စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Thursday, August 2, 2012

လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး ဥပဒေကြမ်းကို အမျိုးသားလွှတ်တော် အတည်ပြု




လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး ဥပဒေကြမ်းတွင် အမျိုးသားလွှတ်တော် ကိုယ်စားများဆွေးနွေးသည့် အကြောင်းအရာများအား ဖြည့်စွက်ပြီး အမျိုးသားလွှတ်တော်က သြဂုတ်လ ၁ ရက်နေ့တွင် အတည်ပြုခဲ့ကြောင်း သိရသည်။

လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ အကြံပြု ဆွေးနွေးသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များနှင့် ညှိနှိုင်းခဲ့ရာ အောက်ပါအတိုင်း သဘောတူညီခဲ့ကြပါသည်။

ဦးခင်မောင်ရီ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၆ မှ ဆွေးနွေးချက်များနှင့် စပ်လျဉ်း၍

၁။ ဤ ဥပဒေကြမ်း ပုဒ်မ ၂ ပုဒ်မခွဲ (က)တွင် လာဘ်ပေးလာဘ်ယူမှု ပြုလုပ်ရာ၌ အခွင့်အရေး တစ်စုံတရာ ရထိုက်သော ပုဂ္ဂိုလ်အား ထိုသို့ မရရှိအောင် ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ ပိတ်ပင်ဟန့်တားခြင်းလည်း အကျုံးဝင်စေရန်အတွက် ဥပဒေနှင့်မညီသော အခွင့်အရေးပေးရန်သော် လည်းကောင်း၊ ဥပဒေနှင်အညီ ရထိုက်သော အခွင့်အရေးကို မမှန်မကန် ပိတ်ပင်ရန်(သို့)ကြန့်ကြာရန် သော်လည်းကောင်း၊ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ပြုလုပ်ခြင်းကိုဆိုသည်ဟု ထပ်မံဖြည့်စွက်ရန် သဘောတူညီခဲ့ကြပါသည်။

၂။ ဤဥပဒေကြမ်း၏ ပုဒ်မ ၂ပုဒ်မ ခွဲ (ဂ) လာဘ်ပေးလာဘ်ယူမှုကြောင့် ကြွယ်ဝချမ်းသာလာမှုဆိုသည့် အဓိပ္ပာယ်ဖော်ပြချက်တွင် ကြွယ်ဝချမ်းသာလာခြင်းကို မူလအခြေအနေ တင်ပြထားသော ပိုင်ဆိုင်မှုထက် ပိုမိုများပြားလာခြင်းကို ထင်ရှားစေရန် ကြွယ်ဝချမ်းသာလာခြင်းဆိုသည့် စကားရပ်၏ရှေ့တွင် မူလအခြေအနေထက်ပို၍ ဆိုသည့်စာသားကို ဖြည့်စွက်ရန် ညှိနှိုင်းသဘောတူညီခဲ့ကြသည်။

၃။ ဤဥပဒေကြမ်း ပုဒ်မ ၂။ ပုဒ်မ ခွဲ (ဋ)ဘဏ်လုပ်ငန်းဆိုင်ရာ စာအုပ်စာတမ်းဆိုသည့် အဓိပ္ပာယ်ဖော်ပြချက်တွင် ခေတ်မီဘဏ်လုပ်ငန်းစနစ်တွင် ကွန်ပြူထာထိန်းချုပ်သော (Online Banking) စနစ်ပါဝင်ရေး ခြုံငုံမိစေရန် ကွန်ပျူတာ စာရင်းမှတ်တမ်းများ ပါဝင်သည်ဆိုသည့် စကားရပ်အား ထပ်မံဖြည့်စွက်ရန် သဘာတူညီခဲ့ပြီး ပုဒ်မ ၂ ပုဒ်မခွဲ (ဌ) ငွေကြေးဆိုသည့် အဓိပ္ပာယ်ဖော်ပြချက်တွင် ပုဂ္ဂလိကဘဏ်များနှင့် နိုင်ငံတကာ ငွေကြေးအဖွဲ့များက အသုံးပြုသော ငွေကြေးကဲ့သို့ သုံးစွဲနိုင်သော တန်ဖိုးသတ်မှတ်ထားသည့်ကတ်များ၊ ချက်လက်မှတ်များ အကျုံးဝင်စေရန်၊ မူလစာသား စာချုပ် စာတမ်း တစ်မျိုးမျိုး(သို့) လက်မှတ်များ၏နောက်တွင် အကြွေးဝယ်ကတ်ပြား၊ အလားတူကတ်ပြားနှင့် လက် ဆောင်ချက်လက်မှတ်များကို ဆိုသည်ဟု ထပ်မံဖြည့်စွက်ရန် သဘောတူညီခဲ့ကြပါသည်။

၎။ ဤဥပဒေကြမ်း ပုဒ်မ ၃ ပုဒ်မခွဲ ဃ)တွင် နိုင်ငံတော်ပိုင် ပစ္စည်းသာမက ဘဏ္ဍာတော်ငွေကိုပါ လာဘ်ပေးလာဘ်ယူမှုမှ အကာအကွယ်ပေးနိုင်ရန်အတွက် လာဘ်ပေးလာဘ်ယူမှုကြောင့် နိုင်ငံတော်ပိုင် ပစ္စည်းများစာသား၏နောက်တွင် နိုင်ငံတော်ဘဏ္ဍာနှင့် အခွန်အရပ်ရပ်ဟု ဖြည့်စွက်ရန် သဘောတူညီခဲ့ပြီး၊ ပုဒ်မ ၇ ပုဒ်မခွဲ (က)တွင် ကော်မရှင်နှင့်ကော်မရှင်၏ သက်တမ်းဆိုသည့် စကားရပ်အစား အဓိပ္ပာယ် တိကျမှန်ကန်စေရန်အတွက် ကော်မရှင်နှင့် ကော်မရှင် အဖွဲ့ဝင်များ၏ သက်တမ်းဟု ပြင်ဆင်ဖြည့်စွက်ရန် သဘောတူညီခဲ့ကြသည်။

၅။ ဤဥပဒေကြမ်း ပုဒ်မ ၇ ပုဒ်မ ခွဲ (ခ)တွင် ကော်မရှင်အဖွဲ့သည် ကော်မရှင်အဖွဲ့သစ်ကို ဖွဲ့စည်းခန့်အပ် တာဝန်ပေးပြီးသည့်အချိန်အထိဆိုသည့် စကားရပ်အစား ကော်မရှင်ဟုသာ အဓိပ္ပာယ်ဖွင့်ဆိုချက်ရှိသဖြင့် ကော်မရှင်သည် ကော် မရှင်အသစ်တစ်ရပ်ကို ဖွဲ့စည်းခန့်အပ် တာဝန်ပေးပြီးသည့်အချိန်အထိ ဟုပြင်ဆင်သတ်မှတ်ရန် သဘောတူညီခဲ့ကြပါသည်။

၆။ ဤဥပဒေကြမ်း ပုဒ်မ ၂၈ တွင် ဖော်ပြထားချက်အစား စွပ်စွဲခံပုဂ္ဂိုလ်၏ လုပ်ငန်းတာဝန်ရပ်ဆဲနိုင်ရန် ဌာနအဖွဲ့အစည်းဆိုင်ရာ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ရန်အတွက် ကော်မရှင်သည် စွပ်စွဲခံရသူအပေါ် တရားစွဲဆို အရေးယူရန် အကြောင်းပေါ်ပေါက်သည့် ကိစ္စရပ်၌လည်းကောင်း၊ လာဘ်ပေး လာဘ်ယူမှုကြောင့် ကြွယ်ဝချမ်းသာလာမှု ဖြစ်နိုင်ဖွယ်ရာရှိသည်ဟု ယုံကြည်၍ ပဏာမ စစ်ဆေးရေးအဖွဲ့နှင့် စိစစ်ရန် ဆုံးဖြတ်သည့် ကိစ္စရပ်၌လည်းကောင်း၊ စွပ်စွဲခံရသူမှာ လုပ်ပိုင်ခွင့် အာဏာရှိသူဖြစ်လျှင် ထိုသို့ဆုံးဖြတ်သည့်နေ့ရက်မှစ၍ ထိုစွပ်စွဲခံရသူအား ယင်း၏ လုပ်ငန်းတာဝန်များကို ဆက်လက်ဆောင်ရွက်စေခြင်း မပြုရဟု ပြင်ဆင်ရေးသားရန် သဘောတူညီခဲ့ပါသည်။

ဦးလှဆွေ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)က ဆွေးနွေးသည့် ဥပဒေကြမ်း ပုဒ်မ ၂ ပုဒ်မခွဲ က တွင်ဖော်ပြခဲ့သည့် ပြဋ္ဌာန်းချက်များနှင့် အကျုံးဝင်ပါ၍ ပြင်ဆင်ချက်များကို သဘောတူခဲ့ပြီး ဦးဂျေယောဝူ ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)ကလည်း ယင်းအနေဖြင့် ဥပဒေကြမ်းတစ်ရပ်လုံးကို ခြုံငုံဆွေးနွေးခြင်းသာဖြစ်ပြီး ပြင်ဆင်ချက်များကို သဘောတူညီခဲ့ကြောင်း သိရသည်။

ကော်မတီက လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီသည် မူလအစီရင်ခံစာတွင် တင်ပြခဲ့သည့် အခန်း(၁၀) ပြစ်မှုနှင့် ပြစ်ဒဏ်များအခန်းတွင် ပြစ်ဒဏ်များအများ အနည်းအလိုက် အစီအစဉ် ကျနစေရန် ပြောင်းလဲသတ်မှတ်ခြင်းနှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်သုံးဦး၏ ညှိနှိုင်းချက်များအား ဖြည့်စွက်ပြင်ဆင်ခြင်းများကို လွှတ်တော်က အတည်ပြုခဲ့ကြောင်း သိရသည်။

Eleven Media Group

1 comments:

ဒီဥပဒေ ပေါ်လာတဲ့အတွက် အင်မတန်မှ ၀မ်းသာပါတယဆိုတာ ရှေးဦးစွာ ပြောပါရစေ ..
(၁) လာဘ်ပေး လာဘ်ယူ လုပ်နေတာကို တစ်ခြားတစ်ဦးက ကိုယ်တိုင်မြင်တွေ့ပြီး မနေနိုင်လို့ အထောက်ထားနှင့်တကွ တိုင်မယ်ဆိုရင် ရပါသလား..
(၂) ပတ်စ်ပို့လုပ်ဖို့အတွက် ပုံစံ ၁၇ ကနေ ၁၉ ပြောင်းဖို့အတွက် ရန်ကုန်က အခွန်ဌာနမှာ (ကိုယ်တွေ့ပါ) ၀န်ထမ်းတစ်ဦးက လက်မှတ်ထိုးခ တစ်ရာကျတယ် ဒါကြောင့် တစ်ရာတန်အနှုတ်လေးတွေ အဆင်သင့်ဆောင်ထားပါ လို့ အော်ပြောပါတယ်.. သူပြောတဲ့ အနှုတ်တစ်ရာတန် မရှိတဲ့အတွက် ငါးရာတန် ပေးလိုက်ရင် ပြန်မအမ်းပါဘူး .. ငွေလေးရာ ပြန်အမ်းဖို့အတွက် ပြောပြန်တော့ ခင်ဗျားတို့ကို ကျုပ်ပြောထားမဟုတ်လားဆိုပြီး ပြန်ဟောက်ပါတယ် .. အဲဒီလိုလုပ်တာတွေက ဘယ်လို အရေးယူမှာလဲ .. ပတ်စ်ပို့ရုံးမှာ မိတ္တူဆွဲတဲ့အခါ ပြန်မအမ်းတာတွေလဲ ရှိပါတယ်..
ဖြစ်စေချင်တာကတော့ ဘယ်ဌာနမှာ ဘာလုပ်ရင် ဘယ်လောက်ကျတယ်ဆိုတာ အများပြည်သူတွေ မြင်သာအောင် ကြေငြာထားပါ ပြီးရင် ဘောက်ချာပေးပါ .. အဲဒီစနစ်မရှိလို့လဲ ၀န်ထမ်းတွေ ထင်သလို လုပ်နေကြတယ်ဆိုတာကိုလဲ သိအောက်လုပ်ကြပါ ..