အကျဉ်းထောင်အသီးသီးက ပြန်လည်လွတ်မြောက်လာတဲ့ နိုင်ငံရေး လှုပ်ရှားသူကျောင်းသားတွေကို သက်ဆိုင်ရာ တက္ကသိုလ်တွေမှာ
ပြန်လည် တက်ခွင့်ရဖို့ သမ္မတ ဦးသိန်းစိန်က ညွှန်ကြားထားကြောင်း
သတင်းရရှိပါတယ်။
၂၀၀၇ ဗကသ ကျောင်းသား သမဂ္ဂမှာ လှုပ်ရှားခဲ့ကြတဲ့ ကျောင်းသားတွေ ထဲက ကိုဒီငြိမ်းလင်း၊ ကိုရဲမြတ်ဟိန်းနဲ့ ကိုရဲမျိုးတို့ကို သက်ဆိုင်ရာ တက္ကသိုလ် မော်ကွန်းထိမ်းတွေကဆက်သွယ် အကြောင်းကြားလာတယ်လို့
ဆိုပါတယ်။
ရန်ကုန်စီးပွါးရေး တက္ကသိုလ်မှာ မဟာ(ဘွဲ့လွန်) ပထမနှစ် သင်တန်း တက်ရောက်ရင်း ထောင်ဒဏ် ချခံလိုက်ရတဲ့ ကိုရဲမျိုးက သူ့ကို
မော်ကွန်းထိမ်းက ဒီကနေ့ အကြောင်းကြားလာကြောင်း ပြောပါတယ်။
"နိုင်ငံတော် သမ္မတရုံးကနေ ညွှန်ကြားစာ ပညာရေးဝန်ကြီးဌာန ညွှန်ချုပ်ရုံးကို ရောက်ပြီး ညွှန်ချုပ်ရုံးကနေ တဆင့် သက်ဆိုင်ရာ
မော်ကွန်းထိမ်းများဆီကို ညွှန်ကြားစာ ဒီနေ့ ရောက်ပါတယ်။ ကျွန်တော်တို့ ရန်ကုန် စီးပွားရေး တက္ကသိုလ်ကို ညွှန်ကြားစာ ရောက်တာပါ။ ကျွန်တော့်ထံကို မော်ကွန်ထိန်း ဆရာကြီး ဦးတင်အောင်ကနေ လှမ်းပြီးတော့ ဖုန်းဆက် အကြောင်းကြားပါတယ်။ သမ္မတ ကနေ ပြန်လည်လွတ်မြောက် လာတဲ့ ကျောင်းသားကျောင်းသူတွေကို ကျောင်းပြန်လည်တက်ရောက်ခွင့် ရရှိစေရေးအတွက် ကျောင်းနဲ့ပတ်သက်ပြီးတော့ လုပ်ဆောင်စရာတွေ လုပ်ဆောင်နိုင်ဖို့ဆိုတဲ့ ညွှန်ကြားစာပါ အဓိက ကတော့။ တက်ရဖို့ များတယ်လို့ တော့ ဆရာက ပြောပါတယ်။"
အခုလို ဆင့်ခေါ်ခံရတဲ့ ကျောင်းသားတွေနဲ့ ကျောင်းအာဏာပိုင်တွေရဲ့
ဆွေးနွေးချက်တွေကို သမ္မတထံ ပြန်လည် တင်ပြပြီး ကျောင်းပြန်တက်ရမယ့် ရက်ကိုနောက်ပိုင်းမှာ အကြောင်းပြန်ကြားမယ်လို့ ဆိုပါတယ်။
ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် ဘူမိဗေဒ (နောက်ဆုံးနှစ်) ကျောင်းသား
ကိုဒီငြိမ်းလင်းကိုရော ၊ အနောက်ပိုင်း တက္ကသိုလ် သချာင်္ (ဒုတိယနှစ်)
ကျောင်းသား ကိုရဲမြတ်ဟိန်းကိုပါ ပါမောက္ခချုပ်က ခေါ်ယူတွေ့ဆုံခဲ့ပြီး
ကျောင်းစည်းကမ်း တွေ လိုက်နာပါမယ်ဆိုတဲ့ ကတိခံဝန်ချက်
ထိုးခဲ့ရကြောင်း သူတို့ကပြောပါတယ်။ ဒါပေမယ့်ကျောင်းပြန်တက်ရမယ့် ရက် အတိအကျကိုတော့ မသိရသေးဘူးလို့ ပြောပါတယ်။
RFA Burmese
1 comments:
ဒီသတင်းကြားရတာ ၀မ်းသာလိုက်တာဗျာ..
သမ္မတကြီး အနေနဲ့ ဒီမိုကရေစီနိုင်ငံအဖြစ် အမှန်တကယ် အကောင်အထည်ဖော်ရေးမှာ အရေးကြီးတဲ့ လုပ်ရပ်တစ်ခုကို လက်တွေ့ လုပ်ပြလိုက်တယ်လို့ မြင်ပါတယ်။
တကယ့် လူသားဆန်တဲ့ ဆုံးဖြတ်ချက်ပါ။
Post a Comment