စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Wednesday, August 15, 2012

လာဘ်ပေးလာဘ်ယူမှုသည် အစိုးရ၏ ဂုဏ်သိက္ခာ၊ နိုင်ငံ၏ ဂုဏ်သိက္ခာကိုပါ ထိခိုက်စေသည့် အတွက် ထိထိရောက်ရောက် အပြစ်ပေး အရေးယူခြင်းများဖြင့် တားဆီးသွားရန် လိုအပ်ကြောင်း နိုင်ငံတော်သမ္မတ ပြောကြား၊ လက်တွေ့ကျသော လုပ်ဆောင်မှုဖြစ်ရန် ပြည်သူများလိုလား


နေပြည်တော်တွင် ပြုလုပ်ခဲ့သော စီမံကိန်းကော်မရှင် ဒုတိယအကြိမ် အစည်းအဝေးကို သြဂုတ်လ ၁၃ ရက်နေ့က တွေ့ရစဉ် (ဓါတ်ပုံ- နိုင်ငံတော်သမ္မတရုံးဝက်ဘ်ဆိုဒ်)

လာဘ်ပေးလာဘ်ယူမှုသည် အစိုးရ၏ ဂုဏ်သိက္ခာ၊ နိုင်ငံ၏ ဂုဏ်သိက္ခာကိုပါ ထိခိုက်စေသည့် အတွက် ထိထိရောက်ရောက် အပြစ်ပေး အရေးယူခြင်းများဖြင့် တားဆီးသွားရန် လိုအပ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က သြဂုတ်လ ၁၃ ရက်နေ့တွင် နေပြည်တော်၌ ပြုလုပ်သော စီမံကိန်းကော်မရှင် ဒုတိယအကြိမ် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

နိုင်ငံတော်သမ္မတက အဂတိ လိုက်စားမှုသည် အောက်ခြေ အဆင့်ဆင့်၌ နေရာတိုင်းလိုလို ရှိနေသေးကြောင်းနှင့် တာဝန်ရှိသူများအနေဖြင့် အဆင့်ဆင့် ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်း သွားကြရမည်ဖြစ်ကြောင်း အဆိုပါဆွေးနွေးပွဲတွင် ပြောကြား သွားခဲ့ပါသည်။ ထို့အပြင် လာဘ်ပေး လာဘ်ယူမှုသည် ပေးသူရောယူသူပါ အကျင့်ပျက်သည့် သိက္ခာမဲ့လုပ်ရပ် ဖြစ်သည့်အပြင် အစိုးရ၏ ဂုဏ်သိက္ခာ၊ နိုင်ငံ၏ ဂုဏ်သိက္ခာကိုပါ ထိခိုက်စေသည့်အတွက် ထိထိရောက်ရောက် အပြစ်ပေး အရေးယူခြင်းများဖြင့် တားဆီးသွားရန် လိုအပ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ အဂတိတရား လိုက်စားမှုများကြောင့် ဖြစ်ပေါ်စွန်းထင်းနေသော အမည်းစက်ကိုလည်း မိမိတို့အစိုးရအနေဖြင့် အစွမ်းကုန် ချေဖျက်သွားကြရန် တိုက်တွန်းခဲ့ပြီး အောက်ခြေက မည်သို့ပင် လုပ်သည်ဖြစ်စေ လုပ်သမျှအားလုံးသည် အထက်အကြီးအကဲ၌သာ တာဝန်ရှိသည်ဟု ခံယူပြီး ထိထိရောက်ရောက် ကိုင်တွယ်ကြရန် လိုအပ်ကြောင်းလည်း နိုင်ငံတော်သမ္မတက ဒုတိယသမ္မတ၊ ပြည်ထောင်စု ၀န်ကြီးများ၊ ပြည်ထောင်စု ရှေ့နေချုပ်၊ ပြည်ထောင်စု စာရင်းစစ်ချုပ်၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးချုပ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဒေသ ဥက္ကဋ္ဌများ တက်ရောက်ကြသည့် အဆိုပါ အစည်းအဝေးတွင် ပြောကြားသွားခဲ့ခြင်း ဖြစ်သည်။

အဂတိတရားလိုက်စားမှုမှာ နိုင်ငံ၏ တိုးတက်ဖွံ့ဖြိုးမှုကို နှောင့်နှေးစေပြီး မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အပြောင်းအလဲတွင် အန္တရာယ် ကြီးမားသော ပြဿနာတစ်ခုဖြစ်၍ အစိုးရ၏ အုပ်ချုပ်မှုယန္တရား တစ်ခုလုံးကို ကမောက်ကမ ဖြစ်အောင် ခြိမ်းခြောက်နိုင်သော ပြဿနာရပ် တစ်ခုအဖြစ်လည်း ကျွမ်းကျင်သူများက သုံးသပ် ကြပါသည်။

ကမ္ဘာပေါ်တွင် အကျင့်ပျက် ခြစားမှု၊ လာဘ်ပေးလာဘ်ယူမှု အများဆုံးနိုင်ငံမှာ ဆိုမာလီယာဖြစ်ပြီး မြန်မာနိုင်ငံမှာ တတိယမြောက် အဆိုးဝါးဆုံးနိုင်ငံအဖြစ် ၂၀၁၁ ခုနှစ်တွင် တွက်ချက်မှုများအရ သတ်မှတ်ခံထား ရပါသည်။ နိုင်ငံတကာတွင် အာဏာရှင် နိုင်ငံအများစု၌ အဂတိလိုက်စားမှုနှင့် လာဘ်ပေးလာဘ်ယူမှု ပေါများလေ့ရှိပြီး ဒီမိုကရေစီ ထွန်းကားသော နိုင်ငံများတွင် အဂတိ လိုက်စားမှု လျော့နည်းတတ်ကြောင်း သိရသည်။

ပါမောက္ခဒေါ်ရီရီမြင့် (ပါမောက္ခ ဌာနမှူး-ငြိမ်း၊ စီးပွားရေးတက္ကသိုလ်) ကလည်း အကျင့်ပျက် ခြစားမှုများနှင့် ပတ်သက်ပြီး “ခေတ်စနစ်ကြောင့် အဂတိ လိုက်စားမှုတွေ၊ လာဘ်ပေး လာဘ်ယူ မှုတွေဟာ မြန်မာနိုင်ငံမှာ ကျယ်ကျယ်ပြန့်ပြန့်ကို ဖြစ်ပေါ်နေတယ်။ လာဘ်ပေးလာဘ်ယူလို့ မပြောနိုင်တဲ့ ယဉ်ကျေးမှုအရ ဂါရ၀ပြုတာ၊ ကန်တော့တာ စတာတွေကလည်း ရှိနေတယ်။ ကျေးဇူးခံ ကျေးဇူးစားတွေ၊ ဆရာတပည့် ဆက်ဆံရေးတွေ၊ အစ်ကိုကြီး ညီလေး ဆက်ဆံရေးတွေ များရင် အဂတိ လိုက်စားမှုကို ထိန်းသိမ်းရ ခက်ပါတယ်။ ဒီနေ့မြန်မာနိုင်ငံ အောက်ခြေအဆင့်မှာ ဖြစ်နေတဲ့ လာဘ်ပေးလာဘ်ယူမှုက ၀င်ငွေ မလောက်ငမှုကြောင့် အဓိကဖြစ်ပေမယ့် အထက်အဆင့်မှာ ဖြစ်တဲ့ လာဘ်ပေးလာဘ်ယူက အကြောင်းအရာတွေ အများကြီး ရှိနိုင်ပြီး ရှုပ်ထွေးနေပါတယ်။ ဒါကြောင့် ဒီအဂတိ လိုက်စားမှုကို ဖြေရှင်းမယ်ဆိုရင် အပြောမဟုတ်ဘဲ တိတိကျကျ မှန်မှန်ကန်ကန် လုပ်ဖို့လိုတယ်။ ဖော်ထုတ်နိုင်သူတွေကို အားပေးရမယ်၊ ကာကွယ်ပေးရမယ်၊ သိက္ခာသမာဓိ ရှိသူတွေကို နေရာပေးသင့်တယ်။ အရေးကြီးဆုံး အချက်ကတော့ လက်ရှိ လာဘ်ပေးလာဘ်ယူ သူတွေကို လက်တွေ့တိတိကျကျ အရေးယူသလို အဲဒီလို အဂတိလိုက်စားမှု ပြုနိုင်တဲ့ ဥပဒေ အားနည်းချက်တွေ၊ လုပ်ထုံးလုပ်နည်းတွေ၊ စည်းမျဉ်းစည်းကမ်းတွေ စတာတွေကိုပါ အမြန်ဆုံး ပြုပြင်ပြောင်းလဲ သင့်တယ်”ဟု တိုက်တွန်းခဲ့သည်။

အစိုးရသစ် လက်ထက်တွင် အဂတိတရား ကင်းရှင်းရေးနှင့် လာဘ်ပေးလာဘ်ယူမှုများ လျော့နည်းအောင် ဆောင်ရွက်နိုင်ခြင်း ရှိ၊ မရှိနှင့် တရားစီရင်ရေး မဏ္ဍိုင်အပေါ် မေးခွန်းထုတ်မှုများ၊ ဝေဖန်မှုများ ရှိနေဆဲဖြစ်ကြောင်း သိရပါသည်။ ထို့ပြင် လာဘ်ပေးလာဘ်ယူမှု တိုက်ဖျက်ရာ၌ ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းခြင်း၊ ပြင်းပြင်းထန်ထန် အရေးယူ အပြစ်ပေးခြင်းမျိုး ပြုလုပ်သွားရန် လိုအပ်ကြောင်း ထောက်ပြမှုများ ရှိနေပါသည်။ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက “ကျွန်မအနေနဲ့ ဒီနေရာမှာ ဖြည့်စွက်ပြောချင်တာက အစိုးရ၏ ဂုဏ်သိက္ခာ၊ နိုင်ငံ၏ ဂုဏ်သိက္ခာကို ထိခိုက်စေ နိုင်တယ်ဆိုတာအပြင် နောက်ထပ်တစ်ခုက တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အန္တရာယ်တစ်ခုလို့ မြင်မိပါတယ်။ တိုင်းပြည် ဆင်းရဲရခြင်း၏ အဓိက အကြောင်းအရင်းများထဲက တစ်ခုလို့လည်း မြင်မိပါတယ်။ ကိုယ့်အကျိုးကို အများအကျိုးထက် ရှေ့တန်းတင် လုပ်ဆောင်နေသူတွေ ရှိနေသေးသမျှတော့ လာဘ်ပေးလာဘ်ယူ မှုဆိုတာကို ဖြေရှင်းဖို့ကတော့ အခက်အခဲတွေ ရှိနေဦးမှာပါ။ လာဘ်ပေးလာဘ်ယူ မှုနဲ့နာမည်ရှိတဲ့ အဖွဲ့အစည်းတွေ၊ ၀န်ကြီးတွေ စသဖြင့်ကို အရေးယူတာမျိုး၊ ဖယ်ရှားပေးတာမျိုးစတဲ့ စံပြလုပ်ရပ်တွေကို လုပ်ဆောင် ပြနိုင်မှသာ ပြည်သူတွေအနေနဲ့ လာဘ်ပေးလာဘ်ယူမှုကို ပပျောက်အောင် လုပ်ဆောင်နေပြီ ဆိုတာကို ယုံကြည်နိုင်မှာပါ။” ဟု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ လာဘ်ပေးလာဘ်ယူမှု အခြေအနေအပေါ် လွှတ်တော် ကိုယ်စားလှယ်များမှလည်း စိုးရိမ်လျက်ရှိပြီး အဂတိတရား လိုက်စားမှု၊ လာဘ်ပေးလာဘ်ယူ မှုနှင့်ဆိုင်သည့် ဥပဒေတစ်ရပ် ပြဋ္ဌာန်းနိုင်ရန်လည်း အများပြည်သူက လိုလားလျက်ရှိကြောင်း သိရသည်။ “လာဘ်ပေးလာဘ်ယူမှု ဥပဒေအခုမှ ပြဋ္ဌာန်းမှာပါ။ လာဘ်ပေးလာဘ်ယူမှု တိုက်ဖျက်ဖို့က အရင်တုန်းက လာဘ်ပေးလာဘ်ယူမှု ဥပဒေရှိခဲ့တယ်။ ဥပမာ- စစစ ဖွဲ့ရခြင်း ရည်ရွယ်ချက်က ဒီအတွက်ပါပဲ။ ပြောရမယ်ဆိုရင် ဒီ mechanism ကြီးက ရပ်နေတယ်။ ရပ်နေတာ ကြာတော့ ဘယ်ကဘယ်လို စရမှန်းမသိဘူး။ လာဘ်ပေးလာဘ်ယူ မှုဆိုတာ နေရာတိုင်းမှာ ရှိနေပါတယ်။

ဒီလာဘ်ပေးလာဘ်ယူမှုကို ဘယ်လို action ယူမလဲလို့ ဥပဒေ သတ်သတ်မှတ်မှတ် ပြဋ္ဌာန်းတဲ့ အခါကျတော့ အဲဒီမှာ လာဘ်ပေးလာဘ်ယူ မှုအတွက် ဥပဒေရဲ့ အားသာချက် ရှိလာပြီ။ ဘာမှ မယူဘဲ အချိန်ကြန့်ကြာအောင် ဆွဲထားရင်တောင် လာဘ်ပေးလာဘ်ယူမှုနဲ့ ညှိစွန်းနေတယ်။ ဒီဥပဒေ ပြဋ္ဌာန်းပြီးရင်တော့ လာဘ်ပေးလာဘ်ယူမှုနဲ့ ပတ်သက်ပြီး အရေးယူတာတွေ ပီပြင်လာမယ်လို့ ထင်ပါတယ်” ဟု အမျိုးသား လွှတ်တော် ကိုယ်စားလှယ်ဒေါက်တာမြတ်ဥာဏစိုးက ၎င်း၏ အမြင်ကို ပြောကြားခဲ့သည်။

လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး ဥပဒေကြမ်းတွင် လာဘ်ပေးလာဘ်ယူမှု မရှိတော့၍ အချိန်ကြန့်ကြာအောင် ပြုလုပ်ပါက အရေးယူနိုင်မည့် ဥပဒေနှင့် ပြစ်ဒဏ်များ ထည့်သွင်းပေးရန် ဇူလိုင်လ ၁၃ ရက်နေ့က ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက ထည့်သွင်း ဆွေးနွေးခဲ့ကြသည်။

ထို့အပြင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က “အစိုးရသစ် လက်ထက်တွင် Good Government (ကောင်းမွန်သော အုပ်ချုပ်ရေး)၊ Good Government (သန့်ရှင်းသော အစိုးရ) ဖြစ်ပေါ်လာရန် အတွက် ပြည်ထောင်စု အစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များအဖြစ် တာဝန်ပေးအပ် ခံရသူများသည် တို့၏ရွှေ့ပြောင်းနိုင်သော ပစ္စည်း၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းနှင့် အကျိုးစီးပွားများကို ထုတ်ဖော်ကြေညာပြီး မှတ်တမ်းတင်ထားရန် အဆို” ကို ဇူလိုင်လ ၂၅ ရက်နေ့တွင် ကျင်းပသည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေးတွင် တင်သွင်းခဲ့သည်။

သို့သော်လည်း ယင်းအဆိုမှာ ပြည်သူ့လွှတ်တော်တွင် သြဂုတ်လ ၈ ရက်နေ့က လွှတ်တော် ကိုယ်စားလှယ်များ၏ ဆွေးနွေးမှုအပြီး အတည်ပြုရန် မဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံမဲ ၆၈ မဲ၊ ကန့်ကွက်မဲ ၂၇၁ မဲနှင့် ကြားနေမဲ ၁၅ မဲဖြင့် ရှုံးနိမ့်ခဲ့ကာ အဆိုမှာ အတည်မဖြစ်ခဲ့ပေ။

လူမှုရေးနယ်ပယ်မှ ပညာရှင် များကလည်း မြန်မာနိုင်ငံရေး အပြောင်းအလဲနှင့် ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းတွင် အနှောက်အယှက် ဖြစ်စေနိုင်သော အကျင့်ပျက် ခြစားမှုကို စနစ်တကျ၊ လက်တွေ့ကျကျ ကိုင်တွယ် ဆောင်ရွက်မှုများ ပြုလုပ်ပေးရန် တောင်းဆိုတိုက်တွန်း မှုများလည်း ရှိနေပါသည်။

မြန်မာငှက်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသင်း ဥက္ကဋ္ဌ ဦးစိုးညွန့်ကလည်း “ဘယ်အဆင့်က လာဘ်ပေးလာဘ်ယူကို အရေးယူမှာလဲ၊ အောက်ခြေက မင်းစေ၊ ဂိတ်တံခါး ဖွင့်ပေးတဲ့ သူတွေ၊ လျှောက်လွှာရောင်းတဲ့ စာရေးတွေ၊ အောက်ခြေ ၀န်ထမ်းတွေကို လုပ်မှာလား။ ဆောင်ရွက်မယ့် လူတွေ ကိုယ်တိုင်က လာဘ်ပေး လာဘ်ယူမှု ဆိုတာကို ရှင်းစေချင်တယ်လေ။ ဆန္ဒါ၊ ဒေါသ၊ ဘယာ၊ မောဟဆိုတာ။ အဂတိတရား လေးပါး။ ဆန္ဒပါလို့ လုပ်ပေးလိုက်တာ ရှိတယ်။ မလုပ်ပေးသင့်တာကို လုပ်ပေးတာလည်း အဂတိ လိုက်စားတာပဲ။ လုပ်ပေးသင့်တာကို မလုပ်ပေးတာလည်း အဂတိ လိုက်စားတာပဲ။ အခုဆို တစ်နိုင်ငံလုံးမှာ အသံတွေ ကြားနေရတာပဲ။ အကျင့်တွေလည်း မပြောင်းနိုင် ကြသေးဘူးပေါ့။ အခု ၀န်ကြီးတွေ ပိုင်ဆိုင်တဲ့ စာရင်းကို တင်ပြပါဆိုပြီး တင်တယ်၊ အဲဒါကို ဖြုတ်ချတယ်။ အဲဒါဟာလည်း အဂတိလိုက်စားမှုကို ဖော်ထုတ်တဲ့နေရာမှာ အဟန့်အတား ဖြစ်တယ်။ အလုပ်လုပ်ရာမှာ လူကောင်းလူဆိုး ရောနေတယ်။ ဘယ်အဖွဲ့အစည်း မဆိုပေါ့။ အတုအယောင် ရှိတယ်။ အဖွဲ့တိုင်းမှာ ရှိတယ်။ သမ္မတကြီးကိုတော့ ဆန်ရင်း နာနာဖွပ်ပါလို့ပဲ အကြံပြုချင်တယ်” ဟု ပြောဆိုခဲ့သည်။

ထို့အပြင် လက်ရှိအချိန်ထိ ဖြစ်ပွားလျက် ရှိနေသော အလုပ်ရှင်နှင့် အလုပ်သမား ပြသနာများတွင် လာဘ်ပေးလာဘ်ယူမှုမှာ ရှိနေဆဲ ဖြစ်ကြောင်းနှင့် အချို့မှာ Under Table စားပွဲအောက်က လာဘ်ထိုးမှုများကို အတိအကျ စာရင်းဇယားဖြင့် စုံစမ်းဖော်ထုတ် နိုင်ရန် သက်သေပြရန် ခက်ခဲမှုများ ရှိနေသည့်အပေါ် အခွင့်အကောင်း ယူနေကြဆဲ ဖြစ်ကြောင်း အလုပ်သမား အခွင့်အရေး လှုပ်ရှားသူ ကိုညီညီဇော် ကလည်း ပြောပြသည်။

အရေးအကြီးဆုံးမှာ အကျင့်ပျက် ခြစားမှုများနှင့် လာဘ်ပေးလာဘ် ယူမှုများကို လက်တွေ့ကျကျ လုပ်ဆောင်နိုင်မှုနှင့် ပြတ်ပြတ်သားသား ထိထိရောက်ရောက် ဆောင်ရွက်နိုင်မှသာ အောင်မြင်လိမ့်မည် ဖြစ်ကြောင်းနှင့် အစိုးရ အနေဖြင့်လည်း သန့်ရှင်းတဲ့ အစိုးတရပ် ဖြစ်လာမည် ဖြစ်ကြောင်း ဝေဖန်ထောက်ပြ ကြသည်။ အကယ်၍ အဂတိ လိုက်စားမှုကို ထိရောက်စွာ မကိုင်တွယ် နိုင်ပါကလည်း အုပ်ချုပ်ရေး မဏ္ဍိုင်တစ်ခုလုံးပါ ပြိုလဲသွားနိုင်ကြောင်း ၀ါရင့်နိုင်ငံရေး သမားကြီး သခင်ချန်ထွန်းက သုံးသပ်ခဲ့ပါသည်။

လူအများကြားတွင် ပုဒ်မလေး ပေးမှလုပ် အခြေအနေမျိုးမှာ ချက်ခြင်း ပပျောက်ရန် မလွယ်ကူသော်လည်း ထိပ်ဆုံးအဆင့် တာဝန်ရှိသူများအပေါ် မြင်သာ ထိရောက်သည့် အရေးယူမှုနှင့် ထိန်းသိမ်းမှုများကို ပြုလုပ်ရန်လည်း လိုလားလျက်ရှိပြီး ယင်းသို့ဆိုပါက ပြည်သူတို့၏ ယုံကြည်မှုကို ရရှိပြီး ပူးပေါင်းဆောင်ရွက်မှုဖြင့် တိုးတက် လာလိမ့်မည်ဟု လက်ခံထားကြပါသည်။ လက်ရှိ အနေအထားတွင် လွှတ်တော်ကိုယ်စားလှယ် အနေဖြင့် လာဘ်ယူ၍ရသည့် အခြေအနေ မျိုးတွင် မရှိသည့်အတွက် ၎င်းတို့၏ ပိုင်ဆိုင်မှုကို ကြေညာခိုင်းရန်မှာ မလိုကြောင်းနှင့် ၀န်ထမ်းများမှာလည်း မည်သည့်ဌာန၊ မည်သည့်အဆင့်က ဘာလုပ်လို့ ရသည် ဆိုခြင်းကို ဆင်ခြင်တုံ တရားဖြင့်သာ စောင့်ကြည့် ထိန်းသိမ်းသွားရေး ကိစ္စပင်ဖြစ်ကြောင်း ပြည်သူအများက သုံးသပ်ကြသည်။ ထို့အပြင် လက်ရှိ ခေတ်အခြေအနေအရ ဖြစ်သင့်သည်ကို ဖြည့်တွေးနားလည် ပေးနိုင်သော်လည်း သိန်းပေါင်း သောင်းချီ ပိုင်ဆိုင်နေပြီဆိုလျှင်မူ နားလည်ပေးနိုင်စရာ မဟုတ်ကြောင်း လာဘ်ပေးလာဘ်ယူ တိုက်ဖျက်ရေး အတွက် လက်ရှိရာထူး တရားဝင် ရပိုင်ခွင့်နဲ့ ၎င်းတို့၏ ပိုင်ဆိုင်မှုအပေါ် မည်သို့မည်ပုံ စစ်ဆေးခြင်းသာ အဓိက ဖြစ်ကြောင်းနှင့် မိသားစု(သို့)သားသမီးများက စီးပွားရေး လုပ်၍ပါ ဆိုလျှင်လည်း နိုင်ငံတော်ကို အခွန်ဘယ်လောက် ဆောင်ထားသလဲ စစ်လိုက်လျှင် ရှင်းပါကြောင်း ဂျာနယ်လစ်တစ်ဦးက သုံးသပ်ပြောကြားခဲ့ပါသည်။

အစိုးရ၏ လာဘ်ပေးလာဘ်ယူ လုပ်ဆောင်မှုများနှင့် ပတ်သက်၍ လက်ရှိအချိန်တွင် လက်တွေ့ ကျသည်များကို ဦးစားပေး လုပ်ဆောင်စေ လိုကြသည်။ အထူးသဖြင့် လာဘ်ပေး လာဘ်ယူနှင့် အဂတိ လိုက်စားမှုများ လုပ်နိုင်သည့် ဌာနများ၊ လုပ်ငန်းများနှင့် အဓိကထိပ်တန်း တာဝန်ရှိသူအဆင့်ဆင့်ကို စိစစ်သင့်ကြောင်း သုံးသပ်နေကြပါသည်။ ဥပမာအားဖြင့် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဆိုလျင် ညွှန်ကြားရေးမှူးချုပ် အဆင့်အထိ ပိုင်ဆိုင်မှု စစ်ဆေးရန် လိုအပ်ခြင်း၊ ရေအားလျှပ်စစ်ကဲ့သို့ လုပ်ငန်းများ၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်နှင့် စီးပွားရေးနှင့် သက်ဆိုင်သော ၀န်ကြီးဌာနမှ အဓိကတာဝန်ရှိသူ များစသည်တို့ ဖြစ်သည်။ သို့သော် ၀န်ထမ်းများ၏ ဘ၀ကို စာနာရန်လည်း လိုအပ်ပါသည်။ အခြေခံ သန့်ရှင်းရေ၀န်ထမ်း တစ်ဦး၏ လစာ ၇၀၀၀၀ ၀န်းကျင်၊ ကျွမ်းကျင်ပန်းရံဆရာ တစ်ယောက်၏ တစ်လ၀င်ငွေ ၂၀၀၀၀၀ ကျော်ခန့်ရှိ နေချိန်တွင် အစိုးရဌာနဆိုင်ရာမှ ညွှန်ချုပ်(DG)တစ်ဦး၏ လစာသည် လက်ရှိ ခေတ်ကာလ အနေအထားအရ ၎င်း၏ မိသားစုနှင့် သားသမီးများ၏ ပညာရေး အတွက် မည်သို့မျှ လောက်ငှနိုင်ခြင်း မရှိသည်ကို တွေ့ရှိရပါသည်။ အမှန်တစ်ကယ်တွင် တစ်လ အမေရိကန်ဒေါ်လာ ၂၀၀၀၊ ၃၀၀၀ ခန့် ရသင့်သည့် အနေအထားဖြစ်သောကြောင့် အချို့ကို နားလည် နိုင်သော်လည်း ဖြစ်သင့်သည် ထက်ပိုမိုသော လာဘ်ပေးလာဘ်ယူနှင့် အဂတိလိုက်စားမှုများ ထိရောက်စွာ ကိုင်တွယ်သင့်ပါသည်။ ဥပမာ-၀န်ကြီးတစ်ဦး၏ သားသမီး (သို့) မိသားစုဝင်တစ်ဦးက သိန်းသောင်းချီတန်သော မြေကွက် ပိုင်ဆိုင်သည်ဆိုပါက ယခင်လျော့ပေါ့ထားသော အခွန်နှုန်းထား ဖြစ်သည့် ၁၅ ရာခိုင်နှုန်းသာ ပေးဆောင်ခဲ့ပါက အမှန်တကယ် ပေးဆောင်သင့်သည့် လက်ရှိအခွန်နှုန်း ၃၇ ရာခိုင်နှုန်းအတိုင်း ပေးဆောင်စေခြင်း မျိုးကဲ့သို့မျှတမှုကို စဉ်းစားရမည် ဖြစ်သည်။ လာဘ်ပေးလာဘ်ယူနှင့် အဂတိတရား လိုက်စားမှု ကိစ္စကို လက်တွေ့ထိရောက်သည့် နည်းဖြင့် လုပ်ဆောင်မည် ဆိုပါက ၀န်ထမ်းအားလုံး ဆိုသည်ထက် စဉ်းစားဆင်ခြင်ဥာဏ်ဖြင့် ဤပြဿနာကို ဖြေရှင်းရမည် ဖြစ်ကြောင်းသုံးသပ်မှုများ ရှိနေပါသည်။

ပြည်ထောင်စုဝန်ကြီး ဦးစိုးသိမ်းက Hot News ဂျာနယ်တွင် လာဘ်ပေးလာဘ်ယူကို ဘယ်သူက ပေးတယ်၊ ဘယ်သူက ယူတယ်ဆိုတာမျိုး တိတိကျကျ တိုင်ပါဟု စိန်ခေါ်ခြင်း ခြိမ်းခြောက်ခြင်းကဲ့သို့ ပြောဆိုထားသည့် အွန်လိုင်းသတင်း တစ်ပုဒ်တွင် အောက်မှ ပေးထားသော Comment တစ်ခုမှာ သဘော ကျစရာကောင်းပြီး ယင်း Facebook Comment ပိုင်ရှင်က ၀န်ကြီးတစ်ယောက် ရသည့်လစာမှာ ငါးသိန်း၊ ၎င်းတို့ တစ်ကယ်ပိုင်ဆိုင်ထားသည့် ပမာဏက လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းစုမှ ရနိုင်လောက်သည့် ပမာဏ ဖြစ်နေသည်ဟု ပုံနှိပ်လုပ်ငန်းရှင် တစ်ဦးက ပြောပါသည်။ ထို့အပြင် ၎င်းအနေဖြင့် အစိုးရသစ် လက်ထက်တွင် လာဘ်ပေးလာဘ်ယူ မလုပ်ဖို့ကိုဘဲ ထိထိရောက်ရောက် လုပ်ဆောင်စေချင်ပြီး အရင်က လုပ်ခဲ့တာကို မပြောဘဲ အကယ်၍ အရင်က လုပ်ဆောင်ခဲ့မှုမှာ ပြည်သူကို မျက်နှာပူစရာ ဖြစ်နေမယ်ဆိုရင် ကိုယ့်အသိစိတ်နှင့်ကိုယ် ရာထူးမှ နှုတ်ထွက်ရန်နှင့် ယင်းကဲ့သို့ မဟုတ်ပါက ယခုတာဝန် ဆက်ယူနေသည့်အပေါ် ဘာမှ ပြောစရာမရှိကြောင်း ဆက်လက် ပြောကြားခဲ့ပါသည်။

အစိုးရအနေဖြင့် လာဘ်ပေး လာဘ်ယူမှု ပပျောက်ရေးကို အမှန်တကယ် လိုလားတယ်ဆိုရင် ပိုင်ဆိုင်မှုတွေကို ကြေညာခြင်း၊ လိမ်လည်မှုများ ရှိနေသည်ဟု ယူဆလျှင် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် အနေဖြင့် အရေးယူ အပြစ်ပေးမှုများ ပြုလုပ်ခြင်း တို့ကို စီစဉ်ဆောင်ရွက်ခြင်းများမှာ လာဘ်ပေးလာဘ်ယူ မှုများကို တိုက်ဖျက်ရာတွင် မှန်ကန်သည့် လုပ်ဆောင်ချက်နှင့် သင့်တော်မည့် အဖြေပင် ဖြစ်သည်ဟု သုံးသပ်မှုများ ရှိနေပါသည်။

Eleven Media Group

0 comments: