မီဒီယာကို မီးနဲ့တိုက်၊ တိုင်းပြည်ကိုလည်း တိုက်
မောင်ရစ်၊ ဇွန် ၁၆၊ ၂၀၁၂
မိတ်ဆွေများ ကျန်းမာချမ်းသာကြပါစေ။ ဒီတလလည်း အလှည့်ကျတော့ မနွဲ့ရစတမ်း ရေးရပြန်ပါပြီ။ ရခိုင်ပြည်အရေး၊ လျှပ်စစ်မီးအရေး၊ အလုပ်သမားအရေး၊ ကချင်ပြည်အရေးတွေနဲ့ တိုင်းပြည်ကြီးက ပူလွန်းလှတာကြောင့် ပြည်တွင်းက ၀ိုင်းတော်သားတွေနဲ့ သတင်းသမားတွေရဲ့ စာတွေ၊ ဆောင်းပါးတွေပဲ ဦးစားပေးတင်နေရတယ်။ အဝေးရောက် အယ်ဒီတာက လူထုနဲ့ မနီးစပ်တဲ့ အောက်ကလိအာတဲ့ စာတွေ ရေးမိမှာစိုးလို့ အသာရှိုပြီး နေရပါတယ်။ သို့သော်လည်း ယခုလို လူထုပရိသတ်တွေ ကြိမ်မီးအုံးသလို မငြိမ်းမချမ်းကာလမှာလည်း ရေးစရာရှိတာ ရေးရမှာမို့ မိတ်ဆွေတွေနဲ့ တိုင်ပင်ပြီး ရေးလိုက်ပါတယ်။
ဖတ်မိတဲ့စာအုပ်တွေက အငြိမ်းစားတပ်မတော်အရာရှိကြီးများ ရေးသားတဲ့ ကိုယ်တိုင်ရေး စစ်ရေးအတွေ့အကြုံစာအုပ်တွေဖြစ်တယ်။ လွတ်လပ်ရေးခေတ်ဦး မြန်မာပြည်ရဲ့ ပြည်တွင်းစစ်တွေ၊ အုံကြွမှုတွေကို စစ်ဗိုလ်ကြီးတွေက သူတို့ဖြတ်သန်းခဲ့ပုံတွေ၊ သူတို့အမြင်တွေကို ဖတ်ရပါတယ်။ အဲသည်မှာ တပ်မတော်ဆိုတာဟာ စစ်ရေးနဲ့ တိုင်းပြည်ကို ငြိမ်ဝပ်ပိပြားရေး အတွေ့အကြုံ ဒေါင်ဒေါင်မြည်တဲ့သူတွေ လက်ဆင့်ကမ်း အုပ်ချုပ်ခဲ့ကြတာ၊ (တရားတယ်၊ မတရားဘူးကို ပြောတာမဟုတ်ပါ၊ ကျွမ်းကျင်ရာ လိမ္မာတာကို ဆိုချင်တာ)။ တပ်မှူး တပ်သား ခေါင်းဆောင် နောက်လိုက် အဆင့်ဆင့်နဲ့ ဖွဲ့စည်းပုံအရ လုပ်ကိုင် လှုပ်ရှားမှုတွေမှာ အသားကျနေပြီးသား၊ ပုံစံကျနေပြီးသား အဖွဲ့အစည်းကြီးဆိုတာကို ထင်ရှားစေပါတယ်။ အဲသည်တော့ အခုလိုမျိုး တိုင်းပြည်မငြိမ်သက်တာ၊ အုံကြွနေတာတွေ၊ မငြိမ်းချမ်းတာတွေဟာ သူတို့အတွက် မဆန်းဘူး၊ နေ့တဓူဝ အရေးကိစ္စတွေပဲ ဖြစ်တယ်ဆိုတာကို သိသာစေပါတယ်။ တသွေးတသံ တမိန့် တသဘောတည်းနဲ့ တိုင်းပြည်ကို ပုံစံသွင်းချင်သူတွေမို့ ပါတီစုံ၊ အသံစုံ၊ အရောင်စုံ၊ ဘာသာစုံ၊ လူမျိုးစုံတွေကို သီးခံ ခွင့်လွှတ် နားလည် ဆင်ခြင် ညှိနှိုင်းပြီး လုပ်ကိုင်ဆောင်ရွက် ပုံဖော်တည်ဆောက်ရတဲ့ ဒီမိုကရေစီစနစ်အတွက် သူတို့မှာ အချိန်ယူနေရဦးမှာပဲလို့ အတွေးပေါက်မိပါတယ်။
၂၀၀၃ ဒီပဲယင်းအကြမ်းဖက်လုပ်ကြံမှုကြီးအပြီးမှာ လူထုဟာ အတော်ကို နိုးကြားလာခဲ့ပြီင်္းနောက် အွန်လိုင်းမီဒီယာ၊ အွန်လိုင်းပရိသတ်၊ လေလှိုင်းမီဒီယာ၊ လေလှိုင်းပရိသတ်ရဲ့ လှုပ်ရှားမှုတွေ အင်အားကောင်းလာခဲ့တယ်။ အဲသည်အတွက် ၂၀၀၇ ရွှေဝါရောင်၊ ၂၀၀၈ နာဂစ်၊ ၂၀၀၉ ယက်တောအရေးအခင်းတွေမှာ မီဒီယာနဲ့ မီဒီယာပရိသတ်ဟာ အတော်ကို သက်ရောက်မှုကြီးတယ်ဆိုတာကို တွေ့နိုင်ပါတယ်။ အဲဒါတွေကနေ ၂၀၁၀ ကြံ့ဖွတ်ရွေးကောက်ပွဲ၊ ၂၀၁၁ ဧရာဝတီ လှုပ်ရှားမှုတွေ၊ ဒေါ်စုလွတ်မြောက်မှုတွေမှာ အွန်လိုင်း နိုးကြားတက်ကြွမှုတွေကနေ ပြည်တွင်း စာနယ်ဇင်းနဲ့ ပြည်တွင်းပရိသတ်နိုးကြားတက်ကြွမှုတွေအထိကို ကျယ်ပြန့်လာတာကို တွေ့ရပါတယ်။
အဲသည်လို ကျယ်ပြန့်တဲ့ နိုးကြားတက်ကြွမှုတွေဟာ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ၊ လျှပ်စစ်မီးလှုပ်ရှားမှု၊ အလုပ်သမား လယ်သမား လှုပ်ရှားမှုတွေမှာ အတော်ကို အကောင်းမြင်တဲ့ လှိုင်းလုံးကြီးတွေ၊ အင်အားတွေအဖြစ် မြင်တွေ့ယောင်ယောင် ဖြစ်နေရာကနေ ပြီးတော့ အခု ၂၀၁၂ နှစ်လည် ရခိုင်ပြည် အကြမ်းဖက်အရေးအခင်းမှာတော့ အွန်လိုင်း၊ လေလှိုင်းနဲ့ ဂျာနယ်တို့က မီဒီယာနဲ့ ပရိသတ်တွေဟာ အထက်ပါ တစုတစည်းတည်းသော တက်ကြွနိုးကြား အုံကြွမှုများကနေ အကွဲကွဲ အပြားပြားသော လှုပ်ရှားမှုတွေ ပြန့်ကျဲမှုတွေ ဖြစ်ကုန်တယ်လို့ ဆိုချင်ပါတယ်။
ပြည်တွင်းက အယ်ဒီတာက သုံးသပ်တာကတော့ ပြည်တွင်းမှာ ၂၀၀၇ ကတည်းကစပြီး နိုင်ငံရေးအုံကြွမှု အတွေ့အကြုံကို စတင်ခဲ့တဲ့ မီဒီယာနဲ့ ပရိသတ်ဟာ ၂၀၁၂ မှာ ပေါက်ကွဲလာတဲ့ လူမျူိုးရေး ပဋိပက္ခကို အသစ်အဆန်းဖြစ်နေသေးတယ်၊ အတွေ့အကြုံပိုင်းမှာ ပြင်ဆင်ထားတာ မရှိသေးလို့ အလွန်အကျွံ တက်ကြွတာ၊ အစွန်းရောက်တာတွေ ဖြစ်ကုန်တယ်လို့ ပြောပါတယ်။
ပြည်ထောင်စုအရေးကို မြေစမ်းခရမ်းပျိုးပြီး ကချင်ပြည်ငြိမ်းချမ်းရေး လှုပ်ရှားမှုနဲ့ အတွေ့အကြုံယူ၊ အားလုံးနဲ့ လက်တွဲထူထောင်ဖို့ ပြင်ဆင်လှုပ်ရှားနေတဲ့ လူထုပရိသတ်ဟာလည်း ရခိုင်ပြည်အရေးမှာ အငိုက်မိသလိုဖြစ်သွားတယ်၊ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေရဲ့ အချိန်မီ ၀င်ရောက် ထိန်းသိမ်းမှုတွေကြောင့် ခေါင်းဆောင်မှုကြောင့် လူထုပရိသတ်ဟာ သွေးဆူ သွေးပူနေရာကနေ ထိန်းထိန်းသိမ်းသိမ်းရဲ့ တည်ငြိမ်သော ရင်ဆိုင်မှုကို ကျင့်သုံးနိုင်တယ်လို့ ပြောချင်ပါတယ်။
သို့သော် …
တိုင်းပြည်ရဲ့ အကြပ်အတည်းတွေ၊ မတည်ငြိမ်မှုတွေကို၊ လူအုပ်စုနဲ့ မင်းမဲ့စရိုက် တုန့်ပြန်လှုပ်ရှားမှုတွေကို၊ လူစုလူဝေးနဲ့ သောင်းကျန်း ဆူပူမှုတွေ အပေါ်ကို၊ တဖက်ရန်သူတွေကို ထိုးစစ်၊ တိုက်စစ်၊ သပ်လျူို၊ သွေးခွဲ၊ ကန့်သတ်၊ ပိတ်ဆို့ နည်းဗျုဟာမျိုးစုံနဲ့ ခြေမှုန်းတဲ့နေရာမှာ အထူး သင်ကြားနေစရာမလိုအောင် တတ်ကျွမ်းပြီးသား လက်နက်ကိုင် အာဏာပိုင် အဖွဲ့အစည်းတွေအနေနဲ့ကတော့ ဟောသည်က အရေးအခင်းကို သူတို့လိုရာကို ဆွဲဆောင်ပြီး မောင်းနှင် အမြတ်ထုတ်နိုင်လိုက်တယ်လို့ ယူဆမိပါတယ်။ ရခိုင်ပြည်ကို စစ်မျက်နှာတခုအနေနဲ့ ကြည့်ရင် လုံခြုံရေးအင်အားစုတွေ၊ လက်နက်ကိုင်တွေသုံးပြီး ကန့်သတ် ဖြတ်တောက် ရင်ဆိုင်နေချိန်မှာ ရခိုင်ပြည်ပြင်ပက ပြည်တွင်းက မီဒီယာနဲ့ လူထုပရိသတ်တွေကိုလည်း မီဒီယာစစ်မျက်နှာနဲ့ ကန့်သတ်ပိတ်ဆို့ထားတယ်။ ထို့အပြင် ပြည်ပက အွန်လိုင်း၊ လေလှိုင်း မီဒီယာနဲ့ ပရိသတ်တွေကိုလည်း အွန်လိုင်းစစ်မျက်နှာမှာ သီးခြားကမ္ဘာလေးထဲ ဖြစ်နေအောင် ဖြတ်တောက်ထားတယ်လို့ ဆိုချင်တယ်။
ရွှေဝါရောင်လို၊ နာဂစ်လို အခြေအနေတုန်းက အွန်လိုင်းကော မအွန်လိုင်းကောဆီက လူထုပရိသတ်ရဲ့ အုံကြွမှုမျိုး၊ စည်းလုံးညီညွတ်မှုမျိုး ဖြစ်ပေါ်မလာဘဲ လက်ရှိ ပြည်တွင်းမှာကော ပြည်ပမှာပါ လွတ်မြောက်နေတဲ့ အတိုက်အခံအင်အားတွေ၊ မီဒီယာအင်အားတွေ၊ လူထုပရိသတ်အင်အားတွေဟာ အကွဲကွဲ အပြားပြားနဲ့ အမျိုးမျိုးအထွေထွေသော အာရုံတွေနဲ့ စကောထဲ ဇီးဖြူသီးတွေ လိမ့်သလိုများ ဖြစ်နေသလားလို့တောင် တွေးမိပါရဲ့။
အင်းလေ …။ တကယ်တမ်းတွေးကြည့်ရင်တော့ သည်တခေါက် ၂၀၁၂ ရခိုင်အရေးအခင်းဟာ မြန်မာပြည်ကြီးအတွက် ခေတ်ပြောင်းစာမေးပွဲ စစ်တာနဲ့ တူတယ်လို့ တွေးမိတယ်။ စိန်ခေါ်မှုတရပ်ကို ရင်ဆိုင်ရတယ်ပဲ ထင်တယ်။ တသွေး တသံ တမိန့် တမျိုး တဘာသာ တအုပ်စုတည်းသာ ကောင်းတယ်ဆိုတဲ့ လူတွေ သဘောထားတွေက စာမေးပွဲအောင်မလား၊ လူမျိုး ဘာသာ အသွေးအရောင်မျိုးစုံ မတူညီသူတွေ အတူတူ အပြန်အလှန် လေးစားမှု၊ ပညာရှိမှုတွေနဲ့ တွဲကြ၊ လုပ်ကြရမယ်ဆိုတဲ့ လူအုပ်စုတွေကပဲ စာမေးပွဲအောင်လေမလား။ ဖြေဆိုကြရမယ့် အချိန်ကောင်း အခွင့်ကောင်းပဲလို့ ယူဆမိပါတယ်။
တပ်မတော်ကြီးကတော့ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ၊ သဘောထားပေါင်းစုံနဲ့ ဟင်းလေးအိုးကြီး၊ ဟင်းပေါင်းအိုးကြီးလို အားလုံးလက်တွဲကြမယ့် ပြည်ထောင်စုကြီးဆိုတာကို တကယ်တမ်း ကူးပြောင်း ထူထောင် အကောင်အထည်ဖော်ကြမယ်လို့သာ သဘောထား အနည်းနဲ့ အများဆိုသလို ရှိကြမယ်သာ ဆိုရင်ဖြင့် အခုကိစ္စကို စစ်ရေးအမြင်သာမက အမျိုးသားရေးအမြင်၊ နိုင်ငံတကာအမြင်နဲ့ ကြည့်ပြီး ရင်ဆိုင်ဖြေရှင်းလိမ့်မယ်လို့ ထင်မိကြောင်း။
ဒီမိုကရေစီလူ့ဘောင်သစ်ကို အရောင်ပေါင်းစုံနဲ့ ထူထောင်ချင်သူ ကျနော်တို့ လူထုပရိသတ်တွေကိုယ်တိုင်ကလည်း ဆွမ်းဆန်ထဲ ၀င်ရောပြီး ဆူပူလှုံဆော် ခေတ်နောက်ပြန်လှည့်ချင်သူတွေကို မျက်စိဒေါက်ထောက်ကြည့်ပြီး ဖယ်ရှားတာတွေ၊ အသိပညာပေးတာတွေ လုပ်ကြလိမ့်မယ်လို့ မျှော်လင့်ပါကြောင်း။
အသနားခံလိုက်ပါရဲ့ ဗျာ။ ။
0 comments:
Post a Comment