စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Tuesday, December 18, 2012

တရားသူကြီးချုပ်များနှင့် သက်ဆိုင်ရာ တရားသူကြီးများပါ ပြည်သူ့ ရှေ့မှောက်တွင် ကတိသစ္စာပြုရန် အပါအ၀င် ပြည်ထောင်စု တရားစီရင်ရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို ထုတ်ပြန်ကြေညာ

တရားသူကြီးချုပ်များနှင့် သက်ဆိုင်ရာ တရားသူကြီးများပါ ပြည်သူ့ရှေ့မှောက်တွင် ကတိသစ္စာပြုရန် အပါအ၀င် ပြည်ထောင်စု တရားစီရင်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို လာမည့်လွှတ်တော်တွင် ဆွေးနွေးသွားနိုင်ရန် ပြည်သူ့လွှတ်တော်က ဒီဇင်ဘာလ ၇ ရက်နေ့က ထုတ်ပြန်ခဲ့သော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းတွင် ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။

 နိုဝင်ဘာလ ၂၃ ရက်နေ့က ပြုလုပ်ခဲ့သော ပထမအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေးတွင် သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ယင်းဥပဒေကြမ်းကို တင်သွင်းခဲ့ခြင်းဖြစ်သည်။ အဆိုပါဥပဒေကြမ်းတွင် စာချွန်တော် လျောက်ထားမှုဆိုင်ရာကိစ္စ၊ တရားခွင်တွင် တရားသူကြီးများ ပြည်သူ့ရှေ့မှောက်၌ ကျမ်းကျိန်ဆိုရမည့် ပုဒ်မ ထည့်သွင်းပြဋ္ဌာန်းရန်၊ အကျဉ်းထောင် အချုပ်ခန်းများသို့ တရားသူကြီးများ စစ်ဆေးရန်ကိစ္စတို့ကို ထည့်သွင်းပြင်ဆင်ရန် အချက်များ တင်ပြခဲ့ခြင်းဖြစ်သည်။

 ပြည်သူများ ယုံကြည်မှုကင်းမဲ့နေသည့် မြန်မာနိုင်ငံ၏ တရားစီရင်ရေးစနစ်ကို ပြုပြင်လိုသည့် ရည်ရွယ်ချက်ဖြင့် ယင်းပြင်ဆင်ချက်အဆိုကို သွင်းခဲ့ခြင်းဖြစ်ကြောင်း ဦးသိန်းညွန့်က ပြောကြားခဲ့ပါသည်။ ဦးသိန်းညွန့်က ကျမ်းသစ္စာ ဆိုရမည့် ပုဒ်မ (၆၁) တွင် ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် တရားသူကြီးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရားသူကြီးများ၊ ခရိုင်တရား သူကြီးများ၊ မြို့နယ်တရားရုံးမှ တရားသူကြီးများ၊ ဥပဒေအရ တည်ထောင်ထားသော အခြားရုံးမှ တရားသူကြီးများသည် တရားခွင်တက်တိုင်း ပြည်သူ့ရှေ့မှောက်၌ ကျမ်းကျိန်ဆိုရမည့် အပိုဒ်ကို ထည့်သွင်းပြဋ္ဌာန်းရန် တင်သွင်းခဲ့သည်။

'' ပုဒ်မ (၆၁) ကို ဘာဖြစ်လို့ ပြင်လဲဆိုတော့ အခု တရားရုံးတွေမှာ တရားလိုတွေ၊ တရားခံတွေ၊ သက်သေတွေက ကတိသစ္စာပြုရတယ်။ တရားသူကြီးတွေက ကတိသစ္စာ မပြုရဘူး။ ဒါကြောင့် သူတို့ ကျမ်းစူးမှာ မကြောက်ရတဲ့အတွက် တရားခွင်မှာ လာဘ်ပေးလာဘ်ယူ လုပ်ဖို့ တော်တော်များများက ၀န်မလေးဘူး။ အဲဒါကြောင့် ဒါတွေကို ပြင်ဆင်ဖို့လိုတယ်။ အရင်ဆုံး ကတိသစ္စာ ပြုခိုင်းသင့်တယ်။ ဒါ အနုနည်းနဲ့ ထိန်းကျောင်းတာပဲ'' ဟု ၎င်းက ပြောကြားခဲ့သည်။ ထို့ပြင် ဦးသိန်းညွန့်က ပြည်ထောင်စုတရားစီရင်ရေး ပုဒ်မ ၆၇ နှင့် ၆၈ ပါ ပြည်ထောင်စုတစ်ဝန်းလုံးရှိ အကျဉ်းစခန်းများ၊ ရဲဘက်စခန်းများ၊ ရဲတပ်ဖွဲ့ အချုပ်စခန်းများအား စစ်ဆေးကြည့်ရှုရန်နှင့် ပတ်သက်၍ တိတိကျကျ ဆောင်ရွက်မှုရှိစေရန်အတွက် ပြင်ဆင်ချက် ပုဒ်မ ၆၇ တွင် အနည်းဆုံးတစ်နှစ်လျင် တစ်ကြိမ် စစ်ဆေးကြည့်ရှုရမည်ဟူ၍ လည်းကောင်း၊ ပုဒ်မ ၆၈ တွင် အနည်းဆုံး ခြောက်လလျင် တစ်ကြိမ် စစ်ဆေးကြည့်ရှုရမည် ဟူ၍လည်းကောင်း ဥပဒေကြမ်းတွင် ပြင်ဆင်ချက် ထည့်သွင်းခဲ့သည်။

ယင်းပြင်ဆင်ချက်နှင့် ပတ်သက်၍ ဦးသိန်းညွန့်က'' ပုဒ်မ (၆၇) (၆၈) မှာ အကျဉ်းစခန်းတွေ၊ အချုပ်စခန်းတွေ၊ ရဲဘက်စခန်းတွေကို စစ်ဆေးကြည့်ရှုနိုင်သည်လို့ ပြဋ္ဌာန်းထားတယ်။ ဒီအရ ဆိုရင်နိုင်သည်ဟု အသုံးအနှုန်း ဟာ မလုပ်မနေရတဲ့ သဘောမဟုတ်ပါဘူး။ လုပ်ချင်မှ လုပ်ရမဲ့သဘော သက်ရောက်နေပါတယ်။ အခု ဘယ်နှစ်ကြိမ် သွားစစ်ပြီးပြီလဲလို့ လွှတ်တော်မှာ မေးလိုက်တော့ တစ်ကြိမ်မှာ မစစ်ရသေးဘူး။ အချုပ်သားတွေ၊ အကျဉ်းသားတွေဆိုတာလည်း နိုင်ငံသားတွေပဲ။ သူတို့ ဥပဒေနဲ့အညီ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေရဖို့ ဒီပြင်ဆင်ချက်ကို ကျွန်တော်တင်လိုက်ခြင်းဖြစ်တယ်'' ဟု ပြောကြားခဲ့သည်။

 ပြည်ထောင်စု တရားစီရင်ရေး ဥပဒေ ပုဒ်မ ၁၇ တွင် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၇၈(က)အရ နိုင်ငံသားများအား ပေးအပ်ထားသော အခွင့်အရေးတစ်ရပ်ရရှိရန် ဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာ မတည်ခင်ကဖြစ်စေ၊အာဏာ တည်ပြီးမှဖြစ်စေ တရားရုံးတစ်ရုံးက ချမှတ်ခဲ့သော စီရင်ထုံးနဲ့ ဒီဂရီကို သို့တည်းမဟုတ် အပြီးသတ် အမိန့်ကို စာချွန်တော်အမိန့် တစ်ရပ်ရပ်ဖြင့် ပြင်ဆင်ပေးရန် ပြည်ထောင်စု တရားလွှတ်တော်ချုပ်၌ အခွင့်အာဏာရှိသည် ဟူသော အချက်များ ထည့်သွင်းပေးရန်လည်း ဥပဒေကြမ်းတွင် တင်ပြခဲ့သည်။

ယင်းပြင်ဆင်ချက် ထည့်သွင်းရခြင်းမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် နိုင်ငံသားများအတွက် ပေးထားသည့် အခွင့်အရေးများတွင် အာဏာ တည်မီ၊ မတည်မီ ဆိုသည်များမပါကြောင်း၊ ယင်းအတွက် စာချွန်တော် အမိန့်များနှင့် ပတ်သက်ပြီး ပြည်သူများ ခံစားနိုင်ရန်အတွက် ပြင်ဆင် ရခြင်းဖြစ်သည်ဟု ရှင်းလင်းခဲ့သည်။ ယင်းဥပဒေကြမ်းကို ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၉ ရက်နေ့တွင် စတင်မည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် ဆဌမပုံမှန် အစည်းအဝေးတွင် ထည့်သွင်း ဆွေးနွေးသွားမည်ဖြစ်သည်။

Eleven Media Group

0 comments: