စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Sunday, March 18, 2012

ညောင်မြစ်တူးရင် ပုတ်သင်ဥတွေ ပေါ်မယ်


ညောင်မြစ်တူးရင် ပုတ်သင်ဥတွေ ပေါ်မယ်
စိန်သံလုံး

ခုတလော ညောင်မြစ်တူးလို့ ပုတ်သင်ဥတွေ ပေါ်နေတာ မြင်ရကြားရမှာပါ၊ လောကမှာ ပုပ်ရင် ပေါ်ပြီး ဟုတ်ရင် ကျော်တတ်ပါတယ်။ အခုလည်း ၀န်ကြီးဌာန ၆ ခုက အလွဲသုံးစားမှုတွေက သိန်းထောင်ချီပြီး ပေါ်ပေါက်လာတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး နောက်ဆက်တွဲ လိုက်ကြည့်ရင် ဘယ်သူတွေ တာဝန်ရှိသလဲ။ ဘယ်သူ့တပည့်တွေ အတင့်ရဲနေတာလဲ ဆိုတာကို အသေးစိတ်လိုက်မှ သိရမှာပါ။

အဲဒီဝန်ကြီးဌာန ၆ ခုကို ငွေကြေးဆိုင်ရာ လုပ်ထုံးလုပ်နည်း မလိုက်နာမှုများနဲ့ စပ်လျဉ်းပြီးတော့ ပြည်ထောင်စု စာရင်းစစ်ချုပ်ရဲ့ စစ်ဆေးတွေ့ရှိချက်တွေကို ပြည်သူ့လွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီက ဖေဖော်ဝါရီ ၂၉ ရက်စွဲပါ သုံးသပ်တင်ပြခြင်း အစီရင်ခံစာ ၃/၂၀၁၂ နဲ့ အတည်ပြုခဲ့ပါတယ်။

အဲဒီအစီရင်ခံစာမှာ ပါဝင်တဲ့ ၀န်ကြီးဌာနတွေကတော့ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ မြန်မာ့အလင်း သတင်းစာတိုက် သတင်းစာဖိုး သိန်း ၂,၅၀၀ ကျော် အလွဲသုံးစားမှု၊ စက်မှု (၁) အမှတ် (၁) ဂျုံနဲ့ ဂျုံထွက်ပစ္စည်းစက်ရုံမှ မီးထိုးဆီ ဂါလံ နှစ်သိန်းကျော် ပြင်ပသို့ လွှဲပြောင်းရောင်းချသော အလွဲသုံးစားမှု၊ လယ်/ဆည်ဝန်ကြီးဌာန ဒေါပုံ ကော်ဇောပစ္စည်းစက်ရုံမှ ကျပ်သိန်းထောင်ချီ အရှုံးပေါ်နေခြင်းကို အမြတ်ငွေ ရရှိသည်ဟု လုပ်ကြံဖန်တီးထားသော နှစ်ချုပ်ရှင်းတမ်းဖြင့် အလွဲသုံစားမှု၊ စက်မှု (၂) အမှတ် (၁) အထွေထွေအကြီးစားစက်ရုံ (ရန်ကုန်) ၏ အရှုံးပေါ်နေသည့် လုပ်ငန်းနှင့် စာရင်းများကို အမြတ်ပေါ်အောင် ဖန်တီးရေးဆွဲထားသော အလွဲသုံးစားမှု (စက်မှု (၁) ၀န်ကြီးဌာနတွင် ယင်းကဲ့သို့ လိမ်လည်ဖန်တီးမှုများ လွန်စွာများပြားလျက်ရှိကြောင်း သိရသည်။ ဆက်လက် စစ်ဆေးဖော်ထုတ်ပါက အမှုပေါင်း ၂၀၀ ကျော် ပေါ်ပေါက်လာနိုင်မည် ဖြစ်ပါသည်။ ဥပမာ - ရန်ကုန်စက်ရုံနှင့် ကျောက်ဆည် စက်ဘီးစက်ရုံများ၏ မျက်လှည့်ပြ စာရင်းလိမ်လည်မှု၊ ဖန်တီးမှုများ ရှိနေသည်။)၊ သမ၀ါယမ၀န်ကြီးဌာနရဲ့ နိုင်ငံတော်ဘတ်ဂျက်မှ ခွင့်ပြုထားမှုမရှိတဲ့ အသုံးစရိတ်ကို ငွေစာရင်းလွှဲပြောင်းပြီး သုံးစွဲသော အလွဲသုံးစားမှု၊ သတ္တုတွင်းဝန်ကြီးဌာနမှ မုံရွာ ကြေးနီစီမံကိန်းရဲ့ အစုရှယ်ယာ ၅၀ ရာခိုင်နှုန်းအတွက် ကျသင့်ငွေ အမေရိကန် ဒေါ်လာ သန်း ၁၀၀ ကို လွှဲပြောင်းရရှိထားတဲ့ မြန်မာ့စီးပွားရေး ဦးပိုင် (တပ်မတော် စီးပွားရေးကုမ္ပဏီ) က တရားဝင် ငွေသွင်းခြင်းမပြုဘဲ ဟောင်ကောင် WAHBO MINING COPPER LIMITED မှ ပေးချေထားတဲ့ အလွဲသုံးစားမှု ... စတဲ့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးရဲ့ စစ်ဆေးတွေ့ရှိမှု အစီရင်ခံစာများအရ ပေါ်ပေါက်လာတဲ့ ၀န်ကြီးဌာန ၆ ခုရဲ့ သိန်းထောင်ချီ အလွဲသုံးစားမှုများ ဖြစ်ပါတယ်။

အဲဒီအလွဲသုံးစားမှုတွေကို THE VOICE ဂျာနယ်က တာဝန်ကျေပွန်စွာနဲ့ ပထမဦးဆုံး သတင်းဖော်ပြ ရေးသားခဲ့ပါတယ်။ စတုတ္ထမဏ္ဍိုင် ပီသစွာနဲ့ မတရား အလွဲသုံးစားမှုကို ဖော်ထုတ်ရေးသားခဲ့တဲ့ မတ်လ ၁၂ ရက်နေ့ထုတ် အတွဲ ၈ အမှတ် ၁၃ THE VOICE ဂျာနယ်ကို သတ္တုတွင်းဝန်ကြီးဌာနက မတ်လ ၁၃ ရက်နေ့ထုတ် သတင်းစာမှာ ဥပဒေကြောင်းအရ အရေးယူမယ်လို့ စိန်ခေါ် ခြိမ်းခြောက်ထားတာကို တွေ့ရပါတယ်။

နိုင်ငံတော်ဖွဲ့စည်းပုံတွင် ပုဒ်မ ၃၅၄ (က) အရ ပြဋ္ဌာန်းထားမှုမှာ (နိုင်ငံသားတိုင်းသည် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရား အကျိုးငှာ ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင်လျှင် မိမိ ယုံကြည်ချက်၊ ကိုယ်ကျင့်တရား အကျိုးငှာ ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင်လျှင် မိမိ ယုံကြည်ချက် ထင်မြင်ချက် ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော် ပြောဆို ရေးသား ဖြန့်ဝေခွင့် ရရှိသည်၊) လို့ ခွင့်ပြုထားတာမို့ နိုင်ငံပိုင်သတင်းစာမှာ ဥပဒေကြောင်းအရ အရေးယူမယ်ဆိုတာ တမင်စိန်ခေါ် ခြိမ်းခြောက်မှုတခုပဲဖြစ်တယ်။ တခြား ဂျာနယ် မဂ္ဂဇင်းတွေကိုပါ ရည်ရွယ်ထားပုံရပါတယ်။ ကာယကံရှင်ဖြစ်တဲ့ THE VOICE ဂျာနယ်ကို အကြောင်းကြားခြင်းမရှိဘဲ နိုင်ငံပိုင်သတင်းစာမှာ သတင်းအဖြစ် ထည့်သွင်းထားမှုဟာ ရိုးသားမှု မရှိပါဘူး။

နိုင်ငံပိုင်သတင်းစာဆိုတာ ၀န်ကြီးဌာနတွေ ခုတုံးလုပ် အသုံးချဖို့ ထုတ်ဝေနေတာမဟုတ်ဘူး။ အဲဒီ ခြိမ်းခြောက်ထားတဲ့ သတင်းရဲ့ခြေဆင်းမှာလည်း (စာနယ်ဇင်းကျင့်ဝတ်နဲ့ မညီ၊ အပြုသဘောမဆောင်၊ ဂုဏ်သိက္ခာမရှိသော အရေးအသားများဖြင့် ဋ္ဌာနများ၊ အသင်းအဖွဲ့များ၊ နိုင်ငံဝန်ထမ်းများ၊ လူပုဂ္ဂိုလ်များအပေါ် မမှန်မကန် စွပ်စွဲရေးသားပါက တည်ဆဲဥပဒေများနှင့်အညီ တရားစွဲဆို အရေးယူခြင်းခံရမည်သာဖြစ်သည်) လို့ သိသိသာသာကြီး ခြိမ်းခြောက် စိန်ခေါ်ထားတာဟာ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ၃၅၄ (က) ကို ပြက်ရယ်ပြု မျက်ကွယ်ပြုထားတာမို့ ဒီလိုမျိုး နိုင်ငံပိုင်သတင်းစာမှာ စိန်ခေါ်ခွင့်၊ ခြိမ်းခြောက်ခွင့်မရှိဘူး။ တာဝန်ရှိသူတွေ ထပ်ဆင့်ပြီး လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုခြင်းဖြစ်တယ်။

ရန်ကုန်မှာ သတင်းထောက်တွေ စုစည်းပြီး သမဂ္ဂဖွဲ့ဖို့ လုပ်နေကြပြီ။ အဲဒီ အဖွဲ့က သတင်းထောက် သတင်းမီဒီယာသမားတွေ စုစည်းထားတဲ့ ကွန်ရက်တခုဖြစ်တာမို့ လွတ်လပ်စွာရေးသားခွင့်နဲ့ သတင်းသမားတွေကို ကာကွယ်စောင့်ရှောက်ရေးအတွက် ရည်ရွယ်ထားတယ်လို့ သိရတယ်။

အဲဒီအဖွဲ့က သတင်းထောက်တွေ သတင်းကိစ္စနဲ့ အမှုဖြစ်ရင် ရှေ့နေ ငှားပေးဖို့၊ စိတ်ပိုင်းဆိုင်ရာ ကူညီအားပေးဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။ အဓိက လုပ်ဆောင်ကြမှာကတော့ သြဇာလွှမ်းမိုးမှု ကင်းပြီး လွတ်လပ်တဲ့ အဖွဲ့အစည်းတရပ်ကို အင်အားရှိရှိ ထူထောင်သွားမယ်လို့ ဆိုပါတယ်။ အစိုးရ ဖွဲ့ပေးတဲ့ အဖွဲ့အစည်း မဟုတ်ဘဲ သတင်းသမားအများစုရဲ့ ထောက်ခံအားပေးမှုနဲ့ ဖွဲ့စည်းသွားမယ်လို့လည်း သိရပါတယ်။

မကြာခင်ကပဲ သပိတ်ကျင်းမြို့နယ် ဆောက်လုပ်ရေးအင်ဂျင်နီယာ ဒေါ်နွဲ့နွဲ့ရီ ဆိုသူက မော်ဒန်ဂျာနယ်မှာ မြို့နယ်အင်ဂျင်နီယာက တံတားပြင်ဆင်ချိန် လမ်းလွှဲလုပ်တယ်၊ အဲဒီလမ်းလွှဲက မကောင်းလို့ ပြင်နေတဲ့ တံတားပေါ်ကပဲ ကားတွေ ဖြတ်သန်းခွင့်ကို ဖြတ်သန်းခ ကောက်ခံခိုင်းတဲ့အကြောင်း သတင်းထောက်က (လမ်းလွှဲလေးတော့ ကောင်းစေချင်) ဆိုတဲ့ သတင်းရေးလိုက်တယ်။ အဲဒါကို မြို့နယ်အင်ဂျင်နီယာက မကျေနပ်လို့ မော်ဒန်ဂျာနယ် ထုတ်ဝေသူနဲ့ သတင်းထောက်ကို သပိတ်ကျင်းမြို့နယ် တရားရုံးမှာ တရားစွဲထားတယ်။ အဲဒါ မီဒီယာကို စော်ကားတာ၊ မှန်တာရေးလို့ တရားစွဲခံရတာ၊ ရှက်စရာတော့ မဟုတ်ဘူး၊ အလုပ်ရှုပ်တယ်၊ သိက္ခာကျတယ်။

မြန်မာနိုင်ငံမှာ ဒီထက်ဆိုးတဲ့ အလွဲသုံးစားမှုတွေ အများကြီးရှိတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ငါလေးလုံး ရှောင်တဲ့။ “ငါ့အတွက်၊ ငါ့ဇနီးအတွက်၊ ငါ့သားသမီးအတွက်၊ ငါ့ဆွေမျိုးအတွက် ဆိုတဲ့ ငါစွဲ မရှိရဘူး” တဲ့။ သူက တပည့်တွေကို ဆုံးမတာ။ သူကရော လိုက်နာလို့လား။ တလုံးကို အမေရိကန်ဒေါ်လာ တစ်သန်းခွဲ တန်တဲ့ စိန် ၅ လုံးကိစ္စ သူ့မိန်းမ ပါဝင်တယ်။ သစ်တောဝန်ကြီး ဦးအောင်ဖုန်းထံက သစ်ထုတ်ခွင့်ပါမစ် လိုင်စင်ယူတဲ့ကိစ္စ သူ့သမီးတွေ ပါဝင်တယ်။ ရောင်းပြီးသားတွေ ပါမစ်ပေးမိလို့ သစ်တောဝန်ကြီးကို ပြုတ်အောင်လုပ်ခဲ့တဲ့ သူ့သမီးတွေက ငွေကြေးတင်မကဘူး၊ အာဏာကိုပါ အလွဲသုံးစားလုပ်ခဲ့တယ်။

မဆလခေတ်က အလွဲသုံးစားမှု နည်းနည်းပဲရှိတယ်။ အိမ်ရိုက်သံ အခွင့်အရေး ပိုယူတဲ့ ဗိုလ်မှူးချုပ်၊ ဘိန်းဘုရင် လော်စစ်ဟန်ထံက နာရီလက်ဆောင် ယူမိတဲ့ ဗိုလ်မှူးကြီး ဆိုတာတွေလောက်ပဲ ရှိခဲ့တယ်။ ခုတော့ အလွဲသုံးစားမှု ကျူးလွန်သူတွေက အများကြီး။ အဲဒီလူတွေက ဘာမှမတတ်ဘဲနဲ့ ရာထူးကြီးကြီး ရထားတဲ့ တပ်ထွက် ဗိုလ်မှူးကြီးတွေ၊ ဗိုလ်မှူးတွေ၊ ဗိုလ်ကြီးတွေ။ သူတို့ရဲ့အမှုတွေက အများကြီး။ မြန်မာ့ဦးပိုင်လီမိတက် ကြေးနီစီမံကိန်း လုပ်ခွင့်ရတယ်။ သေချာပေါက် ၀င်ငွေရမယ့်ကိစ္စ တပ်မတော်အရာရှိကြီးတွေ ရှယ်ယာအများဆုံးရတဲ့ လုပ်ငန်းကြီးကို မြန်မာ့စီးပွားရေးဦးပိုင်ကိုပဲ ဘက်လိုက်ပြီး ပေးခဲ့တဲ့ အဲဒီသတ္တုတွင်းဝန်ကြီးဌာနရဲ့ ကြေးနီစီမံကိန်း အရှုပ်တော်ပုံကတဆင့် အလွှဲသုံးစားမှု ဖြစ်ခဲ့တာလည်း တပ်က လူတွေပဲ ဖြစ်တယ်။

မြန်မာစကားပုံမှာ ရှိတယ်၊ ညောင်မြစ်တူးရင် ပုတ်သင်ဥ ပေါ်မယ်တဲ့။ ကဲ ... ညောင်မြစ်တွေ တူးကြပါစို့လား။ ပေါ်မယ့် ပုတ်သင်ဥတွေကတော့ အများကြီး။ အောက်ဆုံး ဗိုလ်ကြီးဟောင်း အဆင့်ကနေ အပေါ်ဆုံး ဗိုလ်ချုပ်မှူးကြီး အဆင့်အထိ မတရား အခွင့်အာဏာတွေ သုံးပြီး မတရားအလွဲသုံးစားမှုတွေ ကျူးလွန်နေကြတာလေ။ ဥပဒေ အထက်မှာ ဘယ်သူမှမရှိဘူး ဆိုတဲ့ စကား တကယ်ကျင့်သုံးနိုင်မယ် ဆိုရင်တော့ အဟောဝတ ကောင်းလေစွ ... ကောင်းလေစွ ... ကောင်းလေစွ။

မှတ်ချက် ။ ။ တရားစီရင်ရေးဥပဒေကို လေးစားလိုက်နာကြဖို့ မတ်လ ၁ ရက်နေ့က သမ္မတကြီး ဦးသိန်းစိန် မိန့်ခွန်းထဲမှာ ဆယ်ကြိမ်တိတိ ပြောသွားတယ်။ စတုတ္ထမဏ္ဍိုင် သတင်းမီဒီယာတွေကို တိုင်းပြည်အတွက် ဝေဖန်တည့်မတ် ထောက်ပြပေးဖို့ မှာကြားသွားတယ်။ လွတ်လပ်စွာ သတင်းရေးသားခွင့် ထုတ်ဖော်ခွင့် အတန်အသင့် ရရှိနေပြီဖြစ်တဲ့ သတင်းမီဒီယာသမားတွေကို ဌာနဆိုင်ရာများက အငြိုးအတေးကြီးစွာဖြင့် တရားစွဲဆိုခြင်း၊ ခြိမ်းခြောက်ခြင်း၊ ပြဿနာရှာခြင်းများဟာ သမ္မတမိန့်ခွန်းကို အသိအမှတ်မပြုတာလား၊ ပြက်ရယ်ပြုတာလား၊ မျက်ကွယ်ပြုတာလား၊ စဉ်းစဉ်းစားစား ဆင်ဆင်ခြင်ခြင် ရှိစေချင်ပါကြောင်း ...။

စိန်သံလုံး

0 comments: