နေပြည်တော်၊ ဇူလိုင်-၁၇
နေပြည်တော်ကောင်စီနယ်မြေအတွင်း ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခွင့်ရရှိရန်နှင့် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တွင် လွမ်းသူ့ပန်းခွေချရန်၊ စီတန်းလမ်းလျှောက်ခွင့်ပြုရန်အတွက် သက်ဆိုင်ရာအာဏာပိုင်များထံ ခွင့်ပြုချက်လျှောက်ထားခဲ့သူနှစ်ဦး၏ လျှောက်လွှာများပယ်ချခံခဲ့ရကြောင်း စုံစမ်းသိရသည်။
လျှောက်ထားသူနှစ်ဦးအနက် တစ်ဦးဖြစ်သည့်နေပြည်တော်ပျဉ်းမနားမြို့မှ နိုင်ငံရေးစိတ်ဝင်စားသူကိုမျိုးတေဇမောင်က ''ည ၇ နာရီလောက်ကပဲ ခေါ်လို့သွားလိုက်တယ်။ ကျွန်တော်တို့လမ်းလျှောက်မယ့်နေရာက မြို့လယ်လူစည်တဲ့နေရာဖြစ်လို့ အသွားအလာပိတ်ဆို့မှုတွေ၊ နှောက်ယှက်မှုတွေဖြစ်မှာစိုးလို့ ဒါကိုပယ်ချတယ်လို့ပြောပါတယ်။ အခုလည်းအယူခံထပ်တင်မလို့ပဲ။ ဒါပေမဲ့မရဖို့တော့များပါတယ်'' ဟုပြောကြားသည်။
၎င်းသည်လူအင်အား ၅၀ မှ ၁၀၀ ကြားဖြင့် ပျဉ်းမနားမြို့ ငွေဆောင်ရုပ်ရှင်ရုံရှေ့မှစတင်ကာ ရှမ်းကန်အထိလမ်းလျှောက်ပြီး ရှမ်းကန်ရှိဗိုလ်ချုပ်ကြေးရုပ်တွင် လွမ်းသူ့ပန်းခွေချခွင့်ပြုရန် လျှောက်ထားခဲ့ခြင်းဖြစ်သည်။ ယခင်တပ်မတော်အစိုးရလက်ထက်က နိုင်ငံပိုင်သတင်းစာများတွင်ဆောင်းပါးများရေးသားသူ ငါးမင်းဆွေ(ဦးမင်းဆွေ)၏ တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်ခွင့်ရရှိရန် လျှောက်ထားမှုမှာလည်း ပယ်ချခံခဲ့ရကြောင်းစုံစမ်းသိရသည်။
ငါးမင်းဆွေ(ဦးမင်းဆွေ) အနေဖြင့် ဒက္ခိဏသီရိမြို့နယ်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးချုပ်ရှေ့တွင်လည်းကောင်း၊ ဇဗ္မူသီရိမြို့နယ်ရှိ ရွှေကြာပင်ရပ်ကွက်တွင်လည်းကောင်း၊ တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်ခွင့်ရရန် လျှောက်ထားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ၄င်းသည်လွှတ်တော်ကိုယ်စားလှယ်များ ယခင်နှစ်က ကားပါမစ်ယူပြီးအကျိုးအမြတ်ယူသည့် အကြောင်းအရာအပေါ် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခြင်းကို အာဇာနည်နေ့တွင်ပင် ထုတ်ဖော်ခွင့်ရရှိရန် သက်ဆိုင်ရာအာဏာပိုင်များထံလျှောက်ထားခဲ့ခြင်းဖြစ်သည်။
by 7Day News Journal
0 comments:
Post a Comment