သတ္တုတွင်းဝန်ကြီးဌာနက The Voice ဂျာနယ်မှ ထုတ်ဝေသူ၊ အယ်ဒီတာချုပ်နှင့် သတင်းရေးသား သူတို့အား တရားစွဲဆိုထားကြောင်း သိရှိရသည်။
သတ္တုတွင်းဝန်ကြီး ဌာနမှ ညွှန်ကြားရေးမှူး ဦးဇော်ကိုကိုက တရားလိုပြုလုပ်ကာ ဒဂုံမြို့နယ်တရားရုံး တွင် ဦးတိုက် လျှောက်ထားခြင်းဖြစ်ပြီး ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၅၀၀ ဖြင့် တရားစွဲဆိုခြင်းဖြစ်ကြောင်း သိရသည်။
တရးစွဲဆို ခံရသူများမှာThe Voice ဂျာနယ်၏ အယ်ဒီတာချုပ် ဦး ကျော်မင်းဆွေ၊ ထုတ်ဝေသူနှင့် သတင်းရေးသားသူ တစ်ဦးတို့ဖြစ်ပြီး ဦးတိုက်လျှောက်လွှာ မိတ္တူဖြင့် ၎င်းတို့ထံသို့ သမ္မာန်စာ ပေးပို့လာခြင်း ဖြစ်ကြောင်း သိရသည်။
The Voice ဂျာနယ်အနေဖြင့် မတ်လ၁၀ရက်နေ့က ထုတ်ဝေခဲ့သော ဂျာနယ် အတွဲ-၈၊ အမှတ် ၁၃၌ ၀န်ကြီးဌာနအချို့၏ ကျပ်သိန်းထောင်ချီ အလွဲသုံးစားမှု စစ်ဆေးတွေ့ရှိသတင်းကို မျက်နှာဖုံးသတင်း အနေဖြင့် ဖော်ပြခဲ့ခြင်း ဖြစ်ပါသည်။
သတင်း၏ ပထမပိုဒ်၌ “ပြန်ကြားရေးဝန်ကြီးဌာန အပါအ၀င် ပြည်ထောင်စု အဆင့် ၀န်ကြီးဌာန များ၏ ကျပ်သိန်းပေါင်း ထောင်ချီသော ငွေကြေးအလွဲသုံးစားပြုမှုများ နှင့် ငွေစာရင်းမမှန်မကန်ဖော်ပြမှု များကို ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးက စစ်ဆေးတွေ့ရှိခဲ့ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားခဲ့သည်”ဟု ဖော်ပြခဲ့သည်။
အဆိုပါသတင်း၌ သတ္တုတွင်းဝန်ကြီးဌာနနှင့် ပတ်သက်ပြီး သတင်းစာပိုဒ်တစ်ပိုဒ်သာ ဖော်ပြခဲ့ပြီး ယင်းဖော်ပြချက်မှာ”သတ္တုတွင်း ၀န်ကြီးဌာန အမှတ်(၁)သတ္တုတွင်းလုပ်ငန်း၏ မုံရွာကြေးနီ စီမံကိန်း၏ အစုရှယ်ယာ ၅၀ရာခိုင်နှုန်းအား ဒေါ်လာသန်းတစ်ရာဖြင့် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်သို့ ရောင်းချခဲ့သည့်ဖြစ် စဉ်တွင် ငွေပေးချေမှုများ၌ ဦးပိုင်လီမိတက်က ပေးချေရမည့်အစား နိုင်ငံခြား ကုမ္ပဏီတစ်ခုက ပေးချေခဲ့ခြင်း စသည့်ဖြစ်စဉ်များ ပါဝင်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ရှင်းပြသည်”ဟု ဖော်ပြခဲ့ခြင်း ဖြစ်ပါသည်။
“The Voice ဂျာနယ်တွင် ရေးသားထားသော သတ္တုတွင်းဝန်ကြီးဌာနနှင့် စပ်လျဉ်းသည့် ရေးသားချက်မှာ မှန်ကန်မှုမရှိ၊ စာစောင်ထုတ်ဝေသူနှင့် သတင်း ရေးသားသူတို့အား ဥပဒေကြောင်းအရ ဆောင်ရွက်သွားမည်”ဟု မတ်လ ၁၄ ထုတ် အစိုးရ သတင်းစာများတွင် ကြိုတင်၍ သတင်းဖော်ပြခဲ့သည်ကိုလည်း တွေ့ရသည်။
Eleven Media Group













0 comments:
Post a Comment