စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Saturday, February 18, 2012

ဘာကြောင့် ၀န်ထမ်းလစာ မတိုးသလဲ

ဝန်ထမ်းလစာ မတိုးရေး ရှင်းပြတဲ့ ဘဏ္ဍာရေးဝန်ကြီး လှထွန်း

ဘာကြောင့် ၀န်ထမ်းလစာ မတိုးသလဲ
ဒေါက်တာမန်း

အကြံပက်စက်တဲ့အစိုးရ

ဝန်ထမ်းလစာတွေ မတိုးသင့်တဲ့အကြောင်း ပြည်သူတွေနားမလည်တဲ့ စီးပွားရေးကိစ္စတွေ အကြောင်းပြပြီး ဘဏ္ဍာရေးဝန်ကြီးလှထွန်း ပြောတာတွေဟာ သမ္မတ စီးပွားရေးအကြံပေး ဒေါက်တာဦးမြင့်က အကြံပေးခဲ့တာလို့ သိရတယ်။ ၀န်ထမ်းလစာတွေ မတိုးသင့်တဲ့ အကြောင်းပြချက်တွေထဲမှာ ပင်စင်စားတွေနဲ့ ၀န်ထမ်းတွေကို ရန်တိုက်ပေးထားတယ်။ မဆိုင်တဲ့ ရွှေဈေး စပါးဈေးတွေ အကြောင်းပြထားတယ်။ ဘယ်သောဘယ်ကာလမှ ရမှန်းမသိတဲ့ ODA ပြည်ပအကူအညီတွေရမှ လစာတိုးရေး စဉ်းစားမလိုလို လုပ်ထားတယ်။ တော်တော်ပက်စက်တဲ့ အကြံအစည် ဖြစ်တယ်။ သိန်းစိန်အစိုးရရဲ့ ဇာတိသရုပ်ဖြစ်တဲ့ ဘီလူးခေါင်းစွပ်ထားတာ ပေါ်လာပြီ။

ဝန်ထမ်းလစာတိုးရေးကို ခုလို ပြည်သူနားမလည်တဲ့ စီးပွားရေးအကြောင်းပြချက်တွေနဲ့ ငြင်းဆိုတာ ကမ္ဘာမှာ မြန်မာတနိုင်ငံထဲသာ ရှိတယ်။ အစိုးရတရပ်က ၀န်ထမ်းလစာတိုးတာကို ဒေါက်တာဦးမြင့် အကြံပေးသလောက် ရှည်လျားပြီး မဆိုင်တာတွေနဲ့ အကြောင်းပြတာ အာရှဒေသတွင်းမှာလည်း မရှိပါ။

ထိုင်းအစိုးရ ၀န်ထမ်းလစာတွေ ဘယ်လိုတိုးသလဲ

မြန်မာအစိုးရက ၂၀၁၂ အတွက် ၀န်ထမ်းလစာမတိုးသင့်ပဲ ၂၀၁၃-၂၀၁၄ ကျမှ တိုးသင့်တဲ့အကြောင်း ၀န်ကြီးလှထွန်းက ပြောပေမယ့် ဘယ်လိုတိုးပေးမယ်ဆိုတာ အာမခံချက်မရှိပါ။ ထိုင်းအစိုးရနဲ့ နှိုင်းယှဉ်ကြည့်ရင် တက်လာတဲ့ ၀န်ကြီးချုပ် ယင်းလပ်အစိုးရက ၀န်ထမ်းလစာတွေ တိုးပေးမယ်လို့ ရွေးကောက်ပွဲမှာ ကတိပေးတာကို ခု အကောင်အထည်ဖော်နေပြီ။ အောက်ပါ ဇယားကိုကြည့်ပါ။


အထက်ပါ ဇယားကို ကြည့်ရင် ထိုင်းအစိုးရဟာ ၀န်ထမ်းလစာကို ၂ နှစ်ဆက်တိုက် ခွဲတိုးသွားတာ တွေ့ရမှာ ဖြစ်တယ်။ ဘာကြောင့် အဲသလို တိုးရသလဲဆိုတာကို ၀န်ကြီးလှထွန်း ရှင်းသလို ထိုင်းပြည်သူတွေ နားမလည်တဲ့ စီးပွားရေးအကြောင်းပြချက် တခုမှမပါပါ။ ရွေးကောက်ပွဲနိုင်ရင် လစာတိုးမယ်လို့ ၀န်ကြီးချုပ် ယင်းလတ်က ကတိပေးထားတယ်။ ဒါကြောင့် ခု ကတိအတိုင်း တိုးပေးတယ်။ ဒါပဲ။
“နေပြည်တော်မှာ ဝန်ထမ်းတွေကို လစာတိုးပေးခဲ့ပေမယ့် လစာနဲ့ မလောက်လို့ ခန္ဓာကိုယ်ကို အချိန်ပိုင်းနဲ့ ရောင်းပြီး အပိုဝင်ငွေရှာနေရတဲ့ ဝန်ကြီးဌာနတချို့က အမျိုးသမီးဝန်ထမ်းတချို့ ရှိနေသလို တိုးတဲ့ လစာနဲ့ မလုံလောက်လို့ ရုံးမှာ ခိုင်းတဲ့ အလုပ်မလုပ်ဘဲ ငြိမ်ငြိမ်ထိုင် ဆန္ဒပြနေတဲ့ အောက်ခြေဝန်ထမ်းတွေလည်း အများအပြားရှိတယ်လို့ သိရတာ ၀မ်းနည်းစရာကောင်းတယ်။ ဒါတွေကို သိန်းစိန်အစိုးရ မမြင်ယောင်ဆောင်နေတယ်။”
မြန်မာငွေနဲ့ နှိုင်းယှဉ်ပြရရင် သာမန်ဘွဲ့ရ ထိုင်းအစိုးရ၀န်ထမ်းတဦးလစာကို မြန်မာငွေ ၂ သိန်း ၃ သောင်း ၇ ထောင်ကျော်နဲ့ ညီမျှတဲ့ ထိုင်းဘတ်ငွေကနေ မြန်မာငွေ ၃ သိန်း ၃ ထောင်ကျော်နဲ့ ညီမျှတဲ့ ထိုင်းဘတ်ငွေ တိုးပေးခဲ့တာ ဖြစ်ပါတယ်။ မြန်မာဝန်ထမ်းတဦးရဲ့ အခြေခံလစာနဲ့ ဘယ်လောက်ကွာနေသလဲဆိုတာ ကိုယ့်ဘာသာ တွက်ကြည့်နိုင်အောင်ပါ။

သိန်းစိန်အစိုးရလည်း ၀န်ကြီးလှထွန်း ပြောသလို ၂၀၁၃ မှာ တိုးမယ်ဆိုရင် ဘယ်လိုတိုးမလဲ ဘယ်လောက် ရာနှုန်း တိုးမလဲဆိုတာ ထိုင်းအစိုးရလို တွက်ပြထုတ်ပြန်ပြီးသား အာမခံချက် ရှိရမယ်။ ခုတော့ ၂၀၁၃ မှာ ၀န်ထမ်းလစာတွေ ဘယ်လိုတိုးမလဲ ဘာမှ တွက်ပြထားတာ မရှိတဲ့အတွက် ဆောက်ဖြစ်မှ ကျောင်းဒကာလို့ ယူဆရမယ့်ကိန်းပါ။ လူလိမ်တွေကို ဆက်ယုံချင်သူတွေ ယုံကြပါ။

အမှန်တကယ်က တိုင်းပြည်မှာ ရတဲ့လစာ လုပ်ခနဲ့ ကုန်ဈေးနှုန်းမျှတနေရင် ဘာမှ ခဏခဏ လစာတိုးစရာ မလို။ လာဘ်ပေးလာဘ်ယူ ဖြစ်စရာမလို။ ဒါပေမယ့် လစာနဲ့ ကုန်ဈေးနှုန်း မျှတအောင် ဘယ်လိုလုပ်မလဲ ဆိုတာကျတော့ စီးပွားရေးအကြံပေး ဦးမြင့် ဘာမှမလုပ်နိုင်တာ တွေ့ရတယ်။ ထိုင်းနိုင်ငံမှာ အလုပ်သမားတဦး တနေ့ ဘတ် ၃၀၀ လုပ်ခ တိုးမယ်။ အစိုးရကတိအတိုင်း။ ထမင်းစရိတ် လမ်းစရိတ် နှုတ်ပြီး အနည်းဆုံး ဘတ် ၂၀၀ အိမ်ပြန်ပါအောင် သုံးနိုင်တယ်။ မြန်မာနိုင်ငံမှာ နေ့စားအလုပ်သမားတဦး ထမင်းစားပြီး လမ်းစရိတ်နှုတ်ပြီး အိမ်ကို ဘယ်လောက်ပါအောင် ရသလဲ နှိုင်းယှဉ်ကြည့်နိုင်တယ်။

အခြေခံလုပ်ခနှုန်း ကွာခြားတဲ့အတွက် အာဆီယံနိုင်ငံတွေက အလုပ်သမားတဦးရဲ့ တနှစ်ရတဲ့ လုပ်ခနှုန်း ဒေါ်လာနဲ့ ၂ဝဝ၈ ခုအတွက် တဦးချင်း ဂျီဒီပီ ရာနှုန်းကို ပြန်ကြည့်တဲ့အခါ မြန်မာအစိုးရဝန်ထမ်းတဦးက တနှစ်ကို ဒေါ်လာ ၄၁ဝ နဲ့ အနည်းဆုံး ဖြစ်နေတာတွေ့ရတယ်။ လာအိုနဲ့ ဗီယက်နမ်က ဒေါ်လာ ၁,ဝဝဝ ကျော်ပြီး ကမ္ဘောဒီးယားကတောင် ဒေါ်လာ ၆ဝဝ ကျော်တယ်။

နေပြည်တော်မှာ ဝန်ထမ်းတွေကို လစာတိုးပေးခဲ့ပေမယ့် လစာနဲ့ မလောက်လို့ ခန္ဓာကိုယ်ကို အချိန်ပိုင်းနဲ့ ရောင်းပြီး အပိုဝင်ငွေရှာနေရတဲ့ ဝန်ကြီးဌာနတချို့က အမျိုးသမီးဝန်ထမ်းတချို့ ရှိနေသလို တိုးတဲ့ လစာနဲ့ မလုံလောက်လို့ ရုံးမှာ ခိုင်းတဲ့ အလုပ်မလုပ်ဘဲ ငြိမ်ငြိမ်ထိုင် ဆန္ဒပြနေတဲ့ အောက်ခြေဝန်ထမ်းတွေလည်း အများအပြားရှိတယ်လို့ သိရတာ ၀မ်းနည်းစရာကောင်းတယ်။ ဒါတွေကို သိန်းစိန်အစိုးရ မမြင်ယောင်ဆောင်နေတယ်။

ထုတ်လုပ်မှုအပိုင်းနဲ့ ကြည့်ရင် ၂၀၁၀ ခုနှစ်အတွက် အာရှ-ပစိဖိတ်ဒေသတွင်း ဂျပန်နဲ့ ဆက်နွယ်တဲ့ ကုမ္ပဏီတွေရဲ့ ထုတ်လုပ်မှု လစာတွေကို JETRO အဖွဲ့က သုတေသနပြုရာမှာ မြန်မာက လစာအနည်းဆုံး ဖြစ်နေတာ အောက်ပါပုံမှာ တွေ့နိုင်တယ်။
“နောက်ဆုံးတော့ ရွှေမန်းနဲ့ သိန်းစိန် အားလုံးပေါင်းပြီး လူထုကို လိမ်တာပဲ။ ဒါကိုပဲ ရွှေမန်းကို ထိုင်ကန်တော့ချင်သူတွေ ရှိနေတာ အံ့အားသင့်စရာပါ။ အလိမ်ခံရတိုင်း ယုံသူတွေ များမှများ။ ရန်ကုန် လမ်းဘေး မျက်လှည့်ဝိုင်းလို ဘေးတီးပေးသူတွေ အလံရှူးတွေလည်း များမှများ။”


လုပ်ဇာတ်ကို အဟုတ်မှတ်သူများ

တကယ်တော့ ပြည်သူ့လွှတ်တော် ဥက္ကဌ ရွှေမန်းက ၀န်ထမ်းတွေကို စာနာသယောင်နဲ့ လစာတိုးသင့်တယ် ဆိုပြီး အချွန်နဲ့မတဲ့ အဆိုသွင်းတယ်။ ၀န်ကြီးလှထွန်းက စီးပွားရေးအကြံပေး ဒေါက်တာဦးမြင့် အကြံပေးတဲ့အတိုင်း ငြင်းတယ်။

အမှန်က စကတည်းက တိုးမပေးဘူးဆိုတာ ရွှေမန်းသိတယ်။ ဒါပေမယ့် ခိုင်းတာ လုပ်ရတယ်။ စစ်အစိုးရ လက်ထက်ကလို ဗိုလ်ချုပ်ခင်ညွန့်က ဒေါ်စုနဲ့ စကားပြောစေချင်တယ်၊ ဗိုလ်ချုပ်ကြီးသန်းရွှေ ခေါင်းမာနေလို့ ဆိုတဲ့ Good Cop, Bad Cop သီအိုရီ ထောက်လှမ်းရေး ကောလဟလနဲ့ သဘောချင်းအတူတူပဲ။

နောက်ဆုံးတော့ ရွှေမန်းနဲ့ သိန်းစိန် အားလုံးပေါင်းပြီး လူထုကို လိမ်တာပဲ။ ဒါကိုပဲ ရွှေမန်းကို ထိုင်ကန်တော့ချင်သူတွေ ရှိနေတာ အံ့အားသင့်စရာပါ။ အလိမ်ခံရတိုင်း ယုံသူတွေ များမှများ။ ရန်ကုန် လမ်းဘေး မျက်လှည့်ဝိုင်းလို ဘေးတီးပေးသူတွေ အလံရှူးတွေလည်း များမှများ။

အသုံးမကျတဲ့ အမတ်တွေ

တဘက်က ကြည့်ရင် လွှတ်တော်အမတ်တွေထဲမှာ စီးပွားရေးအခြေခံ ဗဟုသုတ အားနည်းသူတွေ များနေတယ်။ စီးပွားရေးနားလည်ပါတယ်ဆိုတဲ့ လသာကြည်မြင့်ဆိုတဲ့ အမတ်မျိုးတောင် ဘာကြောင့် ၀န်ထမ်းတွေကို လစာတိုးပေးထိုက်သလဲဆိုတာ ၀န်ကြီးလှထွန်းကို ချက်ကျလက်ကျ မချေပနိုင်ဘူး။ ပြည်သူအတွက် ဘာမှမလေ့လာတဲ့ အမတ်တွေကို ပြည်သူက ဆက်ပြီး အားပေးသင့်သလားဆိုတာ စဉ်းစားသင့်တယ်။ ဒါဟာ လွှတ်တော်အမတ်တွေဘက်က တာဝန်မကျေတာ ဖြစ်တယ်။ တာဝန်မကျေတဲ့ ဒီလိုအမတ်တွေကို အခြေခံဥပဒေအရ လူထုက စုပေါင်းလက်မှတ်ထိုးပြီး ဖြုတ်ချဖို့ လိုတယ်။ ဒဏ်ခတ်ဖို့ လိုတယ်။

လက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေးလုပ်နေတာ ဂုဏ်ယူနေတဲ့ အစိုးရကို တိုက်စရာ ရန်သူမရှိနေတာ့လို့ စစ်သည် ၄ သိန်း အင်အားရှိတဲ့ စစ်တပ်ကို အမြန်ဆုံး အင်အားလျှော့သင့်ကြောင်း အမတ်တွေက လွှတ်တော်မှာ တင်ပြသင့်တယ်။ စစ်သည် ၄ သိန်းကို စစ်အရာရှိ ၂၀ % စစ်သား ၈၀ % ထားပြီး လစာတွေ တွက်လို့ရတယ်။ ဒီလစာထဲကနေ စစ်သည်အင်အား ၃၀ % Lay-off လုပ်ရင် တိုင်းပြည်အတွက် ငွေဘယ်လောက်ထွက်လာမယ်။ ၄၀ % လျှော့ရင် ငွေဘယ်လောက်ထွက်မယ်။ ၅၀ % ၆၀ % လျှော့ရင် ငွေဘယ်လောက်ထွက်လာမယ် တွက်ပြပြီး လွှတ်တော်မှာ အဆိုပြုနိုင်တယ်။

နိုင်ငံရေးဘက်က စဉ်းစားကြည့်ရင် ကြားဖြတ်ရွေးကောက်ပွဲမှာ အန်အယ်ဒီကို ပေးစားချင်တဲ့အတွက် ၀န်ထမ်းမဲကို လစာတိုးပေးတဲ့နည်းနဲ့ ဒီတခါ မ၀ယ်သေးဘူးဆိုတဲ့သဘောလား ဆိုတာလည်း စဉ်းစားစရာ ဖြစ်တယ်။

မင်းကြီးတာကထွက်

သမ္မတသန်းစိန်အစိုးရအဖွဲ့ လစာတွေကျတော့ ၀န်ကြီးလှထွန်း ပြောတာတွေ တချက်မှ ထည့်မတွက်ဘဲ တိုးချင်တိုင်း တိုးပေးခဲ့တာ ပြန်ကြည့်ဖို့ လိုတယ်။

သမ္မတသိန်းစိန် လစာကို တလ ကျပ်ငွေ သိန်း ၅၀ ပေးထားတယ်။

ကျပ် သိန်း ၅၀ ဆိုတာ တရားဝင် ငွေလဲနှုန်း တဒေါ်လာ ၆ ကျပ်နဲ့ တွက်ရင် သမ္မတကြီး ဦးသိန်းစိန် ရမယ့် လစာဟာ တလကို အမေရိကန်ဒေါ်လာ ၈ သိန်း ၃ သောင်း ကျော်ပါတယ်။ ဒါကြောင့် တရားဝင် ငွေလဲနှုန်းနဲ့ တွက်ရင် သမ္မတကြီး ဦးသိန်းစိန်ရဲ့လစာက အမေရိကန်သမ္မတကြီး အိုဘားမားရဲ့ တလ၀င်ငွေထက် ၂၅ ဆ များနေသလို တလ ဒေါ်လာ ၂ သောင်းခွဲရတဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ထက်လည်း ၄ ဆနီးပါး များနေပါတယ်။ တွက်ရလွယ်အောင် တဒေါ်လာကို မှောင်ခိုဈေး ကျပ်တထောင်ထား တွက်ရင်တောာင် သမ္မတကြီး ဦးသိန်းစိန်ရဲ့လစာက တလကို အမေရိကန်ဒေါ်လာ ၅ ထောင် ရမှာဖြစ်ပါတယ်။

မှောင်ခိုငွေလဲနှုန်းနဲ့ ဆိုရင်တောင် သမ္မတကြီး ဦးသိန်းစိန်ရဲ့လစာက မြန်မာကို အကူအညီပေးနေတဲ့ အိန္ဒိယနိုင်ငံရဲ့ အမျိုးသမီးသမ္မတကြီး ပရာဒိဗ္ဗ ဒေ၀ီဆင်းပတ္တေးလ်ထက် ဒေါ်လာ ၂ ထောင် များနေသလို အိန္ဒိယ၀န်ကြီးချုပ် မန်းမိုဟန်ဆင်း လစာထက် ဒေါ်လာတထောင် များနေပါသေးတယ်။ အာဆီယံအဖွဲ့ဝင် ဗီယက်နမ်သမ္မတရဲ့ လစာက ဒေါ်လာ ၂၄၀ သာ ရှိတာမို့ မှောင်ခိုငွေလဲနှုန်းနဲ့ ဆိုရင်တောင် သမ္မတကြီး ဦးသိန်းစိန်ရဲ့လစာက ဗီယက်နမ်သမ္မတ လစာထက် အဆ ၂၀ များနေပါတယ်။

တနေ့ တဒေါ်လာအောက် ဆင်းရဲတွင်းနက်နေတဲ့ ပြည်သူတွေက တိုင်းပြည်လူဦးရေရဲ့ ၃၂ % ရှိနေတဲ့ မြန်မာနိုင်ငံမျိုးမှာ တဦးချင်း GDP ၄၆၉ ဒေါ်လာသာရှိတဲ့ မြန်မာလို နိုင်ငံမျိုးမှာ သမ္မတဦးသိန်းစိန်ရဲ့ လစာက ပြည်သူတဦးချင်း ဂျီဒီပီထက် ဆယ်ဆကျော် များနေတာမို့ နိုင်ငံတကာက ကြည့်ရင် အမြင်မတော် ဆင်တော်နဲ့ ခလောက်ဆိုတဲ့ကိန်း ဖြစ်နေပါတယ်။

သမ္မတ ဦးသိန်းစိန်ကို လစာတွေ ခုလောက် အများကြီးပေးဖို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တဦးတည်းက စစ်အစိုးရလက်ထက်မှာ လျှို့ဝှက်ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ စစ်အစိုးရလက်ထက်မှာ သူထုတ်ချင်တဲ့ ဥပဒေကို ထုတ်ခွင့်ရဖို့ ၂၀၀၈ အခြေခံဥပဒေက ခွင့်ပြုထားပါတယ်။ အရပ်သားအစိုးရ ခေါင်းဆောင်မယ့် သူတွေရဲ့ လစာကို ချီးမြှင့်ငွေ စရိတ်နဲ့ အဆောင်ယောင်များဆိုင်ရာ ဥပဒေ ၅ မျိုးနဲ့ ထုတ်ပြန် သတ်မှတ်ခဲ့တာပါ။ သမ္မတကြီး ဦးသိန်းစိန်အတွက် ကား ၆ စီးနဲ့ ယာဉ်မောင်း ၆ ဦး ဆိုပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဥပဒေနဲ့ ပြဌာန်းပေးထားပါတယ်။

ချုပ်ကြည့်ရင် သိန်းစိန်အစိုးရထဲမှာ သမ္မတက သိန်း ၅၀။ ဒု-သမ္မတ ၂ ဦးက တဦး သိန်း ၄၀။ တလကို ကျပ်ငွေ ၃၅ သိန်းရှိတဲ့ ရာထူးက ၃ မျိုး ရှိတယ်။ တလ သိန်း ၃၀ ရာထူးက ၁၁ မျိုး။ တလ သိန်း ၂၀ ရာထူးက ၁၄ မျိုး၊ တလ ၁၀ သိန်းရာထူး ၃ မျိုး။ တလ ၃ သိန်းရာထူး ၃ မျိုး။ တလ ၂သိန်းရာထူး ၂ မျိုး ရှိတယ်။ ကား ၄ စီး ခံစားခွင့်ရှိတဲ့ ရာထူးက ၆ မျိုး၊ ကား ၃ စီး ခံစားခွင့်ရှိတဲ့ ရာထူးပေါင်း ၁၆ မျိုး၊ ကား ၂ စီး ခံစားခွင့်ရှိတဲ့ ရာထူးပေါင်း ၆ မျိုး ရှိတယ်။ ကားတစီး ခံစားခွင့် ရာထူးပေါင်း ၂ မျိုး ရှိတယ်။

ဝန်ကြီးတွေရဲ့လစာ ကြည့်ရင် စစ်အစိုးရလက်ထက်မှာ တလကို ကျပ်ငွေ ၄ သိန်းရတယ်။ အခု ပြည်ထောင်စုဝန်ကြီးဆိုသူတဦး လစာက သိန်း ၃၀ ဆိုတော့ ခုနှစ်ဆခွဲ တိုးချင်တိုင်း တိုးပစ်တယ်။ ယခင် စစ်အစိုးရလက်ထက် ဒု-၀န်ကြီးလစာက တလကို ၃ သိန်း။ လက်ရှိ ပြည်ထောင်စု ဒု-၀န်ကြီးတဦးကို သိန်း၂၀ ဆိုတော့ ၆ ဆခွဲကျော် တိုးပစ်တယ်။ ဘယ်မှာလဲ ၀န်ကြီးလှထွန်း ပြောတဲ့ ရွှေဈေးတို့ စပါးဈေးတို့ ODA တို့။

ဒါတောင် ဒီအစိုးရကိုပဲ ကောင်းလှချည်ရဲ့ဆိုပြီး မြှောက်ပြောနေတဲ့ စာနယ်ဇင်းတွေ၊ မြှောက်ရေးနေတဲ့ စာရေးဆရာတွေ၊ မြှောက်ပင့်နေတဲ့ နိုင်ငံရေးသမားတွေ ဒုနဲ့ဒေး။ ဒီလိုလူတွေ ဒီလိုစာနယ်ဇင်းတွေကို ၀ိုင်းပြီး ရှုတ်ချဆန္ဒြုပသင့်တယ်။

မြန်မာစစ်အစိုးရရဲ့ ဝန်ထမ်းလစာ တိုးပေးတဲ့ သမိုင်းကြောင်းကို ပြန်ကြည့်ရင် အရပ်ဘက်ဝန်ထမ်းနဲ့ စစ်ဘက်ဝန်ထမ်းတွေကို တပြိုင်တည်းလိုလို တိုးပေးလေ့ရှိတဲ့ပြင် လစာနှုန်းထားတွေလည်း သိပ်မကွာဘူးလို့ ထင်စရာရှိပါတယ်။ ဒါပေမယ့် စစ်ဘက်ဝန်ထမ်းတွေကို သိသိသာသာ လစာနဲ့ ခံစားခွင့် တိုးပေးသလားဆိုတာ ပြန်ကြည့်ဖို့ လိုတယ်။


အရပ်ဘက်ဝန်ထမ်းတွေကို အဆင့် ၁၂ ဆင့်ခွဲပြီး သတ်မှတ်ထားပါတယ်၊ အောက်ဆုံးအဆင့် ရုံးစောင့်လို ရာထူးကနေ အမြင့်ဆုံး ညွှန်ကြားရေးမှူးချုပ် အဆင့်ဖြစ်ပါတယ်၊ ၂ဝဝ၆ ခုမှာ တိုးခဲ့တဲ့ လစာနှုန်းသစ်အရ အရပ်ဘက်မှာ အောက်ဆုံးအဆင့် ဝန်ထမ်းက ကျပ်ငွေ တသောင်းခွဲရသလို စစ်ဘက်အဆင့်မှာလည်း အောက်ခြေတပ်သားသစ်ကို တသောင်းခွဲ ပေးထားတယ်။ အရပ်ဘက်မှာ အမြင့်ဆုံး ညွှန်ချုပ်လို ရာထူးကို တလ တသိန်း ၉ သောင်း ပေးထားပေမယ့် စစ်တပ်မှာ တသိန်း ၉ သောင်း ရသူက ဗိုလ်မှူးကြီးအဆင့်ပဲ ရှိပါသေးတယ်။

လူတန်းစားသစ် စစ်တပ်လစာ

စစ်တပ် ဗိုလ်မှူးကြီးတဦး လစာကို အရပ်ဘက် အမြင့်ဆုံးရာထူးလစာနဲ့ တန်းတူညှိပေးထားတာကြည့်ရင် ဗိုလ်မှူးကြီးအထက် စစ်ဘက်ရာထူးမှန်သမျှဟာ လစာနဲ့ ခံစားခွင့် များစွာရထားသူတွေမို့ မြန်မာနိုင်ငံ ဝန်ထမ်းလောကရဲ့ အခွင့်ထူးခံလူတန်းစားလို ဖြစ်နေတယ်။

အရပ်ဘက်ဝန်ထမ်းတွေကို အဆင့် ၁၂ ဆင့်လုံး ကျပ်ငွေ ၂ သောင်းစီ တိုးပေးသလို စစ်ဘက် ရာထူးတွေကိုလည်း တပ်သားသစ်ကနေ ဗိုလ်မှူးကြီးထိ ကျပ်ငွေ ၂ သောင်းစီ တိုးပေးထားတယ်။ ဒါတင်မက စစ်ဘက်မှာ တလ ၃ဝဝဝ ပေးနေတဲ့ ရိက္ခာစိုစရိတ်ကို တလ ၉ ထောင် တိုးလိုက်တဲ့အတွက် စစ်ဘက်ဝန်ထမ်းတဦး တလ လစာ သုံးသောင်းနီးပါး တိုးရမှာဖြစ်ပါတယ်၊ ဒီကြားထဲ စစ်ဘက်ရာထူး အဆင့်တိုင်းကို သက်စွန့်ဆံဖျား တာဝန်ထမ်းဆောင်ကြေး အပိုဆောင်းငွေ တလ ကျပ်ငွေ ၅ ထောင် ပေးထားပါသေးတယ်။


ကနေ့ဆိုရင် စစ်တပ်ထဲက လုပ်သက် ၂၅ နှစ်ရှိတဲ့ အရာခံဗိုလ်လို ပုဂ္ဂိုလ်တွေကို စစ်မှုထမ်းကောင်းဆုအဖြစ် ရွှေ ၃ ကျပ်သား ဆုချဖို့ စစ်အစိုးရက ပြင်ဆင်နေတယ်။ ဒါပေမယ့် အရပ်ဘက်အမှုထမ်းကောင်းတွေကိုတော့ ရွှေ ၃ ကျပ်သား ဆုချဖို့ အစီအစဉ်မရှိဘူးလို့ သိရတယ်။

ဗိုလ်မှူးချုပ်တဦးရဲ့ လစာက ၃ သိန်း ရှိပြီး ဗိုလ်ချုပ်တဦးရဲ့လစာက ၄ သိန်း ရှိပါတယ်၊ စစ်အစိုးရ ဝန်ကြီးတဦးရဲ့ လစာကိုလည်း စစ်အစိုးရလက်ထက် ၄ သိန်းပေးထားတဲ့အတွက် ဝန်ကြီးတဦးနဲ့ ဗိုလ်ချုပ်တဦး တန်းတူဖြစ်နေပါတယ်။

ဒုတိယ ဗိုလ်ချုပ်ကြီးတဦးရဲ့ လစာကို ၆ သိန်း ပေးထားပြီး ဗိုလ်ချုပ်ကြီးတဦးရဲ့လစာကို ၈ သိန်း ပေးထားတယ်။ ဆိုလိုတဲ့သဘောက တိုင်းပြည်အုပ်ချုပ်ရေး တာဝန်ယူထားရတဲ့ ဝန်ကြီးတဦးက ဒု-ဗိုလ်ချုပ်ကြီးတဦးလောက် အရေးမပါတဲ့သဘော ဖြစ်နေတယ်။ ဒု-ဝန်ကြီးတဦးရဲ့လစာကို ၃ သိန်း ပေးထားတာမို့ ဗိုလ်မှူးချုပ်တဦးနဲ့ တန်းတူဖြစ်နေတယ်။ တဘက်ကြည့်တော့လည်း လစာ ၄ သိန်း သာရတဲ့ တချို့ဝန်ကြီးတွေ ကား ၂ ဒါဇင်ကျော် ထည်လဲစီးနေတာ ဘယ်ကရတဲ့ ငွေနဲ့ ဝယ်သလဲလို့ မေးစရာရှိတယ်။

ဥပမာ - စစ်အစိုးရလက်ထက် စက်မှု (၂) ဝန်ကြီး လုပ်ခဲ့တဲ့ ဗိုလ်ချုပ်စောလွင်ဆိုရင် ဗိုလ်ချုပ် ဆက်လုပ်လည်း လစာ ၄ သိန်း ရမှာဖြစ်သလို ဝန်ကြီးလစာကလည်း ၄ သိန်း ဖြစ်တယ်။ ဒါပေမယ့် အိမ်မှာ ကား ၂၇ စီး ထည်လဲစီးနေပြီး မကြာခင် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးအဖြစ် ပြောင်းရွှေ့အရေးယူခဲ့သတဲ့။ စက်မှု (၁) ဝန်ကြီး ဦးအောင်သောင်းဆိုရင်လည်း အိမ်မှာ ကား ၁၇ စီးတောင် ထည်လဲစီးခဲ့တယ်။

ပင်စင်မယူခင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ လက်ရှိလစာဆိုရင် ၁၂ သိန်းဖြစ်ပြီး ဒု-ဗိုလ်ချုပ်မှူးကြီး မောင်အေးရဲ့ လစာက ၁ဝ သိန်း ဖြစ်ပါတယ်။ ၂ဝဝဝ ခုနှစ် ဧပြီတရက်နေ့မှာ တိုးတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အခြေခံလစာက တသိန်း ၅ သောင်းဖြစ်တယ်။ ၂ဝဝ၆ ခုနှစ်မှာ ထပ်တိုးတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ လစာက တလကို ၁၂ သိန်း ဖြစ်တာမို့ ၆ နှစ်အတွင်း ၇ဝဝ ရာခိုင်နှုန်း တိုးလိုက်တဲ့ သဘောဖြစ်ပါတယ်။ ဘာကို အခြေခံ တိုးခဲ့သလဲဆိုတာ အဲဒီအချိန်က ဘဏ္ဍာရေးဝန်ကြီးလုပ်ခဲ့တဲ့ လှထွန်း ရှင်းစေချင်တယ်။

ဝန်ထမ်းလစာ မတိုးရေး အကြံပေးတဲ့ စီးပွားရေးအကြံပေး ဦးမြင့်

၂ဝဝဝ ခုနှစ် ဧပြီတရက်နေ့မှာ တိုးတဲ့ ဗိုလ်ချုပ်ကြီးတဦးရဲ့လစာက တလကို တသိန်းပဲရှိတယ်။ ၂ဝဝ၆ ခုနှစ်မှာ ထပ်တိုးတဲ့ ဗိုလ်ချုပ်ကြီးတဦးရဲ့ လစာသစ်က ရှစ်သိန်း ဖြစ်တယ်။ ဒါကြောင့် ၆ နှစ်အတွင်း မြန်မာ ဗိုလ်ချုပ်ကြီးတဦးရဲ့ လစာလည်း ၇ဝဝ ရာနှုန်း တက်လာတယ်။

မြန်မာဒု-ဗိုလ်ချုပ်ကြီးတဦးရဲ့လစာက ၆ နှစ်အတွင်း တလ ၇ သောင်းကနေ ၆ သိန်းထိ တိုးပေးတာမို့ ၇၅၇ ရာနှုန်း တက်လာပါတယ် မြန်မာဗိုလ်ချုပ်တဦးရဲ့ လစာက ၆နှစ်အတွင်း တလ ၅ သောင်းကနေ ၄ သိန်းထိ တိုးပေးတာမို့ရာခိုင်နှုန်း ၇ဝဝ တိုးလာပါတယ်။

၂ဝဝ၆ ခုနှစ် မြန်မာ့တပ်မတော် ဝန်ထမ်းတွေကို တိုးမြှင့်ပေးတဲ့ လစာကိုကြည့်ရင် အုပ်စုသုံးစု ခွဲပြီး လစာတိုးပေးတာ တွေ့ရတယ်။

အခြေခံတပ်သားတဦးရဲ့ လစာက ၃ ထောင်ကနေ တသောင်း ၅ ထောင် ဖြစ်သွားတဲ့အတွက် ၄ဝဝ ရာခိုင်နှုန်း တိုးပါတယ်။ တနည်းပြောရရင် တပ်သားအဆင့်ကနေ တပ်ကြပ်ကြီးအဆင့်ထိ ရာခိုင်နှုန်း ၄၀၀ ကျော် တိုးပေးခဲ့တယ်။ ခွဲတပ်ကြပ်ကြီးအဆင့်ကနေ အရာခံဗိုလ်ထိ ၆၀၀ ရာခိုင်နှုန်းကျော် တိုးပေးပြီး ဒု-ဗိုလ်အဆင့်ကနေ ဗိုလ်မှူးချုပ်အဆင့်ထိကိုတော့ ရာနှုန်း တထောင်ကျော်ထိ အများဆုံး တိုးမြှင့်ပေးခဲ့တယ်။ ဗိုလ်ချုပ်အဆင့်ကနေ ဗိုလ်ချုပ်မှူးကြီးအဆင့်ကို ၇ဝဝ ရာခိုင်နှုန်းဝန်းကျင်ထိ တိုးပေးပါတယ်။

တပ်မတော်ရဲ့ လစာနှုန်းသစ် တိုးပေးတဲ့ ကိန်းဂဏန်းတွေကို ကြည့်ရင် ဒု-ဗိုလ်အဆင့်ကနေ ဗိုလ်မှူးကြီးအဆင့်ထိ အမျာဆုံး တိုးပေးထားပြီး တပ်သားအဆင့်ကနေ အရာခံဗိုလ်အဆင့်ဟာ လစာတိုးတာ အနည်းဆုံး ဖြစ်တယ်။ တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့လစာမျိုး အရပ်ဘက် ဝန်ထမ်းလောကမှာ တိုးပေးတာ မရှိသလို စစ်ဘက်မှာဘဲ အောက်ခြေကို တိုက်ရိုက်ကွပ်ကဲတဲ့ ရာထူးအဆင့်တွေကိုသာ အထူးဦးစားပေး တိုးပေးတာ တွေ့ရတယ်။ ။

ဒေါက်တာမန်း
(Swe Swe Kyi's Facebook)

2 comments:

ဦးသိန်းစိန် ကောင်းတာတွေ ဦးရွေမန်းကောင်းတာတွေ မသိဘူး ဒါပေမယ့် ကျပ်တည်းပြီး အခက်ခဲဖြစ်နေတဲ့ အစိုးရ၀န်ထမ်းတွေရဲ့ဘ၀ကို တနိုင်ငံလုံးသိအောင် ဖော်ထုတ်ပြောပြတာကိုပဲ ကျေးဇူးတင်လှပြီ။အောက်ဆိုဒ်မရှိပဲ တကယ်ကျပ်တည်းနေတဲ့အောက်ခြေ၀န်ထမ်းတွေ မိသားစုဝင်တွေရဲ့ဘ၀ကို စာနာသနားပေးကြပါဗျာ။လိုက်မပိတ်ကြပါနဲ့။တကယ်ကျပ်တည်းနေလို့ပါဗျာ။လခတိုးပေးဖို့စကားကို ခုလိုချိန်မှာ ဘယ်သူပဲပြောပြော သူက ကျုပ်တို့ရဲ့သူရဲကောင်းပဲ။မွဲချာနေတဲ့ဝန်ထမ်း(ခိုးစားတဲ့သူတွေ မပါ)တွေရဲ့ဘ၀ကို စာနာသနားသောအားဖြင့် ဒီလခတိုးမယ့်ကိစ္စကိုတော့ မပိတ်ပင်ကြပါနဲ့ဗျာ။

ဝန်ထမ်းလစာတိုးတယ်ဆိုတာ ဝမ်းသာစရာပါ။နေပြည်တော်မှာလစာဘယ်တုန်းကများတိုးလိုက်တာလဲ ဝန်ထမ်းလစာဆိုတာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ Rank အရ အတူတူပဲပေးတာပါ။ ဘယ်နယ်အတွက်ဆိုဘယ်လောက်ဆိုပီး မရှိပါဘူး