
မြန်မာနိုင်ငံသားများအနေဖြင့် ပြည်တွင်းတွင် တရားဝင်ရရှိသော နိုင်ငံခြားငွေများကို ရရှိသည့်နေ့မှစ၍ သုံးလအတွင်း အမေရိကန် ဒေါ်လာတစ်သောင်းအထိ သို့မဟုတ် အမေရိကန်ဒေါ်လာ တစ်သောင်းထက် မပိုသည့် နိုင်ငံခြားငွေများကို လက်ဝယ် ကိုင်ဆောင်ခွင့်ပြုလိုက်ကြောင်း နှင့် သုံးလကျော်လွန်ပါက ဘဏ်များသို့ အပ်နှံရမည်ဖြစ်ကြောင်း ဗဟိုဘဏ်၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။
အဆိုပါ ထုတ်ပြန်ချက်ကို နိုင်ငံခြားသုံးငွေ အုပ်ချုပ်ရေးမှူးဖြစ်သည့် ဦးမောင်မောင်ဝင်း(ဒုဥက္ကဋ္ဌ -မြန်မာနိုင်ငံတော်ဗဟိုဘဏ်)က ၂၀၁၂ ခုနှစ် မေလ ၁၇ ရက်နေ့ပါ စာအမှတ်၊ ဘခ-၁။ ၂၉၀(၁၈၅၃။ ၂၀၁၂)ဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါသည်။
အမိန့်ကြော်ငြာစာ ထုတ်ပြန်ခဲ့သော နိုင်ငံခြားသုံးငွေ အုပ်ချုပ်ရေးမှူးသည် ၁၉၅၀ပြည့်နှစ် ဇူလိုင် ၇ ရက်နေ့ နေ့စွဲပါ ဘဏ္ဍာရေးနှင့်အခွန် ၀န်ကြီးဌာန၏ အမိန့်ကြော်ငြာစာ အမှတ်-၁၄၈ဖြင့် အပ်နှင်းထားသော အာဏာများကို သုံးစွဲပြီး ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။
လက်ရှိ အစိုးရလက်ထက်တွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကို လွတ်လပ်စွာ ဆောင်ရွက်ခွင့်ပေးနိုင်ရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိပြီး ၁၉၉၀ ပြည့်နှစ် ဇူလိုင်လတွင် ပြဋ္ဌာန်းခဲ့သည့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥပဒေနှင့် ၁၉၄၇ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် နိုင်ငံခြားသုံးငွေ စည်းမျဉ်း သတ်မှတ်ချက် အက်ဥပဒေတို့ကိုလည်း ပြင်ဆင်ပြဋ္ဌာန်းနိုင်ရန် ဆောင်ရွက်နေကြောင်း သတင်းရရှိပါသည်။
Eleven Media Group
Welcome to SeekaHost
9 months ago










0 comments:
Post a Comment