စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Thursday, May 24, 2012

လွှတ်တော်ဟာဥပဒေအတိုင်းဆောင်ရွက်ရဲ့လား

လွှတ်တော်ဥက္ကဌသူရဦးရွှေမန်း နော်ဝေးနိုင်ငံ အော်စလိုမြို့ တော်ကို ရောက်ရှိနေစဉ်

"ဥရောပပါလီမန်လေ့လာသူမြန်မာလွှတ်တော်ကိုယ်စားလှယ်တချို့
နေပြည်တော်လွှတ်တော်အခြေအနေကိုဝေဖန်"

လွန်ခဲ့တဲ့မေလ(၆)ရက်နေ့ကစပြီးပြည်သူ့လွှတ်တော်ဥက္ကဌဦးရွှေမန်းနဲ့ကြံ့ဖွံ့ပါတီ၊
အဖွဲ့ဝင်(၁၀)ဦးကျော်ဟာဂျာမဏီ၊ပြင်သစ်၊ဘယ်လ်ဂျီယံ၊ဆွစ်ဇာလန်၊နော်ဝေး၊
အင်္ဂလန်၊နိုင်ငံတွေကိုခရီးလှည့်လည်ပြီး၊ဥရောပနိုင်ငံတွေရဲ့ပါလီမန်ဒီမိုကရေစီ
စနစ်ကျင့်သုံးပုံတွေကိုသွားရောက်လေ့လာခဲ့ပါတယ်။ ဒီခရီးစဉ်ဟာ၁၉၈၈ကတဲ
ကအစိုးရရဲ့တရားဝင်ပထမဆုံးဥရောပခရီးလည်းဖြစ်တယ်။

အဲဒီနောက်မေလတတိယအပတ်မှာတော့၊တိုင်းရင်းသားလွှတ်တော်ကိုယ်စား
လှယ်(၅)ယောက်အပါအ၀င်၊တစညပါတီ၊NDFပါတီ၊NLDပါတီအသီးသီးက
ကိုယ်စားလှယ် (၄)ဦးလည်းနော်ဝေးနိုင်ငံပါလီမန်ကိုလာရောက်လေ့လာဖို့
ရောက်လာပါတယ်။

အဲဒီ၂ဖွဲ့နော်ဝေးနိုင်ငံအော်စလိုမြို့မှာမေလ၁၄ရက်ဆုံတွေ့ပြီးပါလီမန်လွှတ်
တော်ကျင်းပပုံကိုလေ့လာခဲ့သလို၊ ပါလီမန်လူကြီးတွေ၊တွေနဲ့တွေ့ဆုံခဲံသလို
အော်စလိုကpeacecenterနဲ့ အိုင်ဒီယာဖောင်ဒေးရှင်းအဖွဲ့တွေဆီလည်း
သွားရောက်လေ့လာခဲ့ပါတယ်။

တကယ်တော့ဥရောပဆိုတာကလည်း၊ပါလီမန်ဒီမိုကရေစီစနစ်ကိုအစော
ဆုံးစတင်ကျင့်
သုံးခဲ့တဲ့၊ဒေသန္တရဖြစ်ပြီးပါလီမန်ဒီမိုကရေစီစနစ်အတွေ့အကြုံရင့်ကျက်မှုလည်းရှိပါ
တယ်။ ပါလီမန်တွင်းအခြေအတင်ဆွေးနွေးချက်တွေ ဥပဒေပြုရေးဆိုင်ရာတင်ပြချက်နဲ့ ဆင်ခြင်တွေးတောမှုတွေဟာမိမိတို့ပြည်သူတွေရဲ့ရေရှည်အကျိုးစီးပွား၊
နိုင်ငံရဲ့အနာဂတ်မျိုးဆက်အရေးအရာကိစ္စတွေကိုအာရုံထားဆောင်ရွက်သလို၊
ပါလီမန်ရဲ့ဥပဒေပြုဦးဆောင်မှုကိုအုပ်ချုပ်သူတွေကအရေးတယူလိုက်နာအကောင်
အထည်ဖော် တဲ့ဓလေ့ရှိပါတယ်။

အာဏာရအစိုးရ၊ပါတီတခုထဲရဲ့အကျိုးသက်သက်ဆောင်ရွက်တတ်တာ
မျိုးမဟုတ်သလို၊မိမိနိုင်ငံအကျိုးစီးပွားသက်သက်ကိုသာဗဟိုပြုလုပ်ဆောင်မှုလဲမရှိဘဲ၊
မိမိတို့နိုင်ငံနဲ့၊ပြည်သူတွေအကျိုးစီးပွားနဲ့ဆက်စပ်နေတဲ့နိုင်ငံတကာအရေးအရာကိုပါ
လေ့လာဆောင်ရွက်ကြပါတယ်။

နော်ဝေးရောက်မြန်မာကိုယ်စားလှယ်တွေထဲမှာ(ဒုတိယအသုတ်က)ကော်မရှင်က
လွှတ်တော်ကိုယ်စားလှယ်(ဦးသန်းထွန်း)၊NDF(ဦးခိုင်မောင်ရီ)ရခိုင်ပါတီ
(ဒေါ်ခင်စောဝေ)မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီကဒေါ်မြင့်မြင့်သန်း၊
ဖလုံစ၀ါပါတီ(ကရင်ပြည်နယ်လှိုင်းဘွဲ့မြို့နယ်)ဦးစောသိန်းအောင်၊ကျောက်ကြီးမြို့နယ်၊
တစညပါတီကဦးဥာဏ်ဆွေဝင်း၊ချင်းပြည်နယ်ဟားခါးမြို့နယ်၊ချင်းအမျိုးသားပါတီက
ဦးငွန်မောင်၊တို့ဖြစ်တယ်။ဒီ (၇) ဦးကနော်ဝေးခရီးစဉ်သက်သက်ဖြစ်ပါတယ်။

ဖျာပုံမြို့နယ်အမတ်(အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးသိန်းဆွေတို့လည်း
နောက်ပိုင်းမှာပါဝင်လာပါတယ်။NLDကိုယ်စားလှယ်၂ဦးကပြည်ပခရီးစဉ်ထွက်မယ်
ဆိုတာ၎ရက်အကြာမှကြိုသိရလို့၊တနင်္ဂနွေရုံးပိတ်ရက်မှာသံရုံးဖွင့်ပြီးဗီဇာရယူခဲ့သလို၊
သာမန်နိုင်ငံကူးလက်မှတ်စာအုပ်အနီဘဲကိုင်ဆောင်ရခွင့်ရတယ်။တခြားပုဂ္ဂိုလ်အား
လုံးကသံတမန်နိုင်ငံကူးလက်မှတ်စာအုပ်တွေနဲ့ပါ။ ဦးရွှေမန်းဦးဆောင်တဲ့အဖွဲ့နဲ့အချိန် ကိုက်ပြီးနော်ဝေးနိုင်ငံမှာမေလ၁၄ရက်နေ့ဆုံကြပါတယ်။

နော်ဝေး ပါလီမန်လေ့လာတဲ့မြန်မာကိုယ်စားလှယ်တွေဟာ လွှတ်တော်ကျင်းပုံကိုလေ့
လာခွင့်ရတော့၊နော်ဝေးလွှတ်တော်မှာ၊လွှတ်တော်တက်လာသူတွေကိုကြည့်ရတာ၊
စိတ်တင်းကြပ်မှုမရှိ၊ပေါ့ပေါ့ပါးပါးတက်တက်ကြွကြွနဲ့လုပ်ဆောင်ကျင်းပတာတွေ့ရ
တယ်လို့ပြောပြကြပါတယ်။ မြန်မာပြည်မှာတော့ကိုယ့်ထိုင်ခုံမှာမတ်တပ်ရပ်ပြီး
စာရွက်ဖတ်ပြီးပြောရသလို၊အဆိုတင်သွင်းတာ၊ထောက်ခံတာကိုစာရွက်ကိုင်ဖတ်ပြပြီး
မှဆွေးနွေးရတော့ လွတ်လွတ်လပ်လပ်မရှိဘူး တခုခုမှာရင်အရေးယူခံရနိုင်တယ်ဆို တဲ့စိတ်တွေကလည်းလွမ်းမိုးနေတယ်လို့ရှင်းပြကြပါတယ်။

မြန်မာကိုယ်စားလှယ်ခေါင်းဆောင်ဦးရွှေမန်းကနော်ဝေးခေါင်းဆောင်တွေကို
၊မြန်မာပြည်သူတွေကလူ့အခွင့်အရေးနဲ့ဒီမိုကရေစီရေးလမ်းကြောင်းကိုရွေးချယ်
လိုက်ပြီမို့မိမိတို့နောက်ကြောင်းပြန်ဖို့အစီစဉ်မရှိဘူးလို့အာမခံပြောခဲ့ပေမဲ့၊အရင်က
ဘာကြောင့်ဒီလမ်းကိုမလျှောက်ခဲ့တာလဲဆိုတာတော့ မပြောခဲ့ဘူးလို့ NLD ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာမျိုးအောင်က
ပြန်ပြောပြလို့သိရပါတယ်။နော်ဝေးအာဏာပိုင်တွေဘက်ကဘာတွေဆက်
လုပ်ဖို့ရှိလဲဆိုတာကိုလည်း ဒေါက်တာမျိုးအောင်က ခုလိုဆက်ပြောပါတယ်။

“နော်ဝေးအစိုးရကမြန်မာပြည်အဆင့်မြင့်ကိုယ်စားလှယ်လွှတ်ပြီးကူညီရေးအစီ
အစဉ်များဆောင်ရွက်မဲ့အကြောင်းကျနော်တို့ကိုရှင်းပြတယ် အခုစီးပွားပိတ်ဆို့ အရေးယူမှုရုတ်သိမ်းလိုက်တာဟာလက်ရှိလုပ်နေတဲ့အပြောင်းအလဲကိုအသိ
အမှတ်ပြုတဲ့သဘောဘဲ။ဒီထက်ပြောင်းလဲလာရင်၊ပိုပြီးကူညီဖို့ရှိပါတယ်။
စီးပွားရေး၊လူမှုရေးကအစ၊နိုင်ငံရေးကိုလည်းဆက်ပြီးဆောင်ရွက်ပေးမယ်တဲ့၊”

နော်ဝေးနိုင်ငံဟာခရစ်ယာန်ဝါဒမကြီးစိုးခင်အစောပိုင်းအေဒီ၈၀၀နဲ့၁၀၃၀ကြား
သမိုင်းအစဟာ၊ဗိုက်ကင်းလို့ခေါ်တဲ့ပင်လယ်ဓားပြတွေလွမ်းမိုးပြီးပင်လယ်ရေ
ကြောင်းနဲ့ကုန်ကူးတဲ့လုပ်ငန်း၊ငါးဖမ်းလုပ်ငန်းကိုလုပ်ခဲ့တာပါ။ ၁၄ရာစုလောက်
မှာနိုင်ငံရဲ့၃ပုံ၁ပုံဟာပလိပ်ရောဂါကပ်နဲ့သေဆုံးခဲ့ရပြီး၊ဘုရင့်၊မူးမတ်မျိုးနွယ်တွေနဲ့
အထက်တန်းလွှာတွေလည်းသေဆုံးခဲ့ပါတယ် ပုလိပ်ရောဂါမွှေနှောက်ခံရပြီး ဘုရင့်နန်းဆက်ပြတ်သွားလို့ဒိန်းမတ်မင်းသားတပါးကိုကမ်းလှမ်းပြီးဘုရင့်
နိုင်ငံပြန် ထူထောင်ရပါတယ်။စီးပွားရေး၊လူမှုရေးနိုင်ငံရေးဆုတ်ယုတ်ပြီး
အမှောင်ခေတ်လို့မှတ်တမ်းတင်ထားပါတယ်။ အဲဒီနောက်နှစ်ပေါင်း၄၀၀ကျော်
လောက်ဒိန်းမတ်ကိုလိုနီအောင်ရောက်ခဲ့သလိုဆွီဒင်ပြည်ထောင်စုအဖြစ်နဲ့
လည်းနေခဲ့ရပါတယ်၊၁၉၀၅ကျမှလွတ်လပ်ခဲ့ပြီး ဒုတိယကမ္ဘာစစ်ရောက်တော့၊
၅နှစ်ကြာဂျာမဏီသိမ်းပိုက်တာခံခဲ့ရပါသေးတယ်။

အဲလိုအမှောင်ကြားကနေရုန်းကန်လာခဲ့တဲ့နိုင်ငံမို့ကိုယ့်မင်းကိုယ့်ချင်းနေရတဲ့
ဘ၀ကို သိတ်တန်ဘိုးထားပါတယ်။အနှစ်၄၀၀ကျော်ဒိန်းမတ်နိုင်ငံအောက်နေခဲ့
ရာက(၁၈၁၄)ကျမှလွတ်မြောက်တာ။(အမှန်တော့၁၉၀၅ခုလောက်မှ ဆွီဒင်နိုင်ငံ
အချုပ်အခြာကနေလုံးဝလွတ်လပ်သွားခဲ့တာပါ)ဒိန်းမတ်ကလွတ်မြောက်တဲ့၊
အဲဒီနှစ်မေလ၁၇ရက်နေ့ဟာနော်ဝေးရဲ့အခြေခံဥပဒေနေ့ဖြစ်သွားတယ်။
နော်ဝေးနိုင်ငံအမျိုးသားနေ့၊လွတ်လပ်ရေးနေ့ဘဲဆိုပါစို့။တနိုင်ငံလုံးပျော်တဲ့နေ့ပါ။
(ကျနော်တို့နိုင်ငံနဲ့သိတ်ကွာတယ်)၊တခြားနိုင်ငံတွေနဲ့ကွာတာတခု
လည်းပြောပြအုံးမယ်၊ဥပမာအိန္ဒိယ၊တရုတ်၊ရုရှား၊မြောက်ကိုးရီးယားအပါအ၀င်
နိုင်ငံတော်တော်များများဟာ၊အဲလိုကိုယ့်နိုင်ငံအချုပ်အခြာပိုင်ဆိုင်တဲ့နေ့မျိုးတွေမှာ၊
စစ်အင်အားတွေ၊ခေတ်မှီလက်နက်ဆန်းတွေ၊တင့်ကားအမြှောက်ကြီးတွေ၊လေယာဉ်
ဖျက်ဒုန်းကျည်တွေ၊ဝေဟင်ကလေယာဉ်ပစ်အမြှောက်တွေစတဲ့၊စတဲ့ကြောက်စရာ့
လက်နက်ဆန်းကြီးတွေကိုတခမ်းတနားပြကြတာကိုး။

နော်ဝေးနိုင်ငံကအဲလိုမဟုတ်၊တနိုင်ငံလုံးကမူလတန်း၊အလယ်တန်းခလေးငယ်တွေ
အလံကိုင်ပြီးချီတက်ကြတာပါမျိုးဆက်သစ်တွေကိုအဲလိုငြိမ်းချမ်းရေးလက်ဆောင်တွေ တပျော်တပါးပေးတဲ့မင်္ဂလာကျက်သရေလွမ်းတဲ့နေ့ပါ။တကယ်တော့နော်ဝေးနိုင်ငံဟာ၊
၁၉၇၀နှောင်းပိုင်းရောက်မှရေနံနဲ့၊သဘာဝဓာတ်ငွေ့သိုက်တွေ့ပြီး၊ကမ္ဘာ့ထိတ်တန်းနိုင်ငံ
ရောက်လာခဲ့တာပါ။(ကျနော်တို့နိုင်ငံကသယံဇာတတွေကို၊နှစ်တရာကျော်ကိုလိုနီနယ်
ချဲ့တွေကတမျိုး၊အနှစ်၂၀ကျော်အိမ်နီးချင်းနိုင်ငံတွေကတဖုံ၊ဒီကနေ့ထိအမျိုးသားသစ္စာ
ဖောက်တွေကတမှောက်၊မကုန်နိုင်မခန်းနိုင်တူးဆွ၊သယ်မနေကြတာကိုသံဝေဂယူဘို့
ကောင်းတယ်။နော်ဝေးအစိုးရကမိမိတိုင်းပြည်ထွက်သယံဇာတကိုမိမိပြည်သူတွေအကျိုး
အတွက်မှန်မှန်ကန်ကန်အသုံးချနိုင်တာနေတာကိုယ်ကတိုင်းပြည်နဲ့ပြည်သူတွေကို
ဂုဏ်သိက္ခာမြင့်မားစေပါတယ်။

(နော်ဝေးအကြောင်းနောက်ကြုံမှထပ်ပြောပါအုံးမယ်)

မြန်မာကိုယ်စားလှယ်တယောက်ဖြစ်တဲ့၊NDFပါတီအလုံမြို့နယ်၊လွှတ်တော်ကိုယ်စားလှယ်၊
ဦးခိုင်မောင်ရီကတော့ကိုယ့်နိုင်ငံကသယံဇာတကိုပြည်သူတွေအတွက်အသုံးမပြုနိုင်ဘဲ၊
သူများနိုင်ငံကိုလက်ဖြန့်အကူအညီတောင်းနေရတာ၊တိုင်းပြည်ကိုယ်စားမျက်နှာပူတယ်
လို့ပြောပါတယ်။

“ကျနော်တို့ကသူတို့အကူအညီတွေတွေကိုထိုင်မျှော်နေဘို့လား၊သူတို့ဆီကလက်ဖြန့်
တောင်းနေဘို့လား၊သူတို့လည်း၊သဘာဝဓာတ်ငွေ့တွေ၊ငါးဖမ်းလုပ်ငန်းတွေနဲ့သူတို့လူဦး
ရေ(၅)သန်းကိုဖူလုံအောင်ဖန်တီးပေးနိုင်တယ်။ကျနော်တို့မှာသဘာဝအရင်းအမြစ်တွေ
အများကြီးနော်ဝေးထက်ထွက်တော့ ကိုယ့်ပြည်သူတွေအတွက်တော့ပံ့ပိုးစေချင်တယ်။
ဥက္ကဌကြီးသူရဦးရွှေမန်းကဒီမိုကရေစီဘက်တော်သားတွေနဲ့ရင်းနှီးချင်တယ်၊
ဒီမိုကရေစီဘက်သွားချင်တယ်၊ဒါပေမဲ့(နိုင်ငံတကာ) အစိုးရအဖွဲ့တွေနဲ့တွေ့တိုင်း
ကျနော်တို့ကိုကူညီပါ၊လမ်းပြပါ၊ထောက်ပံ့ပါလို့ပြောနေတာတခါခါကျနော်တို့ပြည်သူ
တွေအတွက်စိတ်မကောင်းဖြစ်ရပါတယ်။”

ဦးရွှေမန်းအုပ်စုနဲ့အတူလိုက်ပါလာတဲ့၊ကချင်ပြည်နယ် အင်ဂျိုင်းယံမြို့နယ်စည်းလုံး ညီညွတ်ရေးနဲ့ဒီမိုကရေစီပါတီကလွှတ်တော်ကိုယ်စားလှယ်ဒေါ်ဒွဲဘူကတော့ “အနှစ်သာရအားဖြစ်ဒီမိုကရေစီစနစ်ဦးတည်လိုတဲံစိတ်ခြင်းတူပေမဲ့၊အသွင်
သဏ္ဍန်အနေနဲ့များစွာ နောက်ကျနေသေးတာကြောင့်မိမိတို့လွှတ်တော်အတွင်းမှာ အရည်အချင်းပြည့်မီဘို့အတော်လေးလိုနေတဲ့အကြောင်းရှင်းပြပါတယ်။

“ ကျမတို့မှာ၊လုပ်နည်းကိုင်နည်းနဲ့ဆောင်ရွက်ရမဲ့လုပ်ငန်းတွေအတွက်အများကြီး
လိုအပ်နေပါသေးတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေရောဝန်ထမ်းတွေပါ ဥရောပနိုင်ငံတွေမှာသင်တန်းတွေပေးဘို့အားလုံးပြောဆိုထားပါတယ်။”

NDFပါတီလွှတ်တော်ကိုယ်စားလှယ်ဦးခိုင်မောင်ရီကတော့၊မြန်မာပြည်ဟာနာမည်
ကဒီမိုကရေစီလမ်းသွားနေပေမဲ့အမှန်တော့ခေါက်ရိုးကျိုးနေတဲ့အစိုးရနဲ့ဝန်ကြီးဌာန
ခေါင်းဆောင်တွေကြောင့်ဒီမိုကရေစီလမ်းပေါ်မရောက်နိုင်သေးဘူးလို့ပြောပါတယ်။

“ကျနော်တို့နိုင်ငံမှာ၊စကားတွေအများကြီးပြောခဲ့ကြတယ်၊လွှတ်တော်မှာရောအများ
ကြီးပြောခဲ့တယ်၊ ဒါပေမဲ့တကယ်ဖြစ်မလာဘူး၊ဘာလို့လဲဆိုတော့ဒီမိုကရေစီနိုင်ငံကို
ရောက်ကိုမရောက်သေးလို့ပါ။ ခေါက်ရိုးကျိုးနေတာတွေကိုဖျောက်လို့ကိုမရသေးဘူး၊
အပေါ်ကစနစ်ကိုပြောင်လိုက်တယ်၊အောက်မှာခေါက်ရိုးကကျိုးနေတုံး၊
အဲဒါဒီမိုကရေစီကိုသွားနေတာသိရက်နဲ့မေ့မေ့လျော့လျော့နေတဲ့ပုဂ္ဂိုလ်တွေ
ရှိနေသေးလို့။အခုဒီနိုင်ငံရောက်တော့တွေ့သမျှအားလုံးဝမ်းနည်းစရာတွေချည်းဘဲ၊
ကိုယ့်နိုင်ငံအတွက်ဝမ်းနည်းစရာတွေပါ။”

တကယ်တော့လက်ရှိနေပြည်တော်လွှတ်တော်ဟာတိုင်းပြည်ရဲ့လိုအပ်ချက်တွေ
တင်ပြနေပေမဲ့ လွတ်တော်ထဲကအသံတွေလွှတ်တော်အပြင်မရောက်ဘဲအငွေ့ပျံသွား
တဲ့လွှတ်တော်နိုင်ငံရေးသာဖြစ်တယ်လို့ဦးခိုင်မောင်ရီကကောက်ချက်ချပါတယ်။

“လွှတ်တော်ကဆုံးဖြတ်တဲ့အတိုင်းမဆောင်ရွက်ရင် ဥပဒေအတိုင်းဆိုရင်၊အရည်
အချင်းမရှိရင်၊အရည်အချင်းမရှိကြောင်းစွတ်စွဲခွင့်ရှိတယ်၊အဲဒီလိုစွတ်စွဲနိုင်ခွင့်ရှိရက်နဲ့၊
တနေ့ လုပ်နိုးနိုး၊တနေ့ လုပ်နိုးနိုးနဲ့ကျနော်တို့မစွတ်စွဲနိုင်သေးဘူး။

ချင်းကိုယ်စားလှယ်တယောက်ဆိုရင်၊ခနခနတင်တယ်၊ခနခနတင်ပြကြောင်းလဲ
လွှတ်တော်ကိုပြောတယ်၊ဂရုကိုမစိုက်ပါဘူးလို့လဲပြောပြတယ်ငိုတတ်တဲ့ကလေးဟာ နို့ပိုစို့ရတဲ့စကားလိုကျနော်တို့ကခနခနငိုပြနေရတော့မှာလား၊အဲလိုငိုပြမှအခွင့်အရေး
ရမှာလား။အသိစိတ်ဓာတ်နဲ့မဆောင်ရွက်ကြတော့ဘူးလား?၊လွှတ်တော်ဆိုတာ
ဥပဒေပြုတာဖြစ်လို့ထုတ်ထားတဲံဥပဒေအတိုင်း ဆောင်ရွက်ကြရဲ့လား?၊အခုဟာ
လုပ်ချင်တာလုပ်နေကြတာ၊ဥပမာတခုပြောမယ်၊လျှပ်စစ်မီးကိစ္စ။ ပြည်ထောင်စု
လွှတ်တော်မှာကျနော်တို့တင်ပြတယ်။ပျက်ချင်တဲ့အချိန်ပျက်၊လာချင်တဲ့အချိန်လာ၊
အကန့်သပ်မဲ့မီးပျက်တယ်။ဘယ်သူ့ကိုမှမကြေငြာဘူး၊လုပ်ချင်ရာလုပ်နေတဲ့မီး။
မီပျက်လို့မီးလောင်လို့သေပြီးတရားခံဖြစ်ရတာကပြည်သူ၊တကယ့်တရားခံကအမှတ်-၂လျှပ်စစ်ဝန်ကြီးဌာနလို့ပြည်ထောင်စုလွှတ်တော်မှာကျနော်အဲလိုပြောလာခဲ့တာ။
ဒါပေမဲ့လွှတ်တော်အပြီးအိမ်ပြန်ရောက်တော့မီးပျက်နေတယ်။တနေကုန်ပျက်တယ်၊
လျှပ်စစ်ဌာနဖုံးဆက်မေးတော့ဖြေခွင့်မရှိဘူးတဲ့။ ကျနော်တို့ကတနိုင်ငံလုံးကြား
အောင်သာပြောတာ၊ဘယ်မီဒီယာမှမပါဘူး၊လွှတ်တော်ထဲမှာတင်၊လေထဲမှာတင်၊
အငွေ့ပျံသွားသလား။”

မြန်မာအာဏာပိုင်တွေက၊ဒီမိုကရေစီနိုင်ငံတွေဆီကနေစီးပွားရေး၊ငွေကြေး၊
နည်းပညာအကူညီယူဘို့သက်သက်သာဟန်ပြဆက်ဆံနေတာလား?
အနှစ်သာရှိရှိဒီမိုကရေစီရေးပြုပြင်ပြောင်းလဲရေးကိုမေ့ထားမှာလား?၊

တကယ်တော့ဒီမိုကရေစီဆိုတာစိတ်ဓာတ်ရေးရာကျင့်ဝတ်တခုပါ။နော်ဝေးမှာတော့ လူနေမှုအဆင့်အတန်းကတဦးနဲ့တဦးသိတ်ကွာခြားတာမရှိသလို၊ဆင်းရဲချမ်းသာ
ကွာဟ မှုမရှိဘဲအားလုံးတန်းတူညီတူပါဘဲ။ငွေကြေးချမ်းသာတောင့်တင်းတာ၊
စီပွားကောင်းပြီးကျိကျိတက်ချမ်းသာတာကိုနော်ဝေးလူမျိုးတွေကဂုဏ်လို့မသတ်
မှတ်ပါဘူး၊သူတို့သတ်မှတ်တာက လူတယောက်ဟာ(၁)အလုပ်လုပ်ရမယ
်(ဘာအလုပ်ဘဲဖြစ်ဖြစ်၊အလုပ်ဂုဏ်ကိုတန်ဘိုးထားတယ်)

(၂)ပညာတတ်ရမယ်(ပညာတတ်ယောင်ဝါးလုပ်ပြီးလူပေါ်လူဇော်လုပ်တာ၊မာန်ရစ်
တာမဟုတ်)

(၃)လူမှုရေးတက်ကြွသူဖြစ်ရမယ်။(ဆိုရှယ်ဒီမိုကရက်တစ်နိုင်ငံဆိုတော့ဒါကို
အလေးထားတယ်)

(၄)အလုပ်တာဝန်ကျေပွန်သူဖြစ်ရမယ်။ဒါတွေကိုအဓိကတန်ဘိုးထားတယ်။
စိတ်ဓာတ်

ရေးရာယဉ်ကျေးမှုကရိုးရိုးလေးနဲ့မြင့်မြင့်မားမားရှိတယ်။(တကယ်တော့မြန်မာ
တွေရဲ့စံနှုံးကလည်းအဲလိုပါဘဲ၊အုပ်ချုပ်ရေးမဏ္ဍိုင်နဲ့စနစ်ကိုယ်ကယိုင်ရွှဲ့ခဲ့လို့ပါ။
မိမိနဲ့လူမှုပတ်ဝန်းကျင်ဆက်ဆံရေးနယ်ပယ်မှာစိတ်ပိုင်းဆိုင်ရာယဉ်ကျေးမှု
အဆင့်မြင့်အောင်တိုက်တွန်း၊လုပ်ဆောင်အားထုတ်တာမင်္ဂလာတပါးလည်းဖြစ်
ပါတယ်။

အများပြည်သူအတွက်ရည်ရွယ်ပြီး၊ချမှတ်တဲ့စနစ်အပေါ်မှာနိုင်ငံသားတိုင်းအား
လုံးစိတ်ရောကိုယ်ပါလိုက်ပါရတာဖြစ်ပါတယ်။ဝန်းဝိုင်းကူညီရတာဖြစ်ပါတယ်။
လူတိုင်းကောင်းစားဘို့အတွက်ဖော်ဆောင်တဲ့စနစ်မဟုတ်ဘဲအတ္တသမား
လူနည်းစုအတွက်အလုပ်အကြွေးပြုမဲ့လုပ်ငန်းစဉ်ဆိုရင်ဘယ်သူမှအားပေး
ကူညီချင်မှာမဟုတ်ပါဘူး။နှစ်ပေါင်းများစွာ ပြည်သူနဲ့သဟဇာတမဖြစ်တဲ့အစိုးရ ကိုပြည်သူတွေကသံသယတွေနဲ့ပူးပေါင်းလိုစိတ်လည်းမရှိတော့ပါဘူး။
မူကိုသာမကလူတွေပါပြောင်းလဲမှမိမိတို့အနာဂတ်ဒီမိုကရေစီခရီးချောမွေ့
လိမ့်မယ်လို့ဒီကနေ့ ပြည်သူတွေကယုံကြည်နေကြတာပါ။

ကိုညို (နော်ဝေး)

0 comments: