ဖြစ်စေရေးအတွက်ပြုလုပ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ရုရှားနိုင်ငံအနေဖြင့် အီရန်နိုင်ငံတောင်ပိုင်း ဘူရှီဟာဒေသတွင် ပထမဆုံး နျူကလီးယားဓာတ်အားပေးစက်ရုံကို တည်ဆောက်ခဲ့ပြီး ကုလသမဂ္ဂ၏ ပိတ်ဆို့အရေးယူမှုများရှိနေသော်လည်း အီရန်နိုင်ငံ၏ စီးပွားရေး မိတ်ဖက်နိုင်ငံအဖြစ် ဆက်လက်တည်ရှိနေ ဆဲဖြစ်ကြောင်း သိရသည်။

Ref:AFP

ဗြိတိန်မင်းသားဝီလျံ ဖောက်ကလန်ကျွန်းစုတွင် လာမည့်နှစ်၌ တာဝန်ထမ်းဆောင်မည်



ဗြိတိန်မင်းသားဝီလျံကို ဖောက်ကလန်ကျွန်းစုတွင် တာဝန်ထမ်းဆောင်ရန် လာမည့်နှစ်၊ ဖေဖော်ဝါရီလတွင် စေလွှတ်မည်ဖြစ်ကြောင်း ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာလ ၁၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အသက် ၂၉ နှစ်အရွယ် ၀ီလျံသည် ရှာဖွေကယ်ဆယ်ရေး လေယာဉ် မှူးအဖြစ် ခြောက်ပတ်ကြာ တာဝန်ထမ်းဆောင်ရမည်ဖြစ်ပြီး တော်ဝင်လေတပ်မှ အခြားလေယာဉ်မှူးသုံးဦးနှင့်အတူ စေလွှတ်ခံရမည်ဖြစ်ကြောင်း လေတပ်အခြေစိုက်စခန်းက အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။ ဧပြီလတွင် ကိတ်မစ်ဒယ်လ်တန် နှင့် မင်္ဂလာဆောင်ခဲ့သော ၀ီလျံသည် ရှာဖွေကယ်ဆယ်ရေးလေယာဉ်မှူး တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ရန် စွမ်းဆောင် ရည်ပြည့်မီကြောင်း ပြီးခဲ့သောနှစ် စက်တင်ဘာလတွင် သတ်မှတ်ခံရသည်။ ဗြိတိန်သည် ဖောက်ကလန် ကျွန်းစုများကို ၁၈၃၃ ခုနှစ်ကစ၍ ထိန်းချုပ်ထားပြီး အာဂျင်တီးနားကမူ ဖောက်ကလန်သည် အာဂျင်တီးနား၏ သိမ်းပိုက်ခံထားရသော အစိတ်အပိုင်းဟု ယူဆထားသည်။

၁၉၈၂ ခုနှစ် ဧပြီလ ၂ ရက်နေ့တွင် အာဂျင်တီးနားအာဏာရစစ်တပ်က ဖောက်ကလန်ကို ကျူးကျော်ခဲ့ပြီး မင်းသားဝီလျံမမွေးမီ တစ်ပတ်တိတိ ဇွန်လ ၁၄ ရက်နေ့တွင် လက်နက်ချခဲ့သည်။ ယင်းစစ်ပွဲအတွင်း အာဂျင်တီးနား စစ်သား ၆၀၀ ကျော်နှင့် ဗြိတိန်စစ်သား ၂၅၅ ဦးသေဆုံးခဲ့သည်။

Ref:CNN

တူရကီအရှေ့ပိုင်းတွင် ငလျင်လှုပ်မှုကြောင့် လူ ၂၇ ဦးသေဆုံး



တူရကီနိုင်ငံအရှေ့ပိုင်းတွင် နိုဝင်ဘာလ ၉ ရက်ညပိုင်းက ငလျင်တစ်ခုလှုပ်ခတ်မှုကြောင့် နိုဝင်ဘာလ ၁၁ ရက်တွင် သေဆုံးသူ ၂၇ ဦးရှိ လာခဲ့ပြီး လူ ၂၈ ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း အစိုးရက ထုတ်ပြန်သည်။

အသက်ရှင်ကျန်ခဲ့သူ ၂၆၀ ဦးကို မြို့တော်အစ္စတန်ဘူလ်၊ အန်ကာ ရာမြို့များသို့ ပို့ဆောင်ခဲ့ကြောင်း အကျပ်အတည်းဖြေရှင်းရေးစင်တာက ထုတ်ပြန်ခဲ့သည်။ ပြင်းအား ၅ ဒသ မ ၇ အဆင့်ရှိ ငလျင်ကြောင့် အရေးပေါ် ယာယီတဲ၁၃၆၃ လုံးကိုဗန်(Van) ပြည်နယ်သို့ပေးပို့ခဲ့ကြောင်း Anatolia သတင်းဌာနက ဖော်ပြခဲ့သည်။ ငလျင်လှုပ်ခတ်ရာ အနီးတစ်ဝိုက်ရှိ ကျောင်းများကို ဒီဇင်ဘာလ ၅ ရက်နေ့အထိ ပိတ်ထားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ သေဆုံးသူအချို့မှာ ဟိုတယ်နှစ်လုံးပြိုကျမှုကြောင့်ဖြစ်သည်ဟု ဒုတိယ၀န်ကြီးချုပ် Besir Atalay က ပြောကြားခဲ့သည်။

တူရကီနိုင်ငံတွင် အောက်တို ဘာလ ၂၃ ရက်ကလည်း ပြင်းအား ၇ ဒသမ ၂ အဆင့်ရှိ ငလျင်လှုပ်ခတ်မှုကြောင့် လူ ၅၀၀ ကျော်သေဆုံးခဲ့ ကာ အဆောက်အဦ ၂၅ လုံးပြိုကျခဲ့ကြောင်း အစိုးရက ထုတ်ပြန်ခဲ့သည်။

Ref:CNN

ကိုရီးယား၌ အလုပ်လုပ်ကိုင်ရန် မြန်မာအမျိုးသမီးများကို ကမ်းလှမ်းမှုရှိနေပြီး တောင်းဆိုချက်အချို့ကို လိုက်လျောပါက ခွင့်ပြုသွားမည်

မြန်မာအမျိုးသမီးများအား ကိုရီးယားသမ္မတနိုင်ငံ၌ နှစ်နိုင်ငံအစိုးရခြင်း သဘောတူညီမှုစနစ် EPS (Employment Permit System) ဖြင့် လာရောက် အလုပ်လုပ်ကိုင်ရန် ကိုရီးယားစက်ရုံများမှ ကမ်းလှမ်းမှု ရှိနေပြီး မြန်မာဘက်မှ တောင်းဆို ချက်အချို့ကို လိုက်လျောပါက အမျိုး သမီးများသွားရောက် အလုပ်လုပ်ကိုင် နိုင်ရန် ခွင့်ပြုပေးသွားမည် ဖြစ်ကြောင်း အစိုးရပြည်ပ အလုပ်အကိုင် အေဂျင်စီမှ စုံစမ်းသိရှိရသည်။
ကျွန်တော်တို့ဘက်ကတော့ တောင်းဆိုထားတာ တစ်ခုပါပဲ။ အမျိုးသမီးတွေ ဟိုမှာသွား အလုပ်လုပ်မယ်ဆိုရင် အားလုံးကို စက်ရုံတစ်ခုဆိုတစ်ခု၊ နေရာတစ်နေရာဆို တစ်နေရာတည်းမှာပဲ စုခန့်ထားမယ် . . .


“ကိုရီးယားဘက်က နေပြီး မြန်မာအမျိုးသမီးတွေ သူတို့ဆီက ကုန်ထုတ်လုပ်ငန်းတွေမှာလာရောက် လုပ်ကိုင်ဖို့ကမ်းလှမ်းပါတယ်။ ကျွန်တော်တို့ဘက်ကတော့ တောင်းဆိုထားတာ တစ်ခုပါပဲ။ အမျိုးသမီးတွေ ဟိုမှာ သွားအလုပ်လုပ်မယ်ဆိုရင် အားလုံးကို စက်ရုံတစ်ခုဆိုတစ်ခု၊ နေရာတစ်နေရာဆို တစ်နေရာတည်း မှာပဲ စုခန့်ထားမယ်၊ စုနေခိုင်းမယ်။ အမျိုးသမီးတွေဖြစ်လို့ ဒီလိုမျိုး တစ်စု တဝေးတည်းခန့်ထားမှ အရေး အကြောင်းရှိရင် ပိုအဆင်ပြေနိုင်မှာဖြစ် ပါတယ်။ ဒီအချက်ကိုလည်း ကိုရီးယားနိုင်ငံကို ကျွန်တော်တို့အကြောင်း ပြန်ထားပါတယ်။ အခုတော့ ဟိုဘက်က ဘယ်လိုအခြေအနေမျိုးမှ အကြောင်း ပြန်မလာသေးပါဘူး။ သူတို့ဘက်ကခွင့်ပြုရင်တော့ အမျိုးသမီးတွေကို ကိုရီးယားနိုင်ငံမှာ G to G စနစ်နဲ့သွားရောက် အလုပ်လုပ်ဖို့ ခွင့်ပြုပေးသွားမှာ ဖြစ်ပါတယ်” ဟု အလုပ်သမားဝန်ကြီးဌာန အစိုးရ ပြည်ပအလုပ်အကိုင် အေဂျင်စီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။

လက်ရှိအချိန်တွင် နှစ်နိုင်ငံ အစိုးရခြင်း သဘောတူညီမှုဖြင့် ကိုရီးယားနိုင်ငံ ကုန်ထုတ်လုပ်ငန်းများ၌ သွားရောက်လုပ်ကိုင်ရန် အမျိုးသားများအား စုစုပေါင်းကုန်ကျစရိတ် ကျပ်ရှစ်သိန်း ၀န်းကျင်ဖြင့် ခွင့်ပြုပေးလျက်ရှိပြီး ကိုရီးယားနိုင်ငံ၌ တစ်ဦးလျှင် လစဉ်ဝင်ငွေ ကျပ်ကိုးသိန်းမှ ၁၆ သိန်းကြား ရရှိကြောင်း သိရသည်။

ပြည်တွင်းရှိ ပုဂ္ဂလိကဘဏ်များ ဘဏ်အပ်ငွေအား အကန့်အသတ် မထားဘဲ လက်ခံနိုင်ပြီ

ပြည်တွင်းရှိ ပုဂ္ဂလိကဘဏ်တစ်ခုတွင် ဘဏ်လုပ်ငန်း ဆောင်ရွက်နေစဉ်


ပြည်တွင်းတွင် လက်ရှိ လည်ပတ်နေသော ပုဂ္ဂလိကဘဏ် ၁၉ ခု ရှိနေပြီး ယင်းဘဏ်များ အားလုံး ယခင်က အပ်ငွေကို အကန့်အသတ် ဖြင့်သာ လက်ခံရန် ဗဟိုဘဏ်က ညွန်ကြားထားသော်လည်း အောက်တိုဘာလ ၁ ရက်နေ့မှစ၍ အပ်နှံမှုများအပေါ် ကန့်သတ်မှု မရှိတော့ကြောင်း ဘဏ်လုပ်ငန်းရှင်များ၏ ပြောပြချက်အရ သိရှိရသည်။

“ဟိုတုန်းကဆိုရင် ငွေကို အပ်သလောက် လက်ခံခွင့်မရှိဘူး။ ကန့်သတ်ချက်ရှိတယ်။ ဒါပေမယ့် အခု နောက်ပိုင်း ဗဟိုဘဏ်က ဖြေလျော့ပေးမှုတွေ လုပ်လာတယ်။ ဒါမှလည်း ဘဏ်လုပ်ငန်းငွေ တိုးတက်လာမှာ ပါ။ စက်တင်ဘာလ၊ သြဂုတ်လလောက် ကပဲ စပြီးတော့ ပြောင်းလဲပေးဖို့ ပြောလာတာ။ အောက်တိုဘာလ ၁ ရက်နေ့မှာ တကယ် လုပ်နိုင်ခဲ့တယ်။ အပ်ငွေများများ လက်ခံနိုင်တော့ ချေးငွေလည်း များများချေး နိုင်တယ်။ နောက်ထပ်လည်း ဘဏ်နဲ့ပတ်သက်ရင် reform တွေများများ လုပ်နိုင်ဖို့လိုပါတယ်”ဟု ယူနိုက်တက် အမရာဘဏ်မှ အထွေထွေမန်နေဂျာ ဦးစံသိန်းက ပြောပြခဲ့သည်။

အလားတူ ဘဏ်များဘက်မှ အတိုးနှုန်းနှင့်ပတ်သက်၍လည်း ပြင်ဆင်ခဲ့မှုများရှိကြောင်း အတိုးနှုန်းအား ယခင်က အပ်ငွေအတွက် ၁၂ ရာခိုင်နှုန်းနှင့် ချေးငွေအတွက် ၁၇ ရာခိုင်နှုန်း သတ်မှတ်ခဲ့သော်လည်း ယခုအခါ အပ်ငွေအတွက် အတိုးနှုန်း အား ၁၀ ရာခိုင်နှုန်း နှင့် ၁၁ ရာခိုင် နှုန်းကြားနှင့် ချေးငွေအတွက်မူ ၁၅ ရာခိုင်နှုန်းနှင့် ၁၅ အောက်အထိ ချေးပေးနေကြောင်း သိရှိရသည်။

“ဗဟိုဘဏ်က အတိုးနှုန်းနဲ့ ပတ်သက်ပြီး အတိအကျကြီး မကိုင်ထားဘူး။ ၁၀ ရာခိုင်နှုန်းလို့ ပြောပေမယ့် ၁၀ ရာခိုင်နှုန်းနဲ့ ၁၁ ရာခိုင်နှုန်း ကြားထားလို့ရတယ်။ ၁၅ ရာခိုင်နှုန်း လို့ဆိုပေမယ့် ၁၅ ရာခိုင်နှုန်း ထက် လျော့လို့လည်းရတယ်။ ဘဏ်တွေ အချင်းချင်း ယှဉ်ပြိုင်နိုင်အောင် Interest rate ကို အတိုးအလျော့လုပ် ပေးထားတယ်။ ဘဏ်တစ်ခုချင်းစီ က ကိုယ့်ရဲ့ service နဲ့ Interest rate ကို အတိုးအလျော့လုပ်ပြီး ဘဏ်အချင်းချင်း ယှဉ်ပြိုင်မှုရှိအောင် လုပ် ပေးထားတာ။ ငွေအပ်တဲ့လူက ကြိုက်တဲ့ဘဏ်ကို အပ်နိုင်တယ်”ဟု၎င်းက ပြောပြခဲ့သည်။

ဘဏ်လုပ်ငန်းအနေဖြင့်မူ ယခင်နှစ်ထက် တိုးတက်လာသည့် သဘောတွေ့ရပြီး လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံတွင် နိုင်ငံခြား ဘဏ်များ၏ ဘဏ်ခွဲများ ဖွင့်ခွင့်မရသေးသော်လည်း နိုင်ငံခြားဘဏ် ကိုယ်စားလှယ်ရုံးခွဲ (Representative Office) အနေဖြင့်မူ ၁၅ ခု ခွင့်ပြု ပေးထားပြီ ဖြစ်ကြောင်း သိရသည်။

ကြားဖြတ်ရွေးကောက်ပွဲ ဒေါ်အောင်ဆန်းစုကြည် ပါဝင်နိုင်ဖွယ်ရှိ

အီးယူ ဥရောပ သမဂ္ဂနဲ့ ပူးတွဲပြီး မြန်မာ့ ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာနက ကျင်းပတဲ့ ဘဏ္ဍာရေး ဆိုင်ရာ ဖွံဖြိုးတိုးတက်မှု အလုပ်ရုံ ဆွေးနွေးပွဲကို တက်ရောက်လာသော ဒေါ်အောင်ဆန်းစုကြည်ကို အီးယူ သံအမတ် David Lipman ၊ မြန်မာ့စီးပွားရေး ပညာရှင် ဒေါက်တာဦးမြင့်တို့နှင့် အတူ ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ရ ရက်နေ့တွင် တွေ့ရစဉ်။ ဓါတ်ပုံ - RFA


လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်နိုင်ဖွယ်ရှိကြောင်း NLD ပါတီက ပြောဆိုလိုက်ပါတယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ ပြန်လည် မှတ်ပုံတင်ကောင်း တင်မှာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်လည်း ရွေးကောက်ပွဲ ဝင်နိုင်ကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောဆိုတယ်ဆိုပြီး AFP သတင်းဌာနက ဖော်ပြထားပါတယ်။

အခုလို ဒေါ်အောင်ဆန်းစုကြည် ကြားဖြတ်ရွေးကောက်ပွဲ ဝင်နိုင်တယ်ဆိုတဲ့ သတင်းနဲ့ပတ်သက်ပြီး NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းကို RFA က မေးမြန်းကြည့်တဲ့အခါ ဦးဉာဏ်ဝင်းက…

“ဒါ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဖြေပါလိမ့်မယ်။ ကျနော့်အနေနဲ့ကတော့ မြင်ရတွေ့ရတဲ့ အခြေအနေပေါ်မှာ ဖြစ်နိုင်ခြေရှိတယ်လို့ ကျနော်ပြောခဲ့ပါတယ်”

အထက်လွှတ်တော်နဲ့ အောက်လွှတ်တော်မှာ အမတ်နေရာ ၄ဝ လောက် လစ်လပ်နေတဲ့အတွက် ကြားဖြတ်ရွေးကောက်ပွဲ လုပ်ပြီး ပြန်လည်ရွေးချယ်ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီရွေးကောက်ပွဲ ဘယ်တော့ ကျင်းပမယ် ဆိုတာကိုတော့ ဦးသိန်းစိန်အစိုးရက ကြေညာထားတာ မရှိသေးပါဘူး။

ပြီးခဲ့တဲ့ သောကြာနေ့က NLD ပါတီ တာဝန်ရှိသူတွေ အစည်းအဝေးတရပ် ကျင်းပခဲ့ပေမယ့် ပါတီမှတ်ပုံတင်ရေးနဲ့ ရွေးကောက်ပွဲဝင်ရေးကို ဆုံးဖြတ်ချက် မချရသေးဘဲ လာမယ့် နိုဝင်ဘာလ ၁၈ ရက်နေ့ကို ရွှေ့ဆိုင်းထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဘယ် ရွေးကောက်ပွဲနယ်မြေက ဝင်ရောက်ယှဉ်ပြိုင်မယ် ဆိုတာမျိုး တိတိကျကျ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပါဘူး

အားပေးထောက်ခံတယ်ဆိုပြီးတော့ သေဒဏ်ချမှတ်တာ၊ လွတ်ငြိမ်းချမ်းသာခွင့် မရတာ၊ လျှော့ပေါ့ခံစားမှု မပေးတာတွေက မဖြစ်သင့်ပါဖူး။



SSA (S) တပ်ကို ထောက်ခံလို့ ရွာလုံးကျွတ် ယောက်ကျားမှန်သမျှ အဖမ်းခံရပြီး (ဘိန်းမဲ)နှင့် ထောင်ချခံထားရသော လူ (၄၀) ခန့် သာယာဝတီထောင်မှာ ရှိနေပါတယ်။ ၎င်းတို့ဟာ နိုင်ငံရေးအရ အဖမ်းခံထားရသော်လည်း နိုင်ငံရေးအကျဉ်းသားလို့ စာရင်းမ၀င် အသိအမှတ်ပြုခြင်း မခံရပါ။ ထိုနည်းတူ နိုင်ငံရေးသမားများနည်းတူ လျော့ရက်ခံစားခွင့်ဆိုတာလည်း မရရှိကြတဲ့သူများဖြစ်ပါတယ်။ဆရာကျော်မြသန်း ရေးသားတဲ့ တချိန်က သာယာဝတီထောင်မှ ငရဲခန်းစာအုပ်ကို မှတ်မှတ်သားသား ရေးသားခဲ့ရာ ဖတ်ရှုရသူ ကျနော့်အနေနဲ့ ဒါမျိုး ဒို့လူမျိုးတွေမှာ မရှိနိုင်ဘူးလို့ စိတ်ကူးတောင် မပေါ်ခဲ့ပါဘူး။ ဒါပေမယ့် အဲဒီစာအုပ်ပေါ်က အဖြစ်အပျက် အကြောင်းအရာတွေက အခုချိန်မှာ အထင်အရှားရောက်လာခဲ့ပြီ ဆိုတာ ကျနော်သိလိုက်ရတယ်။

အမိန့်အမှတ် (၂၈/၂၀၁၁) လွတ်ငြိမ်းချမ်းသာခွင့် အမိန့်အရ သေဒဏ်ချမှတ်ခြင်း ခံရသူများအတွက် ထောင်ဒဏ်တသက်သို့ ပြောင်းလဲခဲ့သော်လည်း သာယာဝတီထောင်တွင်းရှိ သေဒဏ်ခံရသူများအား “ထောင်တစ်သက် လွတ်ရက်မရှိ” တို့သည် ထောင်တွင်းညွှန်ကြားချက်အရ အကျဉ်းသားများကို ပြောင်းလဲခံစားစေရာတွင် လွတ်ငြိမ်းချမ်းသာခွင့်ပေးလို့ နတ်သူသာဓုခေါ်စေသောဂ်လို့ ပြောနေသူများ စကားတန်ဆာပမာ အညှိုးမထားရန် “ထောင်တစ်သက် လွတ်ရက်မရှိ” ဆိုတာမျိုးကို ဥပမာ ၂၀ ကျွန်း၊ ၂၅ နှစ်တည်စေရန် လို့ ပြောင်းလဲသတ်မှတ်ပေးရန် လိုအပ်နေပါတယ်။

ထောင်တစ်သက် လွတ်ရက်မရှိသူများမှာ လွတ်ငြိမ်းချမ်းသာခွင့်လာစေကာမူ ဘာမှ မခံစားရသလို စိတ်ဓါတ်ရေးရာ ငရဲခန်းပမာ ခံစားနေရကြောင်း ထောင်နဲ့ နီးစပ်သူများနဲ့ မိသားစု အသိုင်းအ၀ိုင်းမှ ကြားသိနေရပါတယ်။ ဒါကြောင့် သာယာဝတီထောင်မှ သေဒဏ်ကျငရဲခန်းမှ လူများ လွတ်မြောက်စေရန် လူသားဆန်သူများ အားလုံး ကူညီဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံလိုက်ပါတယ်။

သာယာဝတီထောင်မှ ထောင်တစ်သက် လွတ်ရက်မရှိသူများ စာရင်း။

၁။ လက်ယျာထွန်း အပါအ၀င် အမှုတွဲ(၆)ယောက်။

၂။ ကိုသိန်း (ခ) ကိုသိန်းထွန်း။

၃။ ခင်လှိုင် (ကျောင်းဆရာ)။

၎။ မြင့်ဟန်။

၅။ ကိုနိုင်အောင် (၆) သန်းဇော်ထွေး (ခ) သန့်ဇင်။

၆။ ကိုထွန်းထွန်း (အေဘီအက်စ်ဒီအက်ဖ်)။

၇။ ကိုသံချောင်း (အေဘီ-မြောက်) အမှုတွဲ၇ယောက်။ လေးသေဒဏ်နဲ့ အစွန်းထွက်နှစ် (ဥပမာ သမ္မတ လွတ်ငြိမ်းချမ်းသာခွင့်ရပြီးနောက် “ထောင်တစ်သက် လွတ်ရက်မရှိ လေးကြိမ်”နှင့် အစွန်းထွက်နှစ်များ။

အသက်မပြည့်တဲ့ စိုင်းပန်(ခ) အိုက်ပန် ---- နှစ်(၇၀)။

၈။ အေးမင်းနိုင် အပါအ၀င် အမှုတွဲ (၇) ယောက် ၆၅ နှစ်ကျ သမ္မတရဲ့ ခံစားခွင့် တနှစ်သာရခဲ့။

အထက်ဖေါ်ပြပါ သူတွေဟာ SSA (S) တပ်ကို ထောက်ခံလို့ ရွာလုံးကျွတ် ယောက်ကျားမှန်သမျှ အဖမ်းခံရသူတွေ ဖြစ်ပါတယ်။ ဒီလိုမျိုး ဖမ်းတာမျိုး မဖြစ်သင့်သလို သေဒဏ်ပေးတဲ့အထိ အပြစ်ဒဏ်ချတာမျိုးလည်း မသင့်တော်ပါဖူး။

(သတင်းပေးပို့ သူ - ကိုဗိုက်ပူ)။

ကျောက်ပန်းတောင်းမှ စစ်ဗိုလ်တစ်ဦး၏ ကြိုတင်ကြံစည် လူသတ်မှု။



မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့တွင် ဒုဗိုလ်ဝေယံလင်းမှ မောင်သန့်ဇင်ထွန်းဆိုသူ လူငယ်အား ငွေရယူလိုမှုဖြင့် ကြိုတင်ကြံစည် သတ်ဖြတ်မှုတစ်ခု ဖြစ်ပွါးခဲ့ပါသည်။

ဖြစ်စဉ်အကျဉ်းမှာ ဒုဗိုလ်ဝေယံလင်းမှ ကျန်ခဲ့သည့်လ အောက်တိုဘာ (၁၆) ရက် နေ့မှစ၍ ကြိုတင်ကြံစည် နေရာရွေးပြီး ကျင်းတူးထားခဲ့ပါသည်။ထို့နောက် အောက်တိုဘာလ (၂၃) ရက်နေ့ တွင် မောင်သန့်ဇင်ထွန်းအား “တပ်ထဲပြန်မှာမို့ ယူလာပြီး မြှုပ်ထားတဲ့သေနတ် ပြန်ဖေါ်ဖို့ လိုက်ခဲ့ပါ” ဟု လိမ်လည်ပြောဆိုခေါ်ဆောင်ခဲ့ပါသည်။ မောင်သန့်ဇင်ထွန်းမှ အိမ်အလုပ်များ ရှိ၍ မလိုက်သွားခဲ့ပါ။ နောက်နေ့ များတွင်လည်း အကြိမ်ကြိမ် ထပ်မံခေါ်ယူသဖြင့် သူငယ်ချင်းများက သတိပေးသည့်ကြားမှ အောက်တိုဘာလ (၂၇) ရက်နေ့ တွင် ဒုဗိုလ်ဝေယံလင်း၏ ခေါ်ဆောင်မှုနောက်သို့  လိုက်သွားရာ အဆိုပါ ကြိုတင် ကျင်းတူးထားသည့်နေရာအရောက်တွင် ဒုဗိုလ်ဝေယံလင်းမှ မောင်သန့်ဇင်ထွန်းအား သတ်ဖြတ်လိုက်ပြီင်္း ကျင်းထဲတွင် မြုပ်နှံခဲ့ပါသည်။

ဤကဲ့သို့ ငွေရယူလိုမှုအတွက် ကြိုတင်ကြံစည် သတ်ဖြတ်မှု ထင်ရှားလှသည့် ဒုဗိုလ်ဝေယံလင်းဆိုသူမှာ သာသနာရေးဒုဝန်ကြီး သူရအောင်ကို၏ တူ ဖြစ်နေသည့်အတွက် စစ်တပ်မှ ရဲဖက်သို့ပြန်လည် မလွှဲအပ်သေးဘဲ ကျောက်ဆည် (ချောင်းဆုံ ဆက်သွယ်ရေး) တပ်တွင်သာ ယနေ့ ထိတိုင် ရှိနေပါသေးသည်။ သာသနာရေးဒုဝန်ကြီး သူရအောင်ကိုဟာလည်း ၁၉၈၈ အရေးအခင်းတုန်းကလည်း ရန်ကုန်မှာ ပြည်သူတွေ ကျောင်းသားတွေ ရဟန်းတွေကို ရက်ရက်စက်စက်ပစ်သတ်ခဲ့တဲ့ ခလရ (၂၂) ရဲ့ တပ် ရင်းမှူးဖြစ်ခဲ့သူ ဖြစ်ပါတယ်။

ယခုကဲ့သို့ အပြစ်မဲ့ ပြည်သူလူငယ်တစ်ဦးအား တပ်ပြင်ပတွင် သေချာစွာ ကြိုတင်ကြံစည် သတ်ဖြတ်ခဲ့သည့် ဒုဗိုလ်ဝေယံလင်းအား ဦးလေးဖြစ်သူ သာသနာရေးဒုဝန်ကြီး သူရအောင်ကိုနဲ့  စစ်တပ်မှ ၀င်ရောက်ကာကွယ်နေခြင်းမှာ တရားဥပဒေ စိုးမိုးမှုအား မေးခွန်းထုတ်စရာ ဖြစ်နေပါသည်။

ယခုကဲ့သို့  ကြိုတင်ကြံစည်သတ်ဖြတ်မှု ကျူးလွန်ခဲ့သူ ဒုဗိုလ်ဝေယံလင်းအား လွတ်လပ်သော တရားစီရင်မှုအောက်မှ ထိုက်သင့်သော အပြစ်ဒဏ်ချမှတ်စေလိုကြောင်း ကျောက်ပန်းတောင်းမြို့ခံများမှ ဆန္ဒရှိကြပါသည်။

မကြာခင်အချိန်ကာလက ဖြစ်ပွားခဲ့သည့် ကမ္ဘာလှည့်ခရီးသည် ဂျပန်အမျိုးသမီးအား မုဒိမ်းကျင့်၍ သတ်ဖြတ်ခဲ့သူ ကျောက်ပန်းတောင်မှ တရားခံ မင်းသိုက်အား တရားရုံးမှ သေဒဏ်ချမှတ်ခဲ့သော်လည်း ယခုလို ကျောက်ပန်းတောင်းမြို့ တွင် ဒုဗိုလ်ဝေယံလင်းကိုမူ စစ်တပ်မှ တရားဥပဒေအား လစ်လျူရှူ၍ အကာအကွယ်ပေးထားခြင်းသည် မမှန်ကန်သော လုပ်ရပ်ဖြစ်ကြောင်း မြို့ သူမြို့ သားများမှ ပြောဆိုလျက် ရှိပါသည်။

(ကျောက်ပန်းတောင်းသား)။

ကဗျာအပေါ်အမြင်ကို ကဗျာနဲ့  ဖေါ်ကျူးတဲ့ ပြည်သူ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့  ကဗျာများနဲ့ အတူ။



“ကျွန်မဟာ ကဗျာဆရာ မဟုတ်ပါဖူး။ ကဗျာလေးတစ်ပုဒ် ရေးပေးပါဆိုတော့ ကဗျာကို မြတ်နိုးတန်ဖိုးထားတဲ့သူတစ်ယောက်အနေနဲ့ ပဲ ကဗျာအပေါ်အမြင်ကို ကဗျာပုံစံမျိုးနဲ့  ရေးလိုက်ပါတယ်”။"ကဗျာဆိုတာ" - by Daw Aung San Su Kyi

ကဗျာဆိုတာ
လူ့စဉ်းစာဥာဏ်ရဲ့ ပဲ့တင်သံ၊
နှလုံးသားရဲ့ ခုန်လှူပ်သံ၊
လူ့စိတ်ဓာတ်ရဲ့ မြည်ဟီးသံ၊
လူ့မျှော်လင့်ချက်ရဲ့ သီကျူးသံ၊
ကဗျာဆိုတာ
ကျမတို့ရဲ့ ရုန်းကန်သံ ပါပဲ။

(အောင်ဆန်းစုကြည်)။

ကဗျာအပေါ်အမြင်ကို ယခုလို ကဗျာပုံစံနဲ့  ရေးပေးခဲ့တဲ့ ပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့  “သံကြိုးကွင်းသံ တညံညံ” ဆိုတဲ့ ကဗျာကို ဖတ်ကြည့်ရင် အင်မတန်အဓိပ္ပါယ် လေးနက်တဲ့ အားမာန်ပြည့်ဝတဲ့ ကဗျာလေးဆိုတာ ခံစားမိသူတိုင်း ပြည်သူ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့  ကဗျာကို အထူး နှစ်သက်ကြမှာပါ။

“သံကြိုးကွင်းသံ တညံညံ”

ဆံပင်တွေလည်း ဆွေးမြည့်လို့
လည်ပင်းတွေလည်း ဆန့်ထွက်လို့
အဲ့ဒီလို ထွက်ပြီးသား အသက်တွေလည်း ပြန်ပြန်ဝင်နေလို့
တောင့်တောင့်ကြီး ရပ်နေတာတောင်
ခြေထောက်တွေက လှမ်းနေလို့
ကျစ်ကျစ်ပါအောင် ဆုပ်ထားတဲ့ လက်သီးတွေထဲ
သွေးချင်းတိုက်မိလို့
ငါတို့ရုန်းကန်သံ
နည်းနည်းလှူပ်လိုက်တာနဲ့ မြည်တယ်၊

(အောင်ဆန်းစုကြည်)။

အင်္ဂလိပ်ဘာသာဖြင့် သီဖွဲ့ ထားတဲ့ “In the Quiet Land” ဆိုတဲ့ အသံတိတ် တိုင်းပြည်ထဲမှာ ဆိုတဲ့ ကဗျာလေးဟာလည်း ပြည်သူလူထု အထူး ကြိုက်နှစ်သက်ခဲ့တဲ့ ကဗျာ ဖြစ်ပါတယ်။

“In The Quiet Land”

In the Quiet Land, no one can tell
if there's someone who's listening
for secrets they can sell.

The informers are paid in the blood of the land
and no one dares speak what the tyrants won't stand.

In the quiet land of Burma,
no one laughs and no one thinks out loud.

In the quiet land of Burma,
you can hear it in the silence of the crowd

In the Quiet Land, no one can say
when the soldiers are coming
to carry them away.

The Chinese want a road; the French want the oil;
the Thais take the timber; and SLORC takes the spoils...

In the Quiet Land....
In the Quiet Land, no one can hear
what is silenced by murder
and covered up with fear.

But, despite what is forced, freedom's a sound
that liars can't fake and no shouting can drown.

"အသံတိတ် တိုင်းပြည်ထဲမှာ"

အသံတိတ် တိုင်းပြည်ထဲမှာ
တဦးတယောက်ကများ ချောင်းနားထောင်နေရင်ဘဲ
ဆက်မပြောရဲကြတော့ဘူးလေ။

သတင်းပေးဆိုသူတွေက လျှို့ဝှက်ချက်တွေကို ရောင်းစားကြတယ်လေ။
ပြည်သူတွေရဲ့ အသက်သွေးတွေကို ဖောက်သောက်နေကြတာလေ။

မင်းဆိုးမင်းယုတ်တွေ မကြိုက်တာဆို
ဘယ်သူကမှ မပြောရဲကြဘူးလေ။

အသံတိတ် ဗမာပြည်ထဲမှာ
ရယ်မောနေသူတွေ လည်းမရှိကြဘူး၊
ထုတ်ပြောနေသူတွေ လည်းမရှိကြဘူး။

အသံတိတ် ဗမာပြည်ထဲမှာ
လူထုတွေရဲ့ တိတ်ဆိတ်မှုတွေကြား
အဲဒီ အမှန်တရား ကို ကြားသိနိုင်တယ်လေ။

အသံတိတ် တိုင်းပြည်ထဲမှာ
မတရားဖမ်းဆီးဖို့ လာနေတဲ့
စစ်သားတွေ ကိုမြင်နေတာတောင်
ဘယ်သူကမှ မပြောရဲကြဘူးလေ။

တရုတ်တွေက လမ်းမကြီးကို လိုချင်နေကြတယ်။
ပြင်သစ်တွေက ရေနံကို လိုချင်နေကြတယ်။
ထိုင်းတွေက သစ်ကို လိုချင်နေကြတယ်။
နဝတကတော့ အရာရာကို ဖျက်စီးနေကြတယ်။

အသံတိတ် တိုင်းပြည်ထဲမှာ

အသံတိတ် တိုင်းပြည်ထဲမှာ
ဘာသံမှကြားရမယ် မဟုတ်ဘူး
လူသတ်သမားတွေက နှုတ်ပိတ်ထားလို့လေ။
အကြောက်တရားတွေက ဖုံးပိတ်ထားလို့လေ။

အင်အားသုံးပြီး ဖိနှိပ်ထားပါစေ၊
မုသားဝါဒီတွေ မတုပနိုင်တဲ့၊
ဖျောက်ဖျက် ဖုံးဖိမထားနိုင်တဲ့
အသံတသံ ကတော့ရှင်သန်နေမှာ
”လွတ်လပ်ခြင်း” တဲ့။ ။

(အောင်ဆန်းစုကြည်)။

(ဘာသာပြန်။ ။ ဘလော့ခ်ဂါ အလင်းဆက်)။

ပြည်သူလူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့  တိုင်းပြည်နဲ့  လူမျိုးအပေါ် အလေးထားမှုဟာ “ကဗျာဆိုတာ လူ့စဉ်းစာဥာဏ်ရဲ့ ပဲ့တင်သံ၊ နှလုံးသားရဲ့ ခုန်လှူပ်သံ၊ လူ့စိတ်ဓာတ်ရဲ့ မြည်ဟီးသံ၊ လူ့မျှော်လင့်ချက်ရဲ့ သီကျူးသံ၊ ကဗျာဆိုတာကျမတို့ရဲ့ ရုန်းကန်သံ ပါပဲ” ကဗျာအပေါ် အမြင်အတိုင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကဗျာတိုင်းမှာ ပေါ်လွင်နေကြောင်း ဖြစ်ပါတယ်။

Saturday, November 12, 2011

ထပ်မပြောတော့ဘူး မောတယ်၊ လူထုထဲက ကာတွန်းပွဲနဲ့ ရွှေစင့်စပွန်ဆာ ဘယ်သူလဲ



အကျည်းတန်တဲ့ ဆိုင်းဘုတ်တွေ
မြန်မာပြည်မှာ ဆိုင်းဘုတ်ယဉ်ကျေးမှု ဘယ်တုန်းက စပြီး ထွန်းကားလာတယ် ဆိုတာ မပြောနိုင်ပေမယ့် ခေတ်အဆက်ဆက်ဆိုင်းဘုတ်တွေနဲ့ လူတွေကို အသိပေးပြောဆိုလာခဲ့ရတယ် ဆိုတာတော့ ငြင်းနိုင်မယ် မထင်ပါဘူး။

“မြက်ခင်းပေါ်မနင်းရ” “ငါးမဖမ်းရ” “ပန်းမခူးရ” “သတိ ဓာတ်လိုက်တတ်သည်” “သင့်ကြောင့် မီးမလောင်ပါစေနှင့်” “တပ်မြေ မကျူးကျော်ရ” စသည်ဖြင့် ဆိုင်းဘုတ်တွေကို ခေတ်အဆက်ဆက် မြင်ဖူးခဲ့ကြမှာပါ။

ကာလ ရွေ့လျောလာတာနဲ့ အမျှ ဆိုင်းဘုတ်တွေ၊ သတိပေးစာသားတွေ ရေးသားရာမှာ ပုံစံတွေကို ခေတ်မီဆန်းသစ် လာတာလည်း သတိထားမိလာပါတယ်။

အရင်ကဆိုရင် ကုန်ကားကြီးတွေရဲ့ နောက်ဘက်မှ “သတိ ကပ်မလိုက်ရ” လို့ ရေးရာကနေ “ကပ်မလိုက်နဲ့ ရှော့ရှိတယ်” ဆိုတာမျိုး ရေးလာပါတယ်။

တချို့ဆိုင်းဘုတ်တွေက တကယ်ကို သတိထားရမယ့်ကိစ္စ၊ တချို့ဆိုင်းဘုတ်တွေက စည်းကမ်း သတ်မှတ်ချက်၊ တချို့ ဆိုင်းဘုတ်ကလေးတွေကတော့ ရယ်စရာ၊ ပြုံးစရာပါ။

“အမှိုက်မပုံရ” ဆိုတဲ့ ဆိုင်းဘုတ်ကို မြုပ်ခါနီးထိ အမှိုက်တွေ ပုံထားကြတာမျိုးလည်း တွေ့ဖူးပါတယ်။

မကြာသေးခင်ကတော့ ထူးထူးခြားခြား ဆိုင်းဘုတ်တခုကို တွေ့လိုက်ရပါတယ်။ အဲဒါကတော့ ဘုရားတွေပေါ်မှာ ရေးထားတာပါ။

“အတွဲမထိုင်ရ၊ ဆိုင်းဘုတ်ကြည့်ပြီးမှ ဘုရားထဲဝင်ပါ၊ ထပ်မပြောတော့ဘူး မောတယ်” တဲ့။

အရင်ကတော့ “ဘုရား ပရဝဏ်အတွင်း အတွဲများ မဖွယ်မရာမပြုမူရ” ဆိုတာလောက်ပဲ ရေးတာတွေ့ဖူးပါတယ်။ ဒီ ဆိုင်းဘုတ်အရ ဆိုရင်တော့ သတိပေးရတဲ့ ဘုရားလူကြီးတွေခမျာ ဘယ်လောက်တောင်မောအောင် ပြောခဲ့ရလဲ၊ နောက်ဆုံး ပြောမနိုင်တော့မှ ဆိုင်းဘုတ်ထဲမှာ ဝင်မောလိုက်ရတာလား ဆိုတာ စဉ်းစားစရာပါ။

ခင်မောင်တိုးရဲ့ နာမည်ကျော် သီချင်းထဲကလို “အရုဏ်ခံတန်ဆောင်းအောက်ဆိုရင် မေရယ်အနောက်ခြမ်းက နေစဉ် မြင်သာတဲ့အပိုင်း ထိုင်ကွယ်” ဆိုတဲ့ စာသားလေးကတော့ အခုအနေအထားတွေအရ အနှစ် ၃၀ အလွန်က “Oldies” စာရင်း ဝင်သွားပါပြီ။

ဘတ်စ်ကား စပယ်ယာတွေက ပန်းခြံရှိတဲ့ မှတ်တိုင်တွေမှာ “ရင်ခွင်နန်းတော် ပါတယ် ဆရာရေ့” “မောင့်သဘော ပါလား” စသည်ဖြင့် အော်ကြ မေးကြတာ ကြားဖူးကြမှာပါ။ ဘုရားရှိတဲ့ မှတ်တိုင်တွေမှာပါ ဒီလိုတွေ အော်မယ်ဆိုရင်တော့ မတွေးရဲ စရာပါပဲ။

ဘာသာတရားနဲ့ ယဉ်ကျေးမှုကို မထိခိုက်စေတဲ့ လွတ်လပ်မှုကို မြန်မာပြည်သားတိုင်း မြတ်နိုးတန်ဖိုးထားကြမယ် ဆိုရင် အရုပ်ဆိုး အကျည်းတန်တဲ့ အပေါ်ကလို ဆိုင်းဘုတ်မျိုးတွေ ချိတ်ဆွဲသတိပေးစရာ လိုတော့မယ် မထင်ပါဘူး။

လူထုကြားက ကာတွန်းပွဲတော်



မြန်မာပြည်မှာ စာပေဟောပြောပွဲ အပါအဝင် ပွဲမိန့် တော်တော်များများကို စစ်အစိုးရ ပိတ်ပင်ခဲ့တာ ၁၀ စုနှစ် တခုမက ကြာခဲ့ပြီ ဖြစ်ပါတယ်။

ဒါပေမယ့် ၂၀၁၀ နှောင်းပိုင်းက စတင်ပြီး စာပေဟောပြောပွဲတွေ ခမ်းခမ်းနားနား ပြန်လုပ်ခွင့် ရလာသလို ပန်းချီပြပွဲတွေ၊ ကာတွန်းပြပွဲတွေလည်း မြိုင်မြိုင်ဆိုင်ဆိုင် ပြန်လည် ကျင်းပခွင့်ရလာတာ တွေ့ရပါတယ်။

ထူးထူးခြားခြား ဆိုရင်တော့ ၁၉၉၇ ခုနှစ်ကတည်းက ပိတ်ပင်ခဲ့တဲ့ ကာတွန်းဆရာကြီး ဦးဘဂျမ်းအထိမ်းအမှတ် တန်ဆောင်တိုင် ကာတွန်းမီးထွန်းပွဲတော်ကို ဒီနှစ် ပြန်လည် ကျင်းပခွင့်ပေးခဲ့တာပါပဲ။ အစိုးရထုတ် မြန်မာ့အလင်း သတင်းစာမှာ ဒီကာတွန်းမီးထွန်းပွဲတော်ကို ဦးဘဂျမ်းလမ်းလို့ အများကခေါ်တဲ့ ရန်ကုန် ၁၃ လမ်းမှာ ပြန်ကျင်းပမယ် ဆိုတဲ့ ကြော်ငြာပါလာပါတယ်။

မဂ္ဂဇင်းတွေ၊ ဂျာနယ်တွေမှာ တအုပ်ကို ကာတွန်း အများဆုံး ၅ ကွက်ကနေ ၁၀ ကွက်လောက်ပဲ ဖော်ပြနိုင်တဲ့ အနေအထား ကနေ ကာတွန်းလက်ရာတွေ အများကြီးကို လူထုအလယ်မှာ တပြိုင်နက်တည်း ချပြခွင့် ရသွားပါပြီ။

ဟိုးအရင်ကတော့ ဦးဘဂျမ်းအထိမ်းအမှတ် ကာတွန်းမီးထွန်းပွဲတော် ဆိုတဲ့အတိုင်း မီးပုံးလေးတွေမှာ ကာတွန်းဆရာတွေက ခေတ်ကိုထင်ဟပ်တဲ့၊ ခေတ်ရဲ့ ကမောက်ကမ ဖြစ်မှုတွေကို သရော်ထားတဲ့ လက်ရာတွေရေးပြီး ချိတ်ဆွဲထားကြပါတယ်။ ကြည့်ရှုသူပရိသတ်က မီးပုံးလေးတွေနဲ့ ကာတွန်းတွေကို တပြိုင်နက်တည်း ခံစားကြရပါတယ်။

ဒီနှစ်မှာတော့ ပြန်လည်အစပြုတဲ့အနေနဲ့ ကာတွန်းဆရာပေါင်း ၉၀ ကျော်ရဲ့ ကာတွန်းလက်ရာတွေကို စက္ကူချပ်တွေမှာ ရေးသား ချိတ်ဆွဲ ပြီး နိုဝင်ဘာ ၈ ရက်ကနေ ၁၁ ရက်နေ့အထိ ပြသခဲ့ပါတယ်။

မြန်မာ့ကာတွန်းပြပွဲတွေကို လူတန်းစားပေါင်းစုံ သွားလာပျော်ပါးကြတဲ့ ပွဲဈေးတန်းတွေ၊ ပျော်ပွဲရွှင်ပွဲတွေမှာ လုံခြုံရေး အကြောင်းပြချက်နဲ့ ပြုလုပ်ခွင့် မပေးခဲ့တာ ၁၀ နှစ်ကျော် ကြာခဲ့ပြီလို့ ကာတွန်းဆရာ အော်ပီကျယ်က ပြောပါတယ်။

မနှစ်က သီတင်းကျွတ်ပွဲတော်မှာတော့ အလုံမြို့နယ် နံ့သာလမ်းမှာ ကာတွန်းပြပွဲတခု ကျင်းပနိုင်ခဲ့ပါတယ်။ ဒီနှစ် သီတင်းကျွတ် ပွဲတော်မှာလည်း ရန်ကုန်မြို့လယ်က ရေကျော် လမ်း ၅၀ မှာ ကာတွန်းလက်ရာတွေကို ဗီနိုင်းချပ်တွေနဲ့ ထုတ်ပြီး ချိတ်ဆွဲပြသခဲ့ပါတယ်။ ကြည့်ရှုသူ ပရိသတ်လည်း အလွန်သဘောကျ နှစ်ခြိုက်ပါတယ်။

မနှစ်ကရော၊ ဒီနှစ်မှာပါ ကာတွန်းလက်ရာတွေကို လွတ်လွတ်လပ်လပ်ဖြင့် ပြသခွင့် ရလာတယ်လို့ ကာတွန်း အော်ပီကျယ်က ပြောပါတယ်။

ပြခန်းတွေမှာ ပြသတဲ့ ပွဲ ဆိုတာက လူတချို့ပဲ လာကြတာပါ။ လမ်းမတွေပေါ်မှာ ပြသတဲ့ ပွဲတွေကျတော့ လူတန်းစားစုံ၊ စရိုက်စုံ၊ အရွယ်စုံက မြင်ရတွေ့ရတဲ့ အတွက် လူထုနဲ့ နီးစပ်တဲ့ ပွဲလို့ ပြောလို့ရပါတယ်။

ကာတွန်း ဆိုတာက လူတွေရဲ့ ရင်ထဲမှာ ဖြစ်ပေါ် ခံစားနေရတာတွေကို ကိုယ်စားပြု ဖော်ပြပေးတာ ဖြစ်တဲ့အတွက် လူတွေနဲ့ တသားတည်းကျတဲ့ အနုပညာလို့ ဆိုရရင် မမှားနိုင်ပါဘူး။

လူထုဆီကို တိုက်ရိုက်ရောက်တဲ့ ပြပွဲတွေ ပြသခွင့် ရလာတာဟာ သိပ်ကိုကောင်းမွန်တဲ့အရာပဲလို့ ကာတွန်းအော်ပီကျယ်က ဆိုပါတယ်။

သီတင်းကျွတ်၊ တန်ဆောင်တိုင် ဆိုတဲ့ မြန်မာ့ရိုးရာ ပျော်ပွဲရွှင်ပွဲတွေကို အထိမ်းအကွပ်တွေ၊ ကန့်သတ်ချက်တွေနဲ့ ကျင်းပ ခဲ့ရတာ ဆယ်စုနှစ်တခုကျော်ပါပြီ။ ဒီနှစ်ဆိုရင် သတင်းစာထဲမှာ “ဗြောက်အိုးဖောက်ရင် ထောင်ဒဏ်၊ ငွေဒဏ်” ဆိုတဲ့ ကြော်ငြာမတွေ့ရတော့ပါဘူး။ ဒါလည်း ဝမ်းသာပျော်ရွှင်စရာ ကောင်းပါတယ်။

အစိုးရက အပြောင်းအလဲတရပ်အနေနဲ့ လူတွေကို လွတ်လပ်ခွင့် အနည်းငယ် စမ်းသပ်ပြီး ပေးကြည့်နေပြီလို့ ယူဆပါတယ်။ ဒီ လွတ်လပ်ရေးလေး ရေရည်တည် တံ့နိုင်ပါစေ၊ ပျော်စရာကောင်းတဲ့ ပွဲတော်တွေကို မြန်မာပြည်သားတွေ လွတ်လွတ်လပ်လပ် ပျော်ရွှင်စွာ ဆက်လက် ဆင်နွှဲနိုင်ကြပါစေလို့ တန်ဆောင်တိုင် ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။

ရွှေစင့် စပွန်ဆာ ဘယ်သူလဲ

မြန်မာပြည်မှာ မော်ဒယ်လ်တယောက်ဖြစ်ဖို့ စပွန်ဆာက အရေးကြီးပါတယ်။ ခေတ်ကလည်း စပွန်ဆာခေတ်လို့ ပြောရမလား ဘဲ နေရာတိုင်းမှာ စပွန်ဆာ၊ ဘာလုပ်လုပ် စပွန်ဆာ ဆိုတာမျိုး ဖြစ်နေပါပြီ။


(ဓာတ်ပုံ - The Bloom)

စပွန်ဆာမှ မရှိရင်လည်း ဒီခေတ်ကြီးထဲမှာ မော်ဒယ်လ်တယောက် ဖြစ်ဖို့ ခက်ခဲပါတယ်။ အဝတ်အစား၊ အသုံးအဆောင်၊ အလှကုန်၊ ဟန်းဖုန်းကအစ ပံ့ပိုးဖို့ ဆိုတာ မြန်မာမိဘတိုင်းအတွက် မလွယ်ကူပါဘူး။ ဒီတော့ မော်ဒယ်လ်ဖြစ်ချင်တဲ့ မိန်းကလေးတွေက သူတို့ကို ပံ့ပိုးဖို့ ခိုင်မာတဲ့ စပွန်ဆာတွေကို ရှာကြရပါတယ်။ ရိုးရိုးရှာသလား၊ ဆန်းဆန်းရှာသလား ဆိုတာကတော့ ရှာတဲ့သူ၊ ပေးတဲ့သူတွေနဲ့ပဲ သက်ဆိုင်ပါတယ်။

လွန်ခဲ့တဲ့ တနှစ်နီးပါးလောက်က ဟန်းဖုန်းကဘယ် Brand၊ ဘယ်လောက်တန်၊ အ၀တ်အစားက Branded ကို ဘယ်လို Set လိုက် ၀ယ်ဝတ်တယ်၊ ဈေးတခါဝယ်ရယ် ဒေါ်လာ ၉ သောင်းနဲ့ ၁ သိန်းကြား သုံးဖြစ်တယ်၊ ကားကတော့ ဘယ့်နှယ်၊ ပစ္စည်းတွေများရင် မဆန့်လို့ မာစီးဒီး ထပ်ဝယ်လိုက်ပြီ၊ ညနေ လေညင်းခံ ထွက်ချင်ရင်တော့ အမိုးဖွင့်လိုရတဲ့ စီလီယာ တူးဒိုးလေးပါ ထပ်ဝယ်လိုက်တယ် စသည်ဖြင့် ပြည်တွင်းက ဂျာနယ်တွေမှာ ဖြေကြားခဲ့တဲ့ မော်ဒယ်လ် ရွှေစင် ဆိုတာကို လူသိများသွားပါတယ်။

မန္တလေးသူ မော်ဒယ်လ် ရွှေစင်ရဲ့ အဖြေစကားတွေကြောင့် သတင်း လောကသားတွေအကြားမှာ သူ့စပွန်ဆာ ဘယ်သူလဲ ဆိုတာကို သိချင်လာကြသလို၊ မော်ဒယ်လ် အချင်းချင်း ကြားမှာ မျက်စိစပါးမွှေး စူးစရာ၊ အားကျစရာ၊ လက်တို့ အတင်းပြောစရာ ဖြစ်လာပါတယ်။

ဒေါ်လာကိုင် သောင်းနဲ့၊ သိန်းနဲ့ချီပြီး ဈေးဝယ်ထွက်နိုင်တဲ့ သူဖြစ်တဲ့အတွက် ဘယ်လိုအသိုင်းအ၀န်းနဲ့ နီးစပ်နိုင်တယ်၊ သူ့စပွန်ဆာက မြန်မာပြည်မှာ အချမ်းသာဆုံးစာရင်းဝင် ဖြစ်မယ် အစရှိသဖြင့် ဝေဖန်သံတွေ၊ စူးစမ်းသံတွေ ဆူညံခဲ့ပေမယ့် ရွှေစင့်စပွန်ဆာ ဘယ်သူဆိုတာတော့ တိတိကျကျ ဘယ်သူမှ မပြောနိုင်ကြပါဘူး။ လူတွေကလည်း သူ့အနုပညာထက် သူ့အဖြေထဲက ဒေါ်လာသိန်းနဲ့ ချီတဲ့ စကားလုံးတွေကိုပဲ စိတ်ဝင်စားပုံရတယ်၊ သူ့အကြောင်းက အဲဒီကာလမှာ လှုပ်လှုပ် ခတ်ခတ် ဖြစ်သွားပေမယ့် နောက်ပိုင်း ငြိမ်သက်သွားပါတယ်။

မကြာသေးတဲ့ အချိန်ကတော့ လာမယ့် ၂၀၁၂ ခုနှစ်အတွက် ပြက္ခဒိန်အများဆုံး ရိုက်ရတဲ့ မော်ဒယ်လ် ရွှေစင်ဆိုပြီး ပြည်တွင်းထုတ် First Music ဂျာနယ်မှာ ရေးသားထားတာ တွေ့ရပါတယ်။

ထူးခြားတာကတော့ သူ့ကို အနုပညာ အကြံပေးချင်တယ်ဆိုရင် ရန်ကုန်လိပ်စာကို ပေးပို့ပါလို့ ရွှေစင်က ဆိုထားပါတယ်။

သူ့လိပ်စာကတော့ လူချမ်းသာတွေ အများဆုံးနေထိုင်တဲ့ တက္ကသိုလ်ရိပ်သာလမ်းသစ်မှာ ဖြစ်ပါတယ်။

သူ့ကို စပွန်ဆာ အခိုင်ဆုံး မော်ဒယ်လ်လို့ တံဆိပ်ကပ်ရမလား၊ တချို့တချို့တွေ ပြောနေကြသလို အကြွားဆုံး မော်ဒယ်လ် လို့ပဲ တံဆိပ်ကပ်ရမလား၊ ၂၀၁၁ ခုနှစ်ကလည်း ကုန်ခါနီးနေပြီ ဆိုတော့ ဒီနှစ်အတွက် ဘာအဖြစ်ဆုံး၊ ညာအဖြစ်ဆုံး ဆိုတာတွေကို ဂျာနယ်တွေက ကောက်နုတ် ဖော်ပြတော့မှာ ဖြစ်တဲ့အတွက် ရွှေစင့်အကြောင်း လက်တို့တာပါ။

အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် KNU ကိုယ်စားလှယ်အဖွဲ့ ဖွဲ့

ကရင်အမျိုးသား အစည်းအရုံး KNU က အရေးပေါ် ညီလာခံကျင်းပခြင်း သုံးရက်မြောက် ကြာသာပတေးနေ့တွင် အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် ကိုယ်စားလှယ် ခုနှစ်ဦးပါအဖွဲ့ကို ဖွဲ့စည်းလိုက်သည်ဟု KNU အသိုင်းအဝိုင်းမှ သိရသည်။

ငြိမ်းချမ်ရေး ဆွေးနွေးရန် KNU ဒုဥက္ကဋ္ဌ ပဒိုဒေးဗစ် တာကပေါ၊ အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်၊ စစ်ဦးစီး ချုပ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး၊ တရားရေးဌာနမှူး ပဒိုဒေးဗစ်ထော၊ ကျန်းမာရေးဌာမှ ဗိုလ်မှူးစောရောဂျာခင်နှင့် သစ်တော်ဌာမှူး ပဒိုစောအားတိုး၊ ဘားအံခရိုင် ဥက္ကဋ္ဌ ပဒိုအောင်မော်အေးတို့ကို ဖွဲ့စည်းလိုက်သည်ဟု နီးစပ်သူ တဦးက ပြောသည်။

“ငြိမ်းချမ်းရေးကိုယ်စားလှယ် ဖွဲ့လိုက်တာက သေချာသွားပြီ။ အသေးစိတ်တော့မသိရသေးဘူး။ ခုနှစ်ယောက်မှာ
ခေါင်းဆောင်တွေပါတယ်။ ခရိုင်ကတယောက် ပါတယ်။”ဟု သူက မဇ္စျိမကို ပြောသည်။

KNU ထိပ်ပိုင်းခေါင်များဖြစ်သော ဗဟိုကော်မတီဝင်များ အပါအဝင် စစ်ဘက်နှင့် အရပ်ဘက်အဖွဲ့ဝင်များ စုစုပေါင်း ၅ဝ ဦးခန့် ညီလာခံတွင် ဆွေးနွေးနေသည်ဟု သိရသည်။

၁၉၉၄ ခုနှစ်က ကရင်အမျိုးသားအစည်းအရုံး KNU ခွဲထွက်ခဲ့သော ဗိုလ်ချုပ် နှုတ်ခမ်းမွှေး ဦးဆောင်သော တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားအစည်းအရုံး DKBA ၏ အစိုးရနှင့် အပစ်အခတ်ရပ်ရေးကို ကရင်ပြည်နယ် မြဝတီမြို့ တာအုထာ့ ကျေးရွာတွင် သောကြာနေ့၌ ရှင်းလင်းခဲ့သည်။

ကရင်ပြည်နယ် ကြာအင်းဆိပ်မြို့နယ်၊ ကျိုက်ဒိုမြို့နယ်၊ ကော့ကရိတ်မြို့နယ်များမှ မယ်ထော်တလေး၊ အင်ကြင်း မြိုင်၊ မင်းလက်ပံ၊ ဖလူးကြီး၊ ဖလူးလေး၊ ကျောက်ခက်၊ သေ့ဘောဘိုး၊ တောင်နီ၊ ဆုံဆည်းမြိုင်၊ ဝေါ်လေ စသည့်
ကျေးရွာပါင်း ၃၇ ရွာမှ ဒေသခံ ကိုယ်စားလှယ် ၇ဝ ကျော်ကို ဗိုလ်ချုပ်နှုတ်ခမ်းမွှေးက ယနေ့ နံနက် ၈ နာရီမှ ၁ဝ နာရီခွဲထိ အပစ်အခတ်ရပ်မှုကို ရှင်းပြခဲ့ခြင်း ဖြစ်သည်။

“စစ်အစိုးရနဲ့ နှစ်ဦးသဘောတူပြီးတော့ အပစ်အခတ် ရပ်ထားတာကို သူတို့က ရှင်းပြတယ်။ ဒေသဖွံ့ဖြိုးရေးတွေက လမ်းပန်း ဆက်သွယ်ရေးတို့၊ လမ်း၊ တံတားတွေ၊ အဆောက်အဦးတွေ ကျနော်တို့ ပြည်သူတွေအတွက် လုပ်ကိုင်
ပေးမယ် ဆိုတာတွေပေါ့နော်၊ ကျနော်တို့တတွေကတော့ အဲဒီလို ရပ်ထားတာကတော့ သဘောတူညီကြတာ
ပေါ့နော်။” ဟု သေ့ဘောဘိုး ကျေးရွာ အုပ်စုမှ ကိုယ်စားလှယ် တဦးက ပြောသည်။

ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ပေးမည်ဟု DKBA ခေါင်းဆောင်များက ပြောဆိုခဲ့သဖြင့် ထိုဒေသများတွင် ပညာရေးနိမ့်ကျနေသဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းလုပ်ဆောင်ရာတွင် အဓိကအားဖြင့် ပညာရေးဆိုင်ရာ ဖွံ့ဖြိုးမှုကို လုပ်ဆောင်ရန် လိုလားနေသည်။

ယနေ့ ရှင်းလင်းပွဲတွင် DKBA ခေါင်ဆောင်များဖြစ်သော ဗိုလ်ချုပ်နှုတ်ခမ်းမွှေး ဒုစစ်ဦးစီးချုပ် စောမူရှေး၊ စစ်ရေးချုပ် ဗိုလ်မှူး စောစိန်မြင့်၊ စစ်ထောက်ချုပ် ဗိုလ်စတီးတို့က ရှင်းလင်းခဲ့ကြသည်ဟု ဆိုသည်။

“ကျနော်တို့က ပြန်ပြီးတော့ တောင်းဆိုရမယ်။ တခါတည်းဆွေးနွေးပြီး တခါတည်း တောင်းလို့ တခါတည်းလုပ်လို့ မရတဲ့ အနေအထားမှာ ရှိနေတယ်နော်။ ဖွံ့ဖြိုးရေးဆိုတာက နိုင်ငံတော်မှာ ကျနော်တို့တင်ပြမယ်။ ကျနော်တို့ရွာမှာ
ဆေးခန်းလိုတယ်။ စာသင်ကျောင်းလိုတယ်။ တံတားဆောက်ဖို့ လိုတယ်။ အဲဒါတွေပဲ လုပ်ရမှာပေါ့။”ဟု DKBA မှ ဗိုလ်မှူးစောဆန်းအောင်က ပြောသည်။

DKBA အဖွဲ့ကို မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ ဆက်စပ်မှုရှိသည်ဟု စွတ်စွဲပြောဆိုမှုနှင့် ပတ်သက်၍ မေးမြန်းသည် ဟု မဟုတ်ကြောင်း ငြင်းဆိုသည်။

နိုဝင်ဘာ ၆ ရက်နေ့မှစတင်၍ နှစ်ဘက်အပစ်ခတ် ရပ်စဲခဲ့သည့် အကြောင်းကို ရှင်းလင်းရန် ယမန်နေ့ ကြာသပတေးနေ့တွင် ပြုလုပ်ရန် စီစဉ်ခဲ့သော်လည်း လူထုမှ အချိန်မီရောက်မလာခဲ့သဖြင့် ရွှေ့ဆိုင်းလိုက်ကာ ယနေ့မှ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

နိုဝင်ဘာလ ၃ ရက်နေ့က ဗဟိုအစိုးရ ကိုယ်စာလှယ်ဘက်မှ တိုင်းရင်းသားရေးရာနှင့် ပြည်တွင်း ငြိမ်းချမ်းရေး
ဖော်ဆောင်ရေး ကော်မတီဥက္ကဋ္ဌနှင့် ကြံ့ခိုင်ရေးအတွင်းရေးမှူး (၂) ဦးသိန်းဇော်နှင့် ဗိုလ်ကြီးမောင်မောင်သိန်းတို့ ဒုတိယအကြိမ် တွေ့ဆုံပြီး သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်။

အပစ်ခတ်ရပ်ရန်၊ မြဝတီမြို့တွင် DKBA၏ ဆက်ဆံရေးရုံး ဖွင့်လှစ်ခွင့်ပြုရန်၊ နယ်မြေကျော်ကာ လက်နက်ကိုင် သွား လာလျှင် ကြိုတင်အကြောင်းကြားရန်၊ နယ်မြေသတ်မှတ်ပေးရန်နှင့် နှစ်ဘက်ဆွေးနွေးပြီးနောက် ပြည်ထောင်စု လွှတ်တော်တွင် ဆက်လက်ဆွေးနွေးရန်တို့ ပါဝင်သည်။

ထောင်တွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပိုဆိုးလာတယ်လို့ အေအေပီပီ ပြော

မြန်မာအစိုးရ၏ လွတ်ငြိမ်းချမ်းသာခွင့် ကြေညာချက်အရ ၂ဝ၁၁ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့က လွတ်မြောက်လာမည့် သူများကို အင်းစိန်အကျဉ်းထောင်ရှေ့တွင် စောင့်ဆိုင်းနေကြသည့် မိသားစုဝင်များ။


နိုင်ငံရေးအကျဉ်းသားတချို့ ပြန်လွတ်မြောက်လာ ပေမဲ့ အကျဉ်းထောင်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ဆက်များနေပြီး အခြေအနေ ဆိုးရွား လာနေတယ်လို့ အောက်တိုဘာလ အစီရင်ခံစာမှာ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း AAPP က ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလက အကျဉ်းသား ၆ ထောင်ကျော် လွှတ်ပေးတဲ့အထဲမှာ နိုင်ငံရေးအကျဉ်းသား ၂၄ဝ လောက် ပါဝင်ခဲ့ကြောင်း၊ ဒီအကျဉ်းသားတွေ လွှတ်ပေးရာမှာ အသက်အရွယ်နဲ့ ကျန်းမာရေး အခြေအနေအရ လွှတ်ပေးသင့်တဲ့သူတွေကို ဦးစားပေး လွှတ်ပေးခဲ့ကြောင်း သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့ပေမဲ့ အကျဉ်းထောင်တွေထဲမှာ အရှင်ဂမ္ဘီရလို ကျန်းမာရေး အခြေအနေအရ လွှတ်ပေးသင်တဲ့သူတွေ အများအပြား ရှိနေသေးကြောင်း အေအေပီပီက ဖော်ပြထားပါတယ်။

အကျဉ်းထောင်တွေအတွင်း ညှဉ်းပန်းနှိပ်စက်မှုတွေနဲ့ အကျဉ်းထောင် အခြေအနေ ဆိုးရွားမှုကြောင့် နိုင်ငံရေးအကျဉ်းသားတွေ အပါအဝင် အကျဉ်းကျခံနေရသူတွေရဲ့ ကျန်းမာရေး ဆိုးရွားလာရတာ ဖြစ်ကြောင်းကို အဓိကထား ထောက်ပြထားပါတယ်။

အရှင်ဂမ္ဘီရဆိုရင်လည်း ဦးခေါင်းနဲ့ ခန္ဓာကိုယ်အနှံ့ အရိုက်အနှက် ခံရတဲ့အပြင် သံဆူးကြိုးကာထားတဲ့ ခွေးတိုက်လို အခန်းကျဉ်းလေးထဲမှာ နှစ်ရှည်လများ ချုပ်နှောင်ခံထားခဲ့ရကြောင်း၊ ဒီလိုအခြေအနေတွေကြောင့် ကျန်းမာရေး အခြေအနေ ဆိုးရွားလာရတာ ဖြစ်ကြောင်း၊ ဒါ့အပြင် ဗိုလ်ကြီးဟောင်းနေမျိုးဇင်၊ မဟန်နီဦး၊ ဒေါ်ကြည်ဝင်း၊ မသန္တာ၊ မခင်ခင်နု စတဲ့ နိုင်ငံရေး အကျဉ်းသူတွေဟာ ကျန်းမာရေး ဆိုးရွားနေကြောင်း အသေးစိတ် ဖော်ပြထားပါတယ်။

နိုင်ငံရေး အကျဉ်းသားတွေကို အလုပ်ကြမ်း ခိုင်းခဲ့တဲ့အပြင် စစ်တိုက်ရာမှာ ပေါ်တာ အထမ်းသမားအဖြစ် အသုံးပြုခဲ့တဲ့ အထောက်အထားတွေ တွေ့ရှိရကြောင်း၊ ဒါဟာ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အခွင့်အရေးကို ချိုးဖောက်တာ ဖြစ်ကြောင်းလည်း အေအေပီပီက ပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့လက လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားထဲမှာ ကျောင်းသား ၂၅ ဦး၊ ၈၈ မျိုးဆက် ၉ ဦး၊ တိုင်းရင်းသားလူမျိုးစု အဖွဲ့အစည်းတွေက ၁၅ ဦး၊ သံဃာတော် ၂၉ ပါး၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် ၃၂ ဦးနဲ့ အခြား နိုင်ငံရေးလှုပ်ရှားသူတွေ အပါအဝင် စုစုပေါင်း လွတ်မြောက်လာသူ ၂၄ဝ ကို စာရင်း ပြုစုထားနိုင်ကြောင်း ဖော်ပြထားပါတယ်။

ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး အေအေပီပီ ပြောခွင့်ရပုဂ္ဂိုလ် ကိုအောင်ခိုင်မင်း ကို အာရ်အက်ဖ်အေ ကိုဇော်မိုးကျော်က ဆက်သွယ် မေးမြန်းထားပါတယ်။

မင်းကိုနိုင်မိခင် ဒေါ်လှကြည်၏ ရင်တွင်းပြောစကား



ကျွန်မဒီလိုပွဲမျိုး အတွေ့အကြုံမရှိပါဘူး၊ အဲဒီအတွက်ကြောင့် ဒီလိုပွဲမျိုးမှာ စကားပြောခွင့်ရတဲ့ဟာကို စကားပြောမှားဆိုမှားရှိရင် ကျွန်မကိုခွင့်လွှတ်ပါလို့ အနူးအညွတ် တောင်းပန်ပါ တယ်။ အခုကျွန်မမွေးနေ့မှာ ကျွန်မသားမွေးနေ့မှာ ကျွန်မလာတဲ့အခါ ကျွန်မကိုတွေ့တဲ့ ကလေးတွေက ပြောပါတယ်။ အမေ အမေ့သားကို အမေ မပိုင်တော့ပါဘူး။ တိုင်းပြည်က ပိုင်ပါတယ်လို့ပြောပါတယ်။

အဲဒီပြောလိုက်တဲ့ စကားလေးကို ကျွန်မအရမ်းဝမ်းလည်းသာပါတယ်။ ပီတိလည်းဖြစ်ပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့ သူတို့တွေဟာ သားအပေါ်မှာ ချစ်ကြတာကိုး။ နောက်ပြီးတော့ ကျွန်မမှာ မွေးထားတဲ့ သားလေးက တစ်ယောက်တည်းပါ။ အခု ကျွန်မမှာ သားတွေ အများကြီး ရှိနေပါပြီ။ ဝေမျှပေးတဲ့ သားတွေ၊ သမီးတွေ အများကြီး ရှိခဲ့ပါ ပြီ။ အခုလို အချိန်အခါမှာ မိဘတိုင်းဟာ ကျွန်မကို ဘယ်လိုခံစားရပါသလဲလို့ မေးကြပါတယ်။ သားသမီးရှိကြတဲ့ မိဘတွေက ဒီလိုအချိန်အခါမှာ ဘယ်လိုခံစားရမလဲဆိုတာ ရင်ထဲမှာ အကုန်လုံးရှိကြတယ်ဆိုတာ ကျွန်မပြောဖို့ မလိုပါဘူး။ အဲဒီလိုပဲ ထင်ပါတယ်။

ကျွန်မတို့လိုပဲ မိသားစုအပေါင်းတွေဟာ အများအတွက်ကို အနစ်နာခံပြီးတော့ ပါရမီ ဖြည့်ပေးနေကြတဲ့ မိသားစုအားလုံးကို ကျွန်မ ကျေးဇူးတင်ပါတယ်။ အဲဒီထဲမှာမှ လူဆိုတာ လောကဓံတရား ဆိုတာ အကုန်လုံးရှိကြပါတယ်။ အဲဒီတော့ မေတ္တာမျှဝေပေးနေတဲ့ မိသားစုတွေ အားလုံးကို အကုန်လုံးပဲ ကျေးဇူးတင်ပါတယ်။ မင်းကိုနိုင်နဲ့တကွ အကျဉ်းထောင်အသီးသီးမှာ ရှိနေကြတဲ့ နိုင်ငံရေးအကျဉ်းသားအပေါင်းတို့ အမြန်ဆုံး လွတ်ငြိမ်းချမ်းသာခွင့်ရပါစေလို့ ကျွန်မ ဆုတောင်းခဲ့ပါတယ်။ မိသားစုတွေ အကုန်လုံးပါ မေတ္တာပို့ အမျှပေးဝေနေသလို မိသားစုတွေကို ကျွန်မ ဘာလက်ဆောင် ပေးချင်သလဲဆိုတော့ ရှင်ဇနကဘိဝံသ ဟောထားတဲ့ တရားလေးတစ်ပုဒ် ရှိပါတယ်။ လူမှုဆိုလျှင် လူလိုပင် လောကဓံ ရှိမြဲ ၀မ်းနည်းဝမ်းသာ အများပါပဲ။ ကျွန်မ ပြောချင်ပါတယ်။ အခုချိန်မှာ ကျွန်မတို့ မိသားစုတွေ အကုန်လုံးဟာ သားလေးတွေကို မျှော်လင့်နေကြပါတယ်။ အဲဒီလို မျှော်လင့်တဲ့အတိုင်းပဲ အမြန်ဆုံးလွတ်ပါစေလို့ ကျွန်မ ဆုတောင်း မေတ္တာပို့သပါတယ်။ ဒါပါပဲ ကျွန်မ ပြောချင်ပါတယ်။

၁၁ ရက်၊ ၁၁ လ၊ ၂၀၁၁ ခုနှစ် "၁" ခြောက်လုံးစုံသည့်နေ့ ဂုဏ်ပြုဆုတောင်းပွဲ အခမ်းအနား



၁၁ ရက်၊ ၁၁ လ၊ ၂၀၁၁ ခုနှစ် "၁" ခြောက်လုံးစုံသည့်နေ့ ဂုဏ်ပြုဆုတောင်းပွဲ အခမ်းအနားကို ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင် ကျင်းပခဲ့ပြီး အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက သ၀ဏ်လွှာ ပေးပို့ခဲ့သည်။

အခမ်းအနားတွင် အနာဂတ် မြန်မာနိုင်ငံအတွက် ဖယောင်းတိုင်ထွန်း ဆုတောင်းခြင်းကို ဦးဇာဂနာ၊ လှုမှုရေးအသင်းအဖွဲ့များကိုယ်စား နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူ၊ သတင်းမီဒီယာများကိုယ်စား ပြည်သူ့ခေတ်ဂျာနယ်၏ အယ် ဒီတာချုပ် ဒေါက်တာဖေမြင့်၊ NGO အဖွဲ့များကိုယ်စား ဒေါက်တာကျော်သူ၊ စီးပွားရေးလုပ်ငန်းရှင်များကိုယ်စား ဒဂုံဆိပ်ကမ်းစက်မှုဇုန် အတွင်းရေးမှူး ဦးကျော်သူ၊ တိုင်းရင်းသားများကိုယ်စား ချင်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ချင်းအမျိုးသားပါတီ ဥက္ကဋ္ဌ ဦးဇိုဇမ်း၊ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများကိုယ်စား ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ကို ဌေးကြွယ်၏ ညီမ မခင်မိမိကြွယ်၊ လူငယ်နိုင်ငံရေးသမားများကိုယ်စား Generation Wave မှ ကိုဇေယျာသော်၊ လူငယ်အနုပညာရှင်များကိုယ်စား သရုပ်ဆောင် အဆိုတော် ချစ်သုဝေ၊ အလုပ်သမားများကိုယ်စား လှိုင်သာယာမှ ကိုအောင်ထွန်း၊ လယ်သမားများကိုယ်စား တွံတေးမှ ကိုဇော်မင်းထွန်းစသည့် သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှ ကိုယ်စားပြုပုဂ္ဂိုလ် ၁၁ ဦးက ဦးစွာပြုလုပ်ခဲ့ကြသည်။
ထို့နောက် ဦးဇာဂနာက "ကျွန်တော် တကယ် အမှန်ပြောရရင်တော့ ဆုမတောင်းတော့ပါဘူး။ ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင်ဆိုတဲ့ စကားကို ကျွန်တော် မကြိုက်ပါဘူး။ ဒါပေမယ့် မြန်မာနိုင်ငံသူ နိုင်ငံသား အားလုံးရဲ့ရင်ထဲမှာမတူညီတဲ့ဆန္ဒတွေ အားလုံးရှိနေကြမှာ ဖြစ်ပါတယ်။ အဲဒီမတူညီတဲ့ဆန္ဒတွေ အားလုံး ဒီကနေ့ကစပြီး ပြည့်ကြပါစေလို့ ကျွန်တော် ဆုတောင်း ပေးချင်ပါတယ် ခင်ဗျာ" ဟု ပြောကြားခဲ့သည်။

ထို့နောက် ဆရာဇော်ဂျီ၏ "သင်သေသွားသော်" ကဗျာအား အဆိုပါပုဂ္ဂိုလ် ၁၁ ဦးက ရွတ်ဆိုခဲ့ကြသည်။



ယင်းနောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပေးပို့လာသည့် သ၀ဏ်လွှာကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ဖတ်ကြားခဲ့ရာ ယင်းသ၀ဏ်လွှာ အပြည့်အစုံမှာ "အရာခပ်သိမ်းသည် အမြဲ မပြတ် ပြောင်းလဲနေသည်။ ကာလဒေသအခြေအနေနှင့် လိုက်လျောညီထွေရှိသော ပြုပြင်ပြောင်းလဲမှုဖြစ်ရေးသည် မိမိတို့ မြန်မာ့လူဘောင်အဖွဲ့အစည်းအတွင်း သက်ဝင်လှုပ်ရှားရန် လိုသည်။ ထိုလုပ်ငန်းစဉ်များအား စဉ်ဆက်မပြတ် ပြုလုပ်နေမှသာ ငြိမ်းချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံအဖြစ်သို့ ရောက်ရှိနိုင်မည်ဖြစ်သည်။ သို့ဖြစ်၍ အမိနိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စဉ်ဆက်မပြတ် လိုအပ်မည့် ပြုပြင်ပြောင်းလဲမှုများကို ငြိမ်းချမ်းစွာဆောင်ရွက်နေကြသည့် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများအား ဂုဏ်ပြုရမည်ဖြစ်ပါသည်။" ဟူ၍ဖြစ်သည်။

အခမ်းအနားတွင် ဆရာမကြီး ပါမောက္ခဒေါက်တာဒေါ်မြင့်မြင့်ခင်က အမှတ်တရစကားပြောကြားခဲ့သည်။ ယင်းအပြင် ကိုမင်းကိုနိုင်၏ မိခင်ဒေါ်လှကြည်ကလည်း အမှတ်တရစကားပြောကြားခဲ့သည်။



ထို့နောက် Eleven Media Group ၏ Chairman & CEO ဒေါက်တာသန်းထွဋ်အောင်က ဂုဏ်ပြုအမှတ်တရစကား ပြောကြားခဲ့သည်။
အခမ်းအနားသို့ ဂုဏ်ပြုရန် မတက်ရောက်နိုင်သေးသည့်သူများ၊ ဂုဏ်ပြုခံနိုင်သည့်နေရာတွင် မရှိသည့်သူများ၊ ဘ၀ကို အသက်ပေးပြီး စွန့်လွှတ်အနစ်နာခံခဲ့ရသူများ အားလုံးကို ဂုဏ်ပြုသည့်အနေဖြင့် စားပွဲနံပါတ် ၁၁ ကို နေရာ လွတ်အဖြစ် ထားရှိပြီး ၎င်းတို့ ကိုယ်စား ဂုဏ်ပြုစီစဉ်ထားရှိခဲ့ကာ ယုံကြည်ချက်ကြောင့် အကျဉ်းခံနေရသူများ၏ မိသားစုဝင်များက အဆိုပါစားပွဲဝိုင်းတွင် ဆုတောင်းခဲ့ကြသည်။



ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင် ည ၆ နာရီ ၃၀ မိနစ်မှ ည ၉ နာရီ ၃၀ မိနစ် အထိ ကျင်းပခဲ့သည့် ၁၁ ရက်၊ ၁၁ လ၊ ၂၀၁၁ ခုနှစ် "၁" ခြောက်လုံးစုံသည့်နေ့ ဂုဏ်ပြု ဆုတောင်းပွဲ အခမ်းအနားသို့ နိုင်ငံရေးပါတီများမှ ခေါင်းဆောင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံတော်သမ္မတ အကြံပေးများ၊ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ၏ မိသားစုဝင်များ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ မြန်မာနိုင်ငံ ဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံတမန် များ၊ INGO နှင့် NGO များမှ ကိုယ်စားလှယ်များ၊ စာရေးဆရာများ၊ ပြည်တွင်းပြည်ပသတင်းမီဒီယာများ၊ အနုပညာရှင်များ၊ ပြည်သူများ ၇၀၀ ကျော် တက်ရောက်ခဲ့ကြသည်။

Friday, November 11, 2011

ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းသို့ အကြံပေးချက်



VOA နဲ့ ၁၁ လပိုင်း ၄ ရက်နေ့က အင်တာဗျူးမှာ ဝန်ကြီးကျော်ဆန်းက “ကနေ့ ပြည်သူတွေ ရွေးချယ်တင် မြှောက်တဲ့ ဒီမိုကရေစီစနစ်အရ ပေါ်ပေါက်လာတဲ့ ကျနော်တို့အစိုးရလက်ထက်မှာလည်းပဲ ...” လို့ ဆိုထားပြီး နောက်ဆက်ပြီး “အကျဉ်းကျနေတဲ့ ပုဂ္ဂိုလ်တွေဟာ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းဥပဒေတွေကို ကျူး လွန်တဲ့အတွက်ကြောင့် အဲ့ဒီစည်းမျဉ်းစည်းကမ်းဥပဒေအရပဲ ကျနော်တို့ အရေးယူထားတာ ဖြစ်ပါတယ်။ သို့ သော်လည်း အဲဒီထဲမှာ နိုင်ငံရေးလုပ်တဲ့ပုဂ္ဂိုလ်တွေလည်း ပါကောင်းပါမှာပါပဲ။ ဒါတွေအားလုံးကိုလည်း သမ္မတ ကြီးက သူ့ကို အခြေခံဥပဒေက အပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့်ကို ဆင်ခြင်တုံတရားနဲ့ ကျင့်သုံးပြီးတော့ ဒါတွေကို ဘာလုပ်ပေးနေလဲ၊ ဖြေလျှော့ပေးနေပါတယ်” တခါဆိုထားပြန်ပါတယ်။


အပြာရောင်ဆိုးထားတဲ့ အပိုဒ်နှစ်ခုကို နှိုင်းယှဉ်ပြီး ပြောချင်ပါတယ်။ အပေါ်ပိုဒ်မှာ ပြောတာက “ကနေ့ ပြည်သူ တွေရွေးချယ်တင်မြှောက်တဲ့ ဒီမိုကရေစီစနစ်အရပေါ်ပေါက်လာတဲ့ ကျနော်တို့အစိုးရလက်ထက်မှာ...” လို့ ဆို တော့ ယခင်စစ်အာဏာရှင်အစိုးရနဲ့ လားလားမျှ မဆိုင်ဘူးလို့ ဆိုလိုတာဖြစ်တယ်။ ဒီမိုကရေစီအစိုးရပေါ့ဗျာ။ ဒါပေမယ့် နောက်အပိုဒ်ကျတော့ “အကျဉ်းကျနေတဲ့ ပုဂ္ဂိုလ်တွေက သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းဥပ ဒေတွေကို ကျူးလွန်တဲ့အတွက်ကြောင့် အဲ့ဒီစည်းမျဉ်းစည်းကမ်း ဥပဒေအရပဲ ကျနော်တို့ အရေးယူထားတာ ဖြစ်ပါတယ်” ဆိုတော့ အသစ်တက်လာတဲ့ ဒီမိုကရေစီနည်းကျ အစိုးရဟာ သူ့ကိုယ်သူ ယခင်စစ်အစိုးရပဲ ဖြစ် ပါတယ်ဆိုပြီး ဝန်ခံသလိုမျိုး ဖြစ်နေပြန်တယ်။


“နိုင်ငံတွင်းမှာ နိုင်ငံရေးအကျဉ်းသားတွေရှိတယ်ဆိုတာကို သတ္တိရှိရှိ ဝန်ခံရဲသလို၊ သတ္တိရှိရှိ လွှတ်ပေးရဲရမယ်။ ကျော်ဆန်းအနေနဲ့ တချိန်ချိန်မှာ နိုင်ငံရေးနဲ့ ထောင်ထဲရောက်သွားခဲ့ရင် ရောက်သွားနိုင်တဲ့အတွက် အမြော်အမြင်ရှိရှိနဲ့ နိုင်ငံရေးအကျဉ်းသားရှိတယ်ဆိုတာ လက်ခံထားသင့်တယ်လို့ အကြံပြုလိုက်တယ်။”

ကျော်ဆန်းဟာ သူ့ကိုယ်သူ ယခင်အစိုးရလုပ်ရပ်တွေကို လိုက်နာစောင့်ထိန်းပြီး ဆက်လက်ကျင့်သုံးရမယ်လို့ ယူဆထားသူဖြစ်တယ်ဆိုတာ “ကျနော်တို့ အရေးယူထားတာ ဖြစ်ပါတယ်” ဆိုတဲ့ သူ့ပြောစကားအရ ထင်ရှား တယ်။ နောက်တခုက သန်းရွှေတို့လမ်းစဉ်အတိုင်း တိုင်းပြည်မှာ နိုင်ငံရေးအကျဉ်းသားတွေမရှိဘူးလို့ ဗြောင် ငြင်းနေတုန်းပဲ ဖြစ်တယ်။

တကယ်ဖြစ်သင့်တာက ကနေ့ ပြည်သူတွေ ရွေးချယ်တင်မြှောက်တဲ့ ဒီမိုကရေစီစနစ်အရ ပေါ်ပေါက်လာတဲ့ ကျနော်တို့အစိုးရလက်ထက်မှာ ယခင်အစိုးရလုပ်ရပ်တွေဟာ တရားမျှတမှုမရှိဘဲ အလွန်အကျွံ အာဏာသုံးစွဲ မှုတွေရှိခဲ့တဲ့အတွက် သဘောထားအမြင်မတူလို့ ထိန်းသိမ်းထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ပါတယ် ဆိုတာမျိုး ဖြစ်သင့်တယ်။

နိုင်ငံတွင်းမှာ နိုင်ငံရေးအကျဉ်းသားတွေရှိတယ်ဆိုတာကို သတ္တိရှိရှိ ဝန်ခံရဲသလို၊ သတ္တိရှိရှိ လွှတ်ပေးရဲရမယ်။ ကျော်ဆန်းအနေနဲ့ တချိန်ချိန်မှာ နိုင်ငံရေးနဲ့ ထောင်ထဲရောက်သွားခဲ့ရင် ရောက်သွားနိုင်တဲ့အတွက် အမြော် အမြင်ရှိရှိနဲ့ နိုင်ငံရေးအကျဉ်းသားရှိတယ်ဆိုတာ လက်ခံထားသင့်တယ်လို့ အကြံပြုလိုက်တယ်။


ထွန်းအောင်ကျော်
ဒေါက်တာလွဏ်းဆွေ BLOG မှ ကူးယူဖော်ပြပါသည်

ထိုင်း-မြန်မာချစ်ကြည်ရေး မြန်မာအလှမယ် ရွေးချယ်ပွဲ


ထိုင်းရိုးရာ လွိုင်ကထုံပွဲတော်တွင် ထိုင်း-မြန်မာချစ်ကြည်ရေး မြန်မာအလှမယ် ရွေးချယ်ပွဲကို နယ်စပ်မြို့ မဲဆောက်တွင် စည်ပင်သာယာက ကြာသပတေးနေ့က ကျင်းပခဲ့ရာ ဝင်ရောက် ယှဉ်ပြိုင်သူများကို တွေ့မြင်ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ ။ တဖက်ကမ်း မြဝတီမြို့မှ လာရောက် ယှဉ်ပြိုင်သော အသက် ၂၂ နှစ်အရွယ် ဥပဒေကျောင်းသူ မမင်းမင်းစိုးက ပထမဆု ရရှိသွားသည်။



ပထမဆု ဆွတ်ခူးသွားသော မြဝတီမြို့နေ အသက် ၂၂ နှစ်အရွယ် ဥပဒေကျောင်းသူ မမင်းမင်းစိုးကို ဆုချီးမြှင့်နေစဉ်။ ဓာတ်ပုံ- မဇ္ဈိမ

ရန်ကုန် မြို့ပတ်ရထား စီးနင်းခ တက်မည်

ရန်ကုန်မြို့တွင်း ပြေးဆွဲပေးနေသည့် အရှုံးပေါ်နေသော မြို့ပတ်ရထား၏ စီးနင်းခများကို ကျပ် ၁၀ မှ ကျပ် ၁၀၀ ကျပ်သို့ ယခုလ ၁၅ ရက်နေ့မှ စတင်ကာ တိုးမြှင့်ကောက်ခံတော့မည် ဖြစ်ကြောင်း မြန်မာ့ မီးရထားမှ တရားဝင် သတင်းထုတ်ပြန်ကြေငြာသည်။
ယင်းအပြင် ယခင်က မြို့ပတ်ရထား လသုံး လက်မှတ်တစောင်ကို ၃၅၀ ကျပ်သတ်မှတ်ထားရမှ ၁,၇၀၀ ကျပ်သို့
ပြောင်းလဲ ကောက်ခံမည် ဖြစ်ကြောင်းလည်း မြန်မာ့မီးရထား တိုင်း(၇)မှ တာဝန်ရှိသူက ပြောသည်။

လက်ရှိ အသုံးပြုနေသော ရန်ကုန်မြို့ပတ်ရထား လက်မှတ်ခနှုန်းများမှာ ၁၅ မိုင် ခရီးစဉ်အတွက် ၁၀ကျပ်၊ ၁၅မိုင် အထက် ခရီးစဉ် အတွက် ၂၀ကျပ် သတ်မှတ်ထားသည်။

အဆိုပါ ရထားလက်မှတ်ခ နှုန်းထားများသည် ယခင် ဒီဇယ်ဆီ တဂါလန်လျှင် ၁၆၀ကျပ် ရှိစဉ်က သတ်မှတ်ထား
သော ဈေးနှုန်းများဖြစ်ကာ ယခုအခါ ဒီဇယ်ဈေးမှာ ၃,၀၀၀ ကျပ် ဖြစ်နေသည့်အတွက် မီးရထားဌာန အနေဖြင့် အရှုံးပေါ်နေကြောင်း လည်း မြန်မာ့မီးရထား တာဝန်ရှိသူက ပြောသည်။

မြို့ပတ်ရထားကို အခြေခံ လက်လုပ်လက်စား လူတန်းစားများသာ စီးနင်းကြခြင်းဖြစ်ကာ အခြား ခရီးသည်တင်
ယာဉ်များနှင့် နှိုင်းယှဉ်ပါက စီနင်းခမှာ သက်သာသည့် အတွက် ရုံးဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများ၊
ဈေးသည်များ စီးနင်းမှု အများဆုံးဖြစ်ကြောင်းလည်း သိရသည်။

ရန်ကုန်တွင် ပြေးဆွဲနေသော မြို့ပတ်ရထားလိုင်းပေါင်း ၂၂ လိုင်းရှိကာ ငါးမိနစ်လျှင် တချိန်စီ ပြေးဆွဲနေပြီး တနေ့လျှင် စုစုပေါင်း အခေါက်ရေ ၂၀၀ ပြေးဆွဲလျက်ရှိကြောင်း မြန်မာ့မီးရထား စာရင်းများ အရ သိရသည်။

မြို့ပတ်ရထားများအတွက် လစဉ်ကုန်ကျစရိတ် ကျပ်ငွေ ၂၆၁ သန်းရှိပြီး ဝင်ငွေမှာ ကျပ် ၄၂ သန်းသာ ရှိကြောင်း
မြန်မာ့ မီးရထားက သတင်း ထုတ်ပြန်ထားသည်။

အမေရိကန် နည်းပညာနဲ့ မြန်မာအစိုးရ အင်တာနက် ဆင်ဆာ လုပ်နေ


ရန်ကုန်မြို့က အင်တာနက် ကဖေးဆိုင်တဆိုင်မှာ အင်တာသုံးစွဲသူများ ပြည့်နက်နေချိန် မြင်ကွင်း။


မြန်မာနဲ့ ဆီးရီးယား အစိုးရတွေဟာ ပြည်သူတွေရဲ့ အင်တာနက် အသုံးပြုမှုကို ထိန်းချုပ်တဲ့ ဆင်ဆာ ပိတ်ပင်ရေး လုပ်ငန်းတွေမှာ အမေရိကန် နည်းပညာတွေ သုံးစွဲနေတာ အခိုင်အမာ တွေ့ရှိရကြောင်း သုတေသန အစီရင်ခံစာသစ် တစောင်က ဖော်ပြလိုက်ပါတယ်။ ကနေဒါနိုင်ငံ တိုရွန်တို တက္ကသိုလ် အင်တာနက် သုတေသနဌာန Citizen Lab က ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာသစ် အရ ဆီရီးယားနဲ့ မြန်မာ အစိုးရတွေဟာ အမေရိကန် ပြည်ထောင်စု ကာလီဖိုးနီးယား ပြည်နယ် အခြေစိုက် Blue Coat ကုမ္ပဏီရဲ့ နည်းပညာတွေ သုံးစွဲနေကြောင်း အထင်အရှား တွေ့ရှိရတယ်လို့ ဆိုပါတယ်။

Blue Coat ကုမ္ပဏီ ကတော့ မြန်မာ အစိုးရက Blue Coat ရဲ့နည်းပညာတွေ အသုံးပြုနေတယ် ဆိုတဲ့ တွေ့ရှိချက်ဟာ အခု ပထမဆုံးအကြိမ် ဖြစ်ကြောင်း၊ ကုမ္ပဏီ အနေနဲ့ မိမိတို့ နည်းပညာတွေကို အမေရိကန် အစိုးရက ပိတ်ဆို့ ဒဏ်ခတ်ထားတဲ့ နိုင်ငံတွေက အသုံးပြုတာ မလိုလားကြောင်း၊ ဒီအတွက် စတင် စုံစမ်း စစ်ဆေးနေပြီ ဖြစ်ကြောင်း ကုမ္ပဏီရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Steve Schick က ပြောပါတယ်။

မြန်မာနဲ့ ဆီးရီးယား နိုင်ငံတွေဟာ လူ့အခွင့်အရေး ဆိုးဆိုးဝါးဝါး ချိုးဖောက်တဲ့ အတွက် အမေရိကန် အစိုးရရဲ့ စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ် အရေးယူခံထားရတဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။

ပြုပြင်ပြောင်းလဲရေးလုပ်ရင် မိတ်ဆွေဖြစ်လာဖို့ အဆင်သင့်ဖြစ်ကြောင်း ကလင်တန်ပြောကြား



အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်။ (Photo: AFP)



မြန်မာအစိုးရက ပြုပြင် ပြောင်းလဲရေးတွေ လုပ်ဆောင်တယ်ဆိုရင် အမေရိကန် အစိုးရ အနေနဲ့ မြန်မာနိုင်ငံရဲ့ မိတ်ဆွေနိုင်ငံ ဖြစ်လာဖို့ အဆင်သင့်ပါပဲလို့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်က ပြောကြားလိုက်ပါတယ်။အမေရိကန် ပြည်ထောင်စု ဟာဝိုင်ယီပြည်နယ် ဟိုနိုလူလူမြို့မှာ ကျင်းပမဲ့ အာရှ ပစိဖိတ် ဒေသဆိုင်ရာ ထိပ်သီး ညီလာခံ မတိုင်မီ ပြောကြားတဲ့ မိန့်ခွန်းမှာ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးက အခုလို ထည့်သွင်း ပြောကြားလိုက်တာပါ။

မြန်မာအစိုးရက မြန်မာပြည်သူတွေ အတွက် ပြုပြင် ပြောင်းလဲရေးကို အစစ်အမှန် အခိုင်အမာ လုပ်မယ်ဆိုရင် အမေရိကန် ပြည်ထောင်စုဟာ မြန်မာနိုင်ငံရဲ့ မိတ်ဆွေ ဖြစ်လာမှာ ဖြစ်ကြောင်း၊ ဆယ်စုနှစ်များစွာ အတွင်း ပထမဆုံး ဆိုသလို မြန်မာနိုင်ငံမှာ အပြောင်းလဲတွေ အများအပြား လုပ်ဆောင်လာတာကို ချီးကျူးကြောင်း၊ တစ်ချိန်ထဲမှာပဲ မေးခွန်း ထုတ်စရာတွေလည်း ရှိနေသေးကြောင်း မစ္စစ်ကလင်တန်က ပြောပါတယ်။

နိုင်ငံရေး အကျဉ်းသားတွေကို ဆက်ပြီး အကျဉ်းချ ထားမထား၊ အခု ပြုပြင် ပြောင်းလဲရေးတွေဟာ ရေရှည် တည်တံ့မှု ရှိနိုင် မရှိနိုင်၊ မြန်မာ အစိုးရရဲ့ ဆောင်ရွက်ချက်တွေမှာ တိုင်းရင်းသား ဒေသတွေက ငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး ကိစ္စ ပါမပါဆိုတဲ့ မေးစရာတွေ ရှိနေဆဲပါပဲလို့လည်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးက ထောက်ပြပါတယ်။

၂၀၀၉ ခုနှစ်က စပြီး မြန်မာ အစိုးရနဲ့ အမေရိကန် နိုင်ငံ ထိတွေ့ ဆက်ဆံခဲ့ပါတယ်။ မြန်မာ အစိုးရက ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှုတွေ လုပ်ဆောင်မယ့် လက္ခဏာတွေ တွေ့ရပြီး မကြာခင် လပိုင်းက သံတမန်ရေး အရ ဆက်ဆံမှုတွေ တိုးမြှင့်ခဲ့ပြီး ဒီထက်မက တိုးပြီး ပြောင်းလဲရင် အမေရိကန်ဘက်က တိုးပြီး ဆက်ဆံ ဆောင်ရွက်မယ်လို့ အထူး ကိုယ်စားလှယ်ကလည်း ပြောခဲ့ပါတယ်။

စပါးတစ်တင်း ၄၆ ပေါင်ကို စံအလေးချိန်အဖြစ်သတ်မှတ် တစ်နိုင်ငံလုံးတွင် ၄၆ ပေါင်ဖြင့် ၀ယ်ယူရေး ဆောင်ရွက်မည်

စပါးရောင်းဝယ်ရာတွင် ပေါင်ဖြင့်သာဝယ်ယူရန် သတ်မှတ်ထားပြီး စပါးတစ်တင်း ၄၆ ပေါင်ဖြင့်သာ ၀ယ်ယူရမည်ဖြစ်ကြောင်း၊ အဆိုပါ တစ်တင်း ၄၆ ပေါင်ကို နိုင်ငံ၏ စပါးဝယ်ယူခြင်းကဏ္ဍအတွက် စံအလေးချိန်အဖြစ် သတ်မှတ်ထားကြောင်း သိရသည်။ သို့သော် လက်ရှိတွင်မူ တစ်တင်းလျင် ပေါင် ၆၀ အထိပင် ချိန်တွယ်ဝယ်ယူလျှက်ရှိကြောင်း၊ တင်းဖြင့်ဆိုပါက ယခင်က ၁၆ ပြည် တစ်တင်းနှုန်းဖြင့် ၀ယ်ယူသော်လည်း ကုန်သည်များမှ နောက်ပိုင်းတွင် ၁၈ ပြည်ဆံ့ တင်းတောင်းဖြင့်လည်းကောင်း၊ ပြည် ၂၀ ဆံ့ တင်းတောင်း ဖြင့်လည်းကောင်း ၀ယ်ယူလျှက်ရှိသည်ဟု သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ဒေသတစ်ခုနှင့်တစ်ခု စပါးချင်တွယ်ပုံခြင်း မတူပဲ၊ တောင်းဖြင့်ဝယ်ယူသည့် ဒေသ၊ တင်းဖြင့်ဝယ်ယူသည့်ဒေသ၊ ပေါင်ဖြင့်ဝယ်ယူသည့်ဒေသ စသည်ဖြင့် မျိုးစုံကွဲပြားခြားနားနေကြောင်း၊ ယခုအခါတွင်မူ တစ်နိုင်ငံလုံးတွင် စံ အဖြစ် သတ်မှတ်ထားသည့် တစ်တင်း ၄၆ ပေါင်ဖြင့်သာ ၀ယ်ယူရေးအတွက် ပညာပေးခြင်းကိုပါ ထည့်သွင်းဆောင်ရွက်သွားမည်ဟု သိရသည်။ ဆန်စက်လုပ်ငန်းရှင်များအနေဖြင့် တောင်သူထံမှ လည်းကောင်း၊ စပါးလှောင်လက်များထံမှလည်းကောင်း ၀ယ်ယူရာတွင် စပါးအစိုဓာတ်အတွက်ပါ ထည့်သွင်း၍ ၄၆ ပေါင်ဖြင့် မဟုတ်ဘဲ အစိုဓာတ်အတွက် ပြန်လျော့ကျမည့် အပိုဆောင်းအလေးချိန်အဖြစ် ထည့်သွင်း ၀ယ်ယူခြင်းကြောင့် ပေါင် ၆၀ အထိ ချိန်တွယ် ၀ယ်ယူခြင်းဖြစ်ကြောင်း သိရသည်။

''ကျွန်တော်တို့ဆီမှာတော့ တင်းတောင်းနဲ့ အရောင်းအ၀ယ်လုပ်တယ်။ အရင်က ၁၆ ပြည်နဲ့ နို့ဆီဗူး ၄ လုံး ဆံ့တဲ့ တင်းတောင်းနဲ့ ၀ယ်တယ်။ နောက်ပိုင်းကျတော့ ၁၈ ပြည်ဆံ့တဲ့တင်းနဲ့ ၀ယ်တယ်။ တစ်ခါကုန်သည်က လောဘတက်ပြီး ပြည် ၂၀ ဆံ့ တဲ့တင်းတောင်းနဲ့ ၀ယ်တယ်။ အဲဒီလိုဖြစ်လို့ တိုင်တန်းကြတာရှိတဲ့အတွက် တစ်တင်းကို ၄၆ ပေါင်နဲ့ဝယ်ဖို့ သတ်မှတ်ပေးလိုက်တယ်။ ဒါပေမယ့် ကုန်သည်တွေကတော့ တင်းတောင်း အကြီးကြီးတွေနဲ့ ၀ယ်တုန်းပါပဲ''ဟု ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင်အတွင်းရှိ တောင် သူကြီးတစ်ဦးက ပြောကြားခဲ့သည်။ သို့သော် နောက်ပိုင်းတွင်မူ တောင်သူများဘက်မှ နစ်နာမှုမရှိစေရန်နှင့် ၀ယ်ယူသူ ဆန်စက် လုပ်ငန်းရှင်များလည်း အစိုဓာတ်အတွက် မနစ်နာစေရန် နည်းလမ်းများရှာဖွေ လုပ်ဆောင်သွားမည်ဟု မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းအသင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

''တစ်တင်းကို ၄၆ ပေါင်ဆိုတာက နိုင်ငံရဲ့ စပါးဝယ်တဲ့နေရာမှာ သုံးရမယ့် စံအလေးချိန်ပါ။ ဆန်စက်လုပ်ငန်းရှင်တွေကတော့ စပါးက အစိုဓာတ်ပြယ်ပြီး ခြောက်သွားတဲ့ အခါ လျော့ကျသွားမယ့်အလေးချိန်ပါ ထည့်တွက်ပြီး ၄၆ ပေါင်အစား ပေါင် ၅၀၊ ပေါင် ၆၀ နဲ့တွက်ပြီး ၀ယ်ကြတာရှိတယ်။ တကယ်တမ်း သတ်မှတ်လိုက်တာကတော့ ၄၆ ပေါင်ပါ။ အခု ဆန်စပါးအထူးပြု ကုမ္ပဏီတချို့လည်း ရိတ်သိမ်းချွေလှေ့ပြီးတဲ့ စပါးတွေကို အစိုဓာတ်ရယ် ဘာရယ်ထည့်မတွက်ဘဲ တောင်သူနစ်နာမှာစိုးလို့ ၄၆ ပေါင်နဲ့ပဲ အခုဝယ်ပေးကြတယ်။ နောက်ပိုင်းကျရင်တော့ စက်ပိုင်တွေလည်းမနစ်နာအောင် တောင်သူလည်း မနစ်နာအောင် နည်းလမ်းရှာသွားဖို့ ရှိပါတယ်။ ဥပမာ တောင်သူတွေကိုလည်း စပါးအခြောက်ခံစက်လိုဟာ မျိုးသုံးစွဲအောင်၊ အဲဒီလို သုံးစွဲထားတဲ့ စပါးအခြောက်ကိုဆိုရင် စက်ပိုင်တွေကလည်း ၄၆ ပေါင်နဲ့ပဲ အတိအကျ ၀ယ်အောင်။ ဒါမှမဟုတ် တကယ်ခြောက်တဲ့စပါးဆို ၄၆ ပေါင်နဲ့ပဲဝယ်ဖို့ ကျယ်ကျယ်ပြန့်ပြန့် လုပ်ပေးသွားဖို့ စီစဉ်ထားပါတယ်။ အထူးပြုကုမ္ပဏီတွေလည်း အခု ဒီဂျစ်တယ် ကတ္တားနဲ့ ၄၆ ပေါင်နဲ့ပဲ ၀ယ်နေတာ အဆင်ပြေတာပဲ။ နိုင်ငံ စံအလေးချိန်နဲ့ ကိုက်အောင်ဝယ်ဖို့ တော့ အဓိက လုပ်သွားမှာပါ''ဟု မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းအသင်း အတွင်းရေးမှူး ဦးရဲမင်းအောင်က ပြောကြားခဲ့ပါသည်။

အစိုးရ ပြည်ပအလုပ်အကိုင် အေဂျင်စီနှင့် ကိုရီးယားတွင် အလုပ်လုပ်ကိုင်မည့် လုပ်သားများအကြား ခံဝန်စာချုပ်တွင် အချက်အလက် လိမ်ညာဖြည့်စွက်ပါက ဥပဒေအရ အရေးယူသွာ

အစိုးရပြည်ပ အလုပ်အကိုင် အေဂျင်စီနှင့် ကိုရီးယားသို့ သွားရောက် အလုပ်လုပ်ကိုင်ကြမည့် လုပ်သားများ အကြား ချုပ်ဆိုကြရသည့် ခံဝန်စာချုပ်တွင် လုပ်သားများဘက်မှ အချက်အလက်များ လိမ်ညာဖြည့်စွက်ပါက ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း အစိုးရပြည်ပအလုပ်အကိုင် အေဂျင်စီမှ တရားဝင်ထုတ်ပြန်ချက် များအရ သတင်းရရှိပါသည်။ယခုလက်ရှိတွင် ကိုရီးယား သမ္မတနိုင်ငံသို့ သွားရောက်အလုပ် လုပ်ကိုင်လိုသည့် အလုပ်သမားများ ကို IT စနစ်ဖြင့်ပို့ဆောင်ပေးနေပြီး EPS စာမေးပွဲစစ်ဆေး၍ အောင်မြင်သူများကို အလုပ်လျှောက်လွှာ တင်စေကာ အလုပ်ရှင်၏ဆန္ဒဖြင့် လုပ်သားများကို ရွေးချယ်ခေါ်ယူခြင်းဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် စာမေးပွဲ လျှောက်လွှာဖြည့်စဉ်က ရေးသွင်းခဲ့သည့် အမည်နှင့်မွေးသက္ကရာဇ်တို့ သည် နိုင်ငံကူးလက်မှတ်နှင့် EPS စာမေးပွဲ အောင်လက်မှတ်တို့တွင် ပါရှိသည်များနှင့် ကွဲလွဲနေပါက အလုပ်ရှင်ဘက်မှ ရွေးချယ်ခေါ်ယူမည်မဟုတ် ကြောင်း သိရှိရပါသည်။

“အစိုးရပြည်ပ အလုပ်အကိုင် အေဂျင်စီနှင့် အလုပ်သမားအကြားမှာ ချုပ်ဆိုကြရတဲ့ ခံဝန်စာချုပ်က ရှေ့နေချုပ်ရုံးက အတည်ပြုထားတဲ့စာချုပ် ဖြစ်သလို၊ ဗဟိုမှတ်ပုံတင်ရုံးမှာလည်း မှတ်ပုံတင်ထားတာ။ ဒါကြောင့် ခံဝန် စာချုပ်မှာ အသက်လိမ်ညာထားတာ၊ နိုင်ငံကူးလက်မှတ်ပါ အချက်အလက်တွေ ကို လိမ်ညာထားတာ၊ ကိုရီးယားမှာ တရားမ၀င် နေထိုင်ခဲ့ဖူးတာနဲ့ ပြစ်မှု ကျူးလွန်ခဲ့ဖူးတာ၊ အကြောင်းတစ်ခုခုကြောင့် ပြန်အလွှတ်ခံရတာ စတဲ့အချက် တစ်ခုခုနဲ့ငြိစွန်းခဲ့တာ စစ်ဆေးတွေ့ရှိခဲ့ရင် တရားဥပဒေအရ အရေးယူသွားမှာပါ။ ကိုရီးယားမှာက လုပ်သားတွေ လေဆိပ်ရောက်ပြီ ဆိုတာနဲ့လက်ဗွေနှိပ်ပြီး စစ်ရုံသာမက ပုံရိပ်ဖမ်းပြီးပါ စစ်တာကြောင့် အစစ်ခံရတဲ့သူဟာ ကိုရီးယား မှာ တရားမ၀င် နေထိုင်ခဲ့ဖူးတာတို့၊ ပြစ်မှုကျူးလွန်ခဲ့ဖူးတာတို့ စတဲ့ပြစ်ချက်တွေရှိခဲ့သူဆိုရင် စက်ကအကုန်ပေါ်ပါတယ်။ အခုဆိုရင် ပြန်လွှတ်ခံရတဲ့ လုပ်သား ၁၂ ဦးရှိနေပါပြီ”ဟု အလုပ်သမားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးချစ်ရှိန်က ရှင်းပြပါသည်။

ကိုရီးယားသမ္မတနိုင်ငံသို့ EPS စနစ်ဖြင့် လုပ်သားများအား စေလွှတ်ပြီးမှုတွင် ၁၉၉၀ ပြည့်နှစ်မှ ၂၀၀၇ ခုနှစ် အတွင်း ရွှေအင်းဝ ၀န်ဆောင်မှု အေဂျင်စီမှ အလုပ်သမား ၁၂၀၁ ဦး ကို စေလွှတ်ပေးခဲ့ပြီးနောက် အကြောင်း အမျိုးမျိုးကြောင့် လုပ်သားစေလွှတ်မှုအား ရပ်ဆိုင်းခဲ့ကြောင်း သိရသည်။

ထို့နောက် ၂၀၁၀ ပြည့်နှစ် အောက်တိုဘာလ ၂၉ ရက်နေ့တွင် EPS စနစ်အရ အလုပ်သမား စေလွှတ်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU) ကို နှစ်နိုင်ငံရေးထိုးခဲ့မှုကြောင့် ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့အထိ လုပ်သား ၁၇၉၆ ဦးတို့ကို ထပ်မံစေလွှတ်ပြီး ဖြစ်ကြောင်း သိရှိရသည်။

.ကော်ဖီ သောက်လျှင် ခေါင်းကြည်၍ ဖျတ်လတ်သည် ဆိုခြင်းမှာ စိတ်လှည့် စားမှု သာဖြစ်သည်


ဘရစ်စတို ယူနီဗာစီတီမှ သုတေသန ပြုလုပ်သူ များသည် လူပေါင်း ၃၇၉ ယောက်အား ၁၆ နာရီ ကြာမျှ ကော်ဖီ သောက်သုံးခြင်းမှာ ရှောင်ထား ခိုင်းပြီး လူအချို့အား ကော်ဖီ (ကဖေးသောက်စေခြင်း) လူအချို့အား ကော်ဖီ မဟုတ်သော ပလဲစီဘို (placebodummy drink) အား သောက်သုံး စေပြီး ကော်ဖီ သောက်သုံးခြင်း (ကဖင်းသုံးစွဲခြင်း) ၏ အာနိသင်အား စမ်းသပ်မှု ပြုလုပ်ခဲ့ ကြပါတယ်။ အဆိုပါ လေ့လာချက်အား နျူရိုဆိုက် ကို ဖာမာကော်လော်ဂျီ ဂျာနယ်တွင် ထည့်သွင်း ဖော်ပြ ထားခြင်း ဖြစ်ပါတယ်။
ဒေါက်တာ ပီတာရော်ဂျား(စ်) မှာ အဆိုပါလေ့လာမှု၏ ဦးဆောင်သူဖြစ်ပြီး စိတ်ပညာ ဌာနမှ ဖြစ်ပါတယ်။ သူ၏ လေ့လာမှုနှင့် ပတ်သက်၍ ပြောကြားရတွင်

“ ကျွန်တော်တို့ ကော်ဖီ သောက်သုံးတဲ့ အတွက် အကျိုး ကျေးဇူး ကောင်းတွေ ရရှိ တယ်ဆိုတာ မဟုတ် မမှန်ပါဘူး၊ ကော်ဖီ သောက်သုံးတဲ့ အတွက် ဖျတ်လတ်မှု alertness ရရှိ တာတော့ မှန်ပါတယ်။ ကော်ဖီက ကျွန်တော်တို့ကို ပုံမုန် ပြန်ဖြစ်ရုံ သာစွမ်းဆောင် နိုင်ပါတယ်။

တစ်ချိန်တည်း မှာပဲ ကော်ဖီသောက်ခြင်းဟာ စိတ်ပူပန်မှုကို များပြား စေပြီး ကော်ဖီကို လိုတာထက် ပိုမို သောက်သုံးနေခြင်း ဖြစ်တဲ့ tolerance ရတယ် ဆိုပြီး ကော်ဖီ ၅ ခွက် ၆ ခွက် သောက်သုံးခြင်း ကိုလည်း အန္တရာယ် အရှိဘူးလို့ တွက်ဆ လို့ ရပါတယ်။

ကျွန်တော်တို့ ရဲ့ လေ့လာမှုမှာ လူတစ်ဝက်ကို ကော်ဖီ လုံးဝ မသောက်စေခြင်း သို့မဟုတ် ကော်ဖီ အနည်းငယ်သာ သောက်သုံး စေခြင်း ပြုလုပ်ပြီး ကျန်တစ်ဝက်ကိုတော့ ကော်ဖီ အတော်များများ သောက်သုံးစေ ခဲ့တာဖြစ် ပါတယ်။ ကော်ဖီ များများ သောက်ထားတဲ့ သူတွေကို နောက် တစ်နေ့ မှာ ကော်ဖီ မဟုတ်တဲ့ dummy drink ကို သောက်သုံးစေ ခဲ့ရာမှာ သူတို့ဟာ နောက်နေ့ မှာ ဖျတ်လတ်မှု လျော့ကျနေပြီး ခေါင်းပို ကိုက်တယ် ဆိုတဲ့ သူတွေမှာ တော့ အဆိုပါ ခေါင်းကိုက်ခြင်း၊ အစရှိတာတွေ မရှိတာတွေ တွေ့ရှိပါတယ်။

အဆိုပါ အချက်အရ ကော်ဖီရဲ့ ကဖင်းဓါတ်ဟာ ကော်ဖီသောက်တဲ့ သူတွေကို ပုံမုန်သာ ဖြစ်စေပြီး ကော်ဖီသောက်သုံး ရတဲ့ အတွက် ပို၍ ဖျတ်လတ်ခြင်း ခေါင်းကိုက်ခြင်း မကိုက်ခြင်း အစရှိတာတွေ နဲ့ မသက်ဆိုင်ကြောင်း ပြသခြင်း ဖြစ်ပါတယ်။ ကော်ဖီစစ်စစ် (instant coffee) တစ်ခွက်မှာ ကဖင်းဓာတ် 60-100mg ပါဝင်ပြီး latte သို့မဟုတ် အက်စပရက်စို espresso မှာတော့ ကဖင်းဓာတ် 90-200 mg ပါဝင်ပါတယ်။ 55mg ချောကလိတ်ဘား တစ်ချောင်းမှာ ကဖင်းဓာတ် 40-50 ပါဝင်ပါတယ်။ ကျွန်တော် တို့ရဲ့ ဗဟို အာရုံကြောစနစ် ကြီးတစ်ခု လုံးအပေါ်မှာ ကဖင်းဓာတ်က လှုံ့ဆော်အား တစ်ခု အဖြစ်လုပ်ဆောင်ပေးပြီး အက်ဒရီနယ်လင် ဟော်မုန်း ကို ထွက်ရှိအောင် လုပ်ဆောင်ပေးတဲ့ အတွက် ကော်ဖီသောက်ပြီးရင် လူတွေဟာ လန်းဆန်း တက်ကြွ ဖျတ်လတ် လာတယ်ဆိုတဲ့ အချက်ကို လူတိုင်းသိပြီး ဖြစ်ပါတယ်။

အဆိုပါ အချက်ကို ညဆိုင်း အလုပ်သမားများ ၊ နံနက် စောစော အလုပ်ဝင်ရ သော အလုပ်သမားများ မှာကော်ဖီ သောက်ပြီး လန်းဆန်း တယ်ဆိုတာ တွေ့ရပါတယ် ။ တစ်နေ့ ကို လေးခွက် ၊ ငါးခွက် သောက်ခြင်းဟာ ဘေးဥပဒ် ကင်းပါတယ်။ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ အနေနဲ့တော့ တစ်နေ့ကို ကဖင်းဓာတ် 200mg ထက်ပို မသောက် သုံးသင့် ဘူးလို့ ဆိုထားပါတယ်

ကိုယ်တိုင် ကွန်ပျူတာဝယ်တဲ့ အခါသိသင့်တဲ့ အချက်တွေ

ကွန်ပျူတာတစ်လုံးကိုဝယ်ယူဖို့ဆုံဖြတ်တဲ့အခါမှာတော့ ဘယ်လိုအမျိုးအစားကိုဝယ်မယ်။ငွေကြေး
ပမာဏဘယ်လောက်သုံးမယ်ဆိုတာ ကိုစဉ်းစားဖို့လိုအပ်ပါတယ်။ ဒါ့အပြင်ကိုယ်သုံးစွဲမည့်ကွန်ပျူတာဟာ
ဘယ်လုပ်ငန်းအတွက် သုံးမယ်ဆိုတာကိုပါထည့်သွင်းစဉ်းစားဖို့လိုအပ်ပါတယ်။ နောက်ပြီးတော့ကိုယ်ဝယ်
မယ့်ကွန်ပျူတာနောက်ပိုင်းမှာ လိုအပ်လျှင်လိုအပ်သလိုတိုးချဲ့နိုင်ဖို့ အတွက်ပါထည့်သွင်းစဉ်းစားထားသင့်
ပါတယ်။
မော်နီတာ

မော်နီတာဝယ်မယ်ဆိုလျှင် ၁၇လက်မဟာ ငွေကြေး တတ်နိုင်သူ အတွက်တော့ ပိုကောင်းပါတယ်။
မော်နီတာထုတ်တဲ့ကုမ္ပဏီတွေထဲမှာ ဆမ်ဆောင်း၊ ဆိုနီ၊ ဖီးလစ်နဲ့ View Sonic တို့လိုနာမည်ကြီးတွေဟာ
သင့်လျော်သလိုမော်နီတာရဲ့ Pixleဟာသေးလျှင် ပိုကောင်းပါတယ်။ ဥပမာဝ.၂ ဟာ ၀.၀၂ထက်ပိုကောင်း
တဲ့အတွက် အသေအချာရွေးချယ်၍ ဝယ်ယူဖို့လိုအပ်ပါတယ်။ ဘာမှန်းမသိတဲ့တံဆိပ်ကိုဝယ်ယူမည့်အစား
နာမည်ရှိတဲ့အမှတ်တံဆိပ်ကို ဝယ်ယူတာဟာရေရှည်မှာစိတ်ချမ်းသာမှုကိုပိုမိုရရှိစေမှာဖြစ်ပါတယ်။

Motherboard

System Unit ကိုဝယ်ယူတဲ့အခါမှာတော့ ပထမဆုံးစဉ်းစားရမှာက Motherboard ပါ။ FSB ဟာပို
များလေပိုကောင်းလေပါပဲ။ ပြီးတော့ Motherboard ကလက်ခံနိုင်တဲ့ CPUရဲ့အမြန်နှုန်းရယ် Memory ရဲ့
အမြန်နှုန်းနဲ့ ပမာဏရယ်ကိုသိထားဖို့လိုအပ်ပါတယ်။ ငွေကြေးမတတ်နိုင်ရင်တောင်မှ Motherboard ကို
အကောင်းဆုံးဖြစ်အောင်ဝယ်ယူဖို့ဆုံးဖြတ်ပါ။ Memoryရဲ့အမြန်နှုန်းဟာ မြန်လေကောင်းလေဆိုပေမယ့်
Motherboard ကလက်ခံနိုင်တဲ့အမြန်နှုန်းကိုသာ Motherboard(Mailboard)ဖြတ်ယူမှာဖြစ်လို့ Mother-
boardဟာအရေးပါလှပါတယ်။ P3, P4စသည်ဖြင့်သတ်မှတ်မှုဟာ Motherboardပေါ်မှာ အဓိကမှီခိုနေပါ
တယ်။ CPU Memoryကဒ်နဲ့ Hard driveတို့လိုပစ္စည်းတွေက နောက်ပိုင်းလဲလှယ်ယူလို့ရပေမဲ့ Mother-
boardကအဲဒီလို လုပ်ဖို့အဆင်သိပ်မပြေပါဘူး။

CPU

CPUကိုဝယ်ယုတဲ့အခါမှာတော့ Celeron ဟာClassic လောက်တွက်ချက်နိုင်စွမ်းနဲ့အမြန်နှုန်းဟာ
အမျိုးအစားနဲ့ပမာဏတူလျှင်မကောင်းနိုင်ဘူးဆိုတာကိုသိထားသင့်ပါတယ်။ရိုးရိုးCPUတွေထက်Core 2
Duo တို့ Duo Core 2တို့ဟာပိုမိုပြီးကောင်းမွန်ပါတယ်။ MemoryMemory ကိုဝယ်ယူမယ်ဆိုလျှင် DDR
လား၊ DDR2လား၊ DDR3 လားဆိုတာကအရေးပါလှပါတယ်။ အများစုက Memory ရဲ့ Capicity (မှတ်
သားနိုင်စွမ်း)ဖြစ်တဲ့64MB, 128MB, 256MB, 512MBသို့မဟုတ် 1GBတို့ကိုသာအဓိက ထားကြတာများ
ပါတယ်။ တကယ်တော့ Capacity ထက်အမြန်နှုန်းဟာ ပိုမိုအရေးပါလှပါတယ်။ DDR က DDR2
ထက်ပိုမြန်ပါတယ်။

Hard drive

Hard drive ကိုဝယ်ယူတဲ့အခါမှာတော့သိုလှောင်နိုင်စွမ်း(capacity)နဲ့အမြန်နှုန်း (RPM) တို့ဟာ
သိသင့်တဲ့အချက်တွေပါ။ သိုလှောင်နိုင်စွမ်းပိုများ လေကောင်းလေဆိုပင်မယ့် အမြန်နှုန်းဖြစ်တဲ့ ၇၂၀၀
RPMသို့မဟုတ်1000RPM တို့ကိုအမြန်နှုန်းတွေဟာလည်းအရေးပါတယ်ဆိုတာကိုမမေ့ပါနဲ့။

Graphic Card

ရုပ်ပိုင်းဆိုင်ရာအတွက် Graphic Card ဟာအရေးပါလှတယ်။ အမျိုးအစား ကောင်းတဲ့ တံဆိပ်
ဟုတ် မဟုတ်ဆိုတာဈေးကွက်ကျွမ်းကျင်သူတွေနဲ့ပညာရှင်တွေသာသိနိုင် တာဖြစ်လို့သာမန်လူတွေအ
တွက်တော့နာမည်ရှိတဲ့တံဆိပ်ကိုသာရွေးဝယ်သင့်ပါတယ်။ Graphic Card မှာလည်းသိုလှောင်နိုင်စွမ်း
ဖြစ်တဲ့ 64 MB, 128MB, 250MB စတာတွေဟာအရေးပါလှပါတယ်။

Sound Card

အသံပိုင်းအတွက်အကောင်းဆုံးကတော့ Creative ကတ်တွေပါဘဲ။ Motherboard မှာပါတဲ့အ
သံစနစ်ဟာသာမန်အသုံးပြုသူတွေအတွက်လုံလောက်ပါတယ်။ပိုကောင်းတဲ့အသံအရည်အသွေးကိုလို
ချင်သူ တွေအတွက်သာ Sound ကတ်စိုက်ပြီးသုံးဖို့လိုပါတယ်။

Casing

Motherboard, Memory, CPU နဲ့ Monitor တို့ကိုစဉ်းစားပြီးတဲ့အခါမှာ Casing လို့ခေါ်တဲ့ပုံး
ကိုစဉ်စားဖို့ လိုအပ်ပါတယ်။ Motherboard ရဲ့အထိုင်ဟာ Casing မှာ အရေးပါလှပါတယ်။ အောက်ခံ
သံပြား ဟာမာ လေပိုကောင်းလေပါပဲ။ ပြီးတော့ Motherboard ကိုတပ်ချင်တဲ့အခါမှာ အရေးပါတဲ့အ
စိတ်အပိုင်းတွေအဖြုတ်တက်လုပ်ရတဲ့ မူလီဘောက်လေးတွေဟာလည့်း  Motherboard ကြွပြီးလိုက်
ပါမလာဖို့အတွက်အရေးပါလှပါတယ်။လေ၀င်လေထွက်ကောင်းဖို့ကအရေးပါလှပါတဲ့အတွက် Casing
သေးသေးလေးတွေမ၀ယ်ပါနဲ့၊ ပါဝါပိုင်းအတွက်ကတော့ပါဝါများလေပိုကောင်းလေပါဘဲ။ ကွန်ပျူတာ
ကိုဝယ်ယူတဲ့အခါမှာသက်ဆိုင်ရာDriver CD တွေကို ၀ယ်ယူတဲ့ဆိုင်ကနေတောင်းယူပါ။ အမြဲတမ်းက
တော့တခါတည်း ဆိုင်ကပေးလိုက်မှာဖြစ်ပါတယ်။ ဒီCD တွေဟာကွန်ပျူတာကိုပြုပြင်ထိန်းသိမ်းတဲ့အ
ခါမှာ အရေးပါလှတာဖြစ်လို့မပျောက်ပျက်အောင်အသေအချာထိန်းသိမ်းထားပါ။ကွန်ပျူတာကိုဖုန်များ
တဲ့နေရာမှာ မထားပါနဲ့ရေငွေ့ပျံမှုများတဲ့နေရာမှာမထားပါနဲ့၊ ဖြစ်နိုင်လျှင်၆လတစ်ခါ လောက် Casing
ထဲကဖုန်တွေကိုရှင်းလင်းပေးပါ။ ဖုန်တွေဟာရေငွေ့နဲ့တွေ့တဲ့အခါကွန်ပျူတာ ထဲကအီလက်ထရောနစ်
နှင့်အစိတ်အ ပိုင်းတွေကိုပျက်စီးစေတက်ပါတယ်။ကွန်ပျူတာရဲ့Casing ကိုဖွင့်ပြီးကိုင်တဲ့အခါမှာလက်
ကိုသန့်ရှင်းစွာပြု လုပ်ပြီးမှကိုင်တွယ်ဖို့လိုအပ်ပါတယ်။ ခန္ဓာကိုယ်ထဲမှာရှိတဲ့ လျှပ်စစ်ဓာတ်အားတွေကို
ပျောက်ပျက် စေဖို့အတွက်အလွယ်ကူဆုံးဖြစ်တဲ့မြေကြီးသို့မဟုတ်သံမံတလင်း မှာခဏ ရပ်နားပြီးကိုင်
တွယ်သင့်ပါတယ်။

Thursday, November 10, 2011

"Chatter (ချက်တာ) နှင့် Blogger (ဘလော့ဂါ)"



ပထမဦးဆုံး အနေ နဲ့ ဒီခေါင်းစဉ်လေးထဲက စကားလုံး နှစ်ခု ဖြစ်တဲ့ Chatter (ချက်တာ) နဲ့ Blogger (ဘလော့ဂါ) တို့ရဲ့ အဓိပ္ပါယ်ကို အရင်ဆုံးရှင်းဖို့ လိုမယ်ထင်ပါတယ်။ Chatter ဆိုတာ Internet သုံးတဲ့ အချိန်တွေထဲက တော်တော်များများကို online ပေါ်မှာရှိတဲ့ mIRC, Gtalk, Skype, vzochat စတဲ့ Chatting Software တွေကို သုံးပြီး မိတ်ဆွေတွေ၊ သူငယ်ချင်းတွေ၊ မိဘဆွေမျိုးတွေ၊ ဘယ်ကမှန်း မသိတဲ့သူတွေနဲ့ စကားစမြည် ဟိုဟိုဒီဒီ ပြောခြင်းနဲ့ ကုန်လွန်စေတဲ့သူတွေကို ဆိုလိုပါတယ်။

Blogger ဆိုတာကတော့ Internet သုံးတဲ့ အချိန်တွေထဲက အများစုကို Blog (Web log) လို့ ခေါ်တဲ့ Online Diary လေးတွေ ရေးသားကြတဲ့နေရာမှာ အသုံးပြုကြတဲ့သူတွေကို ဆိုလိုပါတယ်။ အခု ဒီနေရာမှာ အဓိကပြောချင်တာကတော့ Chatter (ချက်တာ) တစ်ယောက်နဲ့ Blogger (ဘလော့ဂါ) တစ်ယောက်ရဲ့ စိတ်နေစိတ်ထားတွေ၊ အရည်အသွေးတွေသူတို့ကြုံတွေ့ရတဲ့ ပတ်ဝန်းကျင်ကိုလိုက်ပြီး ဘယ်လိုဘယ်ပုံ ကွာခြားသွားတယ်ဆိုတဲ့ အချက်ကိုပဲ ဖြစ်ပါတယ်။
ဒါကိုပြောဖို့အတွက် ပထမဆုံးအနေနဲ့ Chatter တွေ ကျင်လည်ကျက်စားတဲ့ Chatting Website တွေရဲ့ သဘောသဘာဝနဲ့ Blogger တွေ ကျင်လည်တဲ့ Blog တွေရဲ့ သဘောသဘာဝတို့ကို ကျွန်တော်တို့အနေနဲ့ အရင်ဆုံးသိထားဖို့ လိုပါလိမ့်မယ်။ Chatter တွေရဲ့ ကျင်လည်ရာပတ်ဝန်းကျင်လို့ ပြောလို့ရတဲ့ Chatting Website တွေရဲ့ အကြောင်းကို စပြီးလေ့လာကြည့်ပါမယ်။ Chatter အများစုရဲ့ အဓိကကျင်လည်ရာဟာ mIRC ပါလို့ ပြောလို့ရပါတယ်…။ mIRC ထဲမှာမှ မြန်မာတွေ အသုံးအများဆုံးကတော့ Ygn chat ဆိုတဲ့ chat room (ချက်ရွမ်း)ပဲ ဖြစ်ပါတယ်။ ကိုယ့်နာမည်အရင်းကို သုံးစရာမလိုဘဲ နာမည်ပြောင်(nickname) တစ်ခုကို ကိုယ့်ရဲ့စကားဝှက် (password) တစ်ခုနဲ့ တည်ဆောက်လိုက်မယ်ဆိုရင် mIRC ထဲမှာရှိတဲ့ chat room တွေထဲက chatter တွေများစွာနဲ့ ကြိုက်သလို စကားပြောလို့ ရသွားပါတယ်။ သူကလဲ သူ့ nick နဲ့ဝင်၊ ကိုယ်ကလဲ ကိုယ့် nick နဲ့ဝင် တစ်ယောက်အကြောင်းလဲ တစ်ယောက်မသိ၊ တစ်ယောက်ကိုတစ်ယောက်လဲ မြင်ရနိုင်တာ မဟုတ်တဲ့အတွက် အဲဒီအထဲမှာ ကြိုက်တဲ့စကားလုံးကို ကြိုက်သလို ရေးနိုင်ပါတယ်။ ကိုယ်ရေးလိုက်တဲ့ စကားအတွက်လည်း ကိုယ်က တာဝန်ယူစရာ မလိုပါဘူး…။

mIRC အသုံးများတဲ့ Chatter တွေဟာ အပြင်လောကမှာလည်း စကားကို လက်လွတ်စပယ် ပြောတတ်လာပါတယ်။ လိမ်ရမှာ၊ ညာရမှာကို ရှက်တဲ့ ကြောက်တဲ့ စိတ်တွေလည်း ခေါင်းပါးလာပါတယ်…။ အစစအရာရာကို ပေါ့ပေါ့တွေးပြီး ကိုယ့်စကား၊ ကိုယ့်လုပ်ရပ်၊ ကိုယ့်အပြုအမူတွေနဲ့ ပတ်သက်ပြီး တာဝန်ယူမှု၊ တာဝန်သိမှုတွေ မရှိသလောက်ကို ဖြစ်လာတတ်ပါတယ်…။ ဒါဟာ chatting ပတ်ဝန်းကျင်ထဲမှာ အနေများတဲ့အတွက် အဲဒီအထဲကနေ ကိုယ့်ရဲ့စိတ်ထဲကို ကူးစက်လာတတ်တဲ့ ဘေးထွက်ဆိုးကျိုးတွေပဲ ဖြစ်ပါတယ်။

Blogger (ဘလော့ဂါ)တွေကတော့ Blog (ဘလော့ဂ်) ရေးကြပါတယ်။ www.blogger.com မှာ gmail account ကို သုံးပြီး Blog (ဘလော့ဂ်) တစ်ခုကို တည်ဆောက်ရယူနိုင်ပါတယ်။ Blog တစ်ခု ဖန်တီးတည်ဆောက်ဖို့ဆိုတာ chat room တွေထဲမှာလို account တစ်ခုလုပ်ပြီး ဝင် chat ရတာလောက် မလွယ်ကူဘူးဆိုတာ သေချာပါတယ်။ ဘလော့ဂ်ဆိုတာ တွေ့ကရာလူတွေနဲ့ ထွေရာလေးပါး ပြောနိုင်တဲ့ နေရာတစ်ခု မဟုတ်ပါဘူး…။ ဘလော့ဂါတစ်ယောက်ရဲ့ ပတ်ဝန်းကျင်မှာ ချက်တာတစ်ယောက်ရဲ့ ပတ်ဝန်းကျင်ထဲကလို ဘယ်ကမှန်းမသိတဲ့သူတွေ မရှိပါဘူး။ အ,လာပ သ,လာပ အရည်မရ အဖတ်မရ စကားလုံးတွေ မရှိပါဘူး…။

ဘလော့ဂါတစ်ယောက်ရဲ့ ပတ်ဝန်းကျင်မှာ သူခင်တဲ့သူငယ်ချင်းတွေ၊ သူရေးထားတဲ့စာလေးတွေကို ဖတ်ရှုအားပေးကြတဲ့ သူ့ရဲ့စာပေမိတ်ဆွေတွေ၊ သူတင်ထားတဲ့ ဓါတ်ပုံလေးတွေ၊ သူ့ရဲ့ဘဝအတွေ့အကြုံလေးတွေကို မျှဝေခံစားကြမယ့် ခံစားချက်ညီသူတွေ ရှိကြပါတယ်။ ဘလော့ဂါအများစုရဲ့ ဘလော့ဂ်မှာ သူတို့ရဲ့ အထ္တုပ္ပတ္တိအကျဉ်းကို ဖော်ပြထားကြပါတယ်။ သူ့ရဲ့နာမည်အရင်း၊ သူ့ရဲ့ဓါတ်ပုံ စတာတွေကို အမှန်အတိုင်းကို ဖော်ပြထားကြတာကို တွေ့ရပါမယ်။ အဲဒီလိုတင်ထားကြတာဟာ သူတို့ ဒီစာမျက်နှာတွေပေါ်မှာ တင်လိုက်တဲ့ စာ၊ ဓါတ်ပုံ၊ ပန်းချီ စတာတွေအတွက် သူတို့ အပြည့်အဝ တာဝန်ယူရဲတယ်ဆိုတဲ့ စိတ်ဓါတ်ကြောင့် ဖြစ်ပါတယ်…။

ဒါကြောင့် ဘလော့ဂ်တွေရဲ့ စာမျက်နှာတွေပေါ်မှာ လိမ်တာ၊ ညာတာတွေ သိပ်မပါပါဘူး။ ရိုင်းစိုင်းကြမ်းတမ်းတာတွေ သိပ်မပါပါဘူး။ ဘလော့ဂါတွေအနေနဲ့လည်း ကိုယ်ရေးလိုက်တဲ့ စာတွေအတွက် ကိုယ့်မှာ တာဝန်အပြည့်ရှိတယ်ဆိုတဲ့ အသိစိတ်ကြောင့် လက်လွတ်စပယ် မလုပ်တတ်ကြတာကို တွေ့ရပါတယ်။ ဘယ်နေရာမှာမဆို အကောင်းအဆိုး ဒွန်တွဲနေတဲ့သဘောအရ ကိုယ့်ပရိုဖိုင်လဲမဖော်ပြရဲ၊ ကိုယ်ရေးတဲ့ စာတွေအတွက်လဲ ဘာဆိုဘာမှတာဝန်မယူရဲ၊ အလိမ်အညာတွေ ရိုင်းစိုင်းကြမ်းတမ်းတဲ့ စကားလုံးတွေကိုလဲ သုံးစွဲဖို့ဝန်မလေးတတ်ကြတဲ့ ဘလော့ဂါအချို့ရှိပေမယ့် အရေအတွက်အားဖြင့် သိပ်မများ တာကိုတွေ့ရပါတယ်။ နောက်ပြီး ဘလော့ဂါတွေရဲ့ ဘလော့ဂ်တွေကို လေ့လာကြည့်တဲ့အခါ ကိုယ်ဝါသနာပါရာ တစ်ခုခုကို လိုက်ပြီး ပုံစံလေးတွေ ကွဲပြားသွားတာကို တွေ့ရပါတယ်။ ရသစာပေကို စိတ်ဝင်စားတဲ့သူကလည်း သူဖတ်ဖူးခဲ့တာလေးတွေကို မျှဝေသလို သူရေးထားတာလေးတွေကိုလည်း တင်တတ်ပါတယ်။ သုတလိုင်းဘက်ကို စိတ်ဝင်စားတဲ့သူကလည်း သတင်းသဘောမျိုးလေးတွေကို အမြဲတမ်း တင်ပေးနေတတ်ပါတယ်။ တချို့ ဓါတ်ပုံဝါသနာပါသူတွေကလည်း ဓါတ်ပုံလေးတွေ တင်ကြပါတယ်။ ဘလော့ဂါတစ်ယောက် ဖြစ်လာတဲ့သူရဲ့ ရည်ရွယ်ချက်ဟာ ချက်တာတစ်ယောက်ရဲ့ mIRC ထဲမှာ ကျူမယ်၊ အဆင်ပြေရင် gmail တောင်းပြီး Gtalk ကနေ စကားပြောမယ်… ပြီးရင် Vzochat လေးသုံးပြီး webcam လေးနဲ့ မျက်နှာလေးပါ ကြည့်လိုက်မယ်… အဆင်ပြေရင် အပြင်မှာ ချိန်းတွေ့ကြမယ်…ဆိုတဲ့ ရည်ရွယ်ချက်ထက် နည်းနည်းလောက်တော့ မြင့်သွားတယ်ဆိုတာ သိပ်ကို သေချာပါတယ်။

နောက်တစ်ခုက အားစိုက်ထုတ်ရမှုအပိုင်းပါ…။ ချက်တာတစ်ယောက်ဖြစ်ဖို့ဆိုတာ သိပ်ကိုလွယ်လွန်းပါတယ်…။ ဘလော့ဂါတစ်ယောက် ဖြစ်လာဖို့ကတော့ စစခြင်းမှာ လုံလောက်တဲ့ အားတစ်ခုစိုက်ထုတ်ရသလို နောက်ပိုင်းမှာလည်း စဉ်ဆက်မပြတ်တဲ့ အားစိုက်ထုတ်မှုတစ်ခုကို ဆက်လုပ်ပေးနေဖို့ လိုပါတယ်။ လုပ်ချင်စိတ်တစ်ခုနဲ့ အားတစ်ခုစိုက်ထုတ်ရုံပဲလား ဆိုတော့လည်း မဟုတ်သေးပါဘူး…။ ချက်တာတစ်ယောက်ရဲ့ အဆင့်ထက် အများကြီးပိုမြင့်တဲ့ နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်တတ်မြောက်မှုတွေ လိုပါသေးတယ်။ အနိမ့်ဆုံးဥပမာတစ်ခု ပေးရမယ်ဆိုရင်… chat room တွေထဲမှာ မြန်မာအသံထွက်ကို အင်္ဂလိပ်စာလုံးတွေသုံးပြီး Burglish လို ရိုက်လို့ရပေမယ့် ဘလော့ဂ်တွေထဲမှာတော့ Burglish နဲ့ ရေးထားတဲ့ဘလော့ဂ် လုံးဝမရှိပါဘူး…။ ရှိရင်လည်း ဘယ်သူမှ ဝင်ဖတ်မှာ မဟုတ်ပါဘူး။ အဲဒါကြောင့် ဘလော့ဂါတစ်ယောက်ဟာ သူ့ဘလော့ဂ်ကို အင်္ဂလိပ်လိုဖြစ်စေ၊ မြန်မာလိုဖြစ်စေ ရိုက်ပြီး တင်ကြရပါတယ်။ အင်္ဂလိပ်လိုပဲတင်တင်၊ မြန်မာလိုပဲတင်တင် လုံလောက်တဲ့ ကျွမ်းကျင်မှု တစ်ခု ကိုတော့ မဖြစ်မနေရအောင် ယူကြရတာပါပဲ…။

နောက်တစ်ခုက chatter တစ်ယောက် chat room အပေါ် စွဲလမ်းမှုနဲ့ blogger တစ်ယောက် သူ့ရဲ့ဘလော့ဂ်ကို စွဲလမ်းမှုမှာ မတူညီတဲ့ အကြောင်းရင်းတွေ ရှိနေပါတယ်။ ချက်တာတစ်ယောက် ချက်ရွမ်းတွေကို စွဲလမ်းသွားတာဟာ ဦးတည်ရာမရှိတဲ့ ပါးစပ်ဖျားက စကားလုံးတွေပေါ်မှာ သာယာတဲ့စိတ်ကြောင့် ဖြစ်ပါတယ်။ ဘလော့ဂါတွေရဲ့ ဘလော့ဂ်အပေါ် စွဲလမ်းမှုကတော့ နွေးထွေးတဲ့ ချစ်စဖွယ် သံယောဇဉ်တွေပေါ်မှာ အခြေခံပါတယ်။ ဘလော့ဂ်တွေမှာ ဘလော့ဂါနဲ့ လာရောက်ဖတ်ရှုကြသူတွေ အပြန်အလှန် စကားပြောလို့ရတဲ့ နေရာလေး တစ်ခုကို ဖန်တီးထားလို့ ရပါတယ်။ အဲဒါလေးကို Cbox လို့ခေါ်ပြီး မြန်မာဘလော့ဂါတွေကတော့ ဆီပုံးလို့ ချစ်စနိုး ခေါ်ကြပါတယ်။ နောက်ပြီး ကိုယ်တင်လိုက်တဲ့ ပို့စ် (post) တိုင်းရဲ့အောက်မှာလည်း စာဖတ်သူတွေအနေနဲ့ comment (ထင်မြင်ချက်)တွေ ဝင်ရေးပေးခဲ့လို့ ရပါတယ်။ အဲဒီအချက်လေးတွေကြောင့် ဘလော့ဂါတစ်ယောက်နဲ့ သူ့ရဲ့ဘလော့ဂ်ကို လာလည်ကြတဲ့သူတွေရဲ့ အကြားမှာ အပြန်အလှန် ဆက်နွယ်မှုလေးတစ်ခု စီးဆင်းနေတာကို တွေ့ရပါတယ်။

အဲဒါကြောင့် ဘလော့ဂါတစ်ယောက်ဟာ ဒီနေ့ သူ့ရဲ့ဘလော့ဂ်ကို ဘယ်သူများ လာလည်သွားသလဲ၊ ဘယ်သူတွေကများ ဘာတွေများ ဝင်ရေးသွားသေးသလဲ စတာတွေကို ဝင်ကြည့်… ကိုယ့်ကို နှုတ်ဆက်သွားသူတွေကိုလည်း ပြန်နှုတ်ဆက်… စတဲ့ အလုပ်တွေအတွက်နဲ့ ကိုယ့်ရဲ့ဘလော့ဂ်ကို စွဲလမ်းသွားတတ်ကြပါတယ်။ ဒါပေမယ့် ချက်တာတွေ ချက်ရွမ်းကိုစွဲလမ်းပြီး တစ်နေကုန်တစ်နေခမ်း အရေမရအဖတ်မရတွေနဲ့ စခန်းသွားနေချိန်မှာ ဘလော့ဂါတစ်ယောက်က ကိုယ့်ဘလော့ဂ်လေးကိုပြင်ဆင်မွမ်းမံ၊ ရေးချင်တာလေးတွေအသစ်ထပ်ရေး၊ ကိုယ့်ဆီ လာလည်ကြတဲ့သူငယ်ချင်းတွေကို ပြန်လည်နှုတ်ဆက်၊ အခြားကိုယ့်သူငယ်ချင်းတွေရဲ့ဘလော့ဂ်ကိုလိုက်လည်နဲ့ ကိုယ့်အတွက်လဲ အကျိုးမယုတ် သူများအတွက်လဲ အကျိုးရှိစေမယ့် အလုပ်တွေကို လုပ်နေတာ သေချာယှဉ်ကြည့်တဲ့အခါ တော်တော်လေးကိုကွာနေတာ တွေ့ရပါတယ်။

ချက်တာ (Chatter) တစ်ယောက်နဲ့ ဘလော့ဂါ(Blogger)တစ်ယောက် အဲဒီ့လို အဲဒီ့လို သူကြုံတွေ့ရတဲ့ ပတ်ဝန်းကျင်ကိုလိုက်ပြီး စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာမှာပါ ကွာခြားချက်တွေရှိနေတာမှန်ပေမယ့် … တကယ်တမ်း အင်တာနက်ကို ထဲထဲဝင်ဝင်သုံးစွဲနေကြတဲ့ လူငယ်တွေများစွာထဲက ၈ဝ ရာခိုင်နှုန်းလောက်ဟာ ချက်တာ(Chatter) တွေပဲဖြစ်နေတာကို ဝမ်းနည်းစွာပဲတွေ့မြင်ရပါတယ်။ အခုဆိုရင် နိုင်ငံတစ်ကာက မြန်မာဘလော့ဂါတွေရဲ့အရေအတွက်ဟာ ၁၅၀၀ ကျော်လောက်ရှိလာပြီလို့ ခန့်မှန်းရတဲ့ အတွက် တကယ်တမ်းလူဦးရေနဲ့ ယှဉ်ကြည့်တဲ့ အခါ အင်မတန်မှကိုနဲ နေသေးတာကို တွေ့ရပါတယ်။

ကျွန်တော့်စိတ်ထဲမှာ ဖြစ်စေချင်နေတဲ့ ဆန္ဒကတော့ Chatting လောကကြီးထဲကို အင်တိုက်အားတိုက် နဲ့ပျော်ဝင်နေကြတဲ့ လူငယ်တွေအနေနဲ့ ဘလော့ဂါ (Blogger) တစ်ယောက်ရဲ့ဘဝကိုကူးပြောင်းစေချင်တာပဲဖြစ်ပါတယ်။ ဘလော့ဂ်ရေးတဲ့ ဘလော့ဂါ (Blogger) တစ်ယောက်ရဲ့ဘဝကို မရောက်သေးရင်တောင် ဘလော့ဂ်တွေလိုက်ဖတ်တဲ့ Blog Reader ဘဝက ချက်တာတစ်ယောက်ရဲ့ ဘဝထက် ပိုမိုပြီး အကျိုးများနိုင်မယ်ထင်ပါတယ်။ မြန်မာဘလော့ဂ်တွေကို www.google.com က Goggle Search Engine မှာ မြန်မာလို ရိုက်ထည့်ပြီး ရှာကြည့် လို့ရပါတယ်။ နောက်ပြီး မြန်မာဘလော့ဂါတွေရဲ့ ဘလော့ဂ်တွေကို တတ်နိုင်သလောက် စုစည်းထားတဲ့ ဆိုဒ်လေးတွေ ကို ညွှန်းရမယ် ဆိုရင်တော့www.mmblogdirectory.blogspot.com, www.myanmarblogsdirectory.blogspot.com, www.myanmarblogdirectory.blogspot.com , www.myanmar-music.com/myanmarmusic/blogs.aspx , စတဲ့ နေရာလေး တွေပဲဖြစ်ပါတယ်။ ဘလော့ဂါတွေဟာ သူတို့ရဲ့ဘလော့ဂ်တွေမှာ အခြားသော ဘလော့ဂါတွေရဲ့ ဘလော့ဂ်တွေနဲ့ လင့်ခ်ချိတ် ထားတဲ့အတွက် အဲဒီ့ လင့်ခ်တွေကနေ တဆင့်လဲ သွားရောက် ဖတ်ရှု နိုင်ကြပါတယ်။

လူငယ်တွေအားလုံး ချက်တာ ဘဝကနေ ဘလော့ဂါ ဘဝကို ကူးပြောင်း နိုင်ကြပါစေဗျာ …။
နေဘုန်းလတ်။