စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Monday, February 20, 2012

အန်အယ်လ်ဒီ လွှတ်တော်အမတ် ဒေါက်တာမြတ်ဉာဏစိုးနှင့် မေးမြန်းချက်

ရန်ကုန်တိုင်းက အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုးရဲ့ ပါတီဝင်အဖြစ် လျှောက်ထားချက်ကို လက်ခံလိုက်ပြီ ဖြစ်တဲ့အတွက် ဒေါက်တာ မြတ်ဉာဏစိုးဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်တဦး ဖြစ်သွားပြီလို့ အဖွဲ့ချုပ် အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်းက ဒီနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။

ဒေါက်တာမြတ်ဉာဏစိုးကို ဒီဗွီဘီသတင်းထောက် ကိုအေးနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်းက သတင်းစာရှင်းလင်းပါတယ်။ အဲဒီမှာ ဒေါက်တာမြတ်ဉာဏစိုးက အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တဦးလို့ ပြောသွားလို့လေ။



“ဟုတ်ပါတယ်။ အမျိုးသားလွှတ်တော်ပါခင်ဗျာ။ ပြည်သူ့ကိုယ်စားလှယ်လို့ ပြောသွားတာပါ။ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ပါ။”

ဒေါက်တာမြတ်ဉာဏစိုးကလေ အမျိုးသားဒီမိုကရေစီအဖွဲချုပ်ကို ဘယ်နေ့ကစပြီးတော့ စလျှောက်လိုက်တာလဲ။

“ကျနော်ကတော့ ဇန်နဝါရီလဆန်းမှာ ပထမဦးဆုံး အဖွဲ့ချုပ်ကနေစပြီးတော့ ဒီ လျှောက်လွှာတွေ ဖြန့်ဝေတဲ့အချိန်က လျှောက်လိုက်တာပါ။”

မလျှောက်ခင်က ဘယ်ပါတီကို ကိုယ်စားပြုပြီးတော့ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရတာပါလဲ။

“ဟုတ်ကဲ့ ကျနော်က အမျိုးသားဒီမိုကရေစီအင်အားစု (အန်ဒီအက်ဖ်) ကို ကိုယ်စားပြုပြီးတော့ ဝင်ရောက်ခဲ့တာပါ၊ ၂၀၁၀ ရွေးကောက်ပွဲကိုပါ။ အန်ဒီအက်ဖ်ကနေပြီးတော့ ကျနော် တရားဝင် နုတ်ထွက်ခဲ့တာကတော့ ဒီဇင်ဘာလဆန်းမှာ ဖြစ်ပါတယ်။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဝင်ရောက်တယ်ဆိုတော့ အခု လောလောဆယ် ပါတီက ဘာတာဝန်တွေ ပေးထားပါသလဲ။

“အခု လောလောဆယ်မှာတော့ ကျနော်က နံပါတ် ၁ ကတော့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ပေါ့နော်၊ ပါတီ၏ တဦးတည်းသော ကိုယ်စားလှယ်ပါ။ နောက်တခုကတော့ နေပြည်တော်မှာက နယ်မြေ ၄ ခု ပေါ့နော်။ နေပြည်တော် မြို့နယ် ၄ ခုမှာ ကျနော်တို့ ပါတီကနေပြီးတော့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ ဝင်ရောက်ပြီးတော့ အရွေးချယ်ခံမှာပါ။ အဲဒီ့ ရွေးကောက်ပွဲ အောင်နိုင်ရေးကိုလည်း ဆောင်ရွက်ဖို့ တာဝန်ပေးထားပါတယ်။”

ပြည်ထောင်စုလွှတ်တော်မှာ အဓိကအားဖြင့် ဘတ်ဂျက်နဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးတယ်ဆိုတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ် တယောက်အနေနဲ့ ဘာတွေများ ဆွေးနွေးနေပါသလဲ။

“ကျနော် အခု လောလောဆယ်ကတော့ အမျိုးသားစီမံကိန်း ဥပဒေကြမ်းပေါ့။ အဲ့ဒါကို ဆွေးနွေးပြီးပါပြီ။ စီမံကိန်းတွေရဲ့ မကျနမှုများပေါ့။ ကျနော်တို့ စီမံကိန်းဆိုတာက ပြည်သူ့အတွက် အကျိုးရှိသင့်တဲ့ စီမံကိန်းတွေ ဖြစ်သင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြည်သူ့ ဘဏ္ဍာငွေတွေကို အကျိုးမဲ့ ဖြုန်းတီးမှု မဖြစ်ဖို့ လိုပါတယ်။ ဒီအကြောင်း ကိစ္စတွေကို ပါဝင်ဆွေးနွေးခဲ့ပြီး ဖြစ်ပါတယ်။ အခု လာမယ့် ဘတ်ဂျက်နဲ့ ပတ်သက်တဲ့ ဆွေးနွေးမှုတွေမှာလည်း ပြည်သူတွေအတွက် တကယ် ထိထိရောက်ရောက် လုပ်ကိုင် ဆောင်ရွက်ပေးရမယ့် အခန်းကဏ္ဍတွေ ပညာရေး၊ ကျန်းမာရေး၊ လူမှုဝန်ထမ်း အစရှိသည်ဖြင့် ပေါ့နော်။ အလုပ်သမားရေးရာ စသည်တွေမှာ ဘတ်ဂျက်တွေကို ကျနော်တို့ ဒီထက်မက သုံးစွဲနိုင်ဖို့ ဒါတွေကို ကျနော် ဆွေးနွေးသွားမှာပါ။”

ခုနကမေးခွန်းက ခါးပြတ်သွားလို့ ဒေါက်တာအနေနဲ့ အန်ဒီအက်ဖ် ကနေပြီးတော့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဟိုကနေထွက်ပြီးတော့ ဒီမှာ ပြောင်းတာ ဘာဖြစ်လို့လဲ။ ဒေါ်အောင်ဆန်းစုကြည်ကနေ လူထုထောက်ခံမှု အများအပြား ရနေလို့လား။ ဘာကြောင့်ပါလဲခင်ဗျာ။

“မဟုတ်ပါဘူးဗျာ။ ကျနော် ဒီ အန်ဒီအက်ဖ် က နုတ်ထွက်ခဲ့စဉ်အခါတုန်း ကပေါ့နော်။ အဲဒီတုန်းကလည်း ကျနော် ဘီဘီစီတို့၊ ဗွီအိုအေတို့ကို ကျနော် စနစ်တကျ ရှင်းပြပြီး ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ အန်ဒီအက်ဖ် ပါတီ ဆိုတာက မိခင် အန်အယ်လ်ဒီ ပါတီကနေပြီးတော့ ဆင့်ပွား ပေါ်ပေါက်လာတဲ့ ပါတီပါ။ နောက်တော့ အန်ဒီအက်ဖ် ပါတီ ဥက္ကဋ္ဌ ဒေါက်တာသန်းငြိမ်းကလည်း ကျနော်တို့ကို ဖွင့်ပွဲ အခမ်းအနားမှာ သူမိန့်ကြားခဲ့တဲ့ စကားရှိပါတယ်။ အဲဒါက ဘာလဲဆိုတော့ အဲဒီ့ အချိန်တုန်းက အခြေအနေ၊ အကြောင်းအရာ၊ အရပ်ရပ်အရ အန်အယ်လ်ဒီ သည် နိုင်ငံရေးပါတီအဖြစ် ပြန်လည် မှတ်ပုံမတင်သေးတဲ့ အချိန် ဖြစ်နေတယ်လေ။ အဲဒီ့တော့ အန်အယ်လ်ဒီအဖွဲ့ချုပ် မရှိတဲ့အချိန်မှာ အသက်ကယ်လှေ အနေနဲ့ပေါ့နော်။ အန်ဒီအက်ဖ်ကို ဖွဲ့စည်းတည်ထောင်ခဲ့တယ်။ အန်အယ်လ်ဒီ ပြန်လည် ပေါ်ပေါက်လာတဲ့အချိန်ကျရင် ဒီအသက်ကယ်လှေကို ချက်ချင်း ပြန်ကပ်ပါ့မယ်ဆိုတဲ့ ကတိစကားလည်း ရှိခဲ့ပါတယ်။ အဲဒီတော့ ကျနော် ဒီ အန်ဒီအက်ဖ် ဗဟိုဦးစီး ကော်မတီဝင် ဘဝမှာလည်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်ပြီးတော့ အဖွဲ့ချုပ်က မှတ်ပုံတင်ပြီးတဲ့ အချိန်မှာ ကျနော် ချက်ချင်း အန်ဒီအက်ဖ်ပါတီကို တင်ပြခဲ့ပါတယ်။ အဲဒါကတော့ အန်ဒီအက်ဖ်သည် မိခင်ပါတီဖြစ်တဲ့ အန်အယ်လ်ဒီနဲ့ အမြန်ဆုံး ပြန်လည် ပူးပေါင်းရေးပါ။ အဲဒီတော့ ဒီလုပ်ငန်းစဉ်တွေ အခုထက်ထိ အကောင်အထည် မဖော်နိုင်ခဲ့တဲ့အတွက်ကြောင့်မို့လို့ ကျနော်ဟာ အန်ဒီအက်ဖ်ကနေ နုတ်ထွက်ပြီးတော့ မိခင် အန်အယ်လ်ဒီပါတီနဲ့ ပြန်လည် ပူးပေါင်းရခြင်း ဖြစ်ပါတယ်။”

အခု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၈၈ ပြည်သူ့အရေးတော်ပုံ ပြီးပြီးချင်းမှာ တည်ထောင်တဲ့ ပုံစံမျိုး မဟုတ်ဘဲနဲ့ လူငယ်တွေ၊ တိုင်းရင်းသားတွေ၊ အမျိုးသမီးတွေ စသည်ဖြင့် အဲဒီလိုမျိုးပေါ့နော် ဦးဆောင်မှု အခန်းကဏ္ဍတွေမှာ နေရာပေးလာတာ တွေ့ရပါတယ်။ ဒီဟာနဲ့ ပတ်သက်ပြီးတော့ အခု လောလောဆယ်မှာ တဦးတည်းသော ပြည်သူ့ကိုယ်စားလှယ်တယောက်အနေနဲ့ အန်အယ်လ်ဒီရဲ့ အနာဂတ်ကို ဘယ်လိုမျိုး သုံးသပ်နိုင်ပါသလဲ။

“မှန်ပါတယ်။ အဖွဲ့ချုပ်ဟာ အခု ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီးတော့ အဖွဲ့ချုပ်ကို ပြန်လည် ထူထောင်ခဲ့တာပါ။ ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည်၊ ဘဘဦးတင်ဦးနဲ့ ဘဘ ဦးဝင်းတင်တို့ အပါအဝင် အားလုံးဟာ ပါတီဝင်အဖြစ်ပေါ့နော်။ အသစ်ပြန်လည်ဝင်ရောက်ပြီးတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပြန်လည်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့်မို့လို့ ကျနော်တို့ လူငယ်တွေရဲ့ အခန်းကဏ္ဍ၊ နောက် ပညာရှင်တွေရဲ့ အခန်းကဏ္ဍ၊ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍဟာ ပိုပြီးတော့ မြင့်မားလာပါတယ်။ နောက်ပြီးတဲ့အခါကျတော့ ကျနော်တို့ အဖွဲ့ချုပ်ရဲ့ ဖွဲ့စည်းပုံဟာလည်း ပိုမိုစနစ်ကျနပြီးတော့ ကျနော်တို့ အခုပြောပြောနေတဲ့ ခိုင်မာသော အဖွဲ့အစည်းကြီး တခုအနေနဲ့ ကျနော်တို့ အနာဂတ် မြန်မာ့နိုင်ငံရေး ခရီးလမ်းမှာ ပိုမို ခိုင်မာကျစ်လစ်စွာနဲ့ ပေါ့နော်။ ထိထိရောက်ရောက် လွှတ်တော်နိုင်ငံရေးကိုရော၊ လွှတ်တော်ပြင်ပ နိုင်ငံရေးကိုရော ဆောင်ရွက်သွားနိုင်မယ့် အနေအထားမျိုး၊ အခွင့်အလမ်းကောင်းတွေ ရှိနေပြီလို့ ပြောချင်ပါတယ်။”

DVB News: http://burmese.dvb.no/archives/21453

0 comments: