စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Monday, August 20, 2012

Custom ROM ဆိုတာ ဘာလဲ


Android ထုတ်ကုန်အသုံးပြုသူများအနေဲ့ Android နဲ့သက်ဆိုင်တဲ့ သတင်းဝက်ဘ်ဆိုက်တွေထံ လည်ပတ် ရောက်ရှိတဲ့အခါမှာ ROM တွေရဲ့ အကြောင်းကို ကြားဖူးကောင်း ကြားဖူးပါလိမ့်မယ်။ ဒါပေမဲ့ Android အသုံးပြု သူအများစုဟာ ROM တွေရဲ့ အကြောင်းကို နားလည်သိရှိကြပေမယ့် အချို့သောသူများကတော့ ROM တွေရဲ့ အကြောင်းနဲ့ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း မသိရှိကြပါဘူး။ ဒါကြောင့် custom ROM တွေရဲ့ အကြောင်းကို မသိသေးသူများ အတွက် custom ROM တွေရဲ့အကြာင်းကို ဖော်ပြလိုက်ပါတယ်။

ပထမဦးဆုံးအနေနဲ့ ROM ဆိုတာ ဘာလဲ ဆိုတာကို ရှင်းပြပါမယ်။ ROM ဆိုတဲ့အသုံးအနှုန်းဟာ သိုလှောင်မှုချစ်ပ်တွေပါဝင်တဲ့ Read-Only-Memory ကို အတိုကောက် ခေါ်ဆိုထားခြင်းဖြစ်ပါတယ်။ ROM ပါဝင်တဲ့ Gameboy ဂိမ်းတွေမှာ ဂိမ်းတွေကို save လုပ်ဖို့အတွက် သီးခြားနေရာရှိပေမယ့် ဂိမ်းတွေကတော့ Read-Only ဖြစ်တဲ့အတွက် modify ပြုလုပ်နိုင်ခြင်းမရှိပါဘူး။ ဒီအသုံးအနှုန်းကို Android မှာရည်ညွှန်းအသုံးပြု တဲ့အခါမှာတော့ Firmware လို့ သုံးနှုန်းတာ အနီးစပ်ဆုံး မှန်ကန်တယ်လို့ ဆိုရပါမယ်။

ROM ကို Android ထုတ်ကုန်တွေမှာ install လုပ်တယ်ဆိုတဲ့ အဓိပ္ပာယ်ဟာ Android software/system file တွေကို ဖျက်ခြင်း (သို့) လက်ရှိဖိုင်အဟောင်းကို အသစ်နဲ့အစားထိုးခြင်းကို ဆိုလိုခြင်းဖြစ်ပါတယ်။ ဒီနည်းလမ်းဟာ ကွန်ပျူတာ operating system (Windows 7, OS X, Linux) တို့ကို re-install လုပ်တဲ့ လုပ်ငန်းစဉ်နဲ့ တူညီပါတယ်။

Custom ROMs ဆိုတာ ဘာလဲ

Android ROM တွေမှာ stock ROM နဲ့ custom ROM ဆိုပြီး နှစ်မျိုးရှိပါတယ်။ Stock ROM ဆိုတာကတော့ Android ဖုန်းကို ဝယ်ယူလိုက်တဲ့အခါမှာ ပါဝင်လာတဲ့ ဖုန်းရဲ့ operating system ဖြစ်ပါတယ်။

Custom ROM ဆိုတာကတော့ Android ဖြန့်ချိမှုတစ်ခုကို ပြုပြင်မွမ်းမံထားခြင်း ဖြစ်ပါတယ်။ Google ဟာ Android source code ကို မည်သူမဆို ပြောင်းလဲအသုံးပြုနိုင်အောင် ပြုလုပ်ပေးထားတာကြောင့် လူအများဟာ ၎င်း code ကို ကိုယ်တိုင်ပြောင်းလဲကြပြီး feature များထည့်သွင်းကြသလို နှစ်သက်ဖွယ်ကောင်း တဲ့ tweak များနဲ့ ပြောင်းလဲဖြန့်ဝေကြပါတယ်။ ဒါကြောင့် custom ROM တစ်ခုကို homescreen ပြောင်းလဲခြင်း၊ background ဝန်ဆောင်မှုများနဲ့ default software စတာတွေပါဝင်တဲ့ Android ကို ထုတ်ကုန် တစ်ခုပေါ်မှာ ပိုမိုကောင်းမွန်စွာ အလုပ်လုပ်နိုင်ဖို့အတွက် custom code ပြောင်းလဲပြင်ဆင်မှုအချို့ ပြုလုပ်ထားခြင်းလို့ အဓိပ္ပာယ်ဖွင့်ဆိုနိုင်ပါတယ်။

Software ကျွမ်းကျင်ပညာရှင်များဟာ လျင်မြန်ပြီး feature အများစု ဖြည့်စွက်ထားတဲ့ ROM တွေကို အတူတကွပူးပေါင်း တည်ဆောက်ကြပါတယ်။ လက်ရှိမှာ နာမည်ကျော်နေတဲ့ ROM များကတော့ Android ထုတ်ကုန် ၇၀ ကျော်အတွက် အထောက်အပံ့ပေးတဲ့ CyanogenMod, ပြုပြင်ပြောင်းလဲမှုများစွာပြုလုပ်ထား ပြီးပေါ့ပါးတဲ့ ROM ဖြစ်တဲ့ AOKP, အမြင် ကောင်းမွန်အောင် အဓိကထားပြုလုပ်ထားတဲ့ ROM ဖြစ်တဲ့ Android Revolution တို့ဖြစ်ပါတယ်။ ဒါပေမဲ့ အဆိုပါ Android တည်ဆောက်မှုများကို သာမန်လူများကသာ ပြုလုပ်ထား ခြင်းဖြစ်ပြီး HTC နဲ့ Samsung တို့မှ developer များက ပြုလုပ်ထားခြင်းမျိုးမဟုတ်ပေမယ့် အားနည်းချက်အများ အပြားမရှိသလို အသုံးပြုတဲ့အခါမှာလည်း အန္တရာယ်မရှိစေပါဘူး။ အချို့သော အခြေအနေများတွင် community များက တည်ဆောက်ထားတဲ့ software တွေဟာ ဆယ်ဆမက ပိုမိုကောင်းမွန်တာကိုတွေ့ရပြီး ဖြန့်ချိတဲ့အချိန်ကလည်း တစ်ခုတစ်ခု ဝေးကွာခြင်းမရှိပါဘူး။

Android အသုံးပြုသူများအနေနဲ့ HTC နဲ့ Samsung တို့ရဲ့ လက်ရှိ software နဲ့ပတ်သက်ပြီး စိတ်ကျေနပ်မှုမရှိ ဘူးဆိုရင် အောက်ဖော်ပြပါ ဝက်ဘ်ဆိုက်များထံ သွားရောက်လည်ပတ်ပြီး လေ့လာနိုင်ပါတယ်။ လက်ရှိ နာမည် ကျော်နေတဲ့ ROM သုံးခုကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

- CyanogenMod, http://www.cyanogenmod.com ကတော့ Android ထုတ်ကုန်တွေကို လျင်မြန်စွာနဲ့ အသုံးပြုနိုင်စေမယ့် ROM ဖြစ်ပါတယ်။

- AOKP, http://aokp.co ကလည်း နာမည်ကျော် ROM တစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ ထုတ်ကုန်အများစုအတွက် အထောက်အပံ့ပေးထားခြင်းမရှိပေမယ့်လည်း လေ့လာရကျိုးနပ်စေမယ့် ROM ဖြစ်ပါတယ်။

- Android Revolution HD, http://forum.xda-developers.com/showthread.php?t=840040 မှာတော့ HTC ထုတ်ကုန်များကို အများစု အထောက်အပံ့ပေးထားပြီး Asus Transformer နဲ့ Galaxy Nexus တို့ကိုလည်း အထောက်အပံ့ပေးထားပါတယ်။

Custom ROM များကို အသုံးပြုခြင်းကြောင့် ရရှိသည့် အကျိုးကျေးဇူးများ

- Android ဖြန့်ချိမှုအသစ်ကိုရရှိလိုတဲ့အခါမှာ လပေါင်းများစွာ စောင့်ဆိုင်းရပါတယ်။ ဒါပေမဲ့ custom ROM developer များကတော့ ရက်သတ္တပတ်အနည်းငယ်အတွင်း ဖြန့်ချိပေးနိုင်ပါတယ်။ ဒါ့အပြင် feature သစ် တွေပါဝင်ပြီး အားနည်းချက်တွေကိုပြင်ဆင်ပေးထားတဲ့ update တွေကို မကြာခဏဆိုသလို ဖြန့်ချိတဲ့အတွက် ထုတ်ကုန်တွေကို လျင်မြန်စွာနဲ့ အသုံးပြုနိုင်စေပါတယ်။ Custom ROM အများစုကို update ပြုလုပ်တဲ့အခါမှာ လည်း over the air (OTA) ဖြင့်ပြုလုပ်နိုင်တာကြောင့် အရာအားလုံးကို re-install မလုပ်ဘဲ သုံးနိုင်ပါတယ်။

- ဖုန်းကို Root လုပ်ပြီးတဲ့ ROM တစ်ခုကို install လုပ်တဲ့အခါမှာ အလွယ်တကူပြုလုပ်နိုင်ပြီး ဖုန်းနဲ့အတူပါလာတဲ့ stock ROM ကိုလည်း ပြောင်းလဲအသုံးပြုနိုင်စေပါတယ်။

- Custom ROM တစ်ခုကို install လုပ်ဖို့အတွက် Android ထုတ်ကုန်ကို Root လုပ်ထားဖို့ လိုပါတယ်။ ဒါမှသာ ဖုန်းပေါ်မှ မလိုအပ်သည်များကို ဖယ်ရှားခြင်း၊ ဖုန်းကို မွှေနှောက်အသုံးပြုခြင်းတို့ကို ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် Root access လိုအပ်တဲ့ overclocker လိုမျိုး application တွေကိုလည်း အသုံးပြုနိုင်စေပါတယ်။

Custom ROM များရဲ့ စွမ်းဆောင်ရည်

Developer တွေဟာ carrier တွေက ထည့်သွင်းပေးလိုက်တဲ့ app များကဲ့သို့ မလိုအပ်သမျှကို ဖယ်ရှား ထားခြင်းနဲ့ kernel ကို အဆင့်မြှင့်တင်ထားမှုများကြောင့် custom ROM တွေရဲ့ စွမ်းဆောင်ရည်ဟာ လျင်မြန်ပြီး အသုံးတည့်သလို memory သုံးစွဲမှုကလည်း နည်းပါးရခြင်း ဖြစ်ပါတယ်။


Custom ROM အသုံးပြုရာတွင် သတိပြုရမည့်အချက်များ

- Custom ROM များကို အသုံးပြုတဲ့အခါမှာ အန္တရာယ်ဖြစ်စေနိုင်တာကြောင့် သတိပြုပြီး အသုံးပြုဖို့လိုပါတယ်။ ပထမဦးဆုံးအနေနဲ့ ROM ထည့်သွင်းခြင်းလုပ်ငန်းစဉ်ဖြစ်တဲ့ flash လုပ်ငန်းစဉ်ကို ပြုလုပ်တဲ့အခါမှာ အမှားအယွင်းတစ်စုံတစ်ရာနဲ့ တွေ့ကြုံနိုင်ပါတယ်။ ဒီလိုဖြစ်ရပ်မျိုးဟာ လက်ရှိမှာ ဖြစ်ပွားမှုနည်းပါးလျက်ရှိပြီး အကယ်၍ အမှားအယွင်း တစ်စုံတစ်ရာနဲ့ကြုံတွေ့ခဲ့ပါက ယခင်အခြေအနေအတိုင်း restore လုပ်နိုင်ပါတယ်။

- Custom ROM ကို install လုပ်တဲ့အခါမှာ clean wipe ကို ပြုလုပ်ဖို့လိုပါတယ်။ ဒီလုပ်ငန်းစဉ်ဟာ လက်ရှိ data တွေ အားလုံးကို ဖျက်ပစ်မှာဖြစ်တဲ့အတွက် အရာအားလုံးကို အရင်ဆုံး back up လုပ်ထားရပါမယ်။

- Custom ROM တွေမှာ အားနည်းချက်ရှိနိုင်ပါတယ်။ အကယ်၍ အားနည်းချက်တွေကို ရှာဖွေတွေ့ရှိတဲ့အခါ မှာ ROM forum ပေါ်မှာ တင်ပြီးမေးမြန်းမှုများပြုလုပ်ကာ အကြံဉာဏ်များ ရယူနိုင်ပါတယ်။

- ဖုန်းအသစ်တွေနဲ့ ROM အသစ်တွေဟာ အချိန်တိုင်းလိုလို ထွက်ပေါ်နေပါတယ်။ ဒါကြောင့် ဖုန်းနဲ့ လိုက်ဖက်မယ့် ROM ကို ရှာဖွေရာမှာ ဖုန်းအမျိုးအစားနဲ့ ROM ကို ရိုက်ထည့်ပြီး အလိုရှိတဲ့ Android ဗားရှင်းကို ရှာဖွေ သင့်ပါတယ်။


by Internet Journal

0 comments: