စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Sunday, November 20, 2011

ပြိုင်တူတွန်း၍ ရွေ့နေပါပြီ

(YPI) - အင်မတန်မှ ထိလွယ်ရှလွယ် သိမ်မွေ့သည့်နိုင်ငံရေးကာလတစ်ခုကိုဖြတ်သန်းပြီးသကာလ နိုင်ငံရေးသိက္ခာကြီးမားသော အတိုက်အခံပါတီ တစ်ခုအနေနှင့် မီးလျှံထဲက ဖီးနစ်ငှက်တစ်ကောင်ကဲ့သို့ NLDသည် ရှင်ပြန်ထမြောက်ခဲ့ပါပြီ။

ထိုသက်ဝင်မှုသည် နိုင်ငံရေးပြုပြင်ပြောင်းလဲမှု အရွေ့တစ်ခုဆီ ဦးတည်ရန် ခိုင်မာသည့် ခြေလှမ်းတစ်ခုလည်းဖြစ်သည်။

ထိုကဲ့သို့ရွှေ့နိုင်ဖို့ရာ ကြမ်းတမ်းသော ခရီးမိုင်ပေါင်းများစွာ၊ ဘ၀ပေါင်းများစွာ၊ အရွယ်စုံ အလွှာစုံ စတေးခဲ့ရသည်ဆိုလျှင်ငြင်းဆိုနိုင်ဖွယ်မရှိပါ။

၂၀၁၀ရွေးကောက်ပွဲမ၀င်ပဲ ကြံ့ကြံ့ခံရပ်တည်ခဲ့မှုကြောင့်၊ ၂၀၀၈ အခြေခံဥပဒေ ထဲမှ တရားမျှတမှုမရှိသည့် နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်း ဥပဒေကို ယနေ့ ပြင်ဆင်နိုင်ခဲ့ပြီဖြစ်သည်။

အကျဉ်းကျနေသည့် ပါတီဝင် နိုင်ငံရေးအကျဉ်းသားများကို ပါတီမှ ထုတ်ပယ်စရာမလိုပဲ ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ခွင့်ရခဲ့ပြီ။

မည်သို့ပင် ပယ်ဖျက်ဖို့ကြိုးစားခဲ့သော်လည်း “၉၀ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုပါတယ်” ဆိုသည့် အသိအမှတ်ပြုစကားကို ကမ္ဘာက သိအောင် ဖွင့်ဟပြောဆိုခဲ့ရပြီ။

ပြည့်မျက်ရှု “နိုင်ငံရေးသမားလူပြက်” ဇာဂနာကို အကျဉ်းထောင်ထဲမှ လွှတ်ပေးခဲ့ရသည့်အပြင် အချို့သောနိုင်ငံရေးအကျဉ်းသားများကို မိသားစုဝင်များ နေထိုင်သည့် မြို့များနှင့် နီးစပ်သည့် အကျဉ်းထောင်တွေဆီသို့ရွှေ့ပြောင်းပေးခဲ့ရပြီ။

နိုင်ငံရေးအကျဉ်းသားအားလုံးကိုခြွင်းချက်မရှိလွှတ်ပေးရန်တောင်းဆိုချက်ကိုအပြည့်အ၀မလိုက်လျောသေးသော်လည်းအထိုက်အလျောက်တော့ လိုက်လျောခဲ့ရပြီဆိုသည်မှာ မြင်သာထင်သာရှိလှပါသည်။

အလွန်တရာသဘောထားတင်းမာခဲ့သည့်စစ်အစိုးရနှင့် စစ်ဗိုလ်ချုပ်ဟောင်းအများစု ပါဝင်သည့် အမည်ခံအရပ်သားအစိုးရ ဘာများ ကွာခြားနိုင်ပါမည်လဲဆိုသည့် ကြိုတင် တွေးဆမှု၊ ဟောကိန်းထုတ်မှုများ မိမိတို့ ကိုယ်တိုင်ပြုလုပ်ခဲ့ဖူးပါသည်။

သို့ပေမယ့် သဘောထားပျော့ပြောင်းသည့် စစ်ခေါင်းဆောင် တစ်ယောက်ပါဝင်လာခဲ့လျှင် တွေ့ဆုံဆွေးနွေးမှုများသည် အပြုသဘော ဆောင်လာနိုင်ကောင်းရဲ့ ဆိုသည့် အတွေးမျိုးတွေးမိသူတော့ အင်မတန်မှနည်းပါးခဲ့ပါသည်။

အမှန်စင်စစ် ဤအပြုသဘောဆောင်သည့် ပြောင်းလဲမှုများသည် တစ်ဦးတည်း တစ်ယောက်တည်း တစ်ဖွဲ့တည်းကြောင့်တော့ မဟုတ်ခဲ့ပေ။

၈၈ ကျောင်းသားအရေးတော်ပုံနှင့် ကျောင်းသားခေါင်းဆောင်များသံဃာ တော်များဦးဆောင်ခဲ့သည့် ၂၀၀၇ ဆုတောင်းပွဲကဲ့သို့သော “လမ်းမပေါ်မှနိုင်ငံရေးများ” သည် မြန်မာပြည် ဒီမိုကရေစီရေး အပြောင်းအလဲအတွက် အရေးပါလှသည့် သမိုင်းဝင်လူထုအုံကြွမှုများ ဖြစ်ခဲ့ပေသည်။

ကျောင်းသားသင်္ကေတ “ခွပ်ဒေါင်း” နှင့် အနာဂါတ်ဒီမိုကရေစီနိုင်ငံတော်သစ်ကို ရည်ညွှန်းသော ကြယ်တစ်ပွင့်တို့ ပါဝင်သည့် NLD အမှတ်တံဆိပ်ကိုယ်၌ကပင် ကျောင်းသားများ ဦးဆောင်ခဲ့သည့် ၁၉၈၈ အရေးတော်ပုံကြောင့် NLD ပါတီ မီးရှုးသန့်စင်ခဲ့သည်ဆိုသည့် ဖြစ်တည်မှု သမိုင်းကြောင်းကိုဖေါ်ညွှန်းနေသည်။

၂၀၀၇ ဆုတောင်းပွဲကဲ့သို့ လမ်းမပေါ်ကနိုင်ငံရေးကြောင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်အစိုးရတို့ တွေ့ဆုံရန် ကုလသမဂ္ဂ အပါအ၀င်နိုင်ငံတကာက တောင်းဆိုမှုတွေပြုလုပ်လာခဲ့သည်။ စစ်အုပ်ချုပ်ရေးမှ အရပ်သားအုပ်ချုပ်ရေး စနစ်သို့ အသွင်ပြောင်းရန် ဖိအားပေးမှုများ ရှိလာခဲ့သည်။

ယခင်ကထက်စာလျှင် နိုင်ငံရေးနှင့် ပါတ်သက်ပြီး မီဒီယာတွေမှာ လွတ်လပ်စွာ ရေးနိုင်ပြောနိုင်လာကြခြင်းသည် နိုင်ငံရေးအကျဉ်းသားများ ကျောင်းသားများ၊ သံဃာများ၊ အတိုက်အခံနိုင်ငံရေးသမားများ၊ အမျိုးသားနိုင်ငံရေး ခေါင်းဆောင်များ၏ စွန့်လွှတ်အနစ်နာခံခဲ့မှုများ၏ အကျိုးဆက်များကြောင့် ဖြစ်ပေသည်။ သူတို့ထိုးခဲ့သော တံတားများပေါ်တွင် ယနေ့လျှောက်လှမ်းနေရခြင်း မဟုတ်ပါလော။

ယခုအခါ သဘောထားပျော့ပြောင်းသော၊ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများရှိသင့်ပြီ ဆိုခြင်းကို သဘောတူလက်ခံသော စစ်အစိုးရလက်ထက် ၀န်ကြီးချုပ်ဟောင်း ဖြစ်ခဲ့သူ လက်ရှိသမ္မတ ဦးသိန်းစိန်နှင့် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်တို့ နှစ်ဦးအကြား တည်ဆောက်ခဲ့သည့်ယုံကြည်မှုသည် နိုင်ငံရေးပြုပြင်ပြောင်းလဲမှု အရွေ့တစ်ခုဆီ သွားရန် တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ခြင်း၏ ခိုင်မာသောရလဒ်တစ်ခုဖြစ်ပေသည်။

နိုဝင်ဘာ ၁၈ ရက် ပါတီမှတ်ပုံတင်မတင် ဆုံးဖြတ်သည့် နေ့ ရုံးရှေ့မြင်ကွင်း

NLDပါတီ ပြန်လည်မှတ်ပုံတင်ရေးကိစ္စနှင့်ပါတ်သက်ပြီး သဘောထားတင်းမာသူ အမာခံပါတီဝင်များနှင့် အပြောင်းအလဲလိုလားသူ ပါတီဝင်များအကြား သဘောထား ကွဲလွဲမှုများရှိခဲ့သလို၊ပြည်ပရောက်မြန်မာနိုင်ငံသားအတိုက်အခံအုပ်စုအချို့ကလည်း ပြင်းပြင်းထန်ထန် ဝေဖန်ကန့်ကွက်ခဲ့ကြသည်။

တစ်ဖက်တွင် အစိုးရသစ်က ၄င်းတို့၏တရားဝင်ဖြစ်တည်မှုကို တကမ္ဘာလုံးက အသိအမှတ်ပြုရန် ၂၀၁၄ တွင် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဖြစ်ရေး အသေအလဲ ကြိုးပမ်းနေသကဲ့သို့၊ တစ်ဖက်တွင်လည်း အာဆီယံအစည်းအ၀းကျင်းပနေချိန် မျိုးတွင် လူထုအုံကြွမှုများ ဖြစ်ပေါ်လာစေရန်လှုံ့ဆော်မှုများလည်းရှိခဲ့သည်။

ထိုကဲ့သို့ဖြစ်နေခြင်းများနှင့်ပါတ်သက်ပြီး ၂၀၀၇ သံဃာ့ဆုတောင်းပွဲတွင်ပါဝင်ခဲ့သည့် သံဃာတစ်ပါးက ယခုလိုကောက်ချက်ချခဲ့သည်။

“ကျူပ်တို့မျက်နှာခြင်းဆိုင်ပြီးများ တွန်းနေကြတာလားမသိဘူးဗျ၊ ဒါကြောင့်ခရီးက တွင်သင့်သလောက်မတွင်တာ”

မြန်မာနိုင်ငံ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဖြစ်ရေးသည် တကမ္ဘာလုံးက အသိအမှတ်ပြုရုံအတွက် သက်သက်သာမကပဲ၊ နောက်လာမည့် သက်တမ်းသစ်တွင် လက်ရှိအစိုးရဆက်လက် ရပ်တည်နိုင်ရေးအတွက်ပါ ခဲတစ်လုံးနှင့် ငှက်နှစ်ကောင်ပစ်လိုက်ခြင်းဖြစ်သည်။

ဤုအချိန်မျိုးတွင် ကွဲကွဲပြားပြားမြင်သင့်သည်က အာဏာရှင်စနစ်ကိုဖြုတ်ချမည်လား အာဏာရှင်တစ်စုကိုဖြုတ်ချမည်လားဆိုသည်ပဲဖြစ်သည်။

ဤုအချိန်မျိုးတွင် အာရပ်လှိုင်းကို အမီလိုက်စီးရန် အမှန်တကယ် လိုပါဦးမည်လား၊

တိဘက်မှဘုန်းတော်ကြီးများ၊အာရပ်ကမ္ဘာနှင့် ဆီးရီးယားလစ်ဗျားတို့မှပြည်သူများကပင် ၂၀၀၇ သံဃာ့လှိုင်းကို စီးခဲ့ကြပြီမဟုတ်ပါလား၊
နောက်ထပ် လမ်းမပေါ်ကအုံကြွမှုများအတွက် ပေးဆပ်ဖို့ရန် မြန်မာပြည်သူများတွင် အသက်အပိုမကျန်နိုင်တော့ပါ။ ဘ၀အပို မကျန်နိုင်တော့ပါ။

လူထုခေါင်းဆောင်များ၊ကျောင်းသားခေါင်းဆောင်များ၏ သက်တမ်းအတော်များများသည်ပင် စစ်အာဏာရှင်စနစ်အောက်တွင် တောတွင်းနှင့် ထောင်ထဲတွင် ပြုန်းတီးခဲ့ရပြီဖြစ်၏။

NLD ကဲ့သို့ ပြည်သူအများစုက ထောက်ခံသည့် အတိုက်အခံပါတီကြီးတစ်ခု တရားဝင်ရပ်တည်ခွင့်ရှိလာပြီဆိုလျှင်၊ ကျန်သည့်
အရပ်ဖက်အဖွဲ့အစည်းများက ရွေ့နေပြီဖြစ်သည့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုအရွေ့ကို ရှေ့တိုးသထက်တိုးလာ အောင် ၀ိုင်းတွန်းကြရုံသာရှိသည်။

မီဒီယာလွတ်လပ်ခွင့်အတွက်မီဒီယာသမားများကိုယ်တိုင်ဝိုင်းတွန်းကြရန်၊ ရုပ်ရှင် လောကမှ တင်းကျပ်သော မညီမျှသော ဆင်ဆာမူဝါဒများကို ပယ်ဖျက်ပေးဖို့ ရုပ်ရှင်သမားများကိုယ်တိုင်ဝိုင်းတွန်းကြရန်၊ တရားမျှတသည့် ဥပဒေများ ရေးဆွဲနိုင်ရန် ပါလီမန်အတွင်းအပြင်က ပါတီနိုင်ငံရေးသမားများက ၀ိုင်းတွန်းကြရန်၊ လူတစ်ဦးတစ်ယောက်ခြင်းစီ၏အခွင့်အရေးအတွက် ပြည်သူတစ်ရပ်လုံးက ၀ိုင်းတွန်း ကြရန် အချိန်တန်ပါပြီ။

သို့ပေမယ့် မျက်နှာခြင်းဆိုင်ပြီးတွန်းနေကြလျှင်တော့ အာဏာရှင်များက အိမ်မှာထိုင်၍စာဖတ်ရင်းက ရယ်ပွဲဖွဲ့နေကြပါလိမ့်မည်။

(ဤ ဆောင်းပါးသည် ရေးသူ့အမြင်သက်သက်သာဖြစ်ပါသည်။ YPI ၏ သဘောထားအမြင်ကိုကိုယ်စားပြုခြင်းမရှိပါ။)

မွန်မွန်မြတ်ရေးသားသည်

0 comments: