စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Thursday, August 2, 2012

သတင်းမီဒီယာများပိတ်ပင်ခံရခြင်း၊ ဖိနှိပ်ခံရခြင်းများကို အကြောင်းပြုထုတ်ပြန်သော MJA ၏ သဘောထားကြေညာချက်မှ စာနယ်ဇင်းကောင်စီဖွဲ့ရေးနှင့် မီဒီယာဥပဒေကို အလျင်အမြန် ရေးဆွဲပြဌာန်းရန် လမ်းကြောင်းပေးဖော်ပြထားသည့်အချက်ကို Eleven Media Group လက်မခံ




သတင်းမီဒီယာများပိတ်ပင်ခံရခြင်း၊ ဖိနှိပ်ခံရခြင်းများကို အကြောင်းပြုထုတ်ပြန်သော မြန်မာနိုင်ငံ သတင်းစာ ဆရာအသင်း (MJA) ဖြစ်မြောက်ရေး ကော်မတီ၏ သဘောထား ကြေညာချက်မှ စာနယ်ဇင်း ကောင်စီဖွဲ့ရေးနှင့် မီဒီယာဥပဒေကို အလျင်အမြန် ရေးဆွဲပြဌာန်းရန် လမ်းကြောင်းပေး ဖော်ပြထားသည့် အချက်ကို Eleven Media Group က လက်မခံကြောင်း Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်က ပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံသတင်းစာဆရာအသင်း ဖြစ်မြောက်ရေးကော်မတီက ဇူလိုင်လ ၃၁ ရက်နေ့တွင် ပြန်ကြားရေးဝန်ကြီးဌာန၊ စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနက The Voice Weekly ဂျာနယ်နှင့် Envoy News Journal တို့ အား သတ်မှတ်ထားသော စည်းကမ်းချက်များကို ချိုးဖောက်သည်ဟူသော စွပ်စွဲချက်ဖြင့် ထုတ်ဝေခွင့် ယာယီရပ်နားစေခဲ့ခြင်းနှင့် ပတ်သက်၍ သဘောထားကြေညာချက် ၄/၂၀၁၂ ကို သြဂုတ်လ ၁ ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်ခဲ့ပါသည်။

အဆိုပါ ကြေညာချက်တွင် The Voice, Envoy နှင့် လျှပ်တစ်ပြက်ဂျာနယ်တို့ တွေ့ကြုံနေရသည့် ထုတ်ဝေခွင့် ရပ်ဆိုင်းခံရခြင်း၊ တရားရင်ဆိုင်ရခြင်းများအပေါ် သဘောထားများ၊ ယူဆချက်များ အပါအဝင် အချက် (၈) ချက်ပါဝင်ပြီး "ဤကဲ့သို့သော ကာလတွင် တစ်ဖက်နှင့်တစ်ဖက်နားလည်စွာဖြင့်ညှိုနှိုင်းဖြေရှင်းရင်း ခေတ်သစ်သို့ ညင်သာစွာ ရွေ့လျားကူးပြောင်းကြရမည်ဟု မြန်မာနိုင်ငံသတင်းစာဆရာအသင်း ဖြစ်မြောက်ရေးကော်မတီက ယုံကြည်ပါသည်။"ဟု တိုက်တွန်းထားသည်။ ထို့ပြင် ကြေညာချက် အမှတ်စဉ် (၈) တွင် "စာနယ်ဇင်းနှင့် သတင်းမီဒီယာများနှင့် အခြားအဖွဲ့အစည်း လူပုဂ္ဂိုလ်များအကြားတွင် ပေါ်ပေါက်လေ့ရှိတတ်သော နားလည်မှုလွဲခြင်းများ၊ မပြေလည်မှုများ၊ ပဋိပက္ခများကို ကြားဝင်ဖြေရှင်းပေးနိုင်မည့် လွတ်လပ်သော အဖွဲ့အစည်းကြီးတစ်ခု အမြန်ဆုံးပေါ်ပေါက်လာရေး၊ စစ်မှန်သော စတုတ္ထမဏ္ဍိုင်ဖြစ်စေရေး အာမခံချက်ပေးမည့် မီဒီယာဥပဒေတစ်ရပ် အမြန်ဆုံးပြဌာန်းနိုင်ရေးတို့ကို တာဝန်ရှိသူများက ဝိုင်းဝန်းအကောင်အထည်ဖော်ပေးကြပါရန် ကျွန်ုပ်တို့က တိုက်တွန်းပါသည်" ဟု ဖော်ပြပါရှိပါသည်။

Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်က "အခု ဂျာနယ်တွေပိတ်တာ၊ တရားတွေစွဲတာ 'လုံးဝ' မလုပ်သင့်တဲ့ကိစ္စပါ။ တစ်ဖက်နဲ့တစ်ဖက် ဘယ်လိုနားလည်မှုနဲ့ဖြေရှင်းရမှာလဲ။ လုံးဝမလုပ်ရမှာ။ ၁၉၆၂ ဥပဒေနဲ့ပဲ ထုတ်တင်စနစ်လုပ်ရင် ဂျာနယ်တွေဘာပိတ်စရာလိုတော့လို့လဲ။ အစိုးရသတင်းစာတွေက ရှုံးနေတယ်။ အခွန်ထမ်းတွေရဲ့ ငွေတွေနဲ့ အရှုံးခံနေရတာ။ ပိတ်ပစ်ရမှာ။ ဒီမိုကရေစီအစိုးရကထုတ်ဝေတဲ့ အစိုးရသတင်းစာဆိုတာမကြားဖူးဘူး။ ပြန်ကြာရေးဝန်ကြီးဌာနဆိုတာလဲ ချုံ့ပစ်ရမှာ။ လျှော့ပစ်ရမှာ။ အခွန်ထမ်းတွေရဲ့ ငွေတွေကိုမသုံးသင့်ဘူး။ ဒီမိုကရေစီနိုင်ငံစစ်စစ်တွေမှာ ဝန်ကြီးဌာနအသွင်နဲ့တောင်မရှိဘူး။ အရင်အုပ်ချုပ်ရေးစနစ်ဟောင်းက ပုံစံတွေကို ပြောင်းပစ်သင့်တယ်။ ဆရာဦးစိန်ဝင်းပြောသလို ကိုယ့်လည်ပင်းစွပ်မယ့်ကြိုးကို ကျွန်တော်တို့ ဝင်မကျစ်နိုင်ပါဘူး။ ကျွန်တော်တို့ကို proxy အဖွဲ့တွေနဲ့ ထိန်းချုပ်မှာကို လုံးဝမလိုလားပါဘူး။ ဟိုနိုင်ငံဒီနိုင်ငံက တစ်စစီ ကိုယ်လိုရာဆွဲယူထားတဲ့ ဖြတ်ညှပ်ကပ် ဥပဒေကိုလည်း လက်မခံပါဘူး။ ဂျာနယ်တွေ မတရား ဖိနှိပ်ခံရတာကို အကြောင်းပြပြီး အခုလို မီဒီယာဥပဒေကို တက်သုတ်ရိုက်အတည်ပြုဖို့၊ စာနယ်ဇင်းကောင်စီကိုဖွဲ့ဖို့ လမ်းကြောင်းပေးဖော်ပြထားတာကို လုံးဝလက်မခံပါဘူး။" ဟု ပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံသတင်းစာဆရာများအသင်းဖြစ်မြောက်ရေးကော်မတီသည် မြန်မာနိုင်ငံ စာပေနှင့်စာနယ်ဇင်းအဖွဲ့ကို ဖျက်သိမ်းပြီးနောက် ပေါ်ပေါက်လာခဲ့သော အဖွဲ့ဖြစ်သည်။ နာယကအဖြစ် ဦးစိုးသိန်း(မောင်ဝံသ)၊ ဦးကိုကိုလှိုင် (သမ္မတအကြံပေး)၊ ဦးဝင်းငြိမ်း တို့ကဆောင်ရွက်ပြီး ဥက္ကဌအဖြစ် ဦးခင်မောင်လေး(ဖိုးသောကြာ - ခေတ်+မိုး) နှင့် အတွင်းရေးမှုးမှာ ဦးကိုကို(ကိုကို-စက်မှုတက္ကသိုလ်)တို့ ဖြစ်သည်။ မြန်မာနိုင်ငံသတင်းစာဆရာများအသင်း ဖြစ်မြောက်ရေးကော်မတီ၏ ညီလာခံတစ်ရပ်ကို သြဂုတ်လ ၄ ရက်နေ့တွင် ပြုလုပ်မည်ဟု သိရသည်။

Eleven Media Group

0 comments: