
စစ်တွေမြို့ အင်ဘလာခေါ် အောင်မင်္ဂလာ ရပ်ကွက်မှ အိမ်မီးလောင်ပြီး ဒုက္ခရောက်နေသူ အနည်းဆုံး လူပေါင်း ၇၀၀ ကို အဆိုပါ ရပ်ကွက်မှ မြို့ပြင်သို့ ယနေ့တွင် ပြောင်းရွှေ့ ပေးလိုက်ကြောင်း သတင်း ရရှိသည်။
“ ဒီနေ့ နေ့လည် ၁၂ နာရီက စပြီး စစ်တပ်က ကားတွေနဲ့ ပြောင်းရွှေ့ပေးတာ ဖြစ်ပါတယ်။ ဒီရပ်ကွက်က ရခိုင်တွေနဲ့ နီးနေတော့ သူတို့လည်း အပြင်ကို မသွားလာနိုင်တော့ စားရေး သောက်ရေးက အစ ပြဿနာ ဖြစ်လာပုံ ရပါတယ်။ ဒီနေ့တော့ သူတို့ သဘောတူညီချက်နဲ့ မြို့ပြင်ကို အစိုးရ တာဝန်ရှိသူတွေက ပြောင်းရွှေ့ပေးတာ ဖြစ်ပါတယ်” ဟု ဖေယာလမ်းမှ ဒေသခံ တစ်ဦးဖြစ်သူ ကိုအောင်ကျော်ဝင်းက ပြောသည်။
ပြောင်းရွှေ့ခံရသူ အရေအတွက်မှာ ၇၀၀ မှနေ ၈၀၀ ကြားထိ ရှိနိုင်ပြီး စစ်တပ်က ကား (၁၀) စီးဖြင့် လုံခြုံရေး ယူကာ ပို့ဆောင်ပေးခဲ့သည်ဟု သူက ပြောသည်။
“ လုံခြုံရေးတွေကတော့ အပြည့်ပါဘဲ။ သူတို့ကို သက်ကယ်ပြင် ရွာနားမှာ တည်ဆောက်ထားတဲ့ ဒုက္ခသည်တွေ စခန်းတွေမှာ နေရာချပေးတယ်လို့ သိရပါတယ်။ ဟိုက အခြေအနေကိုတော့ ကျွန်တော်တို့လည်း သွားမကြည့်နိုင်တော့ မသိဘူး။ ဒါကြောင့် ဟိုမှာ မွတ်ဆလင် ဒုက္ခသည်တွေရဲ့ အခြေအနေ ဘယ်လိုရှိတယ်ဆိုတာကိုတော့ မပြောနိုင်ဘူး” ဟု သူက ပြောသည်။
စစ်တွေမြို့ရှိ ဒုက္ခသည် စခန်းများတွင် ခိုလုံနေသူများမှာ ယခင်က ကဲ့သို့ အခြေအနေ မဆိုးဘဲ စားရေးသောက်ရေး အဆင်ပြေကြောင်း တစ်ခြား ရခိုင်တိုင်းရင်းသားပါတီမှ တာဝန်ရှိသူ တစ်ဦးကလည်း ပြောသည်။
အင်ဘလာရပ်ကွက်တွင် မီးရှို့မခံရသော အိမ်များတွင် လူအများအပြား နေထိုင်၍ ရှိနေသေးကြောင်း၊ သူတို့အား ဆက်လက် ပြောင်းရွှေ့မည် မပြောင်းရွှေ့မည်ကို မသိရသေးကြောင်း သူက ဆက်လက်ပြောကြားသည်။
စစ်တွေမြို့ပေါ်ရှိ ဒုက္ခသည် စခန်းများတွင် ခိုလုံနေသူ ရခိုင် လူမျိုး ၁၆၀၀၀ ခန့်ကျန်ရှိနေသေးပြီး တချို့လည်း အခြေအနေ တည်ငြိမ်စ ပြုလာပြီ ဖြစ်သဖြင့် မိမိအိမ်သို့ ပြန်သွားကြပြီ ဖြစ်ကြောင်း ကယ်ဆယ်ရေး လုပ်နေသူ ဦးစံရွှေကျော်က ပြောသည်။
“ ရခိုင်လူမျိုးကတော့ ၁၆၀၀၀ ခန့် ကျန်ပါသေးတယ်။ မွတ်ဆလင် ဒုက္ခသည် အရေအတွက်တော့ ကျွန်တော်တို့ မသိရပါဘူး” ဟု ပြောသည်။
အစိုးရ တာဝန်ရှိသူများမှ ဆူပူ အကြမ်းဖက်မူကြောင့် ဘေးလွတ်ရာသို့ ထွက်ပြေး ခိုလုံသူ သုံးသောင်းကျော် ရှိကြောင်း ထုတ်ဖေါ် ပြောဆိုသော်လည်း WFP ခေါ် နိုင်ငံတကာ စားနပ်ရိက္ခာ အဖွဲ့မှ ထွက်ပြေး ခိုလုံသူ ၉၀၀၀၀ ကျော်ရှိကြောင်း ဖေါ်ပြသည်။
ယနေ့ စစ်တွေမြို့၏ အခြေအနေမှာ အေးဆေး တည်ငြိမ်နေပြီး ဈေးဆိုင်များလည်း ဖွင့်လှစ်ကာ နယ်ဒေသများမှလည်း ဈေးလာဝယ်သူများ ရှိလာနေပြီ ဖြစ်ကြောင်း သိရသည်။
Narinjara News Burmese
Welcome to SeekaHost
10 months ago










0 comments:
Post a Comment