စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Wednesday, May 23, 2012

“ဇွန်လကစလို့ စာပေစိစစ်လုပ်ငန်းများနိဋ္ဌိတံပါပြီ”


စာနယ်ဇင်းကောင်စီ ဖွဲ့စည်းအပြီး ဇွန်လအတွင်းမှစကာ စာ ပေစိစစ်ရေးလုပ်ငန်းများ လုံးဝရှိတော့မည်မဟုတ် ကြောင်း စာပေစိစစ်နှင့် မှတ်ပုံတင်ဌာန ဒုတိယညွှန် ကြားရေးမှူးချုပ် ဦးတင့်ဆွေက ပြောကြားသည်။

“ဇွန်လကစလို့ စာပေစိစစ်လုပ်ငန်းများ နိဋ္ဌိတံပါပြီ”ဟု ဦးတင့်ဆွေကပြောကြားသည်။
ပုံနှိပ်မီဒီယာလောကရှိ အဖွဲ့အစည်းအသီးသီးမှ စာပေ ပညာရှင်များစာပေကိုယ်စားလှယ်များပါဝင်သည့် စာနယ်ဇင်းကောင်စီ (Press Council)ကိုဖွဲ့စည်းနိုင်ရေးအတွက် ပြင်ဆင်လျက်ရှိပြီး ယင်းစာနယ်ဇင်း
ကောင်စီတွင် လတ်တလော ဖွဲ့စည်းခဲ့သည့် မြန်မာနိုင်ငံသတင်းစာဆရာများအသင်း၊ မြန်မာနိုင်ငံ ဂျာ
နယ်လစ်ကွန်ရက်နှင့် မြန်မာစာ နယ်ဇင်းသမဂ္ဂတို့မှ ကိုယ်စားလှယ်များဖြင့် အခြေပြုဖွဲ့စည်းသွား မည်ဖြစ်သည်။

ယင်းကောင်စီဖွဲ့စည်းပြီးသည်နှင့် နောက်ဆုံးရက် သေချာသတ်မှတ်ထားခြင်း မရှိသေးသော်လည်း ဇွန်လအတွင်း စာပေစိစစ် ခြင်း လုံးဝလုပ်တော့မည်မဟုတ် ဟု ဦးတင့်ဆွေကဆိုသည်။

“စာပေစိစစ်ရေးရုံးကတော့ ရှိနေဦးမှာပါ။ ဒါပေမဲ့ စာပေစိစစ်ခြင်းတော့ လုံးဝလုပ်တော့မှာ မဟုတ်
ပါဘူး”ဟု ဦးတင့်ဆွေကပြောသည်။
ဦးတင့်ဆွေသည် စာပေစိစစ်နှင့် မှတ်ပုံတင်ဌာန ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်မှ ပြန်ကြားရေးဝန်ကြီးဌာနအောက်သို့ပြောင်းချိန် ၂၀၀၄ ခုနှစ်မှ စတင်တာဝန်ထမ်းဆောင်ခဲ့ခြင်းဖြစ်သည်။ ဦးတင့်ဆွေသည် တပ်မတော်အရာရှိ ဗိုလ်မှူး(အငြိမ်းစား)တစ်ဦးဖြစ်ပြီး ရဲရင့်တင့်ဆွေ
ကလောင်အမည်ဖြင့် စာပေရေးသားနေသူတစ်ဦးလည်းဖြစ်သည်။

၁၉၈၈ ခုနှစ်နောက်ပိုင်းမှ ယနေ့အထိ နှစ်ပေါင်းနှစ်ဆယ်ကျော်ကာလအတွင်း စာပေစိစစ်နှင့် မှတ်
ပုံတင်ဌာနတွင် တပ်မတော်အရာရှိများက စိစစ်တည်းဖြတ်ခဲ့ကြသည်။ တပ်မတော်(ကြည်း)မှ ဗိုလ်မှူးအဆင့် သုံးဦးနှင့် တပ်မတော် (ရေ)မှ ဒုတိယဗိုလ်မှူးကြီးနှင့် ဗိုလ်မှူးအဆင့် အရာရှိများ အရပ်ဘက်ပြောင်းကာ ညွှန်ကြားရေးမှူးတာဝန်ဖြင့် စိစစ်ကြီးကြပ်ခဲ့ကြခြင်းဖြစ်သည်။

ဦးတင့်ဆွေက ဒုညွှန်ချုပ်ရာထူးဖြင့် စာပေစိစစ်လုပ်ငန်းများကို လက်ရှိညွှန်ကြားရေးမှူးနှင့်အတူ တာဝန်ယူနေဆဲဖြစ်သည့်အတွက် စာပေစိစစ်မှုများ ဇွန်လတွင် ဆုံးခန်းတိုင်ခဲ့ပါလျှင် ဦးတင့်ဆွေသည် စာပေရေးသားမှုများကို စိစစ်ဖြတ်တောက်ရသည့် တာဝန်ယူခဲ့ရသော နောက်ဆုံး တပ်မတော် အရာရှိတစ်ဦးဖြစ်လိမ့်မည်။ထို့ကြောင့် မေ ၁၇ ရက်က ဦးတင့်ဆွေ၏ စာပေစိစစ်ရုံးခန်း တွင် သီးသန့်သွားရောက်တွေ့ဆုံခဲ့သည်များကို ဖော်ပြလိုက်ရပါသည်။

အခု စာပေစိစစ်ရေး လုံးဝမရှိတော့ဘူးပေါ့ ဗိုလ်မှူး။
- စာပေစိစစ်ရေး မရှိတော့ဘူး ဆိုတာထက် စာပေစိစစ်ရေးလုပ်ငန်းမရှိတော့ဆိုတာ ပိုမှန်မယ်။ ဇွန်လကစပြီးတော့ စာပေစိစစ်လုပ်ငန်းစဉ်တွေ မရှိတော့ဘူး။စာပေစိစစ်ရေးအနေနဲ့ အခု လတ်
တလော ဘယ်လိုသတင်းဆောင်းပါး သုံးသပ်ချက် ရေးသားမှုတွေကို ပုံနှိပ်ဖော်ပြခွင့်ပေးဖို့ စဉ်းစားချင့် ချိန်နေရတုန်းဖြစ်မလဲ။
ကျွန်တော်တို့အနေနဲ့ တကယ်တားနေရတယ်ဆိုတာထက် စဉ်းစားနေရတဲ့ဟာကတော့ အမျိုး သားစည်းလုံးညီညွတ်ရေးပါပဲ။ အဲဒီမှာ အစိုးရရှိတယ်။ လွှတ်တော်ရှိတယ်။ နိုင်ငံရေးပါတီတွေ ရှိတယ်။ တိုင်းရင်းသားလက်နက် ကိုင်တွေရှိတယ်။ တပ်မတော်ရှိတယ်။ အားလုံးက မျက်နှာတစ်ခု ပေါ်မှာ ဆုံနေတဲ့သဘောရှိတယ်။ တစ်ဖက်နဲ့တစ်ဖက် နှစ်ပေါင်းများစွာ နားလည်မှုမရခဲ့တာ အကြာကြီးပဲ။ အခုက အကောင်းဆုံး အနေအထား ရောက်ပြီလို့ ထင်တယ်။ အဲဒီအခြေအနေမှာ အရေးအသားတစ်ခုခုကြောင့် အခုလက်ရှိ အနေအထားလေး နောက်ပြန်ဆုတ်သွားမလား။ အဲဒါကို ချိန်ဆရတာပါ။ အဲဒါကြောင့် စိစစ်ရေးက ဘာတွေဖြေ လျှော့နေသလဲ မေးရင် အဲဒီဟာက လွဲလို့ ကျန်တာ ဘာမှမရှိဘူး။
တချို့ကပြောတယ်။ လတ်တလော စာပေလွတ်လပ်ခွင့်ကို ၇၅ ရာခိုင်နှုန်းလောက်ရှိပြီလို့ ပြောတယ်။
ကျွန်တော့်အနေနဲ့တော့ အဲဒီကိန်းဂဏန်းကို ပြောတဲ့သူတွေကတော့ ဖြေလျှော့မှုအရေအ တွက်ပေါ်မှာပဲ ကြည့်တယ်လို့ ထင်တယ်။ တကယ့်စာပေစိစစ်ရေးအနှစ်သာရမျိုးနဲ့ ပြောတယ်လို့ သိပ်မထင်ဘူး။ ကျွန်တော်တို့က ခုနကပြောတဲ့ အမျိုးသားစည်း လုံးညီညွတ်ရေးခေါင်းစဉ်အောက် ကနေ ၅၀ ရာခိုင်နှုန်းဖြစ်ရင်ဖြစ်မယ်။ တစ်ခါတလေ ၇၀ ရာခိုင် နှုန်းဖြစ်ရင်ဖြစ်မယ်။ အဲဒါက ဖြစ် နိုင်တယ်။ ဒါကြောင့် အမျိုးသား စည်းလုံးညီညွတ်ရေးကို နောက် ကြောင်း ပြန်သွားမယ့် ရေးသားမှုမျိုးဆိုရင်တော့ ၃၀ ရာခိုင်နှုန်းပါ ရင် ၃၀ ရာခိုင်နှုန်းဖြုတ်တယ်။ တစ်မျက်နှာလုံးဆိုရင် တစ်မျက်နှာလုံးဖြုတ်တယ်။ ကျန်တာကတော့ အားလုံးပေးနေတာပါပဲ။

၂၀၀၄ မတိုင်ခင်ကတော့ တပ်မတော် ထောက်လှမ်းရေးရဲ့ မူဝါဒနဲ့ စီမံမှုပေါ့။ အခု ဗိုလ်မှူးတို့ပြန်ကြားရေး လက်ထက်မှာရော။
အဲဒါကို ပြောရရင် ၁၉၈၈ မတိုင်မီအထိ စာပေစိစစ်ရေးဆိုတာ ရက်သတ္တပတ်တိုင်းရဲ့ တစ်ရက်
ရက်မှာ ဘုတ်အဖွဲ့အစည်းအဝေးတွေကနေသွားတာ။ အခု ဗီဒီယိုဆင်ဆာ ထိုင်ကြသလိုမျိုးပဲ။ SBတို့
ဘာတို့ အကုန်ပါတယ်။ ပြီးတော့ ဒီမှာရှိတဲ့ ညွှန်မှူးတွေက ဦးစီးပြီး လုပ်ခဲ့တာပေါ့။ အဲဒီတုန်းကတော့ ပြည်ထဲရေးအောက်မှာပေါ့။ ၁၉၈၈ နောက်ပိုင်းကျမှ ထောက်လှမ်းရေး ရဲ့ ပါဝင်ပတ်သက်မှုက ပိုကြီးလာတယ်။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ခေတ်တုန်းက အဲဒီလောက်မကြီးဘူး။ အဲဒီတော့သူတို့လက်ထက်မှာ တော့ သူတို့ရဲ့ မူဝါဒပေါ့။ ပြန်ကြားရေးလက်ထက်မှာတော့ နိုင်ငံတော်လုံခြုံရေး အစည်းအဝေးက လမ်းညွှန်မှု
နဲ့သွားတာ။

စာပေစိစစ်ကလူတွေက နာမည်ဆိုးနဲ့ ကျော်ကြားလာတယ်။ ကင်ပေတိုင်တွေလို့ နာမည်တပ်ခံရလာတယ်။ ခုချိန်ထိ ဗိုလ်မှူးဖြတ်သန်းလာတဲ့ ခုနစ်နှစ်တာကာလ အတွင်းမှာ ဗိုလ်မှူး ဖြတ်တောက်တားမြစ်ခံခဲ့ရတဲ့ ရေးသားသူတွေအပေါ် အားတောင့်အားနာမိတာ နောင်တရမိတာမျိုး ဖြစ်မိလား။
တကယ်အမှန်အတိုင်းပြောရရင်တော့ အဲလောက်ကြီးကြီးမားမားပေါ့လေ။ အားတောင့်အားနာ ဖြစ်ရလောက်အောင် မတွေ့ဘူး။ ဘာကြောင့်လဲဆိုတော့ လူတွေ အားလုံး အသိကလည်း အဲဒီအချိန်မှာ အဲဒီလောက်လည်း ပိုမရေးရဲဘူး။ ဂျာနယ်လစ်တွေ စာရေးဆရာတွေရဲ့ ရေးသားမှုတွေကို အဲဒီဟာက ခွင့်ပြုလို့ မရဘူးလို့ ပြောခဲ့ရရင်လည်း အဲဒီအချိန်မှာပေးလို့ကို မရလို့ဖြစ်တယ်။ အဲဒီအတွက်ကို အားနာတယ်လို့ မတွေးမိဘူး။
မလိုအပ်ဘဲနဲ့ ကြန့်ကြာနေတာတွေပေးသင့်လျက်နဲ့ အောက်ကလူတွေမပေးလိုက်လို့ နစ်နာသွားရတာ တွေ အဲဒါမျိုးတွေကျတော့ မူဝါဒအရ မဟုတ်ဘူး။ ကျွန်တော်တို့ ရုံးထဲမှာဖြစ်တဲ့ မှားယွင်းမှုတွေအတွက်တော့ တောင်းပန်သင့်တာတွေအများကြီးရှိတယ်။ မူဝါဒအရကတော့ မရှိဘူး။ တာဝန်အရလုပ်တယ်။ သို့သော် ဒီလိုမျိုး စစ်နေတာကြီးက ခေတ်နဲ့မဆီလျော်ဘူးဆိုတာ နားလည်တယ်။ ကိုယ်ကိုယ်တိုင်ခံစားခဲ့ရဖူးတယ်။ စာ အုပ်တင်တယ်။ ၁၃ လကြာမှ စာအုပ်ပြန်ရတယ်။ ဒီမှာ ညွှန်မှူး မဖြစ်သေးဘူး။

မီဒီယာသမားတွေနဲ့ ပြောဆို ဆက်ဆံတဲ့အခါမှာ ပြဿနာတွေ ရှင်းရတဲ့အခါမှာ ဗိုလ်မှူးတို့အနေနဲ့ အာဏာပြတာတွေ အရှိန်အ၀ါသုံးတာတွေရှိလား။ ဘယ်လို ပုံစံမျိုးနဲ့ဆက်ဆံရေး တည်ဆောက်ဖြေရှင်းခဲ့ရလဲ။
ဟုတ်ပါတယ်။ တစ်ခါတလေမှာ အမိန့်အာဏာပြတယ်ဆိုတာ ပြချင်လို့ ပြတာမျိုးတော့မဟုတ်ပါဘူး။ မဖြစ်မနေပေါ့နော်။ အတတ်နိုင်ဆုံးလည်း လုပ်ပေးနေတဲ့ကြားထဲမှာ ဖြစ်လာရင် စိတ်ဆိုးပြီးတော့ တဒင်္ဂပြောတာမျိုးလည်း ရှိတယ်။ သို့သော်လည်း အခြေခံ စိတ်ဓာတ်ကတော့ ဂျာနယ်တစ် စောင် တစ်ခုခုရှိလို့ ခေါ်ပြောရရင် တောင် မှန်ပါစေဆိုတဲ့ စိတ်မျိုးနဲ့ ခေါ်ပြောရတယ်။ ရန်ဘက်တွေလို မပြောချင်ဘူး။ အရှိန်အ၀ါ အမိန့်အာဏာတွေနဲ့ မပြောချင်ဘူး။

ဖြေရှင်းခဲ့သမျှ ပြဿနာတွေထဲမှာ မှတ်မှတ်ထင်ထင်ရှိတဲ့ ကိစ္စတွေ ကတော့ဘာဖြစ်မလဲ။
ပထမဆုံးစတွေ့တာက The Voice ဂျာနယ်ထဲမှာပါတဲ့ ရန်ကုန်စက်မှုကျောင်းသတင်း။ အဲဒီနောက် မြန်မာတိုင်းမ်မှာပါတဲ့ နိုင်ငံတော် အကြီးအကဲကို ထိခိုက်စေတဲ့ စာသားဝှက်ထားတဲ့ ကြော်
ငြာကိစ္စပါ။ ပြီးတော့ အချစ်မှာပါတဲ့ ကိုစောဝေ ကဗျာ။

ဗိုလ်မှူးလက်ထက် ခုနစ်နှစ်အတွင်းမှာလူပုဂိုလ်အဖွဲ့အစည်းပေါ့၊ အပြင်းထန်ဆုံး အပြစ်ပေးမှုက ဘာဖြစ်မလဲ။
ထုတ်ဝေသူတစ်ယောက် ထောင်ကျသွားခဲ့တယ်ဆိုတာ လုံးဝမရှိခဲ့ဘူး။ အယ်ဒီတာအဖွဲ့ကိုလည်း တစ်ခါမှ မလုပ်ခဲ့ဘူး။ ထုတ်ဝေခွင့်အပြီး ပိတ်သိမ်းတယ် ဆိုတာတောင် ကျွန်တော်တို့မှာ မရှိခဲ့ဘူး။ Action Time နှစ်လပိတ်ခဲ့တာက အဆိုးဆုံးပဲ။ ပြီးတော့ True News ကို တစ်လပိတ်ဖူးတယ်။ ကျန်တာတွေကတော့ တစ်ပတ်ပိတ် နှစ်ပတ်ပိတ်တွေက တော့ ရှိဖူးတယ်။

အစုလိုက်အပြုံလိုက် အပြစ်ပေးတာကတော့ ၂၀၁၀က ဖြစ်မယ်ထင်တယ်နော်။
အဲဒါကလည်း ဒေါ်အောင်ဆန်းစုကြည် လွတ်တော့ပါ။ မပေးဘူး မဟုတ်ဘူး ပေးထားတယ်။ မ ပေးပါနဲ့ ဆိုတဲ့အမိန့်လည်း မရှိဘူး။ ပေးပါဆိုတဲ့ အမိန့်လည်း မရှိဘူး။ ပေးနိုင်သလောက်လေး ပေးနေတဲ့အချိန်မှာ ဘာပဲပြောပြော စိုးရိမ်တာပေါ့နော်။ ဂျာနယ်တချို့က အပေါ်ကနေတင်ပြီး ဝေကြရောင်းကြတာ။ အတွင်းခွင့်ပြုထားတာကို။ ဂျာနယ်တွေ မလိုက်နာတာကလည်း အဓိကပေါ့။

အခု ဗိုလ်မှူးတို့ ပြောနေတဲ့ Press Council အကြောင်းကို ပြောပါဦး။ Press Council နဲ့ စာပေစိစစ်
ရေးကို အစားထိုးလိုက်တယ်လို့ ပြောကြတယ်။
စာပေစိစစ်ရေးမရှိတော့သော်လည်း မီဒီယာနဲ့ စာဖတ်သူကြားမှာ မီဒီယာနဲ့ ဌာနဆိုင်ရာကြားမှာ ၀ိရောဓိပြဿနာတွေ conflict တွေရှိမှာပဲ။ အဲဒါတွေ ကျတော့ ဘယ်သူဖြေရှင်းပေးမှာလဲ။ အဲဒါကို လုံးဝလိုအပ်တယ်။ အဲဒီတော့ အဲဒါကို အဓိက ဖြေရှင်းပေးဖို့။ အဲဒါသည် စာပေစိစစ်တာဝန် တွေ ယူတာမဟုတ်ဘူး။ ဟုတ်မှ မဟုတ်တာ။ ဖြေရှင်းပေးမယ့်သူမရှိဘူး။

စာပေစိစစ်တုန်းကတော့ တစ်ခုခုဆိုရင် တစ်ပတ်နား နှစ်ပတ်နားပေါ့ ပြစ်ဒဏ်တွေပေးတယ်။ အခု PressCouncil က ဘယ်လောက်အထိ လုပ်ပိုင်ခွင့်ရှိမလဲ။
ကျွန်တော်အနေနဲ့ အစိုးရမင်းမှုထမ်းတစ်ယောက်အနေနဲ့ ဘာမှစွက်ဖက်ပြီး ၀င်ပြောစရာ မရှိဘူး။ ဒါပေမဲ့ လုံးဝအမိန့် အာဏာမရှိဘူး။ ကောင်စီရဲ့ လုပ်ထုံးလုပ်နည်းတွေကို နိုင်ငံတကာအဆင့်တွေနဲ့ ကိုက်ညီပြီး ဆွဲရမှာပဲ။ တစ်ပတ်ပိတ် နှစ်ပတ်ပိတ်တယ်ဆိုတာ အာဏာရှင်အစိုးရလုပ်တာ။ သူတို့ကအဲလိုလုပ်လို့မရဘူး လေ။ ကျွန်တော့်အမြင်ကလေ။ သူ့အ နေနဲ့ ရှုတ်ချတယ်ဆိုတာမျိုးတော့ လုပ်လို့ရမယ်ထင်တယ်။ ဒီအတိုင်း
တော့ ကိုယ့်ဟာကိုယ် ဘယ်လိုထိန်းကြမလဲ။

အင်ဒိုးနီးရှားပုံစံကို ယူထားတယ် ပြောတယ်။ အင်ဒိုမှာတော့ ဥပဒေအရင်လာပြီးမှ ကောင်စီလာတာ။ ဒီမှာက ပြောင်းပြန်ဖြစ်နေသလား။
ကောင်စီအရင်လာတဲ့ သ ဘောကလည်း စိစစ်မှုကို ဖျက်ချင်ပြီ။ စိစစ်ခြင်းဖျက်လိုက်ရင် ဒါကို လူကြီးတွေ စိတ်ပူတယ်။ စိစစ်ခြင်းမရှိဘဲနဲ့ ဒီအတိုင်းကြီး သူတို့ကိုဘယ်လိုထိန်းကျောင်းမလဲ။ ဒါကြောင့်ပါ။
Press Council ကို မျိုးစုံဝေ ဖန်နေကြတာရှိတယ်။ တကယ့် ဂျာနယ်လစ်တွေပါမှာလား။စာပေစိစစ်နဲ့ ပြန်ကြားရေးနဲ့ နီးစပ်သူတွေပဲ ဒီကောင်စီကို ချုပ်ကိုင်သွားမှာလား။

တစ်နည်းအားဖြင့် PressCouncil က တစ်ဖက်လှည့်နဲ့ နာမည်ကောင်းယူပြီး ပြန်ကြားရေးက ပြန်ကိုင်တာမျိုးလား စတဲ့ဝေဖန်မှုတွေအပေါ် သုံးသပ်ပေးပါဦး။
အဲဒါကတော့ လုံးဝအဆိုး မြင်တာပဲ။ စာပေလောကကို စာပေစိစစ်ကို တိုက်ရိုက်ကိုင်တွယ်မှုတွေရှိမှာ မဟုတ်တော့ဘူး။ ထွက်သွားပြီ။ ဒါပေမဲ့ အဲလို ပြဿနာလေးတွေ ပေါ်လာမယ်ဆိုရင်တော့ မူတွေ စစ်ဖို့မဟုတ်ဘူး။ complain တွေကို ဘယ်သူကိုင်တွယ်ပေးမလဲ။ အဲဒါက မှားတယ်။
တော်တော်များများက စိစစ်ရေးက ပုံစံခွက်တစ်ခုထဲကို ချထားပေးတယ်လို့ ခံယူတယ်။ လုပ်စေချင်တယ်။ တာဝန်ကိုတော့ ဒီဘက်က မြင်တဲ့ဟာကို ရေးတာပေါ့။ တကယ်တမ်းကျတော့ ကိုယ်လုပ်
ချင်တဲ့ပုံစံကို ကိုယ်တိုင်ဆွဲရမှာပါ။

ဒါဆို Press Council က လူတွေကို ပြန်ကြားရေးက ခန့်အပ်မှာလား။
အကြမ်းဖျင်းကတော့ အဲဒီ အသင်းအဖွဲ့တွေက ရွေးပေးတဲ့ လူတွေကနေ သမ္မတဆီတင် သမ္မ တရုံးက ရွေးပေးမှာပါ။

မီဒီယာဥပဒေကရော ဘယ်လို အခြေအနေရောက်နေပြီလဲ။
ရှေ့နေချုပ်ရုံးကို ဒုတိယအကြိမ်ပို့ထားတယ်။ ပထမအကြိမ်ပို့တုန်းက အဲဒီဥပဒေကြမ်းက အား လုံးကို မခြုံမိဘူးဖြစ်နေတယ်။ အားလုံး ဆွေးနွေးကြည့်လိုက်တော့။ ရှေ့နေချုပ်ရုံးကလည်း အကြံပြုတယ်။
အဲဒါကြောင့် Print Media Law ပုံနှိပ်ဥပဒေပဲ လုပ်တော့မယ်။ အဲဒီအောက်မှာ ဆွဲလိုက်တယ်။ အဲဒီ
တော့မှ Press Council တို့ဘာတို့ပါလာတာ။ ဒုတိယအကြိမ်ပို့ထားတာ။ ရှေ့တစ်ပတ်ထဲ ကျွန်တော်တို့ သွားဆွေးနွေးရမယ်။ ဇွန်လထဲမှာ အစိုးရအဖွဲ့ကို တင်ပြမယ်။ အစိုးရက အတည်ပြုရင် ဇူလိုင်လလွှတ်တော်မှာ ထပ်တင်ပြမယ်။လွှတ်တော်က အတည်ပြုလိုက်ပြီဆိုရင် သြဂုတ်မှာ နည်းဥပဒေထုတ်နိုင်အောင်လုပ်ရမယ်။ ဒါကဥပဒေဘက်ပေါ့၊ တစ်ဖက်ကတော့ ကောင်စီကရှိနေမယ်။

အချို့မီဒီယာတွေကလည်း နေ့စဉ်ထုတ်အတွက် ပြင်ဆင်နေ ကြပြီဆိုတော့ သတင်းစာတွေရဲ့ အခြေအ
နေကရော ဘယ်လို ရှိပါလဲ။
အဲဒါကတော့ နှစ်ကုန်လောက် မှ ဖြစ်မလား ထင်ရတာပဲ။ ဥပဒေ လည်း ထွက်ပြီးမှပေါ့လေ။ ချက် ချင်းလုပ်ဖို့တော့ မလွယ်ဘူးထင် တယ်။ တကယ်တော့ စာပေစိစစ် ဆိုတာ မရှိသင့်တော့ဘူး။ တကယ် လည်း စာပေစိစစ်က ပြောရင် နာလည်း နာခံတာမဟုတ်ဘူး။ စစ်သာစစ်နေရတာ။ တစ်ခါတလေ မူဝါဒအရဘာမှမဖြစ်ဘူး။ ပါသွားပြန်တော့လည်း ဘာမှမဖြစ်ဘူး။
ဒီခေတ်မှာ ဒါတွေကတော့ ဖျက်ဖို့ကောင်းပြီ။ အခုချိန်မှာ မထားနဲ့ ဆိုရင်တော့ ပြီးသွားပြီ။ စာ ပေစိစစ်က စာမစစ်တော့ရင် ဘာမှ ၀င်ပါစရာ မလိုတော့ဘူး။ မှတ်ပုံတင်ရတဲ့ဟာတော့ရှိမယ်။

ငြိမ်းငြိမ်းနိုင်- 7Day News Journal

0 comments: