2012-06-02
(Photo: RFA- ၂၀၁၂ ခုနှစ် မေလက စတင်ပြီး လှိုင်သာယာစက်မှုဇုန်ရှိ Hallmark အထည်ချုပ်စက်ရုံ အလုပ်သမားများ အခြေခံလုပ်ခလစာ တိုးပေးရေး တောင်းဆိုဆန္ဒပြနေကြစဉ်။)
ရန်ကုန် လှိုင်သာယာနဲ့ ရွှေပြည်သာ စက်မှုဇုန်တွေမှာရှိတဲ့ ပုဂ္ဂလိကစက်ရုံ (၂၀) ကျော်က အလုပ်သမားတွေဟာ အခြေခံလစာ တိုးမြှင့်ရေးအတွက် မိမိတို့ စက်ရုံအသီးသီးမှာ ဆက်လက်ဆန္ဒပြ နေကြရာမှာ
ခြိမ်းခြောက်ခံလာရတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။
အလုပ်သမားတွေဘက်က ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြနေပေမဲ့ အလုပ်ရှင် အများစုဘက်က ခြိမ်းခြောက်တဲ့ ပုံစံမျိုးတွေနဲ့ တုံ့ပြန်ကြတာ တွေ့ရတယ်လို့ မနေ့က လှိုင်သာယာစက်မှုဇုန်မှာ ဆန္ဒပြနေတဲ့ စက်ရုံတွေထဲက စက်ရုံ (၅) ရုံကို သွားရောက်ကြည့်ရှု ကူညီခဲ့တဲ့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က မသက်သက်အောင်က အခုလို ပြောပါတယ်။
" စက်ရုံကနေအပြင်ဘက်ပေါ့နော်၊ စက်ရုံဝင်း အပြင်ဘက်ကနေပြီးတော့ သူတို့တွေ ထိုင်ပြီးတော့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ပဲ ဆန္ဒပြ
တောင်းဆိုနေကြတာရှင့်။ ကျွန်မမြင်ရသလောက်တော့လေ အလုပ်ရှင်တွေဘက်က ညှိနှိုင်းမှုအား၊ ညှိနှိုင်းတယ်ဆိုတာ နည်းနည်း အားနည်းတယ်ရှင့်။ ဘယ်လိုဖြစ်နေလဲဆိုတော့ ညှိနှိုင်းတဲ့ စက်ရုံတွေကလည်း ညှိနှိုင်းတယ်။ မညှိနှိုင်းတဲ့ စက်ရုံတွေက ဒီအတိုင်း ထားထားတယ်ပေါ့နော်။ ဘာမှမညှိဘူး။ အဒီလိုမျိုး ဖြစ်နေတယ်။ ညှိနှိုင်းတဲ့ စက်ရုံတွေကျတော့လည်း ဥပမာ-သူတို့တောင်းတဲ့ သုံးသောင်းဆိုရင် ဒီစက်ရုံမှာဆိုရင် ၈၀၀၀ တိုးပေးတယ်။ ဆန်နီမှာဆိုရင် တစ်သောင်း တိုးပေးတယ်။ အဲဒီထက် ဘာမှ တိုးမပေးနိုင်တော့ဘူးပေါ့နော်။ မလုပ်နိုင်ရင် ထွက်ဆိုတဲ့ သဘာမျိုးတွေ ပြောနေတယ်"
မိုးသည်းထန်ပြီး ရာသီဥတု ဆိုးရွားနေတဲ့ကြားက Hi-mo ဆံပင်တု စက်ရုံ အပါအ၀င် တော်ဝင်မြန်မာ၊ မြန်မာဆန်နီ ဖိနပ်ချုပ်စက်ရုံတွေအပြင် Hallmark ၊ Myth Appeal ၊ Costec စတဲ့ အထည်ချုပ် စက်ရုံတွေမှာလည်း အလုပ်သမားတွေဟာ နေ့စဉ် ဆန္ဒပြ တောင်းဆိုနေကြပါတယ်။
မနေ့က Hall Mart အထည်ချုပ် စက်ရုံမှာတော့ ဆန္ဒပြအလုပ်သမားတွေနဲ့ အလုပ်ရှင်ဘက်က လူတွေအကြား ရိုက်နှက်မှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။
RFA
Hallmark အထည်ချုပ်စက်ရုံမှ အလုပ်သမားများ ယနေ့ည တစ်ညလုံး ဆန္ဒပြမည်ဟု သိရ။ ယနေ့ ညနေ ၃ နာရီခန့်မှ စ၍ မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ဆန္ဒပြ အလုပ်သမများဟာ စိုရွှဲနေသော်လည်း ဆန္ဒပြမှုကို ရပ်နားမည် မဟုတ်ဘဲ တစ်ညလုံး ဆန္ဒပြသွားမည်ဟု ဆိုသည်။ မိုးလေဒဏ်ကြောင့် ဆိုးရိမ်၍ တားမြစ်သည်ကိုလည်း အများဆန္ဒအရ ဆက်လက်ဆောင်ရွက်မည်ဟု ပြောသဖြင့် နီးစပ်ရာမှ ခုံများ သွားရောက်ငှားရမ်းပေးခြင်း ၊ ထမင်းကျွေးဖို့စီစဉ်နေခြင်းများလည်း ရှိသည်။
0 comments:
Post a Comment