ဒေါ်အောင်ဆန်းစုကြည်၏ ၁၇ ရက်ကြာ ဥရောပ ၅ နိုင်ငံ ခရီး စဉ်ကို ယနေ့ ဇွန်လ ၁၃ ရက် နေ့ နံနက် ၉ နာရီ မိနစ် ၅၀ တွင် စတင်၍ TG 304 ထိုင်းလေယာဉ်ဖြင့်
စတင်ထွက်ခွာသွားပြီဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ခရီးစဉ်အတွင်း ပထမဆုံးအဖြစ် ဆွစ်ဇာလန်နိုင်ငံ ဂျနီဖာမြို့သို့သွားရောက်ပြီး ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ်ညီလာခံတွင်
မိန့်ခွန်းပြောကြားမည်ဖြစ်သည်။
ယင်းနောက် နော်ဝေနိုင်ငံ အော်စလိုမြို့သို့သွားရောက်ကာ ငြိမ်းချမ်းရေးနိုဗယ်ဆုကို ကိုယ်တိုင်လက်ခံယူမည်ဖြစ်သည်။
ထို့နောက် အိုင်ယာလန်နိုင်ငံ ဒပ်ဗလင်မြို့သို့ သွားရောက်ကာ အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့မှ ချီးမြင့်သော Ambassador of conscience
ဆုကိုလက်ခံယူမည်ဖြစ်ပြီး၊ ထိုမှ တစ်ဆင့် အင်္ဂလန်နိုင်ငံသို့ သွားရောက်ကာ တစ်ပတ်ကြာနေထိုင်၍ ပါလီမန်နှစ်ရပ်တွင် မိန့်ခွန်းပြောကြားမည်ဖြစ်ကြောင်း၊
၎င်း၏ ခရီးစဉ်နောက်ဆုံးနိုင်ငံအဖြစ် ပြင်သစ်သို့ သွားရောက်ကာ ဇွန် ၃၀ ရက်နေ့တွင် မြန်မာနိုင်ငံ ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်းသိရသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် မေလ ၂၉ ရက်နေ့က သူမ၏ ၂၄ နှစ်အတွင်း ပထမဆုံးပြည်ပခရီးအဖြစ် ထိုင်းနိုင်ငံတွင် ကျင်းပသော အရှေ့အာရှဆိုင်ရာ
ကမ္ဘာ့စီးပွားရေးဖိုရမ်သို့သွားရောက်ခဲ့ရာ ယခုခရီးစဉ်သည် သူမ၏ ပြည်ပဒုတိယခရီးနှင့် ၂၄ နှစ်အတွင်း မိသားစုနေထိုင်ခဲ့ရာအရပ်ပြန်လည်သွားရောက်သောခရီးဖြစ်သည်။
ရခိုင်ပြည်နယ်အတွင်း ပြသနာများကြောင့် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်သည် ဝေဖန်မှုအချို့ရှိနေသော်လည်း ခရီးစဉ်အတွင်း ဘေးကင်းရန်ဆုတောင်းနေသူများလည်းရှိသည်။
By/Popular Myanmar News Journal
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ သူမရဲ့ ဥရောပ ခရီးစဉ်ကို စတင်လိုက်ပြီ ဖြစ်ပါတယ်။ ဒီကနေ့ ဇွန်လ ၁၃ ရက်နေ့ နံနက် ၉း၄၅ နာရီအချိန်မှာ ထိုင်းအဲယားဝေး (TG) လေယာဉ်ဖြင့် မြန်မာနိုင်ငံ အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ စတင်ထွက်ခွာသွားပြီ ဖြစ်ပါတယ်။ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ကို ဦးစွာ သွားရောက်မှာဖြစ်ပြီး အဲ့ဒီကနေ တဆင့် နော်ဝေနိုင်ငံ အော်စလိုမြို့၊ အိုင်ယာလန်နိုင်ငံ၊ ဗြိတိန်နိုင်ငံ လန်ဒန်မြို့၊ ပြင်သစ်နိုင်ငံတို့ကို ၁၈ ရက်ကြာ သွားရောက်မှာ ဖြစ်ပါတယ်။ ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်မယ့် ဒေါ်အောင်ဆန်းစုကြည်၏ ၆၇ နှစ်ပြည့် မွေးနေ့ကို မိသားစုနဲ့အတူ ဗြိတိန်နိုင်ငံမှာ ကျင်းပမှာဖြစ်တယ်လို့ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဒေါက်တာတင်မာမြင့်၊ ဦးခွန်သာမြင့်၊ ဦးစိုးဇေယျာသော်နဲ့ ဦးနေခြည်ဝင်းတို့ လိုက်ပါသွားတယ်လို့ သတင်းရရှိပါသည်။
By Burma VJ Media Network

0 comments:
Post a Comment