စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Thursday, November 17, 2011

အိန္ဒိယနှင့် လုံခြုံရေးဆိုင်ရာ သဘောတူညီချက်ရယူရန် သြစတြေးလျ၊ အမေရိကန်ကို တောင်းဆို



(AFP) တရုတ်၏ ရန်လိုနေသည့် ရေတပ်ချဲ့ထွင်ခြင်းကို တန်ပြန်သည့်အနေဖြင့် သြစတြေးလျ၊ အမေရိကန်တို့သည် အိန္ဒိယနှင့် ၃ဦးဆိုင် လုံခြုံရေး ဆွေးနွေးသင့်သည်ဟု ထုတ်ပြန်ချက်တခုက ပြောသည်။

လူအများလေးစားရသည့် သြစတြေးလျ Lowyအဖွဲ့၊ အိန္ဒိယ လွတ်လပ်စောင့်ကြည့် သုတေသန ဖောင်ဒေးရှင်းနှင့် အမေရိကန်

ကောင်ဆာဗေးတစ် အမွေ ဖောင်ဒေးရှင်းတို့က ထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အကြမ်းဖက်တိုက်ဖျက်ရေး အပါအ၀င် အိန္ဒိယနှင့် ညှိနှိုင်းဆွေးနွေးမှုများ ပိုမိုလုပ်ဆောင်ရန် ထုတ်ပြန်ချက်က တောင်းဆိုသည်။

“ဒီစာတမ်းက သြစတြေးလျ-အမေရိကန်-အိန္ဒိယ ဆွေးနွေးဖို့ စီးပွားရေး၊ နိုင်ငံရေး၊ လုံခြုံရေး ကိစ္စတွေကို အကြံပေးထားတာပါ” ဟု ထုတ်ပြန်ချက်က ဆိုသည်။

“၃ နိုင်ငံအကြေား ယုံကြည်ချက်တည်ဆောက်နိုင်ပါက နိုင်ငံများအကြား လုံခြုံရေး ကိစ္စဖြင့်စတင်၍ နီးကပ်သည့်ဗျူဟာနှင့် ပူးပေါင်းဆောင်ရွက်ရေးကို ရှာဖွေနိုင်မည်ဖြစ်သည်”

“စောင့်ကြည့်ခြင်း၊ ရေပိုင်နက်အတွက်သီးသန့် ဆောင်ရွက်ချက်များ၊ ရေငုတ်သဘောင်္ တိုက်ဖျက်ရေးနှင့် ဒုံးကာကွယ်ရေး အဆင့်မြင့်တင်ရေးတို့ ပါဝင်သင့်သည်” ဟု စာတမ်းက ဆိုသည်။

ယင်းစာတမ်းကို “ပန်းတိုင် ဝေမျှခြင်းနှင့် အကျိုးကျေးဇူးကို စူးစိုက်ခြင်း- အင်ဒိုပစိဖိတ်တွင် အမေရိကန်-သြစတြေးလျ-အိန္ဒိယ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်” ဟု ခေါင်းစဉ်ပေးထားပြီး အိန္ဒိယက သြစတြေးလျကို လုံခြုံရေးအတွက် အရေးပါသည့် လက်တွဲဖော်အဖြစ် ဆက်ဆံခြင်းမရှိသေးကြောင်းလည်း ထောက်ပြထားသည်။

၂၀၀၉ ခုနှစ်က သြစတြေးလျနှင့် အိန္ဒိယတို့သည့် လုံခြုံရေးအတွက် ပူးပေါင်းကြေညာချက်ကို လတ်မှတ်ရေးထိုးခဲ့သည်။သို့သော်လည်း ယင်းနောက်ပိုင်း စစ်ရေး လေ့ကျင့်သည့် အရှိန်အဟုန်လျော့ကျခဲ့သည်ဟု ထုတ်ပြန်ချက်က ထောက်ပြထား သည်။



“သိသာထင်ရှားသည့် အဓိကအကြောင်းအရင်းက မြို့ပြနှင့်ဆိုင်သည့် နေရာများတွင်အသုံးပြုရန်အတွက် သြစတြေးလျက ယူရေနီယံ ရောင်းချမှုကို ပိတ်ပင်ခဲ့သဖြင့် အိန္ဒိယက စိတ်ပျက်ခဲ့သည်” ဟု ထုတ်ပြန်ချက်က ရေးသားထားသည်။

အိန္ဒိယ၏ စွမ်းအင်လိုအပ်ချက် ဖြည့်မှီစေရန်အတွက် သြစတြေးလျကို ထုတ်ပြန်ချက်က တောင်းဆိုထားသည်။

သြတြေးလျနှင့် အိန္ဒိယ ရေတပ်များသည် ထိစပ်နေသည့် ရေပိုင်နက်ကို သေချာ ကြီးကြပ်လေ့လာသင့်သည်ဟုလည်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

၂၀၀၉ ခုနှစ်မှ စတင်၍ တောင်တရုတ်ပင်လယ်တွင် တရုတ်က တခြားနိုင်ငံများကို နှောင့်ယှက်သည့် အခြေအနေများကိုလည်း ထောက်ပြခဲ့ပြီး တရုတ်နှင့် အိန္ဒိယတို့ ရေတပ်အင်အား ပြိုင်ဆိုင်မှုသည် ပိုမို ပြင်းထန်လာဖွယ်ရှိကြောင်းလည်းဆိုသည်။ Source; AFP

Wednesday, November 16, 2011

သင်းသတ်ခံနေရသော မြန်မာပြည် (ကဗျာရှင် နေရဲနီ)

သင်းသတ်ခံနေရသော မြန်မာပြည်


(ကဗျာရှင် နေရဲနီ)


၈၈ အရေးတော်ပုံပြီးတဲ့ နောက်ပိုင်းမှာ
ချောက်ထဲကျလုဆဲဆဲ တိုင်းပြည်ကို
အာဏာသိမ်းခဲ့တဲ့ စစ်အစိုးရဟာ
ငရဲရောက်အောင် တွန်းပို့ခဲ့တယ်။


အချိန်ကျရင်
စစ်သားဆိုတာ စစ်တန်းလျားကို ပြန်ပါ့မယ်လို့
ခေါင်းဆောင်လုပ်သူက တဖွဖွပြောခဲ့ပေမဲ့
မပြန်ချင်တဲ့ နောက်လိုက်တွေက
(၉၂) မှာ ခေါင်းဆောင်လုပ်သူကို ဖယ်ရှားခဲ့ပြီး
ဝေသာလီပြည်ကို ဘီလူးစီးသလို အုပ်ချုပ်တော့တာပါဘဲ။
အဲဒီအချိန်ကစပြီး
မြန်မာပြည်လည်း သင်းသတ် ခံရတော့တာပါဘဲ။



ကောသလ အိပ်မက်ထဲမှာ
အနားကြည်ပြီး အလယ်နောက်တဲ့ ရေကန်ဆိုတာပါတယ်။
ဒါပေမဲ့ ကျုပ်တို့ တိုင်းပြည်ကတော့
တကန်လုံး နောက်ကျိနေတဲ့ ရေကန်နဲ့တူခဲ့တယ်။
လယ်သမားတွေ အဖိနှိပ်ခံနေကြရပြီး
အလုပ်သမားတွေက အလုပ်လက်မဲ့ဖြစ်နေကြတယ်။
ဒါပေမဲ့ ပေါ်တာကြေး၊ ကင်းကြေးဆိုတာတော့ မှန်မှန်ပေးနေကြရတယ်။
အိမ်ကသားသမီး ထမင်းမ၀တာထက်
လုပ်အားပေးဆိုတာက ပိုလို့အရေးကြီးတယ်
ရပ်ရွာဥက္ကဌ မျက်မုန်းကြိုးရင်
အာဏာဖီဆန်မှုနဲ့ တဆက်တည်း
နယ်စပ်အထိ ပေါ်တာအဖြစ် ရောက်သွားနိုင်တယ်။


ဒီလိုနဲ့ လူတွေရဲ့ဘ၀ဟာ
ကျီးလန့်စာစားနဲ့ ရပ်တည်နေကြရပြီး
မရှိတာနဲ့ နေသားကျနေတော့တယ်။
ကမ္ဘာ့အလယ်မှာ မျက်နှာပျက်နေရတဲ့ ခေါင်းဆောင်လုပ်သူတွေဟာ
နိုင်ငံတကာရဲ့ တံတွေးခွက်က ရုန်းထွက်ကူးနိုင်ဘို့အတွက်
နိုင်ငံတကာက မျက်မုန်းကြိုးနေတဲ့
တရုပ်ငပွကြီးကို ရှေ့ကနေ မားမားမတ်မတ် ရပ်နိုင်ဘို့အတွက်
ခြေသလုံး ဖက်ခဲ့ရတယ်။
ဒီနေရာမှာတော့
အတောင်ကျိုးနေတဲ့ ဇရက်ဟာ
ခံတွင်းပျက်နေတဲ့ ကြောင်ရှေ့ကို
ဖုတ်ကနဲ ပြုတ်ကျသလိုပါဘဲ။



ရေနစ်နေတဲ့ သတ္တ၀ါကို
ချောင်းထဲက မိကျောင်းက ပါစပ်ဖြဲပြီး ၀မ်းသာအားရ ကြိုဆိုသလိုမျိုး
ပထ၀ီအနေထားနဲ့ သယံဇာတ ပေါကြွယ်လှတဲ့ မြန်မာပြည်ဟာ
တံခါးတွေကို ဖွင့်လိုက်ပါ
လေကောင်းလေသန့်တွေ ၀င်လာမယ်
ဒါပေမဲ့ ယင်ကောင်တွေ တစ်ကောင်နှစ်ကောင် လောက်တော့ပါမှာပေါ့ဆိုတဲ့


တရုပ်ပြည်အတွက်ကတော့
ခွေးဘုရားပွဲ တွေ့နေသလိုမျိုးပါဘဲ။
အရှက်မရှိတဲ့ မြန်မာအတွက်
ကမ္ဘာကို မျက်နှာပြောင်တိုက်ဝံ့တဲ့ တရုပ်ဟာ
နောက်ကွယ်ကနေ မြန်မာ့သယံဇာတတွေကို
အချောင် နှိုက်တော့တာပါဘဲ။
ရေနံသဘာဝဓာတ်ငွေ့ ရွှေငွေသတ္တုရိုင်း ကျောက်စိမ်းပတ္တမြား
အစရှိတဲ့ မြေအောက်မှ ထွက်သမျှ အရာအားလုံး
ဖွတ်၊ ပဒက်၊ လိပ်၊ ဖားတောက်တဲ့၊ ပုရစ်ငါးပုစွန် ငါးရှဥ့်
အစရှိသော ကုန်းနေ၊ ရေနေသတ္တ၀ါအားလုံး လူပါမကျန်
သစ်တော သစ်ပင်ဟူသမျှ အငုတ်ပါမကျန်
မြစ်ချောင်းဟူသမျှက ရရှိလာတဲ့ လျှပ်စစ်ဓာတ်အားလုံး
တရုပ်ပြည်သို့ အားလုံး အားလုံး
အလုံးအရင်းနှင့် တင်ပို့လေ၏။



ယောက်မသည် ဟင်း၏အရသာကို မသိ
ပင်လယ်ကို မမြင်ဘူးသော ဖားသည်
ကန်တွင်းမှ ရေကိုများသည်ဟုထင်၏။
မြန်မာပြည်မှ ဈေးပေါပေါနှင့် ၀ယ်ခဲ့သော ကျောက်သည်
တရုပ်ပြည်သို့ ရောက်သောအခါ
ဒေါ်လာသန်းချီတန်၍ ကမ္ဘာ့တန်းဝင်ဖြစ်ခဲ့သည်။
မြန်မာပြည်က အမှိုက်လို့ထင်ရတဲ့အရာ
တရုပ်ပြည်မှာ ရွှေဖြစ်ခဲ့တယ်။


မြို့ပြနဲ့ စီးပွားရေး အချက်အချာကျရာ ဒေသတွေမှာ
တရုပ်တွေဘဲ နေရာယူ လာလိုက်တာ
မြန်မာစစ်စစ်က စကားပြောရင်တောင် တရုပ်လေသံဝဲလေ၏။
ဒီလိုနဲ့ တစတစ မြွေမြိုသလိုမျိုး ၀ါးမြိုလာလိုက်တာ
တရုပ်လက်ကျန် အရိုးအရင်းကိုက်ရတဲ့
အုပ်ချုပ်သူ လူတန်းစားနဲ့ သူ့အသိုင်းအ၀ိုင်းကတော့
အေးချမ်းသာယာပြီး ဖွံ့ဖြိုးနေပေမယ့်
ပြည်သူတွေ ဘ၀မှာတော့ အငတ်တောမှာ တ၀ဲလည်လည်နဲ့
မွေးလာတဲ့ကလေး သမီးမိန်းကလေး မဖြစ်ပါစေနဲ့လို့ဘဲ
ဆုတောင်း နေကြရတော့တယ်။
တရုပ်ကလာတဲ့ စက်ပစ္စည်းတွေကိုလည်း ကြည့်ဦးမလား
ပျက်လွယ်ပြင်လွယ် ပစ်လွယ်ဘဲ။



တရုပ်နီလို့ခေါ်တဲ့ တလုံးထိုး အင်ဂျင်ဆိုတာ
အသစ်မှာတော့ အရောင်တ၀င်းဝင်းနဲ့
လုံးကြီးပေါက်လှ တရုပ်မ အပျိုစင်လိုပါဘဲ
လင်ရလို့ ကလေးတစ်ယောက် မွေးပြီးရင်တော့
အသားတွေကျပြီး အရိုးတွေက ငေါထွက်လာမယ်။
နဂိုဖြူတဲ့ အသားဟာ အင်္ကျီအဖြူကို ဖားဥစွဲသလို
ညစ်ထေးထေး ဖြစ်လာပြီး ရှုပ်ပွနေတဲ့ ဆံပင်တွေက
လင်ဖြစ်သူကို စိတ်ပျက်စေသလိုမျိုး
တရုပ်အင်ဂျင်သည်လည်း
အစမှာတော့ ရုပ်ပြကောင်းပြီးသိပ်မကြာပါဘူး
မီးခိုးက မှောင်ထွက်လာတယ်
ဘယ်ကထွက်မှန်း မသိရလောက်အောင် စက်ဆီတွေကရွှဲလို့
ဖြုတ်ပြင်တပ် သံသရာမှာ လည်နေပြိး
နောက်ဆုံးမှာတော့
စက်အပို ပစ္စည်းရောင်းတဲ့ တရုပ်နဲ့
သံတိုသံစ၀ယ်တဲ့ ကုလားတို့ ကြီးပွားသွားတာပါဘဲ။
အသုံးပြုမိတဲ့ လယ်သမားတွေမှာတော့
အကြွေးနွံမှာ ရုန်းမထက်နိုင်တဲ့ အပြင်
နစ်သထက် နစ်တော့တာပါဘဲ။
စောင်းတီးသံကို ကျွဲနားမလည်
နွားကို တရားဟော၍မရ
သို့သော်ကျောသပ်ခိုင်းလျှင် တရုပ်နဲ့မြန်မာ ရန်ဖြစ်သည်ကိုပင်
မြန်မာကို လက်ထိပ်ခတ်ပြီး တရုပ်ကို လည်ပင်းဖက်ခေါ်သွား၏။



အိမ်ရှေ့မှာ သူတောင်းစား လာရပ်ခဲ့သော်
ရှိတာပေးလျှင်သာဓုခေါ်၍ ထွက်သွား၏။
ဆယ်အိမ်ခေါင်းအစ ရာအိမ်မှူးအလယ် ဥက္ကဌအဆုံး
စစ်သားနှင့်ရဲ ကြံ့ခိုင်ရေး လူကြီးအပါအ၀င်
တစ်ယောက်ယောက်များ အိမ်ရှေ့ လာရပ်ခဲ့သော်
အိမ်ရှင်မှာ ရင်ထိတ်၍
မယားမှာ စိတ်ပူရ၏။
အိမ်သူအိမ်သား လူအများလည်း
ပူပင်သောက ရောက်ကြရ၏။
မြန်မာဘုရင်များ အုပ်ချုပ်စဉ်ကာလ
အင်္ဂလိပ်က မြန်မာပြည်ကိုလာပြီး ကျွန်ပြု အုပ်ချုပ်ခဲ့သည်။
မြန်မာစစ်တပ် မြန်မာပြည်ကို အုပ်ချုပ်သောအခါ
မြန်မာပြည်သူပြည်သားများ
တိုင်းတပါးထွက်ပြီး ကျွန်ခံကြရသည်။
မြန်မာအမျိုးသမီးတွေ ပြည်တွင်းမှာရောပြည်ပမှာပါ
အရွယ်မရောက်ခင်ရော အရွယ်ရောက်ပြီးသူရော
ရေတိမ်နစ်ကြရသည်။
မြန်မာမြန်မာချင်း ရောင်းစားခံနေကြရပြီး
တရုပ်ကို လင်လုပ်နေရတဲ့ မြန်မာအမျိုးကောင်းသမီးတွေ
ကလေးလည်းမွေး တရုပ်တမိသားစုလုံးကိုလည်း
လုပ်ကျွေးနေကြရသည်မှာ တရုပ်ပြည်၌ ဒုနဲ့ဒေး။



တရုပ်ပြည်က ကျေးဇူးသိစွာ ပေးဆပ်လာတဲ့
အပေါစားဆေးတွေ အရည်အသွေးမမှီတဲ့
တံတားတွေနဲ့ သုံးမရတဲ့ စက်ပစ္စည်းတွေအတွက်
ကျော်ဟိန်းကြီး လေသံနဲ့ ကျေးဇူး P . R . C
ဆိုတဲ့ဆောင်းပါးကိုတောင် တခါက ဖတ်ခဲ့ဘူးသေးတယ်။


ဘယ်လောက်ကြီးတဲ့ သစ်ပင်ဖြစ်ပါစေ
ပင်စည်ရင်း ပတ်ပတ်ကို လက်နှစ်လုံးလောက် အခွံကိုခွာပြီး
ဓားနဲ့အသာ ထစ်ရုံထစ်လိုက်ပါက
တဖြေးဖြေးနဲ့ အရွက်ကြွေ ခြောက်သွေ့ပြီး သေသွားပေမည်။
ဤသည်ကို သင်းသတ်သည် ဟုခေါ်သည်။
တရုပ်နှင့် ပေါင်းမိသည့် နေ့မှစ၍
မြန်မာပြည်သည်လည်း
သင်းသတ်ခံရ လေတော့သည်။


မှတ်ချက်
လူမျိုးရေးအရ တရုပ်လူမျိုးကို မုန်း၍မဟုတ်ပါ။ ပညာမဲ့၍ အသိဥာဏ်နည်းပြီး တကိုယ်ကောင်းဆန်၍ အာဏာမက်သော မြန်မာစစ်ခေါင်းဆောင်များနှင့် အောက်တန်းကျသော တရုပ်ပြည်၏ လုပ်ရပ်နှင့် စိတ်ဓာတ်ကို ရွံမုန်းသောကြောင့် ဤကဗျာကို ရေးပါသည်။



နေရဲနီ

နေရွှေသွေးအောင် ဥရောပသို့ ခရီးထွက်

ရန်ကုန်မြို့တွင် ပြုလုပ်သော နေရွှေသွေးအောင်၏ ၁၆ နှစ်မြောက် မွေးနေ့ဧည့်ခံပွဲတွင် တွေ့ရသော အဆိုတော် စိုင်းစိုင်းခမ်းလှိုင်၊ နေရွှေသွေးအောင် နှင့် လုပ်ငန်းရှင် ဦးဇော်ဇော်


ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေ၏ မြေးဖြစ်သူ နေရွှေသွေးအောင်သည် ရန်ကုန်မြို့ရှိ ဥရောပသံရုံးတခုက ပြည်ဝင်ခွင့်ဗီဇာထုတ်ပေးသဖြင့် ဥရောပသို့ အောက်တိုဘာ ၂၆ ရက်နေ့တွင် ထွက်ခွာသွားသည်ဟု စုံစမ်း သိရှိရသည်။ဦးသန်းရွှေ၏ မိသားစုဝင်များအပါအ၀င် ယခင် စစ်အစိုးရအဖွဲ့ဝင်များ၊ ၎င်းတို့နှင့် နီးစပ်သူများ၊ ၎င်းတို့နှင့် အချိတ်အဆက်ရှိသည့် လုပ်ငန်းရှင်ကြီးများကို အမေရိကန်နှင့် ဥရောပနိုင်ငံများက ဒဏ်ခတ်ပိတ်ဆို့ထားဆဲဖြစ်သော်လည်း နေရွှေသွေးအောင် ရရှိထားသော ဗီဇာသည် ရှန်ကန်းဗီဇာ (Schengen Visa) ခေါ် ဥရောပနိုင်ငံအများအပြားကို သွားရောက်နိုင်သည့် ဗီဇာဖြစ်သည်ဟု ဧရာဝတီ၏ ရန်ကုန်အခြေစိုက် သတင်းရင်းမြစ်တခုထံမှ သိရသည်။

ဗီဇာထုတ်ပေးသည့် သံရုံးမှာ ပြင်သစ်သံရုံး ဖြစ်သည်ဟု ဧရာဝတီ၏ သတင်းရင်းမြစ်က ပြောသည်။

ဤသတင်းနှင့် ပတ်သက်ပြီး ရန်ကုန်ရှိ ပြင်သစ်သံရုံးကို ဧရာဝတီက တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်းခဲ့သည်။

“မည်သူမည်ဝါကို ဗီဇာထုတ်ပေးလိုက်တယ်ဆိုတာ ကျမတို့ ထုတ်ဖော် ပြောလေ့မရှိပါဘူး။ ပြီးတော့ ဗီဇာပိတ်ပင်မှုစာရင်းမှာ ပါနေတဲ့သူတွေကိုလည်း ဗီဇာထုတ်ပေးလေ့မရှိပါဘူး” ဟု ပြင်သစ်သံရုံး၊ ဗီဇာဌာန အရာရှိတဦးက ဧရာဝတီကို ယနေ့ ပြောကြားသည်။

ဖိုးလပြည့်ဟု လူသိများသည့် နေရွှေသွေးအောင်သည် မြန်မာနိုင်ငံကူးလက်မှတ် ၃ အုပ်ခန့် ကိုင်ဆောင်ထားသူဖြစ်သည်ဟု သူ၏ မိသားစုနှင့် နီးစပ်သူတဦးက ဧရာဝတီကို ပြောဆိုသည်။

နေရွှေသွေးအောင် ပြည်ဝင်ခွင့်ဗီဇာလျှောက်စဉ်က မည်သည့် အမည်ဖြင့် လျှောက်ထားကြောင်း၊ ဥရောပခရီးစဉ်တွင် သူနှင့်အတူ မည်သူ လိုက်ပါသွားကြောင်း မသိရသေးပေ။

ဧရာဝတီ၏ ရန်ကုန်အခြေစိုက် သတင်းရင်းမြစ်တခု၏ အဆိုအရ အောက်တိုဘာ ၂၆ ရက်နေ့တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှတဆင့် ဥရောပသို့ သွားရောက်ခြင်း ဖြစ်သည်ဟု သိရသည်။

ပြီးခဲ့သည့်နှစ်က ရရှိသော သတင်းများအရ နေရွှေသွေးအောင်သည် စီးပွားရေး လုပ်ငန်းအများပြားကို အဘိုးဖြစ်သူ၏ သြဇာသုံးပြီး လုပ်ကိုင်ခဲ့သည်ဟု သိရသည်။

နေရွှေသွေးအောင်က အဘိုး၏ အရှိန်အ၀ါကို စီးပွားရေးလုပ်ငန်းများတွင်သာ အသုံးပြုခြင်း မဟုတ်ပေ။ ၂၀၀၉ ခုနှစ်ကလည်း ရန်ကုန်မြို့ရှိ စစ်ဗိုလ်ချုပ်မိသားစုဝင်များ၏ “7 Lekker” ကော်ဖီဆိုင်ကို ၎င်း ၏ နောက်လိုက်များ စေလွှတ်၍ ဖျက်ဆီးခဲ့သည်ဟူသော သတင်းများလည်း ထွက်ပေါ်ခဲ့သည်။

ပြီးခဲ့သည့်နှစ်ကုန်ပိုင်းက နေရွှေသွေးအောင်၏ ကားရှေ့မှ ပိတ်ရပ်မိသည့်အတွက် ယခင် နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း၏ ကိုယ်ရေးအရာရှိ တဦးသည် နေရွှေသွေးအောင်၏ ဆုံးမသြ၀ါဒကို ၂ နာရီခန့် နားထောင်ခဲ့ရသည်ဟု ဆိုသည်။

ဦးသန်းရွှေ၏ အချစ်ဆုံးမြေးတဦးဖြစ်သည်ဟု ထင်ရှားသည့် နေရွှေသွေးအောင်သည် ဒေါက်တာ နေစိုးမောင် နှင့် ဒေါ်ကြည်ကြည်ရွှေ တို့၏သား ဖြစ်သည်။

Tuesday, November 15, 2011

အကျဉ်းထောင်များတွင် ကျန်ရှိနေသည့်နိုင်ငံရေးအကျဉ်းသားများကိစ္စ အခုထိ တိတိကျကျ မသိရသေးကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

အကျဉ်းထောင်များတွင် ကျန်ရှိနေသည့် နိုင်ငံရေး အကျဉ်းသားများကိစ္စ အခုထိ တိတိကျကျမသိရသေးကြောင်းဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ပြောကြားခဲ့သည်။

ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေဂုံတိုင်ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် နိုဝင်ဘာလ ၁၄ ရက်နေ့ မွန်းလွဲ ၁ နာရီက ပြုလုပ်ခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၏ သတင်းစာ ရှင်းလင်းပွဲ ၁/၂၀၁၁ တွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“တခြား နိုင်ငံရေးနဲ့ပတ်သက်တဲ့ ကိစ္စတွေမှာတော့ နိုင်ငံရေးအကျဉ်းသားများကိစ္စပါ။ ဒီနှစ်အတွင်းမှာ နိုင်ငံရေးအကျဉ်းသားအချို့ လွတ်လာတာ ရှိပါတယ်။ ဒါပေမယ့် အကျဉ်းထောင်တွေထဲမှာ ကျန်ရှိနေသေးတဲ့ နိုင်ငံရေးသမားတွေ ရှိတယ်ဆိုတာလည်း အများသိပြီးသား ဖြစ်ပါတယ်။ ဒီနေ့တောင်မှ ထပ်ပြီးတော့ လွှတ်မယ်ဆိုတာကို ကျွန်မတို့ ကြားနေရပါတယ်။ အခုထိတော့ ကျွန်မတို့ တိတိကျကျ ဘာမှမသိရသေးပါဘူး”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

ထို့ပြင် ၎င်းက ဆက်လက်၍ “အခုထိတော့ ဒါလွှတ်တော့မယ်၊ လွှတ်တော့မယ်လို့ ပြောနေတယ် ဆိုတာကိုလည်း ကျွန်မတို့ ကြားရပြီး ဖြစ်ပါတယ်။ ဘာပဲပြောပြော နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရေးဟာ ကျွန်မတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တင်မက ဒီမိုကရေစီလိုလားတဲ့သူ အားလုံးရဲ့ ရည်မှန်းချက် ဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။

“နိုင်ငံရေး အကျဉ်းသား ဆိုတာလည်း ဥပဒေစိုးမိုးရေးရှိတဲ့ နိုင်ငံမှာ ရှိလေ့ရှိထ မရှိပါဘူး”ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

နိုင်ငံရေးအကျဉ်းသားများ စာရင်းနှင့်ပတ်သက်၍လည်း ဒေါ်အောင်ဆန်းစုကြည်က “ကျွန်မတို့ အဖွဲ့ချုပ်ရဲ့စာရင်းမှာတော့ နိုင်ငံရေး အကျဉ်းသား ၅၉၁ ယောက် ဖြစ်ပါတယ်။ အဖွဲ့ချုပ်ရဲ့စာရင်းက အစိုးရစာရင်းနဲ့ ၂၀၀ လောက်တော့ ကွာမယ်။ ဒါပေမယ့် တချို့စာရင်းတွေမှာ ၂၀၀၀ လောက် ရှိတယ်ဆိုတာ မှန်ပါတယ်။ အပြင်က ရတဲ့စာရင်းတွေ ကျွန်မတို့ တတ်နိုင်သလောက် လိုက်ပြီး စုံစမ်းပါတယ်။ စုံစမ်းတော့ တချို့စာရင်းတွေထဲမှာ ပါနေတဲ့ တချို့အကျဉ်းသားတွေဟာ လွတ်သွားတာ ကြာပြီဆိုတာ ကျွန်မတို့ တွေ့ရပါတယ်။ ဒါပေမယ့် ကျွန်မတို့ အားလုံးကိုတော့ တိတိကျကျ မစုံစမ်းနိုင်သေးပါဘူး။ အခုကျွန်မတို့ ၅၉၁ ယောက်ဆိုပြီး သတ်မှတ်ထားတာ ကျွန်မတို့ သေသေချာချာ အကျဉ်းထောင်တွေထဲမှာ ရှိသေးတယ်ဆိုတာကို သိတဲ့ နိုင်ငံရေး အကျဉ်းကျများ ဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။

အစိုးရသစ်လက်ထက် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တတိယ အကြိမ်မြောက်အဖြစ် စက်တင်ဘာလ ၃၀ ရက်နေ့က တွေ့ဆုံခဲ့ကြရာတွင် နိုင်ငံတော်သမ္မတကြီးက လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် စဉ်းစားဆောင်ရွက်နေသည့်ကိစ္စ၊ ဧရာဝတီ မြစ်ကြောင်း ထိန်းသိမ်းရေးအတွက် နှစ်ဖက်ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများကိစ္စ၊ ဥပဒေပြင်ပတွင် လက်နက်ကိုင်ဆောင် ဆန့်ကျင်နေကြသူများကို ဥပဒေဘောင်အတွင်း ထာဝရငြိမ်းချမ်းရေး တည်ဆောက်ပေးရန် နိုင်ငံတော်အစိုးရက ကြိုးပမ်းဆောင်ရွက်နေသည့် ကိစ္စများနှင့် ပြည်တွင်း တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးကိစ္စတို့ကို ဆွေးနွေးခဲ့ကြသည်ဟု ထုတ်ပြန်ခဲ့သော ကြေညာချက်အရ သိရသည်။

အရှေ့တောင်အာရှနျူလက်နက်ကင်းမဲ့ဇုန်ကို အသိအမှတ်ပြုရန်အာဆီယံနိုင်ငံများ နျူလက်နက်ရှိငါးနိုင်ငံကိုယ်စားလှယ်များနှင့်တွေ့ဆုံ

အာဆီယံနိုင်ငံအသီးသီးမှ အကြီးတန်းအရာရှိများနှင့် နျူလက်နက်ပိုင်ဆိုင်ထားသော အမေရိကန်၊ ဗြိတိန်၊ တရုတ်၊ ရုရှား၊ ပြင်သစ်တို့မှ ကိုယ်စားလှယ်များသည် နိုဝင်ဘာလ ၁၄ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် Nusa Dua Convention Center (BNDCC) ၌ တွေ့ဆုံခဲ့ကြကြောင်းသိရသည်။

အာဆီယံနိုင်ငံများသည် ၁၉၉၅ ခုနှစ်ကတည်းက အရှေ့တောင်အာရှ လက်နက်ကင်းမဲ့ဇုန် (SEANWFZ) သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်သော်လည်း နျူလက်နက်ပိုင်ဆိုင်သည့် နိုင်ငံများ၏အသိအမှတ်ပြုမှုကို မရရှိသောကြောင့် ယင်းကိစ္စကို ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။ ယင်းနိုင်ငံများနှင့်သာ ဆွေးနွေးမှုအဆင်ပြေပါက သဘောတူညီချက်၏ အဓိကသော့ချက်ဖြစ်သော ပါဝင်လက်မှတ်ထိုးသည့် နိုင်ငံအားလုံးက နျူလက်နက်မသုံးရန်နှင့် လက်မှတ်ထိုးထားသည့် နိုင်ငံများကို နျူလက်နက်မသုံးရန် ဆိုသောအချက် အမှန်တစ်ကယ် အသက်ဝင်လာမည်ဖြစ်သည်။

နျူလက်နက်ကင်းမဲ့ဇုန် သဘောတူညီချက်ကို အဖွဲ့ဝင်အားလုံးက လက်ခံသည့် ရှားရှားပါးပါးဒေသဆိုင်ရာ အဖွဲ့အစည်းတစ်ရပ်အနေဖြင့် ယင်းငါးနိုင်ငံက စိတ်ဝင်စားခဲ့ခြင်းကြောင့် ယခုကဲ့သို့ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနမှ လုံခြုံရေးနှင့် နိုင်ငံရေးရာညွှန်ကြားရေးမှူး အဒီပက်ဒ်မိုက ပြောကြားခဲ့သည်။

အာဆီယံ၏နျူလက်နက်ဆိုင်ရာ သဘောတူညီချက်ကို ယင်းနိုင်ငံများက အသိအမှတ်ပြုလက်ခံလာရေး ညှိနှိုင်းမည်ဟု ဆွေးနွေးပွဲမတိုင်မီ အဒီပက်ဒ်မိုကပြောကြားခဲ့သည်။

OSS အဖွဲ့မှ ခွင့်ပြုထားသည့်အတိုင်း မကွဲလွဲဘဲ တင်သွင်းလာသည့်ကားများ ဆိပ်ကမ်းတွင် ထုတ်ယူရခက်သည့်ပြဿနာကြုံတွေ

Mark II Blit 2002 ကားအား နိုဝင်ဘာလ ၅ ရက်နေ့က ရန်ကုန်မြို့ ဆိပ်ကမ်းတွင်တွေ့ရစဉ်


ကားဟောင်းများ အပ်နှံကာ ကားသစ်အစားထိုးတင်သွင်းရေး အစီအစဉ်အရ ကားတင်သွင်းခွင့်ပြု ရာတွင် သက်ဆိုင်ရာဝန်ကြီးဌာနများ စုပေါင်းဖွဲ့စည်းထားသည့် One Stop Services အဖွဲ့မှ ပါမစ်များကို ခွင့်ပြုပေး ခြင်းဖြစ်ပြီး အဆိုပါ OSS အဖွဲ့မှ ခွင့်ပြုခဲ့သည့်အတိုင်း မကွဲလွဲပဲ တင်သွင်းလာသည့် ကားအချို့မှာ မြန်မာနိုင်ငံသို့ရောက်ရှိလာပြီးနောက် ကားထုတ်ယူရခက်သည့် ပြဿနာအချို့ ကြုံတွေ့နေရကြောင်း သတင်းရရှိပါသည်။

နိုင်ငံတကာတွင် Van အဖြစ်သတ်မှတ်ထားသော 2002 မော်ဒယ် Caldina ကား


''Caldina 2002 ကို တင်သွင်းခွင့်လျှောက်ထားတဲ့အခါ Van အမျိုးအစားနဲ့ လျှောက်ပါတယ်။ ဒါကို စီးပွား/ကူးသန်း၊ ကညန၊ အကောက်ခွန်ဌာနက တာဝန်ရှိသူတွေ အစုံအလင်ပါတဲ့ OSS အဖွဲ့ခွင့်ပြုခဲ့တဲ့အတွက် တင်သွင်းပါတယ်။ အခုနိုဝင်ဘာလ ၅ ရက်နေ့မှာ ကားရောက်တယ်။ အခြားကားတွေ ထုတ်လို့ရလို့ ထုတ်နေကြပြီ။ Caldina က Wagon ထဲ ပါတယ်ဆိုပြီး ထုတ်မရတဲ့သဘော ဖြစ်နေတယ်။ Wagon ဆိုရင် ၁၉၉၉ အထိပဲ တင်သွင်းခွင့်ပေးထားလို့ အခု တင်သွင်းလာတာက ၂၀၀၂ ဖြစ်နေလို့ ဆိုတဲ့ပုံစံမျိုးဖြစ်နေတာပါ။ တင် သွင်းတဲ့အခါတုန်းက လျှောက်ထားတဲ့ သွင်းကုန်လွှာမှာပါတဲ့အတိုင်း အတိအကျ တင်သွင်းခဲ့တာပါ။ လွဲချော်မှု တစ်ခုမှ မရှိခဲ့ပါဘူး။ ကျွန်မတို့ ခွင့်ပြုချက်တောင်းတုန်းကလည်း ရ မရ ဆိုတာ သေချာမေးမြန်းခဲ့ပါတယ်။ ရတယ်ဆိုလို့ တင်သွင်းခဲ့တာပါ။ ခွင့်ပြုစဉ်တုန်းကလည်း ဒီဌာန၊ ဒီအဖွဲ့အစည်းကပဲ ခွင့်ပြုတာပါ။ အခု ကန့်သတ် တော့လဲ ဒီဌာနတွေပဲ ဖြစ်နေတော့ ကျွန်မတို့ဘာလုပ်ရမလဲဆိုတာ တော်တော်ခက်ပါတယ်'' ဟု ကားတင် သွင်းလာသူတစ်ဦးက ပြောကြားခဲ့သည်။

Mark II Blit အမျိုးအစားအနေဖြင့်လည်း Wagon အမျိုးအစားတွင် ပါဝင်သည့်အတွက် ဆိပ်ကမ်းမှကား ထုတ်ယူရန် ကြန့်ကြာလျက်ရှိကြောင်း ကားတင်သွင်းသူများထံမှ သိရသည်။ယင်းအပြင် ပြည်ပမှ တင်ပို့စဉ်က ကားနှင့်အတူပါဝင်လာသည့် ကားပစ္စည်းအချို့မှာလည်း ပျောက်ဆုံးမှုဖြစ်ပေါ်နေကြောင်း ကားတင်သွင်းသူများက ပြောကြားခဲ့ပါသည်။

''ဂျပန်ကနေ သင်္ဘောတင်လိုက်တုန်းက ကားပစ္စည်းအစုံပါတယ်။ အခုကားသွားထုတ်တော့ ကားပြင်တဲ့ကိရိယာဘူးတွေထဲမှာ ဘာမှမရှိတော့ဘူး။ တကယ်တော့ ဆိပ်ကမ်းကို ချက်ချင်းတိုင်လို့ရပါတယ်။ ဒါပေမယ့် ဆိပ်ကမ်းကိုတိုင်ရင် ကားကိုသက်သေခံ အဖြစ်ထားခဲ့ရမှာဆိုတော့ အချိန်ပေးရမယ်။ ချက်ခြင်းစစ်ချက်ခြင်းလုပ်လို့ ရတယ်ဆိုရင်တော့ တိုင်ပါတယ်။ ကြာမှာစိုးလို့ မတိုင်တော့ဘူး၊ ကားပိုင်ရှင်ကို ဆိပ်ကမ်းက ထုတ်ထုတ် ချင်းခေါ်ပြီး ပြလိုက်တယ်။ ဒါတွေပါမလာဘူးလို့။ သင်္ဘောတင်တုန်းက ပါတဲ့အကြောင်း တစ်ဖက်နိုင်ငံက တင်ပို့စဉ်က ဓာတ်ပုံမှတ်တမ်းတွေတောင်းထားပါတယ်'' ဟု ကားတင်သွင်းလာ သူတစ်ဦးက ပြောကြားခဲ့သည်။

''Van မှာလည်း Wagon ရှိပါတယ်။ MPV မှာလည်း Wagon ရှိပါတယ်။ SUV မှာလည်း Wagon ရှိပါတယ်။ အင်ဂျင်ပါဝါမြင့်တယ်၊ တန်ဖိုးမြင့်တယ်ဆိုတာ SUV\Waogn ပါ။ အခုသွင်းလာတဲ့ Mark II Blit ၊ Caldina နဲ့ Eastima ဆိုတဲ့ကား တွေရဲ့တန်ဖိုးက Mark II 2002 ဆလွန်း(ရွှေငါး)ထက် ဈေးထက်ဝက်လောက်နဲ့ ရတဲ့အမျိုးအစားတွေပါ။

စင်ကာပူပညာရေးကျွမ်းကျင်သူလက်မှတ် ဆက်လက်အသုံးမပြုရန် တားမြစ်

စင်ကာပူပညာရေးကျွမ်းကျင်သူ(Singapore Education Specialist)အဖြစ် အသိအမှတ်ပြုခံ ထားရသော ပြည်တွင်းရှိ စင်ကာပူ ပညာရေးဝန်ဆောင်မှုလုပ်ငန်းများ အနေဖြင့် ယင်းအမည်ကို ဆက် လက်အသုံးမပြုရန် စင်ကာပူပုဂလိကပညာရေးကောင်စီက တားမြစ်လိုက်ကြောင်း သတင်းရရှိသည်။

မြန်မာကျောင်းသားများ အား စင်ကာပူနိုင်ငံတွင် ပညာသင်ကြားနိုင်ရန် ၀န်ဆောင်မှုပေး နေသောပညာရေး အေဂျင်စီငါးခုအား စင်ကာပူခရီးသွားလုပ်ငန်း အဖွဲ့အစည်း (STB) က အဆိုပါ အသိအမှတ်ပြု လက်မှတ်များ ထုတ်ပေးထားခြင်းဖြစ်သည်။
ယခုအခါ စင်ကာပူနိုင်ငံသည် ပညာရေးဝန်ကြီးဌာနလက် အောက်တွင် စတင်ဖွဲ့စည်းလိုက် သော ပုဂ္ဂလိကပညာရေးကောင်စီ မှ ပုဂ္ဂလိကပညာရေးလုပ်ငန်းများ အား စီမံစိစစ်လျက်ရှိခြင်းကြောင့် ယင်းနိုင်ငံရှိ ပုဂ္ဂလိကကျောင်းများ နှင့်ပတ်သက်၍ မူဝါဒအပြောင်း အလဲများပြုလုပ်နေသလို ပညာ ရေးဝန်ဆောင်မှုအေဂျင်စီများအ တွက်လည်း စည်းမျဉ်းစည်းကမ်း များ ထုတ်ပြန်ထားသည်။
“စင်ကာပူပညာရေးကျွမ်း ကျင်သူလက်မှတ်ကို ဆက်သုံးလို့ မရတော့ဘူး။ အဲ့ဒီနာမည်သုံးပြီး ကျောင်းသားကို ဆွဲဆောင်လို့မရ တော့ဘူးပေါ့။ ပုဂ္ဂလိကျောင်းတွေ STB လက်အောက်မှာ ရှိတုန်းက ပေးထားတဲ့လက်မှတ်တွေပါ”ဟု စင်ကာပူပညာရေးလုပ်ငန်း တစ်ခု၏ မန်နေဂျင်းဒါရိုက်တာက ပြောသည်။ စင်ကာပူနိုင်ငံရှိ ပုဂ္ဂလိက ကျောင်းများ သည် မြန်မာကျောင်းသားအများစု သွားရောက် ပညာ သင်ယူနေကြသောနေရာ များဖြစ် ပြီး ပြည်တွင်း၌လည်း ပညာရေး အေဂျင်စီများအကြား ကျောင်းသားဈေးကွက်ရရှိရန်ပြိုင်ဆိုင်မှုပြင်း
ထန်လျက်ရှိသည်။

ကွန်ပျူတာနှင့် ဖုန်းပစ္စည်းများကိုအိမ်တိုင်ရာရောက် လိမ်လည်ရောင်းသူများရှိနေ

မန္တလေးမြို့တွင်း လှည့်လည်ကာ ကွန်ပျူတာနှင့် မိုဘိုင်းဟန်းဆက်များကို လိုက်၍လိမ်ရောင်းချနေခြင်းမျိုး ရန်ကုန်မြို့သို့ စတင်ရောက်ရှိလာပြီဖြစ်ကြောင်း သတင်းရရှိသည်။ထိုကဲ့သို့ ကွန်ပျူတာလက်ပ်တော့နှင့် မိုဘိုင်းဟန်းဆက်ကဲ့သို့ နည်းပညာပစ္စည်းများကို အာရှနွယ်ဖွားနိုင်ငံခြားသားများက ရန်ကုန်မြို့တွင်းရှိ လမ်းသွားလမ်းလာများ၊ နေအိမ်များ
သို့ လှည့်လည်ကာ ၄င်းတို့တွင်ပါလာသည့် ပစ္စည်းများကို ပြန်လည်ရောင်းချခြင်းများဖြစ်ကြောင်း ကိုယ်တွေ့ကြုံသူအချို့က ပြောသည်။
““နိုင်ငံခြားသားတစ်ယောက် အိမ်ထဲဝင်လာတယ်။ ၀င်လာပြီးတော့ သူ့လက်ထဲမှာ ကိုင်လာတဲ့ပစ္စည်းတစ်ခုကို မိုဘိုင်း၊မိုဘိုင်းဆိုပြီးပြောတယ်။ ပြီးတော့ ကျပ်တစ်သိန်းခွဲပဲပေးပါ။ ပိုက်ဆံပြတ်သွားလို့ပါလို့ပြောတယ်။ ကျွန်တော်တို့ကတော့ကိုယ့်မှာလည်း မလိုအပ်တာနဲ့ မ၀ယ်လိုက်ပါဘူး”” ဟု ရန်ကုန်မြို့၊ ဒဂုံမြို့နယ် ယောမင်းကြီးလမ်း၌ နေထိုင်သူ ၃၅ နှစ်ဝန်းကျင်
အမျိုးသားတစ်ဦးကပြောသည်။ အဆိုပါအဖြစ်အပျက်သည် မန္တလေးမြို့တွင်ဦးစွာဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိုကဲ့သို့ နိုင်ငံခြားသားများထံမှ အမှန်တကယ်လိမ်လည်ခံ လိုက်ရသူများလည်း ရှိနေကြောင်း မန္တလေးမြို့ခံများထံမှစုံစမ်းသိရှိရသည်။
ရန်ကုန်မြို့တွင်လည်း နေအိမ်များတွင်းသို့ဝင်ရောက်ကာ ထိုကဲ့သို့ပြုလုပ်နေကြခြင်းအပြင် လမ်းသွားလမ်းလာများကိုပါ လိုက်လံရောင်းချမှုများပြုလုပ်နေခြင်းဖြစ်ပြီး ယခုရက်ပိုင်း
အတွင်း ထိုကဲ့သို့သော ပုံစံတူများကို ပိုမိုတွေ့မြင်လာကြကြောင်းသိရသည်။
““ကျွန်တော်က အလံပြဘုရားလမ်းပေါ်မှာ အလုပ်ကိုသွားနေတာ။ အဲ့ဒီအချိန် နိုင်ငံခြား သားလို့ထင်ရတဲ့သူတစ်ယောက်က သူ့လက်ထဲကပစ္စည်းတစ်ခုကိုလာပြတယ်။ ဟန်းဆက်ဖြစ်
နေတယ်။ သူက ရောင်းဖို့ပြောလာတာနဲ့ ကျွန်တော်ကလည်းမန္တလေးမှာ ဒီလိုအဖြစ်တွေဖြစ်နေတာကိုသိတော့ မ၀ယ်ဘူးဆိုပြီး အပြတ်ပြောလိုက်တယ်””ဟု အသက် ၂၇နှစ်အရွယ် ကုမ္ပဏီ
ဝန်ထမ်း အမျိုးသားတစ်ဦးကပြောသည်။ ထိုသူများသည်၎င်းတို့ရောင်းချသည့် ကွန်ပျူတာ(သို့မဟုတ်)မိုဘိုင်းပစ္စည်းများကိုအဆင့်မြင့်ဆုံး နောက်ဆုံးပေါ်နည်းပညာမြင့်ပစ္စည်းများ ဟုပြောဆိုကာ ရောင်းချကြသော်လည်း အမှန်တကယ်တွင်မူ ထိုပစ္စည်းများသည် အရည်အသွေးနိမ့်ပါးပြီး ဈေးနှုန်းပေါလွန်းသည့် ပစ္စည်းများသာဖြစ်ကြောင်း ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်း အရောင်းဆိုင်များ၊ မိုဘိုင်းဖုန်း ၀န်ဆောင်မှုဆိုင်များတို့မှစုံစမ်းသိရှိရသည်။
ထိုကဲ့သို့ မိမိနှင့်မသိကျွမ်းသူများက နည်းပညာဆိုင်ရာ ပစ္စည်းအပါအ၀င် အခြားသောပစ္စည်းများကို လာရောက်ရောင်းချခြင်းများပြုလုပ်လာပါက နိုင်ငံခြားသားပင်ဖြစ်စေ
ကာမူ မ၀ယ်ယူသင့်ကြောင်း ရန်ကုန်မြို့တွင်း ဖွင့်လှစ်ထား သည့် ကွန်ပျူတာနှင့် မိုဘိုင်းအရောင်းဆိုင်များက တာဝန်ရှိသူ များက အကြံပြုပြောကြားသည်။

ကရင်နယ်ခြားစောင့် ခွဲထွက်အဖွဲ့ KNU နှင့် ပူးပေါင်း

၂၀၁၀ သြဂုတ်လ အတွင်းက ကရင်ပြည်နယ် မြ၀တီ ခရိုင်၌ ဖွဲ့စည်းသည့် နယ်ခြားစောင့်တပ် ဖွဲ့စည်းသည့် အခမ်း အနား(ဓာတ်ပုံ - ဧရာဝတီ)


ကရင်နယ်ခြားစောင့်တပ်ရင်း ၁၀၁၂ မှခွဲထွက်ခဲ့သော ဗိုလ်မှူးစောဘိ ဦးဆောင်သည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်(DKBA) တပ်ရင်းသည် ကရင် အမျိုးသား အစည်းအရုံး(KNU)၏ ဦးဆောင်မှုအောက်တွင် ရပ်တည်သွားမည်ဟု သိရှိရသည်။


ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ ၇ တွင် နိုဝင်ဘာ ၁၃ ရက်နေ့က ပြုလုပ်သည့် KNU တာဝန် ရှိသူများနှင့် ဆွေးနွေးပွဲ၌ KNU ဦးဆောင်မှုကိုခံယူရန် ဗိုလ်မှူးစောဘိနှင့် တပ်ဖွဲ့ဝင်များက သဘောတူ လက်ခံခဲ့သည်ဟု KNLA တပ်မဟာ ၇ တပ်မှူး ဗိုလ်မှူးချုပ် စောဂျော်နီ က ပြောသည်။

၎င်းက“ဗိုလ်ဘိတို့ကို ကျနော်တို့ပွင့်ပွင့်လင်းလင်းပဲ ဆွေးနွေးကြတယ်၊ DKBA ဆက်လုပ်မှာလား၊ အစိုးရနဲ့ပြန်ပေါင်းမှာလား ဆိုတော့ ဗိုလ်ဘိက DKBA နဲ့ ပြန်မပေါင်းချင်ဘူး၊ မြိုင်ကြီးငူဆရာတော်က အားကိုးလို့ရတဲ့ အနေအထားမရှိတော့ဘူး၊ အစိုးရနဲ့ကတော့ လုံးဝ ပြန်မပေါင်းတော့ဘူး၊ ရှေ့ဆက် KNU ရဲ့ဦးဆောင်မှုအောက်မှာပဲ နေတော့မယ်ပြောတယ်”ဟု ဗိုလ်မှူးချုပ်ဂျော်နီက ဧရာဝတီသို့ ပြောသည်။

အဆိုပါဆွေးနွေးပွဲတွင် KNLA တပ်မဟာ ၁ တပ်မှူး ဗိုလ်မှူးချုပ် ကျော်လင်း၊ တပ်မဟာ ၇ တပ်မှူး ဗိုလ်မှူးချုပ် ဂျော်နီနှင့် KNU သထုံ ခရိုင် ဥက္ကဌ ပဒိုစောပယ်နိုနှင့် ဘားအံခရိုင် ဥက္ကဌ ပဒို စောအောင်မော်အေး တို့ ပါရှိသည်။

ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်အခြေစိုက် ကရင်နယ်ခြားစောင့်တပ်ရင်း ၁၀၁၂ ၏ တပ်ရင်းမှူး ဗိုလ်မှူးစောဘိ ဦးဆောင်သည့် အင်အား ၁၅၀ ခန့်ရှိသော တပ်ဖွဲ့ဝင်များသည် တပ်တွင်း အုပ်ချုပ်ပုံအဆင့်ဆင့် ယိုယွင်းမှုများကို မကျေနပ်သောကြောင့် ဆန္ဒပြ ခဲ့ကြပြီးနောက် လွန်ခဲ့သည့်မေလက စတင်၍ တပ်မှခွဲထွက်ပြီး DKBA အဖြစ်ရပ်တည်ကာ KNLA နှင့် နားလည်မှုရယူခဲ့ပြီး အစိုးရကို ပြန်လည် တိုက်ခိုက်ခဲ့သည်။

ယခုလ ၃ ရက်နေ့က ဘားအံမြို့တွင် ကရင်ပြည်နယ်အစိုးရနှင့် ယာယီအပစ်အခတ်ရပ်စဲခဲ့သည့် ဗိုလ်ချုပ် စောလားပွယ် ဦးဆောင်သော DKBA ကလို့ထူးဘော အဖွဲ့တွင် ဗိုလ်မှူးစောဘိ၏ တပ်ဖွဲ့ကို ကလို့ထူးလားဗျူဟာ အဖြစ် တာဝန်ပေးအပ် ထား သည်ဟု DKBA ဘက်က ပြောသည်။

ဗိုလ်မှူးစောဘိနှင့် တပ်ဖွဲ့ဝင်များ ယမန်နေ့က KNLA အဖွဲ့နှင့် ပြန်လည်ပူးပေါင်းသည့်ကိစ္စကို မိမိတို့မသိရှိရသေးကြောင်း၊ ဖြစ်နိုင် ခြေမရှိကြောင်းနှင့် တစုံတရာမှားနေသည်ဟု ထင်မြင်ယူဆကြောင်း DKBA ကလို့ထူးဘော အဖွဲ့က ပြောသည်။

ဗိုလ်ချုပ် စောလားပွယ် ဦးဆောင်သော DKBA ကလို့ထူးဘော အဖွဲ့သည် နိုဝင်ဘာ ၃ ရက်နေ့က ဦးသိန်းဇော် ခေါင်းဆောင် သည့် အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီ အဖွဲ့နှင့် အပစ်အခတ် ရပ်စဲရေး သဘောတူ လက်မှတ်ထိုးထားသည်။

ယမန်နှစ် နိုဝင်ဘာ ရွေးကောက်ပွဲကာလမှစတင်၍ ဗိုလ်ချုပ် စောလားပွယ် ဦးဆောင်သော DKBA အဖွဲ့သည် နယ်ခြားစောင့်ဖွဲ့စည်းရေးကို လက်မခံခဲ့ဘဲ ကရင်ပြည်နယ်အတွင်းရှိ အစိုးရတပ်များကို တိုက်ခိုက်နေခဲ့သည်။

၂၀၁၀ ပြည့်နှစ် သြဂုတ်လ အတွင်းက အင်အား၂၀၀၀ ၀န်းကျင်ရှိ DKBA တပ်ရင်း ၁၀ ရင်းခန့်သည် နယ်ခြားစောင့်တပ် အဖြစ် စတင် အသွင်ပြောင်းခဲ့သည်။

DKBA သည် ၁၉၉၄ ခုနှစ်တွင် KNU မှ ခွဲထွက်၍ ယခင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး ယူခဲ့သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ဖြစ်သည်။

ယခု KNUဦးဆောင်မှုအောက်၌ ရပ်တည်သွားမည်ဟူသော သတင်းနှင့်ပတ်သက်၍ သီးခြားအတည်ပြုနိုင်ရန်အတွက် ဧရာဝတီက ဗိုလ်မှူးစောဘိကို ဆက်သွယ်၍ မရရှိသေးပေ။

KNU သည် ပြီးခဲ့သည့် နိုဝင်ဘာ ၁၁ ရက်က အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန်အတွက် ၇ ဦးပါဝင်သည့် ငြိမ်းချမ်းရေး ကိုယ် စားလှယ် အဖွဲ့ကို ဖွဲ့စည်းထားသည်။

စက်တင်ဘာလအတွင်းကလည်း ကရင်ပြည်နယ်အစိုးရ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်လွင်နှင့်အဖွဲ့နှင့် ထိုင်း-မြန်မာ နယ်စပ် တနေရာ၌တွေ့ဆုံရာတွင် ငြိမ်းချမ်းရေး ဆွေးနွေးရန်အတွက် ဗဟိုအဆင့်နှင့်သာ တွေ့ဆုံလိုကြောင်း KNU က ပြောဆိုထားသည်။

KNU သည် နှစ်ပေါင်း ၆၀ ကျော် အစိုးရကို ဆန့်ကျင်တော်လှန်နေသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဖြစ်သည်။

အာဆီယံဥက္ကဋ္ဌရာထူး မြန်မာကို ပေးမည်

အင်ဒိုနီးရှားနိုင်ငံတွင် ယနေ့ တွေ့ရသော အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးများ (ဓာတ်ပုံ - Getty Images)


မြန်မာနိုင်ငံအား ၂၀၁၄ ခုနှစ်အတွက် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ အဖြစ် တာဝန်ပေးရန် သဘောတူကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက ယနေ့ ပြောလိုက်သည်။
အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်း၌ ယနေ့ စတင် ကျင်းပသော အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ယင်းသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံသည် ချမှတ်ထားသော ဒီမိုကရေစီလမ်းပြမြေပုံအား အပြောမဟုတ် လက်တွေ့ လုပ်ဆောင်နေကြောင်း၊ တိုးတက်မှုများကို တွေ့မြင်နေရပြီ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ် တိုးတက်နေမှုများကို နိုင်ငံတကာက အသိအမှတ်ပြုကြရန် လိုအပ်ကြောင်း လက်ရှိအာဆီယံ ဥက္ကဋ္ဌ နိုင်ငံ ဖြစ်သော အင်ဒိုနီးရှား၏ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ မာတီနာ တာလီ ဂါဝါက သတင်းထောက်များကို ပြောသည်။

၂၀၁၄ ခုနှစ် အာဆီယံဥက္ကဋ္ဌ ရာထူး မြန်မာပြည် ရရှိရေးအတွက် သမ္မတ ဦးသိန်းစိန်အစိုးရက ပြီးခဲ့သော လအနည်းငယ်က ကမ်းလှမ်းခဲ့သည်။

အစိုးရက အာဆီယံဥက္ကဋ္ဌနေရာအတွက် ကြိုးပမ်းနေခြင်းမှာ နိုင်ငံတကာ၏ အသိအမှတ်ပြုခံရရေးအတွက် ဖြစ်သည်ဟု အတိုက်အခံ နိုင်ငံရေးသမားတချို့က ပြောဆိုနေကြသည်။

အာဆီယံ ဥက္ကဋ္ဌ တာဝန် မြန်မာပြည်သို့ ပေးအပ်ရေးအတွက် မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုများအား လေ့လာရန် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးသည် ပြီးခဲ့သည့်လက မြန်မာနိုင်ငံသို့ သွားရောက်ကာ ဦးသိန်းစိန်အပါအ၀င် အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ အတိုက်အခံ နိုင်ငံရေး အင်အာစုများနှင့် တွေ့ဆုံခဲ့သည်။

အာဆီယံ ဥက္ကဋ္ဌ နိုင်ငံသည် အာဆီယံ ထိပ်သီး အစည်းအဝေးများကို တာဝန်ယူ ကျင်းပနိုင်ရမည်ဖြစ်သည်။

မြန်မာနိုင်ငံသည် ၂၀၀၆ ခုနှစ်က အာဆီယံဥက္ကဋ္ဌရာထူးအတွက် အလှည့်ကျခဲ့သော်လည်း အနောက်နိုင်ငံတို့၏ ဖိအားပေးမှုကြောင့် ထိုအခွင့်အရေးကို လက်လွှတ်ခဲ့သည်။

ထိုစဉ်က မြန်မာစစ်အစိုးရ၏ လူ့အခွင့်အရေးချိုးဖောက်မှုမှတ်တမ်း၊ ဒီမိုကရေစီဖော်ဆောင်ရေး နှေးကွေးမှုတို့ကြောင့် ထိုသို့ ဖိအားပေးခဲ့ကြခြင်း ဖြစ်သည်။

အာဆီယံ ခေါ် အရှေ့တောင်အာရှနိုင်ငံများအသင်းကို ဒေသတွင်း ၁၀ နိုင်ငံဖြစ်သည့် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနိးရှား၊ လော၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်္ကာပူ၊ ထိုင်း၊ ဗီယက်နမ်တို့ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

ကာချုပ်ရဲ့ ပထမဆုံးပြည်ပခရီးစဉ် ဗီယက်နမ်ကို ဘာလို့သွားတာလဲ

ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် နေပြည်တော်လေဆိပ်မှ ဗီယက်နမ်နိုင်ငံသို့ မထွက်ခွာမီ တွေ့ရစဉ်


တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်၏ ချစ်ကြည်ရေးခရီးစဉ်အဖြစ် ဗီယက်နမ်နိုင်ငံသို့ ယမန်နေ့ နံနက်က ထွက်ခွာသွားကြောင်း ယနေ့ထုတ် အစိုးရသတင်းစာများတွင် ဖော်ပြထားသည်။
ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် ကာကွယ်ရေး ဦးစီးချုပ်တာဝန်ယူပြီးနောက်ပိုင်း ပထမဆုံးသွားရောက်သည့် ပြည်ပခရီးစဉ်ဖြစ်ပြီး ကာ ကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ ဒု ဗိုလ်ချုပ်ကြီး သောင်းအေး၊ ဒု ဗိုလ်ချုပ်ကြီး စိန်ဝင်း၊ အရှေ့အလယ်ပိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မြထွန်းဦး၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ရဲအောင်နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အရာရှိကြီးများ လိုက်ပါသွားသည်ဟုလည်း သိရသည်။

လေ့လာသူများက စစ်အစိုးရလက်ထက်တွင် ကာကွယ်ရေးဦးစီးချုပ်များ အနေဖြင့် အိမ်နီးချင်း တရုတ်နိုင်ငံသို့သာ အရင်ဆုံး သွား ရောက်သော်လည်း ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် လက်ထက်တွင်မူ အာဆီယံနိုင်ငံများထဲမှ ဗီယက်နမ်သို့ သွားရောက်ခြင်းသည် ထူးခြားသော ဖြစ်စဉ် တရပ်ဖြစ်ပြီး စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုတရပ်ဖြစ်နိုင်သည်ဟု ပြောဆိုနေကြသည်။

မြန်မာ့ တပ်မတော်တွင် ကာကွယ်ရေး ဦးစီးချုပ်တာဝန်ယူခဲ့ဖူးသည့် ဗိုလ်ချုပ်ကြီဟောင်း ဦးတင်ဦးက ကချင်ပြည်နယ်၌ တည်ဆောက်နေသည့် မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းကို ရပ်ဆိုင်းပြီးနောက် တရုတ်- မြန်မာ ဆက်ဆံရေး အနည်းငယ် ယိုယွင်းသွား သည်ဟု ထင်မြင်ကြောင်း၊ ထိုကြောင့် ဗီယက်နမ် အပါအ၀င် အမေရိကန် စသည့်နိုင်ငံများနှင့် ဆက်ဆံရေး ပိုမိုကောင်းမွန်အောင် ကြိုးစားလာခြင်း ဖြစ်နိုင်ကြောင်း ပြောသည်။

“အရင်ကတော့ တရုတ်ကို သွားကြတယ်၊ အခုတော့ ဗီယက်နမ် စစ်တပ်က နယ်စပ်တလျောက်မှာ တရုတ်နဲ့ ဘယ်လိုဆက်ဆံ သလဲဆိုတာကို ချိန်ထိုးကြည်ဖို့ သွားလေ့လာတာလို့ ထင်တယ်” ဟု ၎င်းက ဆိုသည်။

ကွန်မြူနစ် ဗီယက်နမ်နိုင်ငံသည် တောင်တရုတ် ပင်လယ်အတွင်းရှိ စပါတလီကျွန်းစုများ ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ တရုတ်နိုင်ငံနှင့် တင်းမာမှုများ ဖြစ်ခဲ့ပြီးနောက် အမေရိကန်နိုင်ငံနှင့် ပိုမိုနီးကပ်စွာ ဆက်ဆံခဲ့ပြီး အမေရိကန်လေယာဉ်တင် သင်္ဘောကြီးများနှင့် စစ်သင်္ဘောများမှာ ဗီယက်နမ်ဆိပ်ကမ်းများတွင် လာရောက်လည်ပတ် ဆိုက်ကပ်သည်အထိ တိုးတက်လာသည်။

ဝါရှင်တန် အခြေစိုက် ထောက်လှမ်းရေး ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ်ကမူ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်သည် ဗီယက်နမ် ကာကွယ်ရေး ၀န်ကြီး၏ ဖိတ်ကြားချက် အရ တရားဝင်ခရီးစဉ်အဖြစ် သွားရောက်ခြင်းဖြစ်သည်ဟု ဆိုသော်လည်း စစ်လက်နက် ပစ္စည်းနှင့် နည်းပညာပိုင်းတွင် အပြန်အလှန် ဖလှယ်ရန် သွားရောက်ခြင်းလည်း ဖြစ်နိုင်ကြောင်း ဧရာဝတီသို့ ပြောသည်။

“လိုက်သွားတဲ့သူတွေကို ကြည့်ရင် စစ်ရေးကိစ္စ၊ လက်နက်ကိစ္စ ဖြစ်ဖို့များတယ်။ တရုတ်ဒေသတွင်း အားကြီးလာတာကို တန်ပြန် ဖို့လည်း ဖြစ်နိုင်ပါတယ်။ စစ်ရေးမဟာမိတ် မဟုတ်တောင် အကြံဉာဏ်ယူတဲ့ သဘောပဲ” ဟု ၎င်းက ဆိုသည်။

မြန်မာနှင့် ဗီယက်နမ်နှစ်နိုင်ငံ တပ်မတော်များသည် အင်ဒိုချိုင်းနား စစ်ပွဲကာလ နယ်ချဲ့ဆန့်ကျင်ရေး၌ သဘောထားခြင်း တူညီခဲ့ပြီး ယခင်ကတည်းကပင် အပြန်အလှန်လေးစားစွာ ဆက်ဆံမှုရှိခဲ့ကြောင်းလည်း ၎င်းက ဆက်ပြောသည်။

တရုတ် – မြန်မာနယ်စပ် စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇောကလည်း “အာဆီယံထဲမှာ ဗီယက်နမ်က တရုတ်နဲ့ နယ်စပ်ခြင်း ကပ်နေပေမယ့် အဲဒီနှစ်နိုင်ငံက အဆင်မပြေဘူးလေ။ ဒါကြောင့် နိုင်ငံခြားရေး ပေါ်လစီအရ တရုတ်ကို ကစားဖို့ ဗီယက်နမ်ကို သွားတာပါ” ဟု သုံးသပ်သည်။

ဗီယက်နမ်နှင့် မြန်မာသည် စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုလုပ်ဆောင်လာပြီး လေကြောင်းလိုင်း ပြေးဆွဲခြင်း၊ အထည်ချုပ်စက်ရုံများနှင့် ဘဏ်ခွဲများကို ရန်ကုန်မြို့၌ လာရောက်ရင်းနှီးမြုပ်နှံခြင်းများ ပိုမိုတိုးမြင့်လုပ်ဆောင်လာသည်။

၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးနောက် ဖဆပလ အစိုးရက ဦးချစ်လှိုင် (စာရေးဆရာ ကိုကိုမောင်ကြီး)၊ ကိုသန်း (ကြည်မြင်တိုင်)၊ ဗိုလ်ဘုန်းအောင်၊ ဦးဘသိန်းဇံတို့ကို ဗီယက်နမ်သို့ စေလွှတ်ကာ နယ်ချဲ့တော်လှန်ရေးကို ကူညီခဲ့ဖူးသည်။

ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်က ဗီယက်နမ်နိုင်ငံသို့ ယမန်နေ့က သွားရောက်ခဲ့ပြီး တိုက်ဆိုင်စွာပင် ယနေ့၌ မြန်မာနိုင်ငံအား ၂၀၁၄ ခုနှစ် အာဆီယံ ဥက္ကဋ္ဌရာထူး ပေးအပ်ရန် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများက ထောက်ခံလိုက်ကြောင်း ကြားသိရသည်။

အလားတူ မြန်မာနိုင်ငံတွင်လည်း စစ်အစိုးရလက်ထက် အမေရိကန်နိုင်ငံနှင့် ဆက်ဆံရေး မပြေလည်ကြသော်လည်း သမ္မတ ဦးသိန်းစိန် လက်ထက်တွင် ဆက်ဆံရေး ကောင်းမွန်အောင်ကြိုးစားလာရာ အမေရိကန်အစိုးရ၏ ကိုယ်စားလှယ်များ မကြာခ ဏလာရောက်သကဲ့သို့ မြန်မာအစိုးရ အဖွဲဝင်များလည်း အမေရိကန်သို့ သွားရောက်လည်ပတ်နေသည်။

ပြီးခဲ့သည် အောက်တိုဘာလက မြန်မာနိုင်ငံသို့ ရောက်ရှိလာသည့် အမေရိကန်အစိုးရ၏ အထူးကိုယ်စားလှယ်နှင့် မူဝါဒရေးရာ ညှိ နှိုင်းရေးမှူး ဒဲရက်မစ်ချယ်နှင့် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်တို့ တွေ့ဆုံကာ နှစ်နိုင်ငံတပ်မတော်များ ပူးပေါင်းဆောင်ရွက်ရန် ကိစ္စရပ် များကို ဆွေးနွေးခဲကြောင်း အစိုးရသတင်း စာများ၏ ဖော်ပြချက်များအရသိရသည်။

ကျော်သူကို ဧမာနွေလအသင်းတော်က လူမှုအကျိုးပြု ဒေါက်တာဘွဲ့ ချီးမြှင့်

ဧမာနွေလ ခရစ်ယာန် ဘုရားရှိခိုးကျောင်းက နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ ဥက္ကဋ္ဌဖြစ်သူ ဦးကျော်သူအား လူမှုအကျိုးပြု ဒေါက်တာဘွဲ့ (Doctor of Humane Social Services – D.H.H.S) ပေးအပ် (Photo: kyaw Thu facebook )


လူမျိုး၊ ဘာသာမရွေး နာရေး ကိစ္စများအား ကူညီပေးနေသည့် အတွက် ရန်ကုန် မြို့လယ်ရှိ ဧမာနွေလ ခရစ်ယာန် ဘုရားရှိခိုးကျောင်းက နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ ဥက္ကဋ္ဌဖြစ်သူ ဦးကျော်သူအား လူမှုအကျိုးပြု ဒေါက်တာဘွဲ့ (Doctor of Humane Social Services – D.H.H.S) ပေးအပ် လိုက်သည်။
ယင်းဘွဲ့ကို Immanuel Theological Institute (ပင်မကျောင်းတော်ကြီး)၊ Union Biblical Seminary (ရန်ကုန်)၊ International School of Theology (ဘန်ကောက်) နှင့် Online Bible College International (သြစတြေးလျ) တို့၏ မတည်မှုဖြင့် ဧမာနွေလဘုရားကျောင်းမှ ပေးအပ်ခြင်း ဖြစ်သည်။
ယခုဘွဲ့မှာ ပြည်တွင်းတွင် ပထမဆုံး ချီးမြှင့်ခံရသည့်ဘွဲ့ ဖြစ်ပြီး ပြည်ပမှ ချီးမြှင့်သည့် ပြည်သူ့ဂုဏ်ရည်ဆုနှင့် ပြည်သူ့ ဘက်သား အနုပညာသမားဆုတို့လည်း ရရှိဖူးသည်။ ရုပ်ရှင်သရုပ်ဆောင် ဦးကျော်သူမှာ နာရေးကူညီမှု လုပ်ငန်း အပြင် စေတနာကုသိုလ်ဖြစ် ဆေးခန်း ဖွင့်လှစ်ထားကာ ငွေကြေး မတတ်နိုင်သူများအား ကူညီပေးလျက် ရှိသည်။

“ပြည်တွင်းလည်း ဖြစ်တယ်၊ ပြည်တွင်းမှာလည်း ဘာသာခြား အဖွဲ့အစည်းကနေပြီးတော့ ချီးမြှင့်တဲ့အတွက် အံ့တော့ အံ့သြမိတာပေါ့လေ” ဟု ဦးကျော်သူက မဇ္ဈိမကို ပြောသည်။

ဦးကျော်သူအပြင် ဇနီးဖြစ်သူ ဒေါ်မြင့်မြင့်ခင်ဖေ (ခေါ်) ရွှေဇီးကွက်မှာလည်း (Master of Humane Social Services - M.H.H.S) ချီးမြှင့်ခံခဲ့ရသည်။

ရွှေဇီးကွက်မှာ “ခင်ပွန်းဖြစ်သူနှင့် အတူ လူမှုရေး လုပ်ငန်းများကို မောင်တထမ်း မယ်တရွက် တက်တက်ကြွကြွ
ဆောင်ရွက်ပေးသည့်အတွက် ချီးမြှင့်ခံရခြင်း ဖြစ်ကြောင်း” ဦးကျော်သူက သူ၏ လူမှုကွန်ယက် စာမျက်နှာ Facebook တွင် ရေးသားထားသည်။

“ဒီဆုရအောင်ဆိုပြီး မသာချနေတဲ့သူတွေလည်း မဟုတ်ဘူး။ နာမည်ကြီးအောင် မသာချနေတဲ့ အလုပ်လည်း မဟုတ်ပါဘူး။ ဒီတော့ လူသား တယောက်အနေနဲ့ လူပီသစွာ တွေးကြဖို့၊ ခေါ်ကြဖို့၊ လူသားအချင်းချင်း ရိုင်းပင်း ကူညီဖို့ ကျနော်တို့ နိုင်ငံမှာ အရမ်းအရေးကြီးနေပါတယ်” ဟု ဦးကျော်သူက ပြောသည်။

မီဒီယာများ အဆိုးမြင်ရေးဟု ဦးခင်ရွှေ ပြစ်တင်

အာဇာနည် ခေါင်းဆောင်ကြီးများ လုပ်ကြံခံခဲ့ရသည့် နေရာဖြစ်သော ရန်ကုန်မြို့
ကျောက်တံတား မြို့နယ်ရှိ ဝန်ကြီးများရုံးအား ဟိုတယ်အဖြစ် ငှားရမ်းမည်ကို ကန့်ကွက် ရေးသားခဲ့ကြသည့် ပြည်တွင်း မီဒီယာများအား အဆိုးမြင် ရေးသားကြသည်ဟု မြန်မာ့ခရီးသွား လုပ်ငန်း အဖွဲ့ ဥက္ကဋ္ဌ ဦးခင်ရွှေမှ ပြစ်တင် ပြောဆို လိုက်သည်။ရန်ကုန်မြို့ ယုဇနဂါးဒင်း ဟိုတယ်တွင် အင်္ဂါနေ့က ပြုလုပ်သည့် မြန်မာ့ခရီးသွား လုပ်ငန်းအကြောင်း သတင်းစာ ရှင်းလင်းပွဲ အဖွင့်အမှာစကား၌ ပြည်တွင်း မီဒီယာများသည် ပြည်ပမီဒီယာများကဲ့သို့ပင် မကောင်းသည့်ဘက်မှ ရှု့မြင်ရေးသားကြသည်ဟု ဇေကမ္ဘာ ကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေမှ ပြစ်တင်ပြောသွားခြင်း ဖြစ်သည်။

“မဟုတ်က ဟုတ်ကတွေ ရေးတယ်ဆိုကတည်းက တော်တော်လေးကို စိတ်ဓါတ်ကျဖို့ ကောင်းပါတယ်။ ကောင်းတာ မမြင်တဲ့သဘော ဖြစ်နေတယ်။ နိုင်ငံတော်က သွားနေတဲ့ လမ်းကြောင်း ကောင်းနေတာကိုလဲ အသိအမှတ်မပြုတဲ့ သဘောမျိုး ဖြစ်နေတယ်။”ဟု ဦးခင်ရွှေက ပြောသည်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ အမျိုးသား လွှတ်တော်အမတ် တဦးလည်းဖြစ်သည့် ဦးခင်ရွှေက ဝန်ကြီးများ ရုံးကိစ္စအပေါ် ကာကွယ်ပြောဆိုသူများကိုပါ သတင်းစာ ရှင်းလင်းပွဲတွင် တုန့်ပြန်ပြောဆို သွားခဲ့သေးသည်။

“တချို့ပြောတာလဲ ကြားတယ်။ ဒါကြီးကို အသက်ပေးပြီး ကာကွယ်မယ်တဲ့။ အသက်ပေးစရာ မလိုပါဘူး တယောက် တသိန်းထည့်ပြီး ဒါကြီးကို ထိန်းသိမ်းမယ်ဆိုရင် အဲ့လူတွေ ထည့်မှာမဟုတ်ဘူး။ အသက်သာ ပေးကြမှာ။” ဟု သူက ဆိုသည်။

“ပြည်တွင်းဂျာနယ်တွေက နုပါတယ်။” ဟု သုံးနှုန်းပြောဆိုခဲ့သည့် ဦးခင်ရွှေက အဆိုပါ ဝန်ကြီးကြီးများရုံးနှင့် ပတ်သက်သည့် မော်နီတာ ဂျာနယ်တွင် ပါရှိသော “ဘယ်ပေတံနဲ့ တိုင်းမှာလဲ” အမည်ရှိ ဆောင်းပါး တပုဒ်ကိုမူ ကွဲလွဲသည့် အမြင်ရှိသည်ဟု ချီးကျူးပြောဆိုခဲ့ပြီး ယင်းဆောင်းပါးကို သတင်းစာ ရှင်းလင်းပွဲတွင် ဝေငှခဲ့သည်။

ဆောင်းပါးတွင် “ ဝန်ကြီးများရုံးသည် အင်္ဂလိပ် အမွေအနှစ်ဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်း လပိုင်းသာ ရုံးထိုင်ခဲ့ကြောင်း
နှင့် မြန်မာလူမျိုးများထက် မြန်မာနိုင်ငံအား ကျွန်အဖြစ် ပြုလုပ်ခဲ့သည့် အင်္ဂလိပ်လူမျိုးများသာ ထိန်းသိမ်းသင့်
ကြောင်း၊ နိုင်ငံတော်မှ ထိန်းသိမ်းပါက စာရိတ်များစွာ ကုန်ကျမည် ဖြစ်ကြောင်း” ရေးသား ထားသည်။

ဦးခင်ရွှေက မိမိအနေဖြင့် စင်ကာပူ၊ အမေရိကား စသောနိုင်ငံများတွင် ငွေကုန်ကြေးကျခံ သွားရောက် သုံးဖြုန်း
နိုင်ကြောင်း၊ နိုင်ငံခြားတွင် မီလျံနာဟူသည့် ဂုဏ်ပုဒ်ခံယူပြီး သွားရောက်နေနိုင်သည့် အခြေအနေတွင် ရှိနေသော် လည်း တိုင်းပြည်အတွက် အလုပ်လုပ်နေခြင်း ဖြစ်ကြောင်းလည်း ထည့်သွင်း ပြောသွားသည်။

သူ့နည်းတူ စီးပွားရေး လုပ်ငန်းရှင် တဦးဖြစ်သည့် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနနှင့် အားကစားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းမှာ ခြောက်လအတွင်း ကိုယ်ပိုင်ငွေ ကျပ်သိန်းတသောင်းကျော် အကုန်အကျခံ သုံးစွဲခဲ့ကြောင်း ပြောဆိုသွားခဲ့သည်။

အာဆီယံ ထိပ်သီးညီလာခံ ကျင်းပမည့် ဘာလီတွင် လုံခြုံရေး အထူးတင်းကျပ်

လာမည့်နိုဝင်ဘာ ၁၉နှင့် ၂၀ရက်နေ့တို့တွင် ကျင်းပမည့် ၁၉ ကြိမ်မြောက် အာဆီယံ အစည်းအဝေးပွဲ ကျင်းပမည့် အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီမြို့တွင် လုံခြုံရေးများ တင်းကျပ်စွာ ချထားပြီး အထူးရဲတပ်ဖွဲ့ များကိုလည်း နေရာအနှံ့တွင် တွေ့ရှိနေရသည်။
မီဒီယာစင်တာ အနီးတဝိုက်ဖြစ်သည့် Nusa Dua Bali ဟိုတယ်ဇုန်အတွင်းတွင် သံချပ်ကာကားများ ချထားသည်ကို လည်း တွေ့ရသည်။ ဟိုတယ်တိုင်းသို့ဝင်သည့် မော်တော်ယာဉ်များကိုလည်း မိုင်းရှာ ကိရိယာများဖြင့် တင်းတင်း ကျပ်ကျပ် စစ်ဆေးလျက် ရှိသည်။

ယခုအကြိမ် ညီလာခံတွင် အာဆီယံ မိတ်ဖက်နိုင်ငံတခုဖြစ်သည့် ရုရှနိုင်ငံမှ ရုရှသမ္မတ မက်ဗီဒက်သည် နိုင်ငံ အတွင်း ကျင်းပမည့် ရွေးကောက်ပွဲကြောင့် တက်ရောက်နိုင်မည် မဟုတ်သလို ထိုင်းနိုင်ငံ ဝန်ကြီးချုပ်သစ် ယင်းလပ်ရှင်နာဝပ်ထရာသည်လည်း ထိုင်းရေဘေးကြောင့် တက်ရောက်မည် မဟုတ်ကြောင်း သိရသည်။
သို့သော် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း တက်ရောက်မည်ဟု အင်ဒိုနီးရှား အခြေစိုက် သတင်းများက ဖော်ပြသည်။

ယင်းအပြင် နိုဝင်ဘာ ၁၉ရက်နေ့တွင် အမေရိကန် သမ္မတ ဘားရက်အိုဘားမားလည်း အာဆီယံ-အမေရိကန် တတိယအကြိမ်မြောက် အစည်းအဝေးသို့ တက်ရောက်မှာဖြစ်သည်။

ဘာလီတွင် ၂၀၀၂ ခုနှစ်က အကြမ်းဖက်သမားများက ဗုံးခွဲမှု ဖြစ်ပွားခဲ့ခြင်းကြောင့် အမေရိကန်သမ္မတ တက်ရောက် မည့်ပွဲတွင် လုံခြုံရေးကို ယခင် ဂျာကာတာတွင် ပြုလုပ်သည့်ပွဲများထက် ပိုသည့် လုံခြုံရေး စီမံမှုများ ပြုလုပ်ထား
ကြောင်းလည်း သိရသည်။

လက်ရှိအချိန်တွင် အာဆီယံ ထိပ်သီးအစည်းအဝေး စတင်ခြင်း မရှိသေးသော်လည်း အင်္ဂါနေ့က ကျင်းပသည့် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးတွင် မြန်မာနိုင်ငံကို ဥက္ကဋ္ဌ ပေးရေး၊ မပေးရေးနှင့် ပတ်သက်ပြီး ထည့်သွင်း ဆွေးနွေးနေသည်။

ဒုတိယအဆင့်တွင် အာဆီယံနိုင်ငံများမှ ခေါင်းဆောင်များကို တင်ပြကာ ဥက္ကဋ္ဌခန့်ထားရေးနှင့် ပတ်သက်ပြီး ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း အာဆီယံ အတွင်းရေးမှူးချုပ်ရုံး သတင်းများအရ သိရသည်။

ထိပ်သီးညီလာခံသို့ မြန်မာနိုင်ငံမှ သမ္မတ ဦးသိန်းစိန်လည်း တက်ရောက်မည် ဖြစ်ကာ မြန်မာနိုင်ငံကို အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ အဖြစ် ၂၀၁၄ ခုနှစ်တွင် ပေးရေးနှင့် ပတ်သက်ပြီး အလားအလာ ကောင်းမွန်နေခြင်းကြောင့် သတင်းကိုရယူရန် ပြည်တွင်း မြန်မာသတင်းမီဒီယာမှ သတင်းသမားအချို့လည်း ရောက်ရှိလာသည်ကို တွေ့ရ သည်။

ပြည်တွင်းရှိ ဝီးကလီးအလဲဗင်း သတင်းမီဒီယာမှ သတင်းသမားများ စေလွှတ်ကာ သတင်းရယူနေကြောင်းကိုလည်း ယင်းတို့၏ အင်တာနက် စာမျက်နှာပေါ်တွင် ဖော်ပြထားသည်။ ယင်းသတင်းအဆိုအရ ယခုနှစ်တွင် နိုင်ငံတကာမှ သတင်းသမား စုစုပေါင်း ၁,၅၀၀ ခန့် ထိပ်သီး ညီလာခံသို့ တက်ရောက် သတင်းရယူမည် ဖြစ်ကြောင်း ဖော်ပြထား သည်။

မြစ်ကြီးနား ဗုံးပေါက်ကွဲမှု ဖြစ်သည့် နေအိမ်ပိုင်ရှင်ကို ရဲစစ်ဆေး


မြစ်ကြီးနားမြို့ရှိ မိဘမဲ့ကလေးများကို စောင့်ရှောက်ထားသည့် နေအိမ်တွင် ဗုံးပေါက်ကွဲမှု
ဖြစ်ပွားပြီးနောက် အိမ်ရှင်ဖြစ်သူ ဦးဒယောင်တန်ဂွန်းကို မြစ်ကြီးနား အမှတ် (၁) ရဲစခန်းတွင် ထိန်းသိမ်းကာ စစ်ဆေး လျက် ရှိသည်ဟု သူ၏ မိတ်ဆွေများက ပြောသည်။
အသက် ၄၈ နှစ် ဝန်းကျင်အရွယ် ဦးဒယောင်တန်ဂွန်းကို စစ်ကိုင်းတိုင်း ကသာမြို့ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး မိုးညှင်း မြို့နယ် ရဲစခန်းမှတဆင့် မြစ်ကြီးနား ရဲတပ်ဖွဲ့ထံ ပြန်လည် လွဲပြောင်းပေးရာက အင်္ဂါနေ့ နံနက် ၅ နာရီခန့်တွင်
မြစ်ကြီးနားမြို့သို့ ကားဖြင့် ရောက်ရှိလာခဲ့သည်။

လူ ၁၀ ဦးသေဆုံးပြီး ၂၇ ဦးဒဏ်ရာရသော ဗုံးပေါက်ကွဲမှုနှင့် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့စဉ်က ဦးဒယောင်တန်ဂွန်းမှာ လွတ်လပ်သော ခရစ်ယာန်အသင်းတော်မှ သင်းအုပ်ဆရာများနှင့်အတူ သာသနာပြုခရီး ထွက်လျက်ရှိသည်ဟု ဆိုသည်။



မြစ်ကြီးနားမြို့ သီတာရပ်ကွက်ရှိ မိဘမဲ့ကလေးများ စောင့်ရှောက်ရေးအိမ်သို့ ဗုံးပစ်သွင်းခံရပြီးနောက် ဗုံးပေါက်ကွဲမှုဖြစ်ပြီး နေအိမ်သုံးလုံး မီးလောင်ကျွမ်းမှု ဖြစ်ပွားသွားခဲ့သည်။ ဗုံးကြောင့် လူ ၁၀ ဦးသေဆုံးပြီး ၂၇ ဦး ဒဏ်ရာရသွားခဲ့သည်။ ဓာတ်ပုံ-Hkra U/ မဇ္ဈိမ

“သူကို ခြေချင်းခတ်ပြီးတော့ ခေါ်လာတယ်။” ဟု သူ၏ မိတ်ဆွေက မဇ္ဈိမသို့ ပြောသည်။

“သူတို့က (အစိုးရက) သူ့အိမ်မှာ အဲဒီလိုဖြစ်တော့ သူက ဗုံးနဲ့ ပတ်သက်ပြီး သင်ပေးနေလား ဆိုတဲ့ပုံစံနဲ့ မသင်္ကာလို့ ဖမ်းထားတာပဲ။”ဟု ဆက်ပြောသည်။

တနင်္ဂနွေနေ့ညက မြစ်ကြီးနားမြို့ သီတာရပ်ကွက်ရှိ နေအိမ်တွင် ဗုံးပေါက်ကွဲမှုကြောင့် ဦးဒယောင်တန်ဂွန်း၏ သားနှစ်ယောက်၊ မြေးတယောက်နှင့် မိဘမဲ့ကလေး လေးယောက်၊ စစ်ပြေးဒုက္ခသည် သုံးယောက် ကွယ်လွန်ခဲ့ရာ အင်္ဂါနေ့တွင် တပ်ကုန်းရပ်ကွက် ရာဒါကောင်း (Rada Kawng)သင်္ချိုင်းတွင် မြေမြှုပ်သဂြုင်္ိဟ် ခဲ့သည်။

ပြင်းထန်သော ဗုံးပေါက်ကွဲမှုကြောင့် ခန္ဓာကိုယ် အစိတ်အပိုင်းများ လွှင့်စင် ထွက်လာခဲ့သည်ဟု အိမ်နီးချင်းများက
ပြောသည်။ နေအိမ်အနောက်ဘက်လမ်းကြားမှ မော်တော်ဆိုင်ကယ်နှင့် လူနှစ်ဦး ရောက်ရှိလာပြီး ခြံဝင်းထဲသို့ အထုပ်တထုပ် ပစ်ချခဲ့ရာက ပေါက်ကွဲမှု ဖြစ်ခဲ့ခြင်းဟု ဒေသခံများ ယုံကြည်နေခဲ့ကြသည်။

ဒယောင်ဆိုင်းခွန် (၂၈ နှစ်)၊ ဒယောင် လှဆိုင်းလ (၂၂ နှစ်)၊ မဆိုင်းမိုင် (လေးနှစ်)၊ ဆန်လီအောင် (၁၉နှစ်)၊ ဂွမ်ဂျတ် (၁၈ နှစ်)၊ ဘရန်မိုင် (ခုနှနှစ်) ၊နော်နော် (ငါးနှစ်)၊ ဝိုင်းမော်မြို့နယ် ဂါးရားယန်ရွာမှ စစ်ပြေးဒုက္ခသည် ဒေါ်ခေါန်လွမ်း (၃၂ နှစ်)၊ မလုမိုင် (ငါးလသား)၊ မလုနန် (ငါးနှစ်)တို့ သေဆုံးခဲ့ကြသည်။

ဒဏ်ရာရသူ ၂၇ ဦးတွင်လည်း ဦးဒယောင်တန်ဂွန်း၏ ဇနီးပါဝင်ပြီး မြစ်ကြီးနားဆေးရုံတွင် ဆေးကုသမှု ခံယူနေသည်။

မြန်မာနိုင်ငံ သိုင်းအဖွဲ့ချုပ်တွင် ဒိုင်လူကြီး တဦးလည်းဖြစ်သူ ဦးတန်ဂွန်းသည် လွန်ခဲ့သည့် ငါးနှစ်က ကချင်ရိုးရာ ယဉ်ကျေးမှု အဖွဲ့တွင် သိုင်းပညာနှင့် ဘင်ခရာ သင်တန်းနည်းပြဆရာ လုပ်ခဲ့ရာ "Jade Land Company" ပိုင်ရှင် ဦးရွပ်ဇော်ခေါင်က အထောက်အပံ့ ပေးထားသည်။ သို့သော် ၂၀၁၀ ခုနှစ်မှစတင်၍ မိဘမဲ့ကလေးများကို စောင့်
ရှောက်၍ သီးသန့်နေထိုင်ခဲ့သည်ဟု သူ၏ မိတ်ဆွေတဦးက ပြောသည်။

သူ၏ ဘင်ခရာအဖွဲ့သည် မြစ်ကြီးနားမြို့ ပွဲလမ်းသဘင် အခမ်းအနားများတွင် အခကြေးငွေယူကာ တီးခတ်ပေးလေ့ ရှိသည်။

အစိုးရအာဘော် မြန်မာ့အလင်း သတင်းစာကတော့ နေအိမ်တွင်း မိုင်းကို ဖောက်ခွဲမှု ပြုလုပ်ရေး အတွက် ပြင်ဆင်
ပြသနေစဉ် ပေါက်ကွဲမှု ဖြစ်ပွားခြင်းဟု စွပ်စွဲထားကာ ယခင်ရက်ပိုင်းက ပေါက်ကွဲမှုများနှင့် ဆက်စပ် နိုင်သည်ဟု ဆိုသည်။

အင်္ဂါနေ့ထုတ် မြန်မာ့အလင်း သတင်းစာက “ကချင်ပြည်နယ်အတွင်း ၂၀၁၀ ခုနှစ် ဇွန်လမှ နိုဝင်ဘာလ ၁၃ ရက်နေ့ ထိ ကချင်အမျိုးသား လွတ်မြောက်ရေး အဖွဲ့၏တပ် KIA မှ လုပ်ဆောင်ခဲ့သည်ဆိုသော တံတားဖျက်၊ မီးရှို့ဖျက်ဆီးမှု အကြိမ်များကိုလည်း ရေးသားထားသည်။

ထိုစာရင်းများအရ တံတားမိုင်းခွဲ ၁ဝ၅ ကြိမ်၊ ကားလမ်းမိုင်းခွဲ ကိုးကြိမ်၊ ရထားလမ်း မိုင်းခွဲ ၁၈ ကြိမ်၊ ယာဉ်/ယန္တယား မိုင်းခွဲ သုံးကြိမ်၊ အဆောက်အအုံ မိုင်းခွဲ ၁၃ အကြိမ်၊ ပစ်ခတ်/ဓါးဖြင့်ခုတ် ၃၁ ကြိမ်၊ မီးရှို့ဖျက်ဆီး ခြောက်ကြိမ်၊ ဖမ်းဆီးလူသစ်စု ၂၉၂ ဦး၊ KIA တိုက်ခိုက်ခံရ၍ အရပ်သား ထိခိုက်ဒဏ်ရာရ ၇၅ ဦး၊ သေဆုံးသူ ၃၃ ဦးနှင့် အဓမ္မ ဆက်ကြေးကောက်ခံမှု ခြောက်ကြိမ်ရှိသည်ဟု ပါရှိသည်။

သုံးကြိမ်တိုင် ဆွေးနွေးပြီး သဘောတူညီမှု မရဘဲ ဖြစ်နေသော KIO နှင့် အစိုးရတပ်များ တိုက်ပွဲများ ဖြစ်ပွားနေစဉ်
မြစ်ကြီးနားမြို့တွင် ဗုံးပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွားနေခဲ့ပြီး ည ခုနှစ်နာရီလောက်တွင်ပင် လူခြေတိတ်လျက် ရှိသည်။

မြန်မာ့ ရေနံ၊ သဘာဝဓာတ်ငွေ့ ကဏ္ဍတွင် ပြန်လည်ရင်းနှီးရန် Shell စဉ်းစား

မြန်မာနိုင်ငံတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေမှုကို ၁၈ နှစ်ကျော် ရပ်ဆိုင်းထားခဲ့သည့် အင်္ဂလန်-ဒတ်(ခ်ျ) နိုင်ငံတကာ ရေနံကုမ္ပဏီကြီး ဖြစ်သည့် Shell က ပြန်လည်ရင်းနှီးမြှပ်နှံရန် စဉ်းစားနေသည်ဟု ဘန်ကောက်အခြေစိုက် နေးရှင်းသတင်းစာတွင် လွန်ခဲ့သည့်တပတ်က ဖေါ်ပြခဲ့သည်။
Shell က ထိုင်းနိုင်ငံပိုင် ရေနံရှာဖွေရေးနှင့် ထုတ်လုပ်ရေး ကုမ္ပဏီဖြစ်သည့် PTTEP နှင့် အကျိုးတူပူးပေါင်းရန် စဉ်းစားလျက် ရှိနေပြီး မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးလာသော ရေနံနှင့် သဘာဝဓာတ်ငွေလုပ်ငန်းတွင် ပြန်လည်ဝင်ရောက် လုပ်ကိုင်ရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု သတင်းစာကရေးသားသည်။

PTTEP အနေဖြင့် ယင်းတို့ပိုင်ဆိုင်သည့် မြန်မာနိုင်ငံအတွင်းရှိ ရေနက်ကမ်းလွန်လုပ်ကွက် M11 တွင် Shell
ကုမ္ပဏီမှ ပူးပေါင်းဆောင်ရွက်ရန် ကြိုးစားနေသည်။

သြဂုတ်လက PTTEP ဥက္ကဋ္ဌနှင့် အမှုဆောင် အရာရှိချုပ်ဖြစ်သူ Anon Sirisaengtaksin က ဘန်ကောက်ပို့စ် သတင်းစာသို့ ပြောကြားရာတွင် M11 လုပ်ကွက် အနေအထားအရ ရှာဖွေရန်ခက်ခဲသည့် နေရာတွင် ရှိနေသဖြင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်ရန် ကုမ္ပဏီ တခုအလိုရှိနေသည်ဟု ဆိုခဲ့သည်။ “လုပ်ကွက်က ပင်လယ်ရေအောက် (၁) ကီလိုမီတာ အကွာမှာရှိနေပါတယ်။ ဒါကြောင့် ကျနော်တို့ အနေနဲ့ မိတ်ဖက် လိုအပ်ပါတယ်။” ဟု ပြောခဲ့သည်။

M11 လုပ်ကွက်သည် ၇,၂၇၈ စတုရန်း ကီလိုမီတာ ရှိပြီး ဧရာဝတီ မြစ်ဝကျွန်းပေါ် တောင်ဘက် မုတ္တမကွေ့တွင် တည်ရှိသည်။

Shell သည် ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ရေး ထိပ်တန်း ကုမ္ပဏီတခုဖြစ်ပြီး ယခုနှစ် အစောပိုင်းက PTTEPနှင့် အခြားနိုင်ငံတကာ ကုမ္ပဏီနှစ်ခုတို့ နယူးဇီလန်နိုင်ငံ၏ ရေနက်ကမ်းခြေရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရေးတွင် ပါဝင်လုပ်ကိုင်ခဲ့သည်။

Shell ကုမ္ပဏီသည် ၁၉၈၉ ခုနှစ် အောက်တိုဘာလတွင် မြန်မာနိုင်ငံတွင် လုပ်ကိုင်ရန် လာရောက်ခဲ့ကာ ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေရေးအတွက် နဝတ အစိုးရနှင့် စာချုပ် ချုပ်ဆိုခဲ့သည်။

ထိုသို့ လုပ်ကိုင်ခဲ့သော်လည်း လေးနှစ် မပြည့်မီ ၁၉၉၃ ခုနှစ် မတ်လ၌ Shell ၏ မြန်မာပြည် ကုမ္ပဏီခွဲဖြစ်သည့် Myanmar Shell B.V ကုမ္ပဏီတို့သည် ပဲခူးရိုးမ ဒေသရှိ ကုန်းတွင်း ရေနံရှာဖွေရေး လုပ်ငန်းမှ “ရလဒ်မကောင်းသည့် တူးဖော်တွေ့ရှိမှုများ” ကြောင့် ရှာဖွေတူးဖော်ခြင်းများ ရပ်ဆိုင်းခဲ့သည်။

Shell ကုမ္ပဏီ ၁၉၉၃ ခုနှစ် မြန်မာနိုင်ငံမှ ထွက်ခွာသွားချိန်၌ Shell ကုမ္ပဏီနှင့် အခြား နိုင်ငံခြား ရေနံကုမ္ပဏီ ကိုး ခု တို့သည် မြန်မာနိုင်ငံတွင် ရှာဖွေတူးဖော်မှုများ ပြုလုပ်ရန် စာချုပ်ချုပ်ရေးအတွက် နဝတ စစ်အစိုးရအား အမေရိကန်
ဒေါ်လာ ငါးသန်း အပိုကြေးအဖြစ် ပေးခဲ့ရသည်ဟု Wall Street ဂျာနယ်တွင် ဖော်ပြခဲ့သည်။

ဆန္ဒပြမှု ဆက်လက်လုပ်ဆောင်သွားမည်ဟု ရဟန်းများမိန့်ကြား

နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေးနှင့် ပြည်တွင်းစစ် ရပ်စဲရေးအတွက် မန္တလေးမြို့ မဟာအောင်မြေမြို့နယ် မဟာမြတ်မုနိ ဘုရားကြီးဝင်းအတွင်း ဆန္ဒပြနေသော ရဟန်းများက ဆန္ဒပြမှု ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မိန့်ကြားသည်။

"ဦးဇင်းတို့ကို ဒီည မစိုးရိမ် တိုက်ဟောင်းမှာလာပြီး ဟောပြောပွဲ လုပ်ဖို့အတွက် ဆရာတော်ကြီးက ဖိတ်ခေါ်နေ တယ်။ အာဏာပိုင်တွေကနေ ဦးဇင်းတို့ကို ဒီမှာမလုပ်ဖို့ ပြောတာပေါ့ဗျာ။ ဦးဇင်းတို့က အဲဒါကို လက်မခံသေးဘူး။ ဦးဇင်းတို့က ဒီည ဒီမှာပဲ ဆက်လုပ်မယ်လို့ ပြောထားတယ်။"ဟု ဆန္ဒပြရာတွင် ပါဝင်သော ဦးဇင်းတပါးက မဇ္ဈိမသို့ တယ်လီဖုန်းမှ တဆင့် မိန့်ကြားသည်။

သပိတ်စခန်းအဖြစ် ဖွင့်လှစ်ထားသော အဆောက်အဦးအတွင်း ဦးသောပါက၊ ဦးမာဃ၊ ဦးစန္ဒိမာ၊ ဦးဘိန္ဓောလ၊ ဦးဇောတိပါလတို့ ရှိနေသည်ဟု ဆိုသည်။

အင်္ဂါနေ့နံနက် ၅ နာရီခန့်က စတင်၍ ဘုရားကြီးဝင်းအတွင်းရှိ မဟာဗုဒ္ဓဝင် ဗိမာန်တော် အပြင်ဘက်နံရံတွင် “နိုင်ငံရေး အကျဉ်းသားများ ချက်ချင်းလွှတ်” “ပြည်တွင်းစစ် ချက်ချင်းရပ်” “လွတ်လပ်မှုကို ပေးပါ” ဆိုသော စာတမ်း များ ချိတ်ဆွဲကာ ဗိမာန်တော်အတွင်း ဝင်ရောက် သီတင်းသုံး ဆန္ဒပြနေကြခြင်း ဖြစ်သည်။

ဆန္ဒပြမှု အဆုံးသတ်ရေးအတွက် မန္တလေးတိုင်း သံဃာ့နာယက ဆရာတော်များဖြစ်သည့် မစိုးရိမ် ကျောင်းတိုက်မှ ဆရာတော် ဦးရာဇဓမ္မာဘိဝံသနှင့် ရွှေကိန္နရီကျောင်းမှ ဆရာတော်တို့က သုံးကြိမ်မြောက် ကြွရောက်ဆွေးနွေးပြီး
ဖြစ်သော်လည်း သဘောတူညီချက် မရသေးဟု သိရသည်။

ဆန္ဒပြသံဃာတော်တို့က ရန်ကုန်ရှိ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တယ်လီဖုန်းမှတဆင့် စကားပြောလိုသည်ဟု တောင်းခံထားသော်လည်း ဒေသစံတော်ချိန် ညနေ နှစ်နာရီကျော် အထိ အဆက်သွယ် မရှိသေးကြောင်းလည်း ဆန္ဒပြကိုယ်တော်တပါးက မဇ္ဈိမကို မိန့်ကြားသည်။

“ ဦးဇင်းတို့က ဖုံးနံပတ်ပေးထားတယ်။ (မွန်းလွဲ) ၁ နာရီ ၁၅ မိနစ်မှာခေါ်မယ်လို့လည်း ပြောတယ်။ ခုချိန်ထိလည်း မခေါ်သေးဘူး။ ဦးဇင်းတို့လည်း ဆွေးနွေးပွဲ လုပ်နေတယ် မပြီးသေးဘူး။” ဟု အဆိုပါ ရဟန်းက မိန့်သည်။

ဆန္ဒပြပွဲ သို့ သွားရောက်ကြည့်ရှု့သူ တဦးက မဇ္ဈိမသို့ တယ်လီဖုန်းမှတဆင့် ပြောကြားရာတွင် “သူတို့လုပ်နေတာက မဟာဗုဒ္ဓဝင် စင်္ကြန်ပေါ်မှာ၊ အဲဒီဝရန်တာကို သော့ခတ်ပြီးတော့ သူတို့ယူထားလိုက်တယ်။ အဲဒီနေရာက အကျယ် ငါးပေပေါ့။ အရှည်ကတော့ ပေ ၃၀ လောက်ရှိမယ် အဲဒီမှာနေ နေတာ။ ဘုရားကြီးရဲ့ အရှေ့မြောက်ထောင့် မဟာဗုဒ္ဓဝင် ပြခန်း မှာရှိတယ်။ သူတို့သုံးတာက အသံချဲ့စက်ရယ်၊ Sound Box ရယ် မီးစက်လေးလည်း ပါတယ်ဗျ။” ဟု ဆိုသည်။

“လုံခြုံရေး အခြေအနေကတော့ ခုချိန်ထိ အေးဆေးပဲ၊ ခုချိန်ထိ ဘာမှ မတွေ့ရသေးဘူး။ လာကြည့်တဲ့လူတွေ ကတော့ ၅၀၀ တော့ ကျော်မယ်ဗျ၊ အားလုံး စိတ်ဝင်တစားနဲ့ ကြည့်နေကြတယ်။ ကျနော်တို့ကိုလည်း ညှိလို့ရပြီ ဆိုပြီးတော့
ပြန်လွှတ်နေတယ်။ ဒါပေမယ့် ဘာကို ညှိလို့ရတယ်ဆိုတာ ကျနော်တို့ မသိရဘူး။” ဟု အဆိုပါ ဆန္ဒပြပွဲသို့ သွားကြည့် သူက ပြောသည်။

မန္တလေးရှိ သံဃာတော်များ အဆိုအရ ဦးသောပါကမှာ ဂျာမဏီနိုင်ငံတွင် နိုင်ငံရေး ခိုလှုံခွင့်ဖြင့် သီတင်းသုံးခဲ့သော ရဟန်းတပါးဖြစ်ပြီး ၂၀၀၇ ခုနှစ် မတ်လအတွင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ နယ်စပ်မြို့ မဲဆောက်အထိ လမ်းလျှောက် ဆန္ဒပြခဲ့သူ ဖြစ်သည်။ ထိုင်းနိုင်ငံရှိ မြန်မာသံရုံးရှေ့တွင်လည်း အစာငတ်ခံ ဆန္ဒပြရာ ထိုင်းရဲများက တားဆီးခြင်း ခံရဖူးသည်။

သမ္မတ ဦးသိန်းစိန်က မေလအတွင်း ထောင်ဒဏ် လျှော့ပေးရာတွင် သုံးပါး၊ အောက်တိုဘာလ လွတ်ငြိမ်းချမ်းသာ ခွင့်တွင် ၂၉ ပါး လွတ်မြောက်လာသော်လည်း မြန်မာနိုင်ငံအနှံ့ ထောင်များတွင် သံဃာတော် ၁၇၆ ပါး ဆက်လျက် အကျဉ်းကျနေသေးသည်ဟု နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) က ပြောသည်။

Monday, November 14, 2011

မလေးရှားနိုင်ငံရှိ UNHCR ဒုက္ခသည်နှင့် ခိုလှုံသူများ ဇန်န၀ါရီလတွင် မှတ်ပုံတင်ရန်

မလေးရှားအစိုးရအနေနှင့် UNHCR အထောက်အထားကိုင်ဆောင်ထားကြသည့် ဒုက္ခသည်များနှင့် နိုင်ငံရေးခိုလှုံသူများကို ဇန်န၀ါရီလ၊ ၂၀၁၂ တွင် စတင် မှတ်ပုံတင်ပေးသွားမည်ဖြစ်ကြောင်း UNHCR ကိုယ်စားလှယ်မှ ပြောကြားသည်။
ယခုကိစ္စသည် ဒုက္ခသည်များ မှတ်ပုံတင်ခြင်းအပေါ် မလေးအစိုးရနှင့် UNHCR တို့၏ သဘောတူညီမှုတခုဖြစ်ပြီး ပြည်ထဲရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီး၊ လူဝင်မှုကြီးကြပ်ရေးဌာန၊ အမျိုးသားလုံခြုံရေးကောင်စီ နှင့် UNHCR တို့ ပူးပေါင်းအားထုတ် ဆောင်ရွက်ကြခြင်းဖြစ်သည်။ ဒုက္ခသည်များ အများဆုံးနေထိုင်ရာ နေရာများတွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်သည်။
မှတ်ပုံတင်ခြင်းပြုလုပ်မည့် အချိန်နှင့်နေရာတို့ကို UNHCR မှနေ၍ ဒုက္ခသည်အဖွဲ့အစည်းများသို့ ဆက်သွယ်ညွှန်ကြားဆောင်ရွက်သွားမည်ဖြစ်ပြီး UNHCR အထောက်အထားရှိသည့် ဒုက္ခသည်နှင့် ခိုလှုံသူများအားလုံး မလေးအစိုးရနှင့် မှတ်ပုံတင်ခြင်းပြီးဆုံးသည်အထိ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း UNHCR ၏ မလေးရှားနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် Alan Vernon မှ ပြောကြားသည်။

ယခုပြုလုပ်မည့် ဒုက္ခသည်များ မှတ်ပုံတင်ခြင်းသည် တရားမ၀င်နိုင်ငံခြားသားများအတွက် မလေးရှားပြည်ထဲရေးဌာနမှ ဆောင်ရွက်လျက်ရှိသော 6P အစီအစဉ်နှင့် ပတ်သတ်မှုမရှိဘဲ တသီးတခြားစီဖြစ်ကြောင်း Alan Vernon မှ ရှင်းလင်းပြောကြားသည်။

ယခုအချိန်အထိ UNHCR-Malaysia နှင့် မှတ်ပုံတင်ထားပြီးသော ဒုက္ခသည်နှင့် ခိုလှုံသူစုစုပေါင်း ၉၅၀၀၀ ခန့် ရှိပြီး ၄င်းတို့မှာ မြန်မာ၊ သီရိလင်္ကာ၊ ဆိုမာလီ၊ အာဖဂန်နစ္စတန်နှင့် အီရတ်နိုင်ငံတို့အပါအ၀င် နိုင်ငံပေါင်းများစွာမှ ဘာသာရေး၊ လူမျိုးရေးနှင့် နိုင်ငံရေး ဖိနှိပ်ချုပ်ချယ်မှုများကြောင့် ထွက်ပြေးလာကြသူများ ဖြစ်သည်။

ယခုမလေးရှားအစိုးရနှင့် ဒုက္ခသည်များ မှတ်ပုံတင်ခြင်းကိစ္စသည် အခြားသောနိုင်ငံများနှင့် UNHCR တို့ သဘောတူထားကြသည့်အချက်ဖြစ်သော UNHCR အထောက်အထား ကိုင်ဆောင်သူ ဒုက္ခသည်များ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို သက်ဆိုင်သည့်အစိုးရနှင့် UNHCR တို့မှ လုံခြုံစွာ ထိန်းသိမ်းကာကွယ်ကြရန် ဟူသည့် သဘောတူညီချက်အတိုင်း ပူပေါင်းဆောင်ရွက်သွားကြမည် ဖြစ်သည်။

Ref : The Star

မီနီဆလွန်း မီတာတက္ကစီ စတင်ပြေးဆွဲ

နေပြည်တော်တွင် ပြေးဆွဲသွားမည့် မြန်မာမီနီဝက်ဂွန် အငှားယာဉ်တစ်စီး။
ဓာတ်ပုံ-စုလှိုင်ထွန်း


နေပြည်တော်ကောင်စီနယ်မြေတွင် နေပြည်တော်စည်ပင်သာယာရေး ကော်မတီမှ မြန်မာမီနီဆလွန်းကားများဖြင့် မီတာတက္ကစီကို နိုဝင်ဘာ လတွင် စတင် ပြေးဆွဲလျက်ရှိသည်။

ငှားရမ်းစီးနင်းမည့် သူများမှာ ငှားရမ်းခ ကျပ် ၁,၀၀၀ နှင့် တစ်ကီလို မီတာလျှင် ကျပ် ၅၀၀ နှုန်းတို့ ဖြင့် ငှားနိုင်မည်ဖြစ်သည်။

အဆိုပါ မြန်မာမီနီဆလွန်း မီတာတက္ကစီငှားရမ်းခြင်းလုပ်ငန်းကို နေပြည်တော် စည်ပင်သာယာရေးကော်မတီမှ မတည်၍ လုပ်ငန်း လုပ်ကိုင်ခွင့်ကို မက်စ်မြန်မာကုမ္ပဏီက လုပ်ကိုင်သွားမည်ဟု နေပြည်တော်စည်ပင်သာယာ ရေးကော်မတီ၊ လုံခြုံရေးနှင့်စည်းကမ်း ထိန်းသိမ်းရေးဌာနမှ ဌာနမှူး ဦးသက်နှင်းဦးက ပြောသည်။

"ခရီးသည်တွေ လုံလုံခြုံခြုံသွားလာနိုင်ဖို့ စတင်ပြေးဆွဲပေးတာပါ။ ဈေးနှုန်း ကိုလည်း နောက်ပိုင်းမှာ ထပ်လျှော့ပေးဖို့ ရှိပါတယ်။ ခုက စမ်းသပ်ဆဲပါ။ အစီးရေလည်း ထပ်တိုးသွားပါမယ်"ဟု ၎င်းအရာရှိက ပြောသည်။

မီနီဆလွန်း မီတာတက္ကစီများကို စီးရေ ၁၀ စီးဖြင့် ပြေးဆွဲလုပ်ကိုင်နေပြီး နေပြည်တော် မြို့မဈေးတွင် ဂိတ်ထားရှိလျက်ရှိသည်။

စမ်းသပ်ကာလ နောက်ပိုင်းတွင် မီနီဆလွန်း ၃၀ အထိ တိုး၍ လုပ်ကိုင်မည်ဟု သိရသည်။

"ဒီလိုပြေးဆွဲပေးတာ နေပြည်တော်ကို ညပိုင်းမှာ ရောက်လာတဲ့ခရီးသည်တွေအတွက် ပိုကောင်းတာပေါ့။ စိတ်ချလက်ချ သွားလာ နိုင်ပါပြီ"ဟု မြို့နယ် အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောသည်။

"ဒီဈေးနှုန်းနဲ့ဆို များသေးတာပေါ့။ ထပ်လျှော့ဖို့ရှိတယ်ဆိုလည်း လျှော့ပေးကြပါ။ ခရီးသည်တွေအတွက်ကလည်း လုံခြုံစိတ်ချဖို့ကော၊ ဈေးနှုန်းသက်သာဖို့လည်း လိုသေးတာပါပဲ"ဟု ခရီးသွားတစ်ဦးက ပြောသည်။

မက်စ်မြန်မာမှ နေပြည်တော် တက္ကစီ ငှားရမ်းခြင်းကို စီးရေ ၁၀ စီးခန့်ဖြင့် လုပ် ကိုင်လျက်ရှိပြီး ယခု မြန်မာမီနီဆလွန်း မီတာ တက္ကစီများဖြင့် တိုးချဲ့ပြေးဆွဲခြင်း ဖြစ်သည်။

နေပြည်တော် ကျောက်မျက် အရောင်းပွဲချိန်များတွင် ရန်ကုန်မှ တက္ကစီ စီးရေ ၁၀၀ ခန့် လာရောက်ပြေးဆွဲပေးလျက်ရှိသည်။ နေပြည်တော်တွင် ကိုယ်ပိုင်နံပါတ်နက်များဖြင့် ငှားရမ်းသုံးစွဲနိုင်သည့် ကားစီးလုံးငှားလုပ်ငန်းလုပ်ကိုင်သူ ၁၅ ဦးခန့် ရှိသည်။

"ကောင်းပါတယ်။ နေပြည်တော်မှာ က အမြဲတမ်းလုပ်ကိုင်မယ့် တက္ကစီတွေလည်း လိုနေပါသေးတယ်။ တချို့ရုံးတွေက နံပါတ်နီ တွေကို ၀င်ခွင့်မပေးတဲ့အတွက် နံပါတ်နက်တွေကလည်း လုပ်ကိုင်နေရဦးမှာပါပဲ။ နောက်တစ်ခုက အဝေးသွားနိုင်ဖို့ဆို စီးလုံး ငှားရမ်းတာတွေကသာ ပိုအဆင်ပြေမှာပါ"ဟု နေပြည်တော် ပျဉ်းမနားတွင် ကားစီးလုံး ငှားလုပ်ငန်း လုပ်ကိုင်လျက်ရှိသည့် 'လွင်' ကားငှားရမ်းရေးမှ ဦးအေးလွင်က ပြောသည်။

အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ် မွန်ပြည်သစ်ဌာနချုပ်သို့ ရောက်ရှိ

မွန်ပြည်နယ် ဝန်ကြီးချုပ်မှ ရွေးချယ်စေလွှတ်သည့် ငါးဦးပါ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ တဖွဲ့ မွန်ပြည်သစ်ပါတီ (NMSP) ဌာနချုပ်ရှိရာ မွန်ပြည်နယ် ရေးချောင်းဖျား ဒေသသို့ စနေနေ့ညတွင် ရောက်ရှိ
နေပြီး နှစ်ရက်တိုင် ညှိနှိုင်းဆွေးနွေးလျက်ရှိသည်။

ကိုယ်စားလှယ်အဖွဲ့တွင် မွန်ပြည်သစ်ပါတီခေါင်းဆောင်ဟောင်း နှစ်ဦးဖြစ်သည့် ဗဟိုအလုပ်အမှုဆောင်ဟောင်း
နိုင်တင်အောင်၊ ဗဟိုကော်မတီဝင်ဟောင်း နိုင်စိုးမြင့်တို့ အပါအဝင် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ (MNDF) ဗဟို အလုပ်အမှုဆောင် နိုင်သက်လွင်၊ ဒေါက်တာမင်းကြည်ဝင်းနှင့် မွန်ပြည်သူများအကြား သြဇာတိက္ကမရှိသည့် ကျိုက်မရောမြို့နယ် ကော့ပလိုင်ရွာ ဆရာတော်ဘဒ္ဒန္တ ကေတုမာလာတို့ ပါဝင်သည်။

“ဟိုကနေ သိသလောက် ဘုန်းကြီးတို့က ဒီမှာလာပြောပြတယ်။ သူတို့ သဘောကျ၊မကျ ဆိုတာက သူတို့ကိုယ်တိုင် ဆုံးဖြတ်ပါလိမ့်မယ်။ ဘုန်းကြီးတို့က သူတို့ကို ဖိအားလာပေးတာ မဟုတ်ဘူး၊ ငြိမ်းချမ်းအတွက် လာညှိနှိုင်းပေးတာ
လောက်ပါပဲ။” ဟု ငြိမ်းချမ်းရေး ကိုယ်စားလှယ် ဘဒ္ဒန္တကေတုမာလာက တနင်္လာနေ့နံနက်က မဇ္ဈိမကို မိန့်ကြား သည်။

ဆရာတော်၏ အဆိုအရ ဝန်ကြီးချုပ်ဦးအုန်းမြင့်၏ ကမ်းလှမ်းချက်ကို မွန်ပြည်သစ် ပါတီအနေနှင့် လက်ခံနိုင်ခြေ နည်းပြီး ဆက်လက်ညှိနှိုင်းနေရဆဲ ဖြစ်သည်။ ပါတီဌာနချုပ်ကို ဆက်သွယ်သော်လည်း ညှိနှိုင်းဆွေးနွေးဆဲ ဖြစ်သည့် အတွက် အကြောင်းအရာ အသေးစိတ်ကို မပြောနိုင်သေးကြောင်း အကြောင်းပြန်သည်။

မွန်ပြည်သစ်နှင့် ဆွေးနွေးရန်အတွက် ယခင်မွန်ပြည်သစ် ဗဟိုကော်မတီဝင်နှင့် ယခုမွန်ပြည်နယ် လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး နိုင်လဝီအောင် (ခေါ်) နိုင်မြင့်ဆွေ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တဖွဲ့ကို ဝန်ကြီးချုပ် ဦးအုန်းမြင့်က စက်တင်ဘာလတွင်ဖွဲ့စည်းပြီး နေပြည်တော်ဗဟိုအစိုးရသို့ တင်ပြခဲ့သော်လည်း ပယ်ချခံရသည်။

အောက်တိုဘာလ ၆ ရက်နေ့တွင်လည်း NMSP ဘက်မှ ဗဟိုအလုပ်အမှုဆောင် နိုင်တလညီ ဦးဆောင်သည့် ကိုယ်စားလှယ်များနှင့် အစိုးရဘက်တွင် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးဌေးမြင့်အောင် ဦးဆောင်သည့် ကိုယ်စားလှယ်များ ရေးမြို့ အခြေစိုက် ခလရ (၆၁) စစ်တပ်ဝင်းတွင် ငြိမ်းချမ်းရေးအတွက် ပဏာမ ဆွေးနွေးခဲ့သေးသည်။

လက်ရှိအခြေအနေအရ အစိုးရက မွန်ပြည်သစ်နှင့် အပစ်အခတ် ရပ်ရေးအတွက် ဆွေးနွေးလိုပြီး၊ မွန်ပြည်သစ်က အပစ်အခတ် ရပ်ရေးကိုညီညွတ်သော တိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) နှင့်သာ ဆွေးနွေး မည်ဟု မွန်ပြည်သစ်နှင့် UNFC ၏ အထွေထွေ အတွင်းရေးမှူးဖြစ်သူ နိုင်ဟံသာက မဇ္ဈိမကို အောက်တိုဘာလ တွင် ပြောကြားခဲ့သည်။

၁၉၉၅ ခု အပစ်အခတ် ရပ်ခဲ့စဉ်က မွန်ပြည်သစ်ပါတီဝင် ၇,၀၀၀ ကျော် ရှိပြီး၊ ၂၀၁၀ အပစ်အခတ်ရပ်ရေး ပျက်ပြားချိန်တွင် ပါတီဝင် ၂,ဝဝဝကျော် ကျန်ရှိကြောင်း ပါတီအသိုင်းအဝိုင်းမှ လာသောသတင်းအရ သိရသည်။

UNFC အဖွဲ့ဝင်အဖြစ် ပါဝင်သည့် ကရင်အမျိုးသား အစည်းအရုံး (KNU) ကလည်း မြန်မာအစိုးရ၏ ငြိမ်းချမ်းရေး ကမ်းလှမ်းမှုနောက်ပိုင်း နိုဝင်ဘာလ ၁ဝ ရက်နေ့တွင် ငြိမ်းချမ်းရေးဆွေးနွေးမည့် ကိုယ်စားလှယ်အဖွဲ့တဖွဲ့ကို ဖွဲ့စည်း လိုက်သည်။

အလားတူ အောက်တိုဘာလ ၂၉ ရက်နေ့တွင်လည်း UNFC အဖွဲ့ဝင်ဖြစ်သည့် ရှမ်းပြည်တပ်မတော် (မြောက်) SSPP/SSA နှင့် မြန်မာအစိုးရ ကိုယ်စားလှယ်တို့ နေပြည်တော်၌ ပဏာမအဆင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

အစိုးရမှ စစ်ရေး၊ နိုင်ငံရေးအရ ဖိအားပေးလာလျှင် စုပေါင်းခုခံကာကွယ်နိုင်ရန် UNFC ကို လွန်ခဲ့သည့် ဖေဖော်ဝါရီ
လ ၁၇ ရက်နေ့တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ၁၂ ဖွဲ့မှ အခြေခံ ခြောက်ဖွဲ့နှင့် မဟာမိတ်ခြောက်ဖွဲ့ဖြင့် ဖွဲ့စည်းခဲ့သည်။

NMSP သည် ၁၉၉၄ခုနှစ်မှစပြီး ယခင် နဝတအစိုးရနှင့် အရှေ့တောင်တိုင်း စစ်ဌာနချုပ်တွင် လေးကြိမ်တိုင်
ဆွေးနွေးခဲ့ပြီးနောက် ၁၉၉၅ ခု နှစ်လယ်ခန့်တွင် အပစ်အခတ် ရပ်ရေးသဘောတူချက် ရရှိခဲ့ကာ နယ်ခြားစောင့် တပ်နှင့် ပြည်သူ့စစ် အသွင်ပြောင်းရန် နအဖအစိုးရ၏ ဖိအားပေးမှုကို ငြင်းဆန်ရာမှ ၂ဝ၁ဝခုနှစ်၊ စက်တင်ဘာလ
၁ ရက်နေ့တွင် ၁၅ နှစ်ကျော် ရယူထားသည့် အပစ်အခတ် ရပ်စဲရေးသဘောတူချက် ပျက်ခဲ့သည်။

တရားရေးမဏ္ဍိုင် သန့်ရှင်းမှု မရှိဟု ဒေါ်အောင်ဆန်းစုကြည်ပြော

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်များ၏ အမေးကို ဖြေကြားနေစဉ် (ဓါတ်ပုံ မဇ္ဈိမ)


လက်ရှိ မြန်မာနိုင်ငံ၏ တရားစီရင်ရေး မဏ္ဍိုင်သည် လွတ်လပ်သန့်ရှင်းမှု မရှိသေးဟု ဆိုရမည် ဖြစ်ကြောင်း တနင်္လာနေ့မွန်းလွဲပိုင်းက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်။
နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်မှု တနှစ်တာကာလအတွင်း ဖြစ်စဉ်များအပေါ် ရှင်းလင်းသည့် သတင်းစာ ရှင်းလင်းပွဲ၌ တရားစီရင်ရေး မဏ္ဍိုင် လွတ်လပ်သန့်ရှင်းမှု ရှိ၊ မရှိ သတင်းထောက်တဦးက မေးမြန်းခဲ့ရာ နိုင်ငံရေး အကျဉ်းသားများ ရှိနေခြင်းကြောင့် သန့်ရှင်းသည့် တရားရေးမဏ္ဍိုင် မရှိဟု ဆိုရမည်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် အခုအများသိနေတဲ့ ကိစ္စ၊ နိုင်ငံရေးအကျဉ်းသားတွေ အကျဉ်းထောင်ထဲ
ရောက်သွားတာ လွတ်လပ်ပြီး၊ တရားမျှတပြီး၊ သန့်ရှင်းတဲ့ တရားရေးမဏ္ဍိုင် မရှိလို့ပါပဲ။” ဟု သူက ပြောသည်။
nldnewex1

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်များ၏ အမေးကို ဖြေကြားနေစဉ် (ဓါတ်ပုံ မဇ္ဈိမ)

ဥပဒေစိုးမိုးရေးအတွက် လွတ်လပ်၊ သန့်ရှင်းသည့် တရားစီရင်ရေးမဏ္ဍိုင် ရှိရေးသည် တိုင်းပြည်အတွက် အရေးကြီး
ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုပြီး တရားဥပဒေ စိုးမိုးမှုရှိသည့် နိုင်ငံများတွင် နိုင်ငံရေးအကျဉ်းသား မရှိကြောင်း၊ စီးပွားရေးအရ ရင်းနှီးမြှုတ်နှံမှုများ ဖိတ်ခေါ်လိုပါက တရားဥပဒေ စိုးမိုးရေး ရှိအောင် ဦးစွာ လုပ်ဆောင် ရမည် ဖြစ်ကြောင်း ပြောဆိုသည်။

“ကျမတို့နိုင်ငံမှာ အခုနှစ်အတွင်း အဖြစ်အပျက်တွေပေါ်မှ အခြေခံပီး အင်မတန်မှ အရေးကြီးတယ်လို့ မြင်တာက ဥပဒေ စိုးမိုးရေး ကိစ္စ။ လူ့အခွင့်အရေး ပတ်သက်လို့ပဲ ဖြစ်ဖြစ်၊ နိုင်ငံရေးအကျဉ်းသား ကိစ္စပဲ ဖြစ်ဖြစ်၊ ပြည်တွင်း ငြိမ်းချမ်းရေးကိစ္စ၊ စီးပွားရေး၊ လူမှုရေး တိုးတက်မှုနဲ့ ပတ်သက်လို့ပဲ ဖြစ်ဖြစ် ဥပဒေ စိုးမိုးရေး မရှိရင် စိတ်ချနိုင်မှာ မဟုတ်ပါဘူး။ နိုင်ငံရေးအကျဉ်းသား ဆိုတာ ဥပဒေ စိုးမိုးမှု ရှိတဲ့နိုင်ငံတွေမှာ မရှိပါဘူး။”

နိုင်ငံရေး အကျဉ်းသား အားလုံး လွတ်မြောက်အောင် ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပြီး နိုင်ငံရေး အကျဉ်းသား အားလုံး လွတ်မြောက်ရေးသည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် သာမက ဒီမိုကရေစီ လိုလားသူ အားလုံး၏ ရည်မှန်းချက် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆို၍ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က
နောက်ဆုံး ကောက်ယူထားသည့် စာရင်းများအရ နိုင်ငံရေး အကျဉ်းသား ၅၉၁ ယောက် ရှိကြောင်း ပြောဆို သွားသည်။

“တချို့စာရင်းတွေမှာ ၂၀၀၀ လောက်ရှိတယ်။ အဲ့ဒီအပြင်က ရတဲ့ စာရင်းတွေကို ကျမတို့ တတ်နိုင်သလောက် လိုက်ပီး စုံစမ်းတော့ စာရင်းတွေထဲမှာပါတဲ့ အကျဉ်းသားတချို့ဟာ လွတ်သွားတာ ကြာပြီဆိုတာ တွေ့ရပါတယ်။ ကျမတို့ အားလုံးတော့ တိတိကျကျ မစုံစမ်း နိုင်သေးပါဘူး။ ကျမတို့ ၅၉၁ ယောက်လို့ သတ်မှတ်ထားတာ
သေသေချာချာ အကျဉ်းထောင်တွေထဲမှာ ရှိသေးတယ်တဲ့ လူတွေ ဖြစ်ပါတယ်။” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။


အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ အပြီး မြင်တွေ့ရစဉ် (ဓါတ်ပုံ မဇ္ဈိမ)

သမ္မတ ဦးသိန်းစိန်သည် နိုင်ငံတိုးတက်မှုကို လိုလားသူဟု သူမအနေဖြင့် ယုံကြည်ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုပြီး ၁၉၉ဝ ရွေးကောက်ပွဲ ရလာဒ်ကို အသိအမှတ်ပြုကြောင်း အမျိုးသား လွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်၏ ပြောဆိုမှုအပေါ် အပြုသဘောဆောင်သည့် ပြောဆိုမှုဟု သူမက ဆိုသည်။

“ကျမတို့ ၁၉၉ဝ ရွေးကောက်ပွဲရဲ့ တရားဝင်မှု တရားမဝင်မှုကို ဘားမား ဂေဇက်ထဲမှာ ထည့်ပြီးသားဆိုတော့
မေးခွန်းထုတ်စရာ မရှိပါဘူး။ အခုလွှတ်တော်ဥက္ကဌက ဒီလို ၁၉၉၀ ရွေးကောက်ပွဲမှာ NLD နိုင်ခဲ့တယ်ဆိုတာ အသိအမှတ်ပြုတယ် ဆိုတာ ကောင်းပါတယ်။ ဒါ နိုင်ငံရေး လှုပ်ရှားမှုမှာ အားလုံး ပိုပြီးတော့ ပါဝင်လာအောင် ဦးတည်ပြောတယ်ဆိုတာလဲ ထင်ရှားပါတယ်။ သမိုင်းမှာ ဝင်တာပဲ ရှိပါတယ် ထားခဲ့တယ်ဆိုတာ မရှိပါဘူး။
ကျမတို့ ၁၉၉၀ ရွေးကောက်ပွဲမှာ နိုင်ခဲ့တယ်ဆိုတာ သမိုင်းဝင်ခဲ့တာပါပဲ။” ဟု သတင်းစာ ရှင်းလင်းပွဲတွင်
ပြောဆိုခဲ့သည်။

တိုင်းရင်းသား အရေးကိစ္စများနှင့် ပတ်သက်၍ ကချင်ပြည်နယ်တွင်း ဖြစ်ပေါ်နေသည့် တိုက်ပွဲများအပေါ် လွန်စွာ စိုးရိမ်မိကြောင်း၊ တိုင်းရင်းသားအရေး ပြေလည်မှု ရရှိနိုင်ရန် ရိုးသားပွင့်လင်းပြီး အမြင်ချင်း ဖလှယ်နိုင်မည့် တွေ့ဆုံ
ဆွေးနွေးမှုမျိုး လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

“ကျမတို့ နိုင်ငံမှာ အခု အားလုံးအတွက် စိတ်ပူစရာ စိတ်မအေးစရာ ဖြစ်နေတာက ပြည်တွင်း ငြိမ်းချမ်းရေး ကိစ္စပါပဲ။ အထူးသဖြင့် ကချင်ပြည်နယ်မှာ ဆိုလို့ရှိရင် တိုက်ခိုက်မှုတွေ ဖြစ်နေတာဟာ ကျမတို့ နိုင်ငံအတွက် အင်မတန်မှ စိုးရိမ်ဖွယ်ရာ ဝမ်းနည်းစရာ ကိစ္စ ဖြစ်ပါတယ်။” ဟု သူက ပြောသည်။

တနှစ်တာအတွင်း တိုးတက်မှုများ ရှိသော်လည်း လုံလောက်ပြီ၊ ကျေနပ်ပြီဟု မဆိုနိုင်ကြောင်းနှင့် တိုးတက်မှု ရှိမရှိဆိုသည်ကို ကဏ္ဍအလိုက် ခွဲခြား ကြည့်ရှုရန်လိုကြောင်း ပြောဆိုပြီး သတင်းမီဒီယာလောက ဖွံဖြိုးလာမှုနှင့် သတင်းထောက် အရေအတွက် များပြားလာမှုအပေါ် ဥပမာ ပေးသွားသေးသည်။

“တိုးတက်မှုတွေအကြောင်းပြောရင် အားလုံးခြုံပြောမယ့် အစား တခုချင်း တခုချင်း ကြည့်စေချင်တယ်။ ဥပမာ- တချို့က ပြောကြတယ် ဖန်ခွက်က တဝက်လိုနေလား၊ တဝက်တောင် ရှိတယ်ပြောမလား၊ တဝက်ပဲ ရှိတယ်
ပြောမလားပေါ့။ ကျမတို့က တဝက်ရှိတာတွေ တဝက်မရှိတာတွေထက် တိတိကျကျ ဘာရှိတယ် ဘာမရှိဘူးပဲ ကြည့်စေချင်ပါတယ်။”

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် အင်္ဂလိပ်၊ မြန်မာနှစ်ဘာသာဖြင့် ပြောကြားသွားခဲ့သော သတင်းစာ ရှင်းလင်းပွဲသို့ ပြည်တွင်း၊ ပြည်ပသတင်းဌာနများအပြင် နိုင်ငံခြား သတင်းဌာနများမှ နိုင်ငံခြားသား သတင်းထောက်များ ၁၀၀ ကျော် လာရောက် သတင်းယူခဲ့သည်။

ထိုစဉ်တွင် ရန်ကုန်မြို့ ဆိပ်ကမ်းသာမြို့နယ်တွင် တက်ကြွလှုပ်ရှားသူ လူငယ် Togetherness Education Network က “ ဒေါ်အောင်ဆန်းစုကြည်နှင့် သူ၏ နိုင်ငံရေး” ဆိုသော စကားဝိုင်းတခု ပြုလုပ်ခဲ့ကြောင်း အဖွဲ့ဝင် တဦးဖြစ်သူ ကိုတာတာက ပြောသည်။

အသက် ၁၇ နှစ်နှင့် ၂၃ နှစ်ရှိ တက္ကသိုလ် ကျောင်းသား/ ကျောင်းသူများ အပါအဝင် လူငယ် ၃၀ ကျော် တက်
ရောက်ခဲ့ပြီး ဆွေးနွေးမှုတွင် အန်အယ်ဒီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်သင့်၊ မတင်သင့်နှင့် ရွေးကောက်ပွဲ ဝင်ရေး၊ မဝင်ရေးတို့လည်း ပါဝင်ခဲ့သည်။

အပြောင်းအလဲ တခုဖြစ်စေနိုင်သော အန်အယ်ဒီ မှတ်ပုံတင်သင့်၊ မတင်သင့်နှင့် ပတ်သက်ပြီး နိုဝင်ဘာ ၁၈ ရက်
နေ့တွင် ပါတီဌာနချုပ်တွင် ဗဟိုအစည်းအဝေးခေါ်ကာ ဆုံးဖြတ်မှာ ဖြစ်သည်။

မင်းပြားမီး တဈေးလုံးပြာကျ

ရခိုင်ပြည်နယ် မင်းပြားမြို့၏ အကြီးဆုံးဈေးဖြစ်သော မြို့မ စည်ပင်သာယာဈေးမှာ
နိုဝင်လာ ၁၂ ရက်နေ့ညက မီးလောင်ကျွမ်းခဲ့ရာ ဆိုင်ခန်း ၇ဝဝ နီးပါး မီးလောင်ဆုံးရှုံးသွားခဲ့သည်ဟု မင်းပြား မြို့နယ် ရဲတပ်ဖွဲ့က ပြောသည်။
နိုဝင်ဘာ ၁၂ရက်နေ့ ည ခုနှစ်နာရီခွဲခန့်တွင် မင်းပြားမြို့ အလယ်ပိုင်းရပ်ကွက်၊ ကမ်းနားလမ်းတွင်ရှိသော မြို့မဈေး အတွင်းရှိ စားအုန်းဆီ သိုလှောင်ထားသည့် ဆိုင်တခုမှ ကျန်ရှိသည့် မီးကြွင်းမီးကျန်မှတဆင့် တဈေးလုံး ကူးစက်
လောင်ကျွမ်းသွားခဲ့ခြင်း ဖြစ်သည်။ ဈေးဆိုင်ခန်း ၅၆၇ ခန်းနှင့် ပျံကျဈေးဆိုင်ခန်း တရာကျော်ခန့် မီးသင့်ခဲ့သည်ဟု ဆိုသည်။

“မီးသွေးမီးဖိုမှာ ကျန်တဲ့မီးကို မလောင်လောက်ဘူးထင်ပြီး သူတို့က အသာလေးထားပစ်ခဲ့တာ။ ဆီက အဲဒီပေါ် စိမ့်ကျပြီး မီးဟပ်တာကနေ လူတွေသိတော့ အရှိန်က ရနေပြီ၊ ဘယ်လိုမှ ငြှိမ်းလို့ မရတော့ဘူး။”ဟု မြို့နယ် ရဲတပ်ဖွဲ့မှ တာဝန်ကျ အရာရှိတဦးကပြောသည်။

ဆုံးရှုံးမှု တန်ဘိုး ကျပ်သိန်း ၈,၅၀၀ ကျော်ဟု အစိုးရအာဏာပိုင်များက ဆိုသော်လည်း ဈေးသူဈေးသားများကမူ သိန်းပေါင်း နှစ်သောင်းခန့် ပျက်စီးဆုံးရှုံးသွားခဲ့သည်ဟု ဆိုသည်။

“ဈေးတခုလုံးက မြေကြီးပေါ်မှာ ပြာပုံပဲကျန်ခဲ့တော့တယ်။ ဆိုင်ခန်းထဲက သိမ်းထားတဲ့ ပစ္စည်းတွေ အကုန်လောင် တယ်၊ ဘာတခုမှ သုံးလို့မရတော့ဘူး။” ဟု အထည်အလိပ်ဆိုင်ပိုင်ရှင် တဦးကပြောသည်။

လူသုံးကုန်၊ အလှကုန်၊ စားသောက်ကုန်၊ အထည်အလိပ်၊ အိမ်ဆောက်ပစ္စည်း၊ ဆေးဝါး၊ စသည့် ဆိုင်ခန်းများ အားလုံး ပစ္စည်း သယ်ယူနိုင်ခဲ့ခြင်းမရှိဟု ဆိုသည်။

မင်းပြားမြို့မီးသတ်ကား တစီးနှင့် မြောက်ဦးမြို့မှ မီးသတ်ကား နှစ်စီးတို့ဖြင့် ငြှိမ်းသတ်ခဲ့ပြီး ည ၁၀ နာရီ ၁၅ မိနစ်တွင် မီးညွန့်ကျိုးသွားခဲ့သည်။ မီသတ်ကားများ အချိန်မီ ရောက်မလာနိုင်သဖြင့် ဆုံးရှုံးမှု ပိုများခဲ့ရကြောင်း မြို့ခံများက ဝေဖန်ကြသည်။

“မီးသတ်ကားတွေက အစုတ်တွေချည်းပဲ တစီးဆိုရင် နှိုးလို့ကို မရဘူး။ တခြားကလာတဲ့ ကားတွေကလည်း လမ်းမကောင်းတော့ အချိန်မှီ မရောက်တော့ လောင်နေတာ ထိုင်ကြည့်နေရတယ်။” ဟု မင်းပြားမြို့ခံ တဦးက
ပြောသည်။

ရခိုင်ပြည်နယ် ဝန်ကြီးချုပ်က နိုဝင်ဘာလ ၁၃ ရက်နေ့က မီးသင့်ခဲ့သည့် ဈေးကြီးအား လာရောက်ကြည့်ရှု့သွားခဲ့ ပြီးနောက် ဈေးစည်ပင်က ဈေးအနီး မြေကွက်လပ်တွင် ယာယီဈေး ဆောက်လုပ်ပေးရန် စီစဉ်နေကြောင်းလည်း မြို့နယ် ရဲစခန်းက ပြောသည်။

မြစ်ကြီးနား မိဘမဲ့ကလေးများနေအိမ် ဗုံးကွဲ၍ ၁၀ ဦးသေဆုံး

မြစ်ကြီးနားမြို့တွင် ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် မီးလောင်နေသော နေအိမ်(ဓာတ်ပုံ-YPI facebook)


ကချင်ပြည်နယ် မြစ်ကြီးနားမြို့သီတာရပ်ကွက်ရှိ မိဘမဲ့ကလေးများ နေထိုင်သည့် နေအိမ် တအိမ်တွင် ယမန်နေ့ ည ၈နာရီခွဲ ခန့်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ကလေးငယ် ၁၀ဦး သေဆုံး၍ တချို့ဒဏ်ရာရရှိသွားကြောင်း ဒေသခံများကပြောသည်။“မိဘမဲ့ ကလေးတွေနဲ့ တည်ထောင်ထားတဲ့ ဘင်ခရာတီးဝိုင်း ပေါ့နော်၊ အဲဒီက ကလေး ၁၀ ယောက် သေသွားတယ်”ဟု မြစ်ကြီးနားမြို့မှ အမျိုးသမီးတဦးက ဧရာဝတီသို့ ပြောသည်။

ဗုံးပေါက်ကွဲမှု ထပ်မံဖြစ်ပွားမည်ကို ဒေသခံများက စိုးရိမ်နေကြောင်းလည်း ၎င်းက ပြောဆိုသည်။

ဒဏ်ရာရရှိသူတချို့ မြစ်ကြီးနားမြို့ ပြည်သူ့ ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေကြောင်း သိရသည်။ ဆေးရုံဝန်ထမ်း အမျိုး သမီးတဦး ပြောပြချက်အရ ဗုံးဒဏ်ရာကြောင့် ရောက်ရှိလာသည့် လူနာအများစုမှာ ကျောင်းနေအရွယ် ကလေးများ ဖြစ် ကြောင်း၊ ခန့်မှန်းခြေ ဦးရေ ၂၀ ခန့် ရှိကြောင်း ၎င်းက ပြောသည်။

ထိုပေါက်ကွဲမှုနှင့် ပတ်သက်၍ မြစ်ကြီးနား ရဲစခန်းသို့ ဧရာဝတီက ဆက်သွယ်မေးမြန်းသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိ ပေ။

ကချင်ပြည် လွတ်မြောက်ရေး အဖွဲ့ (KIO) ဒုတိယ ဥက္ကဋ္ဌ ဟောင်း ဒေါက်တာတူးဂျာကမူ အပစ်အခတ်ရပ်စဲရေး မလုပ်သည့် အတွက် ယခုကဲ့သို့ ပေါက်ကွဲမှုများ ဖြစ်ပေါ်လာရခြင်း ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။

“ဘယ်သူက လုပ်လိုက်တယ်ဆိုတာတော့ ဘယ်သူ ကမှ အတိအကျမသိဘူး၊ ကျနော် ပြောချင်တာက စစ်ဖြစ်နေတဲ့ အတွက် ကြောင့် ဒီလိုမျိုးဖြစ်ရတာပါလို့၊ ကျနော် ပြောချင်တာ အဲဒါပဲ”ဟု ၎င်းက ဆိုသည်။

ဒေါက်တာ တူးဂျာသည် ၂၀၁၀ ရွေကောက်ပွဲတွင် ကချင်ပြည်နယ် တိုးတက်ရေး ပါတီ (KSPP) အနေဖြင့် ၀င်ရောက် ယှဉ်ပြိုင် ရန် အစိုးရထံ မှတ်ပုံတင်ခွင့် လျှောက်ထားခဲ့သူလည်း ဖြစ်သည်။

KSPP သည် ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ရန် ပြီးခဲ့သည့်နှစ် ဧပြီလ ၅ ရက်နေ့ကတည်းက ရွေးကောက်ပွဲ ကော်မရှင် ထံ ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားခဲ့သော်လည်း ယခု အချိန်အထိ အစိုးရအာဏာပိုင်များက ခွင့်ပြုချက် မချပေးသေးချေ။

အဆိုပါ ပေါက်ကွဲမှုနှင့် ပတ်သက်ပြီး မည်သည့် အဖွဲ့အစည်းကမှ ၎င်းတို့၏ လက်ချက်ဖြစ်ကြောင်း ကြေညာခြင်း မရှိသေးပေ။ ထိုဒေသတွင် အစိုးရတပ်ဖွဲ့နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA)တို့ လှုပ်ရှားနေကြသည်။

ဤအတောအတွင်း ကချင်ပြည်နယ် မိုးကောင်းမြို့နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းမြို့တို့တွင်လည်း ဗုံပေါက်ကွဲမှုများ ဖြစ်ပွားကြောင်း သိရသည်။

Sunday, November 13, 2011

အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ မိန်းမပီသတာ စိုးရိမ်စရာမရှိပါ

ကျွန်မမှာလဲ ရာသီမမှန်တဲ့ ပြဿနာ ရှိပါတယ်။ ရာသီစလာတဲ့ အရွယ် ကတည်းက ခုထိမမှန်တာပါ။ အခုအသက်က ၂ဝ ပါ။ အရင်တုန်းက အတော်လေး ပိန်ပါတယ်။ ခုနောက်ပိုင်းတော့ ဝချင်လို့ အစားတွေစား လေ့ကျင့်ခန်းတွေလုပ်နဲ့ ဝလာတယ်။ သွေးအားကတော့ နည်းပါတယ်။ ပုံမှန် ၉ဝ-၆ဝ ပဲရှိပါတယ်။ Folic acid ပါတဲ့ Vifron အားဆေးလဲ သောက်ပါတယ်။
ရာသီ မမှန်တာကတော့ တစ်ခါတလေ ၃ လလောက်အထိကြာ တတ်ပါတယ်။ ရန်ကုန်မှာလဲ အာရှတော်ဝင်မှာ တစ်ခါ သွားပြပါတယ်။ OG က ဓါတ်မှန်တွေ ရိုက်ခိုင်းပါတယ်။ သွေးလဲစစ်ရပါတယ်။ ဒါပေမဲ့ စစ်ဆေးတာ ဆွေးနွေးတာ အချိန် နည်းနည်းပဲ ပေးပါတယ်။ Polycystic Ovarian Syndrome အဲဒါနဲ့ပါတ်သက်တာ စစ်ရဲ့လားလဲ မသိပါဘူး။ ကျားဟော်မုန်းနဲ့ ပါတ်သက်တာလဲ စစ်ရဲ့လား မသိဘူး။ အဲဒါနဲ့ နောက်တခါ ဆေးခန်း မပြဖြစ်တော့ပါဘူး။ ကြားဖူးတာက လည်ပင်းက သိုင်းရွိုက်အကြိတ် ကြောင့်လဲ ဖြစ်တတ်တယ်ဆို ဟုတ်လားဆရာ။ သိုင်းရွိုက်အကြိတ်နဲ့ မိန်းကလေး ရာသီလာတာ ဆက်စပ်မှု ရှိရင်လဲ ပိုစ့်တစ်ခု တင်ပေးရင် ဝမ်းသာမှာပါဆရာ။

Polycystic ovary syndrome (PCOS) ဆိုတာ အပျိုပေါက်ကနေ သွေးဆုံးအရွယ်အထိ အမျိုးသမီးများမှာ ၅-၁ဝ% ရှိနိုင်တယ်။ ကလေးမရနိုင်ခြင်းရဲ့ အကြောင်းရင်းတွေထဲမှာ ထိပ်ကဖြစ်တတ်။ အဝလွန်သူ၊ မျိုးဥမထွက်သူ၊ ရာသီ နည်းသူ- မမှန်သူ-မလာသူ။ နောက်ပြီး၊ ယောက်ျားနဲ့ ဆင်တူတဲ့ လက္ခဏာတွေဖြစ်တဲ့ ဝက်ခြံပေါက်၊ မျက်နှာ အဆီပြန်ဆိုတာတွေက Androgen ကျားဟော်မုန်း သတ္တိကဲတဲ့ သင်္ကေတတွေရှိသူ။

မကြာမကြာတွေ့ရတတ်တဲ့ မျိုးဥအိမ်အလုံးခေါ်တဲ့ Ovarian cyst ဖြစ်တိုင်းလည်း PCOS မဟုတ်သလို PCOS ရှိတိုင်းလဲ မျိုးဥအိမ်ကြီးနေတာ ဖြစ်ချင်မှဖြစ်ပါတယ်။

ဒါ့ကြောင့် ရာသီနည်းတိုင်း၊ မမှန်တိုင်း၊ အဝမလွန်-အလွန် မပိန်ရင်၊ ဒီရောဂါမျိုး မစိုးရိမ်ပါနဲ့။ ကလေးဖွါးဘူးရင်လဲ ဖြစ်ဘို့ နည်းတယ်။ မိန်းမပီသသူတွေ စိုးရိမ်စရာမလိုပါ။ မ-လိုလို၊ ကျား-လိုလိုဆိုရင် လိုတယ်။ စိတ်က “ယောက်ျားမိန်း” ဖြစ်နေတာထက် ရုပ်က ဖြစ်နေရင် စစ်ဘို့လိုတယ်။ ဝက်ခြံထူ၊ အမွှေးကြမ်း၊ နှုတ်ခမ်းမွှေးရေးရေး ဆိုတာမျိုး ပြောတာပါ။

Amenorrhea ရာသီမလာခြင်းရဲ့အကြောင်းရင်းဟာ (၁) Hypothalamic-pituitary-ovarian axis ဖိုခနောက်ဆိုင် အကြောင်းသုံးပါး၊ (၂) မွေးလမ်းကြောင်းခန္ဓာဗေဒ ပုံမှန်မဟုတ်လို့နဲ့ (၃) ဇီဝအလုပ် မမှန်တာတွေကြောင့် ဖြစ်ရပါတယ်။

Hypothalamic အကြောင်းရင်းဆိုတဲ့ထဲမှာ ဦးနှောက်ကင်ဆာလဲ ပါတယ်။ Pituitary causes ဆိုတာကတော့ နို့ထွက်စေတဲ့ ဟော်မုန်း Prolaction သိပ်များနေရင်၊ ဒါမှမဟုတ် Pituitary ကင်ဆာ၊ အမှန်က ဦးနှောက်ကင်ဆာပါဘဲ။ သူ့ကို ဓါတ်ကင်မိလို့ကြောင့်လဲ ဖြစ်ပါတယ်။ Ovarian မျိုးဥအိမ် အကြောင်းခံထဲမှာ Hyperandrogenemia ခေါ်တဲ့ ကျားဟော်မုန်းတွေ သိပ်များနေရင်၊ ဓါတ်ကင်ရရင်၊ ကင်ဆာဆေး သောက်ရရင် ဖြစ်တယ်။

အမျိုးသမီး မွေးလမ်းကြောင်းမှာ ပြဿနာတခုခု ရှိတာရဲ့ ဥပမာကတော့ သားအိမ်အတွင်းမယ် တွယ်ကပ်မှုတွေ ဖြစ်နေတာ၊ Imperforate hyman အပျိုမြှေး လုံးဝပိတ်နေတာနဲ့ Vaginal septum မွေးလမ်းကြောင်းမှာ အကန့် ပါနေတာတွေ ပါတယ်။

အပျိုမြှေး လုံးဝပိတ်နေတာမျိုးက မိန်ကလေးတယောက် အရွယ်ရောက်ချိန် လွန်တာတောင် ရာသီပန်း မပွင့်သေးတာမျိုး။ အသက် ၁၄-၁၅ နှစ်အထိ ရာသီမလာရင် ဆရာဝန်ပြပါ။ မသိဘဲ ကြာသွားလို့ ဗိုက်ကလေးက ဖေါင်းဖေါင်းလာ၊ မအေက ရာသီအကြောင်းမေး၊ မလာသေးဘူးပြောတော့ တမျိုးထင်။ ကံဆိုးရင် အရိုက်ခံရ။ နှိပ်စက်ပြီး ပုလိပ်စစ်စစ်ခံရမယ်။ နောက်ဆုံးမှ ကျန်းမာရေး အသိရှိသူတွေ စောင်မလို့ ဆရာဝန်လာပြတယ်။ အပျိုမြှေးမှာ ထုံဆေးလေးထိုး၊ ခွဲစိတ်ဒါးနဲ့ ဒေါင်လိုက်တချက် ကန့်လန့်တချက် ခွဲပေးလိုက်တာနဲ့၊ လားလာ့း့ အမဲ-အညို၊ နောက် နီညိုညို-အနီ ရာသီသွေး ဟောင်းတွေ ဒလဟော ဆင်းလာတာ၊ ဒီလိုဝေဒနာမျိုး နှစ်ခါမက လုပ်ပေးရဘူးတယ်။

မွေးလမ်းကြောင်းမှာ မွေးရာပါ အကန့်ရှိနေတာကို ခပ်ရှားရှား တွေ့ဘူးတယ်။ ပါမောက္ခ-မမတွေက ဆေးကျောင်းသားများကို သင်ကြားဘို့ ရှားတာမှန်သမျှ စုထားကြရတယ် မဟုတ်လား။ “အာစရိရ-ကျေးဇူး”၊ “ဂီလာန-ကျေးဇူး” အထူး မမေ့ပါ။

တခြား အကြောင်းရင်းတွေလဲ ရှိသေးတယ်။ “မီးယပ်ပိန် မီးယပ်ခြောက်”လို့ အခေါ်ခံရသူမျိုး။ မော်ဒယ် (ငါးဖေါင်ရိုးခြောက်) သင်တန်းသူများ။ နာတာရှည်ရောဂါသည်၊ စိတ်ဖိစီးမှုခံစားနေရသူ၊ မူးယစ်ဆေးစွဲသူ၊ လေ့ကျင့်ခန်းလုပ်တာ များလွန်းသူ၊ ပဋိသန္ဓေတားဆေးနဲ့ အဆင်မပြေသူ ဆိုတာတွေ ဖြစ်တယ်။ အာဟာရချို့တဲ့သူတွေလဲ ပါတယ်။ (အီသီယိုးပီးယာ) နဲ့ မြန်မာဟာ အကြောင်းခံမှာ တမျိုးစီပေမဲ့ အကျိုးပေးတူကြတယ်။ ဂုဏ်မယူစရာပေါ့ဗျာ။

(သိုင်းရွိုက်) ရောဂါ
ရာသီမမှန်တာနဲ့ လည်ပင်းကြီးရောဂါ သိပ်တော့ မဆိုင်ပါလို့ ပြောနိုင်ပါတယ်။ ဒါပေမဲ့ လည်ပင်းကြီး ဟော်မုန်းဓါတ် လွန်ကဲနေသူမျိုးမှာ ပြဿနာ ရှိပါတယ်။ လည်ပင်းက မြင်သာအောင် ကြီးချင်မှ ကြီးနေလိမ့်မယ်။ ရင်တုံမယ်၊ နှလုံးခုန် မြန်မယ်။ အိမ်ထောင်သည်ဆိုရင် သူ့ခင်ပွန်းကအရင် ဇနီးသည် မူပြောင်းလာတာကို သတိကောင်းကောင်း ထားမိလာမယ်။ စိတ်တို-စိတ်ဆိုးတာ များပြီး၊ ဘာလုပ်လုပ် ဟောဟောဒိုင်းဒိုင်း။ တက်ကြွသလား မမေးနဲ့၊ သူကချည်း ရှေ့က။ “ကွိုင်”မှာက ညအိပ်ရင် သူကသာ ပန်ကာ-ပြူတင်း ဖွင့်အိပ်ချင်လိမ့်မယ်။ ပို အိုက်တတ်တာကိုး။

ဒီလိုဖြစ်လာရင် ဆရာဝန်ပြပါ။ Thyroid essay စစ်ဆေးလိမ့်မယ်။ များနေရင် ဆေးပေးမယ်။ အရင်က စားဆေးသာရှိပေမဲ့ ခုခေတ်မှာ အဏုမြူဆေးကြွေးတာ ထိရောက်ပါတယ်။ မပျောက်ခင် ရာသီရော ကိုယ်ဝန်ကိစ္စတွေပါ မမှန်တာဖြစ်စေတယ်။ တလောက မိတ်ဆွေတဦးရဲ့ ဇနီးကို မြင်တာနဲ့ သံသယရှိလို့ ဆေးစစ်ခိုင်းရတယ်။ ဒိအရင် ကိုယ်ဝန်က ဗိုက်ထဲမှာတင် ကလေးအသေ Intra-uterine death (IUD) ဖြစ်လို့ ကုပေးရသေးတယ်။ အခု အဏုမြူဆေးပါတ်လည်လို့ အကောင်းပကတိ ဖြစ်နေပြီ။ အသိစောလို့သာပေါ့။ မျက်လုံးပါ လက္ခဏာပြနေပြီ။ လည်ပင်းကြီးဟော်မုန်းများရောဂါဟာ ကြာရင် မျက်လုံးပြူးလာတယ်။

မှန်ကြည့်ရင် ကိုယ့်မျက်လုံးကိုယ် သတိထားကြည့်ပါ။ “သမင်မ မျက်လုံး” ထက် ထူးပြီး၊ “ဇီးကွက် မျက်ပြူး” ဖြစ်နေသလား။

Dr. တင့်ဆွေ

ရုပ်ရှင်လုပ်ငန်း လိုင်စင်ရှိသူများ၏ ထက်ဝက်ကျော်ခန့်သာ ရိုက်ကူးထုတ်လုပ်မှု ရှိပြီး လိုင်စင်သက်တမ်း မတိုးသည့်အတွက် အမည်ပျက်စာရင်း သွင်းခံရခြင်းများလည်းရှ

မြန်မာ့ရုပ်ရှင်လုပ်ငန်းတွင် ရုပ်ရှင်လုပ်ငန်းလိုင်စင် လျှောက်ထားသူများ၏ ထက်ဝက်ခန့်သာ ရိုက်ကူး ထုတ်လုပ်မှုရှိပြီး လိုင်စင်သက်တမ်း မတိုးသည့်အတွက် အမည်ပျက်စာရင်း သွင်းခံရခြင်းများလည်း ရှိနေကြောင်း သိရှိရပါသည်။

၂၀၁၁ ခုနှစ်၊ စက်တင်ဘာလအထိ ရုပ်ရှင်ဇာတ်ကား ထုတ်လုပ်ခြင်းလိုင်စင် လျှောက်ထား ကိုင်ဆောင်သည့် ထုတ်လုပ်ရေး ၆၅ ခုရှိကြောင်း မြန်မာ့ရုပ်ရှင်လုပ်ငန်းမှ သိရှိရသည်။

“ထုတ်လုပ်ရေးအများစုက ရုပ်ရှင်နှင့် ဗီဒီယိုထုတ်လုပ်ရေး လုပ်ငန်း လိုင်စင်နှစ်ခုနဲ့ အလုပ်လုပ်ကြတာပါ။ ဒါပေမယ့်အများစုက ဗီဒီယိုရိုက်ကူး ထုတ်လုပ်တာကိုအားပြုပြီး လုပ်ကြ တယ်။ ကိုယ့်တိုက်က ရုပ်ရှင်ရိုက်မယ်ဆိုရင် အဆင်သင့်ဖြစ်အောင် ဆိုပြီးတော့ ရုပ်ရှင်ထုတ်လုပ်ခွင့်လိုင်စင် လျှောက်ကြတာပါ။ ဒီနေ့ခေတ်မှာ ရုပ်ရှင်ဇာတ်ကားတစ်ကားရဲ့ ကုန်ကျ စရိတ်ကများတော့ ရုပ်ရှင်ကိုဆက် တိုက်လုပ်တဲ့သူနည်းတယ်”ဟု ရုပ်ရှင်နှင့် ဗီဒီယိုထုတ်လုပ်ရေး လုပ်ငန်းရှင်တစ်ဦးက ဆိုပါသည်။

ရုပ်ရှင်လုပ်ငန်းလိုင်စင်တွင် ရုပ်ရှင်ဇာတ်ကား ထုတ်လုပ်လိုင်စင်၊ ရုပ်ရှင်ဇာတ်ကား ဖြန့်ချိခြင်းလိုင်စင်၊ ရုပ် ရှင်ဇာတ်ကား ပြည်ပမှတင်သွင်းခြင်း လိုင်စင်နှင့် ရုပ်ရှင်ဇာတ်ကားရိုက်ကူးခြင်းလိုင်စင်ဟူ၍ လေးမျိုးရှိသည်။

“ရုပ်ရှင်လုပ်ငန်းလိုင်စင်က တစ်နှစ်သက်တမ်းပါ။ တစ်နှစ်ပြည့်ခါနီးရင် သက်တမ်းတိုးရတယ်။ ရက်ပြည့်သွားတဲ့အထိ သက်တမ်းလာ မတိုးသေးရင် ထုတ်လုပ်ရေးကို သုံးကြိမ်သတိပေး နှိုးဆော်စာပို့တယ်။ သတိပေးစာ သုံးကြိမ်ပို့ပြီးတဲ့အထိ ရောက်မလာရင် ၃ လစောင့်ပေးတယ်။ အဲဒီ ၃ လအတွင်းမှ ပြန်လာမအပ်ရင်တော့ နာမည်ပျက်စာရင်း သွင်းတယ်။ နာမည်ပျက်စာရင်း သွင်းခံရတဲ့ ထုတ်လုပ်ရေးတွေလည်း ရှိတယ်”ဟု မြန်မာ့ရုပ်ရှင်လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြခဲ့သည်။

ထို့ပြင် ရုပ်ရှင်လုပ်ငန်းလိုင်စင် ကိုင်ဆောင်ထားသူများ အနေဖြင့် လုပ်ငန်းကို ဆက်လက်လုပ်ကိုင်လိုခြင်း မရှိတော့ပါက လိုင်စင်သက်တမ်း ရှိနေစဉ်တွင် မြန်မာ့ရုပ်ရှင်လုပ်ငန်း သို့ လိုင်စင်ပြန်လည် အပ်နှံနိုင်သည်။