Daniel Kane၊ ၊“ ယနေ့မလေးရှားနိုင်ငံ၏ တရားစီရင်ရေးကဏ္ဍ (Judicial Brach)
ကို ကိုယ်စားပြုနေကြသော မလေးရှားတရားရုံးများအနေနှင့် အုပ်ချုပ်ရေးကဏ္ဍ (Executive Branch)
မှ အာဏာရနိုင်ငံရေးသမားများအကြိုက်လိုက်ပြီး စီရင်ချက်ချပေးလာနေကြသည်မှာ ယခင်ဝန်ကြီး
ချုပ်ဖြစ်သူ မဟာသီယာမိုဟာမက် (Mahathir Mohamad) ကြောင့်ဖြစ်သည်”
ဟု အငြိမ်းစားမလေးရှားတရားသူကြီးချုပ်တဦးဖြစ်သူ မိုဟာမက်ဇာအိဒ်ဒင် (Mohd Dzaiddin Abdullah)
မှစနေနေ့၌ ပြောကြားခဲ့သည်။ မဟာသီယာလက်ထက် (၁၉၈၀) ခုနှစ်၌ ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံ
ဥပဒေ (Federal Constitution) ၏ အပိုဒ် (၁၂၁) အား ပြင်ဆင်ဖြည့်စွက်ခဲ့မှုကြောင့် မလေးရှားတရားစီ
ရင်ရေးစနစ်၏ လက်တံများမှာ ဖြတ်တောက်ဖျက်ဆီးခံခဲ့ရသည် အငြိမ်းစားတရားသူကြီးချုပ်ဖြစ်သူ ဇာအိဒ်ဒင်
မှ ထောက်ပြခဲ့သည်။
မလေးရှားတရားသူကြီးချုပ်တဦးဖြစ်ခဲ့သူ မိုဟာမက်ဇာအိဒ်ဒင်
မဟာသီယာလက်ထက် အဆိုပါဖွဲ့စည်းပုံဥပဒေပြင်ဆင်မှုအရ တရားရုံးများအနေနှင့် အမှန်အတိုင်း
လွတ်လပ်စွာတရားစီရင်မှုပြုနိုင်သော တရားစီရင်ရေးအာဏာအား လက်လွတ်ဆုံးရှုံးခဲ့ရပြီး၊ မလေးရှား
လွှတ်တော်မှ သတ်မှတ်သော တရားစီရင်ပိုင်ခွင့်အတိုင်းအတာမျှသာရှိတော့သည်။ အဓိပ္ပာယ်မှာ မလေး
ရှားလွှတ်တော် (Parliament) ၏အခွင့်အာဏာသည် မလေးရှားတရားစီရင်ရေးစနစ် (Judiciary) ထက်
ပိုမိုနေသည်ဟူ၍ဖြစ်သည်။ ထိုအခါ လွှတ်တော်အားထိန်းချုပ်ထားသည်မှာ အမ်နို (UMNO) ဟုခေါ်သော
မလေးလူမျိုးစွဲပါတီမှဦးဆောင်ထိန်းချုပ်ထားသော အမျိုးသားတပ်ဦး ဟုအဓိပ္ပာယ်ရသော လက်ရှိအာဏာရ
(Barison Nasional) ညွန့်ပေါင်းအဖွဲ့ဖြစ်နေ၍ ၄င်းတို့နှင့်ပတ်သက်နေသည့် အမှုအခင်းများ၊ အထူးသဖြင့်
နိုင်ငံရေးနှင့်ဘာသာရေးအမှုများတွင် ၄င်းတို့ကိုမျက်နှာသာပေးထားသော စီရင်မှုများကိုသာ တရားသူကြီး
များမှ ကြိုက်ကြိုက်မကြိုက်ကြိုက် လုပ်ဆောင်ပေးလာရတော့သည်။ ထိုအခါ အဂတိလိုက်စားမှုများကို
ကျူးလွန်လာကြရလေတော့၏။
တရားရေးကဏ္ဍ၌ လွှတ်တော်မှခွင့်ပြုပေးသော တရားစီရင်ပိုင်ခွင့်အာဏာသာရှိသည်ဆို၍ လွတ်လပ်၍မျှတမှု
ရှိသော တရားစီရင်ရေးစနစ်အား အုပ်ချုပ်ရေးကဏ္ဍမှ သြဇာညောင်းအောင်လုပ်ခဲ့သည့် ဥပဒေပြင်ဆင်ချက်
(Constitutional Amendment of Article 121) သည် စက်ဆုပ်ရွံရှာဖွယ်ရာကောင်းလှသည်ဟု တချိန်က
မလေးရှားတရားစီရင်ရေးစနစ်၏ အကြီးအကဲတဦးဖြစ်ခဲ့သည့် ဇာအိဒ်ဒင်မှ ထုတ်ဖေါ်ပြောကြားခဲ့သည်။
“ မိမိ၏အမြင်အရ တရားစီရင်ရေးသည် ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေ၏ အလွန်ပင်အရေးပါပြီး အခြေခံ
ကျသောအစိတ်အပိုင်းတခုဖြစ်ပြီး ထိုဥပဒေပြင်ဆင်ချက်သည် အမှန်တရားအတိုင်း လွတ်လပ်စွာဆောင်
ရွက်နိုင်သော တရားစီရင်ရေးသဘောတရားမှ တရားစီရင်ပိုင်ခွင့်အတွက် အုပ်ချုပ်ရေးကဏ္ဍမှ နိုင်ငံရေးသမားများ၏ မျက်နှာများကိုကြည့်နေရသည့်အဆင့်ဖြစ်သွားခဲ့ရသည်… မလေးရှားတရားစီရင်ရေးစနစ်သည် မတော်မတ
ရားနှင့်သိက္ခာမဲ့သော မည်သည့်အစိုးရမျိုးမဆို၏ လက်နက်ကိရိယာတခုမဖြစ်သင့် ” ဟု ဇာအိဒ်ဒင်မှဆိုသည်။
မလာယာပြည်ထောင်စု၏ ဝန်ကြီးချုပ်အဖြစ်ရွေးကောက်တင်မြှောက်ခံခဲ့ရသူ တွန်ကူအဗ္ဗဒူရာမန် (ဝဲမှဒုတိယမြောက်)
ယနေ့ မလေးရှားနိုင်ငံ၏အရှေ့တွင်ဖြစ်တည်ခဲ့သော မလာယာပြည်ထောင်စု (Federation of Malaya) ၏
ဝန်ကြီးချုပ်ဟောင်း တွန်ကူအဗ္ဗဒူရာမန် (Tunku Abdul Rahman) ၏မွေးနေ့အထိမ်းအမှတ်နှင့် Think Tank
တခုဖြစ်သော ဒီမိုကရေစီနှင့် စီးပွားရေးရာအဖွဲ့ (Institute of Democracy and Economic Affairs, IDEAS)
၏ ဒုတိယအကြိမ်မြောက်အောက်မေ့ဖွယ်အခမ်းအနားတွင် ပြောကြားခဲ့သော မိန့်ခွန်း၌ တရားစီရင်ရေးစနစ်သည်
အုပ်ချုပ်ရေး နှင့် ဥပဒေပြုရေးကဏ္ဍ (၂) ရပ်လုံးနှင့်မသက်ဆိုင်ပဲ အပြည့်အဝလွတ်လပ်စွာတည်ရှိသင့်သည်ဟု
ဇာအိဒ်ဒင်မှအလေးအနက်ပြောဆိုသွားခဲ့သည်။
(၁၉၈၈) တွင်မလေးရှားနိုင်ငံ၌ဖြစ်ပွားခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာအရေးအခင်း (1988 Malaysian
Constitutional Crisis) တွင် မလေးရှားတရားရေးဋ္ဌာနအကြီးအကဲဖြစ်သူ မိုဟာမက်ဆာလဲရ်အဘာ့စ် (Lord
President Tun Mohamed Salleh Abas) အား ထိုစဉ်ဝန်ကြီးချုပ်ဖြစ်သူ မဟာသီယာမှ ထုတ်ပယ်ခဲ့ပြီး၊
ဒီမိုကရေစီစနစ်နှင့်ဆန့်ကျင်သော ထိုလုပ်ရပ်နှင့်ပတ်သက်၍ မဟာသီယာအား နိုင်ငံတကာအသိုင်းအဝိုင်းမှ
အကြီးအကျယ်ရှုံ့ချခဲ့ကြ၏။ အဆိုပါကိစ္စသည် မလေးရှားအစိုးရ၏လက်တံနှစ်ခုဖြစ်သော တရားစီရင်ရေး
(Judicial Branch) နှင့် အုပ်ချုပ်ရေး (Executive) ကဏ္ဍာနှစ်ရပ်၏ အဆင့်အတန်း၊ အနေအထားများနှင့်
ပတ်သက်၍ မဟာသီယာနှင့် မိုဟာမက်ဆာလဲရ်အဘာ့စ်တို့အကြား အမြင်မတူပဲ အယူအဆရေးရာအားဖြင့်
ပဋိပက္ခဖြစ်ပွားခဲ့ကြရာမှ ထိုအရေးအခင်းပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်ဟု ဇာအိဒ်ဒင်မှဆိုသည်။
(၁၉၈၈) အရေးအခင်းနှင့် အလားတူအရေးအခင်းများ ဘယ်တော့မှထပ်မံမဖြစ်သင့်တော့ဟု ရှေ့နေများအသင်း၏
အကြီးအကဲ (Bar Council Presiedent) ဖြစ်သူ လင်မ်ချီဝီး (Lim Chee Wee) မှလည်းဆိုခဲ့သည်။
“ယခုအချိန်၌မူ ဖွဲ့စည်းပုံအခြေခံဥပဒေအရေးအခင်းဖြစ်ပွားခဲ့သော (၈၈) နေ့များသို့ ဘယ်တော့မှပြန်သွားလို့မရတော့ပဲ၊ အာဏာရအစိုးရမှလိုလားသည့်အတိုင်းမဟုတ်သော တရားစီရင်မှုတခုကိုပြုလုပ်ခဲ့သော တရားရေးကဏ္ဍ (Judicial
Branch) မှ တရားသူကြီးများကို အုပ်ချုပ်ရေးကဏ္ဍ (Executive Branch) ၏ဝန်ကြီးချုပ်တဦးမှ ထုတ်ပယ်နိုင်ရန်
ဘယ်တော့မှခွင့်မပြုနိုင်တော့ပဲ ၈၈ အရေးအခင်းကဲ့သို့ အလားတူဖြစ်ရပ်များ မည်သည့်အခါမှထပ်မံဖြစ်ပေါ်မလာရန်
လုပ်ဆောင်ကြရမည်ဖြစ်သည် ” ဟု လင်မ်မှပြောကြားခဲ့သည်။
မိုဟာမက်ဆာလဲရ်အဘာ့စ် (ယာ)
စီးပွားရေးလုပ်ငန်းများနှင့်သက်ဆိုင်သော အမှုများတွင် မလေးရှားတရားရုံးများသည် နိုင်နင်းစွာကိုင်တွယ်နိုင်ကြသည်
ဟု ဒေသတွင်းတွင် အများမှယုံကြည်လက်ခံကြသည်။ သို့သော်လည်း အပြင်းထန်ဆုံးသော မှတ်ကျောက်တင် စစ်ဆေးမှုများသည်ကား နိုင်ငံရေးအရထိခိုက်လွယ်သောအမှုများ (Politically Sensitive Cases) နှင့် ဘာသာရေးနှင့်
ပတ်သက်သောအမှုများ (Religious Cases) တွင်လည်းကောင်း၊ ဆုံးဖြတ်ချက်ချပြီးသော စီရင်ချက်များအား အယူခံတ
ရားရုံးများ (Appellate Courts) မှစီရင်ဆုံးဖြတ်ပုံတို့ အပေါ်၌ဖြစ်လေ၏။ ထိုကိစ္စများတွင်မူ လက်ရှိမလေးရှားတရား
စီရင်ရေးစနစ်သည် နိုင်ငံရေးပယောဂကင်းသော အနောက်တိုင်းတရားစီရင်ရေးစနစ်များကဲ့သို့ မှတ်ကျောက်တင်
မခံနိုင်တော့ပေ။
“ ဘာသာရေးအမှုများအား ကိုင်တွယ်နေပုံ၊ ဘာသာပြောင်းအမှုများ (Conversion Cases) အားကိုင်တွယ်နေပုံများနဲ့
ပတ်သက်ပြီးတော့ ကျနော့်အနေနှင့် ယနေ့အချိန်ထိ လက်မခံနိုင်သေးပါဘူး… စီရင်ချက်ချထားပြီးမှ အယူခံဝင်လာတဲ့
အမှုတွေနဲ့ပတ်သက်လာရင် မလေးရှားအယူခံရုံးများတွေကလည်း နိုင်ငံရေးစွက်ဖက်မှုတွေကို ကြောက်နေကြရတော့
အဲဒီလိုအငြင်းပွားဖွယ်ရာအမှုတွေ (Controversial Cases) ကို အမှန်အတိုင်းစစ်ဆေးဆုံးဖြတ်ရမည့်အစား ရုံးချိန်းတွေပဲ
အလီလီထပ်ပေးနေကြပါတယ်… အထူးသဖြင့် ပဲရက်ခ်ပြည်နယ်အမှု လို အမှုမျိုးတွေဖြစ်ပါတယ်…” ဟု လင်မ်မှဆိုသည်။
မလေးရှားရှေ့နေများအသင်း၏အကြီးအကဲဖြစ်သူ လင်မ်ချီဝီး
မလေးရှားနိုင်ငံတွင် အစ္စလာမ်ဘာသာဝင်များနှင့် ယူသူများအား ဥပဒေနှင့်အတင်းအကြပ် ဖိအားပေး၍ အစ္စလာမ်ဘာ
သာပြောင်းခိုင်း၏။ ဘာသာမပြောင်းလျှင် တရားရုံးများမှ တရားဝင်လက်ထပ်ခွင့်မပေးပေ။ ကွာရှင်းပြီးလျှင်သော်မှ
မူစလင်အဖြစ်မှ ထွက်ရန်မလွယ်ပဲ သားသမီးများ၏ဘာသာရေးနှင့်စပ်လျဉ်း၍ အမှုအခင်းများမကြာခဏဖြစ်ကြပြီး
တရားရုံးမှလည်း ဖြစ်သင့်သည့်အတိုင်းထက် အစ္စလာမ်ဘာသာဝင်များဘက်သို့သာ မျက်နှာလိုက်၍ ဆုံးဖြတ်ချက်
ချလေ့ရှိသည်။ မိမိဆန္ဒအလျောက်ကိုးကွယ်မှုရွေးချယ်လိုသော ကာယကံရှင်များနှင့် ဘေးလူများအဖို့ အလွန်အမင်း
စိတ်ပျက်လက်ပျက်ဖြစ်ကြရသော အမှုများဖြစ်သည်။ ဘာသာရေးနှင့် လူမျိုးရေးခွဲခြားမှုများဖြင့် ပြည့်နှက်နေသော
မလေးရှားလူ့အဖွဲ့အစည်းအား ပြိုကွဲနေသောလူ့အဖွဲ့အစည်း (Divided Society) ဟုခေါ်ဝေါ်ကြ၏။ မလေးရှားကဲ့သို့
တရုတ်၊ မလေးနှင့် အင်ဒီးယန်းများလူမျိုးများဖြင့် ဖွဲ့စည်းထားသော စင်္ကာပူနိုင်ငံတွင်ကား လူမျိုးရေး၊ ဘာသာရေး
ခွဲခြားမှုမရှိပဲ သာတူညီမျှရှိသည်ဟုဆိုနိုင်သည်။
ပဲရက်ခ်ပြည်နယ်အမှု (2009 Perak Constitutional Crisis) မှာ (၂၀၀၈) အထွေထွေရွေးကောက်ပွဲတွင် အတိုက်
အခံမှ ရွေးကောက်ပွဲအနိုင်ရရှိပြီး ဖွဲ့စည်းထားသော ပဲရက်ခ်ပြည်နယ်အစိုးရထံမှ အာဏာရပြည်ထောင်စုအစိုးရ၏ ညွန့်ပေါင်းပါတီဖြစ်သော နှင့် ပြည်နယ်စော်ဘွားတို့ပေါင်းပြီး နိုင်ငံရေးအရကလိန်ကျ၍ အာဏာပြန်သိမ်းခြင်းဖြစ်သည်။
ထိုအမှုအား ရွေးကောက်ပွဲနိုင်ပြည်နယ်အစိုးရမှ တရားစွဲဆိုရာ တရားရုံးမှအနိုင်ပေးခဲ့သော်လည်း အယူခံတရားရုံး
(Court of Appeal) မှထိုစီရင်ချက်အား ပြောင်းပြန်လှန်၍ အာဏာရညွန့်ပေါင်းပါတီအား အနိုင်ပေးခဲ့ရာ မလေး
ရှားနိုင်ငံတွင်ရော ကမ္ဘာတွင်ပါ အံအားတသင့်နှင့်စိတ်ပျက်လက်ပျက်ဖြစ်သွားခဲ့ကြရသည်။
(၂၀၁၂) ဖေဖေါ်ဝါရီလ (၈) ရက်နေ့တွင်လည်း “ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေ Federal Constitution)
တွင်အထွဋ်အထိပ်ထား၍ ပြဋ္ဌာန်းထားသော လွတ်လပ်စွာပြောဆိုခွင့် (Rights and Freedom of Speech)
သည်အကန့်အသတ်နှင့်သာဖြစ်သည် ” ဟု တရားသူကြီးသုံးဦးပါဝင်သော (Three-man Panel) အယူခံတရားရုံးမှ
စီရင်ဆုံးဖြတ်ခဲ့ကြသည်။
ပဲရက်ခ်ပြည်နယ်၏စူလတန်နယ်စားစော်ဘွား (Sultan of Perak) အားတရားစွဲဆိုနိုင်သည်ဟု (၂၀၀၉) ခုနှစ်တွင်ပြု
လုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတရပ်၌ လူကြိုက်များသော ဒီမိုကရက်တစ်ပါတီတခုဖြစ်သည့် DAP ပါတီ
(Democratic Action Party) ၏ထိပ်တန်းခေါင်းဆောင်တဦးဖြစ်သော လွှတ်တော်အမတ် ကာပယ်လ်ဆင်းဂ်
(Karpal Singh) မှပြောကြားခဲ့၏။ ယခုဆုံးဖြတ်ချက်ကြောင့် ကာပယ်လ်ဆင်းဂ်အနေနှင့် ဥပဒေချိုးဖောက်သကဲ့
သို့ဖြစ်သွား၍ ၄င်းအားနိုင်ငံတော်အကြည်ညိုပျက်စေမှုအက်ဥပဒေ (Sedition Act) ဖြင့်တရားစွဲဆိုနိုင်သည်ဟု
အဆိုပါတရားသူကြီး (၃) ဦးမှဆိုပြန်၏။
“ ဘက်မလိုက်တမ်းဆိုရရင်တော့… ကျနော်တို့မှာ အစိုးရရဲ့မတရားဖမ်းဆီးမှုတွေကို အကြီးအကျယ်ဟန့်တားပေး
ခဲ့ကြတဲ့ အမှန်တရားဘက်ကနေရပ်တည်ရဲတဲ့ သူရဲကောင်း တရားသူကြီးတွေလဲရှိပါသေးတယ်… အငြိမ်းစားတရား
သူကြီးချုပ် ဇာအီဒင်ရဲ့စကားအရဆိုရင်တော့ ငွေရောင်အနားကွပ်လေးတော့ရှိပါသေးတယ်ဗျာ…” ဟု ထိုအခမ်း
အနား၌ လင်မ်ချီဝီးမှပြောကြားခဲ့သည်။
ဒီမိုကရေစီစနစ်အရဆိုပါက အမှန်တကယ်ဖြစ်သင့်သည်မှာ အစိုးရတရပ်၏ မဏ္ဍိုင်သုံးရပ်ဖြစ်သော
- တရားစီရင်ရေး (Judicial Branch)
- လွှတ်တော် (Legislative Branch)
- အုပ်ချုပ်ရေးအစိုးရ (Executive Branch)
အပြန်အလှန်အလိုအလျှောက်ထိန်းညှိပေးသည့်စနစ် (Checks and Balances) သည် နိုင်ငံနှင့်ပြည်သူတို့၏ အကျိုး
စီးပွားအတွက် အမှန်တကယ်အလုပ်လုပ်နိုင်မည်ဖြစ်သည်။ ထိုစနစ်ကြောင့်သာ အနောက်ဒီမိုကရေစီနိုင်ငံများတွင်
တရားဥပဒေစိုးမိုးမှုအားကောင်းရခြင်းဖြစ်ပြီး၊ ထို့ကြောင့်နိုင်ငံဖွံ့ဖြိုးမှုအဆင့်အတန်းများ မြင့်မားကြရခြင်းဖြစ်သည်။
အာရှတိုက်အတွင်း အနည်းငယ်သောနိုင်ငံများမှအပ အများစုတွင် လူပုဂ္ဂိုလ်အား အလွန်အလေးထားကြ၍ အနောက်
တိုင်းနိုင်ငံများတွင်မူ စနစ်ကိုသာအလေးထားကြ၏။ လူပုဂ္ဂိုလ်များကို လိုအပ်သည်ထက် အရေးထားလာသောအခါ ထိုလူများမှအာဏာရှင်သဖွယ်အုပ်ချုပ်လာတတ်လေ့ရှိသည်။ မြန်မာနိုင်ငံတွင်လည်း ခိုင်မာသောစနစ်တခုထက်
လူပုဂ္ဂိုလ်ကိုသာအစဉ်အဆက်အလေးထားနေကြသည်မှာ ပဒေသရာဇ်ခေတ်မှစ၍ (အင်္ဂလိပ်ခေတ်မှအပ) ယနေ့အ
ချိန်ထိဖြစ်၏။
ထိုအခါ လူပုဂ္ဂိုလ်အားအလေးထားသော အရှေ့တိုင်းနိုင်ငံများနှင့် စနစ်ကိုသာအလေးထားသော အနောက်နိုင်ငံများ၏
နိုင်ငံရေးစီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး အဆင့်အတန်းများ အလွန်ပင်ကွာဟသွားခဲ့ရသည်။ ထို့ကြောင့် လူနေမှုအဆင့်
အတန်းမြင့်မားပြီး ဥပဒေစိုးမိုးမှုအားကောင်း၍ သက်ကြီးရွယ်အိုများကိုထောက်ပံ့မှုအားကောင်းသော အနောက်နိုင်ငံများသို့
သွားရောက်အခြေချနေထိုင်လိုသော အာရှတိုက်သားများ အလွန်အမင်းများပြားလာရ၏။ သို့သော်အရှေ့တိုင်းနိုင်ငံများသို့
လာရောက်အခြေချနေထိုင်လိုသော အနောက်တိုင်းသားများ အလွန်အမင်းနည်းပါးလှ၏။
ငါးနှစ်တကြိမ်ကျင်းပလေ့ရှိသော မလေးရှားနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲများတွင် (၅) ကြိမ်နိုင်ခဲ့၍ (၁၉၈၁) မှ (၂၀၀၃)
အထိ မလေးရှားဝန်ကြီးချုပ်အဖြစ်နှင့် အာဏာကိုချုပ်ကိုင်ထားခဲ့သော မဟာသီယာမိုဟာမက်အနေနှင့် မလေးရှားနိုင်ငံသည်
သံဖြူထုတ်ရောင်းပြီး ရာဘာနှင့်ဆီအုန်းစိုက်သော စိုက်ပျိုးရေးနိုင်ငံတနိုင်ငံအဖြစ်မှ၊ နိုင်ငံခြားမှတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများ
(FDI) ကိုဆွဲဆောင်နိုင်ခဲ့ကာ ကုန်ထုတ်လုပ်ရေး (Manufacturing) ကိုအခြေခံသော စက်မှုကုန်ထုတ်နိုင်ငံတနိုင်ငံ
အဖြစ်နှင့် မလေးရှားနိုင်ငံအား တိုးတက်လာစေခဲ့ပြီး၊ (၁၉၉၇) အာရှစီးပွားရေးအကျပ်အတည်း (Asian Financial Crisis
) ၌ မလေးရှားနိုင်ငံအား အိမ်နီးချင်းနိုင်ငံများနှင့်ယှဉ်လျှင် အမြန်ဆုံးဆွဲထုတ်နိုင်ခဲ့ခြင်းတို့ကြောင့် ၄င်း၌လက်အောက်အရာရှိများမှ
ပြန်လှန်၍မေးခွန်းမထုတ်ရဲသော (Unquestioned Authority) ရှိခဲ့သည်။ အာဏာရှင်သဘောပင်ဖြစ်လေ၏။
ထို့ကြောင့် မဟာသီယာလက်ထက်တွင် (၁၉၈၈) အရေးအခင်းနှင့်အလားတူ အငြင်းပွားဖွယ်ဖြစ်သော ကိစ္စအများအပြားရှိခဲ့သည်။
မဟာသီယာလက်ထက် မလေးရှားနိုင်ငံရေးစနစ်သည် ကျပ်မပြည့်သောဒီမိုကရေစီစနစ် (Pseudo Democracy)
စနစ်သာဖြစ်သည်။ ယနေ့ချိန်ထိလည်း မလေးရှားပြည်သူများ၏ဆန္ဒပြမှုများကို သူရဲဘောကြောင်စွာနှိပ်ကွပ်၍ ကမ္ဘာသို့လိမ်လည်ပြောဆိုသောနေရာ၌မူကား မြန်မာ(စစ်)အစိုးရနှင့် မတိမ်းမယိမ်းပင်။
လီကွမ်ယူ၏လက်အောက်တွင် အလားတူကျပ်မပြည့်သောဒီမိုကရေစီစနစ် (Pseudo Democracy) ကျင့်သုံးသော စင်္ကာပူနိုင်ငံတွင်လည်း နိုင်ငံရေးနှင့်ဆိုင်သောအမှုများနှင့် အာဏာရပီအေပီ (People Action Party, PAP) ပါတီဝင်များနှင့်ဆက်စပ်နေသော စီးပွားရေးဆိုင်ရာအမှုများတွင် ဘက်လိုက်မှုများရှိနေခဲ့သည်ဟု နိုင်ငံတကာရှေ့နေများအသင်း (Internaional Bar Association, IBA) မှစွပ်စွဲခဲ့၏။ သို့သော် စင်္ကာပူနိုင်ငံသည် (Transparency International, TI) မှနှစ်စဉ်ထုတ်ပြန်လေ့ရှိသော အကျင့်ပျက်ခြစားမှုအညွှန်းပြကိန်း (Corruption Perception Index, CPI) ၌ ထိပ်ပိုင်း၌သာရှိနေတတ်ပြီး မလေးရှားမှာမူ တနှစ်ထက်တနှစ်ပိုသာဆိုးလာနေ၏။ အကျင့်ပျက်ခြစားမှုကြောင့် မလေးရှားအစိုးရ၏ စွမ်းဆောင်ရည်ညံ့ဖျင်းကျဆင်းလာပြီး လာမည့် (၂၀၁၉) တွင် စုစုပေါင်းပြည်တွင်းထုတ်ကုန်ပမာဏ (GDP) နှင့် ဒီရေအလားမြင့်တက်လာနေသော အမျိုးသားကြွေးမြီ (National Debt) ပမာဏတို့ ထပ်တူကျတော့မည့်အလားအလာကိုရင်ဆိုင်နေရသည်။ ဒေသတွင်း နိုင်ငံများအနက်မှ ထိုင်းနှင့် အင်ဒိုနီးရှားတို့မှာမူ အရှေ့တောင်အာရှ၏ အားကောင်းသောဒီမိုကရေစီနိုင်ငံများ ဖြစ်ကြပါသည်။
မြန်မာနိုင်ငံမှာမူ နှစ်စဉ်နှစ်တိုင်း အကျင့်ပျက်ခြအစားဆုံးအနေအထားတခုနှင့် ဘိတ်ရှေ့အဆင့်လောက်တွင်သာ ကျောက်ချနေတတ်ပြီး စစ်ဖြစ်နေသော အာဖဂန်နစ္စတန်၊ အီရတ်၊ ဆိုမာလီယာလိုနိုင်ငံများနှင့် ပိန်မသာလိန်မသာဖြစ်နေလေ့ရှိ၏။ ပြောရန်ပင်လိုအပ်မည်မထင်ပါ။ ယနေ့မြန်မာသမ္မဒသိန်းစိန်၊ စာသာကောင်းကောင်းမတတ်သော်လည်း သူဋ္ဌေးဖြစ်ချင်သောစစ်ဗိုလ်ချုပ်တသိုက်နှင့် ဘာဘာဘာမှမသိပဲ ကိုယ်နှင့်မအပ်စပ်သည့် လွှတ်တော်ထဲဝင်ထိုင်နေရသော ဂလယ်အူကြောင် စစ်ဗိုလ်ခြေတက်တမတ်သားတို့မှ ဗရမ်းဗတာနှင့်ဦးဆောင်နေကြသော မြန်မာ(စစ်/ကြံ့ဖွံ့)အစိုးရမှ ကျင့်သုံးနေသည်ဟုဆိုသော မြန်မာနိုင်ငံ၏ Pseudo Democracy စနစ်သည် မလေးရှားလို၊ စင်္ကာပူလိုနိုင်ငံများမှကျင့်သုံးသော Pseudo Democracy ထက်ပင်များစွာနိမ့်ကျနေသေးသည်။
နိုင်ငံအားတိုးတက်အောင်မောင်းနှင်ပေးနိုင်မည့် စနစ်ကောင်းကိုချပေးနိုင်မည့် ခေတ်မှီ၍အားကောင်းသော ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း ယနေ့ချိန်ထိမရှိသေးပေ။ ယနေ့ချိန်ထိ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုများနှင့် ကိုယ်ကျိုးစီးပွားဦးစားပေးမှုများသာ ကြီးစိုးလွှမ်းမိုးနေပေ၏။ ထို့အပြင် ဖွံ့ဖြိုးမှုနိမ့်ကျ၍ နိုင်ငံရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး စသည့် အဓိကကျသော နယ်ပယ်အတော်များများ၌ ခေတ်နှင့်မလျော်ညီတော့သော ယဉ်ကျေးမှုစွဲနှင့် ရိုးရာအစဉ်အလာစွဲများက ကြီးစိုးလွှမ်းမိုးဆဲဖြစ်သည်။
ခေတ်နှင့်ဆီလျော်၍ နိုင်ငံ၏ဘက်စုံဖွံ့ဖြိုးတိုးတက်မှုကိုဆောင်ကြဉ်းပေးနိုင်မည့် ဖွဲ့စည်းပုံအခြေခံဥပဒေတရပ်၊ စစ်မှန်သောလွှတ်တော်၊ စွမ်းဆောင်ရည်မြင့်မားသော အုပ်ချုပ်ရေးအစိုးရ၊ လွတ်လပ်၍မှန်ကန်ဖြောင့်မတ်ကာ တရားမျှတမှုရှိသော တရားစီရင်ရေးစနစ်နှင့် ငွေရောင်အနားကွပ်ဟု အထက်၌တင်စားခဲ့သော တရားသူကြီးကောင်းများအား မြန်မာနိုင်ငံနှင့် မြန်မာပြည်သူများမှ ပိုင်ဆိုင်နိုင်ကြမည့်အချိန်ကိုမူ ဘုရားသခင်သာသိပေလိမ့်မည်။
Daniel Kane
0 comments:
Post a Comment