နန်းမြနဒီ DVB ၂၄ မေ ၂၀၁၂
ငြိမ်းချမ်းရေးဆွေးနွေးပွဲလုပ်ပြီး ရက်ပိုင်းအတွင်းမှာ ရှမ်းပြည်တပ်မတော် တောင်ပိုင်း အဖွဲ့နဲ့ အစိုးရတပ်တွေကြား တိုက်ပွဲပြန်ဖြစ်ပါတယ်။
မေ ၂၃ ရက်နေ့ နေ့ခင်းပိုင်းမှာ ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းတုံမြို့နယ် ပုံပါကျင် မြို့နယ်ခွဲထဲမှာ တိုက်ပွဲဖြစ်ခဲ့တယ်လို့ ရှမ်းပြည်တပ်မတော်တောင်ပိုင်း ပြောခွင့်ရသူ ဗိုလ်မှူး စိုင်းလောဝ်ဆိုင်က ပြောပါတယ်။
ဒီတိုက်ပွဲဟာ ရှမ်းပြည်တပ်မတော်တောင်ပိုင်း အဖွဲ့နဲ့ အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တို့ မေ ၁၉ ရက်နေ့က ပြည်ထောင်စုအဆင့် အပစ်အခတ် ရပ်စဲရေး သဘောတူလက်မှတ်ထိုးပြီး ၄ ရက်အကြာမှာ ဖြစ်ခဲ့တာပါ။
မနေ့က ဖြစ်ပွားရတဲ့တိုက်ပွဲဟာ မိုင်းတုံအခြေစိုက် ခလရ ၆၅ အစိုးရတပ်ရင်းက တပ်ကနေ ထွက်ပြေးသွားတဲ့ သူတို့ ရဲဘော်တွေနောက် လိုက်လံရှာဖွေရင်း လွယ်ကောင်းမူးတောင်မှာရှိတဲ့ ရှမ်းတပ်တွေနဲ့ တိုးမိပြီး မမျှော်လင့်ဘဲ တိုက်ပွဲဖြစ်သွားရတာလို့ သူက ပြောပါတယ်။
မိနစ်ပိုင်းသာ ကြာမြင့်တဲ့ ဒီတိုက်ပွဲကြောင့် နှစ်ဖက် ထိခိုက်ဒဏ်ရာရမှု မရှိကြောင်း၊ အစိုးရတပ်အနေနဲ့ သူတို့နယ်ထဲဝင်လာရင် ကြိုတင် အကြောင်းကြားရမှာဖြစ်ပြီး ထွက်ပြေးသွားတဲ့ တပ်သားတွေ ပြန်မိဖို့ ရှမ်းပြည်တပ်မတော်ဆီကိုလည်း အကူအညီတောင်းနိုင်ပြီး သူတို့ကလည်း ပူးပေါင်းဆောင်ရွက်နိုင်မယ်လို့ ဗိုလ်မှူး စိုင်းလောဝ်ဆိုင်က ပြောပါတယ်။
အခုဖြစ်တဲ့တိုက်ပွဲဟာ အစိုးရတပ်ရဲ့ အောက်ခြေအဖွဲ့တွေက အထက်အမိန့်ကို မလိုက်နာတဲ့အတွက် ဖြစ်တာလို့ ရှမ်းပြည်တပ်မတော် တောင်ပိုင်းအဖွဲ့ ပြောခွင့်ရ ဗိုလ်မှူးစိုင်းလောဝ်ဆိုင်က ပြောပါတယ်။
“အစိုးရဘက်က ပြောပါတယ်။ အရင်တုန်းက နားလည်မှုလွဲပြီးတော့ တိုက်ခိုက်တာတွေ ရှိသေးတယ်။ အပစ်ရပ်စဲရေး သဘောတူညီချက် ရရှိပြီးနောက်ပိုင်း၊ အခုကတော့ အဲဒီကိစ္စရပ်တွေ အားလုံးရှင်းသွားအောင် ဒုတိယအကြိမ် ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲတွေ ထပ်လုပ်လိုက်တော့ အဲဒီကိစ္စတွေ မဖြစ်စေရတော့ပါဘူးလို့ ပြောတားတယ်။ ဒါပေမယ့် အောက်ခြေတပ်တွေက အမိန့်တွေ ဒီဂရီတွေ နားလည်မှုတွေကို မဆောင်ရွက်နိုင်သေးသရွေ့ကတော့ ဒီလိုပဲ ဖြစ်နေမယ်လို့တော့ ကျနော်တို့ ထင်ပါတယ်။ အောက်ခြေတပ်တွေ အားလုံးသိရှိ နားလည်အောင်တော့ သူတို့အပေါ်က အမိန့်ချမှတ်ပေးရမယ်။ ရှင်းပြရမယ်။”
နှစ်ဖက်စစ်သည်တွေ နယ်မကျွံဖို့အတွက် နယ်မြေတိတိကျကျ သတ်မှတ်ရေးအတွက် ထပ်ပြီး ဆွေးနွေးရဦးမယ်လို့ သူက ပြောပါတယ်။
နှစ်ဖက်အကြား ဒီနှစ် ဇန်န၀ါရီ ၂၆ ရက်နေ့က ပြည်နယ်အဆင့် အပစ်အခတ်ရပ်ဖို့ သဘောတူပြီးတုန်းက တိုက်ပွဲ ၁၇ ကြိမ် ဖြစ်ခဲ့ပြီး ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်ဖို့ သဘောတူပြီးချိန်မှာ တိုက်ပွဲ၁ကြိမ် စုစုပေါင်း တိုက်ပွဲပေါင်း ၁၈ ကြိမ်ဖြစ်ပွားခဲ့ပါတယ်။
Welcome to SeekaHost
10 months ago










0 comments:
Post a Comment