စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Tuesday, August 14, 2012

အတိုအရှည် ညီမျှပါမှ




ကုလားထိုင် တစ်လုံးဖြစ်ဖြစ်၊ စားပွဲတစ်လုံးဖြစ်ဖြစ် ခြေထောက်လေးချောင်းလုံးညီမှ ထိုင်လို့ ကောင်း၏။

ဒီမိုကရေစီစနစ်မှာလည်း အုပ်ချုပ်ရေး၊ လွှတ်တော်၊ တရားရေး၊ စာနယ်ဇင်း လေးခုလုံးညီညာမှ ပြည်သာမည်ဖြစ်၏။ ဒါကိုပင် Check and Balance လို့ ဆိုပြန် သည်။

ဒီမှာက Check ကိုပဲပြောနေသည်။ အပြန်အလှန်ညီမျှနေဖို့လိုအပ်သည့် Balance ကိုမေ့နေ ပုံရ၏။

အခု လွှတ်တော်က သမ္မတကို အခြေခံဥပဒေခုံရုံးက တရားသူကြီးများအား ထွက်ပေးဖို့ မေတ္တာရပ် ခံခိုင်းနေပြီ။ အခြေခံဥပဒေအရ တရားရုံးကို သမ္မတက အမိန့်ပေးလို့လည်းမရ၊ မေတ္တရပ်လို့လည်း မရ။ ဒီလိုလုပ်လို့ရတယ်ဆိုရင်လည်း တရားရေးလွတ်လပ်မှုမရှိတော့ပြီ။

သမ္မတကမလုပ်ရင် လွှတ်တော်က စွတ်စွဲပြီးတရားသူကြီးအားလုံးဖယ်ရှားမည်ဟု ဆို၏။ ဘာအကြောင်းနဲ့ အပြစ်တင်ဖယ်ရှားမလဲဆိုတော့ တာဝန်မကျေလို့ ဆိုပဲ။ တာဝန်မကျေဘူး ဆိုရင် တရားရုံးက လုပ်သမျှ ဆုံးဖြတ်သမျှ အမှုအားလုံးကို သုံးသပ်မှ ရမည်။ လွှတ်တော်က မကြိုက်တဲ့အမှုတစ်ခုထဲနဲ့ ပြောလို့မရ။ တရားရုံးကိုလွတ်လပ်စေချင်လို့ တရားသူကြီးကို ခန့်တာကိုက သမ္မတက သုံးယောက် အောက်လွှတ်တော်က သုံးယောက် အထက်လွှတ်တော်က သုံးယောက် ခန့်ထားတာ ဖြစ်သည်။ ကြည့်ရတာ ငါ

့တို့ခန့်ထားတဲ့လူတွေက ငါတို့ဘက်ကမလိုက်ဘူးဆိုပြီး အမတ်မင်းများစိတ်ဆိုးသည်ထင်၏။ ဒါပေမယ့် တရားရေးလွတ်လပ်မှုဆိုတာကလည်း စဉ်းစား သင့် သည်မဟုတ်ပါလား။

ဒါပေမယ့် အမတ်အများစုက ညီရင်တော့ ဤကို ကျွဲဖတ်လို့ရသည်။ တရားသူကြီးအားလုံး အနားပေးလိုက်ပြီဆိုပါတော့။ နောက်ထပ် လွှတ်တော်က ခန့်သည့် တရားသူကြီးများက လွှတ်တော်က ဥပဒေမှန်သမျှ ခေါင်းငြိမ့်ရမည့် အခြေအနေရောက်သွားတော့မည်။ ဒါတင်မက အမတ်မင်းများက ကိုယ့်မြို့ကိုယ့်ရွာက တရားသူကြီးများကိုပင် ဘာထင်သလဲ အခြေခံဥပဒေ တရားရုံးတောင်ကိုင်လာတာကွဆိုပြီး သဟောက်သဟ လုပ်လာနိုင်သေးသည်။

စာနယ်ဇင်းတွေလည်း စက်ကွင်းမလွတ်နိုင်။ နောင် လွှတ်တော်အမတ်တွေကို ဥပဒေတွေကို ဝေဖန်လာပြီဆိုပါစို့၊ လွှတ်တော်က အမျက်ရှပြီး စာနယ်ဇင်းလွတ်လပ်ခွင့်ကို ထိန်းမယ့် ဥပဒေတစ်ခု ပြဋ္ဌာန်းပြီဆိုပါတော့။

အခြေခံဥပဒေတရားရုံးက အခြေခံဥပဒေနှင့်မညီဆိုပြီး ပယ်ဖျက်ရဲပါတော့မလား။

တစ်ခြားနိုင်ငံမှာလို သမ္မတက လွှတ်တော်ဥပဒေကို လက်မှတ်မထိုးပဲ ဗီတိုအာဏာသုံးပယ်ခွင့်လည်း မရှိ။ အဲဒီဗီတိုကို ပြန်ပယ်ဖျက်ဖို့လိုအပ်တဲ့ အမတ်အရေအတွက် ကိုလည်း သတ်မှတ်မထား။ တရားရုံးကမှ မလုပ်ရင် လုပ်မယ့်သူမရှိတော့။



ဒါဆိုရင် ခြေထောက်တစ်ချောင်းက သုံးချောင်းထက် ပိုရှည်သွားတော့မည်။

ဒီကုလားထိုင်၊ ဒီစားပွဲ ထိုင်လို့ကောင်းပါ့မလား။ ငြိမ်ပါအုံးမလား။

စဉ်းစားတော်မူကြပါကုန်

by Sit Aung 

0 comments: