စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Wednesday, February 15, 2012

အစိုးရနှင့် လူမှုရေးအဖွဲ့အစည်း အချို့ပူးပေါင်း၍ စရိတ်မြင့်မားသည့် ခွဲစိတ်မှုများကို အခမဲ့ဆောင်ရွက်လာ

အစိုးရဆေးရုံကြီးများနှင့် ပြည်တွင်းပြည်ပ လူမှုရေး အဖွဲ့အစည်းအချို့ ပူးပေါင်းကာ ကုန်ကျစရိတ်မြင့်မားသည့် ခွဲစိတ်မှုများကို အခမဲ့ ဆောင်ရွက်လာကြောင်း သိရသည်။

အဆိုပါ ခွဲစိတ်မှုများကို အစိုးရဆေးရုံကြီးများနှင့် ပြည်တွင်းပြည်ပရှိ လူမှုရေးအဖွဲ့အစည်းများမှ ငွေကြေး အကုန်အကျခံကာ ဆောင်ရွက်ပေးခြင်း၊ ပြည်တွင်း၌ခွဲစိတ်ရန် ခက်ခဲသည့်ခွဲစိတ်မှုများကို နိုင်ငံတကာ မှ ဆေးပညာဆိုင်ရာ ဆရာဝန်ကြီး များအား ဖိတ်ကြားကာ ကုသပေးခြင်းများနှင့် ပြည်ပနိုင်ငံများသို့ သွားရောက်ခွဲစိတ် ကုသပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရပါသည်။

ယခုအခါ မွေးရာပါ ခါးရိုးကောက်ခြင်း၊ ခြေလက်တင်ပါးဆုံ အဆစ်ကောင်းမွန်ခြင်း မရှိသည့် အသက် ၁၈ နှစ်အောက်ကလေးများကို မြန်မာနိုင်ငံမှ အရိုးအထူးကု ဆရာဝန်များအဖွဲ့နှင့် ပြင်သစ်မှ ပါမောက္ခ ဆရာဝန်များပါဝင်သည့် AMFA အဖွဲ့တို့မှ ပူးပေါင်းလုပ်ဆောင်ပေးလျက် ရှိကြောင်း သိရသည်။

“ မြန်မာနိုင်ငံ နေရာအနှံ့အပြားမှာရှိနေတဲ့ မွေးရာပါ ခါးရိုးကောက်နေတဲ့ကလေးတွေ၊ ခြေလက်တင်ပါး ဆုံအဆစ် ကောင်းမွန်ခြင်းမရှိတဲ့ ကလေးတွေကို အခမဲ့ ခွဲစိတ်ပေးတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဆီလာရင်လည်း ကလေးအတွက် လိုအပ်တဲ့ အစားအသောက်ကအစ ဆေးဝါး အဆုံးအားလုံးကို ဆေးရုံတက်ရောက် ကုသနေတဲ့ ကာလအတွင်း အခကြေး ငွေမယူဘဲ တာဝန်ယူပေးသွားမှာ ဖြစ်ပါတယ်။ ဒီလိုရောဂါမျိုးကို နိုင်ငံခြားမှာ သွားရောက်ကုသမယ်ဆိုရင် သိန်း ၂၀၀၊ ၃၀၀ ၀န်းကျင်လောက် ကုန်နိုင်တဲ့အတွက် ဝေဒနာခံစားနေရပြီး ငွေကြေးချို့တဲ့တဲ့ ကလေးငယ်တွေကို ကုသပေးချင်တဲ့အတွက် ပြည်ပက အဖွဲ့အစည်းတွေနဲ့ ပူးပေါင်း လုပ်ဆောင်ပေးရခြင်း ဖြစ်ပါတယ်။ ဒီလို ဝေဒနာခံစားနေကြရတဲ့ ကလေးတွေကို ခြောက်လတစ်ကြိမ် ပြုလုပ် ပေးနေတဲ့အတွက် ခွဲစိတ်ချင်သူတွေ က ကြည့်မြင်တိုင် အရိုးရောဂါကုဆေးရုံကြီး အဆောင် ၃ ကို ကြိုတင်စာရင်းပေးသွင်းထားနိုင်ပါတယ်” ဟု ရန်ကုန်ပြည်သူ့ေ ဆးရုံကြီး အရိုးထိခိုက်ဒဏ်ရာဌာနမှ ပါမောက္ခဒေါက်တာဇော်ဝေစိုးက ပြောပြခဲ့သည်။

ခွဲစိတ်မှုများကို ပြင်သစ်နိုင်ငံမှ ပါမောက္ခဆရာဝန်ကြီးများနှင့် အတူ ကြည့်မြင်တိုင် အရိုးရောဂါကုဆေးရုံကြီးနှင့် ရန်ကုန် ကလေးဆေးရုံကြီးတို့ မှ ဆရာဝန်ကြီးများမှ ပူးပေါင်းခွဲစိတ် ပေးခြင်းဖြစ်ပြီး ခွဲစိတ်မှုကို ၂၀၀၅ ခုနှစ်မှစ၍ ခြောက်လတစ်ကြိမ်ပြု လုပ်ပေးခဲ့ရာ လက်ရှိအချိန်အထိ အသက် ၁၈ နှစ်အောက်ကလေးငယ် ၈၀ ကျော်ကို အောင်မြင်စွာ ခွဲစိတ် ကုသပေးပြီးဖြစ်ကြောင်း သိရသည်။

ထို့အပြင် မွေးရာပါမျက်နှာ ပုံပန်းမကျ ဖြစ်နေသည့် နှုတ်ခမ်းကွဲ အာခေါင်ကွဲ ကလေးငယ်များကို မြန်မာနိုင်ငံရှိ ကရုဏာရှေးရှုမြန်မာမှု အစီအစဉ်မှ ကမ္ဘာ့နိုင်ငံအနှံအပြား ရှိနိုင်ငံပေါင်း ၅၆ နိုင်ငံမှ ဆေးပညာဆိုင်ရာ ကျွမ်းကျင် စေတနာဆရာဝန်များဖြင့် ဖွဲ့စည်းထားသည့် Operation Smile အဖွဲ့နှင့် ချိတ်ဆက်၍ မျက်နှာပုံပန်းမကျ ဖြစ်နေသည့် ကလေးငယ်များကို အခမဲ့ခွဲစိတ်ကုသ ပေးလျက်ရှိကြောင်း သိရသည်။

“ ကျွန်တော်တို့က Operation Smile အဖွဲ့နဲ့ပူးပေါင်းပြီး ၂၀၁၀ အောက်တိုဘာတုန်းက ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ နှုတ်ခမ်းကွဲ အာခေါင်ကွဲဝေဒနာရှင် ကလေးတွေကို ခွဲစိတ်ကုသပေးခဲ့တယ်။ အဲဒီတုန်း က ရန်ကုန်အပါအ၀င် စစ်တွေ၊ တောင်ကြီး၊ မကွေးက ကလေးငယ် ၁၀၀ ကျော်ကို ခွဲစိတ်ပေးနိုင်ခဲ့တယ်။ ပြည်တွင်းမှာ ခွဲစိတ်ကုသဖို့ အခက်အခဲရှိတဲ့ ကလေးနှစ်ယောက်ကို စင်ကာပူက ဆရာဝန်ကြီးတွေနဲ့ ကုသပေးခဲ့တာ တစ်ယောက်ကတော့ အားလုံး ကောင်းသွားပြီ။ နောက်တစ်ယောက် ကတော့ ပထမအဆင့်အနေနဲ့ ဦးခေါင်းပိုင်းဆိုင်ရာ ခွဲစိတ်ကုသမှုတွေ လုပ်ထားတယ်။ အဲဒီကလေးကို ဖေဖော်ဝါ ရီလ ၁၉ ရက်နေ့ကျရင် မန္တလေး ဆေးရုံကြီးမှာလုပ်မယ့်ပွဲမှာ ခွဲစိတ်ပေးသွားမှာ ဖြစ်ပါတယ်။ အခကြေးငွေ တောင်းခံတာမျိုး မရှိပါဘူး။ ခွဲစိတ် ကုသချင်တဲ့ သူတွေလည်း ကျွန်တော်တို့ နဲ့ ဆက်သွယ် စာရင်းပေးနိုင်ပါတယ်” ဟု ကရုဏာရှေးရှု မြန်မာမှုအစီအစဉ် မှ တာဝန်ရှိသူက ဆိုပါသည်။


Eleven Media Group

0 comments: