စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Friday, December 2, 2011

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် အမေရိကန်သံရုံး၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့မှုများ

''ကျွန်မတို့မှာ အစိုးရအတွက် ကျွန်မတို့မြင်ချင်တဲ့ စဉ်ဆက်မပြတ် ဆောင်ရွက်သွားရမယ့် လုပ်ငန်းတွေအတွက် ရေးဆွဲသတ်မှတ်ထားတာတွေ ရှိပါတယ်။ ကျွန်မအနေနဲ့ သီးသန့်ဆွေးနွေးပွဲမှာရော၊ အများပြည်သူ ဆွေးနွေးပွဲတွေမှာပါ ပြောခဲ့တာကတော့ ကျွန်မတို့အနေနဲ့ လုပ် ဆောင်ချက်တစ်ခုကို လုပ်ဆောင်ချက်တစ်ခုနဲ့ တုံ့ပြန်ဆောင်ရွက်သွားမှာ ဆိုတာပါပဲ။

တစ်ကယ်လို့များ လုံလောက်တဲ့ တိုးတက်မှုများရှိခဲ့မယ်ဆိုရင်တော့ လုံးဝသိသာတာကတော့ ကျွန်မတို့အနေနဲ့ စီးပွားရေး ပိတ်ဆို့မှုတွေကို စဉ်းစားသွားမယ်ဆိုတာပါပဲ။ ဒါပေမယ်လို့ ကျွန်မ အရင်ကပြောသလိုပဲ ကျွန်မတို့အနေနဲ့ ထိတွေ့ဆက်ဆံမှုနဲ့ တွေ့ဆုံဆွေးနွေးမှုအဆင့်ဟာ အစဦးအဆင့်ပဲ ရှိသေးပါတယ်။ အဲဒီအဆင့်ကို လွန်ခဲ့တဲ့ နှစ်နှစ်အတွင်း ကြိုးစားတည်ဆောက်ခဲ့ရတာပါ''ဟု နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ဖြေကြားခဲ့သည်။

"ကျွန်မတို့ မြင်တွေ့နေရတဲ့ အားတက်ဖွယ်ရာ လက္ခဏာ၊ တိုးတက်မှု အခြေအနေတွေဟာ ကျွန်မတို့ အခိုင်အမာပြောထားတဲ့အရာတွေကို ပွင့်ပွင့်လင်းလင်း စမ်းသပ်နေတာပါပဲ။ ကျွန်မတို့အနေနဲ့ ဒီတိုးတက်မှုတွေမှာ အမှန်တကယ်ဖြစ်ပြီး စဉ်ဆက်မပြတ် ဖြစ်ပေါ်နေမှာလားလို့ သိချင်ပါတယ်" ဟုလည်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ထို့ပြင် "ကျွန်မအနေနဲ့ မြန်မာအစိုးရကို ရှင်းရှင်းလင်းလင်း ပြောကြားခဲ့တာကတော့ လုံလောက်တဲ့ တိုးတက်မှုများ ရှိခဲ့မယ်ဆိုရင်တော့ စီးပွားရေးပိတ်ဆို့မှုကို ရုပ်သိမ်းဖို့ ရှိတယ်ဆိုတာပါပဲ။ အခုအချိန်မှာတော့ ကျွန်မတို့အနေနဲ့ ဒါကို ဆွေးနွေးဖို့ရာ အဆင်သင့် မဖြစ်သေးပါဘူး။ ကျွန်မတို့အနေနဲ့ ထိတွေ့ဆက်ဆံမှု အခုမှ စတုန်းရှိပါသေးတယ်။ ကျွန်မတို့အနေနဲ့ နိုင်ငံရေး အကျဉ်းသားများအားလုံး လွှတ်ပေးတာကို မြင်ချင်ပါတယ်။ လေးနက်တဲ့ ငြိမ်းချမ်းရေးနဲ့ ပြန်လည်စည်းလုံးညီညွတ်ရေးကို ကျွန်မတို့ မြင်ချင်ပါတယ်။ ပြီးခဲ့တဲ့နှစ်ရက်အတွင်းမှာ တွေ့ခဲ့ရတဲ့လူတွေနဲ့သာမက ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း ကျွန်မတွေ့ခဲ့ဖူးတဲ့ လူတွေကပါ စီးပွားရေး ပိတ်ဆို့ မှုကို ရုပ်သိမ်းခြင်းဟာ စီးပွားရေးကို အကျိုးရှိစေပေမယ်လို့ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ဖို့လိုတယ်ဆိုတာကိုလည်း လက်ခံထားကြပါတယ်။ နောက်ပြီး နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု ပြုလုပ်ဖို့ လိုတယ်ဆိုတာပါပဲ။ အဲဒီလို လုပ်ခြင်းအားဖြင့် အကျိုးခံစားခွင့်တွေကို လူအနည်းအကျဉ်းသာ ခံစားရတာထက် လူအများစု ခံစားရမှာ ဖြစ် ပါတယ်" ဟုလည်း နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ဖြေကြားခဲ့သည်။

ရွှေည၀ါဆရာတော် ဟီလာရီ ကလင်တန်နှင့်တွေ့စဉ် ပြည်တွင်းစစ်ကြောင့် လူမှုဒုက္ခများကို အသိပေး

မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် နှင့် ပြည်တွင်းမှ လူမှုအဖွဲ့အစည်းမှပုဂ္ဂိုလ်များနှင့် တွေ့ဆုံစဉ် ရွှေည၀ါဆရာတော်က ပြည်တွင်းစစ်ကြောင့် ဒုက္ခရောက်နေသည့် အဖြစ်အပျက်များကို အဓိကထား အသိပေးပြောဆိုလိုက်သည်။

ဆရာတော်သည် နိုင်ငံခြားရေးဝန်ကြီး ကလင်တန်နှင့် တွေ့ဆုံသည့် သတင်းစာဆရာ လူမှုရေး ကူညီသူများ အပါအ၀င် နိုင်ငံရေး အကျဉ်းသားဟောင်း ၁၀ ဦးအနက်တဦး အပါအ၀င်ဖြစ်သည်။

ဆရာတော်က “ဒကာမကြီး ဒေါ်အောင်ဆန်းစုကြည်တို့ သမ္မတကြီး ဦးသိန်းစိန်တို့ မသိသေးတဲ့ တကယ့်အဖြစ်မှန်ကို ဘုန်းကြီးသိထားပါတယ်လို့” နိုင်ငံခြားရေး ၀န်ကြီးအား အသိပေးပြောဆိုခဲ့သည်။

ယမန်နေ့ညက အမေရိကန် သံရုံးယာယီတာဝန်ခံအိမ် ၌ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ရသည့် ဟီလာရီ ကလင်တန် (ဓါတ်ပုံ AFP)

၎င်းက ဗန်းမော်တွင် မိတကွဲ ဖတကွဲ ကမ့်ထဲ ရောက်ရသည့် သက်ကြီးရွယ်အိုများ၊ တောထဲတောင်ထဲ ပြေးလွှားစားသောက်နေရသည့် အခြေအနေအားလုံးကိုပြောပြခဲ့သည်ဟု ဆိုသည်။ ဆရာတော်ကပင် “အဓိကက ပြည်တွင်းငြိမ်းချမ်းရေး အများကြီးလိုတယ်၊ ဗြဟ္မစိုရ် တရားထွန်းကားတယ်ဆိုတဲ့ ဘုန်းကြီးတို့နိုင်ငံမှာ ဇီဝိတ ကရုဏာဆိုတဲ့ တရားချိုးဖောက်ခံရဆုံးကလည်း ဘုန်းကြီးတို့ နိုင်ငံပဲ” ဟု ပြောပြခဲ့သည်လည်း ပြောသည်။

ဆရာတော် ပြောဆိုသည်များကို ဟီလာရီ ကလင်တန်က စကားပြန်မှ တဆင့် အာရုံစိုက်နားထောင်ပြီး ခေါင်းညိတ်သည်ဟု လည်းဆရာတော်က ပြောသည်။

ဟီလာရီ ကလင်တန်နှင့် ယနေ့တွေ့ဆုံသူ ၁၀ ဦးတွင် အန်အယ်ဒီ အိတ်ခ်ျအိုင်ဗီဝေဒနာသည် ကူညီသူ မဖြူဖြူသင်း၊ သတင်းစာဆရာ မောင်ဝံသ၊ နာရေး ကူညီမှု အသင်းမှ ဒေါ်ရွှေဇီးကွက်၊ မြန်မာအီးဂရက်စ်မှ ဒေါက်တာနေ၀င်းမောင်၊ ဗေဒါအခမဲ့စာသင်ကျောင်း တာဝန်ခံ ကိုမျိုးရန်နောင်သိန်း၊ မလှလှစိုး၊ ၈၈ မျိုးဆက်ကျောင်းသား မဇင်မာအောင်၊ Generation Wave မှ ကိုဇေယျာသော်၊ လူရွှင်တော် ဇာဂနာတို့ ဖြစ်သည်။

မဖြူဖြူသင်းက အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးနှင့် တွေ့ဆုံမှုအပေါ် မြန်မာနိုင်ငံ ဒီမိုကရေစီ စနစ်သို့ သွားနေသည့်အချိန်တွင် ဒီမိုကရေစီ တိုင်းပြည် နိုင်ငံကြီးမှ လာရောက်သည့်အတွက် အကောင်းမြင်ကြောင်းနှင့်ု့ “မြန်မာပြည် အပြောင်းအလဲဖြစ်နေတဲ့ အချိန်မှာရောက်လာတဲ့ အတွက် ကျွန်မတို့အတွက် အများကြီး အကျိုးရှိမယ်လို့ မျှော်လင့်တယ် ”ဟုပြောသည်။

သတင်းစာဆရာ မောင်ဝံသက “မြန်မာပြည်မီဒီယာ နှင့်ပတ်သက်ပြီး ဖွံ့ဖြိုးတိုးတက်ဖို့လိုအပ်တဲ့အကြောင်းနဲ့ လေ့ကျင့်သင်ကြားဖို့လိုအပ်တဲ့အကြောင်း၊ အကျဉ်းကျ မီဒီယာသမားတွေ အမြန်ဆုံးလွတ်မြောက်ဖို့ ၀ိုင်း ၀န်းဆောင်ရွက်ဖို့ အကြောင်းပြောခဲ့တယ်” ဟု YPI သို့ပြောသည်။
အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်သည် နှစ်ပေါင်း ငါးဆယ်ကျော်အတွင်း မြန်မာနိုင်ငံသို့ ပထမဆုံး အကြိမ်လာရောက်သည့် အမေရိကန် အစိုးရခေါင်းဆောင် တဦးဖြစ်သည်။ မြန်မာနိုင်ငံ၏ လတ်တလော နိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲမှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံ အစိုးရအဖွဲ့ခေါင်းဆောင်များနှင့် ယမန်နေ့က နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။

ဟီလာရီသည် ယနေ့နံနက်တွင် ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံဆွေးနွေးခဲ့ကာ နေ့ခင်းပိုင်းတွင် ယခုလို လူမှုရေး နယ်ပယ်မှ ပုဂ္ဂိုလ် များနှင့် တွေ့ဆုံခြင်းဖြစ်သည်။ ။

ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် တွေ့ဆုံ




ယနေ့ နံနက် ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန် တို့ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်၌ တွေ့ဆုံအပြီး နှုတ်ဆက်နေကြစဉ်


ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်တို့သည် ၁နာရီ ၄၅ မိနစ်အကြာခန့် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် ယနေ့ နံနက် တွေ့ဆုံခဲ့သည်။ ထိုတွေ့ဆုံခဲ့မှုအပြီး ၎င်းတို့အတူ ၉ မိနစ်ခန့် မီဒီယာများနှင့်တွေ့ဆုံမှု ပြုလုပ်ခဲ့သည်။


ဒေါ်အောင်ဆန်းစုကြည်မှ ဟီလာရီကလင်တန်နှင့် တွေ့ဆုံမှုအပြီး မီဒီယာများသို့ပြောစကား

''ဟီလာရီအနေနဲ့ နေပြည်တော်မှာ နိုင်ငံတော် သမ္မတ၊ ၀န်ကြီးတွေ ၊ လွှတ်တော် ဥက္ကဋ္ဌတွေနဲ့ တွေ့ဆုံတဲ့အခါမှာ ကောင်းမွန်တဲ့ တွေ့ဆုံမှုရှိခဲ့တယ်။ မြန်မာနိုင်ငံရဲ့ ပြန်လည်ထိတွေ့ဆက်ဆံရာမှာ အမေရိကန်ရဲ့ ခြေလှမ်းအစတွေဖြစ်သလို နှစ်နိုင်ငံကြားမှာ နားလည်မှု၊ ဆွေးနွေးမှုတွေနဲ့ ဆက်သွားကြမှာ ဖြစ်ပါတယ်။ အခုအချိန်က အမေရိကန်က ကျွန်မတို့အတွက် ကောင်းမွန်တဲ့ဂိတ်ပေါက်တစ်ခုပဲ။ ဒီမိုကရေစီလမ်းကြောင်း ဖော်ဆောင်ရာမှာလိုအပ်တဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေ၊ လူမှုအဖွဲ့အစည်းတွေကြားမှာ ဂုဏ်သိက္ခာရှိရှိ ထိတွေ့ဆက်ဆံသွားဖို့ မျှော်လင့် တယ်။ ကျွန်မတို့ အကူအညီတွေ လိုပါတယ်။ အမေရိကန်နိုင်ငံမှ မဟုတ်ပါဘူး။ နိုင်ငံတကာမှာရှိတဲ့ လူမှုအဖွဲ့အစည်းတွေ အပါအ၀င်ပါ။ နိုင်ငံမှာလိုအပ်မယ့် နည်းပညာတွေအတွက် ပံ့ပိုးမှုတွေမှာ ကမ္ဘာ့ဘဏ်တွေလိုမျိုး နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ထိတွေ့ဆက်ဆံဖို့ လိုတယ်။ ယုံ ကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးသမားတွေ ပြန်လည်လွတ်မြောက်လာဖို့ အဲလိုပြောတဲ့အခါမှာ တိုင်းပြည်ရဲ့အခြေခံကျလှတဲ့ တရားဥပဒေစိုးမိုးရေးပိုင်းအရ နောင်မှာနိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်နိုင်အောင် လုပ်ဖို့လိုအပ်ပါတယ်။ ဒါ့ကြောင့် တရားဥပဒေစိုး မိုးရေးပိုင်းကို အထူးဂရုပြုဖို့ လိုအပ်ပါတယ်။ ပြီးတော့ ကျွန်မတို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်မှာ တိုင်းရင်းသားလူမျိုးစုတွေ အများကြီးပါ ။ တိုင်းရင်းသားလူမျိုးစုတွေရဲ့ သာတူညီမျှရှိစေမယ့် ခံစားခွင့်တွေ တိုင်းရင်းသားအရေးတွေကိုလည်း အလေးထားစဉ်းစားကြဖို့ မျှော် လင့်တယ်။ အဲဒီအတွက် ကျွန်မ အခိုင်မာယုံကြည်တာကတော့ မြန်မာနိုင်ငံရဲ့ တရားဥပဒေစိုးမိုးရေးပိုင်းမှာ လိုအပ်ချက်တွေကို အစိုးရသစ်၊ အမေရိကန်သာမက နိုင်ငံတကာအဖွဲ့အ စည်း၊ အတိုက်အခံ ၊တစ်ကမ္ဘာလုံးက တူညီတဲ့လုပ်ဆောင်ချက်၊ တန်ဖိုးတွေ သာရှိမယ်ဆို အားလုံးလက်တွဲပါဝင်ကူညီကြဖို့ လိုတယ်။ ကျွန်မယုံကြည်ပါတယ် ဒီမိုကရေစီစနစ်ကို ဘယ်တော့မှ နောက်ပြန်မကွေ့ဘူးဆိုတာ။ ပြီးတော့ တရုတ်နိုင်ငံ အရေးကိစ္စပါ။တရုတ်က ကျွန်မတို့ရဲ့ အိမ်နီးချင်းနိုင်ငံဖြစ်သလို ကောင်းမွန်တဲ့ ဆက်ဆံ ရေးတွေ ဆက်ရှိနေဖို့လည်း ကျွန်မမျှော်လင့်တယ်"

ဟီလာရီကလင်တန် မှ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမှုအပြီး မီဒီယာများသို့ပြောစကား

''ကျွန်မအနေနဲ့ ပြောချင်တာကတော့ ဒီမိုကရေစီဆိုတာ ပန်းတိုင်တစ်ခုပါ။ အမေရိကန်ဟာ မြန်မာနိုင်ငံနဲ့ အမှန်တစ်ကယ်ပဲ မိတ်ဖွဲ့နိုင်ငံဖြစ်ချင်ပါတယ်။ ကျွန်မတို့ အလုပ်တွေလည်း အများကြီးလုပ်ချင်ပါတယ်။ အကယ်၍ ဒီထက်ပိုပြီး ဒီမိုကရေစီနည်း ကျင့်သုံးမယ်၊ နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးမယ်၊ ကာလကြာရှည်စွာရှိခဲ့တဲ့ တိုင်းရင်းသားရေးရာ ပဋိပက္ခတွေ အဆုံးသတ်မယ်၊ ပြီးတော့ ရွေးကောက်ပွဲမှာ လွပ်လပ်ပြီး တရားမျှတပြီး ယုံကြည်နိုင်လောက်တဲ့အခြေအနေတွေ ဖြစ်လာမယ်ဆိုရင်ပေါ့။ နောင်မှာလည်း အ မေရိကန်က အနီးကပ် ဆက်လက်ပြီး စစ်မှန်တဲ့အကူအညီပေးမှုတွေ အကြံပေးမှုတွေ လုပ်ဆောင်သွားမှာပါ။ နှစ်ပေါင်းများစွာက မြန်မာက လူအများရှေ့မှာ ရပ်တည်ဖို့ ခက်ခဲမှုအနေအထားတွေ ရှိခဲ့တယ်။ အခုအချိန်မှာတော့ ကျွန်မတို့မြင်ချင်တာက မြန်မာဟာ ကမ္ဘာမှာ မှန်ကန်တဲ့နေ ရာတစ်ခုမှာ ရှိနေမှုပါ။ ပြီးတော့ မြို့သာမက ကျေးလက်ဒေသမှာရှိနေတဲ့ ဖွံ့ဖြိုးမှုလိုအပ်တဲ့ မိသားစုတွေ၊ ကလေးသူငယ်တိုင်းဟာ ကောင်းမွန်တဲ့ ပညာရေးတွေပေးနိုင်အောင် အခွင့်အရေးတွေ ရှိရမယ်။ ကျန်းမာရေး စောင့်ရှောက်မှုတွေ ရှိရမယ်။ အမေရိကန်အနေနဲ့ မြန်မာနဲ့ အကောင်း ဆုံး မိတ်ဖက်နိုင်ငံအဖြစ် မျှော်လင့်ပါတယ်။ အနာဂတ်မှာတော့ နိုင်ငံသားတိုင်းဟာ မှန်ကန်တဲ့နေရာတစ်ခုမှာ ရှင်သန်ရပ်တည်နိုင်ဖို့ ကျွန်မတို့ စောင့်ကြည့်မျှော်လင့်မိပါတယ်''

လွတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းမှ ဟီလာရီသို့ ပြောကြားချက်

နေပြည်တော်ရောက် အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်နှင့် ပြည့်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း တွေ့ဆုံစဉ် သူရဦးရွှေမန်းက ပြောကြားချက် အချို့

အဆွေတော်၏ ခရီးစဉ်ကို ကမ္ဘာက စောင့်ကြည့်နေသည်ဟု ထင်ပါသည်။ ယခုလိုလာရောက်သည့် အတွက် ၀မ်းသာပါသည်။ အဆွေတော်တို့ သိရှိသည့် အတိုင်း ယခင်အစိုးရလက်ထက်တွင် လွှတ်တော်ဆိုသည်မရှိခဲ့ပါ။ သို့သော်ယခု စနစ်သစ်၏ ထူးခြားချက်မှာ လွှတ်တော်များပေါ်ပေါက်လာခြင်းဖြစ်ပါသည်။

ကျွန်တော်တို့ လွှတ်တော်မှာ ပြည်သူများအကျိုးစီးပွားနှင့် နိုင်ငံတော် အကျိုးစီးပွားအတွက် အဓိကထား ဆောင်ရွက်သွားမှာ ဖြစ်ပါသည်။ လွှတ်တော်ကို ခိုင်ခန့်အောင် ခိုင်မြဲအောင် ကြိုးစားဆောင်ရွက်နေပါသည်။ အဘယ်ကြောင့်ဆိုသော် ပြုပြင်ပြောင်းလဲရေးနှင့် ဒီမိုကရေစီ စနစ်ကို နောက်ကြောင်းပြန်မလှည်ပဲ ရှေ့သို့တိုးတက်အောင် ဆောင်ရွက်လို၍ ဖြစ်ပါသည်။ အုပ်ချုပ်ရေး စီးပွားရေး လူမှုရေး ကိစ္စများစွာဆောင်ရွက်ရန် ကျန်နေသေး၍ ဖြစ်ပါသည်။

နိုင်ငံသားများ၏ မူလအခွင့်အရေး ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး တိုင်းရင်းသားအရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး များတွင် နိုင်ငံသားတိုင်း All inclusive ပါဝင်ပြီး နိုင်ငံရေး လုပ်ဆောင်ခွင့်ရရေး၊ ထိုသို့လုပ်ဆောင်နိုင်ရန် အတွက်၎င်း၊ တိုင်းရင်းသားညီညွတ်မှုရရေး၊ အကျဉ်းသားများ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ရရေး တို့တွင်လည်း အိမ်နီးချင်းနိုင်ငံများ ကမ္ဘာ့ကုလသမ္မဂတို့နှင့် ချစ်ကြည်ရင်းနှီးစွာပူးပေါင်းဆောင်ရွက်မှု အပြည့်အ၀ရှိရေးတို့တွက် မိမိတို့နိုင်ငံ၏ နိုင်ငံခြားရေး မူဝါဒ ၊ ကုလမသမ္မဂ လုံခြုံရေး ကောင်စီ၏ ဆုံးဖြတ်ချက်များအပြည့်အ၀လိုက်နာရေး တို့ဖြစ်ပါကြောင်း ပါရှိသည်။ ။

အမျိုးသား လူ့အခွင့်အရေး ကော်မရှင်နှင့် မိုက်ကယ်ပေါ့စနာတွေ့ဆုံ

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်အချို့နှင့် မြန်မာနိုင်ငံရောက်ရှိနေသည့် အမေရိကန်နိုင်ငံ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် အလုပ်သမားရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ်ပေါ့စနာတို့ ယနေ့ နံနက် ၇ နာရီက ချက်ထရီယမ် ဟိုတယ်၌ တွေ့ဆုံခဲ့ကြောင်း ကော်မရှင် အတွင်းရေးမှူး ဦးစစ်မြိုင်က YPI သို့ပြောသည်။

အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ပေါ့စနာမှာ အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်နှင့်အတူ လိုက်ပါလာခြင်းဖြစ်သည်။



အမေရိကန် နို်င်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန် ယမန်နေ့ညက ရွှေတိဂုံစေတီသို့ သွားရောက်စဉ်

ယနေ့ နံနက်တွေ့ဆုံမှုတွင် တနာရီဝန်းကျင်ကြာမြင့်ပြီး လူ့အခွင့်အရေးကောင်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြ၊ အတွင်းရေးမှူးဦးစစ်မြိုင်နှင့် အခြားအဖွဲ့ဝင်နှစ်ဦးပါဝင်ကာ အမေရိကန်နိုင်ငံဘက်မှ လက်ထောက် နိုင်ငံခြားရေးဝန်ကြီးနှင့် ၎င်း၏ လက်ထောက်နှစ်ဦး တို့ပါဝင်သည်ဟုလည်း ဦးစစ်မြိုင်က ပြောသည်။

“ အဓိကဆွေးနွေးတာကတော့ သူတို့ ကကျွှန်တော်တို့ ကော်မရှင်ကို ကူညီချင်တယ်လို့ ကမ်းလှမ်းတယ်။ နောက်အသိအမှတ်လည်း ပြုတယ်ပေါ့။ ဆက်လက်ပူးပေါင်းရမယ့် လုပ်ဆောင်ချက်တွေ ဆွေးနွေးကြတယ်။ အသေးစိတ်ကတော့ လောလောဆယ် ထုတ်ပြောလို့တော့မရသေးဘူး”ဟု ၎င်းတို့ကဆိုသည်။

မိုက်ကယ်ပေါ့စနာ ဘက်မှ ကော်မရှင်အနေနှင့် မဟုတ်ဘဲ လူ့အခွင့်အရေးနှင့် ပတ်သတ်သည့် လုပ်ဆောင်ချက်များကို ကူညီချင်ကြောင်း ပြောကြားခဲ့သည့်အပြင် ပူးပါင်းဆောင်ရွက်ရမည့်လုပ်ငန်းများမှာ လာမည့်အနာဂတ်တွင် ဆက်လက်ဆွေးနွေးရမည်ဖြစ်ပြီး ၄င်းမှာ နှစ်နိုင်ငံ ရင်းနှီးချစ်ကြည်မှုနှင့်လည်း သက်ဆိုင်ကြောင်းပြောသည်။

ကော်မရှင်ဘက်မှ ၎င်းတို့၏ လုပ်ဆောင်ချက်များ၊ အိတ်ဖွင့်ပေးစာနှင့်ပတ်သတ်သည့် ရှင်းပြချက်များ နိုင်ဝင်ဘာတွင်ကျင်းပခဲ့သည့် အရှေ့တောင်အာရှ လူ့အခွင့်အရေးကော်မရှင်ရုံးနှင့် ပူးပေါင်းဆောင်ရွက်သည့် အလုပ်ရုံဆွေးနွေးပွဲ အကြောင်းကို ရှင်းပြခဲ့သည်ဟုဆိုသည်။

ထို့ပြင် လူ့အခွင့်အရေးကော်မရှင် မှလာမည့်လများတွင် လူ့အခွင့်အရေးနှင့် ပတ်သက်သည့်ပြည်တွင်းခရီး စဉ်သွားရန် ရှိသည့်အစီအစဉ်များကိုလည်း ရှင်းပြခဲ့သည်ဟုဆိုသည်။

ယမန်နေ့က နိုင်ငံတော်သမ္မတ ဦးသိန်းစိန် နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မစ္စစ်ဟီလာရီ ကလင်တန် ဦးဆောင်သည့် အဖွဲ့တို့ တွေ့ဆုံရာတွင် လူ့အခွင့်အရေးကိစ္စနှင့်စပ်လျဉ်းပြီး ပြောဆိုရာတွင် မြန်မာနိုင်ငံ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဖွဲ့စည်း လုပ်ဆောင်လျှက်ရှိသည်များကို အသိအမှတ်ပြုပါကြောင်းနှင့် လာမည့်နှစ်အစောပိုင်းတွင်အဖွဲ့တဖွဲ့စေလွှတ်လိုကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် လူ့အခွင့်အရေး ဆိုင်ရာကိစ္စများနှင့်ပတ်သက်ပြီး ကမ္ဘာ့ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်စေလိုကြောင်းလည်း နိုင်ငံခြားရေး ၀န်ကြီးက တိုက်တွန်းခဲ့သည်။

ကော်မရှင်၏ အတွင်းရေးမှူးဖြစ်သူ ဦးစစ်မြိုင်က အဆိုပါအဖွဲ့ကို ၎င်းတို့အနေဖြင့် ကြိုဆိုပါကြောင်း YPI သို့ပြောသည်။
လက်ရှိ အမျိုးသား လူ့အခွင့်အရေးကော်မရှင်ထံသို့ မြေယာသိမ်းဆည်းခံရခြင်းနှင့်ပတ်သတ်သော အငြင်းပွားမှုများနှင့် တရားရုံးအမှုများ လာရောက်တိုင်ကြားမှုများပြား၍ နယ်မှလာရောက် တိုင်ကြားသူများကြောင်းလည်း ၄င်းကဆက်ပြောသည်။ ။

Thursday, December 1, 2011

၁၅ ရက်အတွင်း ဇာဂနာ နိုင်ငံကူး လက်မှတ် ရရှိ



ဒါရိုက်တာ သရုပ်ဆောင် ဦးသူရ(ခ) ဇာဂနာသည် နိုဝင်ဘာလ ၂၄ ရက်က နိုင်ငံကူး လက်မှတ် ရရှိခဲ့ကြောင်း ၄င်း၏ မိသားစုဝင် တစ်ဦးက ပြောသည်။

“ကိုသူရက နိုင်ငံကူးလက်မှတ် (Passport) ကို တစ်ခါမှ မလျှောက်ခဲ့ဖူးပါဘူး။ အခုတစ်ခေါက်လွတ်လာပြီးနောက် ပိုင်းမှ လျှောက်ဖြစ်ခဲ့တာပါ။ စလျှောက်တာကနေ ၁၅ ရက်အ တွင်း ပတ်စ်ပို့ရပါတယ်။ ကုန်ကျ စရိတ်ကလည်း တခြား သူတွေ ပေးသွင်းရတဲ့နှုန်းအတိုင်းပဲ ပေးသွင်းရပါတယ်။ လောလော ဆယ်တော့ ကိုသူရက အမေရိကကို သွားဖို့ စီစဉ် ထားပါတယ်။ အမေရိကမှာ သူလုပ်ဖို့စီစဉ်ထားတာ နှစ်ခု၊ သုံးခုလောက်ရှိ ပါတယ်။ သူ့မိသားစုတွေနဲ့တွေ့ဖို့ရယ်၊ ကလင်တန်ဖောင်ဒေးရှင်းက ဖိတ်ထားတာကို သွားလေ့လာဖို့ရယ်ပေါ့။ အငြိမ့်ကဖြစ် မကဖြစ်ကတော့ မသေချာပါ ဘူး”ဟု ဇာဂနာ၏ ခယ်မဖြစ်သူ မငြိမ်းငြိမ်းက ပြောသည်။

ဇာဂနာသည် ယခုရက်ပိုင်းအတွင်း ၄င်းကြီးကြပ်စီစဉ်နေသော လွတ်လပ်ခြင်းအနုပညာ ရုပ်ရှင်ပွဲတော်ကိစ္စများဖြင့် အလုပ်များနေပြီး အမေရိကန်ခရီးစဉ်ကို ယင်းရုပ်ရှင်ပွဲတော် ပြီးစီးမည့် ဇန်နဝါရီလ ၄ ရက်နောက် ပိုင်းမှသာ သွားရောက် နိုင်မည်ဟု မငြိမ်းငြိမ်းက ဆက်လက်ပြောသည်။

NLD လွှတ်တော်ထဲ ရောက်လာလျှင် ၀မ်းမြောက် ၀မ်းသာ ကြိုဆိုမည်ဟု ဆို

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အနေဖြင့် လွှတ်တော်ထဲ သို့ ရောက်ရှိ လာမည် ဆိုပါက ဝမ်းမြောက် ဝမ်းသာ ကြိုဆိုမည် ဖြစ်ကြောင်း ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ယနေ့ ပြောကြားသည်။

ဆက်လက်၍လည်း အဆိုပါ ပါတီ၏ အထွေထွေအတွင်းရေး မှူးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် အရွေးချယ် ခံမည်ဆိုပါက ပြည်သူ့လွှတ်တော် နှင့်တကွ လွှတ်တော် ဥက္ကဋ္ဌကပါ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုမည် ဟု သူရဦးရွှေမန်းက ပြောကြား သည်။

“NLD လွှတ်တော်ထဲ ရောက်လာမယ်ဆိုရင် လွှတ်တော်အနေနဲ့ ဝမ်းမြောက်ဝမ်းသာကြိုဆိုမယ်၊ နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပေါ်လာမလားဆိုတာတော့ ဒီနေ့သွား နေတဲ့ နိုင်ငံရေးလမ်းကြောင်းနဲ့ ပတ်သက် လို့တော့ အပြောင်းအလဲရှိစရာမရှိဘူး။ လွှတ်တော်ဥက္ကဋ္ဌ တစ်ယောက်အနေနဲ့ ပြောရမယ် ဆိုရင် ပိုတောင်ပီပြင်လာမယ့် သဘောရှိပါတယ်”ဟု သူရဦးရွှေမန်းက ယနေ့သတင်းထောက် များနှင့် တွေ့ဆုံစဉ် ပြော ကြားသွားသည်။

ကျင်းပရန်ရှိသည့် ကြားဖြတ် ရွေးကောက်ပွဲနှင့် ပတ်သက်၍မူ မည်သူက၊ မည်သည့်အချိန်တွင် ကျင်းပရမည်ဆိုသည့်ဥပဒေအတိ အကျပြဋ္ဌာန်းထားခြင်း မရှိသေး ကြောင်း သိရသည်။

“ကြားဖြတ်ရွေးချယ်တင် မြောက်ပွဲနဲ့ပတ်သက်လို့ ဘယ်သူ ကဘယ်အချိန်မှာ ကျင်းပရမယ်ဆို တဲ့လောလောဆယ်တော့ ဥပဒေမှာ အတိအကျပြဋ္ဌာန်းထားတာမ ရှိတဲ့အတွက် ဒီကိစ္စနဲ့ပတ်သက်ပြီး တော့ တိတိကျကျဖြစ်အောင်နဲ့ ဖြစ်မြောက်ရေးအတွက်လည်း မိမိတို့ လိုလားပါတယ်”ဟု သူရဦးရွှေ မန်းကပြောသည်။ ဆက်လက်၍ ၄င်းက “ကြားဖြတ် ရွေးချယ် တင်မြောက်မယ်ဆိုရင်တော့ ရွေးချယ်တင် မြောက်ပွဲမလုပ်ခင် အချက်အလက် နည်းနည်းမှားရင်မှားနိုင်ပါ တယ်။ သုံးလ ကြိုတင်ကြေညာရပါ တယ်၊ စကြေညာပြီဆိုရင်တော့ နောက်သုံးလအတွင်းမှာ ရွေး ကောက်ပွဲလုပ်ဖြစ်မှာဖြစ်ပါတယ်။ လောလောဆယ်တော့ နောက် သုံးလအတွင်းမှာတော့ လုပ်စရာ အကြောင်း မရှိသေးပါဘူး”ဟု ပြောကြားသွားသည်။

ကားအရောင်းစင်တာ ဖွင့်လှစ်ခွင့် ကုမ္ပဏီ သုံးခု စတင် ရရှိ

ကား အရောင်း စင်တာ ဖွင့်လှစ် ခွင့်ကို ပုဂ္ဂလိကကုမ္ပဏီသုံးခုသို့ ခွင့်ပြု ပေးလိုက်ပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။

“သတ်မှတ်ချက်နဲ့ညီတဲ့ ကုမ္ပဏီလေးခုမှာ နှစ်ခုက ပိုင်ရှင်တူနေတဲ့အတွက် သုံးခုကိုပဲ ပေးလိုက်တာပါ”ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ စတင်ဖွင့်ခွင့်ရရှိ သော ကုမ္ပဏီသုံးခုမှာ Sakura၊ Sandarar နှင့် Diamond Auto တို့ဖြစ်သည်။ ရန်ကုန်မြို့တွင် ဖွင့်လှစ်သော Diamond Auto အရောင်းပြခန်းမှ မှာယူထားသော ကားများမှာ ဒီဇင်ဘာလဆန်းတွင် ရောက်ရှိမည် ဖြစ်ပြီး အစီး ရေ ၁၀ဝ ရောင်းချခွင့်ရထားကြောင်း အဆိုပါကုမ္ပဏီမှ တာဝန်ရှိသူကပြောသည်။

“ဝယ်ယူခွင့်စလစ်ရှိသူတိုင်းကို ရောင်းပေးမယ်။ ၉၈၊ ၉၉ မော်ဒယ်တိုယိုတာ မတ်ခ်တူးကားကို ဒေါ်လာ ၅၅၀ဝနဲ့ ရောင်းပေးမယ်”ဟု အဆိုပါ တာဝန်ရှိသူကဆိုသည်။

နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင် ဖွင့်လှစ်ရန် စီစဉ်ထားသော ဆာကူရာအရောင်းပြခန်းမှ မှာယူထားသော ကားများသည် ဒီဇင်ဘာတတိယပတ်တွင် ရောက်ရှိမည်ဖြစ်ပြီး ကားအစီးရေ ၃၀ဝ တင်သွင်းရောင်းချ ခွင့်ရရှိထားကြောင်း အဆိုပါ ကုမ္ပဏီမှတာ ဝန်ရှိသူကပြောသည်။

ကုမ္ပဏီလေးခုကိုပါ ကားအရောင်းစင်တာဖွင့်လှစ်ရန် ခွင့်ပြုပေးလိုက်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်းက နိုဝင်ဘာ ၂၈ရက်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြောကြား ခဲ့သည်။

ငွေလဲ ကောင်တာတွင် ဝယ်ယူရန် ငြင်းပယ် ခံရမှုများ ရှိ



အစိုးရက တရားဝင် ဖွင့်လှစ် ပေးထားသော နိုင်ငံခြား ငွေလဲ ကောင်တာများတွင် FED (Foreign Exchange Declaration) နိုင်ငံခြား ငွေလဲလှယ်ခွင့် ကြေညာလွှာ ရှိသူများပင် ငွေလဲလှယ်၍ မရကြောင်း သတင်းရရှိ သည်။

“ကျွန်မ ယောကျာ်းက သင်္ဘောသားပါ။ ပြန်လာတော့ ပါလာတဲ့ငွေကို FED ဖောင်ဖြည့် ခဲ့တယ်။ အဲဒီ့ဖောင်နဲ့ ဒေါ်လာ ၁၀ဝ သွားရောင်းတာ၊ ကိုယ်စားလှယ် လွှဲစာမပါလို့ မဝယ်ဘူးလို့ ပြောတယ်”
ဟု ယခုရက်ပိုင်း ငွေလဲ ကောင်တာသို့ သွားရောက်ရောင်း ချခဲ့သူ အမျိုးသမီးတစ်ဦးက ပြောသည်။

အတွင်း နေထိုင်သော သင်္ဘောသားပါလာသော ဒေါ်လာနှစ်ထောင် အား FED ဖောင်ဖြင့် သွားရောက် ရောင်းချရာတွင် ကိုယ်စားလှယ် လွှဲစာမပါသဖြင့်မဝယ်ယူကြောင်း အဆိုပါအမျိုးသမီးကပြောသည်။ “FED ဖောင်ကိုပွားပြီး လာ ပြီး ဝယ်ရတာတွေရှိတယ်”ဟု သိမ်ဖြူလမ်း ငွေလဲကောင်တာမှ တာဝန်ရှိသူတစ်ဦးက FED လက်မှတ်ပါသော်လည်း ငွေလဲလှယ်ရာတွင် မဝယ်ဘဲ စိစစ်နေရခြင်း၏ ကြောင်းရင်းကို ပြောသည်။

သို့သော် နိုင်ငံတော်က FED ဖောင်ရှိသူများနှင့် နိုင်ငံခြားငွေ ကိုင် ဆောင်ခွင့်လိုင်စင် ရှိသူများထဲမှ နိုင်ငံခြားငွေသုံးမျိုးအား ဝယ်ယူ ကြောင်း အောက်တိုဘာလလယ် ၌ တရားဝင်စာထုတ်ထားခဲ့သည်။ “လွှဲစာပါမှ ဝယ်မယ်ဆိုလည်း တရားဝင် စာထုတ်လေ။ အခုက ဘာမှမပြောဘဲ သွားရောင်းမှ လွှဲစာ မပါလို့မဝယ်ဘူးဆိုတာ သိပ်အ ဆင်မပြေဘူး”ဟု အထက်ပါ အမျိုး သမီးက ဆိုသည်။

ပြည်ပ စာပို့ခ နှုန်းထား ၁၅ ဆကျော် တိုးမြှင့်

ပြည်ပ စာပို့ခ နှုန်းထားများကို ၂၀၁၁၊ နိုဝင်ဘာ ၃၀ ရက်မှ စတင် ကာ မူလလက်ခံဆောင်ရွက်ပေး နေသော နှုန်းထားများထက် တစ်ဆယ့်ငါးဆ ကျော်အထိ တိုးမြှင့် သတ်မှတ်လိုက်ပြီ ဖြစ်ကြောင်း မြန် မာ့ ဆက်သွယ်ရေး လုပ်ငန်း၊ စာပို့ တိုက်လုပ်ငန်းမှ သတင်းရရှိသည်။ ယခင်က ပြည်ပသို့စာများ ပေးပို့ရာတွင် ရိုးရိုးစာတစ်စောင်လျှင် ၃၀ ကျပ်နှင့် မှတ်ပုံတင်ချောစာ (Register Letter) တစ်စောင်လျှင် ၈၀ ကျပ် သတ်မှတ် ထားသည်။

ယခုလကုန်ရက်မှ စတင်တိုး မြှင့်သတ်မှတ်တော့မည့် အဆိုပါ ပြည်ပစာပို့ခနှုန်းထားများမှာ ရိုးရိုး စာတစ်စောင်လျှင် ၃၀ ကျပ်မှ ၅၀ဝ ကျပ်နှင့် (Register Letter) တစ်စောင်လျှင် ၈၀ ကျပ်မှ၁ç၂၀ဝ ကျပ်အစ ရှိသည်တို့ဖြစ်သည်။

အဆိုပါစာပို့ခနှုန်းထားများ မှာ ၂၀ ဂရမ်အလေးချိန်ပေါ်တွင် အခြေခံပြီး ပေးဆောင်ရမည်ဖြစ် ပြီး ၂၀ ဂရမ်အထက်ကျော်လွန်ပါ က အခြေခံသတ်မှတ်နှုန်းထား များ အတိုင်း မြင့်တက်သွားမည် ဖြစ်သည်။ ထို့အပြင် နိုင်ငံတကာသို့စာ များပေးပို့ရာတွင် အပိုင်း သုံးပိုင်း ခွဲခြားထားပြီး အပိုင်းအလိုက် ပေး ဆောင်ရမည့် နှုန်းထားများလည်း ကွာခြားသွားမည်ဟုသိရသည်။ အပိုင်းသုံးပိုင်းမှာ ဇုန် (A)၊ ဇုန် (B)နှင့် ဇုန် (C)တို့ဖြစ်သည်။ ဇုန် (A) တွင် အမေရိက အာဖရိကနှင့် အရှေ့အလယ်ပိုင်း နိုင်ငံများဖြစ်သည်။ ဇုန်(B)တွင် ဥရောပနိုင်ငံ များဖြစ်သည်။

ဇုန် (C) တွင် အာရှနှင့် ပစိ ဖိတ်ဒေသနိုင်ငံများဖြစ်ကြသည်။ ယခုကဲ့သို့ ပြည်ပစာပို့ခနှုန်း ထားများကို တိုးမြှင့်သတ်မှတ်ရ ခြင်းမှာ အစိုးရအနေဖြင့် နိုင်ငံတ ကာစာပို့လုပ်ငန်းတွင် ငွေကျပ် ပေါင်းများစွာ ဆုံးရှုံးနေ ခြင်းကြောင့် ဖြစ်ပြီး၊ ထိုကဲ့သို့ ပြောင်းလဲလိုက် သော်လည်း ယခုနှုန်းထားမှာ အခြားသော နိုင်ငံများ၏ ဝန်ဆောင်ခနှုန်း ထားများထက်ပင် နည်းပါးနေသေး ကြောင်းသိရသည်။ ပြည်တွင်းစာပို့တိုက် လုပ်ငန်းအနေဖြင့် တစ်နှစ်လျှင် ပြည်ပသို့ မှတ်ပုံတင်ချောစာအရေအတွက် နှစ်သိန်းဝန်းကျင်နှင့် ပုံနှိပ်ထားသော စာစောင်၊မဂ္ဂဇင်းအရေအတွက် ခုနစ်သောင်းကျော်ကို ပုံမှန်ပေးပို့ပေးနေရသည်။

နိုင်ငံတကာမှ မှတ်ပုံတင် ချောစာများမှာမူ တစ်နှစ်လျှင် အရေအတွက် သုံးသောင်းဝန်းကျင်နှင့် ပုံနှိပ်စာစောင်၊ မဂ္ဂဇင်းအရေအတွက် ခြောက်သောင်းကျော်ကို လက်ခံရရှိနေသည်ဟု ယင်းလုပ်ငန်း၏ မန်နေဂျာ ဦးတိုးနိုင်ဌေးက ပြောသည်။

ပြည်တွင်း စာပို့တိုက်လုပ် ငန်းအနေဖြင့် ယခုကဲ့သို့ပြည်ပစာ ပို့ခနှုန်းထားများကို တိုးမြှင့်ပြောင်း လဲလိုက်ပြီး နောက်ပိုင်းတွင် ပြည် တွင်းစာပို့ခများကိုလည်း ထပ်မံ ပြင်ဆင်သတ်မှတ်သွားရန်ဆောင် ရွက်နေကြောင်း သိရသည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်မှ ဆွေးနွေး အကြံပြု ပြောဆို ချက်များ

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အပါအ၀င် အစိုးရအဖွဲ့ဝင်များနှင့်တွေ့ဆုံခဲ့ပြီး

နိုင်ငံရေးအကျဉ်းသာများ လွှတ်ပေးရေးကိစ္စ၊

နိုင်ငံရေးပါတီများ လွတ်လပ်စွာ မဲဆွယ်စည်းရုံးခွင့် ရရှိရေးကိစ္စ၊

တိုင်းရင်းသား အရေးကိစ္စ၊ နျူးကလီယားကိစ္စရပ်များနှင့်ပတ်သက်ပြီး နိုင်ငံတကာ သဘောတူညီချက်များကို လေးစားလိုက်နာရန်အကြောင်းရပ်များ

အစရှိသည်တို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။ ယခုလာရောက်သော ခရီးစဉ်သည် ယခုနှစ်ပိုင်းအတွင်း မြန်မာနိုင်ငံသို့လာရောက်သည့် အမေရိကန်ကိုယ်စားလှယ်များ၏ ခရီးစဉ် အကြိမ် ၂၀ ကျော်မှ ရလဒ်များ အခြေခံခဲ့ခြင်းဖြစ်ကြောင်း ဟီလာရီ ကလင်တန်က ပြောဆိုခဲ့ပါသည်။

အမေရိကန် သမ္မတ အိုဘားမာက မြန်မာနိုင်ငံတွင် ပြောင်းလဲမှုအလင်းရောင် မှိန်ပျပျ မြင်ခဲ့ရသည်ဟု ပြောဆိုခဲ့ကြောင်း၊ အဆိုပါ မှိန်ပျပျအလင်းရောင်မှာ သမိုင်းကြောင်းအရ ပြန်လည်ပျောက်ကွယ်သွားတတ်သည့် သဘောရှိသည့်အတွက် အဆိုပါအလင်းရောင် တောက်ပနေရေးမှာ မြန်မာခေါင်းဆောင်များ၏ လုပ်ဆောင်မှုအပေါ် မူတည်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်မှ ပြောကြားခဲ့သည်။

ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ အားလုံးကိုလွှတ်ပေးရန် ဟီလာရီ ကလင်တန် တောင်းဆို၊ မြန်မာနိုင်ငံအပေါ် ပြုလုပ်ထားသော အရေးယူပိတ်ဆို့မှုများ ရုပ်သိမ်းပေးရန်အတွက်ကိုမူ အဆင်သင့်မဖြစ်သေးဖြစ်ကြောင်းနှင့် အစိုးရ၏ ပြုပြင်ပြောင်းလဲမှု policy များမှာ အပြောသက်သက်မဟုတ်ဘဲ လက်တွေ့ ပါ ၊ မပါ စောင့်ကြည့်ရမည်ဖြစ်ကြောင်း ယနေ့ညနေ ၃ နာရီခွဲခန့်တွင် နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်မှ ပြောဆိုခဲ့ပါသည်၊

အခုပြုလုပ်လာတဲ့ ကနဦးခြေလှမ်းတွေကို ကြိုဆိုပါတယ်။ အထူးသ ဖြင့် တိုင်းရင်းသား ဒေသတွေမှာ တင်းမာမှုတွေ လျော့ကျစေဖို့ ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ အကြာရှည်ဆုံးဖြစ်တဲ့ ပဋိပက္ခတွေမှာ အကြမ်းဖက်မှုဖြစ်တဲ့အခါ ဝမ်းနည်းစရာကောင်းပါတယ်။ မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုးစုတွေ
များစွာရှိပြီးတော့ ကိုးကွယ်မှုဆိုင်ရာ ဘာသာရေးအမျိုးမျိုးလည်း ရှိပါတယ်။

မြန်မာသမ္မတကို ကျွန်မတိုက်တွန်းခဲ့တာကတော့ လူ့အခွင့်အရေး
စောင့် ကြည့်သူတွေကို လာရောက်တာကို ခွင့်ပြုဖို့ ဖြစ်ပါတယ်။
ဒီအချက်တွေဟာ တကယ်တန်းတော့ အကဲဆန်းမှုတွေ ဖြစ်ပါတယ်။
ပဋိပက္ခရဲ့ အခြေခံအ ကြောင်းတရားတွေကို ဖြေရှင်းဖို့ လိုအပ်ပါတယ်။
ဒါမှလည်း အားလုံးကို ငြိမ်းချမ်းရေးရရှိစေမှာ ဖြစ်ပါတယ်။ ကျွန်မတို့အနေနဲ့ ဒီအချက်တွေအပြင် အခြားအကဲစမ်းမှုတွေကိုလည်း ဆွေးနွေးဖြစ်ခဲ့ပါတယ်။
အထူးသဖြင့် လူကုန် ကူးမှုတိုက်ဖျက်ရေး အပစ်အခတ်ရပ်စဲရေး အကြောင်းတွေကို ဆွေးနွေးဖြစ် ခဲ့ပါတယ်။


အမေရိကန်နဲ့ ဆက်ဆံရေးပိုမိုကောင်းမွန်စေဖို့အတွက် အရေးကြီးတာကတော့ အစိုးရတစ်ရပ်လုံးဟာ နျူကလီးယားလက်နက်မပြန့်ပွားရေးနဲ့ ပတ်သက်လို့
နိုင်ငံတကာရဲ့ သဘောတူညီမှုတွေကို လိုက်နာစေဖို့ ဖြစ်ပါတယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ဆုံးဖြတ်ချက်ကို လေးစားလိုက်နာပြီးတော့
မြောက်ကိုရီးယားနဲ့ စစ်ရေးဆက်ဆံမှု ဖြတ်တောက်ဖို့အတွက် မြန်မာနိုင်ငံရဲ့ သန္ဓိဌာန် ခိုင်မာမှုကိုလည်း ကျွန်မတို့ ကြိုဆိုပါတယ်။

ဒီတိုးတက်မှုတွေကို အခုထက်ပိုပြီး ကျယ်ပြန့်အောင် မြှင့်တင်ပြီးတော့ လုပ်ဆောင်သွားလိမ့်မယ်လို့ ကျွန်မယုံကြည်ပါတယ်။

အမေရိကန်အစိုးရအနေနဲ့ အစိုးရအတွင်းနဲ့ အစိုးရပြင်ပရှိ ခိုင်မာတဲ့ စစ်မှန်တဲ့ စေတနာရှိသူတွေကို ထောက်ခံပါတယ်။
မြန်မာနိုင်ငံက ခေါင်း ဆောင်တွေရဲ့ ရွေးလမ်းမှားတွေကြောင့် လွန်ခဲ့တဲ့ အတိတ်မှာ မြန်မာနိုင်ငံဟာ ဆင်းရဲတဲ့ နိုင်ငံ ဖြစ်ခဲ့ပါတယ်။
အမေရိကန်အနေနဲ့ အခုလိုမျိုး တိုးတက်မှုတွေ မြင်လာတာကို အပြုသဘောဆောင် တုန့်ပြန့်ဖို့ရှိပါတယ်။ အဲဒီတုန့်ပြန်ဆောင်ရွက်မယ့်
အရာတွေဟာ မဲခေါင်ဒေသ အောက်ပိုင်းဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မှုတွေ လေ့လာရာမှာ ပါဝင်နိုင်မှုနဲ့ ကမ္ဘာ့ဘဏ်၊ ADB စရှိတဲ့ အဖွဲ့ အစည်းတွေ မြန်မာနိုင်ငံကို လာရောက်လေ့လာနိုင်ဖို့တို့ ဖြစ်ကြပါတယ်။ ဒါတွေအပြင် UNDP ရဲ့ အသေးစားငွေချေးလုပ်ငန်းတွေ၊ ပညာရေး ကဏ္ဍတွေမှာ ကူညီနိုင်မယ့်ကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ပါတယ်။

တစ်ချိန်က ဗီယက်နမ်နဲ့ ဆက်ဆံရေးမှာ ပျောက်ဆုံးနေတဲ့ အမေရိကန် စစ်မှုထမ်းတွေကို ပြန်လည်ရှာဖွေရေးဟာ အကျိုးပြုခဲ့သလို မြန်မာနိုင်ငံမှာ ဒုတိယကမ္ဘာစစ်အတွင်းက Burma Road တည်ဆောက်စဉ်က ပျောက်ဆုံး
ခဲ့တဲ့ အမေရိကန်စစ်သားတွေ ပြန်လည် ရှာဖွေရေးမှာ ပူးပေါင်းဆောင်ရွက်ဖို့ လည်း မြန်မာအစိုးရနဲ့ သဘောတူညီမှုရရှိခဲ့ပါတယ်။ ဒါတွေဟာ ခြေခလှမ်းတွေ ဖြစ်ပါတယ်။ ဒီအရှိန်အဟုန်ကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့ အတွက် ကျွန်မတို့ဘက်က လုပ်ဆောင်သွားမှာတွေ ရှိပါတယ်။

မြန်မာ-အမေရိကန် သံတမန်ရေးဆက်ဆံမှု တိုးတက်ဖို့နဲ့ သံအမတ်ချင်း ဖလှယ်ဖို့လည်း ပါဝင်ပါ တယ်။ နိုင်ငံတကာက စိုးရိမ်မကင်းဖြစ်မှုတွေကိုတင်ပြနိုင်ဖို့လည်း လမ်း ကြောင်းတစ်ရပ် ချမှတ်ထားပါတယ်။
ဒါဟာ နှစ်နိုင်ငံအပြန်အလှန် ယုံကြည် ကိုးစားမှုရရှိဖို့အတွက် ဖြစ်ပါတယ်။

မိုးရွာတုန်း ရေခံ ဆိုတဲ့ မြန်မာစကားပုံ ရှိပါတယ်။ မြန်မာသမ္မတနဲ့တွေ့တုန်းက သူပြောခဲ့တာပါ။ ကျွန်မတို့
အနေနဲ့ မသိပါဘူး။ ခေါင်းဆောင်တွေယူတဲ့ ခြေလှမ်းတွေဟာ နောက် ပြန်ဆုတ်လို့ မရတဲ့ ခြေလှမ်းတွေလား၊ စီးပွားရေးကို
ဖွင့်ပေးရင် အပြုသဘော ဆောင်တဲ့ ခြေလှမ်းတွေလား။ ဒီမေးခွန်းတွေဟာ ကျွန်မဖြေဖို့ မဟုတ်ပါဘူး။ ဒီမေးခွန်းတွေကို
ဖြေရမယ့်သူတွေက နိုင်ငံသားတွေ ဖြစ်ပါတယ်။ အထူးသဖြင့် ခေါင်းဆောင်တွေ ဖြစ်ပါတယ်။

မြန်မာခေါင်းဆောင်တွေရဲ့ ခြေလှမ်းဟာ သန်းပေါင်း ၆၀ရှိတဲ့ မြန်မာ နိုင်ငံသားတွေ လွတ်လပ်မှု ဂုဏ်သိက္ခာနဲ့ နေထိုင်ကြဖို့ အခွင့်အလမ်း ဖြစ် ပါတယ်။ သမ္မတအိုဘားမားက မြန်မာနိုင်ငံမှာ မှိန်ပျပျတိုးတက်မှုတွေ တွေ့ ရှိရပြီလို့
ပြောခဲ့ပါတယ်။ သမိုင်းကြောင်းအရတော့ မှိန်ပျပျအလင်းရောင်တွေ ဟာ ပျောက်ကွယ်သွားနိုင်ပါတယ်။ ဒီမှိန်ပျပျ အလင်းရောင်တွေဟာ
လွတ် လပ်မှုအတွက် ထတောက်နိုင်ဖို့နဲ့ အနာဂတ် ကောင်းစားရေး အတွက်ဆိုတာ ခေါင်းဆောင်တွေအပေါ်မှာ မူတည်တာဖြစ်ပါတယ်။ ဒါကြောင့်မို့ တစ်ကြိမ် တစ်ခါ လာရောက်တဲ့ ခရီးစဉ်အပေါ် အခြေခံပြီးတော့ နှစ်နိုင်ငံ ဆက်ဆံရေး မဟာမိတ်ထားရှိဖို့ ဖြစ်ပါတယ်။ မြန်မာသမ္မတကို စောစောက ပြောခဲ့တဲ့အ တိုင်းပါပဲ။ အမေရိကန်အနေနဲ့ ပြုပြင်ပြောင်းလဲရေး ခြေလှမ်းနှင့်အတူ ကူ ညီဆောင်ရွက်ဖို့ အသင့်ရှိပါတယ်။

ရွေးကောက်ပွဲဥပဒေတွေကို ပြန်လည်ရေးသားခဲ့တဲ့ အပြင် ဥပဒေတွေ ကိုလည်း ပြင်ဆင်ခဲ့ပါတယ်။ နိုင်ငံရေးအကျဉ်းသား ၂၀ဝကျော် လွှတ်ပေးခဲ့ ပါတယ်။ ကျွန်မအနေနဲ့ ပြောခဲ့တာက အခုယူခဲ့တဲ့ ခြေလှမ်းတွေဟာ အစဉ် အလာမရှိခဲ့ပေမယ့် အစဖြစ်တဲ့အတွက် ကြိုဆိုပါတယ်။ နိုင်ငံရေးအကျဉ်း သားတွေ လွှတ်ပေးတာက အားရစရာဖြစ်ပေမဲ့လို့ ၁၀ဝ၀ကျော် ကျန်ရှိနေပါ သေးတယ်။ ဒီကိစ္စကို ကျွန်မအနေနဲ့ သီးခြားပြောခဲ့သလို လူသိရှင်ကြားပြော လိုတာကတော့ ဘယ်နိုင်ငံမှာမဆို ဘယ်သူကိုမှ လွတ်လပ်စွာ ပြောဆိုခွင့်၊ လွတ်လပ်စွာ စည်းရုံးခွင့် ယုံကြည်ချက်တွေကြောင့် အကျဉ်းချထားခြင်း မရှိခဲ့ပါဘူး။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ အခုလွတ်လာပြီးတော့ နိုင်ငံရေး ဖော်ဆောင်မှုမှာ ပါဝင်တာဟာ အားရစရာဖြစ်ပါတယ်။ ဒါပေမဲ့လို့လည်း နိုင်ငံရေးပါတီတွေ အားလုံးဟာ နိုင်ငံတဝမ်း ရုံးတွေကို ဖွင့်လှစ်ခွင့်ရပြီးတော့ လွတ်လပ်ပြီး တရားမျှတပြီး ယုံကြည်ကိုးစားမှုရှိတဲ့ ရွေးကောက်ပွဲတွေမှာ ပါဝင်ခွင့်ရရှိဖို့ လိုအပ်ပါတယ်။

တစ်ချိန်က မြန်မာနိုင်ငံဟာ စပါးကျီတစ်ခု ဖြစ်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ်ငါးဆယ်အချိန်မှာ တခြားနိုင်ငံတွေက ဖြတ်ကျော်သွားပြီးတော့
အရှေ့အာ ရှဒေသမှာ အင်အားကြီးမားတဲ့ နိုင်ငံတွေ ဖြစ်လာခဲ့ကြပါတယ်။ ဒါကြောင့် မလို့ မြန်မာအစိုးရအတွက် အရေးကြီးတဲ့ မေးခွန်းရှိလာပါတယ်။ အခုချိန်မှာ အရေးကြီးတာက အမေရိကန် ဒါမှမဟုတ် အခြားနိုင်ငံတစ်ခုခုနဲ့
ဆက်ဆံရေး မဟုတ်ပါဘူး။ မြန်မာခေါင်းဆောင်တွေအနေနဲ့ ကိုယ့်နိုင်ငံရဲ့ မွေးရာပါ အခွင့် အရေးကို နိုင်ငံသားတွေ ခံစားနိုင်ဖို့အတွက် ယုံကြည်ချက်ခိုင်မာစွာနဲ့ ဆောင် ရွက်မလားဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။ ဒီလိုလုပ်မှလည်း အာရှ-ပစိဖိတ်ဒေသမှာ အင်အားကြီးအဖြစ် ပါဝင်ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ဒီမေးခွန်းကို ဖြေကြားရာမှာ ဘယ်လိုထွက်လာမလဲဆိုတာတော့ မသိပါဘူး။ အပြုသ ဘောဆောင်ဖြေကြားမယ်ဆိုရင်တော့ မြန်မာနိုင်ငံအနေနဲ့ တိုးတက်လာမှာဖြစ် ပါတယ်။ ဒီလိုဆိုရင် ကျွန်မတို့အနေနဲ့လည်း
အထောက်အကူပေးဖို့ အဆင် သင့်ပါပဲ။

ဒီနေ့ အစိုးရသစ်နဲ့ပထမ ဆုံးအကြိမ်တွေ့ဆုံမှုအရ ကောင်းမွန်တဲ့ အခွင့်အရေးတွေရှိနေပြီဆိုတာတွေ့ ခဲ့တယ်။ ပြီးတော့ နိုင်ငံမှာ
ပြုပြင် ပြောင်းလဲမှုတွေလိုအပ်တဲ့ အဆင့်လိုက်ဆောင်ရွက်နိုင်ဖို့ အမေရိကန်နိုင်ငံကိုယ်စား ကျွန်မက မျှော်လင့်ပါတယ်။ ထပ်ပြီး
ဖြေရှင်းရမယ့် အဆင့်တွေဖြစ်တဲ့ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပ ရေးကိစ္စ၊ နိုင်ငံသားအကျဉ်းသားထောင်ကျော် ကျန်ရှိနေသေးတဲ့
ကိစ္စ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကိစ္စတွေမှာ ဘယ်လောက်အထိ ရလာမလဲဆိုတာတွေကို ကျွန်မ မျှော်လင့်ထားတယ်။

WORLD AIDS Day အထိမ်းအမှတ် အခမ်းအနား အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တွင် ကျင်းပ




WORLD AIDS Day အထိမ်းအမှတ် အခမ်းအနားကို ဒီဇင်ဘာလ ၁ရက်နေ့တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားကို နံနက်၁၀နာ ရီမှ ၁၁နာရီ၃၀အထိ ကျင်းပခဲ့ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ကြောင်း သိရသည်။

ထို့နောက် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် HIV / AIDS Section တာဝန်ခံ ဒေါ်ဖြူဖြူသင်းမှ လည်းကောင်း၊ အိတ်ခ်ျအိုင်ဗွီ အေအိုင်ဒီအက်စ် ဝေဒနာရှင်တစ်ဦး တို့မှ ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။

“ ဒီဇင်ဘာလ၁ရက်နေ့တိုင်း WORLD AIDS Day အခမ်းအ နားကို ကျွန်မတို့ ကျင်းပလာတာ ငါးကြိမ်မြောက်ရှိပါပြီ။ အစ်မတို့ အခမ်းအနားကို နှစ်စဉ်နှစ်တိုင်းပုံစံမျိုးစုံနဲ့ ကျင်းပခဲ့တယ်။ အရင်တုန်း ကဆိုရင် နိုင်ငံရေးအရ ကျွန်မတို့အနေနဲ့ ဒီလိုပွဲတွေကို လွတ်လွတ်လပ်လပ် ကျင်းပခွင့်မရခဲ့ပါဘူး။ ဒီလိုပွဲတွေကို ကျင်းပရတာ အဓိကကတော့ လူနာတွေကို ပျော်စေချင်တယ်။ ခွဲခြားမှုမရှိဘဲ သာမာန်လူတွေနဲ့ တန်းတူပျော်ရွှင်စေချင်တဲ့ ရည်ရွယ်ချက်နဲ့ ကျင်းပပေးနေတာ ဖြစ်ပါ တယ်။ အရင်နှစ်တွေကဆိုရင် တိုင်းနဲ့ပြည်နယ် အသီးသီးက ဝေဒနာရှင်တွေကို ဖိတ်ကြားပြီး ကျင်းပခဲ့ပေမယ့် ဒီနှစ်မှာတော့ ရန်ကုန်ကသူတွေပဲ အများစုပါပါတယ်။ တခြားအဖွဲ့အစည်းက သူတွေလည်း ဒီပွဲကိုလာတာ တွေ့ရပါတယ်” ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် HIV / AIDS Section တာဝန်ခံ ဒေါ်ဖြူဖြူသင်းမှ ပြောကြားခဲ့သည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် HIV / AIDS Section အနေဖြင့် WORLD AIDS Day အထိမ်းအမှတ် အခမ်းအနားများကို ရန်ကုန်အပြင် ရေနံချောင်း၊ကျောက်ပတောင်း၊ မိတ္ထီလာ၊အောင်လံ၊တောင်တွင်းကြီး မြို့များတွင်လည်း တစ်ပြိုင်တည်း ကျင်းပခဲ့ကြောင်း သိရသည်။

ထို့အပြင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် HIV / AIDS Section မှ စီစဉ်သည့် “ WORLD AIDS Day Song “ အမည်ရှိသီချင်းခွေကို ဖြန့်ချိခဲ့ပြီး အခမ်းအနားသို့ စံလင်း၊ လင်းလင်း၊ချစ်သုဝေ၊ကိုရဲလွင် စသည့် တေးသံရှင်၁၀ဦးတို့မှ သီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ကြောင်း သိရသည်။

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်တို့ နေပြည်တော်တွင် တွေ့ဆုံ



နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်တို့သည် ယနေ့ ဒီဇင်ဘာလ (၁) ရက်နေ့ နံနက်ပိုင်းက နေပြည်တော်ရှိ သမ္မတအိမ်တော်တွင် တွေ့ဆုံခဲ့ကြသည်။ ဟီလာရီ ကလင်တန်သည် အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး တစ်ဦးဧ။် နှစ်ပေါင်း (၅၀) ကျော်အတွင်း ပထမဆုံး ခရီးစဉ်အဖြစ် နိုဝင်ဘာလ (၃၀)ရက်နေ့ ညနေပိုင်းက မြန်မာနိုင်ငံ နေပြည်တော်သို့ ရောက်ရှိလာခြင်းဖြစ်သည်။

ဟီလာရီကလင်တန်သည် ဒီဇင်ဘာလ (၂)ရက်နေ့အထိ (၃)ရက်ကြာမြင့်မည့် ခရီးစဉ်ဖြစ်ပြီး ခရီးစဉ်အတွင်း နိင်ငံတော် သမ္မတ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ဥက္ကဌများ၊ နိုင်ငံခြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့နှင့် တွေ့ဆုံမည် ဖြစ်ပြီး ရန်ကုန်မြို့ရှိ NLD ပါတီ အထွေထွေ အတွင်းရေးမှုး ဒေါ်အောင်ဆန်းစုကြည်နှင့် ဒီဇင်ဘာလ (၂) ရက်နေ့တွင် တွေ့ဆုံမည်ဖြစ်သည်။ ဟီလာရီကလင်တန်သည် ဒီဇင်ဘာလ (၁)ရက်နေ့ ညနေပိုင်းတွင် ရန်ကုန်မြို့သို့ ရောက်ရှိမည် ဖြစ်ပြီး ရွှေတိဂုံစေတီတော်သို့ တက်ရောက် ဖူးမျှော်မည် ဖြစ်သည်။


ယခုခရီးစဉ်တွင် ဟီလာရီ ကလင်တန်နှင့် အတူ မြန်မာနိုင်ငံသို့ ၃ ကြိမ်လာရောက်ဖူးသည့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ်နှင့် မူဝါဒ ညှိနှိုင်းရေးမှုး ဒဲရက်မစ်ချယ် နှင့် မြန်မာနိုင်ငံသို့ တစ်ကြိမ်လာရောက်ခဲ့ဖူးသာ အမေရိကန် နိုင်ငံ ဒီမိုကရေစီ လူ့အခွင့်အရေးနှင့် အလုပ်သမားရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ်ပို့စနာ တို့ လိုက်ပါလာကြောင်း သိရသည်။

ဟီလာရီကလင်တန်လာရောက်မှုကို ကမ္ဘာ့မီဒီယာများနှင့် ပြည်တွင်းပုဂ္ဂလိကဂျာနယ်များတွင် အကျယ်တ၀င့်ဖော်ပြခဲ့သော်လည်း အစိုးရပိုင်မီဒီယာများတွင် သာမန်မျှဖော်ပြ

ဒီဇင်ဘာလ (၁)ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖေါ်ပြထားမှုအား တွေ့ရစဉ်


အမေရိကန် နိုင်ငံခြားရေးဝန်ကြီး တစ်ဦး၏ နှစ်ပေါင်း ၅၀ ကျော်အတွင်း မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် ခရီးစဉ်အဖြစ် ဟီလာရီကလင်တန် လာရောက်မှုကို ကမ္ဘာ့မီဒီယာများနှင့် ပြည်တွင်းပုဂ္ဂလိက သတင်းဂျာနယ်များတွင် အကျယ်တ၀င့် ဖော်ပြခဲ့သော်လည်း အစိုးရပိုင်မီဒီယာများတွင် သာမန်မျှသာဖော်ပြခဲ့သည်ကို တွေ့ရှိရပါသည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဧ။် ခရီးစဉ်နှင့် ပတ်သက်သည့် သတင်းကို နိုင်ငံပိုင် ရုပ်သံတွင် အခြားသတင်းများအပြီး နောက်ဆုံးတွင်မှ စက္ကန့်ပိုင်းမျှသာ သတင်းထုတ်လွှင့်ခဲ့ပါသည်။ ဟီလာရီကလင်တန်သည် နိုဝင်ဘာလ (၃၀) ရက်နေ့ ညနေပိုင်းက မြန်မာနိုင်ငံ နေပြည်တော်သို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ရောက်ရှိမှုသတင်းအား နိုဝင်ဘာလ (၃၀)ရက်နေ့ ည (၈)နာရီသတင်းတွင် ယခုကဲ့သို့ စက္ကန့်ပိုင်းမျှသာ ဖော်ပြခဲ့ခြင်း ဖြစ်သည်။

ထို့အတူ ဒီဇင်ဘာလ (၁)ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင်လည်း ဟီလာရီကလင်တန် ရောက်ရှိမှုအား အတွင်းစာမျက်နှာတွင်သာ ရောက်ရှိကြောင်း သတင်းအကျဉ်းအဖြစ်သာ ဖေါ်ပြခဲ့သည်ကို တွေ့ရှိရသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး ၀ါရင့်သတင်းစာဆရာ ဆရာလူထုစိန်ဝင်းက "အခုလို အမေရိကန်နိုင်ငံနဲ့ ဆက်ဆံရေးကို သမ္မတတို့၊ ဒုသမ္မတတို့၊ လွှတ်တော်ဥက္ကဌတို့ ကစပြီးတော့ လှိုက်လှိုက်လှဲလှဲနဲ့ ကြိုဆိုတဲ့အချိန် နှစ်ဘက်ဆက်ဆံရေး ပိုပြီးတော့ ပြေလည်အောင် ကြိုးပမ်းနေတဲ့ အချိန်မှာ ဒီသတင်းကို သေးသိမ်အောင် လုပ်ထားတာကတော့ မလုပ်သင့် မလုပ်ထိုက်တဲ့ အလုပ်ကို လုပ်တယ်လို့ပဲ ယူဆတယ်။ နောက်ပြီးတော့ သတင်းတန်ဖိုးအနေနဲ့ ကြည့်မယ်ဆိုရင်လည်းပဲ နှစ် (၅၀) အတွင်းမှာ ပထဆုံးအကြိမ် ထိပ်တန်း ၀န်ကြီးအဆင့် လာတဲ့ ခရီးစဉ်ဖြစ်တဲ့အတွက် တန်ဖိုးအားဖြင့် ဆိုရင်လည်းပဲ အင်မတန် သတင်းတန်ဖိုး ကြီးမားတယ်။ ဒီသတင်းတန်ဖိုးကြီးမားတဲ့ သတင်းကြီးကို ကမ္ဘာ့သတင်းစာတွေက မျက်နှာဖုံးသတင်းအဖြစ်နဲ့တောင် ရေးနေတဲ့အချိန်မှာ ဒီလိုဆက်ဆံရေးကို ပြေလည်ချင်တယ် နွေးထွေးချင်တယ်ဆိုရင် သတင်းစာမှာ အခုအတိုင်း ဖေါ်ပြထားတာ သတင်းတန်ဖိုးကို နားမလည်ကြလို့ပဲ ပြောရမလား၊ တစ်ခြား ဘာရည်ရွယ်ချက်ရှိတယ် ဆိုတာ တွေးရမလားလို့ စိတ်ထဲမှာ ခံစားနေရတယ်။ သတင်းစာဆရာ တစ်ယောက်အနေနဲ့ပြောမယ်ဆိုရင် ဒီသတင်းဟာ မျက်နှာဖုံးပေါ်မှာ ထိပ်တန်းကနေ တင်ရမယ့် သတင်းလို့ပဲ ယူဆပါတယ်။ ပြေလည်ချင်တယ်တို့၊ ချစ်ကြည်ရင်နှီးချင်တယ်တို့ဆိုတာ ပါးစပ်က ပြောနေရုံနဲ့ မလုံလောက်ဘူး တစ်ကယ် လက်တွေ့ လုပ်ပြဖို့လိုအပ်ပါတယ်။ ဒီအချိန်မှာ မြန်မာအစိုးရ အနေနဲ့ လက်တွေ့လုပ်ပြပါလို့ပဲ တိုက်တွန်းချင်ပါတယ်။ " ဟု ပြောကြားခဲ့သည်။

"ဘာပဲပြောပြော ကလင်တန်လာတဲ့ ကိစ္စဆိုတာက နှစ်ပေါင်း ၅၀ ကျော်အတွင်းမှာ ပေါ်ပေါက်လာတဲ့ အခြေအနေပေါ့၊ အလွန်သမိုင်းဝင်လို့ ပြောလို့ရတဲ့ ကိစ္စ၊ ဒီကိစ္စက နိုင်ငံခြားရေးဝန်ကြီး တစ်ယောက်က သူ့ routine ပေါ့၊ သူ့ရဲ့ဌာနဆိုင်ရာ လုပ်ငန်းတစ်ခုအနေနဲ့ လာတဲ့သဘောမဟုတ်ဘူး။ နိုင်ငံခြားရေးဝန်ကြီးဆိုတာ နိုင်ငံတကာနဲ့ ဆက်ဆံနေရတယ်၊ နိုင်ငံတွေနဲ့ ဆက်ဆံနေတယ်၊ အဲဒီလိုမျိုး ဆက်ဆံတဲ့သဘော လာတာမဟုတ်ဘူး။ ဒါ့ထက်ပိုတယ်။ ဘာလို့ဆိုတော့ သမ္မတကိုယ်တိုင်ကနေပြီးတော့ သွားပြီးတော့လေ့လာပါ၊ သွားပါဆိုပြီးတော့ အနေနဲ့လွှတ်တာ။ လွှတ်တဲ့အခါကြတော့ အဲဒါလည်း လာတဲ့ခရီးရဲ့သဘောက မြင့်တယ်။ နောက် သမိုင်းဝင်ဖြစ်တာတစ်ခု၊ လာတဲ့ခရီးအနေနဲ့ နိုင်ငံရေးအဆင့်အနေနဲ့ မြင့်တာတစ်ခု၊ ဘာပဲပြောပြော ကလင်တန်လာတဲ့ အခါမှာ လေ့လာတယ်၊ ဆွေးနွေးတယ်ဆိုတာလည်း ဘာပဲပြောပြော တိုင်းပြည်မှာဖြစ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်နေတဲ့ကိစ္စတွေ၊ တိုင်းပြည်မှာ ပြည်တွင်းစစ်ဖြစ်နေတဲ့ ကိစ္စမျိုးတွေ၊ အကျဉ်းသားတွေရဲ့ကိစ္စမျိုးတွေ၊ နှစ်နိုင်ငံဆက်ဆံရေး ကိစ္စမျိုးတွေအထိ ကို အလွန်ကိုကျယ်ပြန့်တဲ့ လုပ်ငန်းတွေကို ဆောင်ရွက်လာတဲ့ခရီးပေါ့။

ဒီခရီးမျိုးဟာ အမှန်အတိုင်းဆိုလို့ရှိရင်၊ အစိုးရအပိုင်းအနေနဲ့ သတင်းတွေ ဘာတွေ ဖော်ပြတာတို့၊ သင့်တင်လျောက်ပတ်တဲ့ ပုံစံနဲ့ တုံ့ပြန်ရေးသားတာတို့ ရှိဖို့ကောင်းတာပေါ့၊ အဲဒီလို အခြေအနေမျိုးမှာ အခုလိုပြုမူဆက်ဆံတယ်ဆိုတာ အလွန်အရုပ်လဲဆိုးတယ်။ သို့မဟုတ်ရင် ဒီခရီးအပေါ်မှာ မလိုလားတဲ့သဘောတွေ ရှိနေတယ်ဆိုတဲ့ အနေအထားလဲဖြစ်နေတယ်။ ဒါဟာအလွန်အရေးကြီးတဲ့ ကိစ္စလည်းဖြစ်တယ်။ အဲဒီတော့ ဒို့အနေနဲ့ကတော့ ဒီလိုဖြစ်တာနဲ့ပတ်သက်ပြီး သင့်တော်တယ်လို့ မထင်ဘူး။ သင့်တော်တယ်မထင်တာက ဘာလဲဆိုတော့ မြန်မာအစိုးရရဲ့ Policy လား၊ သို့မဟုတ်ရင် မြန်မာအစိုးရအဖွဲ့မှာပါတဲ့ ၀န်ကြီးဌာနတစ်ချို့ရဲ့ သဘောထားအရ တုံ့ပြန်ချက်လား၊ ဒါကိုကွဲပြားစွာ သိဖို့လိုတယ်။

ဒီလိုတော့ဖြစ်ဖို့ မကောင်းဘူးလို့ ဒို့ကယူဆတယ်။ ဒါနဲ့ပတ်သက်ပြီး ဒို့က သက်ဆိုင်ရာ အစိုးရအဖွဲ့အနေနဲ့ ဒီကိစ္စကို ပြန်လည် သုံးသပ်သင့်တယ်။ ဘာလို့ဆိုတော့ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ သတင်းဆက်ဆံမှုတွေဟာ အတော်ဆိုးဆိုးရွားရွားတွေ ဖြစ်ခဲ့တဲ့ အတွေ့အကြုံတွေ ရှိခဲ့ပြီးပြီ။ ဥပမာ လွှတ်တော်ထဲမှာ လွှတ်တော်ဥက္ကဌ ပြောတဲ့စကားတွေ ဖြတ်တောက်တာတို့၊ လွှတ်တော်အတွင်းမှာ ကိုယ်စားလှယ်တွေရဲ့ ပြောစကားတွေ ဖြတ်တောက်ပြီးတော့ ဖြုတ်ပစ်တာတို့၊ ဒါကလည်း ပြီးခဲ့တဲ့ ကာလတွေမှာ ကြုံတွေ့ခဲ့ဖူးတာ။

အဲဒီတော့ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ လုပ်ပုံကိုင်ပုံတွေဟာ သိပ်ပြီးတော့ အစိုးရအဖွဲ့ရဲ့ သဘောထားနဲ့ လိုက်လျောညီထွေဖြစ်တဲ့ အနေအထားမရှိဘူးလို့ ပြောလို့ရတယ်။ အဲဒါဟာ ကောင်းတဲ့အနေအထား မဟုတ်ဘူး။ နှစ်နိုင်ငံဆက်ဆံရေး၊ အထူးသဖြင့် အခု အမေရိကန်အစိုးရရဲ့ ခရီးလိုပေါ့။ နှစ်နိုင်ငံဆက်ဆံရေး တိုးတက်ဖို့ကို ရည်ရွယ်တယ်ဆိုတဲ့ ခရီးမျိုးကို ဒီလိုတုံ့ပြန်တာကတော့ မကောင်းဘူး၊ နှစ်နိုင်ငံဆက်ဆံရေးကို မလိုလားဘူးဆိုတဲ့ အစုအဖွဲ့တွေ အစိုးရအဖွဲ့ထဲမှာ ရှိနေတယ်ဆိုတဲ့ သဘောထားကို ပြနေတယ်လို့ အဲဒီလို ယူဆလို့ရပါတယ်" ဟု သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်က ပြောကြားခဲ့သည်။

ရန်ကုန်မီဒီယာ ဂရု(ပ်)၏ CEO ဖြစ်သူ ဦးကိုကို (စက်မှုတက္ကသိုလ်) မှလည်း "သတင်းဆိုတာ သတင်းရဲ့ အရေးကြီးမှုပေါ် မူတည်ပြီး ဖော်ပြကြရတာပါ။ အခုကျတော့ လာကြိုတဲ့သူက ဘယ်သူလဲ။ နိုင်ငံတော် အကြီးအကဲလား၊ ပြည်ထောင်စုဝန်ကြီးလား၊ ဒုတိယ၀န်ကြီးလား၊ ခွဲခြားပြီးမှ သတင်းအဆင့်ကို တွက်ချက် ထည့်သွင်းနေတာလို့ မြင်ပါတယ်။ အရင် တစ်ပါတီစနစ် လက်ထက်က လုပ်တဲ့ စနစ်အကြွင်းအကျန် အတိုင်း protocol နဲ့တွက်ပြီး လုပ်နေတယ်၊ ဖော်ပြနေတယ်လို့ ထင်ပါတယ်။

နှစ်ပေါင်း ၅၀ကျော်အတွင်းမှာ မြန်မာနဲ့ အမေရိကန် နှစ်နိုင်ငံဆက်ဆံရေးကို စတင် ပြန်လည်တည်ဆောက်နေရတဲ့ အချိန်မျိုးမှာ ၊ ကမ္ဘာ့မီဒီယာတွေက အရေးကြီးသတင်းအဖြစ် ဖော်ပြနေတဲ့ အချိန်မျိုးမှာ ဒီလို protocol နဲ့ပဲ ဖော်ပြတဲ့ မူဝါဒမျိုးကိုတော့ ပြင်သင့်ပြီလို့ ထင်ပါတယ်။ မကြာခင်မှာ SEA GAME ၊ ASEAN SUMMIT လို နိုင်ငံတကာ ထိပ်သီးပွဲကြီးတွေကို မကြာခင်မှာ လက်ခံကျင်းပတော့မယ့် မြန်မာနိုင်ငံ အနေနဲ့ကတော့ မီဒီယာ ရဲ့ မူဝါဒပိုင်း အနေနဲ့ကတော့ နိုင်ငံတကာစံနှုန်းအတိုင်း ပြောင်းလဲသင့်ပါပြီ။

နိုင်ငံပိုင်မီဒီယာတွေ အနေနဲ့ အမေရိကန်- မြန်မာ နှစ်နိုင်ငံဆက်ဆံရေးအတွက် တိုးတက်တော့မယ့်အချိန် မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာကို ၀င်ဆံ့ဖို့ စတင်ကြိုးပမ်းနေရတဲ့ အချိန်မျိုးမှာ သတင်းကို သတင်းအတိုင်း၊ သတင်းရဲ့ အရေးပါမှုအတိုင်း မဖော်ပြတာမျိုးကိုတော့ ပြင်သင့်ပါပြီ။ ကျွန်တော်ညက သတင်းကိုဖွင့်ကြည့်ပါတယ်။ ဖွင့်ကြည့်တဲ့အခါမှာ ဟီလာရီကလင်တန် သတင်းလည်းပြီးရော မိုးလေ၀သ သတင်းပဲကျန်တော့တယ်။ ဒါဟာ ဘယ်သူ့ရဲ့မူဝါဒလည်း ဆိုတာတော့ သိချင်ပါတယ်။ " ဟု ပြောကြားခဲ့သည်။

ကမ္ဘာ့သတင်းမီဒီယာများတွင် ဖေါ်ပြမှုများ






ပြည်သူ့ဂုဏ်ရည်ဆုရှင် ဒေါ်ရှု ရေဘေးသင့်ဒေသသို့ သွားရောက်လှူဒါန်း

ပြည်သူ့ဂုဏ်ရည်အသင်းမှ ရေဘေးသင့်ပြည်သူများအတွက် လှူဒါန်းမှုများအား ၂၀၁၁ ခုနှစ် ပြည်သူ့ဂုဏ်ရည်ဆုရှင် ဒေါ်ရှုက အသင်းကိုယ်စား ရေဘေးသင့်ဒေသသို့ ကိုယ်တိုင် သွားရောက် လှူဒါန်းခဲ့သည်။



ဒေါ်ရှု သည် ပခုက္ကူဒေသသို့ နိုဝင်ဘာလ ၁၁ ရက်မှ ၁၅ ရက်နေ့အထိ သွားရောက်ကာ ပခုက္ကူ ယာယီ ရေဘေးကယ်ဆယ်ရေးစခန်းတွင် ဆန်၊ ငါးခြောက်နှင့် ကော်ဖီမစ်များ လှူဒါန်းခြင်း၊ ရေဘေးဒုက္ခရောက်နေသော ဘိုးဘွား ၃၄ ဦးအား ငွေကြေးထောက်ပံ့လှူဒါန်းခြင်း၊ ပခုက္ကူမြို့ ‘တောင်းဆုပြည့်ဝ မြတ်သုခ’ စေတီဝင်းအနီးရှိ ရေဘေးသင့် ဘုန်းတော်ကြီးကျောင်း တစ်ကျောင်း သို့ အလှူငွေ လှူဒါန်း ကူညီခြင်းများ ပြုလုပ်ခဲ့သည်။



ယခုအခါ အာဏာပိုင်များက ပခုက္ကူရေဘေးသင့်ပြည်သူများအား ပြန်လည်နေရာချထားရေးကိစ္စများ ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ သို့သော် ဆန် ဆီ အစရှိသည့် အခြေခံစားသုံးကုန်များ ဆက်လက် လိုအပ်နေကြောင်း၊ အထူးသဖြင့် ဆောင်းတွင်းကာလ ဝင်ရောက်နေပြီဖြစ်၍ ဆိတ်ဖြူမြို့နယ်ဘက်တွင် ခြုံစောင်များ လိုအပ်လျက်ရှိကြောင်း ဒေါ်ရှုက ပြောပြခဲ့သည်။

ပြည်သူ့ဂုဏ်ရည်အသင်း ကိုယ်စား ရေဘေးသင့်ပြည်သူများအား သွားရောက် ကူညီ ခဲ့သည့် ဒေါ်ရှု ကို ပြည်သူ့ဂုဏ်ရည်အသင်းက ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပြီး ဒေါ်ရှု ကလည်း ပြည်သူ့ဂုဏ်ရည် ကိုယ်စား ဆက်လက် အကျိုးဆောင် ပေးသွားချင်ကြောင်း ပြောဆိုခဲ့သည်။

ရေဘေးသင့် ပြည်သူများကို သွားရောက် ကူညီခဲ့သည့် ဒေါ်ရှု ၏ မှတ်တမ်း ဓာတ်ပုံများ အား ဖော်ပြမှတ်တမ်း တင်အပ်ပါသည်။

ကော့သောင်းမြို့နယ်ရှိ မြေဧရိယာ ဧက ၄၀၀အား ခြေမြန်တပ်ရင်းမြေအဖြစ် အသုံးပြုရန် ကာကွယ်ရေးဝန်ကြီးဌာနသို့ အခမဲ့ လွှဲပြောင်းပေး

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ကော့သောင်းမြို့နယ်ရှိ မြေဧရိယာ ဧက ၄၀၀ အား ခြေမြန်တပ်ရင်းမြေအဖြစ် အသုံးပြုရန် ကာကွယ်ရေးဝန်ကြီးဌာနသို့ အခမဲ့ လွှဲပြောင်းပေးခဲ့ကြောင်း ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သော ပြည်ထောင် စုသမ္မတမြန်မာနိုင်ငံတော်ပြန်တမ်းတွင် ဖော်ပြပါရှိချက်အရ သိရသည်။
အခမဲ့လွှဲပြောင်းပေးသည့်မြေသည် ကာကွယ်ရေးဝန်ကြီးဌာနမှ အသုံးမပြုသောနေ့တွင် နိုင်ငံတော်သို့ ပြန်လည်အပ်နှံရမည်ဖြစ်ကြောင်းလည်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်း၌ ဖော်ပြထားသည်။
''တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်၊ ခမောက်ကြီးမြို့နယ်ခွဲ၊ နာလီချန်ကျေးရွာအုပ်စု၊ ကွင်းအမှတ် (၁၂-OSS)၊ ပါချန်ကြိုးဝိုင်းတော တစ်စိတ်တစ်ဒေသ၊ သစ်တောကြိုး ၀ိုင်းပယ်ဖျက်ပြီး မြေဧရိယာ ၄၀၀ ဧကအား မြေနှင့် အခွန်အမိန့်ဆင့် ဆိုချက်-၃၃၃ အရ အမှတ် ၅၉၆ခြေ မြန်တပ်ရင်းမြေအဖြစ် အသုံးပြုရန်အတွက် ကာကွယ်ရေးဝန်ကြီးဌာနသို့ အခမဲ့ လွှဲပြောင်းပေးလိုက်သည်။

အခမဲ့ လွှဲပြောင်းပေးသည့်မြေသည် အမှုတွဲပါ စစ်ဆေးအတည် ပြုထားသည့်မြေပုံအတိုင်းဖြစ်ပြီး ကာကွယ်ရေးဝန်ကြီးဌာနမှ အသုံးမပြုသောနေ့တွင် နိုင်ငံတော်သို့ ပြန်လည်အပ်နှံရမည်။ ဒုတိယဗိုလ်ချုပ်ကြီး ကိုကို၊ ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၊ ပြည်ထဲရေးဝန်ကြီးဌာန။'' ဟူ၍ အဆိုပါ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြန်တမ်းတွင် ဖော်ပြထားသည်။

မန္တလေး စက်မှုဇုန်အတွင်း ကိုယ့်အားကိုယ်ကိုး ကွန်ကရစ်လမ်း ခင်းကျင်း



မန္တလေးစက်မှုဇုန်အတွင်း ကိုယ့်အားကိုယ်ကိုး ကွန်ကရစ်လမ်း စတင်ခင်းကျင်းလျှက်ရှိကြောင်း သိရသည်။''မန္တလေးစက်မှုဇုန်ရဲ့ အရှေ့အနောက် အဓိကလမ်းမကြီး လေးလမ်းဖြစ်တဲ့ ယောမင်းကြီးလမ်း၊ သခင်ဖိုးလှကြီးလမ်း၊ ကနောင်လမ်းနဲ့ ဖိုးရာဇာလမ်းတွေကို ပြုပြင်ဖို့ လမ်းအလိုက် လမ်းပြုပြင်ရေး အနီးကပ် ကြီးကြပ်မှု ဆပ်ကော်မတီတွေကို ဖွဲ့စည်းပြီး လုပ်နေကြပါတယ်။ အခု ဖိုးရာဇာလမ်းကို စပြီးကွန်ကရစ် လမ်းခင်းနေပါတယ်''ဟု စက်မှုလုပ် ငန်းရှင်တစ်ဦးက ပြောကြားသည်။

ဖိုးရာဇာလမ်းကို ၅၁ လမ်းမှ ရန်ကုန်-မန္တလေးလမ်းမကြီးအ ထိ ပေ ၁၁၇၀၀ ကွန်ကရစ်လမ်း ခင်းကျင်းရန်ရှိရာတွင် ၅၉ လမ်းမှ ရန်ကုန်- မန္တလေးလမ်းမကြီးအထိ ပေ ၇၆၅၀ကိုပထမအဆင့် အနေဖြင့် စတင် ခင်းကျင်းခြင်းဖြစ်ကြောင်း၊ လမ်းသားအကျယ်၂၄ပေ၊၉ လက်မ ထုနှင့်လမ်းပခုံးသားတစ်ဖက်သုံးပေ စီရှိကြောင်း သိရသည်။''အခုခင်းတာက စိုက်ထုတ်အ လှူရှင်ရှိလို့ ခင်းတာပါ''ဟု ဖိုးရာ ဇာလမ်း အနီးကပ်ကြီးကြပ်မှု ဆပ် ကော်မတီတစ်ဦးက ပြောသည်။

မန္တလေးစက်မှုဇုန်အတွင်းရှိ လမ်းများမှာမိုးရာသီတွင် ရေအိုင်များနှင့် ရွှံ့ဗွက်များထနေကြောင်း၊ဆောင်းရာသီနှင့် နွေရာသီတို့တွင် ဖုန်တထောင်းထောင်းထနေကြောင်း၊ လမ်းအများစုမှာ စက်မှုဇုန်စတင်တည်ကာစကတည်းက ခင်းထားသော လမ်းများဖြစ်ပြီး ပြန်လည်ပြုပြင်ခြင်းမရှိဘဲ လုပ်ငန်းရှင်များကသာ ကိုယ်ထူကိုယ်ထ ခင်းကျင်းရခြင်းဖြစ်ကြောင်း၊ အချို့သောလမ်းများမှာ အသုံးပြု၍မရအောင် ပျက်စီးခြင်းနှင့် အမှိုက်ပုံများ၊ သစ်ပင်ချုံပုတ်များဖြင့် လမ်းပိတ်ခြင်းများအထိ ရှိနေကြောင်း သိရသည်။

မန္တလေးစက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီရုံး၊ ကနောင်ခန်းမတွင် အောက်တိုဘာလအတွင်းက မန္တ လေးတိုင်းဒေသကြီး လျပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးနှင့် စက်မှုဇုန် အတွင်း ဥပဓိရုပ်ကောင်းမွန်ရေး၊ လမ်းမကြီးလေးသွယ်ပြုပြင်ရေး အနီးကပ်ကြီးကြပ်မှု ဆပ်ကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ယခုလမ်းကိစ္စသည် နောင်တစ်ချိန်တွင် စက်မှုဇုန်အတွင်းနေထိုင်ကြသော လုပ်ငန်းရှင်များသာ ခံစားရမှာဖြစ်သည့်အတွက် ဖွဲ့စည်းထားသော လမ်းကော်မတီများအနေဖြင့် NGO သဘောမျိုးဖြင့် အားလုံးတူညီသော စိတ်ဓာတ်အခြေခံထားပြီး ဆောင်ရွက်သွားကြရန်နှင့် ရန်ပုံငွေရရှိမှုအတွက် ဘယ်အိမ်မှ ဘယ်လောက်ထည့်သင့်ကြောင်း၊ဘယ်လိုလုပ်ငန်းရှင်မှ ဘယ်လောက်ထည့်သင့်သည် စသည့်တို့ကို လမ်းတိုင်း စုပေါင်းစာရင်းပြုစုပြီး ဆုံးဖြတ်ကြရမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။

မန္တလေးစက်မှုဇုန်ကို ၁၉၉၀ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး ဇုန်သက်တမ်းနှစ် ၂၀ ကျော်သည်အထိ ရေပေးဝေရေးစနစ်နှင့် ရေနုတ်မြောင်းစနစ်မရှိသေးကြောင်း သိရှိရသည်။

အင်ဒိုနီးရှား တံတားပြိုကျမှုတွင် သေဆုံးသူ ၁၀ ဦးအထိရှိလာ

တံတားပြိုကျသည့်နေရာတွင် ရဲတပ်ဖွဲ့ဝင်များက နိုဝင်ဘာလ ၂၇ ရက်တွင် စစ်ဆေးနေစဉ်


အင်ဒိုနီးရှားနိုင်ငံအလယ်ပိုင်းရှိ ကာလီမန်တန်ပြည်နယ် အရှေ့ဘက်တွင် အရှည် ၇၁၀ မီတာ (၂၃၃၀ ပေ) ရှိသော တံတားတစ်ခုသည် နိုဝင်ဘာလ ၂၆ ရက် ညနေက ပြိုကျခဲ့ရာ နိုဝင်ဘာလ ၂၈ ရက်တွင် သေဆုံးသူ ၁၀ ဦးအထိ ရှိလာခဲ့ကြောင်း သဘာဝဘေးအန္တရာယ်ဆိုင် ရာ စီမံခန့်ခွဲရေးအေဂျင်စီက ထုတ်ပြန်ခဲ့သည်။

တံတားပြိုကျမှုကြောင့် ကားများနှင့် အခြားယာဉ်များသည် အနက်မီတာ ၄၀ ရှိသည့် ရွံ့ထူသော ရေထဲသို့ ပြုတ်ကျခဲ့ပြီး လူ ၂၈ ဦး မှာ ပျောက်ဆုံးနေကြောင်း ယင်းအေဂျင်စီက ထုတ်ပြန်ခဲ့သည်။ သက်တမ်း ၁၀ နှစ်ရှိပြီဖြစ်သော တံတားကို ပြင်ဆင်မှု ပြုလုပ်နေစဉ် ထောက်ပံ့ထားသော ကေဘယ်တစ်ခုမှာ ကျိုးကျခဲ့ပြီးနောက် အခြားကေဘယ်များမှာလည်း ကျိုးကျခဲ့ခြင်းဖြစ်ကြောင်း ယင်းအေဂျင်စီဥက္ကဋ္ဌ ဆူတိုပိုပါဝို နူဂရိုဟိုက ပြောကြားခဲ့သည်။

တံတားပြန်လည်ပြင်ဆင်မှု ပြုလုပ်နေစဉ် သွားလာမှုအဆင်ပြေရေးအတွက် ယင်းတံတားအနီး ယာယီဆိပ်ကမ်းတစ်ခု တည်ဆောက်သွားရန် စီစဉ်နေကြောင်းလည်း သိရသည်။

Ref:Bloomberg

 ယီမင်အတိုက်အခံခေါင်းဆောင် ဦးဆောင်ပြီး ကြားဖြတ်အစိုးရဖွဲ့ရန် လက်ရှိအစိုးရ တိုက်တွန်း

သမ္မတဆာလက်ဟ်မိသားစုကို တရားစွဲရန် အစိုးရဆန့်ကျင်သူများက အော်ဟစ်တောင်းဆိုနေစဉ်


ယီမင်သမ္မတဆာလက်ဟ် ရာထူးမှနုတ်ထွက်ရန် စီစဉ်ထားသည့် ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလအထိ အုပ်ချုပ်ရေးအတွက် အစိုးရသစ်ဖွဲ့စည်းရန် ယီမင်အတိုက်အခံခေါင်းဆောင် မိုဟာမက်ဘာဆင်ဒါဝါကို နိုဝင်ဘာလ ၂၇ ရက်နေ့က ၀န်ကြီးချုပ်အဖြစ် တာဝန်ပေးခဲ့သည်။
မိုဟာမက်ဘာဆင်ဒါဝါကို ပြန်လည်ရင်ကြားစေ့ရေး အစိုးရဖွဲ့ရန် တာဝန်ပေးအပ်ခဲ့ကြောင်း ဒုတိယသမ္မတက ထုတ်ပြန်ခဲ့သော အမိန့်ဒီဂရီတွင်ပါရှိသည်ဟု နိုင်ငံပိုင် ဆာဘာသတင်းအေဂျင်စီက ဖော်ပြခဲ့သည်။ ပင်လယ်ကွေ့ကောင်စီ သဘောတူညီချက်အရ ဆာလက်ဟ်သည် ၎င်း၏အာဏာများကို ဒုတိယသမ္မတထံ လွှဲအပ်ထားရသည်။

ညွန့်ပေါင်းအစိုးရတစ်ရပ်ကို ဦးဆောင်ရန် အတိုက်အခံတို့သည် ဆာလက်ဟ်၏ အာဏာရပါတီ အဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်သူ ဘာဆင်ဒါဝါကို နိုဝင်ဘာလ ၂၅ ရက်နေ့က ရွေးချယ်ခဲ့သည်။ တောင်ယီမင်ဟောင်း၏ မြို့တော်အေဒင်တွင် မွေးဖွားခဲ့သော ဘာဆင်ဒါဝါသည် လွန်ခဲ့သည့်ဆယ်နှစ်က ဆာလက်ဟ်၏ General People's Congress ပါတီမှ နုတ်ထွက်ခဲ့ပြီး ပြိုင်ဘက်တစ်ဦးဖြစ်လာခဲ့သော်လည်း မည်သည့်ပါတီမှ ၀င်ရောက်ခြင်းမရှိပေ။ နိုင်ငံခြားရေး ၀န်ကြီးဟောင်းလည်းဖြစ်သူ ဘာဆင်ဒါဝါသည် ညွန့်ပေါင်းအစိုးရဖွဲ့ရန် သီတင်းနှစ်ပတ် အချိန်ရမည်ဖြစ် ပြီးအစိုးရအဖွဲ့တွင် ဆာလက်ဟ် သစ္စာခံများနှင့် အတိုက်အခံတို့သည် အဓိကကျသော ရာထူးတာဝန်များကို ခွဲဝေယူကြရမည်ဖြစ်သည်။

ယီမင်ကို ၃၃ နှစ်ကြာအုပ်ချုပ်ခဲ့သော အသက် ၆၉ နှစ်အရွယ်ရှိ ဆာလက်ဟ်သည် သူနှင့်သူ၏မိသားစု တရားစွဲဆိုခြင်းမှ ကင်းလွတ်ခွင့်ရရေးအတွက် ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေးကောင်စီ၏ ကြားဝင်သဘောတူညီချက်ကို လက်မှတ်ရေး ထိုးခဲ့ပြီး ရာထူးနုတ်ထွက်ရန် သဘောတူခဲ့သည်။

Ref: AFP

ထောင်ဒဏ်ကျခံခဲ့ရသော နိုင်ငံရေးလှုပ်ရှားသူများအား အာရပ်စော်ဘွားများ ပြည်ထောင်စုစော်ဘွားက လွတ်ငြိမ်းချမ်းသာခွင့်ပေး

အာရပ်စော်ဘွားများပြည်ထောင်စု ခေါင်းဆောင်များအား စော်ကားသော မှတ်ချက်စကားများ ပြောဆိုခဲ့မှုအပါအ၀င် အခြားစွဲချက်များကြောင့် ထောင်ဒဏ်ချမှတ်ခံခဲ့ရသူ ငါးဦးကို စော်ဘွားက လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ကြာင်း နိုင်ငံပိုင်သတင်းဌာန WAMနှင့် ထောင်ကျခံရသူများ၏ ရှေ့နေက နိုဝင်ဘာလ ၂၈ ရက်တွင် ပြောကြားခဲ့သည်။

ဘလော့ဂါအာမက်ဒ်မန်ဆာကို ထောင်ဒဏ်သုံးနှစ်နှင့် အခြားလေးဦးကို ထောင်ဒဏ်နှစ်နှစ်စီ အထက်တရားရုံးက ပြစ်ဒဏ်ချမှတ်ခဲ့ပြီး နောက်တစ်နေ့တွင် စော်ဘွားတစ်ဖြစ်လဲ ယူအေအီးသမ္မတ ရှိတ်ခ်ခါလီဖာ ဘင်ဇာယက်ဒ်အယ်လ်နာဟာရန်က လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ပေး ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း WAM သတင်းဌာနက ဖော်ပြခဲ့သည်။

ဒီဇင်ဘာလ ၂ ရက်နေ့တွင် ကျရောက်မည့် ယူအေအီးအမျိုးသားနေ့ အနှစ်(၄၀)ပြည့်အတွက် လွတ်ငြိမ်းချမ်းသာခွင့်ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ငါးဦး ပါဝင်ခြင်းဖြစ်သည်။

မန်ဆာနှင့်အတူ ဆော်ဘွန်း တက္ကသိုလ်အဘူဒါဘီဌာနခွဲမှနာဆာ ဘင်ဂါ့သ်၊ လူ့အခွင့်အရေးလှုပ်ရှားသူ ဖာဟစ်ဆာလင်မ်ဒါ့၊ ဟာဆန်အလီ ခါမစ်၊ အာမက်အဗ္ဗဒယ်ခါလက်တို့ ထောင်ဒဏ်ကျခံရခြင်းဖြစ်သည်။ ၎င်းတို့ငါးဦးကို ယူအေအီးခေါင်းဆောင်များအား စော်ကားမှု၊ စက်တင်ဘာလအတွင်းက ကျင်းပခဲ့သည့် ပြည်ထောင်စု အမျိုးသားကောင်စီရွေးကောက်ပွဲများအား သပိတ်မှောက်မှု၊ ယူအေအီးအစိုးရအား ဆန့်ကျင်ကန့်ကွက်မှုများနှင့်ပတ်သက်ခဲ့မှုတို့ဖြင့် ထောင်ဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

၎င်းတို့အား တရားစီရင်မှုမှာ လုံးဝမမျတကြောင်း လူ့အခွင့်အရေးအဖွဲ့များက ဝေဖန်ခဲ့ကြသည်။

Ref: AFP

ပြင်သစ်သမ္မတဖြစ်လာနိုင်သည့် အိုင်အမ်အက်ဖ်ဥက္ကဋ္ဌဟောင်းကို မိန်းမကိစ္စဖြင့် အကွက်ဆင်ပြီး နိုင်ငံရေးဇာတ်ခုံမှ ဖယ်ရှားခဲ့သည်ဆိုသော စွဲချက်များအား ဆာကော်ဇီပါတီ

ပြင်သစ်ရဲစခန်းမှထွက်လာသော စထရောက်ခန်းကို ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၂၉ ရက်က တွေ့ရစဉ်


၂၀၁၂ ခုနှစ် ပြင်သစ်သမ္မတ ဖြစ်လာနိုင်သည့်အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့(IMF) ဥက္ကဋ္ဌ ဟောင်းကို မိန်းမကိစ္စဖြင့် အကွက် ဆင်ပြီး နိုင်ငံရေးဇာတ်ခုံမှဖယ်ရှားခဲ့ သည်ဆိုသောစွဲချက်များအားသမ္မတ နီကိုလတ်စ်ဆာကော်ဇီ၏အာဏာရ ပါတီက နိုဝင်ဘာလ ၂၇ ရက်တွင် ငြင်းဆိုခဲ့သည်။
ယင်းစွဲချက်မှာ အလွန်အူကြောင်ကြောင်နိုင်ပြီး အကွက်ဆင်ခဲ့သည်ဟု စွပ်စွဲခြင်းမှာလည်း အလွန်ရယ်ရွှင်ဖွယ်ကောင်းသော အကျည်းတန်လုပ်ရပ်ဖြစ်ကြောင်း အာဏာရ (UMP)ပါတီခေါင်းဆောင် ဂျော့န်ဖရန့်ဆွာကိုပီက ပြောကြားခဲ့သည်။ ပြည်ထဲရေးဝန်ကြီး Claude Gueant ကလည်း ယင်းစွဲချက်များမှာ စိတ်ကူးယဉ်ဆန်သော စကားများဖြစ်ကြောင်း ပြောကြားခဲ့သည်။ (IMF) ဥက္ကဋ္ဌဟောင်း ဒေါ မနစ်စထရောက်ခန်းသည် မေလ ၁၄ ရက်တွင် နယူးယောက်ရှိ ဆိုဖီတယ်လ်ဟိုတယ်၌ ဟိုတယ်အမျိုးသမီးဝန်ထမ်းတစ်ဦးကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုပြုလုပ်ခဲ့သည်ဟု တိုင်ကြားခြင်းခံရပြီး စွဲချက်များတင်ခံခဲ့ရသည်။

၎င်း၏ လက်ထောက်များ က ယင်းဖြစ်စဉ်မှာ အကွက်ဆင်ခံရခြင်းဖြစ်သည်ဟု ပြောကြားချက်များပါဝင်သော ဆောင်းပါးတစ်ပုဒ် New York Review of Books တွင် ဖော်ပြခဲ့ပြီးနောက် (UMP) ပါတီ၏ ငြင်းဆိုချက် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ စထရောက်ခန်းက လိင်ပိုင်းဆိုင်ရာစော်ကားမှု ပြုလုပ်ခဲ့သည်ဟု ဟိုတယ်ဝန်ထမ်း နာဖစ်ဆာတိုဒီယာလိုက တိုင်ကြားခဲ့ပြီးနောက် စထရောက်ခန်းကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ သမ္မတရွေးကောက်ပွဲတွင် ဆာကော်ဇီကိုအနိုင်ရရန် ရေပန်းစားနေသော စထရောက်ခန်းသည် စွပ်စွဲမှုခံရပြီးနောက် (IMF) ဥက္ကဋ္ဌအဖြစ်မှ နုတ်ထွက်ခဲ့ရသည်။

စွပ်စွဲသူဒီယာလိုသည် ၎င်း၏ စွဲချက်များကို ထွက်ဆိုရာတွင် ယုံကြည်စိတ်ချရမှုမရှိဟု အစိုးရရှေ့နေများက ဆုံးဖြတ်ချက်ချသဖြင့် စထရောက်ခန်းအပေါ် စွဲဆိုချက်အားလုံးကို ရုပ်သိမ်းကြောင်း တရားသူကြီးများက ဆုံးဖြတ်ချက်ချခဲ့သည်။ ယင်းဖြစ်စဉ်အပြီးတွင် စထရောက်ခန်းသည် အမျိုးသမီးအချို့၏ စွဲချက်များလည်း ထပ်မံရင်ဆိုင်ခဲ့ရသည်။

စထရောက်ခန်းသည် ၎င်းအဖမ်းမခံရမီ ၎င်း၏ Blackberry ဖုန်းတစ်လုံး ပျောက်သွားခဲ့ပြီး hack ခံရသည်ဟု သံသယရှိခဲ့ကြောင်း ဆောင်းပါးရေးသူ Edward Epstein က သတင်းရင်းမြစ်များကို ကိုးကားပြီး ဖော်ပြခဲ့ သည်။ စထရောက်ခန်းကို ဒီယာလိုက တိုင်ကြားခဲ့ပြီးနောက် ယင်းဟိုတယ်ရှိဝန်ထမ်းနှစ်ဦးသည် အောင်ပွဲခံသည့်ပုံစံ သုံးမိနစ်ကြာပြု လုပ်ခဲ့မှုကို ဟိုတယ်ရှိလုံခြုံရေး ကင်မရာမှတစ်ဆင့် မြင်တွေ့ခဲ့ကြောင်း ယင်းဆောင်းပါး တွင်ဖော်ပြခဲ့သည်။ ဆိုဖီတယ်လ်ဟိုတယ်အုပ်စုကမူ ယင်းအောင်ပွဲခံမှုမှာ စထရောက်ခန်းနှင့် ပတ်သက်မှုမရှိကြောင်း ထုတ်ပြန်ခဲ့သည်။ ဖုန်းပျောက်သည်နှင့်ပင် အကွက်ဆင် လုပ်ကြံခြင်းဖြစ်ရမည်လောဟု ပြည်ထဲရေး ၀န်ကြီးက မေးခွန်းထုတ်ခဲ့သည်။ စထရောက်ခန်းအခန်းရှိရာ ဟိုတယ်အထပ်ရှိ အခြားအခန်းတစ်ခုသို့ ဒီယာလိုသည် အခင်းမဖြစ်မီခဏအလိုတွင် ၀င်သွားခဲ့ပြီး ပြန်အထွက်၌ ယင်းဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း၊ ဒီယာလို ၀င်သွားသော အခန်းတွင် မည်သူရှိသနည်း၊ အဘယ်ကြောင့် ၀င်သွားရသနည်းဟု ဆောင်းပါးရှင်က မေးခွန်းထုတ်ခဲ့သည်။ Epstein ၏ရေးသားမှုများအပေါ် အခြေပြုပြီး စုံစမ်းစစ်ဆေးသင့်ကြောင်း စထရောက်ခန်းကို ထောက်ခံသော DSK Club က ပါရီအစိုးရရှေ့နေရုံးအား တိုက်တွန်းခဲ့သည်။

Ref: AFP

ထိုင်းလူမျိုးများ ဆုတောင်းပြည့်သည့် ယုံကြည်ချက်ဖြင့် ရွှေတိဂုံစေတီတော်သို့ လာရောက်

ရွှေတိဂုံစေတီတော်သို့ ဧည့်နိုင်ငံခြားသားများ တက်ရောက်မှုကို နိုဝင်ဘာလလယ်ပိုင်းက တွေ့ရစဉ်


ရွှေတိဂုံစေတီတော်သို့ ဧည့်နိုင်ငံခြားသားများ တက်ရောက်ကြမှုများ အနက် ထိုင်းလူမျိုးများမှာ ဆုတောင်း ပြည့်သည်ဆိုသော ယုံကြည်ချက်ဖြင့် လာရောက်ကြခြင်း ဖြစ်ကြောင်း ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့မှ သတင်းရရှိပါသည်။

ယခုအချိန်ကာလသည် ပွင့်လင်း ရာသီကာလဖြစ်သည့်အတွက် ရွှေတိဂုံ စေတီတော်သို့ ဧည့်နိုင်ငံခြားသားများ တက်ရောက်မှုမှာလည်း ယခင်ကာလများထက် ပိုမိုများပြားလာပြီဖြစ်ရာ ယင်းသို့လာရောက်ကြသည့် ဧည့်နိုင်ငံခြားသားများတွင်လည်း ထိုင်းလူမျိုးများမှာ အခြားလူမျိုးများထက် တစ်နှစ်ပတ်လုံး အများဆုံးဖြစ်သည်။

“ရွှေတိဂုံစေတီတော်ကို ဧည့်နိုင်ငံခြားသားတွေကို စိတ်ကူးအမျိုးမျိုး နဲ့လာကြတယ်။ အဲဒီလိုလာကြတဲ့ အထဲမှာ အာရှတိုက်သားအများစုက ဗုဒ္ဓဘာသာဝင်တွေ ဖြစ်တဲ့အလျောက် သူတို့ရဲ့ယုံကြည်ချက်တွေနဲ့ ရွှေတိဂုံ စေတီတော်ကို လာဖူးကြတယ်။ တခြားအနောက်နိုင်ငံသား ဗုဒ္ဓဘာသာဝင်တွေကတော့ ဘာသာရေးယုံကြည်ချက်နဲ့ လာဖူးမြော်ကြတာရှိသလို တရားလာထိုင်တာတို့၊ လှူဒါန်းမှုပြု ကြတာတွေပါရှိတယ်။ တခြားနိုင်ငံသားတွေကတော့ ရွှေတိဂုံစေတီတော်မှာရှိတဲ့ ဗိသုကာလက်ရာတွေ၊ မြန်မာ လူမျိုးတွေရဲ့မင်းအဆက်ဆက်၊ ခေတ်အဆက်ဆက် စေတီပြုပြင်မှုတွေ၊ လှူဒါန်းမှုတွေနဲ့ ရွှေတိဂုံဘုရားကြီး ရဲ့ သမိုင်းကြောင်းဆိုင်ရာတွေကို စူးစမ်းလေ့လာချင်လို့ လာကြတာများတယ်။

ဒါပေမဲ့ အဲဒီအထဲမှာ ထိုင်းလူမျိုးတွေကတော့ ရွှေတိဂုံစေတီတော်ဟာ ဆုတောင်းပြည့်တယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ လာကြတာများတယ် ဆိုတာကို ဧည့်လမ်းညွှန်တွေကနေ တစ်ဆင့်သိရှိရပါတယ်။ ပြီးတော့ ထိုင်းလူမျိုးတွေက သောကြာနေ့မျိုးဆိုရင် ပိုအလာများကြတယ်”ဟု ရွှေတိဂုံ စေတီတော် ဂေါပကအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြပါသည်။

ကချင်စစ်ဘေးရှောင် ဒုက္ခသည်များ အတွက် အဝတ်လှူ

အအေးပိုနေသော ကချင်ပြည်နယ်ရှိ စစ်ဘေးဒုက္ခသည်များအတွက် လှူဒါန်းထားသော
စောင်နှင့် အနွေးထည်များကို မြစ်ကြီးနားသို့ ပေးပို့လိုက်ပြီဖြစ်ကြောင်း ရန်ကုန်အခြေစိုက် နာရေးကူညီမှု အသင်းထံမှ သိရသည်။
နိုဝင်ဘာ ၂၉ ရက်နေ့က ရထားဖြင့် ပေးပို့ခဲ့ခြင်းဖြစ်ကာ ပိဿာချိန်စုစုပေါင်း ၁၅၀ ဝန်းကျင်ရှိ ကူညီရေး ပစ္စည်းများ
ဖြင့် မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်ရှိ စစ်ဘေးဒုက္ခသည်စခန်းများကို ပို့ဆောင်သွားမှာဖြစ်သည်။

“ပို့လိုက်တဲ့ပစ္စည်းက ကာလတန်ဖိုး ဘယ်လောက်ရှိမလဲတော့ မသိဘူး။ များတော့ များတယ်။ အထုပ်ကြီးတွေ ၅၊ ၆ ထုပ်လောက် ရှိတယ်။ အနွေးထည်ပေါ့။ အခုက ရာသီဥတုက ဟိုမှာ အရမ်း အေးနေပြီလေ။ ကလေးတွေဆို ဒုက္ခရောက်တာပေါ့။ အဲဒါကြောင့် စောင်တို့၊ အနွေးထည်တို့က အဓိက” ဟု နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူက မဇ္ဈိမကို ပြောသည်။

လက်ရှိတွင် မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့ ရာသီဥတုမှာ စတင်အေးလာပြီဖြစ်ကာ နံနက်ပိုင်းများတွင် ပိုမို အေးကာ
နိုဝင်ဘာလတွင်းရှိသည့် ပျမ်းမျှအပူချိန်ထက် လေးဒီဂရီစင်တီဂရိတ်ထိ လျော့နည်းနေကြောင်း အစိုးရပိုင် သတင်းစာ များတွင် ဖော်ပြထားသည်။ ယင်းအပြင် ဒုက္ခသည်များရှိနေသည့် မိုင်ဂျာယန်မြို့တွင်မူ ရာသီဥတု ဆိုးဝါးနေကာ
နှင်းကျသည့်အပြင် လေတိုက်ခက်ရှိနေသည်ဟု ဒေသခံများထံမှ သိရသည်။

“Border (နယ်စပ် ) လိုင်းထိတော့ သွားလို့ မရဘူးလေ။ ကျနော်တို့ပါ ကိစ္စတွေ များကုန်မယ်။ ကျနော်တို့က သူတို့ သတ်မှတ်ထားတဲ့နယ်မြေထဲပဲ ကျနော်တို့က သွားရမှာပဲ။ သတ်မှတ်ထားတဲ့နယ်မြေမှာ ဒုက္ခသည်တွေကို ကူညီ လှူဒါန်းရမှာပဲ။ ဟိုအထိ သွားလို့ကတော့ နိုင်ငံရေးပုဒ်မ ညှိသွားမယ် မဟုတ်လား” ဟု ဦးကျော်သူက ဆိုသည်။

မန္တလေးအခြေစိုက် ဘဝအလင်း ပရဟိတအဖွဲ့နှင့် ရန်ကုန်ရှိ ၈၈ ကျောင်းသားအဖွဲ့မှလည်း အတူလိုက်ပါကြမည်
ဖြစ်ကာ ယင်းတို့မှ သီးခြားစီ ကူညီသွားကြမည် ဖြစ်သည်။

ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ထိန်းချုပ်ရာ မိုင်ဂျာယန်မြို့တွင်လည်း ရာသီဥတုကြောင့် ဖျားနာသူများ တိုးပွား လျက်ရှိပြီး ယခင်ထက် နှစ်ဆခန့်၊ လူဦးရေ ၈ဝဝ နီးပါးမှာ အဆုတ်နှင့် ပတ်သက်သည့် ဒေနာများ ခံစားနေရသည်ဟု သိရသည်။ တရုတ်-မြန်မာနယ်စပ်ရှိ မိုင်ဂျာယန်မြို့တွင် ဒုက္ခသည်စခန်း ခြောက်ခုရှိကာ ဒုက္ခသည် ထောင်နှင့်ချီ၍ ရှိသည်။

“ဖျားတယ်။ အဓိက ကတော့ ချောင်းဆိုးတဲ့ဟာ။ သူတို့ အိပ်ရတဲ့နေရာက မြေကြီး သံမန်တလင်းပေါ့။ သူတို့ အတွက် တခြား ပျဉ်ပြားလည်း မခင်းပေးနိုင်ဘူး။ ဒီဟာတွက်လည်း ကုန်ကျမှုက မတက်နိုင်တဲ့အခါကျတော့ ဒီအတိုင်းပဲ ဖျာပဲ ခင်းပြီးမှ အိပ်ခိုင်းတော့ သူတို့ အေးတယ်။ အေးတော့ သက်ကြီးရွယ်အိုနဲ့ ကလေးတွေက အဓိက နှာစေး ချောင်းဆိုး
တွေ ဖြစ်တယ်” ဟု ဒုက္ခသည်များအား ကူညီပေးနေသည့် ကချင်အမျိုးသမီးအဖွဲ့ (ထိုင်းနိုင်ငံ) KWAT အဖွဲ့ဝင်
ဒေါ်မိုင်းဂျာက မဇ္ဈိမကို ပြောသည်။

ယင်းအပြင် နိုဝင်ဘာလ ၂ဝ ရက်နေ့မှစ၍ အဝါရောင်မိုးများ ရွာသွန်းမှုကြောင့် မိုင်ဂျာယန်နှင့် ယင်းတဝိုက်ရှိ
သောက်ရေသိုလှောင်ကန်များတွင်း စီးဝင်းနေပြီး ယင်းရေကိုပင် သောက်သုံးနေရကြောင်း၊ မည်သည့် အတွက်
ကြောင့် ရွာသည်ကိုမူ မသိကြောင်းလည်း ဒေသခံများထံမှ သိရသည်။

“ဒေသခံတွေလည်း ဒီအတိုင်းပဲ သောက်ရတယ်။ ဒုက္ခသည်တွေလည်း ဒီအတိုင်းပဲ သောက်နေရတယ်၊ စားနေရတယ်။ အရွက်တွေပေါ်မှာ လည်းကျတယ်၊ ဟင်းသီးဟင်းရွက်ပေါ်မှာလည်း ကျတယ်။ ဒီအတိုင်းပဲ စားရတယ်။ သေလည်း မတတ်နိုင်တော့ဘူး။ သေလည်း ဒီလိုပဲ သေရတော့မှာပဲ။ ဒီ Yellow Rain က ဘာကြောင့်ကျမှန်းတော့ မသိဘူး။ အဲဒါ တသက်လုံးမှာ ဒါမျိုးတခါမှ မကျဖူးဘူး” ဟု မိုင်ဂျာယန်ဒုက္ခသည် စခန်းရှိ ဒေါ်မိုင်းဂျာက ဆိုသည်။

လက်ရှိတွင်လည်း KIO နှင့် စစ်အစိုးရတပ်များအကြား တိုက်ပွဲများ ဆက်ဖြစ်ပွားနေမှုကြောင့် ဒုက္ခသည်များ ထပ်မံ တိုးလာလျက်ရှိရာ ယခုချိန်အထိ ကချင်ပြည်နယ်တဝန်းတွင် ဒုက္ခသည် လေးသောင်းကျော်ခန့် ရှိနေပြီဟု KIO ဒုက္ခသည်ကူညီရေးကော်မတီက ခန့်မှန်းထားသည်။

နိုဝင်ဘာလ၂၈ ရက်နေ့ကလည်း ကချင်ပြည်နယ် အရှေ့တောင်ဘက် ဗန်းမော်နှင့် မူဆယ်မြို့ကြား ဘလောင်ဒိန်ဆာ ရှိ KIA တပ်ရင်း ၂၇ အား စစ်အစိုးရမှ တိုက်ခိုက်သိမ်းပိုက်စဉ်ကလည်း ယင်းအနီးနားမှ ဒုက္ခသည် အများအပြား ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။

“အများအားဖြင့်ဆိုရင် ရွာမှာ နေလို့မရဘူး။ တောမှာ၊ ချုံမှာ တဲထိုးပြီး နေရတယ်ဆိုတော့ ဆောင်းရာသီ ရောက်တယ် ဆိုတော့ တချို့ဆိုရင်တော့ ကိုယ့်ရဲ့အိမ်ကနေ ပါမလာတဲ့ ခြုံဖို့ စောင်တွေ အခင်းတွေလည်း၊ ရှိရင်လည်းပဲ လိုသလောက်တော့ မသယ်ဆောင်နိုင်ဘူးပေါ့။ တချို့ဆိုရင် နဂိုကနေလည်းပဲ ဆင်းရဲတယ်ဆို တော့ လုံလုံခြုံခြုံ မရှိတဲ့သူတွေလည်း အအေးဒဏ်တော့ အတူတူခံရတာပေါ့” ဟု KIO ဒုက္ခသည်ကူညီရေး ကော်မတီတာဝန်ခံ အရပ်ဘက်အရာရှိ ဦးဒွဲပီဆားက ဆိုသည်။

ကချင်ဒုက္ခသည်များကို မကူညီရန်အတွက် အစိုးရမှ ပြည်တွင်းရှိ NGO များကို ပြောဆိုမှုများရှိခဲ့သည်ဟု ဇူလိုင် လဆန်းပိုင်းကလည်း သတင်းများ ထွက်ပေါ်ခဲ့ပြီး ယခုအချိန်အထိ တရားဝင် ကူညီပေးမှုများ မရှိသလောက် နည်းပါးလျက် ရှိသည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် အစိုးရမဟုတ်သော NGO များဖြစ်သော AZG ၊ World Concern ၊ WHO ၊ ငြိမ်းဖာင်ဒေးရှင်း Shalom Foundation နှင့် မေတ္တာဖောင်ဒေးရှင်း စသည့် အဖွဲ့အစည်း အများအပြားရှိသည်။

“အခုအချိန်ထိတော့ တားတာတို့ ဘာတို့တော့ မရှိသေးဘူး။ သူတို့ဘဲ မသိသေးလို့လားတော့ မသိဘူး” ဟု နာရေး ကူညီမှုအသင်း အကြံပေးအဖြစ်လည်း ဒုက္ခသည်များအား ကိုယ်တိုင်ကိုယ်ကျ သွားရောက်ကူညီမည့် ကိုစိုင်းရဲကျော်စွာမြင့်က ပြောဆိုသည်။

KWAT အဖွဲ့က ဒေါ်မိုင်းဂျာကလည်း “လာကူတဲ့သူတွေကို ဘာမှ ပြဿနာမလုပ်စေချင်ပါဘူး အစိုးရက။ ဒီပြည်သူ
တွေဟာလည်း ဒီအစိုးရနဲ့ ပြည်သူတွေပဲ။ အစိုးရရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိတဲ့ ပြည်သူတွေကို ဒီလိုမျိုး ဒုက္ခရောက် တာတော့ မလုပ်စေချင်ဘူးပေါ့နော်” ဟု ဆိုသည်။

ကလင်တန်ရဲ့ နေ့လည်စာ

နေပြည်တော်သို့ ဗုဒ္ဓဟူးနေ့ ညနေပိုင်းက ရောက်ရှိလာသည့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီကလင်တန်၏ ခရီးစဉ်၏ ဒုတိယမြောက်နေ့ သမ္မတအိမ်တော်တွင် တည်ခင်း ဧည့်ခံမည့် နေ့လည်စာ အစားအသောက်များကို ဖေါ်ပြလိုက်သည်။

တရုတ်အစားအစာ အများစုဖြစ်သော “ဂဏန်းကြွပ်ကြော်၊ ကြက်တောင်ပံ အစာသွပ်ကြော်၊ ငါးရှဥ့်ကြော်၊ ပြောင်းဖူး ဟင်းချို၊ ထိုင်ဝမ် မုန့်ညှင်းခရုဆီ၊ ကျောက်ငါးပေါင်းနှင့် ပဲငံပြာရည်၊ ပင်လယ်ခရုနှင့် ခရုဆီ၊ ဂျပန်တို့ဟူး ကညွတ်နှင့် မဟူရာမှိုနက်၊ ပင်လယ်စာနှင့် ခေါက်ဆွဲကြော်၊ ကြက်ဥ ပဲသီးထမင်းကြော်၊ ရာသီပေါ်သီးစုံ၊ လက်ဖက်ရည်နှင့်
ကော်ဖီ” တို့ ဖြစ်သည်။

အထူးလေယာဉ်ဖြင့် ရောက်လာသော ဝန်ကြီးကလင်တန်အတွက် အစားအသောက်များကို ဧဒင်စီးပွားရေး အုပ်စု ပိုင်ရှင် ဦးချစ်ခိုင် ပိုင်ဆိုင်သော သင်္ဂဟ ဟိုတယ်မှ ချက်ပြုတ်ခြင်းဖြစ်ပြီး သမ္မတအိမ်တော်တွင် တည်ခင်း ဧည့်ခံမှာ
ဖြစ်သည်ဟု သတင်းရပ်ကွက်များက ပြောသည်။ သင်္ဂဟ ဟိုတည်သည် နေပြည်တော် ဟိုတည်ဇုန်အတွင်း တည်ရှိ သည်။

အဆိုပါ အစားအသာက်များကို စီစဉ်ရန်အတွက် သင်္ဂဟ ဟိုတယ် စားသောက်စီမံရာဌာနသို့ နေပြည်တော် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန FDA ကကြိုတင် စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

United States of America စာတန်းကပ်ထားသော အထူးလေယာဉ်ဖြင့် လိုက်ပါလာသည့် မစ္စကလင်တန်နှင့် အတူ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကာ့တ်ကင်းဘဲလ်နှင့် မိုက်ကယ်ပေါ့စနာတို့လည်း လိုက်ပါလာရာ မြန်မာ ဒုတိယ
နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာမျိုးမြင့်က ကြိုဆိုနှုတ်ဆက်ခဲ့သည်။

မစ္စကလင်တန်သည် ကြာသပတေးနေ့မှာ မြန်မာသမတဦးသိန်းစိန်နှင့် တွေ့ဆုံမှာဖြစ်သလို အထက် အောက် လွှတ်တော်များက ဥက္ကဋ္ဌများဖြစ်သော ဦးသူရရွှေမန်းနှင့် ဦးခင်အောင်မြင့်တို့နှင့် တွေ့ဆုံမှာဖြစ်သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် မြန်မာနိုင်ငံသို့ ရောက်ရှိ

နိုဝင်ဘာလ ၃၀ရက်နေ့ ညနေ ၄နာရီခွဲခန့်တွင် နေပြည်တော်လေဆိပ်သို့ ရောက်ရှိလာသော အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ကို တွေ့ရစဉ်

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်သည် နိုဝင်ဘာလ ၃၀ရက်နေ့ ညနေ လေးနာရီ မိနစ်၃၀အချိန်က အမေရိကန်လေယာဉ် ၈၀၀၀၂ ဖြင့် မြန်မာနိုင်ငံ၊ နေပြည်တော်လေဆိပ်သို့ ရောက်ရှိလာခဲ့ပါသည်။

နှစ်ပေါင်း ၅၆နှစ်တာကာလအတွင်း သမိုင်းဝင်ခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ လာရောက်ခဲ့သော အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ကို နေပြည်တော်လေဆိပ်၌ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယ၀န်ကြီး ဒေါက်တာမျိုးမြင့်က ကြိုဆိုခဲ့ပါသည်။ထို နောက် ဟီလာရီကလင်တန်နှင့် အမေရိကန်ကိုယ်စားလှယ်အဖွဲ့သည် ခေတ္တတည်းခိုမည့် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်သို့ ဆက်လက် ထွက်ခွာသွားခဲ့ကြ ပါသည်။

ဟီလာရီကလင်တန်၏ မြန်မာနိုင်ငံခရီးစဉ်မှာ သုံးရက်ကြာမြင့်မည် ဖြစ်ပြီး နိုဝင်ဘာလ ၃၀ရက်နေ့မှ ဒီဇင်ဘာလ၂ရက်နေ့ အထိ လာရောက်ခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါအစီအစဉ်အရ ဒီဇင်ဘာလ ၁ရက်နေ့တွင် ဟီလာရီကလင်တန်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ နိုင်ငံ တော်သမ္မတ ဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့နှင့် တွေ့ဆုံမည်ဖြစ်ပါသည်။ ထို့နောက် ဒီဇင်ဘာလ ၁ ရက်နေ့ မွန်းလွဲပိုင်းအချိန်တွင် နေ ပြည်တော်မှ ရန်ကုန်မြို့သို့ ဆက်လက်ထွက်ခွာမည်ဖြစ်ကြောင်း သိရှိရပါသည်။

နေပြည်တော်လေဆိပ်သို့ ရောက်ရှိလာသော အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ကို နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယ၀န်ကြီး ဒေါက်တာမျိုးမြင့် ကြိုဆိုနှုတ်ဆက်

ဟီလာရီကလင်တန်နှင့်အတူ မြန်မာနိုင်ငံသို့ သုံးကြိမ်တိုင်လာရောက်ခဲ့ဖူးသော မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ်နှင့် မူဝါဒညှိနှိုင်းရေးမှူး ဒဲရက်မစ်ချယ်နှင့် မြန်မာနိုင်ငံသို့ တစ်ကြိမ်လာရောက်ခဲ့ဖူးသော အမေရိကန်နိုင်ငံ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် အလုပ်သမားရေးရား လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ်ပိုစနာတို့ လိုက်ပါလာကြောင်း သိရပါသည်။ အမေရိကန်ကိုယ်စားလှယ် အဖွဲ့၏ မြန်မာနိုင်ငံခရီးစဉ်သည် မြန်မာနှင့်အမေရိကန် နှစ်နိုင်ငံကြား သမိုင်းနှစ်ပေါင်းများစွာကရှိခဲ့သည့် သံတမန်ဆက်ဆံရေးကို အခြေခံပြီး ပြန်လည်ထိတွေ့ ဆက်ဆံမှုကို ပြုလုပ်ခဲ့ခြင်း ဖြစ်ပါသည်။

ခရီးစဉ်ကာလအတွင်း မြန်မာ အစိုးရတာဝန်ရှိသူများနှင့် တွေ့ဆုံ ရာ၌ နိုင်ငံရေးအကျဉ်းသားများကိစ္စ၊ တိုင်းရင်းသားအရေးကိစ္စများနှင့် နျူ ကလီးယားဆိုင်ရာကိစ္စရပ်များကို ဟီ လာရီကလင်တန်က ဆွေးနွေးသွား ဖွယ်ရှိကြောင်း သိရပါသည်။ ထို့အပြင် အမေရိကန် သမ္မတ ဘားရက်အိုဘားမား အစိုးရအဖွဲ့၏ အာရှဆိုင်ရာ ပထ၀ီနိုင်ငံရေးအပေါ် ပြန်လည်အာရုံစိုက်မှုကို အဓိကထား ဦးတည်သွားမည့် ခရီးစဉ် အစိတ်အပိုင်း တစ်ရပ်လည်းဖြစ်ပြီး မြန်မာ- အမေရိကန်နှစ်နိုင်ငံ ဆက်ဆံရေး တိုး မြှင့်မှုများအတွက် သံတမန်ရေးကျကျ လာရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။

အမေရိကန် အစိုးရအနေဖြင့် မြန်မာနိုင်ငံနှင့်ပတ်သက်သော လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်ပြီး ဝေဖန်မှုပြုလုပ်ခဲ့ သော်လည်း လက်ရှိဖြစ်ပေါ်နေသော မြန်မာနိုင်ငံ၏ ပြောင်းလဲမှုများကို အသိအမှတ်ပြုသော အားဖြင့် အမေရိကန် သမ္မတ ဘားရတ်အိုဘားမား က အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ကို မြန်မာနိုင်ငံသို့ စေလွှတ်ခဲ့ခြင်းဖြစ်ပါသည်။ သမ္မတ အိုဘားမားသည် နိုဝင်ဘာလ ၁၈ရက်နေ့တွင် အင်ဒိုနီးရှား နိုင်ငံ၊ ဘာလီ၌ ပြုလုပ်ခဲ့သော တတိယအကြိမ် အမေရိကန်-အာဆီယံ ထိပ်သီးဆွေးနွေးပွဲ၌ မြန်မာနိုင်ငံနှင့်ပတ်သက်သော သီးခြားထုတ်ပြန်ချက်တစ်ရပ် ပြုလုပ်ခဲ့ပြီးနောက် ဟီလာရီကလင်တန်ကို မြန်မာနိုင်ငံသို့ စေလွှတ် ရန် အတည်ပြု ပြောဆိုခဲ့ခြင်း ဖြစ်ပါသည်။

ဟီလာရီကလင်တန်သည် ၁၉၅၅ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ်လာရောက်ခဲ့သော အမေရိကန် နိုင်ငံခြားရေးဝန်ကြီးတစ်ဦး ဖြစ်ပါသည်။