အမေရိကန်မရိန်းတပ်ဖွဲ့ဝင်များ သြစတြေးလျတွင် တပ်စွဲထားရေးကို သဘောတူညီထားကြောင်း သြစတြေးလျဝန်ကြီးချုပ် ဂျူလီယာဂီးလက်က နိုဝင်ဘာ ၁၆ ရက်နေ့က အမေရိကန် သမ္မတအိုဘားမားနှင့် ပူးတွဲသတင်းစာ ရှင်းလင်းပွဲတွင် ကြေညာခဲ့သည်။
လာမည့်နှစ်တွင် အမေရိကန် မရိန်းတပ်ဖွဲ့ဝင် ၂၅၀ ခန့်သည် သြစတြေးလျမြောက်ပိုင်း ဒါဝင်မြို့သို့ ရောက်ရှိလာမည်ဖြစ်ပြီး ခြောက်လတစ်ကြိမ် အလှည့်ကျ ထမ်းဆောင်ရမည် ဖြစ်သည်။ တဖြည်းဖြည်းနှင့် တပ်ဖွဲ့ဝင် ၂၅၀၀ အထိ တပ်စွဲထားမည်ဖြစ်ကြောင်း ၀န်ကြီးချုပ်ဂီးလက်က ပြောကြားခဲ့သည်။ မရိန်းတပ်ဖွဲ့ဝင်များ သြစတြေးလျတွင် တပ်စွဲခြင်းသည် တရုတ်၏ လွှမ်းမိုးမှုကြီးထွားလာခြင်းကို တန်ပြန်ခြင်းဖြစ်သည်ဟု ယူဆခံရသည်။ အမေရိကန်နှင့် သြစတြေးလျ စစ်ဘက် ပူးပေါင်းဆောင်ရွက်မှု နှစ် ၆၀ ပြည့်ခဲ့ပြီးနောက် နှစ်နိုင်ငံအကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ခြင်းဖြစ်သည်။ သမ္မတအိုဘားမားက အမေရိကန်သည် တရုတ်ကို ဖယ်ထုတ် မထားဘဲ အာရှပစိဖိတ်တစ်ခုလုံးအတွက် အမေရိကန်၏ ကတိက၀တ်ပြုထားမှုကို အရှိန်မြှင့်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
မရိန်းတပ်ဖွဲ့ဝင်များ တပ်ဖြန့်ခြင်းသည် ဒေသတွင်းငြိမ်းချမ်း ရေးဖွံ့ဖြိုးမှုအတွက် ဆောင်ရွက်ခြင်းဖြစ်သည်ဆိုသည်ကို မေးခွန်းထုတ်ရမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် လျူဝေမင်က ပြောကြားခဲ့သည်။
အိုဘားမားက စစ်ရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ခြင်းသည် တရုတ်ကိုခြိမ်းခြောက်မှုဟု ရှုမြင်၍မရကြောင်း ပြောကြားခဲ့သည်။
Ref:AFP

0 comments:
Post a Comment